ချစ်သော မျက်လုံးများဖြင့်...
သာသနာနှစ် ၂၁၈ ခုနှစ်၌ နန်းတက်လာသော အသောက မင်းသည် မင်းညီမင်းသား၊
ညီအကိုပေါင်း ( ၉၉ ) ပါးအားသတ်ဖြတ်၍ နန်းတက်လာခဲ့သည်။ မိဖုရားများသော
ခမည်းတော်ဖြစ်သူ နတ်ရွာစံချိန်၌ ကျန်ရှိသော မင်းညီမင်းသား ( ၁၀၁ )ပါးတို့၏ ထီးနန်းလုပွဲအတွင်း ဝမ်းကွဲ ညီတော် နောင်တော် ( ၉၉ ) ပါးတို့ကို သတ်၍ထီးနန်း သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုမျှမကသေး အိန္ဒိယတိုင်းတစ်ခွင် မိမိ၏သြဇာအာဏာ တည်တန့်ရေးအတွက် မဟာရာဇာပေါင်း ရှစ်သောင်းလေးထောင်ကို လေးနှစ်တာကာလအတွင်း အပြီးသတ် ရှင်းလင်းတိုက်ခိုက်ပြီး သစ္စာတော်ခံအဖြစ် သွတ်သွင်းခဲ့ရသည်။
အသောက မင်းကြီးအတွက် အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့ရသော တိုက်ပွဲများမှာ အိန္ဒိယအရှေ့ပိုင်း သြရိသပြည်နယ် ကာလ္လင်္ဂတိုင်း တစ်ခွင်ရှိ နယ်မြေသိမ်းတိုက်ပွဲများပင် ဖြစ်ခဲ့သည်။ စစ်အင်အား အတောင့်တင်းဆုံးဖြစ်သော ကာလ္လင်္ဂတိုင်းကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ရန်အတွက် ကျားကုတ်ကျားခဲဖြင့် အချိန်တစ်နှစ်ခန့်ကြာအောင် အသေအကြေတိုက်ခိုက်ခဲ့ရသည်။ နောက်ဆုံးတွင် စစ်ဘုရင် စစ်ဘီလူးကြီး အသောကသည် အရှည်လျားဆုံး၊ အပြင်းထန်ဆုံး၊ အရက်စက်ဆုံး တိုက်ပွဲများအပြီး၌ အောင်လံစိုက် အောင်ပွဲဆင်နိုင်ခဲ့ပေသည်။ တိုက်ပွဲအတွင်း၌ကား နှစ်ဘက်
စစ်သည် သုံးသန်းခန့် ကျဆုံးခဲ့ကြရလေသည်။
စစ်ပွဲကိုအဆုံးသတ် အောင်လံစိုက်ထူလိုက်ချိန်တွင် စီးတော်မြင်း၏ ဇက်ကြိုးကိုဆွဲလှည့်ပြီး နောက်တစ်မျှော်တစ်ခေါ်ရှိ စစ်တလင်းကို ပြန်လှည့်ကြည့်မိချိန်တွင်တော့ အသောက၏ မိုးထက်မက မြင့်တက်ထိုးထောင်ထွက်နေသော အောင်ပွဲခံစစ်ဘုရင်တစ်ပါး၏ ဂုဏ်ရှိန်နှင့် မာနတို့သည် ဇောက်ထိုးပြောင်းပြန် ဖြစ်ခဲ့ရလေတော့သည်။
