ကပ္ပိယ (၅)
“တပည့်တော်လည်း ဆင်ခြင်မိပါသ ဘုရား”
“အေး အေး အကုသိုလ်ကို ဆင်ခြင်မိရင် ကုသိုလ် ပွားများဖို့ စိတ်ကူးဟဲ့ ကိစ္စ ၀ိစ္စတွေ ပြီးရင် နင်သင်္ကန်း ၀တ်တော့ ငဘော်”
စံလှဘော်က အာမဘန္တေမခံဘဲ ငြိမ်နေလေ တော့ ဆရာတော်ကြီးကလည်း ဆက်မမိန့်တော့ဘူး။ စံလှဘော်နဲ့ ကောက်ဆွကို မျက်လုံးနဲ့ ဝေ့ပြီး အကဲခတ်တယ်။ တအောင့်နေတော့မှ ဆရာတော်က မိန့်တော်မူတယ်။
“ကဲ ကဲ နင်တို့လည်း ခရီးပမ်းလာကြ ထင်ပါရဲ့။ သွားတော့ နားချေကြ ရှိတာ မျှတပြီး စားချေကြ”
“ကျေးဇူးကြီးပါသ ဘုရား”
စံလှဘော်နဲ့ ကောက်ဆွ ကျောင်းအောက် ဆင်းခဲ့ကြတယ်။ ညက လမသာ လေမတိုက် မှောင်ကြီးများမိုက်လို့။ မှောင်ထဲမှာပဲ စံလှဘော်နဲ့ ကောက်ဆွ သရက်ကင်း လှေကားရင်းမှာ ထိုင်လိုက်ကြတယ်။ ကောက်ဆွက စံလှဘော်ကို မှီလို့။ မထိုင်ရတာ ကြာပြီလေ။
“အဖေ မနက်ကျရင် စောစောထဗျ”
“ဟေ ဘာပြုလို့တုန်း ကောင်လေးရ”
“အုန်းမောင်း ခေါက်ရမှာလေဗျာ”
“အော် အေး အေး”
အဲသည်ညက ခရီးပန်း လာပေမယ့် တစ်မှေး ကလေးမှေးပြီး အုန်းမောင်းထိုးချိန် မနက်လေး နာရီမှာ စံလှဘော် ဆတ်ခနဲ နှိုးလာခဲ့တယ်။ ကောက်ဆွကတော့ အိပ်မော ကျနေလိုက်တာ တရှူးရှူးနဲ့။ မန်ကျည်းစုရွာ မနက်ခင်းကို စံလှဘော်ရဲ့ အုန်းမောင်းသံနဲ့ နှိုးလိုက်ရပြန်ပါပကော။
(၁၆)
“ဖြစ်ပုံက ကျောင်းရှေ့က မိဝက်ယောက်ျား ငတင်က တစ်ည ညကြီးမိုးချုပ်သန်းခေါင် သန်းလွဲ ရောက်တာတောင် အိပ်မပျော်လို့ အိမ်ရှေ့ ငုတ် တုတ်ထိုင်ပြီး ဆေးလိပ်သောက်နေသတဲ့။ ည သန်းခေါင်ကျော်လို့ လူသူရယ်လို့ လမ်းပေါ်မှာ မရှိတဲ့ အချိန် လူရိပ်တစ်ရိပ် ကျောင်းဝင်းဘက် ၀င်သွားတယ်ထင်လို့ ဆေးလိပ်မီး ထိုးချေပြီး အသာ ကြည့်နေသတဲ့။ လူတစ်ယောက် ၀င်သွားတာတော့ သေချာတယ်။ ကျောင်းခွေးတွေကလည်း မဟောင်တော့ ရွာသားထဲကနေမှာပဲ လို့ တွက်ပြီး အသာငြိမ်နေသတဲ့။ ခနနေတော့ လူတစ်ယောက် သုတ်သုတ်ပါအောင် ပြန်ထွက် လာတာမြင်တော့ အသံပြု လိုက်ဦးမလို့ပေါ့လေ။ နောက်တော့ သူသိတဲ့လူ ဖြစ်နေလို့ အသံမပေး လိုက်တော့ဘူးပေါ့ကွာ။
အဲသည်လူက ဘယ်သူ တုန်းဆိုတော့ တို့ရွာက သူဌေးသား ငအုန်းပဲ စံလှဘော်။ ငအုန်းက ကျောင်းဝင်းထဲ ညကြီး အချိန်မတော် ဘာဝင်လုပ်သလဲ ငတင်စဉ်းစားမိ ပေမယ့်လို့ မင်းအမှုနဲ့ ပတ်သက်မယ် မထင်ခဲ့ ဘူးတဲ့။ နောက်တော့ စံလှဘော်ရဲ့ မာဖလာ ပဲပွဲစား အရိုက်ခံရတဲ့ နားက တွေ့တယ် ဆိုတော့မှ ငအုန်းလက်ချက် ဆိုတာ သူသိသွားတယ်။ ဒါပေမယ့် ငတင်က ဘယ်သူမှ မပြောဝံ့ဘူး။ အမှုထဲ ပါမှာ စိုးတာရော။ ငအုန်းတို့ ရွာမှာ သြဇာရှိနေ လေတော့ အသာ ငြိမ်နေရတာပေါ့ကွာ”
“အော် ဖြစ်ရလေဗျာ။ တစ်ဘက်က ပိုက်ဆံ ချမ်းသာတာနဲ့ပဲ လူတွေက အမှန်တရားကို ကြောက်နေရရောတဲ့လားဗျာ။ ဒါထက် ငအုန်း သေတာကကော မှတ်ကြီး လက်ချက်ပဲဆို”
