Saturday, April 28, 2012

စာသင်ခန်းအတွင်း သင်ကြားနည်းအမျိုးမျိုး


စာသင်ကြားရာမှာ ပို၍ထိရောက်မူရှိစေရန်အတွက် ဆရာ ဆရာမများအနေနဲ့ သင့်တင့်တဲ့ နည်းလမ်းတွေကို ရွေးချယ် အသုံးပြုဖို့ လိုပါတယ်။ ဒီလိုပြောရာမှာ ဆရာများအနေနဲ့ သင်ကြားမှုဆိုင်ရာ ရွေးချယ်စရာနည်းလမ်းတွေ အများကြီးရှိတယ်ဆိုတာကို ပထမဆုံး သိစေချင်လို့ ဖြစ်ပါတယ်။

တချို့ဆရာတွေကတော့ သင်ခန်းစာများကို ကိုယ်တိုင် ပြင်ဆင်ပြီး၊ သင်ကြားရေးမှာ အသုံးပြုတတ်သလို၊ တချို့ကတော့ တခြားဆရာတွေ ပြင်ဆင်ထားတဲ့ သင်ခန်းစာတွေကို တောင်းယူအသုံးပြကြပါတယ်။ အခုနောက်ပိုင်းတော့ သင်ကြားရေးတွက် အင်တာနက်ပေါ်မှာ ရှာဖွေ အသုံပြုတာတွေ ရှိလာပါတယ်။

ဘယ်လိုပုံစံနဲ့ သင်ခန်းစာကို ပြင်ဆင်တာဖြစ်ဖြစ်၊ ဆရာ ဆရာမတစ်ယောက်အနေနဲ့ အဓိကထား စဉ်းစားသင့်တဲ့ အချက်ကလေးတွေရှိပါတယ်။ အဲဒါတွေကတော့ ကိုယ်သင်ကြားပေးမယ့် ကလေးတွေရဲ့ ဖွံဖြိုးမူ အနေအထားက ဘယ်လိုလဲ၊ ဘယ်လောက်ရှိနေပြီလဲ၊ အသိတွေ ဘယ်လောက် ရင့်ကျက်မှု ရှိသလဲ၊ ဒီကလေးတွေဟာ ဘယ်လို ပတ်ဝန်းကျင်က လာတာလဲ ဆိုတာ စဉ်းစားရပမယ်။ နောက် အဓိက အကျဆုံးကတော့ learning goal လို့ခေါ်တဲ့ သင်ကြားရေးပန်းတိုင်ပေါ့။ ကိုယ်သင်လိုတဲ့ အတိုင်းအတာက ဘယ်လောက်ထိ ရောက်ချင်တာလည်းဆိုတာကို အလေးထား စဉ်းစားဖို့ လိုပါတယ်။

အရေးကြီးတဲ့အချက်တစ်ခု ရှိပါသေးတယ်။ ဒါလည်း မမေ့သင့်တဲ့အချက်ပါ။ ကလေးတိုင်း တစ်ယောက်နဲ့ တစ်ယောက် သင်ယူပုံခြင်းမတူညီကြဘူးဆိုတာကို ဆရာက အမြဲသတိရှိနေဖို့ ဖြစ်ပါတယ်။ အဲလို မတူညီတာတွေထဲက ကလေးတိုင်းမှာ တူညီတာတစ်ချက်ကတော့ သူတို့တွေကို ချီးမွမ်းမယ်၊ သူတို့ လုပ်ရပ်လေးတွေကို ချီးမြောက်ပေးမယ်ဆိုရင် သိပ်ကို ကျေနပ်ကြတဲ့ သဘာဝပါပဲ။

ဒီအပြင် ဆရာ ဆရာမတိုင်း သတိထားရမှာက ခုနကပြောခဲ့တဲ့ ကလေးတိုင်းမှာ သင်ယူမူ ခံယူကြပုံခြင်း မတူညီဘူးဆိုတဲ့ အချက်ရဲ့နောက်ကွယ်မှာ ဆရာက တစ်ခန်းလုံးကိုတူညီတဲ့ စကားလုံးနဲ့ပဲ သင်ကြားပေမဲ့ ကလေးတိုင်းဆီကို တူညီတဲ့အချက်တွေ ရောက်ရှိသွားလိမ့်မယ်လို့မထင်ဖို့ပါ။ တစ်ယောက်နဲ့ တစ်ယောက် ခံယူ လက်ခံပုံတွေက အမြဲကွာခြားမှု ရှိနေပါတယ်။