တစ်မျှော်တစ်ခေါ် မျက်စေ့တစ်ဆုံး ယူဇနာပေါင်း များစွာ ရှည်အောင် ဖြတ်ကျော်တိုက်ခိုက်လာခဲ့သော စစ်တလင်းတစ်လျှောက်၌ ခြေကျိုး၊ လက်ပြတ်၊ လည်ပြတ်၊ ဝမ်းဗိုက်ပွင့်၊ သက်ရှိသက်မဲ့ မှောက်လျှက်ညည်းညူ နေသသူများ၊ သွေးစိမ်းတရှင်ရှင်၊ ညှီနံ့တထောင်းထောင်း၊ ယင်ကောင်တလောင်းလောင်း၊ ဠင်းတ တစီစီနှင့် မီးဟုန်းဟုန်း တောက်လောင်နေသော အနိဌာရုံမြင်ကွင်းကို ငေးမောကြည့်နေမိရင်း မှင်သက်မိနေခဲ့သူ စစ်ဘုရင်ကြီး အသောကအား အသံများကလှုပ်နှိုးလိုက်ကြသည်။ ထိုအသံတို့မှာကား စစ်ဘေးစစ်ဒဏ် သင့်သူတို့၏ -
" မင်းကြီး... သောက်ရေပေးပါ၊ စားစရာပေးပါ၊ အဝတ်ပေးပါ၊ ဆေးဝါးကုသပေးပါ " ဟူသော ... တစာစာ ညည်းညူ တောင်းပန် တိုးလျှိုး နေသံများပင် ဖြစ်တော့သည်။
ထိုအချိန်အခိုက်အတန့် ကလေးအတွင်းမှာပင် အကြွင်းမဲ့ အာဏာရှင်တစ်ဦးဖြစ်လိုသော စစ်ဘုရင် စစ်ဘီလူး အသောကမင်းကြီး၏ အယူအဆနှင့် ခံယူချက်တို့မှာ ပြောင်းပြန်ပြောင်းလဲ ( Change ) သွား ရတော့သည်။ ရက်စက် ကြမ်းကြုတ်မှုနှင့် မေတ္တာ ကရုဏာအကြား အချိန်ကာလ တစ်စက္ကန့်၏ အပိုင်းအပုံ ကလေးတစ်ခုအတွင်း အပြောင်းလဲကြီး ပြောင်းလဲခဲ့ရခြင်းပင်ဖြစ်သည်။
" ဟာ ... ငါ့ကြောင့်ဖြစ်တဲ့ ဒီလူသားတွေရဲ့ ဒုက္ခကို စောင့်ရှောက်ဖို့ရာ ငါ့တာဝန်သာ ဖြစ်တယ် " ဆိုသော အသိတရားတို့က စစ်ပွဲအတွင်း ထိုးခုတ် တိုက်ခိုက်သတ်ဖြတ် စဉ်က ရက်စက်ကြမ်းကြုတ် မှုများဖြင့် ဖုံးအုပ်လွှမ်းမိုး ခံထားရသော အဖြူထည်၊ အဖြူရောင် နှလုံးသားကို တူးဆွပေါ်ထွက်လာစေခဲ့သည်။ ရက်စက်ကြမ်းကြုတ်မှု အကြောင်းတရားများ၏ အကျိုးဆက်ဖြစ်သော အနိဌာရုံကို မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်ကြုံတွေ့ လိုက်ရချိန်တွင် သံဝေဂ တရားတို့မှတစ်ဆင့် ကရုဏာတရား၊မေတ္တာတရား အဖြစ် ကြီးမားသော အပြောင်းအလဲတို့ကို ဖြစ်ပေါ် လာစေခဲ့ခြင်းပင်ဖြစ်ပေသည်။
ပြည်သူတစ်ရပ်လုံး၊ တိုင်းနိုင်ငံတစ်ခုလုံးအတွက် ကြီးမားသော အပြောင်းအလဲ ( Big Change ) တစ်ရပ်ပင် ဖြစ်တော့သည်။ ဟောင်းနွမ်း ပုတ်သိုး ဆွေးမြည့်နေသော လောဘ၊ ဒေါသ၊ မောဟ၊ အတ၊္တ မာန်မာန ရွံ့ညွန်အတွင်းမှ ရုန်းထွက်၍မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ဖြင့် သန့်စင်မွန်မြတ်သောဘဝသစ်ကို မွေးဖွား စတင်နိုင်ခဲ့ခြင်းပင် ဖြစ်ပေသည်။