“ဟုတ်တယ် မှတ်ကြီးက လက်စွပ်ကို ပေါင်ပြီး ကြက်လောင်းတယ်။ ကြက်ပွဲရှုံးတော့ လက်စွပ်လဲ ဆုံးတာပေါ့။ အဲသည် ငအုန်းလက် စွပ်ကို သူ့မိဘများက တွေ့သွားရာက မီးခိုးကြွက် လျှောက်လိုက်တော့တာပေါ့။ ဒါကို ငအုန်းက အမှုပေါ်မှာစိုးတော့ မှတ်ကြီးကို ပဲပွဲစားရိုက်မှု မပွင့်အောင်လို့ မှတ်ကြီးခိုးတာပါလို့ အပြောခိုင်းသတဲ့။ မှတ်ကြီးက လူသာမိုက်တာ သူ့ကို သူခိုး အလုပ်ခိုင်းတာတော့ မခံဘူး။ တိုတို ပြောရရင်တော့ ထန်းတောထဲ ငအုန်းနဲ့မှတ်ကြီး စကားများ ရန်ဖြစ်ရာက မှတ်ကြီးလက်ချက်နဲ့ ငအုန်း သေတာပဲ။ မှတ်ကြီးက ဓားနဲ့ထိုးပြီး ပြေးတော့တာ။ ငအုန်းလည်း သွေးအလူးလူးနဲ့ မိုက်ဇာတ်သိမ်း ရှာတယ်။ အချင်းချင်းဖော်ကြတော့မှ ရွာကလည်း အမှုကိစ္စ ရှင်းကြတော့တာပေါ့ကွာ”
ပဲပွဲစားရိုက်မှုမှာ ငအုန်းသေတော့မှ တရားခံ အစစ်ဇစ်မြစ်က ပေါ်တော့တာ ဆိုပေမယ့် ငအုန်း ကလည်း မရှိတော့ဘူး။ မှတ်ကြီးကလည်း ပြေး ပြီ။ သည်တော့မှ မောင်တင့်က ဖော်ဝံ့တော့သတဲ့။
“ကျုပ်က ငငအုန်း မာဖလာ ၀င်ခိုးတယ် ဘယ် စဉ်းစားမိမှာတုန်း။ နောက်မှ ကပ္ပိယစံလှ ဘော်ကြီး ချောက်ချချင်လို့ လူရိုက်ပြီး မာဖလာ ချထားခဲ့တာကိုးလို့ သိရတာ။ တော်တော်ရက်စက်တဲ့ ကောင်တွေဗျာ”
နောက်ဆုံးတော့ မှတ်ကြီးကို ရဲကဖမ်းဆီး သွားခဲ့တာပါပဲ။ ပဲပွဲစားရိုက်မှု ရှင်းသွားတဲ့နောက် ကပ္ပိယစံလှဘော် ရွာကပျောက်သွားတဲ့ ပြဿနာ က ပေါ်လာပြန်ရော။ ရွာလူကြီး ဦးကံက ကွမ်း ကလေးတစ်ယာ ယာရင်းက ဆက်ပြောတယ်။
“မင်း ပျောက်သွားတာ အကြောင်းမဟုတ် ပေမယ့် ကောက်ဆွပါ ပါသွားတာက အကြောင်း ကိုး စံလှဘော်ရ။ ကောက်ဆွကို သူ့ရွာက ဆရာ တော်ကြီး လက်အပ်သွားတာဆိုတော့ ဆရာ တော်ကြီးအပေါ် တာဝန်ကျလာခဲ့တာပေါ့။ ဆရာတော်ကြီးခမျာ ဆွမ်းကွမ်းကလေးတောင် ဖြောင့်ဖြောင့် ဘုန်းမပေးနိုင်ရှာဘူး။ စံလှဘော်ရေ။ မင်းမရှိတဲ့နောက် ကိုရင်ကျောင်းသားကလေးတွေ လည်း ညအိပ်ညဥ့်နေ ထိန်းသိမ်းရခက်တော့ နေ့ဘက် ကျောင်းမှာထားပြီး ညဘက် ကိုယ့်အိမ်ကို ပြန်အိပ်ကြပေါ့။ တို့ရွာကလည်း ကျောင်းကို လူလဲနဲ့ လာစောင့်ရှောက်ကြတယ်ဆိုပေသိ ဘယ် ထောင့်စေ့ပါ့မလဲကွာ။ မင်းနှယ် ကိုယ့်အမှု တန်းလန်းနဲ့ ကျောင်းကနေ တစ်ဖ၀ါးမှ မခွာပါနဲ့ ဆိုတာကို”
ဦးကံက အကျိုးသင့် အကြောင်းသင့် ရှင်းပြ တော့ စံလှဘော် စိတ်မကောင်း ဖြစ်သွားရတယ်။ မြချစ်တို့ သားအမိ ကျောင်းကို ၀င်ကြ ထွက်ကြ ပါစေတော့ဆိုတဲ့ အချက်ကလေး တစ်ချက်တည်းနဲ့ သူကျောင်းက ခွာခဲ့တာ မဟုတ်လား။ ရွာနဲ့ ဆရာတော်အပေါ်မှာသည်လောက် ၀န်တွေ ပိသွားလိမ့်မယ် မထင်ခဲ့မိပဲကိုး။
အခုကော။ မြချစ်က သူ့ကိုဘယ်လို သဘော ထားမှာပါလိမ့်။ မြချစ်ကို စံလှဘော် တွေ့ချင်လှပြီ။ ဦးဘော်ရေလို့ ခေါ်ဦးမှာလား။ ကြားချင်လှပြီ။
(၁၇)
“ဦးဘော်ရေ”
အဝေးက လှမ်းအော်လိုက်တဲ့အသံကြောင့် ကျောင်းနောက်ဖက် အဖီကလေးထဲ ရေနွေးအိုး တည်နေတဲ့ စံလှဘော် တံစက်မြိတ်အပြင်ဘက် ထွက်လိုက်တယ်။
မြချစ်အသံ။ စံလှဘော် နတ်လမ်းဘက် မျှော်ကြည့်လိုက်တယ်။ ကျောင်းဝကနေ လင်ပန်း ကြီးတစ်ချပ်ရွက်လို့ ၀င်လာတဲ့ မိန်းကလေးတစ် ယောက်။ မြချစ်များလား။ ဟုတ်ပါ့။
“ဦးဘော်”
