Monday, April 30, 2012

သံဃာအတု စကားတစ်ခွန်း ဆွမ်းတစ်လုပ်


သံဃာအတုအယောင်နှင့်ပတ်သက်သော သို့မဟုတ် သံဃာအရေးကိစ္စနှင့်ပတ်သက်သော ဘာသာရေးကိစ္စရပ်များကို ဖြေရှင်းရန်အတွက် နိုင်ငံတော်သံဃာ့မဟာနာယကမှစ၍ ရပ်ကွက်သံဃာ့နာယကတိုင်အောင် သာသနာညစ်နွမ်းမှုကာကွယ်ရေးအဖွဲ့အစည်းတို့ကို လွန်ခဲ့သော (၁၅) နှစ်ကျော်မှစ၍ အစိုးရမှ သီးသန့်ထပ်မံဖွဲ့စည်းထားပြီးဖြစ်သည်။

သာသနာရေးနှင့် မလျှော်ညီသော ပြစ်မှုများကျူးလွန်နေသည့် ရဟန်းအတု ရဟန်းအယောင်ဆောင်များကို တွေ့ရှိပါက ဗုဒ္ဓဘာသာမှမဟုတ် အခြားသောမည်သည့်ဘာသာဝင်မဆို မည်သည့်ပုဂ္ဂိုလ်မှမဆို နီးစပ်သောရပ်ကွက် သို့မဟုတ် ရဲစခန်းသို့ သွားရောက်တိုင်တန်းအမှုဖွင့်နိုင်သည်။ သက်ဆိုင်ရာဌာနမှ နီးစပ်ရာသံဃာ့နာယကအဖွဲ့သို့ အကြောင်းကြား၍ ချက်ချင်းအရေးယူဆောင်ရွက်နိုင်သည်။ ထိုအမှုဖွင့်ချက်ကို အရေးယူဆောင်ရွက်မှုမရှိသော သက်ဆိုင်ရာဌာနကို တရာစွဲနိုင်သည်။ (သံဃာ့ဝိနိစ္စယလက်စွဲစာအုပ်မှ ကောက်နုပ်ချက်)

အထက်ပါ သာသနာညစ်နွမ်းမှုမှ ကာကွယ်ဆောင့်ရှောက်ရေးအဖွဲ့ဝင်များရှိနေသည်ကို အများကသိရှိပြီးဖြစ်ပါလျှက် ယနေ့ ဖေ့စ်ဘွတ်ခ်ပေါ် တွင် အကောင့်ခ်တု အကောင့်ခ်ယောင်များဖြင့် မဆီမဆိုင်အကြောင်းတိုက်ဆိုင်မှုမရှိပါပဲ အများပြည်သူ အာရုံများလွဲသွားစေရန် ရေးသား နေသည်ကို တွေ့ရှိရပါတယ်။

ထိုသာသနာကာကွယ်စောင့်ရှောက်ရေးစသည့် ဥပဒေတွင် ဈေးများ၌ ရဟန်းသံဃာနှင့် သီလရှင်များ ဝင်ရောက်အလှူခံခြင်းမပြုရဟုပါရှိလေသည်၊ ထိုဥပဒေထုပ်ပြန်ရခြင်း ပြယုဂ်တွင် ဈေအတွင်တို့၌ နေ့စဉ်မပြတ် ရဟန်း၊ သီလရှင်စသည့် အဝတ်များဝတ်ဆင်၍ အလွန်ပင်အရုပ် ဆိုးအကြည်းတန်စွာ ပြုလုပ်နေကြသောလူလိမ်များ၏ဆောင်ရွက်ပုံတို့ကို ဆရာတော်ကြီးများအားတင်ပြ၍ သဘောတူညီမှုခံယူပြီး ထုတ် ပြန်ရခြင်းဖြစ်ခဲ့သည်။

သို့သော် အမှန်တကယ် ဥပဒေကို ဖော်ဆောင်သောအခါ ပြဿနာများမှာ …
● ပြဿနာ (၁)
ရဟန်းတစ်ပါးသည် သပိတ်လွယ်လျှက် ဈေးအတွင်းသိုကြွလာပြီး ဆိုင်တဆိုင်၏ရှေ၌ရပ်တော်မူ၍ ဆွမ်းချိုင့်အားယူလိုက်စဉ် ဈေးတာဝန်ရှိ လူများက ဆွမ်းချိုင့်သက်သေဖြင့် လက်ပူးလက်ကြပ် ဖမ်းဆီးခဲ့လေသည်။ ရာနှင့်ချီသောလူများက ဝိုင်အုံ၍အကြည့်ခံရခြင်း မေးမြန်းခံရခြင်း တို့ဖြစ်ပြီး သံဃာတော်များဈေးရုံးသို့ရောက်ရှိလာသောအခါ ထိုရဟန်းငယ်သည် တိုင်းအဆင့် စာသင်တိုက်ဆရာတော်အိုကြီး ၏ကျောင်းမှ ဖြစ်၍နေလေသည်။

● ပြဿနာ (၂)
ရဟန်း (၃) ပါးနှင့် ကျောင်းသာငယ်လေး
(၂) ယောက်သည် ဖြတ်ပိုင်းများဖြင့် ဈေးအတွင်းသို့ဝင်လာ၍ ဆိုင်တဆိုင်တွင်ထိုင်နေစဉ် ဈေး တာဝန်ရှိများက ဈေရုံးသို့ခေါ်ဆောင်သွားခဲ့လေသည်။ ထိုဖြစ်ရပ်တွင် ဒကာဒကာမများက ၎င်းတို့ လစဉ်ထောက်ပံ့လှူဒါန်းနေကြသော ဆရာတော်များဖြစ်ကြောင်းပြောပါသောလည်း လက်မခံပေ။ တိုင်းဥက္ကဌဆရာတော်ကျောင်းတိုက်သို့ ရောက်မှသာလျှင် မိဘမဲ့ကျောင်း တိုက်မှ ဆရာတော်ကြီးကိုယ်တော်တိုင်ဖြစ်နေပြီး မိဘမဲ့ကျောင်းသားများအတွက် ကျောင်းဆောက်နေသော လစဉ်ကောက်ခံငွေကောက်ယူခြင်းဖြစ်သည်ကို တွေ့ရသည်။

● ပြဿနာ (၃)
သီလရှင်ဆရာလေးများသည် အဝေးဖိတ် အနီးဖိတ်ဟုခေါ်သော ဦးပုတ်နေ့မဖြစ်ခင် (၂) ရက်တာကာလ၌ ရက်သတ္တတပတ်စာ အလှူခံ ထွက်၍ စားသောက်ရလေသည်။ ထိုသို့အလှူခံထွက်ရာတွင် ဈေးကြီးများတွင် လှည်လည်အလှူခံခြင်းက ငွေဝတ္ထုနှင့် စားသောက်ဖွယ်တို့ ပိုမို၍အဆင်ပြေကြလေသည်။ ထို့ကြောင့် ဈေးအတွင်း၌ ဆရာလေးများ တန်းစီလှည့်လည်ရွတ်ဖတ်၍ အလှူခံစဉ် (၁၀) ပါးကျော်သော ဆရာလေးများ အတူတကွအဖမ်းခံရလေတော့သည်။ ဆရာလေးများမှာ မိန်းကလေးများဖြစ်သည့်အလျှောက် စိတ်ကိုမထိမ်းနိုင်တော့ပဲ ဈေးအတွင်းမှာပင် ကျူကျူပါအောင် ငိုကြပါတော့သည်။ ထိုဆရာလေးများသည် စာသင်တိုက်အစစ်မှဖြစ်ကြပြီ ထိုအထဲမှ ဆရာလေး (၂)ပါးသည် ဓမ္မာစရိယတန်းသင်ကြားနေသော ဆရာလေးများဖြစ်ကြသည်။

(အထက်ပါ ပြဿနာ (၃) ရပ်လုံး၏မှတ်တမ်းများ မန္တလေးတိုင်းဥက္ကဌဖြစ်ခဲ့သော မြတောင်ဆရာတော်၏ထံ၌ မေးမြန်းနိုင်သည်)

အထက်ပါပြဿနာများတွင် ထုတ်ပြန်ထာသောရည်ရွယ်ချက်နှင့် ဥပဒေကတခု ဆောင်ရွက်လိုက်သောဥပဒေဝန်ထမ်းများက တခြားဖြစ်နေ သည်ကို တွေ့ရပေတော့သည်။ ဤနေရာတွင် လုပ်ထုံးလုပ်နည်းများသင်ကြားခြင်းနှင့် လွက်တွေ့လုပ်ဆောင်မှုများဆိုင်ရာ အကောင် အ ထည်ဖော်ရာတွင် နောက်ပိုင်း၌ အစိုးရကိုယ်တိုင်က မူလရည်ရွယ်ချက်ဥပဒေများကို လိုရာသို့ဆွဲ၍လုပ်ဆောင်လာလေသည်။ ဥပမာ သက်ျာသီဟ အစိုးရဓမ္မာစရိယ စေတိယင်္ဂဏ တိပိဋကဓရ စသည် အောင်မြင်ထားပြီးသော ရဟန်းတော်များသည် သံဃာတော်အတုဟု မည်သို့မျှ မခေါ်ဆိုထိုက်ပေ။ ပြဿနာတရပ်ဖြစ်ပါက ဝိနည်းတော်အရသာဆုံးဖြတ်ရပေမည်။ ပလ္လင်ပေါ်၌ ငုတ်တုတ်ကလေးထိုင်၍ တရား ဟောခြင်းသည် တရားအဆုံး၌ သာဓုသာခေါ်ဆို၍ ပြန်သွားကြသည်ကို တွေ့ရပေလိမ့်မည်။

“ဒို့အရေး” အော်၍ ပြီးသွားသော တရားပွဲဟူ၍ မြန်မာ့သမိုင်းတွင် ယနေ့အထိမရှိခဲ့ခြေ။ သို့သော် ထောက်လှမ်းရေးများက နည်းမျိုးစုံသုံး၍ ကျောင်းအတွင်းနံရံ၌ ဒေါ်အောင်ဆန်းစုကြည် ပိုစတာကပ်ထားမိ၍ အဖမ်းခံရသောရဟန်းတော်ပင်ရှိခဲ့သည်။ ထိုရဟန်းကို အမှုစစ်စဉ်၌ အမှုစစ်စစ်ဗိုလ်မှ ကတုံးနဲ့ စုကြည်ပုံက ဘာဆိုင်လဲ ဟုမေး၏။

ရဟန်းတော်မှ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သောကြောင့်ဟု ပြန်ဖြေ၏၊ မင်းက ဒီပုံကိုကြည့်ပြီး မယားတရူးနေ တာမဟုတ်ဖူးလားဟု ပြန်မေး၏၊ (ကိုယ်တွေ့ – ထောင်ထွက်ရဟန်းအား အင်တာဗျူး) အဖမ်းခံရခြင်းအကြောင်းရင်းမှာ ထိုရဟန်းငယ်သည် နိုင်ငံရေးနှင့်ထောင်ကျနေသော နာမည်ကြီးပုဂ္ဂိုလ်၏အိမ်၌ နေ့စဉ်ဆွမ်းခံကြွခြင်းကြောင့်ဖြစ်သည်။ (ဤကဲ့သို့သော အလွန်မိုက်ရိုင်းသည့် အမေးအဖြေကဏ္ဍများကို ပိုမိုသိလိုလျှင် ၂၀၀၇ သံဃာတော်များအရေး၌ အဖမ်းခံခဲ့ရသော ရဟန်းတော်များကိုမေးကြည်နိုင်သည်) (ယ နေ့ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဘုန်တော်ကြီးကျောင်းတကျောင်း၌ ဒေါ်အောင်ဆန်းစုကြည်၏ပိုစတာကြီး ချိတ်ထားသည်ကို တွေ့ရသည်။)

အထက်ပါအကြောင်းအရာတို့ကိုတင်ပြရခြင်းမှာ စစ်အာဏာရှင်များက ဥပဒေဖြစ်ပေါ်စေရန်ဆောင်ရွက်စဉ်နှင့် ဥပဒေဖြစ်ပေါ်ပြီး အသုံးချပုံ တို့ကို လူအများ သိရှိနာလည်စေရန်ဖြစ်ပြီး တိုင်တန်းသူရှိပါက သာသနာညစ်နွမ်းမှုကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းများသည် လက်နှေး မည်မဟုတ်ကြောင်းကိုလည်း ဖော်ပြခြင်းဖြစ်သည်။

