ကပ္ပိယ (၂)
စံလှဘော်ကချည်း ရှေ့ကနေ ဆီးဖြေတယ်။ ဆရာတော်က ကြာတော့ ငေါက်ကရော။ သည်လို ဆိုတော့လည်း စံလှဘော် ငြိမ်သွားလေရဲ့။ ဆရာ တော်က လှူဖွယ်တွေ သိမ်းခိုင်းလိုက်တော့ စံလှဘော် ဗျပ်ကြီး မလာခဲ့တယ်။ မြချစ်ကလည်း ကပ်လျက်ချပ်လျက် ပါလာတာ ဆိုတော့ အူတမြူးမြူးပေါ့။ လှူဖွယ်တွေကို စံလှဘော်က သူ့နေရာနဲ့ သူနေရာချသလို မြချစ်က ဖုန်တွေ တက်နေတဲ့ ကျက်သရေခန်း တွင်းကို အ၀တ်ဟောင်းနဲ့ လိုက်သုတ်တယ်။
“မနေ့တုန်းက မြချစ်အတွက် ဦးဘော် ထတောထဲမှာ ရန်ဖြစ်ရသေးတယ်”
“ဟောတော် ဘယ်သူနဲ့ ဖြစ်တာတုန်း။ ကျုပ်က ဘာလို့ ပါရတာတုန်းတော်”
“ရွာတောင်ပိုင်းက သူဌေးသား ငအုန်းပေါ့။ ဦးဘော်ကို ကပ္ပိယတဲ့။ သူများ ပေးစာ ကမ်းစာ စားရတဲ့ ကောင်တဲ့။ ဒါနဲ့ နပန်း ထလုံးကြတာ။ ဦးဘော်ကို ပြောတာ မနာပါဘူး။ မြချစ်ကို ရိတိတိ လုပ်တာကို မခံနိုင်တာ။ မြူအိုးနဲ့ ခေါင်းရိုက်ခွဲ ပစ်လိုက်မလို့”
“အို မလုပ်ပါနဲ့ ဦးဘော်ရယ်။ ကျော်ကောင်း ကြားမကောင်း၊ ရန်ဖြစ်တာ ဘဘုန်း သိရင် ဦးဘော်ကို ကျောင်းက နှင်ထုတ်ပစ် လိမ့်မနော်။ ကျောင်းမှာ ဦးဘော် မရှိလို့ မဖြစ်ပါဘူး”
“ဒါကြောင့် သည်းခံ လိုက်တာပေါ့ မြချစ်ရယ်။ နို့မို့လား ကပ္ပိယလက်သီး ဒီကောင် မြည်းရပြီပေါ့။ မြချစ် မကြိုက်ရင် ဦးဘော် ရန်မဖြစ်တော့ပါဘူး”
မြချစ်က ကြောင်အိမ်ကို ရှင်းရင်း ပိုးဟပ် တစ်ကောင် တွားတက်လာလို့ လန့်အော်ရာက စံလှဘော်ကို ကျုံးဖက်လိုက်တယ်။ စံလှဘော်က လည်း ထင်မထားဘူးကိုး။ မိန်းကလေး ချောချော တစ်ယောက် သည်လို ထဖက်လိမ့်မယ်လို့လည်း တွက်မထားတော့ တုန်သွားတယ်။ မြချစ်လိမ်း ထားတဲ့ သနပ်ခါးနံ့၊ ပန်ထားတဲ့ ပန်းနံ့ ကလေးတောင် ဝေ့ခနဲ ရလိုက်သေးကိုး။ ကိုယ်လုံး ဖူးဖူးကလေးက သိုင်းဖက်လိုက်တဲ့ အထိအတွေ့မျိုး တစ်ခါမှ မရှိခဲ့ဖူးတော့ မြချစ်က သည်လောက် မဟုတ်ဘူး။ စံလှဘော်က ရင်တွေ ဖိုလှိုက်ဖိုလှိုက် ဖြစ်နေလိုက်တာ တော်တော်နဲ့ မငြိမ်ဘူး။
“ကန်တော့ကန်တော့ ဦးဘော်ရယ် ကျုပ်က ပိုးဟပ်များတော့ ကြောက်တယ်။ တော်ပြီ တော်ပြီ။ ဦးဘော် ကိုယ့်ဟာကိုယ် ရှင်းတော့။ သွားတော့မယ်”
“ဟဲ့ မြချစ် မြချစ် အော် ကလေးမနှယ်။ ပိုးဟပ် ကြောက်ရတယ်လို့”
မြချစ်က မနေပါဘူး။ ရှက်လည်း ရှက်သွားတော့ ပစ္စည်းခန်း ကျက်သရေခန်းထဲက ထွက်ပြေးတယ်။ မြချစ် မရှိတော့မှ စံလှဘော်က သူ့အဖြစ်ကို သူကျေနပ်သွား ပုံနဲ့ ပြုံးဖြဲဖြဲ လုပ်ရင်း သူ့လက်တွေကို သူ့ဟာ သူ့ဖက်လိုက်၊ လေထဲကို အနံ့ရှုသလို လုပ်လိုက် လုပ်နေပါရဲ့။ ပိုးဟပ်တောင် ကျေးဇူး တင်ရမလိုကိုး။ တစ်ယောက်တည်း မျက်စိကြီး မှိတ်ပြီး ရူးတူးတူး ဖြစ်နေတာကို အခန်းဝမှာ ရပ်နေတဲ့ ကိုရင်က မျက်လုံး ပြူးကြည့်နေတယ်။ စံလှဘော်ကတော့ မျက်စေ့မှိတ်ရင်း အော် မြချစ် မြချစ်တဲ့။ စံလှဘော် မျက်လုံး ဖွင့်ကြည့်လိုက်တော့ သူ့ကို ပြူးကြည့်နေတဲ့ ကိုရင်ကိုတွေ့ရော။ စံလှဘော်တောင် လန့်သွားလေရဲ့။
“လန့်လိုက်တာ ကိုရင်ရာ ဘာလာ လုပ်တာတုန်း”
“ဆရာတော်က အော်သံကြားလို့ မေးခိုင်းလို့”
“ပိုးဟပ် ပိုးဟပ် မြချစ်နဲ့ ပိုးဟပ် ဖက်ကြလို့ အဲလေ နေဦး ကိုရင်”