စံလှဘော် ပြေးထွက်သွားရမလား။ စုံရိပ်နေ ရမှာလား။ သူက ချစ်ခင်မြတ်နိုးခဲ့ရပါသော မြချစ်။ သူ့အပေါ် စိမ်းစိမ်းကားကား ရှိခဲ့သော မြချစ်။ စံလှဘော် ကျောင်းမှာရှိနေသရွေ့ ကျောင်းကို မလာတော့ဘူးဆိုသော မြချစ်။ မိခင်ကို အိမ်အရောက် ပွေ့ယူပြီး အသက်ကယ်ခဲ့တာတောင် ကျေးဇူးစကား မဆိုခဲ့သော မြချစ်။ ခုတော့ ဦးဘော် ရေတဲ့။ ခေါင်းပေါ်မှာလည်း လှူဖွယ်တွေ တနင့်ကြီးနဲ့။ မဖြစ်သေးပါဘူးလေ။
“မြချစ် လာပြီဟေ့ နင်လေးနေရော့မယ်”
စံလှဘော်က နတ်လမ်းဆီကို အပြေးသွား တယ်။ မြချစ်က ရွက်ထားတဲ့ဗျပ်ကို စံလှဘော် ခေါင်းပေါ် အတင်း ထိုးပေးတော့ စံလှဘော်က ပြုံးပြုံးကြီး။ အခုတော့လည်း မြချစ်က အရင် လိုပါပဲလား။ မြချစ် မျက်နှာက ပြုံးသလိုလို၊ တည်သလိုလို၊ မချိုမချဉ် မျက်နှာကလေးနဲ့ စံလှဘော်ကို အကဲခတ်နေတယ်။ စံလှဘော်က ခါတိုင်းလိုပဲ မြချစ်ကိုစကားတွေ ဖောင်လို့။
“မြချစ် ကျောင်းမလာတော့ဘူး ထင်နေတာ ဟ ငါကလည်း နင်တို့ အိမ်မလာဝံ့ပေါင်ဗျာ များလှချည်လား ပဲပွဲစားလေး ရောက်နေတယ် ထင်တယ်”
စံလှဘော်က ရိုးရိုးပြောလိုက်တာပါ။ မြချစ် ကတော့ ရှက်သွားပုံရတယ်။ စံလှဘော်ကျောကို ထုတယ်။
“မြချစ်က လာကန်တော့တာပါ ဦးဘော် ရယ်။ ဆရာတော်ကိုလည်း ကန်တော့မယ်။ ပြီး ရင် ဦးဘော်ကိုလည်း ကန်တော့ရမှာလေ”
“အလိုဗျ ဦးဘော်ကို ကန်တော့စရာ မရှိပါ ဘူးအေ”
“ကန်တော့ရမှာပေါ့ ဦးဘော်ရယ်။ မြချစ်တို့က သူတော်ကောင်း ပြစ်မှားမိတာကိုး။ ကပ္ပိယ သူတော်ကောင်းကြီး စော်ကားမိတာ မြချစ်တို့မှာ အပြစ်ရှိပါတယ်။ သည်တော့ ရှိခိုးဦးတင် ကန် တော့မှ အပြစ်ကျေမှာပေါ့ ဦးဘော်ရဲ့”
“ငါက ကျေပြီးသားပါ မြချစ်ကယ်။ တို့လို ဆင်းရဲသူ ဆင်းရဲသားများဟာ သည်လိုပါပဲ အချေခံရတာနဲ့ ကျေနှင့်ရတာချည်းပါဟာ”
“အဲသလို မပြောပါနဲ့ ဦးဘော်ရယ် မြချစ် တ်မကောင်းလိုက်တာတော်”
မြချစ်က မျက်ရည်ကလေးဝိုင်းသွားတော့ စံလှဘော် မနေသာတော့ဘူး။ ပျာပျာသလဲ အရွှန်း ဖောက်ရတော့တာပါ။
“နင့်ကို ပြောတာ မဟုတ်ပါဘူးဟ ဆင်းရဲပြီ ဆိုရင် အလိုလိုနေရင်း အထုအထောင်း ခံရပြီးသား။ အထောင်းခံရမှာတော့ ကျေပြီပေါ့ဟ။ ငရုတ်ဆုံထဲ ထည့်ထောင်းတဲ့ ငရုတ်သီး ကြည့်ပါလား။ ငါဖြင့် ပြောရင်းနဲ့တောင် စပ်လာပြီ”
မြချစ်က မျက်ရည်တွေနဲ့ပဲ စံလှဘော် ကျောကို အုန်းခနဲ တစ်ချက်ထုပြန်ရော။ သရက်ကင်းလှေကား တက်ကြတော့ စံလှဘော်က ရှေ့ က၊ မြချစ်ကစံလှဘော် ခါးစဆွဲပြီး နောက်က။ ကျောင်းပေါ်ရောက်တော့ မြချစ်က ဆရာတော့် ရှေ့လှူဖွယ်တွေချပြီး ကန်တော့တယ်။ ဗန်းတစ်ချပ်နဲ့ သပ်သပ်ခွဲထားတဲ့ ပစ္စည်းတစ်ချို့နဲ့ စံလှဘော်ကို ကန်တော့တယ်။ ဆရာတော်ရှေ့ မှာ အကန်တော့ခံရတဲ့ စံလှဘော်က ပြုံးတုံးတုံး ရှက်အမ်းအမ်းနဲ့။ မြချစ်က ဆုပေးဦးမှပေါ့။ ကပ္ပိယ ကြီးရဲ့ ဆိုတော့ ဆုမပေးတတ်ပြန်ဘူး။ ဆရာတော့် ရှေ့မှာဆိုတော့ ပိုဆိုးတာပေါ့။ လူ့ဘ၀မှာ သည်လို တူတူတန်တန် တစ်ခါမှ အကန်တော့ မခံခဲ့ဖူးတာ ကိုလည်း စံလှဘော် အမှတ်ထားမိသွားတယ်။