အကောင့်ခ်အတုများနှင့်ပတ်သက်၍ပြောရလျှင် မဆီမဆိုင်ဘာအကြောင်းမျှမရှိပါဘဲ သံဃာတုအရေးကို သီးသန့်ဖော်ထုတ်လှုံ့ဆော်လာတာကိုတွေ့ရပါတယ်။

တကယ်တော့ သံဃာအတုအယောင်အရေးနှင့်ပတ်သက်၍ အမှန်တကယ် သာသနာကို စင်ကြယ်သန့်ရှင်းစေလိုသောဆန္ဒရှိလျှင် သက် ဆိုင်ရာ သံဃာအဖွဲ့အစည်းများ၊ အာဏာပိုင်အဖွဲ့အစည်းများနှင့် ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်၍ ဆောင်ရွက်နိုင်ပါတယ်။ စာတမ်းပြုစု၍ လည်း နိုင်ငံတော်သို့ တင်သွင်ခွင့်ရှိပါတယ်။ သို့မဟုတ်ပါပဲ အင်တာနက်ဖေ့စ်ဘွတ်ခ်ပေါ်၌ Like ပြိုင်ပွဲကျင်းပပြီး မိမိ၏ဓာတ်ပုံ၊ လှုပ်ရှားမှု မှတ်တမ်းများ စသည် ဖော်ပြမှုမရှိပဲ ဗုဒ္ဓဘာသာကို သိက္ခာကျစေရန်ပြောဆိုနေကြသောသူတို့သည် မည်ကဲ့သို့သော ဘာသာဝင်များ အဖွဲ့ အစည်းများဖြစ်ကြမည်ကို ရှင်းလင်းစွာသဘောပေါက်နားလည်နိုင်ပေသည်။

အကောင့်ခ်အတုဖြင့်တင်ထားသော ပို့စ်တခုကိုဖတ်ရပါတယ်။ ထိုပို့စ်ပိုင်ရှင်က “အရင်ရက်တွေမှာ ရိုဟင်ဂျာအကြောင်းပို့စ်ကို တွေ့ကတည်း က ကိုယ့်အမြင်ကိုရေးချင်ခဲ့တာပါ” လို့ ဖော်ပြထားပြီး ထိုရေးသူ၏ ဆိုက်ထဲကိုဝင်ကြည့်လိုက်တော့ “ အကြောင်းကတော့ လွတ်လွတ်လပ်လပ် အမြင်ခြင်း၊ အတွေးအခေါ်ခြင်း၊ ဗဟုသုတခြင်း အပြန်အလှန် ဆွေးနွေးတဲ့သူတွေချည်း စုစည်းထားတဲ့ အကောင့်ခ်သတ်သတ်ဖြစ်ချင်လို့ပါ။ (နောက်ပြီး အမြင်ခြင်းမတူလို့ အဖဲ့ခံထိရရင်လည်း ကျွန်မမျက်နှာမတွေ့ရဖူးဆိုတော့ နည်းနည်းမျက်နှာပူသက်သာမယ်ထင်လို့ပါ ဟဲဟဲ)” လို့ရေသားထားတာတွေ့ရပါတယ်။

ဒီတော့ စဉ်းစားကြည့်ရအောင် ပထမပြောသွားတဲ့အချက်မှာ ရိုဟင်ဂျာကိစ္စပါလာပါတယ်။ အထက်ပါပို့စ်ကိုရေးသူ၏ အရေးအသားကို ကြည့်လျှင် အခြားအကြောင်းအရာတွေမှာရေးနေကြ စာရေးတတ်သူတဦးဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ထိုကဲ့သို့ စာရေးတတ်သူတဦးက ရိုဟင်ဂျာကိစ္စမှာ အများသူငါ အမျိုးသားရေးအတွက် တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များ ပို့စ်အပြိုင်တင်ပြီး တိုက်ပွဲဝင်နေကြတဲ့အချိန်မှာ မရေးပဲနှင့် ရေးချင်နေတာပါဟူသောစကားသည် ရိုဟင်ဂျာအရေးမှာ ပါဝင်နေသောမျိုးချစ်များစွာကို ဆွဲယူသိမ်းသွင်းလိုက်ခြင်းပင်ဖြစ်ပါတယ်။

သံဃာ အရေးပို့စ်မှာ မဆီမဆိုင် ရိုဟင်ဂျာကိစ္စကိုထည့်သွင်းဖော်ပြခြင်းမှာလည်း ၎င်းအား ကုလားဟု ထင်သွားမှာစိုးသဖြင့် အသုံးချလိုက်ခြင်း ပင်ဖြစ်ပါတယ်။ အလွန်ပင် သံသယဝင်ဘွယ်ဖြစ်၏။ (အဓိပ္ပါယ်မရှိသောစကားကို ထည့်သွင်းပြောခြင်းသည် အဓိပ္ပါယ်မဲ့သောအလုပ်ကို ပြု လုပ်သောသူဖြစ်၏) ဟု စိတ်ပညာစာအုပ်များတွင် ဖော်ပြထားသည်။ ဆိုလိုသည်မှာ လိမ်ညာသောသူသည် လိမ်ညာသောအကြောင်းကို ထည့်ပြော၍ ဖုံးကွယ်တတ်၏။ တဖန် ဂရုဖ်ကိုင်သူများနှင့်ပတ်သက်ပြီး “အကြောင်းကတော့ လွတ်လွတ်လပ်လပ် အမြင်ခြင်း၊ အတွေး အခေါ်ခြင်း၊ ဗဟုသုတခြင်း အပြန်အလှန် ဆွေးနွေးတဲ့သူတွေချည်း စုစည်းထားတဲ့ အကောင့် သတ်သတ်ဖြစ်ချင်လို့ပါ” ဟု ဂရုဖ်ကိုင်သူများကို နှပ်ကြောင်းပေးပြောထားသည်ကိုတွေရလေ၏၊ မည်သည့်ရိုးသားသည့်ဆောင်းပါးရှင်မှ ဂရုဖ်ပိုင်ရှင်ကို မျက်နှာလုပ်၍ ဝင်ရောက်လာ ခြင်းမရှိပါ။

စာရေးသူကိုယ်တိုင်ပင် မှန်သည်ဟုထင်သော အကြောင်းအရာကို ပြတ်သားစွာရေး၍ အောက်ခြေ၌ပင် ကော်ပီကူးထားသည်မဟုတ်ကြောင်း သိသာထင်ရှားစေရန် မိမိ၏အမည်ကိုပါ ထည့်သွင်ဖော်ပြလေ့ရှိပါသည်။ ၎င်း၏အကောင့်ထဲတွင် (နောက်ပြီး အမြင်ခြင်းမတူလို့ အဖဲ့ခံထိ ရရင်လည်း ကျွန်မမျက်နှာမတွေ့ရဖူးဆိုတော့ နည်းနည်းမျက်နှာပူ သက်သာမယ်ထင်လို့ပါ ဟဲဟဲ)” ဟုရေးသားထားသည်မှာ မိမိတာ ဝန်မယူရဲသော မိမိကိုယ်ကိုပင်မယုံကြည်သော ကိစ္စတရပ်ကိုရေးပြီး ငါ့ကို နင်တို့သိတာမှတ်လို့ဟူသောအတွေးဖြင့် ဂရုဖ်အဖွဲ့ဝင်သုံးသောင်း လောက်တို့အား စော်ကားလိုက်သည်ဟုသာ တွေးမိ၏၊

မည်သည့်အကောင့်ဖြင့်ရေးစေကာမူ မိမိပြောသောစကားကို မိမိတာဝန်ယူရပါမည်။ ကျွန်မမျက်နှာမတွေ့ရဖူးဆိုတော့ နည်းနည်းမျက်နှာပူ သက်သာမယ်ထင်လို့ပါ ဟဲဟဲ) ဟု သုံးလိုက်ခြင်းသည် မူလကတည်းက အယောင် ဆောင်၍ ရေးလိုက်ပါသည်ဟု မိမိ၏မသိစိတ်ဖြင့် ဝန်ခံနေခြင်းသာဖြစ်ပါသည်။ ၎င်းအကောင့်ခ်ပိုင်ရှင်သည် မူလကတည်းက အခြား အကောင့်ဖြင့်ရှိနေပြီး ယခုသံဃာအရေးကိစ္စပေါ်မှ သံဃာတွေအား သိက္ခာကျစေရန်ရည်ရွက်ချက်ဖြင့် ဝင်ရောက်လာခြင်းဖြစ်သည်ဟု နား လည်ရပါသည်။

အဘယ်ကြောင့်ဆိုသော် ထိုသူသည် ၎င်းရေးချင်ရာရေးမည့်ကိစ္စကို ဂရုဖ်ပိုင်ရှင်မှ မသိစေရန်နှင့် အခြားသူများမသိနိုင်စေရန် တခြားသူ၏ဖိတ်ကြားချက်ကိုမယူပဲ မိမိပိုင် အခြားအကောင့်ခ်ဖြင့် ပြန်လည်မဖိတ်ကြားပဲ ကိုယ်ဟာကိုယ် ဂရုဖ်ကိုဂျွိုင်း၍ဝင်လာသည်ဟု သိရသည်။ ထို့ကြောင့် ၎င်းအကောင့်ခ်ပိုင်ရှင်ကို မရိုးသားသောစိတ်ဓါတ်ဖြင့် ဂရုဖ်အတွင်းဝင်လာသူဟု နားလည်နိုင်သည်။ ဗုဒ္ဓဘာသာကို စော်ကားနေသော ဘာသာခြားဆိုဒ်တခုတွင် ဗုဒ္ဓဘာသာရေးအကြောင်းကို တော်တော်လေးလေ့လာ၍ လိုရာဆွဲထုတ်ရေးသားနိုင်စွမ်းရှိ သည်ကိုတွေ့ရသည်။

ထိုနည်းတူ ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ထွန်းနေဒီမိုကရေစီလမ်းကြောင်းများကို ပြဿနာများပေါ်ပေါက်စေ၍ ပျက်စီး စေလိုသောဆန္ဒများကြောင့် သို့မဟုတ် ပြည်သူပြည်သားများ အာရုံပြောင်းလွဲသွားစေရန် လျှို့ဝှက်လှုပ်ရှားနေသော အဖွဲ့အစည်းတရပ်၏ အလွန်ပါးနှပ်စွာ ကစားနေသည့်ကစားကွက်ဟုမြင်ပါသည်။

မည်သိုဆိုစေ…
ဗုဒ္ဓဘာသာဝင်များသိရှိစေရန် ပြောကြားလိုသည်မှာ….. ဟောင်းနွမ်းသောသင်္ကန်းကလေးဝတ်၊ အိုနေသော သပိတ်အ ဟောင်းလေးကိုပိုက်၊ နီတာရဲဆွမ်းထမင်းလေးပေါ်မှာ ပဲပြုတ်ကလေးဖြူး၊ ဘယားကြော်လေးတခုကိုကိုက်ပြီး စားဖို့လုပ်နေသော ကိုရင်ငယ် လေးများ၏ ဆွမ်းလုပ်ထမင်းလုပ်လေးများကို မိမိ၏ ဆင်ခြင်မဲ့ပြောလိုက်သောစကားလေးတခွန်းကြောင့် အများကထင်ယောင်ထင် မှားဖြစ် စေပြီး လက်ထဲကဆွမ်းလုပ်ကလေးကို သင်၏ခြေထောက်ဖြင့် ကန်ထုတ်လိုက်သလိုတော့ မဖြစ်ကြပါစေနှင့်။

ဦးနိုင်ဝင်း (လန်ဒန်)
မတ်လ ၂၂၊ ၂၀၁၂

မူရင်း – http://www.facebook.com/profile.php?id=100001188094541


"သံယောဇဉ်မှာ မေတ္တာတွဲဖက်ထားမှ "


" မေတ္တာအခံမှာ သံယောဇဉ်ရှိမှ၊
သံယောဇဉ်အခံမှာ မေတ္တာရှိမှ
အကျွမ်းဝင်သူ ဖြစ်နိုင်ပါတယ် ။
မေတ္တာနှင့်ယှဉ်သော သံယောဇဉ်
သံယောဇဉ်နှင့် ယှဉ်သောမေတ္တာဟာ
အကျွမ်းဝင်ခြင်းရဲ့ လက္ခဏာပါ ။
မေတ္တာသာရှိပြီး သံယောဇဉ်မရှိရင်လည်း
ကိုယ့်အပေါ်ဆက်ဆံတာဟာ
အားလုံးအပေါ်ဆက်ဆံတာထက်
ပိုပြီးဂရုတစိုက်ရှိမှာ မဟုတ်ပါဘူး ။
သံယောဇဉ်သာရှိပြီး မေတ္တာမရှိရင်လည်း
ကိုယ့်ရဲ့ ကောင်းကျိုးဆိုးကျိုး၊
ကောင်းမှု ဆိုးမှုတွေကို
ဝေမျှခံစားနားလည်နိုင်စွမ်း၊
အကျိုးဆောင်ပေးနိုင်စွမ်း၊
ရှိမှာမဟုတ်ပါဘူး ။ "

အရှင်ဆန္ဒာဓိက
ကြယ်သီကြိုး (သို့မဟုတ်) ရင်၌တည်သော ထိုချစ်ခြင်း


ဟန်ဆောင် ထိမ်းချုပ်ရန် အင်မတန်မှ ခက်ခဲသော အရာသည် အချစ် ဖြစ်ပါလိမ့်မည်..။ ချုပ်တည်းနိုင်စွမ်း မည်မျှပင်ရှိနေပါစေ မိမိစိတ်၏ ခံစားဖြစ်တည်မှုကို ကိုယ်တိုင် အချိန်ရှည်ကြာ လိမ်ညာဖုံးကွယ်၍ လုံးဝရနိုင်မည် မဟုတ်ပါ..။

...............................