ကိုရင် ပြန်ထွက်သွားတော့မှ စံလှဘော်လည်း သစ်သားဗျပ်ကို ဆွဲပြီး ပြန်ထွက် လာခဲ့တယ်။ လက်ထဲ ကိုင်ထားတဲ့ သစ်သားဗျပ်မှာ ပိုးဟပ် တစ်ကောင် ပါလာတာကို စံလှဘော်က မသိဘူး။ ပိုးဟပ်က သစ်သား ဗျပ်ပေါ်ကနေ စံလှဘော် လက်ပေါ် တက်လာရော။ စံလှဘော်က ပထမတော့ သတိ မထားမိသေးဘူး။ နောက်မှာ ယားလာလို့ ငုံ့ကြည့်တော့ ပိုးဟပ်က သူ့လက်ပေါ် ရောက်နေပြီ။ စံလှဘော်က ပိုးဟပ်လည်း မြင်ရော ဗျပ်ကြီးမိုးပေါ် မြှောက်တင်ပြီး လန့်အော်ရော။ သစ်သားဗျပ်ကြီးက လေထဲ နှစ်ပတ်လောက် လည်ပြီးမှ ကြမ်းပြင်ပေါ် ဗျဉ်းကနဲ ကျလာတယ်။
“ဟဲ့ ငဘော် ဘာတွေ ဖြစ်နေတာတုန်း”
“ပိုးဟပ်ဘုရား”
စံလှဘော်က ဆရာတော် အသံကြားရာ ဘက်မှန်း လျှောက်ရင်း ပြေးထက် လာခဲ့တယ်။ ပိုးဟပ်တော့ စံလှဘော်ကလည်း ကြောက်တာကိုး။ စောစောက ရင်ခုန် ထားတာလေးတောင် ပျောက်သွားလေရဲ့။
(၅)
တောင်ရွာ အလှူက နေ့ခင်း နှစ်ချက်တီးလောက် ရေစက် ချပြီးတော့ ဆရာတော်နဲ့ စံလှဘော် လှည်းယာဉ်တစ်စီးနဲ့ ရွာပြန်ခဲ့ကြတယ်။ စံလှဘော်က လှည်းယာဉ်ကလေးမောင်းလို့။ လှည်းပေါ်မှာ စိတ်တောင်းနဲ့ ဆန် အပြည့်ပါတယ်။ ကြက်သွန် ငရုတ်သီးတွေလည်း ပါတယ်။ ဆီတစ်ပုံးနဲ့ ငါးခြောက် တစ်ပြားလည်း ပါရဲ့။ အုန်းသီးတစ်လုံး၊ ငှက်ပျောနှစ်ဖီးက လှည်းဆောင် ပန်းပေါ်မှာ ၀ါးနှီးတောင်းနဲ့ ထည့်လို့။ ဆရာတော်ကြီး တစ်ပါးတည်း ဆိုတော့ လှည်းက ချောင်ချောင်ချိချိပါ။
ဆရာတော်က ဘုန်းကြီးဆောင်း ထီးနဲ့။ စံလှဘော်ကတော့ သည်နေပူလောက်တော့ မမှုဘူး။ အင်္ကျီရင်ပတ် ဟပြဲကြီးနဲ့ ပုဆိုးပေါင်ပေါ် ဒူးပေါ်နဲ့ လှည်းကို မှန်မှန်ပဲ မောင်းလာခဲ့တယ်။ မန်ကျည်းစုနဲ့ တောင်ရွာက လှမ်းတော့ အလှူတရား ပွဲပြီးတာနဲ့ နေပူပူပြန် ကြွခဲ့ ရတာပါ။ နေချိုမှ ပြန်ရင် ကျောင်းဝင် နောက်ကျမှာကိုး။ ဆရာတော်က လှည်းမောင်းနေတဲ့ စံလှဘော် နောက်ကျောကို ကြည့်ပြီး သနားတော်မူပုံ ရပါရဲ့။ လမ်းမှာ စကား တပြောပြောနဲ့ လိုက်လာတော်မူတယ်။
“ငဘော် ရွာထဲက ဒကာကြီး စံဖေ့သား မောင်အုန်းနဲ့ ထတောထဲ ရန်ဖြစ်ကြဆို မောင်အုန်းမိဘတွေက လာတိုင်တယ်။ မင်းက ဘယ့်နှယ့် လုပ်ပြီး ထတောထဲ ရောက်သွား ရတာတုန်း။ ငါမေးမယ် မေးမယ်နဲ့”
“တပည့်တော် သွားမယ့်လမ်းမှာ ထတောက ကန့်လန့် ခံနေလို့ ဖြစ်သွားတာပါ ဘုရား”
“အောင်မာ ထတောကများ ကန့်လန့် ခံရတယ်လို့ မင်းထတောရှောင် သွားပါလား။ ရန်မဖြစ်နဲ့။ နေပါဦး ငဘော်ရဲ့။ မင်းက တစ်သက်လုံး ကပ္ပိယ ဘ၀နဲ့ နေတော့မှာလား”
“အရှင်ဘုရားပဲ ကပ္ပိယ ဆိုတာ ကောင်းဆိုဘုရား”
“ဟကောင်ရဲ့ ကပ္ပိယထက် ကောင်းတဲ့ အလုပ်တွေလည်း ရှိတာပေါ့ဟဲ့။ ကျောင်းမှာနေပြီး ရဟန်း ဘ၀နဲ့ တရား အားထုတ်တာက ပိုအကျိုးကြီး တော့မပေါ့။ မင်းဟာက ပျားရည်အိုးကြီးပေါ် နားတဲ့ ယင်ကောင်လို တစ်ရှုတ် နှစ်ရှုတ်သောက်ရတာနဲ့ ပြည့်စုံပြီ ထင်နေရော့လား။ ငယ်ငယ်ကသာ မဏေ၀တ်တာပဲ ရှိတာဖူးတာ မဟုတ်လား”
“တပည့်တော် ရဟန်း မ၀တ်ချင်ဘူး ဘုရား”
“အလို နင့်မှာ ဘာသံယောဇဉ်တွေ ရှိလို့တုန်း၊ တစ်သက်လုံး မ၀တ်တောင် တစ်နှစ်တစ်ဝါလောက်တော့ ၀တ်ရမှာပေါ့”
“တပည့်တော်မှာ သံယောဇဉ် ရှိတယ် ဘုရား။ ပြောမဖြစ်သေးလို့”
“အောင်မာကွာ မင်းကြိုက်မယ့်လူ ရှိသေးရော့လား”
ဆရာတော်က သူ့တူမ မြချစ်ကို စံလှဘော်က ချိတ်တိတ်တိတ် လုပ်နေတယ်လို့ မထင်ဘူး။ စံလှဘော်ကလည်း ပြောမဖြစ်ဘူး။ ဆရာတော်နဲ့ ကပ္ပိယ စကားတပြော ပြောလာလိုက်ကြတာနေ၀င်မှာ ကျောင်းရောက်တယ်။ လှည်းယဉ်က ကျောင်းပိုင်ပါ။ နွားနှစ်ကောင်က မြချစ်တို့ နွားတွေ ဆိုတော့ ကျောင်းရောက်ရောက်ချင်း လှည်းချွတ်ပြီး ခွထောက်ထောက်တယ်။