“အေးဟာ မြချစ် ငါ့နှမ ကန်တော့ရသော အကျိုးအားကြောင့် ရပ်ပြစ်ရှစ်ပါး ရန်သူမျိုး ငါးပါး ၀ိပ္ပတ္တိတရားလေးပါး ဗျသနတရား ငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ် တရား၊ ဖိုလ်တရား”
“ဦးဘော်ကလည်း အဲဒါ ဘုရား ရှိခိုးဟာကို”
“လာမှာပေါ့ဟ အဲ ကျန်းမာ ချမ်းသာပါစေဗျား”
ပြီးတာနဲ့ စံလှဘော်က လှူဖွယ်ဗျပ်ကို မပြီး အနောက်ဆောင်ကို ကူးလာတော့ မြချစ်လည်း လိုက်လာတယ်။ မြချစ်က တောင်းပန်ချင်တာနဲ့ လိုက်လာတာပါ။ စံလှဘော် ပစ္စည်းတွေ သိမ်းနေ တာကို စောင့်ကြည့်ရင်း စကားစရှာတယ်။ စံလှ ဘော်ကတော့ ပိုးဟပ် ရှာနေတာပါ။ တစ်ခါက မြချစ် ထဖက်လိုက်တာကို ခုထိ သတိရတုန်း။
“ဦးဘော်”
“ဟေ”
“ဦးဘော် ကျောင်းက ဘာလို့ထွက်သွားတာ လဲ။ ဘယ်သွားနေတာလဲ။ မြချစ် ကြားပါတယ်”
“မိဘများရွာ ရွှေလှေ ကျောင်းမှာပါဟာ”
“ရွှေလှေရွာမှာ ဦးဘော် ဘာလုပ်စားနေတာ တုန်း”
“ကပ္ပိယလုပ်နေတာပေါ့ဟ ငါဘာလုပ်တတ် တာမှတ်လို့”
“ကောင်းတာပေါ့ ဦးဘော်ရယ်။ ကုသိုလ်ရ တာပေါ့။ ဘုရားရိပ်၊ တရားရိပ်၊ သံဃာရိပ် က အေးမြပါဘိသနဲ့ နေပါဦး ဦးဘော် မြချစ်ကို စိတ် မဆိုးဘူးလား”
“မဆိုးပါဘူးဟာ စိတ်မကောင်းတော့ ဖြစ်မိ တာပေါ့။ ဦးဘော်က တစ်သက် မန်ကျည်းစုက မခွာရတော့ဘူး ထင်တာလေ။ တကယ်တော့ ဘယ်ဟုတ်မလဲ။ ကံကြမ္မာက နှင်ရင်လေလို လွင့် ရတာမျိုးပါလားလို့ ဦးဘော်ဆင်ခြင်မိပါရဲ့”
“မြချစ်ကတော့ ဦးဘော်ကို ကျေးဇူးရှင်အဖြစ် သတ်မှတ်ပြီးပါပြီ။ အမေ့အသက်ကို ဦးဘော် ကယ်လိုက်တာ မှုတ်လား။ အမေက သူတော် ကောင်း ကပ္ပိယကြီးကို အမေတို့ စော်ကားမိ ကြပြီတဲ့။ သွားကန်တော့လိုက်တဲ့”
“ငါက ခွင့်လွှတ်ပြီးသားပါဟာ တစ်ခြား ဘယ်သူ့ကိုမှ ဦးဘော် သည်းခံမှာ မဟုတ်ပေသိ မြချစ်ကိုတော့ ဦးဘော် သည်းခံတယ်။ စိတ်လည်း မဆိုးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့”
စံလှဘော် ဘာစကားဆက်ရမှန်း မသိဘူး။ သူ့စကားကိုယ်သူလည်း ဘယ်စကား ဘယ် ရောက်မှန်းမသိဘူး။ သည်တုန်းမှာပဲ ပိုးဟပ်တစ် ကောင်က စံလှဘော်ဂုတ်ပိုးထဲ တရွရွဝင်လာ လေရဲ့။
“ဟ မြချစ် ဟ မြချစ် ပိုးဟပ် ပိုးဟပ်”
စံလှဘော်က ဂုတ်ပိုးထဲက ပိုးဟပ်ကို ခါ ထုတ်လိုက်တော့ မြချစ်အပေါ် လွင့်သွားရော။ မြချစ်က လန့်သွားပေမယ့်လို့ သည်တစ်ခါတော့ စံလှဘော်ကို ထမဖက်တော့ပါဘူး။ ပိုးဟပ်ကို တဘက်နဲ့ ရိုက်ချတဲ့ပြီး စံလှဘော်ကျောကို တစ်ချက် ထုလိုက်တယ်။ သည်လို ဆိုပြန်တော့လည်း စံလှဘော်မှာ ကြည်နူးဝမ်းသာ ရှိရပြန်ပါရော။
ရွှေလှေကျောင်းမှာ တစ်သက်နေရတော့ မယ်ထင်ရာက ခုတော့ မန်ကျည်းစုကို ရောက်ရ ပြီ။ မြချစ်တို့က တောင်းပန်ကြပြီ။ သည်ရွာ သည် ကျောင်းမှာ အရိပ်ပြန်ခိုရပြီ။ မြချစ်မျက်နှာ ကလေးကို ခိုးကြည့်တော့ ကြည့်လို့ပဲ မ၀နိုင် ဘူး။ မဖြစ်နိုင်မှန်း သိပေမယ့် စံလှဘော် မြချစ် ကို မြတ်နိုးတာတော့ အမှန်ပဲ။ စိတ်ကူးကလေး ယဉ်မိတာလည်း အမှန်ပဲ။ နှစ်ဦးတစ်ဘ၀ မဆုံ ရတောင်မှ မြချစ်ကို အရိပ်တကြည့်ကြည့် စောင့်ရှောက်ခွင့်ရရင် ကျေနပ်ပြီကိုး။ စံလှဘော် က မြချစ်ရဲ့ မျက်နှာ ၀င်းဝင်းကလေးကို တစ်ချက် လှမ်းကြည့်တော့ မြချစ်နဲ့ မိသွားတယ်။ မြချစ် က ပြုံးပြတော့ စံလှဘော်ကလည်း ဘာမှန်း မသိ ပြုံးဖြီးဖြီးလုပ်ပြလိုက်တယ်။
