၁၂ ပွဲသမားတို့ အားခဲထားတဲ့
မြန်မာနိုင်ငံ အထက်ပိုင်းမှာ အထင်ရှားဆုံး၊
အကြီးကျယ်ဆုံးဖြစ်တဲ့ ကျောက်တော်ကြီး ဘုရားပွဲကို နှစ်စဉ်အတိုင်း
သီတင်းကျွတ်လဆန်း ၁၃ ရက်မှ လပြည့်ကျော် ၇ ရက်အထိ စည်စည်းကားကား
ကျင်းပပါတယ်။ တကယ်တမ်းကတော့ ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိဘုရား၊
ကျောက်တော်ကြီး ဘုရားတို့ တစ်ပေါင်းတည်း ကျင်းပတဲ့ ဗုဒ္ဓပူဇနိယ
ပွဲတော်ကြီးပါပဲ။
ကုသိုလ်တော်ဘုရား မင်းတုန်းမင်းရဲ့ ကောင်းမှုကုသိုလ်တော်ဘုရားတွင် သီတင်းကျွတ်လပြည့်ကျော် ၂ ရက်မှာ သံဃာတော်အပါး ၃၂၀၀ ကျော်တို့အား ဆွမ်းတော်ကြီးလောင်းလှူ ပူဇော်ပါမယ်။ ကုသိုလ်တော်ဘုရား အနောက်ဘက် အရုဏ်ခံမှာ ဆွေတော်မျိုးတော်များက လပြည့်ကျော် ၁ ရက် ညနေတွင် ဧည့်သည်များကို ဧည့်ခံတယ်။ ၂ ရက်နေ့ မနက်မှာ ဆွမ်းတော်ကြီးလောင်း၊ ရေစက်ချပြီးမှ ပြန်လေ့ရှိတာပါ။ မယ်ကင်းကုန်းက ၁ ရက်နေ့မှာ အတီးအမှုတ် အကအခုန်များဖြင့် ဆွမ်းတော်ကြီး ပို့လာကြတယ်။
ကျောက်တော်ကြီးဘုရား
မင်းတုန်းမင်းက ၁၂၂၇ ခုနှစ်မှာ တစ်လုံးတစ်ခဲတည်းသော စကျင်ကျောက်တုံးတော်ကြီးကို ဥာဏ်တော်အမြင့် ၂၆ ပေ၊ ၆ လက်မ ရုပ်ပွားတော်ထုဆစ်ပြီး မဟာသကျမာရဇိန် ကျောက်တော်ကြီး မြတ်စွာဘုရားဘွဲ့တော်ဖြင့် ကိုးကွယ်ခဲ့ပါတယ်။ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်မနက်မှာ ပင့်သံဃာတော် ၆၃၇ ပါးတို့အား ဆွမ်းတော် ကြီးလောင်းလှူပူဇော်ပါမယ်။ ၁၂၂၈ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ သူရဲတပ်အရုဏ်တော်က သီတင်း ကျွတ်လပြည့်ကျော် ၁ ရက် မွန်းလွဲပိုင်းမှာ ဝေဿန္တရာဇာတ်တော် ၀င်းခင်းပြီး သွားရောက်မှာပါ။ ကျောက်တော်ကြီးဘုရားတွင် ညပိုင်းမှာ ၀တ်တက်ကြပြီး ၂ ရက်နေ့ အရုဏ်တက်မှာ ဆွမ်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ ပန်းနံ့သာတို့ဖြင့် ဆက်ကပ်ပူဇော်ပါမယ်။
ဈေးပေါင်ကျိုးချိန်
ဘုရားပွဲမှာ သင်ဖြူးဖျာဆိုင် ၁၀ ဆိုင်ဝန်းကျင်ရှိပြီး ပန်းတနော်၊ ဟင်္သာတ၊ အောင်ပင်လယ်၊ မုံရွာ၊ အင်းဝတို့ကနေ လာရောက် ရောင်းချကြပေမယ့် ဆိုင်းဘုတ်မှာ ပန်းတနော်လို့ပဲ ရေးကြတယ်။ အင်းဝမှာ ရက်လုပ်ပြီးတော့ လာရောင်းတာလည်း ပန်းတနော်ပါပဲ။ ဖျာရောင်းသူများက တောင်ပြုန်း၊ ရတနာ့ဂူ၊ မိတ္ထီလာ ဖောင်တော်ဦးပွဲ၊ ရွှေဘိုမြို့ထောင့်ပွဲ၊ ကျောက်တော်ကြီးပွဲတို့ ပြီးရင် ပြည် ရွှေဆံတော်ပွဲ့နေ ရန်ကုန်ဝန်းကျင်က ပွဲတွေကို ကူးတယ်။