အဆုံးအဖြတ် စစ်ပွဲ၏ အောင်မြင်မှုများအလယ်တွင် အောင်နိုင်သူစစ်ဘုရင်အသောကသည်
အောင်လံကိုစိုက်ထူလိုက်ချိန်၌ -
" ဒါဟာ ... ငါ့ရဲ့ အောင်မြင်မှု မဟုတ်ဘူး၊ ဒါဟာ ... ငါ့ရဲ့ ရက်စက်မှုပဲ " ဟုသိမြင်လာရချိန်မှာပင် မိမိကိုယ်မိမိ အောင်နိုင်မှု ( Self conquest ) ကို ရရှိခဲ့လေပြီ။ သူ၏ ဘဝအတွက်၊ သူ၏ သံသရာခရီးအတွက် ၊ သူ၏ သံသရာတိုက်ပွဲများ အတွက် အရေးအကြီးဆုံးနှင့် အဖိုးအတန်ဆုံး အောင်နိုင်မှုကို ရရှိခဲ့ခြင်းပင် ဖြစ်ပေတော့သည်။
ထို့နောက် ကျေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ရှည်ရှည်ဝေးဝေးနိဒါန်းချီထားသော ကျေငြာချက်မျိုးမဟုတ်။ လူအများ မျက်စေ့လည်စေအောင် ၊ ဇဝေဇဝါဖြစ်စေအောင် ရေးသားထားသော ကျေငြာချက်မျိုးလည်း မဟုတ်။ တိုတိုတုတ်တုပ်နှင့် တိကျရှင်းလင်းလှသော ကျေငြာချက်မျိုးဖြစ်သည်။ " ပြည်သူအများ အပေါ်ဒေါသမျက်လုံး၊ မယုံသင်္ကာ မျက်လုံး၊ သံသယ မျက်လုံးများနဲ့ ဘယ်သောအခါမျှမကြည့်တော့ပါ၊ အားလုံးကို ချစ်သော မျက်လုံးနဲ့သာ ကြည့်ပါတော့မည် " ဟူ၍ဖြစ်တော့၏ ။
ပြီးလျှင် စစ်ကြောင့်သေကြေရသူများအား ကိုယ်တိုင်မီးသဂြိင်္ုံလ်ခြင်း၊ ဒါဏ်ရာရသူများအား ကိုယ်တိုင်ဆေးဝါးကုသ ပြုစုပေးခြင်း၊ စစ်ဘေးစစ်ဒါဏ်သင့်ပြည်သူများဆာလောင်နေသူများအား သောက်ရေစင်ပေးခြင်း၊ ငတ်မွတ်နေသူများအားအစားအစာ ကျွေးမွေးခြင်း၊ အဝတ်မဲ့နေသူများအား အဝတ်အထည် ဝေငှပေးခြင်း၊ခိုလှုံရာအမိုးအကာ ကင်းမဲ့နေသူများအား အဆောက်အဦထူထောင်ပေးခြင်းတို့ကိုကရုဏာ အပြည့်ဖြင့် ပြုလုပ်ပေးခဲ့လေသည်။ စိတ်ရော ကိုယ်ပါ ပြောင်းပြန် ပြုပြင်ပြောင်းလဲမှုများ၏ ရလဒ်မှာကား သူ့ကြောင့် သေကြေ
ပျက်စီး ဆုံးရှုံးခဲ့ရသူများကိုယ်တိုင်က-
" ဟာ ... ဒါမှ ငါတို့ရဲ့ဖခင် အစစ်ပဲ.. " ဟူ၍ အတွေးအခေါ် အယူအဆများပြောင်းလဲကာ လူထု ကိုယ်တိုင်၏ ကြည်ညိုလေးစား ချစ်ခင်မှုကို ရရှိခဲ့လေသည်။ယင်းနောက် ပြည်သူများနှင့် လက်တွဲကာ ပြည်သူ ပြည်သားတို့၏ အကျိုး၊ တိုင်းနိုင်ငံ၏ အကျိုး၊ အမျိုး ဘာသာ သာသနာတော်၏ အကျိုးကို ရာဇဝင်တွင်လောက်အောင် စွမ်းစွမ်းတမံ ဆောင်ရွက် နိုင်ခဲ့လေ၏ ။ ဤသို့ဖြင့် အသောက မင်းကြီး၏ဘဝဖြစ်စဉ် ဖြစ်ရပ်များသည် ယူတတ်သူများအဖို့ သံဝေဂတရား များစွာကို ထုတ်နှုတ်ပွားများရရှိနိုင်စေ ခဲ့ပေသည်။
တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် တိုက်ကြခိုက်ကြ၊ သတ်ကြဖြတ်ကြ ပစ်ကြခတ်ကြ၊ ပုတ်ခတ်ရေးသားကြ၊ အပြစ်တင်အပြစ်ဖို့ကြ၊ ရန်ညှိုးဖွဲ့ရန်စေါင်ကြ၊အပြိုင်အဆိုင်အနိုင်ယူကြ၊ လောဘ ဒေါသ မောဟ အတ္တ မာန်မာနတို့ဖြင့် ယှဉ်ပြိုင်နေမှုများ၏ အဆုံးသတ် ရရှိသော အောင်နိုင်မှုဟူသည် စစ်မှန်သော အောင်မြင်မှုမမည်။ စစ်မှန်သော အောင်မြင်မှုဟူသည် မိမိကိုယ်မိမိ အောင်မြင်မှု ( Self con-quest ) သာလျှင်ဖြစ်သည်။ လူသန်းပေါင်းများစွာတို့အပေါ် အောင်နိုင်ဖို့ထက် မိမိကိုယ်မိမိ အောင်နိုင်ဖို့က အရေးကြီးလှသည်။ ကိုယ့်ကိုယ်ကို မအောင်မြင်နိုင်သေးသော သူတစ်ဦးသည် ဇဗ္ဘူဒီပါတစ်ခုလုံးကို အောင်မြင်နိုင်သော်ငြားလည်း အောင်နိုင်သူဟူ၍ မဆိုနိုင်ပေ။
ထို့ကြောင့် ဟိုသူ ဒီသူ၊ ဟိုအသင်း ဒီအသင်း၊ ဟိုအဖွဲ့အစည်း ဒီအဖွဲ့အစည်း၊ဟိုပါတီ ဒီပါတီ၊ ဟိုတိုင်းပြည် ဒီတိုင်းပြည်ကို နိုင်ခြင်းသည် စစ်မှန်သော စွမ်းအား ၊( Power ) ဟုမဆိုနိုင်ပါ။ မော်တော်ကားတွေ၊ တိုက်တွေ၊ အိမ်တွေ၊ ခြံမြေတွေ၊ စီးပွားဥစ္စာ နှင့် ရာထူးအာဏာ တွေကိုပိုင်ဆိုင်နိုင်ခြင်းကလည်း စစ်မှန်သောစွမ်းအား( Power ) ဟု မခံယူနိုင်ပါ။ " မိမိကိုယ်မိမိ အောင်နိုင်ခြင်း ( Self Conquest ) ကသာ မိမိ၏ စစ်မှန်သောစွမ်းအား ( Power ) အစစ် ဖြစ်ပေတော့သည် " ဟု သိမြင်ကြရန် လိုအပ်လှပါသည်။
ယနေ့ အချိန်အခါသည် မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် မှ ၁၃၇၄ ခုနှစ်သို့ကူးပြောင်းမည့် နှစ်သစ်ကူးအခါသမယ ဖြစ်သည့်အားလျှော်စွာ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြချိန်ဖြစ်ပေသည်။ မြန်မာတို့၏ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအရ နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်သစ်သို့ ပါရှိမသွားစေရန် အတာရေဖြင့် ပက်ဖြန်း ဆေးကြောကြခြင်းလည်း ဖြစ်သည်။ နှစ်ဆန်းတစ်ရက်နေ့တွင် အမွန်အမြတ် ထားကြသည့် ဦးခေါင်း ဆံပင်တို့ကို တရော်ကင်ပွန်းတို့ဖြင့် ခေါင်းဆေး မင်္ဂလာ ပြုခြင်းဖြင့် အညစ်အကြေးများကို စင်ကြယ် စေကြသည်။