မြချစ်ပြန်တော့ စံလှဘော်က ကျောင်း အောက်အထိ ဆင်းပို့တယ်။ သရက်ကင်းလှေ ကား အဆုံး ဖိနပ်ချွတ်ရောက်တော့ မြချစ်က တုံ့ကနဲ ရပ်ပြီး စံလှဘော်ကို မျက်နှာချင်းဆိုင် လိုက်တယ်။
“ဦးဘော် မြချစ် အိမ်ထောင်ပြု တော့မယ်။ မြချစ်က မပြုချင်သေးပါဘူး ဦးဘော်ရယ်။ အမေ က မိန်းကလေးဆိုတာ အရွယ်မလင့်ရဘူးတဲ့။ ပြီးတော့ မြချစ်ကို ဟိုလူကပိုး သည်လူကပိုးနဲ့ ဆိုတော့ မတော်တရော် သူနဲ့ဝါလုံးနင်းဝါးခြမ်း နင်းဖြစ်မှာစိုးသတဲ့။ မြချစ်လက်ခံလိုက်ပါတယ်။ အမေလည်း အသက်ရရှာပြီ မှုတ်လား”
မြချစ်စကားကြောင့် စံလှဘော် တုန်သွားရ တယ်။ မြချစ်မျက်နှာကို လှမ်းကြည့်တော့လည်း ခပ်အေးအေးပါပဲ။ စံလှဘော်က စကားလုံး ခပ် ထွေးထွေးနဲ့ ပြန်မေးတယ်။
“မြချစ် အိမ်ထောင် ပြုတော့မယ်။ ဟုတ် လား။ ဘယ်သူနဲ့တုန်း မြချစ် ရွာကလား”
“မြို့က ပဲပွဲစားကလေးနဲ့ပါ ဦးဘော်ရယ်။ ဟို ဘက်မိဘတွေက စကားကမ်းတော့ အမေကလည်း ခွင့်ပြုတယ်”
“အေးဟာ ကောင်းတာပေါ့”
ဒါပါပဲ။ မြချစ်ပြန်သွားတော့ စံလှဘော် နတ်လမ်းတလျောက် လိုက်ငေးနေမိတယ်။ မြချစ် အိမ်ထောင်ပြုတော့မှာပါလား။ အေးလေ သည်လိုပဲ ဖြစ်ရမှာပေါ့။ မြချစ်ရဲ့ အိမ်ထောင် ဖက်ဟာ ကပ္ပိယတစ်ယောက် ဘယ်ဖြစ်နိုင်ပါ့မလဲ။ မြချစ် အမေ ပြောသလို မတော်မရော်ထဲက ဘယ်ဖြစ်နိုင်ပါ့မလဲ။ မြို့ကပွဲစားလေးကို သက်တူ ရွယ်တူ တင့်တောင့်တင့်တယ် ထဲကပဲ ဖြစ်ရမှာပေါ့။ မြချစ်ဝေးသွားတဲ့ အထိ စံလှဘော် ရပ်နေမိတုန်း။
“အဖေ ဘာလုပ် နေတာတုန်း”
“မြချစ်ကို ကြည့်နေတာ အဖေ့ကို လာကန်တော့တာကွ”
“အဖေ့ကို ကန်တော့တယ် ဟုတ်လား”
“အေးပေါ့ကွ သူတို့ အထင်မှားမိတာကို ကန်တော့ပြီး တောင်းပန်တာ အဖေတို့ ဘ၀က သည်လို ကန်တော့ တောင်းပန်ခံရတာကပဲ ဂုဏ် မြင့်လှပါပြီကွာ။ မတောင်းပန်လည်း ခွင့်လွှတ် ကျေနပ်ကြရမယ့် သူတွေပါ။ ဘ၀က ပြဋ္ဌာန်းပြီး သားပဲ ငါ့သားရ။ အခုဟာကတော့ မြချစ်က အဖေ့ကို အပြီးအပိုင် ကန်တော့သွားတာပါကွာ”
စံလှဘော် မျက်နှာ ညှို့မှိုင်းမှိုင်းကို ကြည့်ရင်း ကောက်ဆွက နားမလည်နိုင်ဘူး။ အပြီးအပိုင် ကန်တော့တယ် ဆိုတာ ဘာပြောမှန်း မသိပေမယ့် အဖေ ၀မ်းနည်းနေမှန်းတော့ ကောက်ဆွ အသိသား။ စံလှဘော် မျက်လုံးမှာ တစ်ခါမှ မသီခဲ့ဖူးတဲ့ မျက်ရည်တွေ ဝေ့လို့လေ။
(၁၈)
ရွက်ကျင် ရွက်ဟောင်းတွေ တဖြုတ်ဖြုတ် ကြွေလွင့်တဲ့ ဆောင်းနှောင်းရာသီတောင် ရောက်လာခဲ့ပြန်ပြီ။ တစ်ကျောင်းလုံးလည်း သစ်ရွက် ကြွေတွေ တင်ကြမ်း စံလှဘော် ကတော့အား တိုင်း တံမြက်စည်း ကိုင်လှည်း နေရတော့တာပါ။ တံမြက်စည်း လှည်းနေတုန်း မိန်းမတစ်ယောက် ရောက်လာတယ်။ နွမ်းနွမ်းပါးပါး ကပိုကရိုနဲ့ပါ။ ဆံပင်တွေ ကလည်း ခြောက်လို့။ နှုတ်ခမ်းတွေလည်း ကွဲလို့။ အင်္ကျီကလည်း ကြေးအထပ်ထပ်နဲ့။ ထဘီကလည်း