“ချစ်ဖူးပါသည်.. ချစ်ခဲ့ပါသည်.. ချစ်နေဆဲ ဖြစ်ပါသည်..။”

တိုးတိုးတိတ်တိတ် နေဝင်သွားတဲ့ ညနေတွေ အများကြီး ရှိနေဆဲပါ..။ ကျွန်မတို့အတွက် နေ့သစ်တွေ ရောက်လာဦးမယ် ဆိုပါဦး.. ဘယ်မှာလဲ အတူတူရှိနိုင်မဲ့ အာရုံဦးနဲ့ ညနေခင်းတွေ ညတွေရယ်...။ ရခဲ့ဖူးသလား မရတော့တာလား ရနိုင်သေးတယ် မရနိုင်တော့ဘူး ဘာမှမသိနိုင် တော့တာလား..!! နမိတ်မဖတ်တတ်သူ ကျွန်မတို့နှစ်ဦး ဘယ်အရာကိုမှ အတိတ်မကောက် ခဲ့ဖူးတာတော့ သေချာပါရဲ့နော်။ ကျွန်မလေ... ဘာကိုမှ ကြေကွဲမနေပါဘူးကွယ်..။ အရာရာဟာ ဟိုး အရင်အတိုင်းပါပဲ သူ့အလိုလိုလေးပဲပေါ့...။

နှိုင်းနှိုင်းဆဆနဲ့ ချင့်ချိန်ကြည့်ဘို့ ဆိုတဲ့စကားလုံးလေးက ကျွန်မတို့ စိတ်တွေနဲ့ သိပ်ကိုဝေးလွန်းခဲ့ပါတယ်..။ စိတ်တွေနဲ့ လျှောက်လှမ်းနေတဲ့ ကျွန်မတို့ လမ်းလေးက ဖြောင့်ဖြူးနေလွန်းလို့..။ သူနင်းလျှောက်သွားတဲ့ ရွက်ခြောက်ကြွေလေးတွေရဲ့ တိုးသဲ့သဲ့ ညည်းတွားသံကို ကျွန်မခံစားမိနေသလို ကျွန်မဘယ်ဖက် လက်ကောက်ဝတ်ပေါ်က လှုပ်လှီလှုပ်လဲ့ တွဲခိုနေတဲ့ ကြယ်လေးတွေရဲ့ ခိုးခစ်ခစ် ရယ်သံလေးတွေကို နားထဲမှာ အလွတ်ရနေ တတ်ခဲ့သူဟာ ဘယ်သူများ ရှိနိုင်သေးလို့လဲ...။

ဘယ်သူပြောမလဲ... ကျွန်မတို့ကို...!! ရူးတယ်လို့ပေါ့..။ ဘယ်လိုပြောပြော ပြောကြပါစေ.. နူးညံ့နေဆဲပါ။

 လာသွားမယ် ဟောဟိုကမ်းစပ်
ခရုကောက်ရင်းတေးဆို 
နေညိုညိုမှာ ငိုမှာစိုးတယ်
မောင့်လက်ကိုတွဲ
အားသစ်ဖြစ်စေ နွေးထွေးစေ..။

လေအသော့မှာ တရိပ်ရိပ်ပြောင်းသွားတဲ့ တိမ်ပန်းချီတွေကို မော့ကာငေးရင်း ဟက်ဟက်ပက်ပက် ရယ်မောရင်း ကလေးငယ်လေးတွေလို ဆော့ပြေးဖူးတဲ့ ညနေတွေကို သတိအရမှာ ပြုံးမိပြန်သေးတယ် မောင်..။ နှုတ်ခမ်းပါးမှာ လက်တမ်းကဗျာလေးတွေ “တွဲခို..” မျက်ဝန်းနက်နက်မှာ အကြည့်လဲ့လဲ့တွေက “လက်စို..”။

 ဒီလိုနဲ့ပါပဲ... ချစ်ခြင်းမူဟန်ကိုယ်စီနဲ့ ချစ်ခြင်းတွေကို ချခင်း.. ချစ်ခြင်းလမ်းမှာ ဖွဖွနင်းရင်း.. ချစ်ခြင်းနဲ့ ကြည်စယ်.. မပျယ်မဲ့ သစ္စာနဲ့ ချစ်ခြင်းကိုပွေ့ပိုက်လို့ အိမ်အပြန်တွေဟာ သိပ်ကိုလှပ လွန်းခဲ့ပါတယ်..။ ငှက်လေးတွေရဲ့ အိပ်တန်းတက် တေးဆိုသံကို ခြေရာကောက်တော့ နေကြာဝါဝါတွေက မခို့တရို့လေးနဲ့  ငိုက်မြည်းပြ ကြသေးတယ်...။

အိပ်မက်မှာ အာရုံခံ ရေတွက်ခဲ့တဲ့ ဟော.. ဟို နက်ပြာပြာ ကောင်းကင်ထဲက ကြယ်တွေလည်း အများကြီး ရှိခဲ့ဖူးသေးတာပေါ့။ ကျွန်မ ပြောပြမိခဲ့တာ မှတ်မိနေဦးမှာကို ယုံကြည်နေမိဆဲပါ...။ အဲ့ဒီညမှာ ဘယ်လို ကြယ်လေးမျိုးမှ မကြွေစေရဘူး ရယ်လို့ နှစ်ဦး သဘောတူ တိုးတိုးလေး ရွတ်ဆိုမိခဲ့ကြဖူးတယ် ဆိုပါတော့..။

“သဲပြင်ပေါ်မှာထိုင်ပြီး ညကောင်းကင်က ကြယ်တွေကို ကျွန်မတို့ လုပြီး ရေတွက်ကြမယ်လေ.. နော်”

“မေ့ကိုဝတ်ပေးဖို့ အနွေးထည်လေး တစ်ထည် ယူလာမယ်”

“ကျွန်မကကော ဘာယူလာမယ်လို့ မောင်.. ထင်လဲဟင်..”

“ဒေါက်ဖိနပ် တစ်ရံ..”

 “ဟင့်အင်း..”

“ဟော.. ဆိုင်လည်း မဆိုင်ဘူးဆိုပြီး ပြုံးနေပြီ ဒါဆိုဘာလဲ တိုးတိုးလေးပြောပြ”

 “ကြိုးလေး တစ်ကြိုး”

“ဟင်....”

“ဟုတ်တယ်.. မောင်“

“ဘာကြိုး..”

“ကြယ်သီကြိုး”

“မေ.... ရယ်”

မှင်တက်မှုနဲ့ နူးညံ့သွားတဲ့ သူ့မျက်နှာဟာ နှစ်လိုဖွယ် တည်ကြည်နေသလို.. မျက်လုံးတွေထဲက ယုံကြည်ချက် သက်ငြိမ်ပန်းချီ တစ်ချပ်ကို  လှစ်ကနဲ မြင်ခွင့်ရလိုက်သူဟာ ကျွန်မဖြစ်ခဲ့ပါတယ်..။  အဲ့ဒီအချိန်လေးမှာ ရိုးရှင်းသန့်စင်တဲ့ ရင်ခုန်စီးကြောင်းလေးဟာ မောင်ဆုပ်ကိုင်ထားတဲ့ ကျွန်မဘယ်ဖက် လက်ဖျားလေးဆီကနေ ဖြစ်တည်ခဲ့တာပါ.. မောင်..။ ကျွန်မတို့ နံဘေးမှာ ကဗျာသစ်တစ်ပုဒ် ကခုန်တော့မယောင်..။ အကြည့်တွေပြိုင်တူနဲ့ ခေါင်းကိုပင့်လို့ ကောင်းကင်ဆီကို မော့အငေးမှာ လှိုင်းပုတ်သံလေးက တိုးသဲ့သဲ့..။

 အမူပိုပို
ချစ်သူ့အတွက်
တိုးတိတ်တောင်းပန်
မပြိုပါနဲ့
တိမ်မိုးညိုရယ်
မေ.. ငြိုငြင်မှာ
စိုးလှတယ်..။

တအိအိ ပြိုဆင်းလာတော့မဲ့ မိုးသားတွေကို မောင်က ကဗျာလေးနဲ့ တဖွဖွတောင်းပန်ချိန်မှာ ကျွန်မဆံနွှယ်တွေကို လေအေးအေးက ကျီစယ်..။ လေအသော့မှာ ကျွန်မခေါင်းထက်က ခပ်ကွေးကွေး စံပယ်ကုံးလေးဆီက ရနံ့လေး ပျယ်မှာတောင် စိုးမိရသေးတယ်.. တဲ့လားကွယ်..။

 “အချစ်ဆိုတာ ဘာများလဲ.. လို့ တကူးတက တွေးကြည့်ဖူးသလား မေ..”
“အို...! အချစ်...!!”
“ပြောကြည့်ပါလားဟင်”

“ချစ်ခြင်းနောက်ကွယ်မှာ တွဲလျက်ကပ်ပြီး တွယ်ငြိလာတဲ့ အရာတွေ အများကြီးပဲ မဟုတ်လားကွယ်.. သူ့တစ်ခုတည်းကိုတော့ အချစ်ဆိုတာ ဘာလဲဆိုပြီး ပုံသေ အဓိပ္ပါယ်ဖွင့်ဆိုလို့ မရနိုင်သလို.. ဖွင့်ဆိုနိုင်ဖို့လည်း လိုအပ်မယ်မထင်ပါဘူး... မေ ကတော့လေ ဘာတွေဖြစ်လာဦးမလည်း ဆိုတဲ့ အတွေးပေါင်းစုံနဲ့ ရင်မောမနေချင်ဘူး.. အဆုံးစွန်ထိ မေ.. တွေးကြည့်ဖူးသူပါ မောင်နဲ့မေကော ဒီလောက်ချစ်နေကြပြီး ခွဲခွာခြင်းဆိုတဲ့ တစုံတရာ မေတို့ဆီကို ရောက်မလာနိုင်ဘူးလို့ ပြောနိုင်လို့လား မောင်ရယ်... ခွဲခွာကြရရင်ကော တည်တည်ငြိမ်ငြိမ် မေ.. ရင်မဆိုင်နိုင်ပါဘူး.. အဆိုးဆုံးကို ကြိုတင်တွေးထားဖူးလို့ မေ့မှာ သတ္တိတွေရှိမယ် မောင်ထင်လား..!! ဟင့်အင်း မောင်ရယ် ခံစားနိုင်တယ် မခံစားနိုင်ဘူး ဆိုတာ သတ္တိနဲ့မှ မဆိုင်တာလေ.. နော်.. မခွဲရဖို့တော့ မေတို့ ကြိုးစားရမှာပေါ့.. ဘယ်လိုပဲ ဖြစ်ဖြစ်ပါကွယ်.. ဒီလိုနေ့လေးတွေ အတွက်ကော တသက်လုံးစာပါ  မောင့်ကို.. ချစ်တယ်...” 

“ဒါပေါ့ မေ.. ဝေးဝေးနီးနီး မောင်တို့ရင်ထဲက အချစ်တွေ ရှင်သန်နေသမျှ နူးညံ့သန့်စင်စွာနဲ့ ချစ်နေကြဖို့ပါပဲ.. မောင်ချစ်တာ မေ.. တယောက်ထဲ... ကဲ.. မေယူလာမဲ့ ကြိုးကလေးနဲ့ မောင်တို့အတွေးတွေထဲက ကြယ်လေးတွေကို တလုံးချင်း သီကြမယ်နော်..”