အဲဒီလို ကွာခြားမူတွေရှိတာကြောင့် ဆရာ ဆရာမများအနေနဲ့ သင်ကြားမှု အတတ်ပညာကို အသုံးပြုပြီး သူတို့ကလေးတွေဆီ ကိုယ်သင်ကြားလိုတဲ့ မက်စေ့ခ်ျကို အရောက်ပို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ခန်းစာပြင်ဆင်တဲ့ နေရာမှာ ဆရာ ဆရာမများအနေနဲ့ သေချာပြင်ဆင်ဖို့ အရေးကြီးလာပါပြီ။

သင်ခန်းစာ ပြင်ဆင်တဲ့အခါမှာ ပုံစံအမျိုးမျိုးထည့်သွင်းပြီး ကလေးတွေ တစ်နည်းမဟုတ် တစ်နည်းနဲ့ နားလည် သဘောပေါက်အောင် သင်ပေးဖို့အတွက် ပြင်ဆင်ရပါမယ်။ သင်ခန်းစာတစ်ခု သင်ပြီဆိုရင် ဆရာက တောက်လျှောက် 'အစ အလယ်၊ အဆုံး' လက်ချာရိုက်သွားတာမျိုး မဟုတ်ဘဲ၊ သူတို့ ဖြေနိုင်လောက်မယ့် မေးခွန်းလေးတွေ ထည့်မေးတာတို့၊ စာနဲ့ပတ်သက်လို့ ရှင်းလင်းတဲ့အခါ ပုံစံငယ်လေးတွေ သို့မဟုတ် မော်ဒယ်လေးတွေ ပြသတာတို့၊ သူတို့သိချင်တဲ့ အပိုင်းကို အတူတူပါဝင်လုပ်ကိုင်တာတို့၊ လက်တွေ့ များများ ပေးတာတို့ စတဲ့ အပိုင်းတွေကို ထည့်သွင်းဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

၁။ မေးခွန်းမေး အစပျိုးခြင်း (Introduction)

သင်ခန်းစာတစ်ခု မစခင်မှာ၊ စာသင်သားတွေက သင်မယ့်ခေါင်းစဉ်နဲ့ပတ်သက်လို့ ဘယ်လောက်သိထားသလဲ ဆိုတာ မေးခွန်းလေးတွေမေးပြီး စတင်သင့်ပါတယ်။ အဲလို မေးခွန်းလေးတွေ စမေးခြင်းဖြင့် ကလေးတွေရဲ့ သိနှင့်ပြီးသားအပိုင်းနဲ့ လိုအပ်တဲ့အပိုင်းများကို ဆရာများက သိလာပါလိမ့်မယ်။

အဲဒီလို သင်ခန်းစာစဖို့ မေးခွန်း မေးတဲ့ ပုံစံက၊ ကျောင်းဝင်ခွင့် စာမေးပွဲမေးခွန်းတွေမှာ စာသင်သားတွေအနေနဲ့ အရင်က ဘာတွေသင်ယူခဲ့ပြီးပြီလဲ၊ ယခုတက်ရောက်မယ့် အတန်းအတွက် သိသင့်သိထိုက်တဲ့ အချက်တွေကို ဘယ်လောက် သိထားသလဲဆိုတာ ပြန်မေးတဲ့ ပုံစံမျိုးပါပဲ။ ကလေးတွေနဲ့ ကိုယ်သင်မယ့် အတန်းရဲ့ အခြေအနေကို ဆရာက သင်ခန်းစာ မစခင် အရင်သိနှင့်ထားဖို့ လိုပါတယ်။

ဆရာ ဆရာမများအနေနဲ့ သင်ကြားခြင်းနဲ့ သင်ယူရေး (teaching and learning) မှာ အမြဲသတိရရှိနေရမယ့် အချက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ကျောင်းသားတိုင်းက သင်ယူမှုပြုလုပ်နေချိန်မှာ၊ "အမြင်အားဖြင့် သင်ယူနေတယ်၊ အကြားအားဖြင့် သင်ယူနေတယ်၊ လက်တွေ့ပြုလုပ်မှုဖြင့်လည်း သင်ယူနေတယ်" ဆိုတဲ့ အချက်ပါပဲ။

၂။ ရှင်းလင်းပြခြင်း ( explaining )

