ကိုယ့်စိတ်ကို ကိုယ် သိလာတဲ့အခါ
လူနဲ့ တိရစ္ဆာန် ခြားနားမှုဖြစ်တဲ့ မိမိစိတ်ကို မိမိသိခြင်းဆိုတဲ့ စွမ်းရည်ဟာ အတိုင်းအတာ ကန့်သတ်ချက် မရှိဘူး။ လူကို လူပီသအောင်လုပ်ပေးတဲ့ စွမ်းအားသတ္တိဖြစ်ရုံတင်မကပါ
လူတိုင်းမှာ တကယ်မလုပ်မဖြစ်တဲ့အလုပ် တစ်ခုပဲရှိတယ်။ ကိုယ့်အကြောင်း ကိုယ် သိဖို့ပဲ။
ကိုယ့်အကြောင်းကို ကိုယ် အမှန်အတိုင်း သိရတာ မသက်သာပါဘူး။
ကိုယ့်စိတ်ကို ကိုယ် သိလာတဲ့အခါမှာ အင်မတန်ကြီးမားတဲ့ အင်အားတစ်ခုကို တွေ့ရတယ်။ အားငယ်စိတ်၊ ကြောက်စိတ် မရှိတော့ဘူး။ ချီးမွမ်းတာ၊ ကဲ့ရဲ့တာကို မကြောက်တော့ဘူး။ ဆင်းရဲတာ ပင်ပန်းတာကို မကြောက်တော့ဘူး။ ဘာကိုမှ မကြောက်တဲ့စိတ်ကို ရတယ်။
ကိုယ်စိတ်ကို ကိုယ်သိနေတဲ့လူဟာ အကျိုးမရှိတာကို လုပ်ချင်တဲ့စိတ်ကို ဦးစား မပေးတော့ဘူး။ အကျိုးရှိတာကို ဦးစား ပေးတယ်။ လုပ်သင့်တာကို ပိုလုပ်ဖြစ်တယ်။ ဒါကြောင့် ကိုယ့်ဘ၀ဟာ ပိုပြီး အဆင်ပြေလာတယ်။
ကုသိုလ်ကောင်းမှုတွေ အမျိုးမျိုးရှိတဲ့အထဲက တကယ် အကျိုးအများဆုံး၊ အင်အားအကြီးဆုံးကုသိုလ်ဟာ မမေ့မလျော့ သတိနဲ့နေတာ။
ကိုယ့်စိတ်ကိုကိုယ် အမှန်အတိုင်း မသိရင် ကိုယ့်စိတ်က ဂယောက်ဂယက် ဖြစ်နေရင် ကိုယ့်မှာ ဘာ Power မှ မရှိဘူးလို့ ပြောလို့ရတယ်။ မောဟကြီးတဲ့သူရဲ့စိတ်မှာ Power မရှိဘူး။ သတိကြီးတဲ့သူ၊ သမာဓိကြီးတဲ့သူ၊ ဉာဏ်ပညာကြီးတဲ့ သူရဲ့စိတ်မှာ Power ရှိတယ်။
“အပ္ပမာဒေါ အမတံ ပဒံ” ဆိုတာ…အပ္ပမာဒေါ- မမေ့မလျော့ခြင်းသည်၊ အမတံ-မသေခြင်း၏ (တစ်နည်းအားဖြင့်) နိဗ္ဗာန်၏ ၊ ပဒံ- အကြောင်းပင်တည်း။
“ ပမာဒေါ မစ္စုနော ပဒံ ” ဆိုတာ…ပမာဒေါ-မေ့လျော့ခြင်း
“ အပ္ပမတ္တာ နမီယန္တိ- မမေ့မလျော့သူတို့သည် မသေကုန် ”
“ ယေ ပမတ္တာ ယထာမတာ- မေ့လျော့သူတို့သည် သေသူတို့နှင့် တူကုန်၏ ”
သတိမပါ၊ ဉာဏ်မပါပဲနဲ့ ဟိုတွေးဒီတွေးနဲ့ မေ့တိမေ့လျော့နေတဲ့သူဟာ အဲဒီအချိန်ဟာ သူ့အတွက် သေသွားတဲ့ အချိန်ပဲ။ ကိုယ့်ဘ၀မှာ နေနေရတဲ့အချိန်နဲ့ သေနေရတဲ့အချိန် ဘယ်ဟာက များနေလဲဆိုတာ တော်တော် စဉ်းစားသင့်တယ်။ ဒါကြောင့် တကယ်နေလိုက်ရတဲ့အချိန်၊ တန်ဖိုးရှိရှိ နေလိုက်ရတဲ့အချိန်၊ သတိနဲ့ ဉာဏ်နဲ့ သေသေချာချာ နေလိုက်ရတဲ့ အချိန်တွေ များအောင်လို့ ကြိုးစားမှသာ တကယ်အသက်ရှင်တဲ့သူလို့ ဆိုနိုင်မယ်။
(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရ)
source.. Buddha In My Life's
No comments:
Post a Comment