“ဟုတ်......”

မြတ်နိုးချစ်ခင် ယုံကြည်ခြင်းတွေနဲ့ သူဆိုပြဖူးတဲ့ ကဗျာလေးတွေကို ကျွန်မနားဝမှာ ကြားယောင်လာတိုင်း ချိုလဲ့လဲ့ ပုံရိပ်လေးတွေ ကျွန်မအနား ဖြတ်ဖြတ်ပြေးနေဆဲ..။ အခုဆိုရင်... ကျွန်မတို့တတွေ တယောက်အနားမှာ တယောက် မရှိနိုင်တော့တဲ့ နှစ်လတွေက မရည်တွက်နိုင်အောင် အများကြီးရှိနေပါပြီ..။ ဒါပေမဲ့... ကျွန်မစိတ်တွေက တရက်မှမခွဲခွာပဲ မောင့်ဘေးမှာ ရှိနေခဲ့တာပေါ့..။ ဒီလိုပါပဲ မောင့်.. ရင်ခုန်သံတွေလည်း ကျွန်မနဲ့ အနီးဆုံးမှာ လှုပ်ခါနေဆဲဆိုတာ ယုံကြည်လိုက်တာလေ..။

ကျွန်မကို ချစ်စနိုးနဲ့ မေမေ“မေ”.. လို့ ခေါ်တတ်တဲ့ ကျွန်မတူတွေ တူမတွေတောင် လူပျိုပေါက်လို့ ခေါ်ဆိုနိုင်လာတဲ့ အရွယ်တွေရောက်လို့နေပေါ့..။ မောင့်မှာလည်း ကျွန်မလိုပဲ တူတွေ တူမတွေ အများကြီး ရှိနေလောက်ပြီဆိုတာ ကျွန်မသိနေပါတယ်..။ ကျွန်မတို့ နှစ်ယောက်လုံး အိမ်ထောင် မပြုဖြစ်ကြတာကို တိုက်ဆိုင်မှု တစ်ခုရယ်လို့တော့ ပေါ့ပေါ့လေး ပြောမထွက်ပါဘူးကွယ်..။

ကျွန်မအတွက်ရယ်လို့ မောင်စပ်ပြီး သိမ်းထားနေတဲ့ မဆိုဖြစ်တော့မဲ့ ကဗျာလေးတွေ ဘယ်နှစ်ပုဒ်တောင် ရှိလို့နေပြီများလဲ..!! အဲ့ဒီလိုပါပဲ... ကျွန်မတို့ အတူတူ သီကုံးနေဆဲ ကြယ်လေးတွေကလည်း ကုန်မှ မကုန်နိုင်ပဲ..။ ကျွန်မတို့ ကြယ်သီကြိုးလေးက ဘယ်လောက်ပဲ ရှည်လျားလာပါစေ ဘယ်တော့မှ ပြတ်ထွက်မှာမှ မဟုတ်တော့ပဲလေ.. နော်..!!

ကျွန်မဆိုတာ မောင့် အသိလေးထဲမှာ ရှိနေသ၍ မောင်.. ဆိုတာ ကျွန်မနှလုံးအိမ် ထောင့်လေးတစ်နေရာမှာ နေရာယူထားသ၍.. ကျွန်မတို့ ဘယ်မှာ ဝေးကွာခဲ့လို့လည်း..!! မကြာခင်မှာပဲ ကျွန်မ ဆံပင်လေးတွေ ငွေရောင် သမ်းလာတော့မှာ မောင်ရဲ့..!! ပြုံးစစနဲ့ မဆီမဆိုင် ဆံပင်ကို သပ်တင်လိုက်မယ့် မောင့်ပုံစံကို ကျွန်မ အတွေးမှာ မြင်ယောင်လာမိတယ်..။ သြော်... မောင်လည်း နောက်ရာစုနှစ် တစ်ကွေ့ နှစ်ကွေ့ကျော်ရင် ဖိုးဖိုးပဲပေါ့ကွယ်..။

ကျွန်မနားဝလေးမှာ မောင့်ခေါ်သံလိုလို စကားပြောသံလိုလို ကျွန်မ အတွေးမှာ တိုးတိုးလေး ကြားမိလိုက်ပါတယ်..။

“ကဲ... အတွေးတွေ ဝေမနေနဲ့ မေ ရယ်.. မောင်တို့ မသီမိလိုက်ပဲ လွတ်သွားတဲ့ ကြယ်လေးတွေ များနေမှာ စိုးလှတယ်...”  ။။

 ..........................

ချစ်တတ်ခြင်းသည် အချစ်ဖြစ်သည်...။ ထို့အတူ တရံတခါ၌ ဖြစ်ခဲ့သော ချစ်ဖူးခြင်းသည်လည်း အချစ်ဖြစ်ပါသည်...။ ပုထုစဉ်မှန်လျှင် လောကတွင် အချစ်နှင့်ဝေးကွာသူ မည်သူရှိပါသနည်း..။ ဘဝတွင် အနည်းဆုံး တကြိမ်တခါမျှတော့ အချစ်ကို ခံစားဖူးပါလိမ့်မည်..။

ငယ်ရွယ်နုပျိုစဉ်တွင် ဖြစ်စေ.. တည်ငြိမ်ရင့်ကျက်သော အရွယ်တွင်ဖြစ်စေ.. အသက်အရွယ် ကြီးရင့်သော အခါတွင်ဖြစ်စေ.. နူးညံ့သော ချစ်ခြင်းတစ်ခု၌ (သို့မဟုတ်) ချစ်ခြင်းတစ်ခုနှင့် ရင်ခုန် မွေ့ပျော်ဖူးလေမည်..။

နှလုံးသားကို ဗဟိုပြု၍ ရင်၌တည်သော စစ်မှန်သည့် ချစ်ခြင်းသည် အသက်အရွယ်၊ ဂုဏ်ပကာသန၊ ရုပ်ရည်သွင်ပြင်၊ ဥတုရာသီမရွေး ကွေ့ကောက်ကင်းစွာ မိမိထံသို့ တန်းတန်းမတ်မတ် ချဉ်းနင်းဝင်ရောက် လာတတ်လေ့ ရှိပါသည်..။

ထို့နောက်.. နူးညံ့သန့်စင် လှပလွန်းသော ထိုချစ်ခြင်းသည် အသက်အရွယ်အားဖြင့် မည်မျှပင် ကြီးမြင့်သွားပါစေ နုဖတ်သည့် နှလုံးသားရင်ခွင် ကိုယ်စီ၌ ကိန်းဝပ်ရှင်သန် တည်မြဲနေလေ့လည်း ရှိတတ်ပါသေးသည်..။

ခင်လေးငယ်
Kita-ku, Tokyo

                                        

Sunday, April 29, 2012

ထိုသူတစ်ဦး၏ စုံဆယ်ဖြာ


(၁)
ဗြဲရှပ်မဏ္ဍပ်ပါတီ ခရိုင်ဥက္ကဋ္ဌကြီး ဦးပိန်ညောင်မှာ အင်မတန်မှ ဦးနှောက်ခြောက်စရာ ကောင်းသော အခက်အခဲကြီး တစ်ရပ် အတွက်၊ ဘေးကျပ်နကျပ် ဖြစ်နေရှာလေသည်။
သို့ရာတွင် ဦးပိန်ညောင်မှာ အရူးလည်းမဟုတ်၊ နွားလည်းမဟုတ်ရသည်မှာတော့ အမှန်ပင်ဖြစ်သည်။ သူ၏ ဖြူဖြူ သွယ်သွယ် တည်တည်ခန့်ခန့်ရှိနေသော ဥပဓိရုပ်နှင့် ဗြဲရှပ်မဏ္ဍပ် ဥက္ကဋ္ဌကြီးဆိုသော ဂုဏ်ပုဒ်ကို ဖက်စပ် မိနေသည်ကပင် နွာနှင့်အရူဟု ဘယ်လိုမှမဆိုရက်စရာ။

ပြီးတော့ သူသည် သည်ထက်ပို၍ စိတ်ချနိုင်လောက်သော သက်သေအထောက်အထားများကို လည်း ဗြင်းခနဲ ဗြင်းခနဲ ဆွဲထုတ်ကာ လက်တွေ့အားဖြင့် အခိုင်အလုတင်ပြနိုင်သူ ဖြစ်လေ၏။ သို့ကြောင့်လည်း သူက “ကျုပ်တို့ဟာ နွားလည်မဟုတ်ဘူး အရူးလည်းမဟုတ်ဘူး” ဟု စကားဟောင်းကို ပဲတင်ထပ်ကာ အောင်အောင် မြင်မြင် ဟစ် ကြွေးနိုင်ခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ သည်တစ်ခါမှာတော့ သူစိတ်အညစ်ကြီး ညစ်ရပေပြီ။ ဤအခက်အခဲကို သူဘယ်လို ဖြေရှင်းပေးရမည်ပင် မသိ။ ဆဖြူငုတ်ကလေးများ ထိုးထိုးထောင်ထောင် ရောနှောက်နေသည် သူ၏ က တုံး ဆတောက် ကလေးမှာပင် ကုတ်ဖွရလွန်း ၍ ဖရိုဖရဲဖြစ်နေရရှာသည်။

သည်နေရာတွင် အကယ်တိတာ ဇနီးသည် ဒေါ်ဖက်တီ၏ ၀မ်းကြာတိုက်မှ လူလားမြောက်ပြီးသော သာ ရွှေဥတစ်ယောက်ကို အောက်တိုမက်တစ်နည်းဖြင့် ဒါရိုက်ဟစ်ဖွားမြင် ပေးလိုက်နိုင်မည်ဆိုပါလျှင်လည်း သည်ပြဿနာ မှာ အကောင်တကာ့ ကောင်းဆုသောနည်းဖြင့် ဖြေရှင်းသွားနိုင်ပေမည်။ ယခုသော...
ဦးပိန်ညောင် ခမျာမှာ အကြံရလိုရငြားဖြင့် ကုလားထိုက်ကို စာပွဲနားမှဆွဲရွှေ့သွားကာ ပြတင်းပေါက်တွင် မေးထောက်၍ ထိုင် ရင်း မိုးတစိမ့်စိမ့်ရွာနေသည် အပြင်လောကဓာတ်ကြီးကို အငေးသားကြည့် နေမိ လေသည်။

ထိုခဏတွင် “ကြ...ကြ” ဟု ဆွဲဆွဲငင်ငင် အော်လိုက်သည်နှင့်အတူ ကြံတောင့်ကြီးကို ခေါင်းပေါ် ရွက်လာ သည့် ဈေးသည်မ ကြီးတစ်ယောက်ကို မြင်တွေ့လိုက်ရလေရာ သူ့စိတ်တွင်းမှာ ထောင်းခနဲ ဒေါပွ သွားလေ၏။ “မကြံနိုင်ဘူးဟဲ၊ မကြံတတ်လို့ ဟဲ့” ဟူ၍သာ ကုန်း၍ကုန်း၍ ဟစ်လိုက်ချင်တော့်သည်။

(၂)
ဦးပိန်ညောင်တစ်ယောက် အခက်ပွေရခြင်း၏ အစမှာ သူ၏သားကြီး သြရသဖြစ်သောစီနီယာ ပိန်ညောင်ကို တက္ကသိုလ် ကျောင်းတော်ကြီးသို့ ပိုလွှတ်မိရာမှ ဖြစ်ပါသည်ဟုဆိုပါလျှင်လည်း မှားနိုင်မည်မဟုတ်ပေ။

သည်အရင် ခေတ်ကောင်စဉ်ကဆိုလျှင်ဖြင့် ဦးပိန်ညောင်နှင့် ဇနီးသည် မစ္စက်ပိန်ညောင်ခေါ် ဒေါ်ဖက်တီ ခေါ် ဒေါ်ဘုတ်ဆုံ တို့မှာ ထမင်းကြမ်းခဲကို ယပ်မခတ်သော်လည်း ငါးပိဖုတ်ငရုတ်သီး စပ်စပ်ကလေးနှင့် မြှုပ်ကာ၊ လက်ဖက်ရည်ကြမ်းခါးခါး ပူ ပူနှင့်ရူးရူးမြည်အောင်သောက်နေရလျှင် တင်းတိမ်နိုင်စွမ်းသော ပကတိ မောင်လူအေး နှင့် ခင်သန်းမြင့် (အဲလေ ဟုတ်ပါဘူး) မောင်လူအေး နှင့် မအေးသာကြီးများပင် ဆိုနိုင် လောက်ပါသည်။