သင်မယ့် ခေါင်းစဉ်နဲ့ ပတ်သက်တဲ့ နောက်ခံ အချက်အလက်တွေကို ကျောင်းသားတွေကို ရှင်းလင်းပြောပြဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ သင်ထောက်ကူ ပစ္စည်း (visual aid) တွေကိုပြသပြီး ရှင်းလင်းနိုင်ရင် အကောင်းဆုံးပါပဲ။ စာသင်သားတွေအနေနဲ့ မျက်စိနဲ့ မြင်လာရတဲ့ ပစ္စည်းအပေါ် ဒါမှမဟုတ် တွက်ချက်စရာ ပြသနာများအပေါ်၊ သူတို့ကိုယ်တိုင် စိတ်ဝင်တစားနဲ့ အဖြေရှာလိုစိတ် ဖြစ်လာပါလိမ့်မယ်။

သင်ခန်းစာကို ရှင်းပြတဲ့အခါမှာ နည်းလမ်းနှစ်ခုကိုအသုံးပြုလို့ရပါတယ်။ လက်ချာတွေကို တောက်လျှောက်ပေး ရှင်းပြလို့ရသလို၊ စလိုက်ရှိုးများ ( slide show ) များ၊ overheads ပရိုဂျက်တာများ အသုံးပြုပြီး ရှင်းပြနိုင်ပါတယ်။

၃။ လက်တွေပြသ လုပ်ဆောင်ခြင်း ( Demonstration )

စာသင်သားတွေကိုယ်တိုင် လက်တွေ့လုပ်ကိုင်ခွင့်ရတဲ့အခါမှာ သူတို့မှာ အတွေးသစ် အမြင်သစ်တွေ အများကြီး ပေါ်ထွက်လာစေပါတယ်။ လက်တွေ့လုပ်ကိုင်တဲ့အခါ၊ ကိုယ်တိုင်စွန့်စား လုပ်ကိုင်ရတာက တစ်ချက်၊ နောက်ကိုယ်တိုင် မြင်တွေ့ခွင့်ရတာက တစ်ချက်ဆိုတော့ စာသင်သားတွေမှာ ပိုမိုမှတ်သားနိုင်စွမ်းတွေ ရှိလာပါတယ်။

အထူးသဖြင့် ဆရာအနေနဲ့ သိပံ္ပဘာသာရပ်ကို သင်တဲ့အခါမှာ ဒီလိုလက်တွေ့တွေလုပ်ပေးခြင်းဖြင့်သာ ကလေးတွေ ပိုမိုမှတ်မိနားလည်နိုင်ကြမှာ ဖြစ်ပါတယ်။ အမြင်အားဖြင့် လက်တွေ့လုပ်ကိုင်ပြီးတဲ့အခါ၊ အကြောင်းပြချက်များကိုပေးပြီး အကျိုးဖြစ်ရပ်များကို သေချာရှင်းလင်းပြောကြားနိုင်မှာ ဖြစ်ပါတယ်။

တနည်းအားဖြင့် လက်တွေ့လုပ်ကိုင်ခြင်းဆိုရာမှာ ပုံပြင်တစ်ခု ဇာတ်လမ်းတစ်ခုကို သူတို့ကို ပြောပြသလိုမျိုး သင်ကြားတဲ့နည်းစနစ်ကလည်း ထိရောက်မူရှိပါတယ်။

နောက် ပိုမိုထိရောက်တဲ့ သင်ကြားနည်းတစ်ခုကတော့ ဇာတ်လမ်းဇာတ်ကောင်တွေအသုံးပြုပြီး၊ ဆရာက ဇာတ်လမ်းကို ပြန်ပြောပြသူအနေနဲ့ လုပ်မယ်ဆိုရင်လည်း ပိုစိတ်ဝင်စားစရာပိုကောင်းမှာပါ။ ဘာလို့လည်းဆိုရင် အမြင်အသိနဲ့ သူတို့ပတ်ဝန်းကျင်မှာ တွေ့နေတဲ့ အတွေ့အကြုံလေးတွေ ပေါင်းစပ်ပြီးတော့ စာသင်သားတွေရဲ့ ဦးနှောက်ကို တွန်းအားပေးရင်း ပိုမိုမှတ်မိစေမှာမို့ ဖြစ်ပါတယ်။ ဇာတ်လမ်းနဲ့ဆိုရင် ပိုမိုစိတ်ဝင်စားလာပြီး ကိုယ်သင်ကြားလိုတဲ့အရာကို သူတို့မှတ်ညဏ်ထဲ တိုက်ရိုက်ပို့ပေးလိုက်သလို မှတ်မှတ်ထင်ထင် ဖြစ်သွားစေပါလိမ့်မယ်။