နွားနှစ်ကောင်ကို ရေတောင် မတိုက်ဘူး ရွာထဲ ဆွဲလာရော။ နေ၀င်ပြီ ဆိုပေမယ့် နေလုံးတော့ မပျောက်သေးဘူး။ မြချစ်ကို နွားအပ်ပြီး စကားလေး ဘာလေး ပြောဦးမယ် မှန်းကာမှ မြချစ်က အိမ်မှာ မရှိဘူး။ စံလှဘော်က နွားတွေချည် တိုင်သွားချည်ပြီး အရီးအေးမေ ထိုင်နေတဲ့ နေရာကို လျှောက်လာခဲ့တယ်။ အရီးအေးမေ ဘေးဝင်ထိုင်တယ်။
“ဆရာတော် ကျောင်းပြန် ရောက်ပြီလား နေပူကြီးထဲဟယ်”
“ဆရာတော်က မိုးမချုပ်ချင်ဘူး ဆိုလို့ အလှူတရား နာပြီး တန်းမောင်းခဲ့တာ အရီးရဲ့။ ဒါထက် မြချစ်ကော”
“မင်းနှမ ပဲပွဲစားလေးနဲ့ ရွာထဲသွား သတော်။ ပဲပွဲစားလေးက ရွာထဲက တောင် သူအိမ်တွေ မသိတော့ မြချစ်က လိုက်ပို့ ပေးတာလေ။ ပြန်လာ တော့မှာပါ”
“ကျုပ်သွားတော့မယ်”
“အေးအေး သွားရော့ ငါ့တူ မင်းနှမက ပွဲစားလေးကို ကျောင်းခေါ် သွားဦးမယ် ပြောတယ်”
စံလှဘော်က ကျောင်းကို တန်းမပြန်သေးဘူး။ ရွာထဲ လျှောက်လာခဲ့တယ်။ မြချစ်နဲ့ ပဲပွဲစား ဘယ်လိုများ သွားလာ ဆက်ဆံနေတယ် ဆိုတာ အကဲခတ်ချင်တာ လည်း ပါတယ်။ စံလှဘော် စိတ်ထဲပဲ ပွဲစားဆိုတဲ့ ကောင်ကို မြချစ်က ပစားပေးလွန်း တယ်ထင်တာလည်း ပါတော့ သူကိုယ်တိုင် လိုက်ကြည့်ချင်တယ်။
ရွာထဲ တစ်နေရာမှာ မြချစ်နဲ့ ပဲပွဲစားကလေး ဆိုတဲ့ မြို့သား နှစ်ယောက်သား ရယ်ရယ်မောမော လမ်းလျှောက် လာနေကြတာကိုတွေ့တယ်။ ရွာထဲက ပဲတောင်သူ အိမ်တွေကို တစ်အိမ်ပြီး တစ်အိမ် ပဲရောင်းဖို့ ရှိမရှိ လိုက်မေးနေပုံပါ။ ပွဲစားကလေးက မကြီးလှသေးဘူး။ မြချစ်နဲ့ မတိမ်းမယိမ်းလောက် ရှိမယ်မှန်းတယ်။ မြချစ်က ကြိုက်မယ်ဆို ကြိုက်လောက်တယ်။ ရုပ်ရည်ကလည်း ဖြူးလို့ဖြောင့်လို့။
စံလှဘော် စဉ်းစား မရတာက ပဲပွဲစား ဆိုတဲ့ကောင် နဂိုက သည်ရွာနဲ့ အကူးအလူး မရှိပါဘူး။ အခုမှ ဘယ်ကဘယ်လို ပေါ်လာတာပါလိမ့်။ ရွာကလူတွေ ပဲရောင်းချင်ရင် ခါတိုင်း မြို့တက် ရောင်းကြတာပဲ ရှိတယ်။ ပွဲစားတွေ ဘာတွေ ခံမနေကြပါဘူး။ အခုမှ ပွဲစားဆိုပြီး ရွာကပဲတွေ လာသိမ်းတာ လူလည်လာကျတာပဲ။ ရွာသူရွာသားတွေ အပေါ် အညွန့်ခူးချင် တာကလွဲလို့ ဘာရှိလိမ့်မလဲ။ မြချစ်နဲ့ ပွဲစားလေး အိမ်တစ်အိမ်ထဲ ၀င်သွားတော့မှ စံလှဘော် ကျောင်းကို ပြန်လာခဲ့တယ်။ စိတ်ထဲ တနုံ့နုံ့နဲ့။ မိုးကြီး မချုပ်ခင် ကျောင်းလာကြလိမ့်မယ်လို့လည်း ပြောနေတော့ စံလှဘော် ဘာလုပ်ရမလဲ တွေးတယ်။
ကျောင်းရောက်ရောက်ချင်းပါပဲ။ ကျောင်းအောက်က ကျောက်သင်ပုန်း ခွက်ထဲက မြေဖြူခဲ တစ်ချိုး ယူခဲ့ပြီး ကျောင်းခါးပန်းလူ မြင်သာတဲ့ နေရာမှာ စာတန်းနှစ်တန်း ရေးတယ်။ပြီးမှ မြချစ်နဲ့ ပဲပွဲစားလေး ကျောင်းအလာ ကိုမျှော်တယ်။ အလင်းရောင် ရှိတုန်းမှာပဲ နှစ်ယောက်သား ဆရာတော့် ကျောင်းဆီ လျှောက်လာ နေကြတာ တွေ့ပြီ။ စံလှဘော်က ရေတွင်းအကွယ် ကနေ သူရေးထားတဲ့ စာတန်းနှစ်တန်း ဖတ်မဖတ် စောင့်ကြည့်တယ်။
ကျောင်းခါးပန်းအောက် ရောက်တော့ နှစ်ယောက်သား ခါးပန်းကစာ မော့ဖတ်ကြတာပါပဲ။ မျက်စေ့မျက်နှာတွေ ပျက်သွားကြတာကလည်း အမှန်ပဲ။ စံလှဘော်က သူ့စာတန်းက တည့်တည့် ထိသွားပြီဆိုတာ သိလိုက်တော့ ၀မ်းတွေ များသာလို့။ သူရေးတဲ့စာ သူပြန်ဖတ်ကြည့်ရင်း အရသာရှိလိုက် ချက်တော့။ ရေးထားတဲ့ စာက အကြီးကြီးတွေ။ ထင်းထင်းကြီး ပေါ်လို့။ ရေးထားတာက ခပ်တိုတိုပါပဲ။