သို့ရာတွင် အမိအဖများ သိတော်မူကြသည့်အတိုင် ဆန်ကောတွင် ဆီးဖြူလုံးကဲ့သို့ ဆိုသော တစ်ဘောင် တော်ကြီး အရ လူအပေါင်းတို့ယောက်ယက် ဆန်နေကြရသည့် သမယကြီးတွင် သူတို့မှာလည်း ထာဝစဉ် ရပ်တည်၍ မနေနိုင်ကြရှာ။

အင်္ဂလိပ်ပြေး၍ ဂျပန်မ၀င်မီမှာ မြို့လူထုတွေ တောရပ်မှီခိုကြရပြီးနောက်၊ ဂျပန်ရောက်၍ အနည်းငယ် အနည် ထိုင်စ ပြုပြီးဖြစ် သော ကာလမှာ မြိုပြန်ဝင်ကြရသောအခါကပင် အဆိုပါ ဦးပိန်ညောင် တို့ တစ်တွေ လည်း ရွာတန့်ရှည်ကြီးမှသည် ဖာတစ်တန် အထုပ်တစ်ဖက်ထမ်းကာ မြို့လူထုနှင့် အတူ ရောနှော ပါလာ ခဲ့ကြရသည်။

သူတို့သည်လို ရွှေ့ပြောင်းလာကြရခြင်း၏ အကြောင်းရင်းကိုတော့ ဦးပိန်ညောင်တို့က နိုင်လွန် ၀တ်ထားသည် ထက် လုံးခြုံ အောင် လျှို့ဝှက်ထားကြသည်။ သို့သော် ပြောရဆိုခွင့်ရှိသော သို့မဟုတ် အနီစပ် ဆုံးသော ဌာန တို့မှ ပေါက်ကြားလာသော သတင်းတစ်ရပ်အရဆိုလျှင်တော့၊ သူတို့တွင် ပြည်တော်သာ အုန်းသီးလောက်မက ကိုကိုကြီး၊ ကိုကိုလေးကျွန်းက အုန်းသီး ချောချောလောက်ရှိသော အထုပ် တစ်ထုပ် ကို တစ်ညလျှင် တစ်ဆယ့်သုံးကြိမ်လောက် ထထစမ်းနေရသည်မှာ အိပ်ပျက်လွန်း သောကြောင့် ဟု ဆိုလေသည်။

ထိုအဆိုကို ရွာတန်ရှည်ကြီ မီမလောင်မီက (ဦးပိန်ညောင်တို့ အဘိုးလက်ထက်မှာ ဆောက်လုပ်ခဲ့သည်) အုန်း လေးဖက်ချ သွပ်မိုးအိမ်ကြီးကို မြင်ဖူးလိုက်သော လူအပေါင်းတို့ကလည်း ကောင်းကောင်းကြီး ထောက်ခံ ချက်  ပေးကြသည်။

သို့နှင့် သူတို့တစ်တွေသည် မြို့ထဲမှာ အိမ်မကြီးမငယ် တစ်လုံးကိုငှားရမ်းကာ အိမ်နံဘေးတွင် အေးကျင်း ကောင်းကောင်း တူပြီး မြို့လူထုများနည်းတူ ဗုံးရှောင်ရခြင်းအတတ်ကိုလည်းကောင်း၊ “ယောဒေါရှိ” နှင့် “အာရိကတော” တို့ကို သံယောင်သံ ဖမ်းအားဖြင့်လည်းကောင်း တတ်မြောက်လာကြကာ သားသမီး များကို ပင်လျှင် မြို့ကျောင်းမှာ အပ်နှံထားနိုင်သောအခြေသို့ ရောက်ခဲ့ရလေသည်။

(၃)
သို့ပေမဲ့ ထိုအခါသမယမှာ ဦးပိန်ညောင်ရော (ထိုစဉ်က ဒေါ်ဖက်တီးမခေါ်ဆိုသေးသည့်) ဒေါ်ဘုတ်ဆုံပါ ထမင်းကို ကောင်း ကောင်းမစားနိုင်ကြပေ။ ဟင်... မကောင်း၍ မဟုတ်ပါ။ ဆိုခဲပြီးသည်အတိုင်း ငါးပိနှင့်သာ အဖော် လုပ်ရမည်ဆိုလျှင် (ဂျပန် ခေတ်မို လက်ဖက်ရည်ကြမ်းစစ်စစ်မသောက်ရ၍) ဒန့်ကျွဲစေနှင့် ထိကရုံးရွက် တွေကိုပဲ ရေနွေးပူပူမှာ ခပ်သောက်ရပါစေ၊ သူတို့လျှာအတွက် ကိစ္စမရှိရှိရိုးအမှန်ဖြစ်သည်။ သူတို့ အတွက် ကိစ္စရှိနေသည်မှာတော့ ဟိုးကိုကိုကျွန်းက အုန်းသီးလောက် အထုပ်ကြောင်သာဖြစ်လေ၏။
ဟိသစ္စ မှန်လှသည်။ ထိုအခါက တစ်စုံတစ်ယောက်သောသူသည် ဟိုရုပ်ရှင်ကားထဲမှ ကိုယ်ပျောက်ဆေးကို ခေတ္တ မျှ ငှားယူသုံးစွဲနိုင်၍ ညအခါ ဦးပိန်ညောင်တို့ နေအိမ်ကို ချဉ်းကပ်ကြည့်ရှုနိုင်စွမ်း ရှိသည်ဆိုပါစို့။

မျက်တွင်းအနည်းငယ် ချောင်ကျနေသော်လည်း ဆင်ပိန်ကျွဲလောက်တော့ ရှိနေသေးသော ဒေါ် ဘုတ်ဆုံကြီး က ကြုလှီ ဖျော့တော့ နေရှာသည် ဦးပိန်ညောင်၏ အနီးသို့ကပ်ကာ လေသံသဲသဲကလေးဖြင့် “ရော့ နေတာ ကွမ်းသီးလုံးလောက် တောင် မကတော့ဘူးတော်ရဲ့” ဟု စိတ်မချမ်းမြေ့စွာနှင့် ဆိုပေမည်။ သည်အခါမှာ ဦးပိန်ညောင်ကလည်း
“အေး လက်သီးဆုပ်လောက်သာ ရော့သွားရင်တော့ ခက်ရချည့်ကွာ” ဟု ဆီမန်းမန်းသလိုနှင့် မသက် မသာကြီး ဆိုလိုက်လိမ့် မည်ပြီးတော့ သက်ပြင်းရှည်ကြီးတွေကို ပြိုင်တူချလိုက်ကာ မှိုင်ပုံတော်ကြီးနှင့် မှိုင်နေ ကြတော့ သည်မှာ ကြည်ရှုရသူကိုပါ သူတို့၏စိတ်မချမ်းသာ ရောဂါကြီးကူးစက်ပြီး ကပ်ပါမလာခဲ့လျှင် ကျေးဇူးတင် လောက်သည်။

သို့ကလို တပိန်ပိန်တလိမ်လိမ်နှင့်ပင် နေမင်းရောင်ခေတ်ဆိုးကြီးကို  ကျော်လွန်လားခဲ့ရပြီးနောက်မှ အများ လူထု နှင့် အတူ လွတ်လပ်သော ပြည်ထောင်စုသမ္မတနိုင်ငံတော်သားအဖြစ်ကို ခံယူကြရသည်။ ဤအခါ၌မူ သူတို့ ၏ (ပြည်တော်သာ အုန်း သီးအငယ်စားလောက်သာ ရှိတော့သော) အထုပ်ကို ဦးပိန်ညောင်ကိုယ်တိုင် မျက်စိ မှိတ်ကာ အံကြိတ်ကာထက်ခြမ်းခွဲလိုက် လေတော့၏။
ပြီးတော့ ထိုအုန်းသီးတစ်ခြမ်းနှင့်မျှတသော ဆိုင်ခန်းမကြီးမငယ်တစ်ခုကို ဈေးနားခပ်နီးနီးမှာ ဖွင့်လေသည်။ စားသောက် နေ ထိုင်ကြသည်မှာတော့ ရှေးကနည်းအတိုင်း...။

(၄)
ဦးပိန်ညောင်၏ ကြရည်ဖန်ရည်ကပဲ စွမ်းလို့လား၊ ဘ၀သံသရာ အဆက်ဆက်မှ ကံတရားကပင် ထမ်းပိုး သလား တော့ မဆိုနိုင်၊ သူတို့တွင် ဖြစ်ရှိနေသော ဆိုင်ခန်းအပြင် မကြာမီ သူတို့၏ အုန်းသီး လောက်ကြီး မှာလည်း ကိုကိုကျွန်း မှ တစ်လုံးစာ လောက်ပင် ပြန်ပြည့်သွားလေ၏။ သည်အခါမှပင် သူတို့တစ်တွေလည်း ငါးသန် သေးနုပ် ရေလုံးပြုတ်ဆိုတာကို စားရကောင်း မှန်း သိသွားကြသည်။
ပြီးတော့ထူးခြားချက်များ စတင်လာခဲ့ပုမှာယင် အခိုက်အတန့်အတွင်းမှာပင် (နောင်အခါတွင် စီနီယာ ပိန်ညောင် ဟု တွင်သော) သူတို့၏သားကြီး သြရသသည် တက္ကသိုလ်ဝင် စာမေးပွဲကြီးကို အောင်မြင် သွားခြင်း ဖြစ်၏။

ထိုအခါတွင် ဦးပိန်ညောင်ကိုယ်တိုင် သစ်ပင်ပေါ်တက်မကြည့်ရဘဲနှင့် အမြင်ကျယ်လာပြီဖြစ်သည်ပင် အများ ကလည်း တိုက် တွန်းကြသည်နှင့် ထိုသာကြီး သြရသကို တက္ကသိုလ်ကျောင်းတော်ကြီးသို့ ပို့လိုက်ကြသည်။ ထိုသားကြီး၏ အောက်မှ “အေးမေသူဇာ” နှင့် “ထွေးမေဖြူပြာ” တို့မှာ တော၏သမီးမှ ဆင်းသက် ဆက်နွှယ် လာကြသည်မို့ နာမည်ရင်းမဟုတ်တန်ရာ သည်ကိုတော့ စာရှုသူတို့ တွေးထင်ပြီး ဖြစ်တန်ရာ သည်။ မှန်လည်းမှန်ပါ၏။ ယခုလောလောဆယ်မှာ တက္ကသိုလ်စော် နံလှ ပြီဖြစ်သော ခေတ်၏သမီးများ ဖြစ်ပေသမို သာ သူတို့၏ရှိရင်စွဲ မအေး၊ မထွေးများအပေါ်မှာ မေသူဇာ မေဖြူပြာ တို့ဖြင့် ကွန့် လိုက် လွန့်လိုက်ကြခြင်း ဖြစ်ပါသည်။

ပြီးတော့ သည်မျှနှင့်မတန် “ကျွန်မတို့ အမေကိုလည်း ၀လွန်းလို့ ဒေါ်ဘုတ်ဆုံခေါ်နေကြတာတဲ့ရှင်၊ ဟိုလှည်း လုပ်လို့စီးဆို တဲ့ သီးချင်းများကိုများ တွေးမိရင်း သိပ်စိတ်ဆိုးဖို့ ကောင်းတာပဲရှင်၊ ယဉ်ကျေးမှု နာလည် တဲ့ မြို့အရပ်မှာဆိုရင်တော့ ဒေါ်ဖက်တီးလို့ပဲ ခေါ်ကြမှာပေါ့နော်” ဟူ၍လည်း သူတို့၏ နှုတ်စလျှာစ ကလေးများကို ပြကြသေးသည်။ ထို့ကြောင့် အလိုက် သိသူအချို့က စတင်ခေါ်ဝေါ်သမှုဖြင့် ဒေါ်ဘုတ်ဆုံ ကိုယ်တိုင်မှာပင် ဒေါ်ဖက်တီးဖြစ်လာပြန်၏။