တစ်ခါတလေ ဆရာ ဆရာမတွေက လက်ချာ (lecture)တွေ အရှည်ကြီး ပေးပြီး စကားလုံးတွေ အများကြီး သုံးနေတဲ့အခါမှာ စာသင်သားအနေနဲ့ ဆိုလိုချင်တဲ့ ပုံရိပ် ပေါ်မလာတော့ဘဲ ရှုပ်ထွေးမူတွေ ဖြစ်လာတတ်ပါတယ်။ အဲလိုအချိန်မှာ (Visuals) အမြင်အားဖြင့်ပါ တွဲဖက်သင်ပေးနိုင်မယ်ဆိုရင်၊ မသဲကွဲတဲ့ အကြောင်းအရာတွေက အကြားအာရုံတစ်ခုထဲမဟုတ်တော့ဘဲ၊ အမြင်အာရုံနဲ့ပါ တွဲဖက် သင်ပေးတဲ့အတွက် အကြောင်းအရာက စာသင်သားဆီ လျှောကနဲ အပြည့်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

၎။ ပူးပေါင်းဆောင်ရွက်မူ ( Collaborating )

ပူးပေါင်းဆောင်ရွက် သင်ကြားနည်း ဆိုတာကတော့ စာသင်သားတွေကို အဖွဲ့လေးတွေ ခွဲထားပြီး သူတို့နဲ့ သက်ဆိုင်တဲ့ သင်ခန်းစာလေးတွေပေးပြီး သူတို့အချင်းချင်း ဆွေးနွေးမူ ပြုလုပ်စေတဲ့နည်းပါ။

ဒီလိုမျိုးအဖွဲ့လိုက် ဆွေးနွေးမူတွေလုပ်ကြရတဲ့အခါမှာ တစ်ဦးချင်းစီ လွတ်လပ်စွာ ပါဝင်ဆွေးနွေးလာကြမယ်။ သူတို့မှာ သိထားတဲ့ အတွေ့အကြုံတွေ အချင်းချင်း မျှဝေမယ်။ အဲဒါဆိုရင် အဖွဲ့ထဲမှာရှိတဲ့ လူအရေအတွက်နဲ့ အတွေ့အကြုံတွေကို သူတို့ များများသိလာပါလိမ့်မယ်။ ဆရာတွေအနေနဲ့လည်း ကျောင်းသားတိုင်းရဲ့ အရည်အချင်းတွေကို ပိုသိလာမှာ ဖြစ်ပါတယ်။

နောက် ဆရာအနေနဲ့ ကိုယ့်စာသင်သားတွေဟာ စုပေါင်းလုပ်ကိုင်နိုင်တဲ့ အရည်အချင်းရှိမရှိ၊ presentation လုပ်တတ်မူ စွမ်းရည်တို့ကိုပါ ဆရာတစ်ယောက်အနေနဲ့ စာသင်သားတွေကို စစ်ဆေးမူပြုလုပ်နိုင်ပါသေးတယ်။ ဒီနည်းကတော့ Direct instruction ခေဓ တိုက်ရိုက်သင်ကြားနည်းတွေထဲက နည်းတစ်နည်း ဖြစ်ပါတယ်။

နောက်ထပ် အဖွဲ့လိုက် သင်ကြားနည်းတစ်ခုကတော့ ဆရာက ခေါင်းစဉ်နှင့်ပတ်သက်တာကို တိုက်ရိုက် သင်ကြားပေးပြီးတဲ့နောက်၊ ကျောင်းသားတွေကို အဖွဲ့လေးတွေ ခွဲပေးလိုက်ပြီး သင်ကြားခဲ့တဲ့ သင်ခန်းစာကို သူတို့အချင်းချင်း ပြန်ဆွေးနွေးခိုင်းတာပါပဲ။ ဆွေးနွေးမူရဲ့ နောက်ဆုံးအချိန်မှာတော့ ဆရာ ဆရာမက သူတို့ရဲ့ ဆွေးနွေးချက်တွေကို ပြန်လည်ဝေဖန် သုံးသပ်ပေးလိုက်ခြင်းဖြင့် သူတို့မရှင်းတဲ့ အရာတွေေ၀၀ါးရှုပ်ထွေးနေတဲ့ အချက်တွေကို တစ်ခါထဲ ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း သဘောပေါက်သွားကြမှာ ဖြစ်ပါတယ်။