ဖျာဆိုင်တွေက ကျောက်တော်ကြီးပွဲကို သီတင်းကျွတ်လဆန်း ၆ ရက်မှာ ရောက်ပြီး တန်ဆောင်မုန်းလဆန်း ၅ ရက်ဝန်းကျင်မှ ပြန်ကြတယ်။ ဖျာရောင်းအား အကောင်းဆုံးကတော့ ဘုရားပွဲပြီးတဲ့ ရက်တွေပါပဲ။ ၀ယ်သူတွေက “ဈေးပေါင်ကျိုးချိန်”မှာ “ပုဏ္ဏားသိမ်း” သိမ်းတဲ့အနေနဲ့ ၀ယ်ကြပေမယ့် ဈေးနှုန်းက ထူးပြီးတော့ မသက်သာပါဘူး။ ရွေးစရာ ဖျာနည်းလို့ စိတ်ကြိုက်ပစ္စည်းမရတာကို ၀ယ်သူများက မသိကြပါ။
ခဲတံချောင်း
ခဲတံချောင်းရောင်းသူတွေက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်အထိ မြစ်ဆိပ်မရမ်းခြံကနေ ကျောက်တော်ကြီးပွဲကို လာရောင်းတယ်။ ရတနာပုံမြို့သစ်သို့ ပြောင်းရွှေ့ပြီးနောက် ညအိပ်ညနေ ရောင်းကြတော့တာပါ။ လိုင်းကားခက အသွား၊ အပြန် တစ်ယောက်ကို ကျပ်တစ်ထောင်ဝန်းကျင် ကုန်တာကိုး။ တော်သလင်းလကုန်ကနေ သီတင်းကျွတ်လကုန်အထိ ပွဲတော်မှာ နေကြတယ်။ မနှစ်က ခဲတံချောင်း ရောင်းအားမဆိုးပါဘူးတဲ့။
ဒီနှစ်တော့ အရင်နှစ်တွေကလို သုဓမ္မာဇရပ်တန်းမှာ ယာယီညအိပ်ခွင့် မရတော့လို့ စန္ဒာမုနိဘုရား တောင်ဘက်၊ ကျောက်တော်ကြီးဘုရား တောင်ဘက်တို့မှာ ပြောင်းရွှေ့ စတည်းချကြတယ်။
တရုတ်စောင်ရောင်းကောင်းတဲ့ ပခုက္ကူစောင်သည်
ပခုက္ကူစောင်သည် မြစ်ခြေကနေ ကျောက်တော်ကြီးပွဲကို စောင်လာရောင်းတာမှာ ကိုယ့်ရက်ကန်းစင်က ထွက်တဲ့ ချည်စောင်၊ ပခုက္ကူက စက်ရက်ကန်းစောင်၊ ဂျပ်ခုတ်ချင်းစောင်တို့အပြင် တရုတ်စောင်၊ ကိုရီးယားစောင်တွေလည်း ခင်းကျင်းတယ်။ စောင်သည်က မိတ္ထီလာ၊ ရွှေဘို၊ ကောင်းမှုတော်၊ ရွှေစက်တော်ပွဲတို့မှာပဲ ရောင်းတာပါ။
ပွဲတော်တွေမှာ စောင်ရောင်းအားက ဆိုင်ခန်းနေရာကောင်းရင် ရောင်းရတယ်။ ပွဲတော်တိုင်းမှာ သင်ဖြူးဖျာနဲ့ စောင်က အရောင်းရ ဆုံးကုန်ပစ္စည်းများပါပဲ။ ပြီးခဲ့တဲ့နှစ်က ကျောက်တော်ကြီးပွဲမှာ မိုးရွာပေမဲ့ စောင်တွေ ရောင်းကောင်းခဲ့တယ်။ ပြည်တွင်းဖြစ် ချည်စောင်တွေထက် တရုတ်စောင်၊ ကိုရီးယားစောင်တွေကို ပရိသတ်ကြိုက်ခဲ့တာပါ။
ကျောက်ပြင်ရောင်းသူများက မုံရွာဗောဓိတစ်ထောင်နဲ့ စစ်ကိုင်း ကျောက္ကာရွာတို့ကပါပဲ။ ကောင်းမှုတော်က ၀ယ်တဲ့ ကျောက်ပြင်၊ ဗောဓိတစ်ထောင်မြောက်ရွာနဲ့ ကျောက္ကာရွာက လုပ်တဲ့ ငရုတ်ဆုံနဲ့ မုန့်ကြိတ်ဆုံ၊ ဓားသွေးကျောက်တို့လည်း ခင်းထားတယ်။ ပြီးခဲ့တဲ့နှစ်က မိုးရွာတာရယ်၊ ရွေးကောက်ပွဲမှာ ပြန်ပြီး မဲထည့်ရလို့ ပွဲမှာ ရက်ကြာကြာ မရောင်းနိုင်တာတို့ရယ်ကြောင့် ရောင်းကြေးလျော့ခဲ့တာပါ။