အဖွင့်တောင် မပေါ်တော့ဘူး။ မိန်းမက ကျောင်းဝင်းထဲ ဖိနပ်ချွတ် ၀တ်လာပြီး လူရိပ်သူရိပ် တွေ့လေမလား အကဲခတ်တယ်။ ကျောင်းဝမှာ ကစားနေတဲ့ ကိုရင်တွေ ကျောင်းသားတွေကို မေးနေတာလည်း ကျောင်းအောက် တိုင်လုံးကြီးတွေကြားက စံလှဘော် မြင်နေရ တယ်။ ဆရာတော်ကြီး ကျိန်းနေချိန် ကျောင်းပေါ် တက်သွားမှာ စိုးတာနဲ့ စံလှဘော် တံမြက်စည်းကို ကျောင်းတိုင် ထောင်ခဲ့ပြီး လျှောက်လာခဲ့တယ်။ မိန်းမက စံလှဘော်တွေ့တော့ ခနရပ်တယ်။
“ဘယ်သူနဲ့ တွေ့ချင်တာတုံး”
“ဆရာတော်နဲ့”
“ဆရာတော် ကျိန်းနေတယ်။ ကိစ္စ ရှိလို့လား။ ဘယ်ရွာကပါလိမ့်။ မန်ကျည်းစုကတော့ ဟုတ်ဟန် မတူပါဘူး”
“မန်ကျည်းစုက မဟုတ်ပါဘူး။ ကျုပ်က ကောက်ဆွ အမေပါ။ သားနဲ့ တွေ့ချင်လို့ ကျုပ် သားကျုပ်ပြန်ခေါ်မလို့ပါ”
“ဗျာ”
စံလှဘော် ရင်ထဲ တုန်ခါသွားတယ်။ ကောက်ဆွအမေတဲ့လား။ ကောက်ဆွကို ကလေး တွေကြားထဲ လှမ်းကြည့်တော့ မမြင်ဘူး။ သည် ကောင် ဘယ်ရောက်နေပါလိမ့်။ စံလှဘော်က ကောက်ဆွအမေကို သရက်ပင် ရိပ်ခေါ်လာခဲ့တယ်။ ထိုင်ခိုင်းတယ်။ ကောက်ဆွအမေက သူ့ သားပဲ တွေ့ချင်နေပုံ ရတယ်။ စံလှဘော်ကတော့ ကောက်ဆွအမေကိုကြည့်ပြီး စိတ်မချမ်းမသာ တောင် ဖြစ်မိရဲ့။ သည်မိန်းမက ကောက်ဆွကို ပြန်ခေါ်မလို့တဲ့လား။
“ခင်ဗျားနာမည် ဘယ်သူတုန်း”
“မညွန့်ကြည်၊ ကျုပ်သား ကောက်ဆွ ဘယ်မှာတုန်း”
“ရှိပါတယ် ရှိပါတယ်။ နေစမ်းပါဦး ခင်ဗျား ကောက်ဆွကို ပြန်ခေါ်သွားလို့ ပထွေးနဲ့ မတည့်ဘူး ဆိုဗျ”
“အခု ကျုပ်ယောက်ျား မရှိတော့ဘူး သေပြီ”
“ခင်ဗျားယောက်ျား သေတာနဲ့ ကောက်ဆွနဲ့ ဘာဆိုင်လို့တုန်း။ ကလေးက သည်မှာ ပျော်နေပြီဟာဗျာ နေပါစေလား”
“ကျုပ်သား ကျုပ်လွမ်းလို့ လိုက်လာတာ။ ကျုပ်မှာ ကလေး နှစ်ယောက်နဲ့ ကျန်ခဲ့တာ။ အားကိုးစရာ မရှိဘူး။ ကောက်ဆွကို အားကိုးရမှာ”
“အခုမှ အားကိုးချင်နေ ဟမ် ခင်ဗျား သားကို ပထွေး နှိပ်စက်တုန်းက ခင်ဗျား ဘာလုပ်နေ တာတုန်း ဟမ်”
စံလှဘော်က မဆီမဆိုင် အော်လိုက်ဟစ် လိုက်တော့ ကောက်ဆွအမေက လန့်သွားပုံ ပေါ်ပါရဲ့။ တအောင့်လောက်နေတော့ ကောက်ဆွ နောက်ဖေးချောင်က ပြေးထွက်လာတယ်။ ကိုရင်တွေ၊ ကျောင်းသားတွေ သွားပြောပုံရတယ်။ ကောက်ဆွ ပုဆိုးတွေ ရေစိုနေပုံထောက်တော့ နောက်ဖေးချောင်မှာ ပန်းကန်ဆေးနေတာနဲ့ တူပါရဲ့။
“အမေ”
“ကောက်ဆွ ငါ့သား အမေ မင်းကို လာခေါ် တာ။ မင်းပထွေးမရှိတော့ပါဘူး။ အမေနဲ့ ရွာပြန် လိုက်ခဲ့နော် သား”
“ကျုပ်က ကျောင်းမှာပဲ တစ်သက်လုံး နေ တော့မှာဗျ။ ရွာပြန်မလိုက်ချင်ဘူး”
“ကောက်ဆွ အမေ့ကို မသနားဘူးလား။ အမေ သားကို လွမ်းလွန်းလို့ လာခေါ်တာပါ သားရယ်။ ရွာမှာ င၀က်တို့ မိကျေးတို့လည်း ရှိ တယ်။ သားညီလေးနဲ့ နှမကလေးလေ သားရဲ့”
ကောက်ဆွက မအေ့မျက်နှာကို ရှူသိုးသိုး ကြည့်တယ်။ မအေ ဖက်ထားတဲ့ကြားက ရုန်းထွက်တယ်။
“င၀က်တို့၊ မိကျေးတို့က ပထွေးက မွေးတာ ကျုပ်မချစ်ဘူး။ အမေသာ ချစ်နေ”