ပဲ ပွဲစား ငရဲ။ ကပ္ပိယ နိဗ္ဗာန်တဲ့။
မြချစ်တို့ ပြန်တော့ မိုးချုပ်လို့ ထင်ပါရဲ့။ ဆရာတော်က ကိုရင်တစ်ပါး ထည့်ပေးတာ တွေ့တော့မှ စံလှဘော် စိတ်အေးရတော့တယ်။ စံလှဘော်က ကျောင်းခါးပန်း ရေးထားတဲ့ စာကို ရေစိုဖတ်နဲ့ သွားဖျက်လိုက်တယ်။ ဆရာတော်တွေ့ရင် ကြိမ်းမှာကိုး။
(၆)
စံလှဘော်ကို ရွာက ချစ်ခင်ကြတယ်။ ရွာကျောင်းမှာပဲ နှစ်ပေါင်းနှစ် ဆယ်လောက် ကပ္ပိယ လုပ်နေခဲ့တာ ဆိုတော့ ရွာခံတစ်ယောက်လို ဖြစ်နေပြီကိုး။ အသက် ဆယ်နှစ်ကျော် ကလေးဘ၀က ရောက်လာတဲ့ စံလှဘော်က ခုတော့ ကျားစီးဖားစီးကြီး ဖြစ်နေပြီပဲဟာ။ လူပုံထွားထွား၊ စကားကျယ်ကျယ် လောင်လောင်နဲ့ သူထင်ရာသူ ပြောတတ်တာက လွဲရင် ဘယ်သူ့မှ ထိခိုက်အောင် မလုပ်ဘူး။ အကအခုန်လည်း ၀ါသနာပါတယ်။
မန်ကျည်းစုမှာ ပြုခဲ့သမျှ အလှူတွေမှာ စံလှဘော် မကခဲ့ဖူးတဲ့ အလှူ မရှိဘူး။ ရွာဒိုးပတ် ၀ိုင်းက ကဖို့လူ အထူး မရှာရဘူး။ ကြာတော့ ဒိုးပတ်မင်းသား ဖြစ်မှန်းမသိ ဖြစ်လာခဲ့တဲ့ အထိပဲ။ ပုဆိုးကွက် တုံးကြီးနဲ့ နှုတ်ခမ်းမွှေး တုကြီးနဲ့ အိမ်တော်ရာ ထီးတစ်လက်ကိုင်ပြီး ရွှေရိုး ကချင်ကတယ်။ နားပန်းဆံနဲ့ ဘယက်ခွက်ကြီး ဆွဲပြီး သူငယ်တော်လုပ် ချင်လည်း လုပ်တယ်။ တစ်ခါတလေ မိန်းမကြီးလို ၀တ်ပြီး ဆေးပေါ့လိပ်ကြီး တစ်လိပ်နဲ့ ဖင်လှုပ်လှုပ် ရင်လှုပ်လှုပ် ကချင်ကတယ်။ ရွာကသဘော ကျကြတာပေါ့။ ပိတ်ဖြူပုဆိုး၊ အပေါ်ချွတ်နဲ့ အာလူးသီး ပုတီးဆွဲပြီး သူတော်က ဆိုတာလည်း ရှိသေး။
ဆရာတော်ကလည်း အလှူမှာ သူ့ကပ္ပိယ စံလှဘော် ကတာကို မတားပါဘူး။ တစ်ခါတလေ နေပူခံ အရက်ကလေး သောက်ထားရင်တောင် မသိချင်ဟန် ဆောင်နေတာပါ။ စံလှဘော်ကလည်း လူမှန်း သူမှန်းမသိ မူးနေအောင် သောက်တာမျိုး မရှိပါဘူး။ တစ်ခါတလေ တစ်ရွာက လာငှားရင်းတောင် ဆရာတော်က ခွင့်ပြုတော်မူတယ်။ စံလှဘော်ကလည်း လိုက်သွားတာပဲ။ တစ်ပွဲဘယ်လောက် ဆိုတာမျိုး မရှိပေမယ့် ငွေစကြေး စကလေး ထည့်ပေးတတ်ကြတာကိုး။ မန်ကျည်းစုမှာတော့ စံလှဘော်က ပိုက်ဆံ ဘယ်လောက်ပေးပေး မယူဘူး။ ကျုပ်က ရွာထမင်း၊ ရွာဟင်း စားနေတာ ပိုက်ဆံယူရင် သံတွေခဲမျိုရာ ကျတော့မှာပေါ့လို့ ပြောတတ်တယ်။
ဥပုသ် လပြည့်လကွယ် ညနေဆိုရင် စံလှဘော်က ဆွမ်းဆန် ခံထွက်တယ်။ ရွာနှံ့အောင် လှည့်တာပါ။ ကိုရင်ကြီးနှစ်ပါးက ဆွမ်းဆန်တောင်း ထမ်းပိုးလျှိုပြီး ရှေ့နောက် ထမ်းရတယ်။ စံလှဘော်က ကြေးစည်နဲ့ နိဗ္ဗာန် ဆော်ရင်း ရှေ့က။ဆွမ်းဆန်ခံရင်း မြချစ်တို့ အိမ်ရောက်လို့ကတော့ ဆက် မလိုက်တော့ဘူး။ ကိုရင်နှစ်ပါးကို လွှတ်လိုက်တာ များတယ်။ရှေ့ကိုရင်က ဆိုင်းထမ်းရင်း ကြေးစည်နှက်ရင်း ဆွမ်းဆန် ခံရတယ်။ မြချစ်နဲ့ စကားစမြည် ပြောပြီးပြီဆိုမှ ကြေးစည်သံ နောက်လိုက်တော့တာပါ။ သည်လိုပဲ ဆွမ်းဆန်ခံရင်း ကြက်ပွဲနဲ့ တိုးတော့လည်း ကိုရင်နှစ်ပါး လွှတ်လိုက်ပြီး နေခဲ့တာ များတယ်။
ကြက်ပွဲအနိုင်အရှုံးပေါ် ပြီဆိုမှ ကြေးစည်သံ နောက်လိုက်ပြန်ရော။ ကက်ဝိုင်း၊ ကျားဝိုင်း မန်ကျည်းပင်ရိပ် ကစားနေတာ တွေ့တော့လည်း ကိုရင်တို့ ကြွနှင့်ပဲ။
စံလှဘော်မှာ ရွာစိတ်ရပ်စိတ် ဘယ်လောက်တောင် ရှိသလဲဆိုရင် ကလေး မီးမဖွားနိုင်တဲ့ သားသည် မအေတွေကို မန်ကျည်းစုနဲ့ တော်တော်လေး လှမ်းတဲ့တိုက် နယ်ရွာ ဆေးရုံရောက်အောင် ပို့တဲ့အခါ သူ့ဗလကြီးနဲ့ စောင်ပုခက်ကို မနားတမ်း ထမ်းပို့တာပါ။ တော်တော်လေးလှမ်းတယ် ဆိုတာက ဗမာတိုင်နဲ့ ဆိုရင် နှစ်တိုင်လောက် ဝေးတာ။ အင်္ဂလိပ်မိုင်နဲ့ဆို လေးမိုင်ပေါ့။