ကျောက်တော်ကြီးပွဲမှာ ရောင်းအားအကောင်းဆုံးက ကျောက်ပြင်ပါပဲ။ မျက်နှာအတွက်၊ လက်အတွက်၊ ခြေထောက်အတွက် ကျောက်ပြင် တစ်ချပ်စီထားကြတာ၊ သနပ်ခါးသွေးလို့ မကောင်းတော့ရင် အသစ်တစ်ချပ် ၀ယ်တာ၊ ဆေးလိမ်းဖို့ဝယ်ကြတာကိုး။ ပြီးခဲ့တဲ့နှစ်က မိုးဖွဲဖွဲကျနေလို့ ပရိသတ်မလာ၊ ပရိသတ်ရှိနေတုန်း မိုးကျလာတော့ လူရှင်းသွားနဲ့ ရောင်းအား မဟုတ်လှပါဘူး။
ယခုနှစ်ဘုရားပွဲ
ပင့်သံဃာတစ်ပါးအတွက် ဆွမ်း၊ ဆွမ်းဟင်းသပိတ်တို့က ၂၅၀၀ ကျပ်၊ အပေါ်တင် ၀တ္ထုငွေနဲ့ လှူဖွယ်က ၅၅၀၀ ကျပ်ဖြင့် ယခုနှစ်မှာ ကျပ် ၈၀၀၀ နှုန်းစီ လှူနိုင်တယ်။ ပြီးခဲ့တဲ့နှစ်က စန္ဒာမုနိ အရှေ့ပေါက်မှာ ဟန်ဇာမိုးဝင်း၊ အနောက်ပေါက်မှာ ဖိုးချစ်တို့ပွဲတော်တို့နဲ့ ၁၀ ညကခဲ့တာ ရုံမပြည့်တဲ့ရက်များလည်း ရှိခဲ့ပါတယ်။ ဒီနှစ်တော့ လဆန်း ၁၃ ရက်ကနေ လပြည့်ကျော် ၂ ရက်နေ့အထိ စန္ဒာမုနိ အနောက်ပေါက်မှာ စွမ်းဇာနည်၊ ၃ ရက်ကနေ ၇ ရက်အထိ အရှေ့ပေါက်မှာ ဖိုးချစ်တို့ ၅ ရက်စီပဲ ပွဲဆက်ကကြမှာပါ။
ပွဲတော်ဈေးဆိုင်ခန်းက ကျောက်တော်ကြီးဘက်က ၂၀၀ ကျော်၊ စန္ဒာမုနိ၊ ကုသိုလ်တော်ဘက်က ၁၀၀ ကျော်တို့ကို လေလံပစ်တဲ့အထိ ပွဲမသေချာတာကြောင့် ကုသိုလ်တော်ဆိုင်ခန်း လေလံကို အရင်နှစ်က ကျပ် ၆၆ သိန်းခန့်၊ ဒီနှစ် ကျပ် ၅၇ သိန်းခန့်။ ကျောက်တော်ကြီးအတွက် မနှစ်က ကျပ် ၁၃၁ သိန်းခန့်၊ ဒီနှစ် ကျပ် သိန်း ၁၂၀ ခန့်ပဲ ရခဲ့တယ်။ အရင်က ဘုရားပွဲမှာ လှည်းဝိုင်းကြီးတွေနဲ့ စည်ကားခဲ့ရာက ယခုနှစ်ပိုင်းမှာ နေရာအခက်အခဲ၊ ထော်လာဂျီ၊ ဆိုင်ကယ်ခေတ် ဖြစ်လာတာတို့ရယ်ကြောင့် ကုသိုလ်တော်ဘုရား မြောက်ဘက်ဘေးမှာပဲ နည်းနည်းပါးပါး တွေ့ရတော့မှာပါ။
၁၂ ပွဲဈေးသည် များကတော့ ပြီးခဲ့တဲ့နှစ်က မိုးရွာ၊ ဒီနှစ်အတွက် မျှော်လင့်ထားကြတာမို့ အရင်နှစ်တွေကလို ဘုရားပွဲပြီးလို့ ဆိုင်ခန်းတွေ ဖျက်လည်း ဖြစ်သလိုနေပြီးတော့ ဈေးဆက်ရောင်းချင်ကြတယ်။ ဒီနှစ်တော့ ဘုရားပွဲပြီးပြီးချင်း လပြည့်ကျော် ၄ ရက်ကစပြီး ဆိုင်မထွက်ရဘူးလို့ ကြားနေရတာကြောင့် ဒီနှစ် ရာသီဥတုကောင်းဖို့၊ အထူးသဖြင့် အဖိတ်၊ လပြည့်ရက်များအတွက်ကိုပဲ အားခဲထားကြပါရဲ့။
နရီမှူး
မန္တလေးအလင်း
No comments:
Post a Comment