“မဟုတ်တာ ကောက်ဆွရယ်။ အမေ့လည်း ကြည့်ပါဦး။ အမေ နေမကောင်းဘူး ကောက်ဆွရဲ့။ ငါ့သားကို အားကိုးရမှာ ရွာမှာလည်း ရွာကျောင်း ရှိတာပဲ။ သားပျော်သလောက် အမေသင်္ကန်း စည်းပေးမှာပေါ့”
“ကျုပ် ကိုရင် မ၀တ်ချင်ဘူး။ ကပ္ပိယပဲ လုပ်မှာ”
ကောက်ဆွက ပြောတော့ ကောက်ဆွအမေ က မျက်လုံးပြူးသွားလေရဲ့။ စံလှဘော်ကိုလည်း လှမ်းကြည့်တယ်။ စံလှဘော်ကတော့ သားအမိကို အကဲခတ်ရင်း မဟန်ပုံကို တွေးမိတယ်။ ဘာမှတော့ ၀င်မပြောဘူး။ ဆရာတော် ရှိသေးတာ မှုတ်လား။
“ဘာပဲဖြစ်ဖြစ် မင်းအမေနဲ့ ပြန်လိုက်ခဲ့ရမယ် ကောက်ဆွ ကြားလား”
“မလိုက်ဘူးဗျာ။ ကျုပ်မှာ အဖေရှိတယ်”
ကောက်ဆွက အဖေရှိတယ်ဆိုတော့ မညွန့် ကြည် မျက်လုံးက စောစောကထက် ပိုပြူးသွား တယ်။
“အလိုတော် ဘယ်ကအဖေတုန်း မဟုတ်က ဟုတ်က ကောက်ဆွရယ်”
“အဖေ စံလှဘော်လေဗျာ ကျုပ်မခွဲနိုင်ဘူး”
“စံလှဘော် သည်ကပ္ပိယကြီးလား။ ဟဲ့ သူက သူစိမ်းလေ။ ငါက နင့်အမေ နင့်ကို ကိုးလလွယ် ဆယ်လဖွား အသက်နဲ့ ဆက်မွေးခဲ့ရတာလေ ကောက်ဆွရဲ့”
သည်စကားလုံးတွေက စံလှဘော် နားထဲကို မိုးကြိုးပစ်ချလိုက်သလို ဒင်းခနဲ ၀င်လာပြီး စံလှဘော် အသည်းနှလုံးကို ဒုတ်ဒုတ်ထိသွား သလိုပါပဲ။ အမေ ။ အမေ ။ အမေ ။ အမေဆို တာ ကိုးလလွယ် ဆယ်လဖွား အသက်နဲ့ ဆက် မွေးခဲ့ရတာတဲ့။ ဟုတ်သားပဲ။ စံလှဘော်ကို လူ့ လောကထဲ ရောက်အောင် မွေးထုတ်ပေးခဲ့ပြီး အသက်ကို စွန့်ခွာသွားတဲ့ မမြင်ဖူးလိုက်တဲ့ အမေ့ကျေးဇူး။ အမေ့မေတ္တာ။ အမေ့ စက်ရိပ်။ စံလှဘော် ဘာမှ မခံစားလိုက်ရဖူးဘူး။ သူတကာ အမေခေါ်လို့ ခေါ်စရာ မရှိခဲ့တဲ့ ဘ၀။ ကောက်ဆွမှာက အမေရှိတယ်။ ကောက် ဆွ အမေကလည်း ရင်နဲ့လွယ်မွေးခဲ့ရတဲ့ သား။ အမေနဲ့သား၊ သားနဲ့အမေ။ သူက ဘာမှ သွေး မတော် သားမစပ်တဲ့ သူစိမ်း။
မအေက ဇွတ်ခေါ်၊ ကောက်ဆွက ငြင်း၊ ဘေးမှာ စံလှဘော်က မျက်ရည်စတွေနဲ့။ သည် တဒင်္ဂကလေးမှာပဲ စံလှဘော်အတွေးတွေ ဘောင်ဘင်ခတ်လို့။ သူ့ငယ်ဘ၀တွေ၊ မန်ကျည်းစု ကျောင်းမှာ ကပ္ပိယဖြစ်လာပုံတွေ၊ မြချစ်ကို သူမြတ်နိုးခဲ့ရတာတွေ၊ ကောက်ဆွကို သားတစ် ယောက်လို သံယောဇဉ် ခိုင်မာခဲ့ရပုံတွေ။
နောက်ဆုံးတော့ ကောက်ဆွခမျာ မအေ့ နောက်ပါသွားရရှာတယ်။ ဆရာတော်ကြီးက ကောက်ဆွကို မအေ့နောက် ထည့်ပေးလိုက်ပြီ။ စံလှဘော် ဘာမှ မတားသာ မတတ်သာတော့ ပြီ။ ဆရာတော်ကြီး အမှာစကားတွေကိုလည်း မကြားတစ်ချက်၊ ကြားတစ်ချက်။
“ကလေးမပျော်ရင် ပြန်ပို့လှည့်ချေ” တဲ့။
ကောက်ဆွအမေက ကောက်ဆွ အ၀တ် ထုပ်ကလေး ရွက်လို့။ ကောက်ဆွက လှည့် ကြည့်လှည့်ကြည့်။ ကျောင်းဝရောက်တော့ ကောက်ဆွက လှမ်းအော်ခဲ့တယ်။
“အဖေ ကျုပ် ဆရာတော်ကြီးစကား နားထောင်ပြီး လိုက်သွားတာဗျ။ ကျုပ် ပြန်လာမှာ အဖေ ဘယ်မှ မသွားနဲ့ မန်ကျည်းစုမှာပဲနေ”
စံလှဘော် လက်လှမ်းပြရုံက လွဲလို့ ဘာ စကားမှလည်း ထွက်လို့မရပါဘူး။ ကောက်ဆွ သားအမိ ကျောင်းဝက ကွယ်သွားတော့ စံလှ ဘော်လည်း သရက်ကင်း လှေကားကြီးပေါ် စုံပစ် ထိုင်ချလိုက်တယ်။ ဆရာတော် လှေကားက ဆင်းလာတော့ စိတ်ဆင်းရဲနေတဲ့ စံလှဘော်ကို တွေ့တယ်။ ဆရာတော်က စံလှဘော်ကို မငဲ့ပါ ဘူး။ သူ့မအေနဲ့ သူ့သား ရင်အုပ်မကွာရှိရမှာကို တွေးပြီး ဆုံးဖြတ်လိုက် တာဆိုတော့ စိတ်ပြတ် တော်မူပြီးသားပါ။