သည်အထဲမှာ မိဘများက ကြာသပတေးသားမို့ နေ့သင်နံသင့် ယူ၍လည်းကောင်း၊ ၀သန်ဦးမှာ ရွှင်မြူး ကြသည် ဖားအော်သံ ကလေးများကို နာခံကာ မွေဖွားခဲ့ရသူမို့လည်းကောင်း “မောင်ဖာ” ဟု မှည့်ခေါ် ထားခဲ့ လေသည့် တက္ကသိုလ်ကျောင်းတော် သားကြီးကလည်း-
“အဖေ ရာ ကျွန်တော်ကို ဒီနာမည်ကြီး မှည့်မယ့်အစား ငဘတို့ ဖိုးလုံးတို့ မှည့်ထားတာကမှ ဘ၀နဲ့ နီးစပ်ဦးမှာ” ဟု ညည်း တွားသမှုပြုလာခဲ့ပြန်သည်။ ကြာတော့ ဦးပိန်ညောင်မှာပင် နားအကြားရ ကပ် လာလေ တော့၏။

“ဟို လျှာရှည်တတ်တဲ့ မိန်းမသားတွေက ရှိပါစေ၊ ဒီကောင်ကပါဘာဖြစ်ရပြန်တာလဲ၊ မင်းမှာ ဒီနာမည်နဲ့ပဲ တက္ကသိုလ် ကျောင်းတောင်ရောက်ရပြီမဟုတ်လား၊ ငါတို့တော့ ဘယ်တော့မှ မပြင်ဘူးဟေ့၊ ဒီပိန်ညောင် နဲ့ပဲ အုန်းသီး နှစ်လုံးစာ လောက် ထုပ်နေရတာ” ဟု အော်ငေါက်မိရာ
“ကျွန်တော် က နည်မည် လှမလှ ရွေ့နေတာ မဟုတ်ပါဘူးဗျ၊ ဘ၀နဲ့ မနီးစပ်လို့ ပြောနေတာပါ၊ အဖေ့ နာမည်မျိုး ဆိုလည်း အရေးမကြီးပါဘူး၊ စီနီယာ ပိန်ညောင်ပဲ ခေါ်ကြပါစေပေါ့” ဟု သူကိုယ်သူ ဇွတ်အတင်း ကင်းပွန်း တပ်လိုက်ပြန်သည်။

သို့နှင့် သားအထွေးဆုံး မောင်ခွေးပုမှာပင် လက်ဖက်မကျွေးရ၊ ဘိသိတ်မသွန်းရပါဘဲနှင့် ဂျူနီယာ ပိန်ညောင် ဘ၀ သို့ အလို လိုရောက်ရှိလာရခြင်း ဖြစ်လေ၏။
မည်သို့ပင်ဖြစ်စေ ဦးပိန်ညောင်မှာတော့ စီနီယာ ပိန်ညောင်တစ်ယောက် ၀ိဇ္ဇာမဓိုရ်ရ မီကပင် “စိမ့်ကြီး မြိုင်ကြီး” ပါတီနှင့် ပေါင်းကာ မြေလျှိုးသွားလေတော့၏။ ဦးပိန်ညောင် မျှော်မှန်းထားသည် အုန်းသီးခိုင်ကြီး မှာလည်း အပင်ရင်းပါ ပြုတ်ထွက်ကာ လေထမှာ လွင်စဉ် ပျောက်ကွယ်သွားရလေပြီး။

(၅)
“လူကြီးမင်း ဦးပိန်ညောင်ခင်ဗျား၊ ကျွန်တော်တို့ရဲ့ ဗြဲရှပ်မဏ္ဍပ်အဖွဲ့ကြီးအတွက် ရန်ပုံငွေများ ကောက်ခံ နေပါတယ်။ ခပ်များ များထည့်ဝင်တော်မူပါ ခင်ဗျာ့”
ဧရာမ ငွေဖလားကြီးကို ရင်ခွင်မှာပိုက်ကာ သည်လူစုတစ်တွေ အိမ်ပေါ်ကိုတက်လာစမှာဖြင့် ဦးပိန်ညောင် မှာ မကောင်းတတ် လွန်း၍သာ ရောယောင်သွေးသောက် ပြုံးလိုက်ရသေးသည်။

“ဟဲ....ဟဲ...ဟဲ...ထည့်ရတာပခင်ဗျာ”
ပြီးတော့လည်း သူသည် မချိသွားဖြဲကလေးနှင့်ပင် အခန်းထဲသို့ ထလာခဲ့ရ၏။ ထို့နောက် စွန့်ခြင်းကြီး ငါးပါး အနေနှင့် အားတင်းလိုက်ကာ ၅ ပြားစေ့ ငါးစေ့တိတိကို ယူထွက်လာခဲ့ပြီး စက္ကူတွေချည်း အထပ်လိုက်ရှိနေသော ငွေဖလားကြီးထဲကို ဟန်ပါပါ ကြဲထည့်လိုက်သည်။

ဤတွင်...
“ဘာလဲ ခင်ဗျာက ကျုပ်တို့ရဲ့ ဗြဲရှပ်မဏ္ဍပ်ကြီးကို စော်ကားတာပေါ့လေ” ဟူသော ခြေင်္သေဟောက် သည်နှင့်တူစွာသော အသံကြီးကိုကြားရတော့သည့်အပြင်....
“ဟွန်း...ဟွန်း... သားတော်မောင်တစ်ယောက်လုံးက စိမ်းကြီးမြိုင်ကြီးပါတီထဲမှာ ဆိုတော့လည့် ကျုပ်တို့ရဲ့ ဗြဲရှပ်မဏ္ဍပ် ကို မခန့်လေးစားပြုဝံ့ပေမေပေါ့ဗျာ” ဟူသော မိုခြိမ်းသည်နှင့်တူစွာ အသံကြီးကိုလည်း ထပ်မံ၍ ကြားရ ပြန်လေ၏။

ဦးပိန်ညောင် တစ်ယောက်မှာတော့ ထိုခြင်္သေဟောက်သံ၊ မိုးခြိမ်းသံများ၏အလယ်မှာ ဇက်ကလေး ပုဝင် နေရရှာသည်။ သူတို့တစ်တွေ ခပ်ဆောင်ဆောင် ဆင်းထွက်သွားကြသည်ကိုလည်း ဘာစကားမျှ မဆိုလိုက်နိုင်။ ထိုနေ့ညတစ်ညလုံးမှာ လည်း ကောင်းစွာ အိပ်မပျော်နိုင်ခဲ့တော့ပေ။ သည်တစ်ခါ အိပ်မပျော် နိုင်သည် မှာမှ ယခင်တောမှာနေစဉ်... ကိုကိုကျွန်းက အုန်းသီးခန့်ကို ထထစမ်းနေရသည်ထက် ပိုဆိုးသည်။ ထိုစဉ် က စိတ်မလုံနိုင်တိုင်း ထိုအုန်းသီးခန့်ကို တစ်နေရာမှာ တစ်နေ ရာရွှေ့ပြောင်းထားနိုင်သေးသည်။ ယခုတော့ သူ့ရင်ထဲ အသည်းထဲ ကလီဇာထဲကကို ဖြစ်ရှိလာသောအကြောက်ထုပ်။

ဒီအကြောက်ထုပ်ကိုဖြင့် သူ ဘယ်နေရာမရွှေ့ပြောင်းနိုင်။ လုံခြုံရာလည်းမရှိ။ စစ်အတွင်းက ဒက်-ဒက်-၀ုန်း-၀ုန်း-၀ုန်း တို့ကမှ အေးကျင်ကောင်ကောင်တွင် ခိုကိုးရာရှိသေးသည်။ ယခုတော့ ခြင်္သေဟောက်သံနှင့် မိုးခြိမ်းသံကြီး များက သူ့နားထဲမှာ ပဲတင်ထပ်နေတော့သလိုပင်။ သည်အကြောက်ထုပ်ကြီးကလည်း သူ့ရင်ထဲ မှာ ကန်လန့်ကြီးခံနေသည်။ မအောင့်နိုင်၊ မခံသာနိုင်ဖြစ်လာတော့သည့် နောက်ဆုံးတွင်ကား... “အုန်းသီး တစ်လုံးစာ လောက်ဖြင့် ကုန်ချင်ကုန်သွားပါစေ၊ သည်အ ကြောက်ထုပ်ကြီးကိုတော့ ရှင်းပစ်လေ မှ”  ဟူ၍သာ စိတ်မသက်မသာကြီးအကြားမှ ဆုံးဖြတ်ချက် ချရရှာတော့သည်။

ဤအကြံကို ဒေါ်ဖက်တီးသို့ တိုင်ပင်လေသောအခါ၌လည်း သူလိုပင် အကြောက်ထုပ်ကြီးကို မထွေးနိုင် မအန်နိုင် ဖြစ်နရရှာ သည်။ ဒေါ်ဖက်တီးကလည်း နှမြောတုန်ခိုက်စွာသော အကြားမှပင် သဘောတူညီမှု ပေးလေသည်။ သို့နှင့် နံနက်မိုးသောက် အလင်းသို့ရောက်လာသည်တွင်မူ ဦးပိန်ညောင်သည် (သူတို့ အုန်းသီးထဲမှ ထွက်လာဟန်ရှိသည့်) အထုပ်ခပ်ကြီးကြီး တစ်ထုပ်ကို ကိုင်စွဲကာ ခြင်္သေ့ဟောက်သံနှင့် မိုးခြိမ်းသံကြီးများ ရှိရသို့ ၀ပ်တွားပန်ထွာရရှာလေတော့၏။

“ဟဲ...ဟဲ...ဟဲ လူကြီးမင်းတို့ကလည်း ဟဲ...ဟဲ...ကျွန်တော် မနေ့က ကျီစားတာကို ဟဲ...ဟဲ တကယ် မမှတ်ပါနဲ့ ခင်ဗျာ ဟဲ...ဟဲ...ဟဲ...။ တကယ်ဆိုတော့ ကျွန်တော်သား ဖြစ်ရတာလဲ ဟဲဟဲ ကျွန်တော်နဲ့ မဆိုင် ပါဘူးဗျာ။ ကျွန်တော်ကဆိုရင် လည်း ဟဲ...ဟဲ...ခင်ဗျားတို့ရဲ့ ဗြဲရှပ်ဏ္ဍပ် အဖွဲ့တော်ကြီးကလွဲရင် အဟဲ... ဘာကိုမှ သဘောကျတဲကောင် မဟုတ်ပါဘူးဗျ ဟဲ...ဟဲ”

ဦးပိန်ညောင်က သူတတ်သမျှ မှတ်သမျှသော အန္တရာယ်ကင်းဂါထာတော်ကြီးကို ရွတ်ဖတ်ပြီးတော့မှ သူ ယူလာခဲ့ သော အထုပ်ခပ်ကြီးကြီကို ကိုယ်ထိလက်ရောက် ထည်ဝင်လှူဒါန်းလိုက်သည်။ ရုတ်တရက်သော် ခြင်္သေ့ ဟောက်သံကြီး နှင့် မိုးခြိမ်း သံကြီးတို့၏ မျက်လုံးအစုံ တို့မှာ ပုစွန်မျက်လုံးများပမာပင် ပြူးထွက် လာကြ သေးသည်။ ပြီးတော့မှ ကပျာကသီ ဣနြေ္ဒဆည် ပစ်လိုက်ကြကာ သူတို့၏ မျက်နှာများကို သကာရည် ခပ်ထူထူကြီး လူးပြလိုက်ကြလေသည်။

“အဟဲ...ဟဲ ဦးပိန်ညောင်ကို ကျွန်တော်တို့ ချီးကျူးပါတယ်ဗျာ၊ ဒီမြို့ထဲ ဒီခရိုင်ထဲမှာဖြင့် ခင်ဗျာလောက် ရက်ရော နိုင် သူ ရှာမှရှားပါပဲ”
သည်တစ်ခါတော့ မိုးခြိမ်းသံကြီးနှင့် ခြင်္သေ့ဟောက်သံကြီးများမှ ထူးခြားစွာ ဖားအကြီးစားများ၏ အသံကဲ့သို့ ပြောင်းလဲ သွား ကြလေ၏။ ဦးပိန်ညောင်ကလည်း “ငါတို့၏ အကြောက်ထုပ်ကြီးမှာ လိုသည်ထက်ပို၍ ကြီးနေခြင်း ပေလား” ဟူ၍ သံသယဖြစ်မိသလိုလို ရှိလေသည်။ သို့ပေမဲ့ ယခုလို ဖားအကြီးစားမယား၏ အော်သံ မျိုး ကိုတော့ သူ၏ ကလီစာထဲကပါ သဘောကျ လက်ခံချင်သေးသလိုလို။