သက်ကြီးရွယ်အိုများကို နှစ်ဟောင်းကရှိခဲ့သည့် လက်သည်း ခြေသည်းများကို ကုသိုလ်ပြု လှီးဖြတ် ပေးကြသည်။ ဦးခေါင်းဆေးကြော သန့်စင်ပေးကြသည်။ ဘုရားဆင်းတုတော်များကိုလည်း ဆေးကြောသန့်စင် ရောင်တော်ဖွင့်ကြသည်။ အမွှေးနံ့သာတို့ဖြင့် ပက်ဖြန်း ပူဇော်ကြသည်။ လူအများတို့သည်လည်း အဝတ်ဟောင်း၊ အသုံးအဆောင် ဟောင်းများကို တတ်နိုင်လျှင် တတ်နိုင်သည့်အလျှောက် စွန့်ပယ်ပြီး အသစ်အသစ်များကို ဆင်မြန်းတတ်ကြသည်။
နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းကြရာတွင် ကိုယ်တိုင်လည်း အဟောင်းအညစ်များကို ချန်ရစ်၍ အကောင်းအသစ်များကို ဆောင်ယူကာ နှစ်သစ်နှင့်အတူစီးမျောကြရန် ရည်ရွယ်ကြခြင်း ဖြစ်ပေသည်။ အထက်တွင် တင်ပြပါ နှစ်သစ်ကူးချိန် အဟောင်းပယ်ရစ် အသစ်ဖြစ်စေကြရာ၌ လူအများတို့သည် ရုပ်ပိုင်းဆိုင်ရာ အသစ်များကိုသာ အာရုံထားမိကြပြီး စိတ်ပိုင်းဆိုင်ရာ စင်ကြယ် သစ်လွင်ကြရေးကိုမူမေ့လျော့နေတတ်ကြပေသည်။
လူသားတစ်ဦးတစ်ယောက်တွင် ရုပ်နှင့်စိတ်တို့ဖြင့်ဖွဲ့စည်းထားရာ ရုပ်ကိုစိတ်က ထိန်းကျောင်းသည် ဖြစ်၍ စိတ်က အခရာ ကျလှပါသည်။ စိတ်ကအရာရာကို ဦးဆောင်ဦးရွက်ပြုပါသည်။ စိတ်ကအကောင်းကိုလည်းကောင်း၊ အဆိုးကို လည်းကောင်း စေစား နိုင်စွမ်းရှိသည်။ စိတ်သွားရာ နောက်သို့ကိုယ်က လိုက်ပါကြရသည်။ ထို့ကြောင့် စိတ်သည် လူသားတစ်ဦးအတွက် အရေးအကြီးဆုံးဖြစ်ပေသည်။ လူတစ်ဦး၏ဘဝ ကောင်းမွန်စွာရှင်သန်ရန်၊ အောင်မြင်ရန်မြင့်မြတ်ရန် အတွက် စိတ်ထားကောင်းမွန်ရန်၊ မြင့်မြတ်ရန်၊ မိမိစိတ်ကိုမိမိ အောင်မြင်ရန် လိုအပ်ပါသည်။ စိတ်အဟောင်း စိတ်အညစ်များကို ပယ်စွန့်၍ အသစ်စိတ်စင်ကြယ်သောစိတ် ဖြစ်စေရန် လိုအပ်ပါသည်။
