Saturday, April 28, 2012

ရေစုန် – ရေဆန် ကမ်းတို့ အလွန်



စိတ်ကို စိတ် အတိုင်း၊ ရုပ်ကို ရုပ်အတိုင်း ထားရစ် ခဲ့နိုင်ခြင်းသည်ပင်လျှင် သင်္ခါရတို့ရဲ့ အလွန်မှာ ဖြစ်တယ် – လို့ ဘာသာကျမ်းစာ သမားတွေ မကြာခဏ ပြောတတ်တယ်။ ဒါပေမယ့် အဲ့ဒီ စာပေသိ၊ တွေးခေါ် သိ ရှိရုံမျှနဲ့ ဘဝ ကို စင်စစ် လက်တွေ့ မရှင်သန်နိုင် မရောက်နိုင်ကြောင်း ဆရာ အများ သွန်သင်ကြ တယ်။ စိတ်ဆန္ဒ၊ လိုအင် ရမ္မက် တွေ ရဲ့ တိုက်တွန်းချက် ကြောင့် ဆင်းရဲ ဒုက္ခ အဖြစ်ကို အားထုတ် လုပ်မိနေ ဆဲ ရှိတယ်။ ဒါကို တွန်းလှန် နိုင်ဖို့ ဆိုတာ – အဦးဆုံး တန်ပြန် အားထုတ်မှု လိုအပ် နေ ပါသေးတယ်။ အဲ့ဒီ တန်ပြန် အားထုတ်မှု မှာ ဘာဝနာ ဟာ တံခါး ပေါက် ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော် ရေးမိသလောက်မှာ ဘာဝနာ ပြုဖို့ အသားပေး ရေးတယ်။

အကြောင်း အမျိုးမျိုး နဲ့ ပုံစံ အမျိုးမျိုး လှည့်ပတ် ဘယ်လိုပဲ ရေးနေပါစေ- မိမိရဲ့ အခုခဏ ထင်ရှားသမျှကို အတိအကျ သိမြင် နေ ထိုင် နေ ဖို့ သာ ပဓာန ဖြစ်ပါတယ်။ အဲ့သည်ရဲ့ အလွန်ဟာ တစ်နည်းအားဖြင့် ဘာဝနာနဲ့ မျက်မှောက် ပြုခြင်း လည်း ဖြစ်တယ် ။ အားထုတ်ခြင်း ၊ အားမထုတ်ခြင်း တို့ရဲ့ အလွန်လည်း ဖြစ်ပါတယ်။ အဲ့ဒီ အလွန်ကို ဆိုင်ရာ ဘာသာ သမား များက နှစ်သက် သလို ခေါ်ဆိုနိုင် တယ်။ – ကျနော့် အနေနဲ့ အဲ့ဒါဟာ ခံစားမှု မဟုတ်တဲ့ ချုပ်ငြိမ်းမှု သက်သက် ။ ဒါပေမယ့် စိတ် ဆန္ဒ ဇောတွေ ရဲ့ ကျွန် ဖြစ်နေ သရွေ့ – အားထုတ်မှု မပြုဘဲ အဲ့ဒီကို မရောက်နိုင်ဘူး ဆိုတာ အထင် အရှား ဖြစ်ပါတယ်။ အားထုတ်မှု ဆိုတာ အတိုင်း အတာ တစ် ခု အထိ လိုအပ် နေဦးမယ် ။ ဒီ အားထုတ်မှု ကို လည်း ဘာဝနာ က အပြည့် အဝ တာဝန်ယူ ပါတယ်။

တစ်ချို့က “သင်္ခါရ ကင်းရင်၊ ပြုပြင်စီရင်မှု ကင်းရင် ကိစ္စပြီးတယ်၊ ဒါ့ကြောင့် – ကုသိုလ်လည်း လုပ်စရာ မလို၊ အကုသိုလ် လည်း လုပ်စရာ မလို၊ စိတ် ကို စိတ်အတိုင်း ထား၊ ရုပ်ကို ရုပ်အတိုင်းထား၊ ဒါကပဲ သဘာဝတရား” – ဆိုတဲ့ အမြင် ရှိပါ တယ်။ အဲ့ဒီ အမြင်ဟာ အကြံအတွေး အားဖြင့်သာ လည်ပတ်နေတဲ့ အခါ လက်တွေ့မှာ အပျက်သက်သက်။ အမိုက် တွင်းဆုံး ရောက်ဖို့သာ ရှိပါတယ်။

ကျနော့ကိုလည်း ဒီအယူဝါဒ ဖြန့်နေတာ ဖြစ်တယ် လို့ ပြောတဲ့ သူ အများ ရှိတယ်။ ကျနော် ပြောခဲ့တဲ့ အထဲမှာ ဘာမှ မလုပ် ဖို့ ပြောနေ တာ မဟုတ်ဘူး။ အဲ့လိုတွေ တွေးပါ ကြံပါ၊ ဒါဆို ကိစ္စပြီးပါတယ်လို့လည်း မပါဝင်ဘူး။ လုပ်ချင်စိတ်၊ ကိုင်ချင်စိတ် ၊ စိတ်ဆန္ဒ တွေ ကို ဖယ်ချ ထားနိုင် ဖို့ ဖြစ်ပါတယ်။ အဲ့ဒီ အတွက် တစ်ကြောင်းတည်း သော လက်နက်က ဘာဝနာ ဖြစ်တယ်။ ဘာဝနာ နဲ့ အခုခဏ နေထိုင် ဖို့ပဲ လိုအပ် တယ်။ ။ အဲ့ဒါကို တစ်လုံးတည်း ပြောရင် ဘာဝနာနဲ့ နေထိုင်တယ်- လက်ရှိ ခဏ ပေါ် ကောင်းသည် ဆိုးသည် မဟူ အသိ တစ်လုံး တည်း နဲ့ ရှုမြင်ရင်း အပြည့်အဝ ကြည်လင်နေပါစေ၊ အဲ့အတိုင်း ရှင်သန် နေပါစေ။” ဒါကိုပဲ ဆိုလိုပါတယ်။

ဒီအကြောင်း ကို – ဗုဒ္ဓဘာသာ အတွင်း ထင်ရှားအောင် ဟောကြား ထားတဲ့ တရား စကား အချို့ – မဟာစည်ဆရာတော် ဘုရား ရဲ့ ဟောစဉ် စာအုပ် တစ်အုပ်က ကျနော် ထုတ်ယူ လို ပါတယ်။ ဆရာတော် ဟာ ကျနော် ရှိခိုးဦးတင် ရတဲ့ မွန်မြတ်တဲ့ ဆရာ တစ်ပါး လည်း ဖြစ်ပြီး၊ အဖေ၊ အမေ၊ မိုးကုတ်ဆရာတော် ဦးဝိမလ တို့ ပြီးရင် စတုတ္ထ မြောက် လက်ဦး ဆရာလည်း ဖြစ်ပါတယ်။ အားလုံး ကို ကျေးဇူး။

ဇေယျ

No comments:

Post a Comment