အဖွဲ့အစည်းနဲ့ သင်ယူခြင်းနည်းပညာ (Collaborating kinesthetic) ဟာ စာသင်သားတွေအကုန်လုံးကို တစ်ဦးချင်းစီ ပါဝင်ဆောင်ရွက်စေတဲ့ နည်းဖြစ်ပါတယ်။ စာသင်သားတိုင်းဟာ သက်ဆိုင်တဲ့ သင်ခန်းစားအပေါ် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆွေးနွေးခွင့်ရခြင်း၊ လက်တွေ့လုပ်ကိုင်ဆောင်ရွက်ခွင့် ရခြင်းတွေ ရှိလာပါတယ်။

Group projects and discussions ခေါ်တဲ့ အဖွဲ့လိုက် ပရောဂျက်နဲ့ ဆွေးနွေးမူတွေဟာလည်း ဒီနည်းကို အခြေခံထားချင်း ဖြစ်ပါတယ်။ အထက်ဖေါ်ပြချက်များ တင်မဟုတ်ပါဘဲ အဖွဲ့လိုက် (group work) နဲ့ ဆွေးနွေးမူကိုလည်း ပုံစံအမျိုးမျိုးထွင်ပြီး လုပ်ပေးနိုင်ပါတယ်။

၅။ သင်ကြားခြင်းဖြင့် သင်ယူနည်း (Learning by teaching)

သင်ကြားခြင်းဖြင့် သင်ယူနည်း ဆိုတဲ့ နည်းလမ်းကတော့ ဂျာမနီနိုင်ငံမှာ အများဆုံးအသုံးပြုတယ်လို့ ဆိုရမှာပါ။ ဒီနည်းကို ဂျင်ပို မာတင် ( Jean-Pol Martin ) က စတင် အသုံးပြုခဲ့တဲ့နည်းပါ။ စာသင်သားအချင်းချင်း လေ့လာသင်ယူနည်းလို့ လည်းခေါ်ပါတယ်။ ဒီနည်းလမ်းကလည်း သင်ကြားရေးမှာ အတော့်ကို ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ကျောင်းသားတစ်ဦးချင်းစီဖြစ်ဖြစ် အဖွဲ့လိုက်ကိုပဲဖြစ်ဖြစ် သင်ခန်းစာတစ်ခုကို သေချာလေ့လာစေပြီး၊ စာသင်သား အချင်းချင်း ပြန်လည်သင်ကြားပေးစေတာပါ။ အဲဒီလိုမျိုးလုပ်ပေးခြင်းဖြင့် ကျောင်းသားများဟာ သူတို့ကိုယ်သူတို့ ယုံကြည်မူများတိုးပွားလာစေပါတယ်။ အဲလိုမျိုး ကိုယ့်ကိုကိုယ်ယုံကြည်လာတာနဲ့ အမျှ ကိုယ့်ကိုကိုယ်လည်း တစ်နည်းအားဖြင့် ပိုသိလာမှာ ဖြစ်သလို အတန်းတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် စကားပြောဆိုဆက်ဆံရေးနဲ့ ရင်းနီးမှုတွေ ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။

သင်ကြားခိုင်းခံရတဲ့ ကျောင်းသားအနေနဲ့လည်း သင်ကြားခိုင်းတဲ့ ခေါင်းစဉ်တစ်ခုထဲကိုပဲ နားလည် သဘောပေါက်သွားရုံတင် မဟုတ်ဘဲ၊ သူ့ဘ၀မှာ တန်ဖိုးရှိတဲ့ အတွေ့အကြုံအနေနဲ့ မှတ်မှတ်ရရ ဖြစ်နေပြီး နောင်တစ်ချိန်မှာ သူလုပ်ရမယ့် လုပ်ငန်းတွေကိုလည်း သေချာစေ့စပ်စွာလုပ်တတ်လာသလို၊ သတ္တိရှိရှိနှင့် ရှေ့ထွက်ခေါင်းဆောင်အဖြစ် ဆောင်ရွက်ရတဲ့အချိန်များမှာလည်း သေချာစွာ လုပ်ကိုင်ဆောင်ရွက်တတ်မူတွေ ဖြစ်ပေါ်လာမှာ မလွဲပါပဲ။

မမေ
(dedicated to my everyone who love teaching for children)


No comments:

Post a Comment