“ငဘော် သမုဒယများဟာ ဆင်းရဲခြင်းကို ဖြစ်စေတယ်။ သံသရာမှ သမုဒယကြောင့် ဒုက္ခတွေ များကြလှပြီ။ တရားနဲ့ဖြေ။ ကြားလား”
“တင်ပါ့ ဘုရား”
အဲသည်ညက စံလှဘော် အိပ်မပျော်ပါဘူး။ ခါတိုင်း ဘေးမှာအိပ်နေကျ ကောက်ဆွကို ယောင်ယောင်စမ်းလား စမ်းနေမိရဲ့။ သည်အချိန် ဆို ကောက်ဆွတစ်ယောက် သူ့မအေ၊ သူ့ ညီ၊ သူ့နှမတွေနဲ့ ပျော်နေလောက်ရောပေါ့။ ကျောင်း ပြတင်းဝက တိုးဝင်လာတဲ့ ဆောင်းကြွင်းလေ ကလေးကိုတောင် အေးတယ်လို့ မထင်မိတော့ ဘူး။ ယောက်ျားတန်မယ့် ခေါင်းအုံးမှာ မျက်နှာ အပ်ပြီး စံလှဘော် ငိုချလိုက်မိတယ်။ မနက်လေးနာရီ အုန်းမောင်းထခေါက်တော့ ကောက်ဆွကို သတိရနေမိလေရဲ့။
(၁၉)
တပေါင်းတန်ခူး။ လေရူးနှောက်ချိန်။
ကျောင်းဝင်း တစ်ဝင်းလုံး သစ်ရွက်ခြောက် တွေ ပြေးလွှားနေတာကို စံလှဘော် ငေးနေမိ တယ်။ မနက်တိုင်း လှည်းကျင်း နေတဲ့ကြားက မနိုင်နိုင်အောင် ကြွေနေလိုက်ကြတာ။ တချို့ အပင်တွေကတော့ ပုရစ်နုတွေ ထိုးကြပြီ။ နောက် နှစ်မှာတော့ သည်ပုရစ်နုကလေးတွေ ရွက်ဝါ အသွင်ပြောင်းပြီး ရွက်ခြောက်ကြွေကြလိမ့် ဦးမယ်။ သစ်ရွက်တွေကတော့ ကြွေပြီးရင် ရွက်နုပြန်ထိုးကြတယ်။
လူတွေမှာတော့ ရွက်နု ထိုးစရာ ငယ်ဘ၀ အသစ်မရှိတော့ ပါလားလို့ တွေးမိတယ်။ သူ့ပဲကြည့်လေ။ မြချစ်မရှိတော့ ဘူး။ မြို့ကို ရောက်သွားပြီ။ မြချစ်ကို တောင်းရမ်း တဲ့နေ့က ထင်းခွဲရေခပ်တောင် သွားလုပ်ပေးခဲ့ ရသေးတယ်။ ချစ်ရသူ မျက်နှာတောင် ငေးစရာ မရှိတော့တဲ့ဘ၀။ ကောက်ဆွပြန်သွားတာလည်း နှစ်လရှိပြီ။ မအေနဲ့ နေပျော်သွားပြီ ထင်ပါရဲ့။
“သူတို့ဘ၀တွေနဲ့ သူတို့ပါလား ငါသာ ဘ၀တွေ အငှားချနေချင်တာ ပိုင်နေချင်တာ တကယ် တော့ ငါသာ တစ်ယောက်တည်းနဲ့ ကျဉ်းကျပ် နေရတာပါလား”
စံလှဘော်က တံမြက်စည်း ဆွဲပြီး တစ်ကျော့ လှည်းပြန်တယ်။ ဆရာတော်ကြီးက စင်္ကြ လျှောက်ရာက ပြန်တက်မယ်အလုပ် ရပ်တော်မူ လို့ ဆရာတော့်အနား ၀တ်ဖြည့်လိုက်တယ်။ ဆရာတော် ဘာများခိုင်းချင်လို့ပါလိမ့်။
“ငဘော် မင်း ပဉ္ဇင်းဝတ်တော့ သင်္ကြန်ရက် ထဲ ရွာကလူတွေ ဒုလ’ဘ ၀တ်ကြတော့မှာ မင်း ပါရောပြီး ၀တ် ကြားလား”
စံလှဘော်က လက်အုပ်ချီတယ်။ ရဟန်း ဘောင်တက်ဖို့ သူ့စိတ်နဲ့အကြိမ်ကြိမ် ကြိုးစားခဲ့ ဖူးပါရဲ့။ ဆရာတော်ကြီးဆန္ဒလည်း ပြည့်ဝစေ၊ သူလည်း ဘ၀ အနည်ထိုင်စေဆိုတဲ့ စိတ်နဲ့ပါ။ ဒါပေမယ့် သည်ဘက်ရက်တွေထဲမှာ သည်စိတ် တွေ ချေဖျက်ပြီးသား ဖြစ်ရပြန်ရော။
“တပည့်တော် သင်္ကန်းမ၀တ်သေးပါ ဘုရား။ ကပ္ပိယ ဘ၀နဲ့ပဲ နေပါရစေဦးဘုရား။ တပည့် တော် လူ့ဘ၀နဲ့ လွမ်းစရာရှိတာ လွမ်းချင်သေး လို့ပါဘုရား”
ဆရာတော်ကြီးက ဘာမှ ဆက်မမိန့်တော့ ဘဲ ကျောင်းပေါ်ကို တစ်လှမ်းချင်း တက်သွား တယ်။ စံလှဘော်က သူ့မျက်လုံးကိုယ် သူ လက်ဖမိုးနဲ့သုတ်တယ်။ မျက်ရည်တွေနဲ့ကိုး။
ခင်ခင်ထူး
(ပေဖူးလွှာ မဂ္ဂဇင်း)
No comments:
Post a Comment