လမ်းတစ်ဝက်လောက် ရောက်ရင် နွေဘက်မှာ ရေမရှိတဲ့ လျှိုကြီးရှိတယ်။ လျှိုကြီးက ချောင်းစောက်ကြီးလို အရှည်ကြီးဆိုတော့ တံတားရယ် ဘာရယ်မရှိဘူး။ တံတားက ကူးချင်ရင် အရှေ့ဘက်တော် တော်ဝေးဝေးကိုသွားရမယ်။ အုတ်တံတား ဟောင်းကြီးပါ။ ကျန်တဲ့ နေရာမှာတော့ ဘာတံတားမှ မရှိဘူး။ တိုက်နယ်ရွာဘက် သွားချင်ရင် လျှိုထဲဆင်း၊ ပြန်တက်၊ ဆက်လျှောက်။ သည်နည်းပဲ ရှိတယ်။ သည်တော့ တိုက်နယ် ဆေးရုံကို သွားချင်ရင် လှည်းက လမ်းတစ်ဝက်ပဲ ရောက်တဲ့ သဘောပေါ့။ လှည်းကို လျှိုထိပ်အထိ မောင်းလာ၊ ကျန်တဲ့ တစ်တိုင်ခရီးကို လူနဲ့ ထမ်းကြရတယ်။ စံလှဘော်က စောင်ပုခက် ထမ်းရင် ရှေ့ကနေတယ်။ ခပ်သုတ်သုတ် လှမ်းနိုင်အောင်ပါ။ နောက်လူက မှီအောင်သာ လိုက်တော့။ ဆေးရုံကို စောစော ရောက်ချင်တော့ လူပျော့နဲ့ မဖြစ်ဘူး။ အထမ်းညီမှ။
တစ်ခါတော့ ရွာက မပိုးတူ မမွေးနိုင် မဖွားနိုင်ဖြစ်တော့ တိုက်နယ် ဆေးရုံ ပို့ရမယ် ဖြစ်ရော။ စံလှဘော်က ဘုန်းကြီးကျောင်းမှာ နေပေမယ့် သည်သတင်းကို သန့်ခနဲ ကြားတယ်။ ရွာထဲ ချက်ချင်းပြေးပြီး စောင်ပုခက် တောင့်တောင့် ဆင်ခိုင်းတယ်။ လှည်းဆင့်ခိုင်းတယ်။ ကာယကံရှင်နဲ့ ဆွေမျိုးတွေ လိုက်ချင်လိုက်၊ မလိုက်ချင်နေ။ လူနာကို လှည်းပေါ် ပွေ့တင်ပြီး မောင်းခိုင်းတော့တာပဲ။ လူတွေက လှည်းနောက်က ဓာတ်မီးတွေ၊ မီးတုတ်တွေနဲ့ လိုက်ကြရတယ်။
လျှိုထိပ်ရောက်တော့ ကိုယ်ဝန်သည်ကို ယောက်ျား သန်သန်တွေ ပွေ့ချပြီး ပုခက်ထဲသိပ်၊ ပြီးတာနဲ့ ဆတ်ခနဲ ကောက်မပြီး လျှိုထဲ ဆင်းကြရပြီ။ ပြီးတော့ ညှစ်ရုန်းပြီး လျှိုစောက် တစ်ဘက်ကို တက်ကြရတယ်။ တစ်ဘက်ထိပ် ရောက်ပြီ ဆိုတာနဲ့ ထမ်းလိုက်ကြတာများ စံလှဘော်က လူမလဲဘူး။ နောက်က လူတွေသာ လဲတယ်။ မပိုးတူခမျာ တိုက်နယ်ဆေးရုံတောင် မရောက်ရှာပါဘူး။ ပျက်စီးရှာလို့ စံလှဘော် ဆိုတာ တောက်တခေါက်ခေါက်၊ မျက်ရည် တရွှဲရွှဲနဲ့။ ဖြစ်ရလေခြင်းပေါ့။ တကယ်က မပိုးတူကို စံလှဘော် သိချင် သိမယ်၊ သိချင်မှလည်း သိမယ်။ ဒါပေမယ့် မန်ကျည်းစု ရွာသူ ဆိုတာနဲ့ ပို့ရှာတာပါ။
နောက်ခြောက်လ လောက်ကြာတော့ မညိုလုံးကို ပို့ဖို့ ဖြစ်လာတယ်။
ရွာလက် သည်က လက်လျှော့ပြီ ဆိုတာနဲ့ တိုက်နယ် ဆေးရုံကို ပို့ဖို့ ပြင်ကြရတယ်။ စံလှဘော်က ရှေ့ကပါပဲ။ ထမ်းလိုက်တာများ တစ်ချက် မနားဘူး။ တစ်ချက် ခြေမကျဘူး။ လမ်းက သာလှတာ မဟုတ်တော့ နင်းကျိုး နင်းကျွံပေါ့။ ကန်သင်းနင်းကန် ပဲ့နင်း သွားရတဲ့လမ်း။ မြက်တော ကိုင်းတောဖြတ် ရတဲ့လမ်း။ တိုက်နယ်ရွာခြေ ရောက်တော့ မညိုလုံးက ညည်းပြီ။ ဒါပေမယ့် မအေရော ကလေးပါ အသက် လုနိုင်လိုက်တယ်။ ရွာက ကျေးဇူးတင်ကြ လွန်းလို့လေ။မညိုလုံးတို့ မိသားစုကလည်း စံလှဘော်ကျေးဇူးကို အောက်မေ့လို့တဲ့။ ကလေးကို အောင်ဘော်လို့ နာမည် ပေးကြတယ်။ အောင်ဘော်တောင် ကြီးလှပေါ့။
သည့်နောက်ပိုင်းတော့ ရွာမှာ နယ်လှည့် အစိုးရခန့် ၀မ်းဆွဲဆရာမ ရှိလာလို့ အရပ်လက်သည်ထက် စာရင် အဖိတ်အစင် မရှိသလောက် နည်းသွားလေရဲ့။ ဆရာမက ရွာသုံးလေးရွာကို စက်ဘီးနဲ့ လှည့်တာမျိုး၊ ကိုယ်ဝန်ဆောင် ရှိတဲ့ အိမ်ကို မွေးရက်နီးရင် စိတ်စိတ် လာတာမျိုးတွေ ရှိလာလို့ အဆင် ပြေသွားပြီ ဆိုပေ မယ့် စံလှဘော်ရဲ့ ကျေးဇူးတရားကို ရွာက မမေ့ကြဘူး။ စံလှဘော်ကို မန်ကျည်း စုသားလို့ သဘော ထားနိုင်ကြတဲ့ အပြင် လူသူတော်ကောင်း ကပ္ပိယကြီး အဖြစ် ချစ်ခင်ကြတယ်။