သည်လိုနှင့် မကြာမြင့်သော ကာလအတွင်းမှာ ဗြဲရှပ်မဏ္ဍပ်အဖွဲ့တော်ကြီးဖြင့် တစ်ကြိမ်နှစ်ကြိမ် ထပ်မံ ဆက်သွယ် ရပြန်သည် တွင်မူ မတော်တဆ မိုးခြိမ်းသံ ခြင်္သေ့ဟောက်သံကြီးများကို ကြားရလေဦး မည်လား ဟု ကြိုကြိုတင်တင်စိုးရိမ် စိတ်မချရှိလာ ပြန်ခြင်းနှင့် ဖားကြီးကြီး အသံကလေးမျိုးကို အူထဲအသည့်ထဲက လက်ခံလို ပြန်ခြင်းတို့ဖြင့် ရောထွေးကာ ဦးပိန်ညောင်က ရှေးနည်းတူရက်ရောလိုက်ရပြန်သည်။

“ဦးပိန်ညောင် ခင်ဗျား ကျွန်တော်များရဲ့ အဖွဲ့တော်ကြီးမှာ အမှုဆောင်တစ်နေရာ လက်ခံတော်မူပါ”
တဖြည်းဖြည်း နှင့် ဖာကြီးကြီးငယ်ငယ်တို့၏ အသံများသည် တိုးတက်သည်ထက် တိုးတက်လာကြလေ၏။ ဦးပိန်ညောင် က လည်း “အင်... ငါနောက်ဖက်မှာ ရာဇပလ္လင် ကပ်ပါနေတာ ငါ စောစောက မသိရပါကလား” ဟု ဘ၀ဂ် ကို လှမ်းမြင်နေသော စိတ်ဖြင့် လက်ခခေါင်းညိတ်ပစ်လိုက်သည်။ ဒေါ်ဘုတ်ဆုံးခေါ် ဒေါ်ဖက်တီး ကတော့ သူတို့မှာ အုန်းသီး တစ်လုံးလောက်နီးနီး လျော့နည်းသွားရခြင်းကို မရွှင်လန်းနိုင်သောစိတ်ဖြင့် မျက်စောင်း ထိုး၍ နှုတ်ခမ်းစူလေသည်။

သို့သော် သို့သော ထိုမျက်စောင်းထိုးခြင်း နှုတ်ခမ်းစူခြင်းတို့မှ အပြုံးပန်းတွေ တစ်ပွေ့ကြီး တစ်ပွေ့ကြီး ထွက်လာလောက် အောင်ပင် ဦးပိန်ညောင်က စွမ်းရည်သတ္တိပြနိုင်ခဲ့လေသည်။ သူသည် သိပ်မကြာသော ကာလအတွင်းအတွင်းမှာ ခရိုင်ဥက္ကဋ္ဌ ကြီး အဆင်အတန်ကိုလည်း တက်လှမ်းနိုင်ခဲ့၏။ ပြီးတော့ ဟို သာဝမာသဗျ အသင်း ဖြန့်ကြဲရေးဌာနနှင့် ပွေ့သတ်အဖွဲ့စ သည်တို့မှာ ဒိုးလိုမွှေလိုက်နိုင်ရုံမျှမက ကြီးကျယ် မြင့်မား လှစွာသော ပုဂံငကျွဲ၊ ငမို့ ငုံ့ တို့နှင့်ပင်လျှင် ဆက်သွယ်ပေါင်းသင်း မိသွားသည်။

ခပ်တိုတို ပြောရမည်ဆိုလျှင်တော့ သူသည် တစ်လုံးစာလောက် ဖြန့်ဖြူး ဆက်သ လိုက်လျှင် (အုန်းသီး ပြောတာပါနော်) နှစ်လုံး စာမက အစာပြန်ရနိုင်သည်ဆိုသော “နှစ်ထပ်ကိန်းရင်းနှင့်တိုးသည်” ဖော်မြူလာကြီး ကိုပင်လျှင် ရရှိသွားပြီး ဖြစ်ပေသတည်း။ သို့ကြောင့် အပြုံးပန်းတွေ တစ်ရုလုံးပွင့်ပြီးနေသော ဒေါ်ဖက်တီး မှာပင် ရှေ့သွားနောက်လိုက် ညီမျှစွာ အဖွဲ့တော်ကြီးထဲမှာ ပါဝင်ထမ်းရွက်ဖော် ရလာ ခဲ့တော့သည်။

သည်အခါတွင် (အခြေအနေရ) လက်ဖက်ရည်ကြမ်းပူပူနှင့် ငါးပိဖုတ် ငရုတ်စပ်စပ်တို့သည်လည်းကောင်း၊ ငါးသန်သေးနုပ် တို့သည်လည်းကောင်း၊ ဝေးရာသို့ ရှဲကြလေ၏။ သူတို့နေရာမှာ ပင်လယ်ငါးမျိုးစုံ တို့သာမက သူတို့၏ ဖော်မြူလာထဲတွင် ပါရှိဟန်တူသော ရေခဲသေတ္တာကြီးနှင့် ပုလင်းမျိုးစုံ ဗီရိုကြီးတို့ပါ ရောက်ရှိ လာကြသည်။
ယခင် အငှားနေအိမ်မှ ပြောင်းရွှေ့ပြီးကာ ကိုယ်ပိုင်တိုက်အိမ်ကြီးကလည်း အကြီးကြီး၊ စားပွဲသောက်ပွဲ စည်းဝေး ဧည့်ခံပွဲကြီး တွေ ကျင်းပလိုက်ကြသည်မှာလည်း ဂရီး ဂရီုး။ သူတို့ပိုင်နှင့် သူတစ်ပါးပိုင် မော်တော်ကား အခံကားကြီးများကလည်း တ၀ီးဝီး။ အဲဟိုဈေးနားမှာ မမှတ်မိ လောက်အောင် တိုးချဲ့ကြီးထွားနေသည် ဆိုင်ခန်းကြီးကိုထား၍၊ ရွှေမြို့တော်ထဲမှာပင် ကိုယ်စားလှယ် များနှင့် လုပ်ကိုင် နေသော လုပ်ငန်းကြီးများကလည်း တဟီးဟီး။

အီး... တယ်ပြီးတော့ နိပ်လှစွာသော ဗြဲရှပ်မဏ္ဍပ်ကြီး၏ အာနိသင်များပါပေတကား။

(၆)
အင်မတန်မှ သာယာဖြောင့်ဖြူးနေသည့် အခြေအနေထဲတွင် ဦးပိန်ညောင်သည် ရင်ထဲမှာ တဒိတ်ဒိတ်နှင့် တစ်စုံ တစ်စုံသော အရာကို မျက်ခြည်မပြတ် ကြည်နေရပြန်လေ၏။ တခြားတော့ မဟုတ်ပါ။ ၀မ်းလျား မှောက် နေရာမှ ခေါင်းထောင်လာသော ဟို ဘယ်လက်ရုံးတပ်ပေါင်းစုံကြီးကြောင့် ပါပေတည်း။
အကယ်၍သာလျှင် ထိုဘယ်လက်ရုံးတပ်ပေါင်စုကြီးသည် ဗြဲရှပ်မဏ္ဍပ်ကြီးကို ကျော်လွန်အောင် ထခုန် လိုက်မည် ဆိုပါက...။

ဦးပိန်ညောင် သည် သူ၏အုန်းသီးကြီးများနှင့် ဖော်မြူလာကြီးအား ထိခိုက်ခံရမည်ကို အစိုးရိမ်ဆုံးဖြစ်လေ၏။ ပြီးတော့ သည်ဘယ်လက်ရုံးထဲမှ ခြင်္သေ့ဟောက်သံ၊ မိုးခြိမ်းသံမျိုးကို သံတူပြုတတ်သူတွေရှိမှဖြင့် ဟူ၍လည်း တွေးရွံ့မိသည်။

ဘယ်လက်ရုံးကြီးမှာလည်း ထောင်ထလာသော သူ၏ဦးခေါင်းကို ဟိုဟိုသည်သည် လှုပ်ရှားစပြုလာ၏။ ကြာလျှင် ထမခုန်ပါ ဘူးဟု မဆိုနိုင်၊ ဟုတ်သည် “သီဟိုဠ် လက်ဖက်သစ်” “ဗလာ ဗချာ” လို အဖွဲ့အစည်းမျိုး ဆိုလျှင် တော့ဘာမှ မထောင်းတာ။ ယောက်ဖ ၀မ်းကွဲတစ်ယောက်နှင့် နှမသုံးဝမ်းကွဲလောက်မှ မွေးစားသည့် တူတော်မောင်တစ်ယောက်ကို လိုလိုမည်မည် ခြေ စောင့်လက်စောင့် သဘောလောက် ထည့်သွင်း ထားရုံနှင့် ကိစ္စပြီးနိုင်သည်။ ဤအလားအလာအများကြီးရှိသော ဘယ်လက်ရုံး ကြီးမျိုးကို လျစ်လျူရှု နေ၍တော့ မဖြစ်။

သို့ကြောင့် ဆယ်တန်းတွင် တဖုတ်ဖုတ်လိမ်လဲနေသော သူသားအငယ် ဂျူနီယာပိန်ညောင်အား ကျောင်းမှ ထွက် ပေးလိုက်ကာ ဤဘယ်လက်ရုံးထဲသို့ဝင်ပြီး အင်တိုက်အားတိုက် ဆောင်ရွက်စေရလေသည်။ မှတ်ချက်=  သူတို့သားအမိ သားအဖ ချင်းမှာပင် စကားဟဟ မပြောကြ။

ဤအချိန်တွင် အေးမေသူဇာ၊ ထွေးမေဖြူပြာတို့မှာလည်း တက္ကသိုလ်သို့ ရောက်ရှိကုန်ကြလေရာ ဥက္ကဋ္ဌကြီး ဦးပိန်ညောင်က စီနီယာ ပိန်ညောင်ကဲ့သို့ စိမ့်ကြီးမြိုင်ကြီး၊ ပါတီနှင့်ပေါင်းကာ မြေမလျှိုးကြရန်နှင့် ကျောင်းတော် ၏ အဖွဲ့အစည်းတစ်ခုစီမှာ တော့ ကိုယ်ကြိုက်နှစ်သက်ရာမှာ တစ်ဖွဲ့စီခွဲ၍ ပါဝင်ကြရန်ကို သြ၀ါဒ ပေး၍ လွှတ်လိုက်သည်။ သူ ဖခင်ကျွေးသော ပင်လယ် ငါးကို ဖန်တစ်ရာတေအောင် စားဖူးကြသည် သမီး နှစ်ယောက် ကလည်း ဤသြ၀ါဒအတိုင်းပင် တစ်သဝေမတိမ်း လိုက်နာကြ သည်။ (အကယ်၍ သည်သမီး နှစ်ယောက် ကျောင်းမှထွက်လာကြလျှင်လည်း အလုပ်ကိုလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ အမျိုးသမီး အသင်းအဖွဲ့ကြီးနှစ်ဖွဲ့ မှာ တစ်ယောက်စီခွဲ၍ ပါဝင်ကြစေရန်ကိုတော့ ဦးပိန်ညောင်က ရည်စူးပြီး ဖြစ်သည်။)

ဤလိုနှင့် သူတို့တတွေ အတော်ကြီးနေသားကျသွားပြီးသည်၏။ နောက်ပိုင်းတွင် ရုတ်ရုတ် ရုတ်ရုတ် နှင့်ဖြစ်ကာ သူတို့၏ ဗြဲရှပ်မဏ္ဍပ်ကြီးမှာ ဟက်တက်ကြီး ကွဲ၍သွားပြန်လေ၏။ ကွဲပုံကလည်း အတော်ယဉ်သည်။ တစ်ဖက်ဖက်ကို ပြိုကွဲသွားပုံမျိုး တော့မဟုတ်၊ တစ်ဖက်တွင် “စင်ကြယ်သော ဗြဲရှပ်မဏ္ဍပ်ကြီး” ဟူ၍ တစ်ဆောင်ပေါ်လာသည်နှင့်အတူ အခြားသောတဖက်မှ လည်း “နိစ္စဓူဝ ဗြဲရှပ်မဏ္ဍပ်ကြီး” ဟူ၍ တသီး တခြား ပေါ်လာသည်။