" ရေဆိုး ရေပုတ်တို့ အပြည့်ဖြည့်ထားသော ဖန်ခွက်သည် အသုံးမတည့် အကျိုးမဲ့လှသည်၊ ထိုရေဆိုး ရေပုတ်တို့ကို စွန့်ပယ်သွန်ထုတ်လိုက်မှသာ အသုံးတည့်အသုံးကျသော ဖန်ခွက်ကို ရရှိနိုင်မည် " ဟူသော အဆုံးအမ တစ်ရပ်ကို မှတ်သားဖူးပါသည်။ စိတ်ဆိုးစိတ်ညစ်များကို စွန့်ပယ်သန့်စင်နိုင်မှသာ နှစ်သစ်နှင့်အတူ အဖိုးတန်အသုံးတည့်သော စိတ်တစ်ခုကို ရရှိနိုင်မည်ဖြစ်ပေသည်။ စိတ်ညစ် စိတ်ဆိုးများကို စွန့်ပယ်၍ စိတ်ကောင်းစိတ်မြတ်များကို နှစ်သစ်နှင့်အတူ မွေးမြူသင့်ကြပါသည်။
ထို့ကြောင့် နှစ်သစ်သို့ကူးပြောင်းချိန်မှစ၍ အသောကမင်းကြီးကဲ့သို့ လူတိုင်းကို ချစ်သောမျက်လုံးများဖြင့်သာ ကြည့်နိုင်သော ၊ လူတိုင်းအပေါ် ဒေါသမျက်လုံးသံသယမျက်လုံး မယုံသင်္ကာမျက်လုံးများဖြင့်ကြည့်ခြင်းမှ ရှောင်ကြဉ်နိုင်သောစိတ်ကောင်းစိတ်မြတ်များကို
မွေးမြူနိုင်ကြစေချင်ပါသည်။ သမင်ကို မုဆိုးမှကြည့်သကဲ့သို့ ဒေါသမျက်လုံး တို့ဖြင့် အစဉ်တစိုက်ကြည့်နေသမျှ ကာလပတ်လုံး ဘယ်သောအခါမျှ ငြိမ်းချမ်းရေးကိုမရရှိနိုင်သည်ကို သတိပြုမိကြစေလိုပါသည်။
လူသားအချင်းချင်း သော်လည်းကောင်း၊ တိုင်းပြည် အတွင်း၌ သော်လည်းကောင်း၊ ကမ္ဘာပေါ်၌ သော်လည်းကောင်း ငြိမ်းချမ်းကြ စေလိုပါလျှင် တစ်ဦးနှင့်တစ်ဦး ချစ်သောမျက်လုံးများဖြင့် ကြည့်တတ်ကြရန်လိုပေသည်။
တိုင်းပြည်ကို နှလုံးသားအတွင်းမှ ချစ်သောမျက်လုံးများဖြင့်သာ ကြည့်တတ်ကြမည်ဆိုလျှင် ကျန်အရာများအားလုံး ငြိမ်းချမ်း သာယာ ဖွံ့ဖြိုးတိုးတက်ရေးဖက်သို့ အလိုအလျှောက် ပြောင်းလဲသွားမည်ဟုလည်း ရိုးသားစွာ ယုံကြည်မိပါသည်။
ထို့ကြောင့် နှစ်သစ်တွင် -
- လူတွေဘာဖြစ်နေကြလဲ ဆိုသည်ကို နားလည်တတ်အောင် ကြိုးစားနိုင်ကြပါစေ...၊
- ငါဘာလဲ ဆိုသည်ကို မိမိကိုမိမိ သိအောင် ကြည့်နိုင်ကြပါစေ...၊
- အမှန်တရား ( သစ္စာတရား ) ကို တွေ့အောင် ရှာဖွေနိုင်ကြပါစေ...၊
- ပြည်သူပြည်သားများ အားလုံးအပေါ် ချစ်သောမျက်လုံးဖြင့် ကြည့်နိုင်ကြပါစေ...၊
- မိမိကိုယ်မိမိ အောင်နိုင်သာ စွမ်းအားများ ပိုင်ဆိုင်အောင် ကြိုးပမ်း အားထုတ်နိုင်
ကြပါစေ... ဟု ဆုမွန်ကောင်း ပို့သလိုက်ရပါပေသည်.....။
နေလမင်း
၁၇ ဧပြီ ၂၀၁၂
No comments:
Post a Comment