“ကျုပ်အမေက မီးတွင်းထဲမှာပဲ သေတာဗျ။ အဖေက ကျုပ်ဆယ်နှစ်သား လောက်ရောက်မှ ရောဂါနဲ့ သေတာ။ မိဘနှစ်ပါး မရှိတော့ ဘွားအေကြီးက ကျုပ်ကို သည်ရွာခေါ် လာခဲ့တယ်။ ဆရာတော်က ကျုပ်တို့ မြေးအဘွားကို လက်ခံပြီး ကနေ့ အချိန်ထိ စောင့်ရှောက်ခဲ့တဲ့ ကျေးဇူးတရား ကျုပ် ဘယ်တော့မှ မမေ့ဘူး။ ကျုပ်ကျေးဇူးရှင် ဆရာတော် သက်တော်ရှည်သရွေ့ ကျုပ် ဘယ်မှ မသွားဘူး။ ကျုပ်ကိုယ်တိုင်လည်း မန်ကျည်းစုမှာပဲ ခေါင်းချမယ်။ ကျုပ်က ဘုန်းကြီးကျောင်း ကပ္ပိယတင် မကဘူး။ ရွာ့ကပ္ပိယ အဖြစ်လည်း ခံယူသဗျာ”
စံလှဘော် သည်စကားတွေ ပြောတော့ ရွာက မျက်ရည်တောင် လည်မိကြတယ်။ ရွာက စံလှဘော်ကို ယုံပါတယ်။ သနားလည်း သနားကြတယ်။ ချစ်လည်း ချစ်ကြတယ်။ တချို့ကဆို စံလှဘော်ကြီးတဲ့။ တချို့ကတော့ ကပ္ပိယကြီးတဲ့။ ဒါမျိုးဆိုရင် စံလှဘော်ကလည်း “ဗျား” လို့ ထူးလိုက် တာပါပဲ။
(၇)
ဗြက်ကြီးကြီး ပုဆိန်သွားကြီးက သရက်သားတုံးတွေ ပေါ်အားနဲ့ ကျလာတဲ့ အခါ သရက်ပေါက် ခြမ်းကြီးတွေအဖြစ် ဟက်ခနဲ ဟက်ခနဲ ကွဲကျ ကုန်တယ်။ စံလှဘော်က ထင်းပေါက်လည်း ဖြစ်တော့ တော်ရုံ သရက်တုံး လေးငါးတုံးများ ခဏလေးနဲ့ ထင်းပုံကြီး ဖြစ်ကရော။ ကျောင်းဝင်းထဲမှာ သရက်ပင်အိုကြီးတွေ တော်တော်များများ ရှိတော့ ထင်းတော့ မရှားဘူး။ ပင်အိုကြီးတွေကို ရွာက လှဲပေးတယ်။ ငါးမန်းစွယ်နဲ့ တုံးပြတ်တွေ ဖြစ်အောင် ဖြတ်ပေးကြတယ်။
ကိုင်းဖျားကိုင်းနား သင်ဖျင်ပေးကြတယ်။ တုံးကနေ ထင်းဖြစ်အောင်တော့ စံလှဘော်ပဲ ပေါက်ရခြမ်းရတာပါ။ ဘုန်းကြီးကျောင်း ဆိုတော ရဟန်း အာဂန္တု၊ လူအာဂန္တု မပြတ်တော့ ရေနွေး တည်အိုး မီးပြတ်လို့ ဖြစ်တာ မဟုတ်ဘူးကိုး။ ထင်းတုံးတွေကို တခွမ်းခွမ်း ပေါက်ခြမ်းပြီး ပုံတိုက်ကြီး ဟီးနေအောင် စီထားတာပဲ။ ကနေ့လည်း ထင်းနည်း နေမှန်းသိတော့ မနက် စောစောကတည်းက သရက်တုံးတွေ ရွှေ့ပြီး ခွဲနေလိုက်တာ တုံးတွေ တော်တော် ကျနေပြီ။ ချွေးတွေလည်း နစ်နေပြီ။ ခါးပုံစ ဖြုတ်ဖြုတ်ပြီး သုတ်တာနဲ့တင် ပုဆိုးတောင် ရေညှစ်ချလို့ ရပြီ။
ဆရာတော်ကြီးက ကျောင်းပြတင်းကနေ စံလှဘော်ကို လှမ်းကြည့် နေရာက ကျောင်းကို စံလှဘော် ရောက်လာတဲ့ နေ့ကို သတိရ နေမိတယ်။ နေချောင်းချောင်း ပူတဲ့ နယုန် လကြီးထဲ မြေးဘွားအေ နှစ်ယောက် ရောက်လာ ခဲ့ကြရာက ဘွားအေကြီးလည်း သည်ရွာမှာပဲ ခေါင်းချ၊ မြေးကလေးက ကျောင်းမှာ ကပ္ပိယ ဖြစ်ရတဲ့ အကြောင်းက ပြောရင် ယုံလောက်စရာ မရှိဘူးကိုး။ စံလှဘော်က သူ့ဝါသနာ ၀သီဗီဇ အရ တစ်ခါတစ်ခါ တုတ်ထိုးအိုးပေါက် ရှိတတ်ပေမယ့် ကျောင်းနဲ့ ရွာကို သံယောဇဉ် ရှိတာကိုလည်း သိပါရဲ့။ ဆရာတော်က တစ်လတစ်လေ ရဟန်း တစ်ဝါနှစ်ဝါ ၀တ်ပေးချင်ပေမယ့် စံလှဘော်က ကပ္ပိယပဲ လုပ်ချင်သတဲ့။
ကျောင်းကြီးပေါ်မှာ ရဟန်း သံဃာတော်တွေနဲ့ နီးနီးကပ်ကပ် နေရပေသိ သူကိုယ်တိုင်က ရဟန်းသံဃာ ဘ၀ကို မတွယ်တာဘူး ဆိုတော့လည်း ခက်သားပဲ။ ဆွမ်းဆန်ခံတော့ ဖြစ်ရဲ့။ ကျောင်းဝေယျာ ၀စ္စများမှာလည်း ဖြစ်ရဲ့။ ဆွမ်းချက်ဆွမ်းခံလည်း အားကိုးရရဲ့။ ရပ်ရေးရွာရေးမှာလည်း အားကိုးရရဲ့။ ရဟန်းဝတ်ဖို့ ကျ ငြင်းပြန်လို့ ဆရာတော် ကိုယ်တိုင် နားမလည်နိုင်ဘူး။
“ငဘော် သံဃာ့ ဂုဏ်တော် ကိုးပါးမယ် အဉ္ဇ လီကရဏီယော ဆိုတာ လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်း တို့ရဲ့ လက်အုပ်ချီ ရှိခိုးခြင်းကို ခံယူထိုက်သော ဂုဏ်တော် ကိုပြောတာ သီလ၊ သမာဓိ၊ သိက္ခာပညာနဲ့ ပြည့်စုံခြင်း ဆိုတဲ့ ဂုဏ်ရည်ရှိတဲ့ အတွက် ရှိခိုးခြင်းကို ခံယူထိုက်တယ် ဆိုတဲ့ ဂုဏ်တော်ပဲ။ မင်းစာ လည်းတတ်ပြီ။ ကျောင်းမှာပဲ ရဟန်း ဘ၀နဲ့ ကျင့်ကြံကြိုး ကုတ်ပါတော့လား။ မြင့်မြတ်တဲ့ ဘ၀ကို ခံယူတော့”
“တပည့်တော် ကပ္ပိယပဲ လုပ်ချင်ပါတယ် ဘုရား။ တပည့်တော်က ကချင် ခုန်ချင်တာ၊ ဆွမ်းခံဆွမ်းချ သွားချင်တာ ဘုန်းကြီးနဲ့ လှူဖွယ် အပ်စပ်အောင် လုပ်ပေးချင်တာပါ ဘုရား။ တပည့်တော် ထင်းပေါက်ချင်တယ်၊ ရေခပ်ချင်တယ်၊ တုံးမောင်းခေါက်ချင်တယ်။ နိဗ္ဗာန် ဆော်ချင်တယ်။ သူများအတိ ဒုက္ခရောက်ရင် ကိုယ်တိုင်လုပ်ကိုင် ပေးချင်တယ်။ ပြီးတော့ တပည့်တော်က ရွာထဲ ရပ်ထဲလည်း လည်ချင်ပတ်ချင်သေးတာဘုရား။ သည်ဘ၀တော့ ကပ္ပိယနဲ့ တော်လောက်ပါပြီ ဘုရား”
ဆရာတော်ကြီးက ဘယ်အချိန် မေးမေး စံလှဘော်က သည်လိုဖြေတာ ချည်းပဲ။ ကြာတော့လည်း ဆရာတော်က သည်လို မမိန့်တော့ပါဘူး။ ကပ္ပိယ ဘ၀နဲ့ ပျော်တော့လည်း တစ်သက်ပေါ့။ မပျော်တော့လည်း တစ်ဝက်ပေါ့လု့ သဘောထား ရတော့တယ်။ စံလှဘော်က ဆရာတော် ကြည့်နေတာကို မသိဘူး။ သရက်သားတုံး ပေါ်ထိုင်ရင်း မန်ကျည်းပင်တွေကြား တိုင်ပုတ်တမ်း ကစားနေကြတဲ့ ကိုရင်ပေါက်စ၊ ကျောင်းသားပေါက်စ တွေကို လှမ်းကြည့်ရင်း သဘော ကျနေလေရဲ့။
မန်ကျည်းစု ကျောင်းကို သူရောက် လာတုန်းကလည်း သည်အရွယ်ပဲ ဆိုတာ ချက်ချင်း သတိရလိုက်တယ်။ စံလှဘော် မွေးပြီးပြီးချင်း မီးတွင်းထဲ အမေ ဆုံးတယ်ဆိုတာ အကြားပဲ ရှိခဲ့တာ ဆိုတော့ စံလှဘော် သိတတ်တဲ့ အရွယ်မှာ အမေ့မျက်နှာ ဘယ်လိုရှိမယ် ဆိုတာတောင် မမှန်းတတ်ဘူး။ အမေကြီးက ငါ့မြေးနဲ့ တူတယ်ဆို တာလောက်နဲ့ ပြီးခဲ့ရတယ်။ အဖေကတော့ ပင်ပန်းရှာတယ်။ ရွာက ဆင်းရဲတော့ တစ်ခြားရွာမှာ အလုပ် သွားလုပ်ရတယ်။ လေးငါးရက် တစ်ခါ ပြန်လာမှ အဖေ့ တွေ့ရတာ ဆိုတော့ အမေကြီးကိုပဲ ဖအေ၊ အမေကြီးကိုပဲ မအေလုပ်ခဲ့ ရတာကိုလည်း သတိရမိတယ်။
အမေကြီးသာသည် ကျောင်းကို မပို့ရင် သူခုချိန်လောက် ဆိုရင် ဘာဖြစ်နေမှာပါလိမ့်လို့ တစ်ခါတစ်ခါ တွေးမိတာ ရှိပေမယ့် ရုပ်လုံး မပေါ်ဘူး။ တစ်ခါတော့ ဆရာတော့် ခြေသလုံးတွေ နှိပ်ရင်း ဆရာတော်ကို မေးလျှောက်ဖူးတယ်။
“ဘုရား တပည့်တော်ကို အမေကြီးက ဆရာတော့် ကျောင်းမပို့ခဲ့ရင် ခု လောက်ဆို တပည့်တော် ဘာဖြစ်နေမှာပါလဲ ဘုရား။ တပည့်တော် တွေးမရလို့ပါ ဘုရား”
“ငဘော်ရဲ့ ဘ၀ကို စီမံ ဖန်တီးပေးတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေ ရှိတယ်။ ကံရဲ့ အကျိုးပေးမှုကို ကြံစည်ဖို့ အင်မတန် ခက်တယ်။ မိမိအလို အတိုင်း မဖြစ်လို့ အနတ္တ ခေါ်ကြတာပဲ။ မင်းမှာတော့ ကျောင်းသင်္ခန်းကို ရောက်ရမယ့် ကံပါလာတော့ ကုသိုလ်နဲ့ နီးရတဲ့ ဘ၀မှာ ရှိရမယ်။ ဒါကိုပဲ နှလုံးသွင်း ရမယ်”
ကိုရင်တွေ၊ ကျောင်းသားတွေ ပြေးလွှား ဆော့ကစား နေတာကို ကြည့်ရင်း အမေကြီးက သူ့လက်ကိုဆွဲရင်း သုံးရက် ခရီးလာခဲ့ ရတာကို သတိရမိတယ်။ သူ့ မျက်စိထဲမှာ မြေးကလေးကို လက်ဆွဲလာတဲ့ ဘွားအေကြီးကို မြင်ယောင် နေတုန်းမှာပဲ ဆယ်နှစ်အရွယ် ကလေးတစ်ယောက်ကို လက်ဆွဲလာတဲ့ လူကြီးတစ်ယောက် သူ့ရှေ့ရောက်လာတာ သတိထားမိလိုက်တယ်။ သစ်တုံးပေါ် ထိုင်နေရာကထ၊ ပုဆိန်ကို ပြန်ကောက်ပြီး ထင်းပေါက်ဖို့ ပြင်တုန်းမှာပဲ လူကြီးက ဆရာတော်ရှိ သလားလို့ မေးလို့ရှိတယ်။ ကျောင်းပေါ်မှာလို့ ဖြေလိုက်တယ်။ လူကြီးလည်း ကလေး လက်ဆွဲပြီး သရက်ကင်း လှေကားကြီး အတိုင်း တက်သွားကြလေရဲ့။
ထင်းတွေကုန်အောင် ပေါက်ပြီးတော့ ဆွမ်းစား ကြေးမောင်းတောင် ထိုးပြီ။ စံလှဘော်က ၀တ်ထားတဲ့ အင်္ကျီစုတ်ကို ချွတ်ပြီး တစ်ကိုယ်လုံးက ချွေးတွေသုတ်ရင်း ခဏနားတယ်။ ချက်ချင်း ရေချိုးလို့ မဖြစ်သေးတာနဲ့ သရက်ကင်း လှေကားကြီးအောက်ထစ်မှာ ထိုင်ချလိုက်တယ်။ ခဏနေတော့ ဆရာတော်ကြီးနဲ့ အတူ စောစောက လူကြီး ဆင်းလာလို့ မတ်တပ် ရပ်ပေးလိုက်တယ်။ ကလေးတော့ ပါမလာဘူး။ ဆရာတော်က အောက်မဆင်းတော့ဘဲ မိန့်နေတာကို စံလှဘော်ကြားနေရတယ်။
“စိတ်ချ လက်ချသာ ထားခဲ့ပါ ဒကာကြီး။ ကျုပ်ကျောင်းက ကလေး တွေကလည်း ဘ၀ အမျိုးမျိုးပါပဲ။ တချို့လည်း သည်ရွာထဲက တချို့လည်း တစ်ခြား ရွာတွေက ရောက်လာတော့လည်း စောင့်ရှောက် ရတာပါပဲ။ ဒကာကြီးတို့လည်း ခရီးကြုံတိုင်း ၀င်ခဲ့ကြပေါ့”
“တင်ပါ့ဘုရား ခွင့်ပြုတော်မူပါ ဘုရား။ လှည်းကြုံက ရွာထိပ်က စောင့်နေလို့ပါ ဘုရား”
“သွားသွား ဒါ့ထက် ကလေးနာမည်က ဘယ်သူတဲ့”
“ကောက်ဆွပါတဲ့ ဘုရား သည်ကလေး မွေးတဲ့နေ့က အိမ်ထရံထောင် ထားတဲ့ ကောက်ဆွကို မြွေတက်လို့ သည်နာမည် ပေးလိုက်ကြတယ် ပြောတာပဲ ဘုရား”
စံလှဘော်က ကလေးကို ကျောင်းလာအပ်မှန်း သိပြီ။ ဆရာတော့် ကျောင်းကို သည်လို ကျောင်းသား လာအပ်ကြတာက ဆန်းမှ မဆန်းဘဲကိုး။ ကိုရင်၊ ကျောင်းသားတွေ ဆိုတာ ၀င်လာလိုက်ကြ၊ ထွက်သွားလိုက်ကြ။ သည်ကလေးလည်း သည်လိုပဲ ကျောင်းလာအပ်တာ နေမှာပေါ့လို့ပဲ စံလှဘော် တွေးမိတယ်။ဆရာတော်က ဘာမှ မမိန့်ဘဲ ကျောင်းပေါ် ပြန်ကြွသွားတယ်။ ခနနေတော့ ကစားနေတဲ့ ကလေးတွေ ရှိရာဘက် ကောက်ဆွကို လွှတ်လိုက်တယ်။ ကောက်ဆွကလည်း လှေကားအတိုင်း ဆင်းပြေးလေရဲ့။ ဆရာတော်က လှေကားအတိုင်း ဆင်းလာရင်းက စံလှဘော်ကို ကြည့်တယ်။
“ငဘော် မင်းရောက်လာသလို ရောက်လာတဲ့ ကလေးပဲ။ ဖအေသေတော့ မအေက နောက်အိမ်ထောင် ပြုသတဲ့ ပထွေးက အိမ်မှာ နေမဖြစ်အောင် ရိုက်နှက်နေလို့ ရွာက ၀ိုင်းစောင့်ရှောက်ထားရတဲ့ ကလေးတဲ့။ ပထွေးက မအေကိုပါ နှိပ်စက်လို့ ပထွေး အိပ်ပျော်နေတုန်း သည်ကလေးက ထင်းခုတ်တဲ့ ဓားနဲ့ ၀င်ခုတ်သတဲ့။ ကလေးဆိုတော့ သေလောက်အောင် မဖြစ်ဘူးပေါ့။ ဒါနဲ့ ရွာကပဲ သူတို့ရွာနဲ့ ဝေးတဲ့ မန်ကျည်းစုကို လာပို့တာတဲ့။ အခုန လူက ရွာလူကြီးပဲ”
“မအေကကော ဘုရား”
“သူ့ ရွာမှာပဲပေါ့။ အကုသိုလ်များဟာ အင်မတန် ကြောက်စရာ ကောင်းပါလား။ မင်း သည်ကလေးကို လိမ္မာရေးခြား ရှိအောင် စောင့်ရှောက်ကြားလား ငဘော်။ ကလေးက စရိုက် ဆိုးချင်ပုံရတယ်။ ဒကာကြီးက ကလေးအပ်ဖို့ လျှောက်နေတုန်း ဘုရားဆွမ်းတော် တင်ထားတဲ့ မာလကာသီး ပြေးယူပြီး စားတယ်။ စားပြီးသား ထွေးထုတ်တယ်”
“တပည့်တော် ထိန်းပါ့မယ် ဘုရား”
“အေး မင်းလည်း ရေချိုးတော့ ငဘော်”
စံလှဘော် ရေချိုးရင်း လှမ်းကြည့်တော့ ကောက်ဆွက သပ်သပ်။ ကလေးတွေ ကိုရင်တွေက သပ်သပ်။ စောစောက ပျော်နေကြတဲ့ ကလေးတွေ အားလုံးငြိမ်လို့။ ကောက်ဆွ တစ်စခန်း ထနေပြီ ထင်ပါရဲ့။
ခင်ခင်ထူး
No comments:
Post a Comment