ဦးပိန်ညောင်တို့ကာ မဖြုန်းရေးချမဖြုန်း။ သူနိုင်ငါနိုင်အကဲခတ်ရ အလွန်ခက်နေသော ကြားကာလ ၏ အချိန် အတွင်းမှာပင် မဖြုန်။ ဦးပိန်ညောင်က စင်ကြယ်ဗြဲရှပ်မှာ ပါဝင်၍ ဒေါ်ဖက်တီးက နိစ္စဓူဝ ဗြဲရှပ်တွင် ပါဝင်လိုက်ခြင်းဖြင့် သည်ပြဿနာကို လွယ်လွယ်ကလေးနှင့် ဖြေရှင်းလိုက်ကြသည်။ ရွ့ပ်ရွပ်ချွံချွံလည်း စွမ်းဆောင် ပြကြ၏။
ဦးပိန်ညောင် က အသံချဲ့စက်တပ်ဆင်ထားသည့် ကားကြီးဖြင့် မြို့ထဲသို့ လှည့်ကာ ဒေါ်ဖက်တီးတို့ နိစ္စဓူဝ ဗြဲရှပ် ၏ ညောင်မြစ်ကြီးကိုတူပြီး ပုတ်သင်ဥတွေကို ဖော်ပြလိုက်သောအခါ ဒေါ်ဖက်တီးကလည်း အလားတူ ကားတစ်စီးဖြင့် လှည့်၍ ဦးပိန်ညောင်တို့၏ စင်ကြယ်ဗြဲရှပ်မှ ဘုရားဖူးရင် တူးထားကြသည့် လိပ်ဥတွေကို အကုန် ဖော် လေသည်။

မြို့လူထုတွေ မှာ အလွန်လျှင်အကဲခတ်ရ ခက်ကုန်ကြလေ၏။ အချို့လူများကတော့ သူတို့၏ ပြင်ပ အပြု အမူ ကို သံသယရှိ၍ အိမ်တွင်းရေးရာ နေထိုင်ကြပုံများကို အကဲခတ်ကြည့်ကြလေသည်။
သို့ရာတွင် ဥက္ကဋ္ဌကြီးပင် လုပ်နေသေးသော ဦးပိန်ညောင်မှာ ဒါလောက်ကိုဖြင့် ကွက်ကျော် မြင်တတ် ပါသေး၏။ ဒေါ်ဖက်တီး နှင့်သူတို့ သားအဖသည် တစ်ယောက်ကိုတစ်ယောက် လုံးဝ စကားမပြောဘဲ နှင့် လည်း နေကြသည်။ ဆူပူစောင့်မဲ၍လည်း နေချင်နေသည်။ ဒါကတော့ “ချစ်ရမှာခက်တယ်” ဇာတ်လမ်းကြီး ကို ခင်းပြနေခြင်းဖြစ်လေ၏။ ရံခါတော့လည်း “လမ်းစပေါ်ပြီ” ပြဇာတ်ကြီးကို အစမ်းတိုက်ကြည့် နေကြကြောင်း ဖြင့် ကြည်ကြည်သာသာ ရယ်ရယ်မောမောပင် တွေ့ရတတ်သည်။ မျာသော အားဖြင့်တော့ မြို့မိမြို့ဖ များ နှစ်သက်ပုံ ရသော “ချစ်ရမှာ ခက်တယ်” ကိုပင် နာနာဖိ၍ သရုပ်ဆောင်ကြလေသတည်း။

ဒါကြောင့်ပင်လည်း ဦးပိန်ညောင်က လက်သီးလက်ရုံးတန်းတဲ့ကာ သူတို့သည် နွားကြီးလည်းမဟုတ်၊ အရူးကြီး လည်း မဟုတ်ရပါသည့်အကြောင်းကို ပဲ့တင်ထပ်ကာ ကြွေးကြော်နိုင်ခြင်း ဖြစ်လေ၏။ တစ်ပုံစီနွှဲ၍ တစ်နည်းစီ ဆင်နေကြသော ဒေါ်ဖက်တီးနှင့် သူ၏သားသမီးများကို ဗြင်းခနဲ ဗြင်းခနဲ ဆွဲထုတ်ကာ သက်သေခံ အခိုင်အမာနှင့်လည်း ပြနိုင်အားပေသည်။
အခက်တကာ အခက်ဆုံး မှာ ယခုမှာသာ စတင်လေ၏။ ထိုအခက်အခဲမှာလည်း ကာလအတန်ကြာက စကား မပြောဘဲ၊ ယခုမှ သာ စကားတစ်လုံးစပြောကာ မျက်နှာချင်းဆိုင် နိုင်ကြတော့သော သူတို့သားအဖ ၏ ဆွေးနွေးပွဲမှ စတင်ပေါ်ပေါက်လာခြင်း ဖြစ်လေသည်။

“ကျွန်တော် တို့ရဲ့ ဘယ်လက်ရုံး တပ်ပေါင်းစုကြီးလည်း အဖေတို့ရဲ့ ဗြဲရှပ်မဏ္ဍပ်လမ်းစဉ်ကိုများ လိုက်ချင် လာပြီလား မသိဘူး အဖေရေ၊ အတွင်းမှာ လှုပ်လှုပ်လှုပ်လှုပ်နဲ့ ဖြစ်နေကြတယ်။ လက်လယ်တပ်ဦးပါတီ နဲ့လည်း အတော်သဘောကွဲလွဲနေကြ တယ် အဖေရဲ့”
“ဟေ ဒါ ဘာခက်သလဲကွဲ၊ ဘယ်ဖက်က အင်အားသာမယ်ဆိုတာကို စောင့်ကြည့်အကဲခတ်နေရုံပေါ့”
“ဒါလည်း မလွယ်လှဘူး အဖေရဲ့၊ လက်လယ်တပ်ဦး ဘက်မှာ လက်သူ ကြွယ်ပါတီနဲ့ လက်ညှိုလက်မ လက်သန်း ပါတီတွေ ကပါပါနေကြပြီ၊ တစ်ဖက်မှာလည်း လက်ဖျံလက်မောင်းနဲ့ လက်ဝါးအုပ်စုကြီးတွေ ရှိနေကြတယ်”

“သြော်... ဒါဖြင့် အင်အားမျှနေပုံပေါ့၊ စောင့်ကြည့်ဦးလေကွာ”
ဒါက ပထမအကြိမ်ဖြစ်သည်။ ဒုတိယအကြိမ်သို့ နောက်ထပ်ဆိုက်ရောက်လာပြန်၏။
“အဖေရေ... လက်လယ်တပ်ဦးကိစ္စတော့ အေးသလောက်ရှိသွားပြီ။ ဟို တစ်တောင်ဆစ်ပါတီနဲ့ လက်ဝါး ပါတီက ခေါင်း ဆောင်ကြီးချင်းစကားများနေကြပြန်ပြီးဗျ။ ပြီးတော့ လက်မောင်းရင်းအဖွဲ့နဲ့ လက်ကောက်ဝတ် အုပ်စုတို့ချင်းလည်း သိပ်မတည်ကြဘူးတဲ့။ အဲဒါ ဘယ်လမ်းစဉ်းလိုက်ရမယ်ဆိုတာ ကြိုတင် စဉ်းစား ထားပါဦး”

သည်တစ်ခါတော့ ဦးပိန်ညောင်မှာ အတော်ပင် အခက်အခဲကြီးတွေ့ရရှာသည်။ “အင်... ဒါလောက်ဖြစ်လာရင်တော့ ကွဲများ ကွဲဦးတော့မှာလား”
သည်ပြဿနာကိုဖြင့် လွယ်လွယ်နှင့်ဖြေရှင်းနိုင်ပုံမပေါ်၊ စားပွဲဆီမှရွှေ့ပြောင်းကာ ပြတင်းပေါက်မှာ မေးထောက်၍ စဉ်းစား သော်လည်း အဖြေမထွက်သေး။သူကိုစောင့်ချိတ်သလို “ကြ...ကြ” ဟု အော် သွားသော ကြသည်မကြီးကိုပင် ဒေါပွမိရသေးသည်။ “ကြနိုင်ဘူး ဟဲ့၊ မကြတတ်လို့ဟဲ့” ဟူ၍သာ ကုန်း၍ ကုန်း၍ ဟစ်လိုက်ချင်တော့၏။

သည်လိုနှင့် ကြာသည်ထက် ကြာသွားတော့မှ သူ့ဦးနှောက်၏ချောင်ကြားထဲမှာ ခိုကပ်နေသော သိပ်မလတ်ဆတ် တော့သည့် အကြကလေးတစ်ခုကို ရသွားသည်။ သည်တော့မှပဲ
“ဟေး...ဂျူနီယာ ပိန်ညောင်ရေ လာစမ်းပါဦးဟ” ဟု လှမ်းခေါ်လိုက်ရသည်။ သားတော်မောင်မှာလည်း သူ ဖခင်ကြီး ကို လေး စားစွာ အနီးသို့ကပ်လာလေ၏။
“အခု လောလောဆယ်မှာတော့ ဒီလိုလုပ်ဦး လေကွာ၊ တကယ်လို့ ကွဲကြပြီဆိုရင် ဘယ်ဖက်ကိုပဲဖြစ်ဖြစ် ကြိုက်ရာ တစ်ခုခု ကို လိုက်လိုက်တာက ကိစ္စမရှိပါဘူး။ ပြီး ခဏနေတော့မှ ကျွန်တော် မှားပါကြောင်းဆိုတာ ကြေညာပြီး တစ်ဖက်ကို ပြောင်းယူလိုက်တာပေါ့။ ဒီလို မကြာခဏပြောင်းနေရင်းမှာပဲ သူတို့ရဲ့ အကယ့် အင်အားအမှန် တွေလည်း ပေါ်လာလိမ့်မပေါ့ ကွာ၊ ဒီတော့မှပဲ ဒို့သားအဖတွေတွေလည်း သာကူ ကျိုသောက် ကြသေးတာပေါ့”

“အင်း...အဖေကပြောတာ အလွယ်သား၊ ဒါပေတဲ့ ဒီဘယ်လက်ရုံး တပ်ပေါင်းစုက အဖေတို့ရဲ့ ဗြဲရှပ် မဏ္ဍပ်ကြီး လို ကွဲလိုက် စေလိုက်နဲ့ ဟိုကပ်ဒီကပ်လုပ်လို့ လွယ်မယ်မထင်ဘူးဗျ။ ဒီပြင်နည်းကလေးများ မရှိတော့ဘူးလား သိပ်ခက်တာပဲ”

ဂျူနီယာ ပိန်ညောင်က ညည်းညည်းတွားတွားနှင့် ထွက်သွားသောအခါ ဦးပိန်ညောင်မှာလည်း သူခေါင်းက ဘဲမြီး ကလေး ကို ထပ်မ၍ ကုတ်ဖွမိပြန်သည်။
ဤနေရာ တွင် ဒေါ်ဖက်တီး၏ ၀မ်းကြာတိုက်မှ လူလားမြောက်ပြီးသော သားရွှေဥ တစ်ယောက်ကို အော်တိုမက်တစ် နည်းဖြင့် ဒါရိုက်ဟစ် ဖွားမြင်ပေးလိုက်နိုင်မည်ဆိုလျှင်လည်း သည်ပြဿနာမှာ အကောင် တကာ့ အကောင်းဆုံးနည်းဖြင့် ဖြေရှင်းသွား နိုင်ပေမည်။

ယခုတော့ ဦးပိန်ညောင်မှာ ဘေးကျပ်နံကျပ် နှင့် အခက်တကာ အခက်ဆုံး ဖြစ်နေရသည်မို့ ဒေါ်ဖက်တီး တစ်ယောက် ဤလို မဖွားမြင့်နိုင်သေးသည့်ကြားကာလမှာ ဤဘယ်လက်ရုံးတပ်ပေါင်းစုကြီး ကွဲအက်တော် မမူပါမည့် အကြောင်း ကိုသာ စုံဆယ်ဖြာဖြင့် ပန်ထွာဦးတင်လျက် နေရရှာပါလေသတည်း။

စိန်စိန်
ရှုမဝ ဧပြီ ၁၉၅၉
မိဘကျေးဇူး အကျေဆပ်နည်း


အမေ့နို့ဖိုးရော၊ အဖေ့လက်ရုံးဖိုးပါ ကျေအောင်ဆပ်နိုင်ခဲ့တဲ့ မြတ်စွာဘုရားရှင်ဟာ မိဘကျေးဇူးအထူးသိ၊ အထူးဆပ်လိုတဲ့ သူတော်ကောင်းတိုင်းအတွက် အတုယူစရာ နမူနာစံပြ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ပါပဲ။
မိဘကျေးဇူးကို ကျေအောင်ဆပ်နိုင်ခဲ့တဲ့ မြတ်စွာဘုရားရှင်က “ငါကတော့ ဘုရားမို့လို့ မိဘကျေးဇူးကို ကျေအောင်ဆပ်နိုင်တာ၊ သင်တို့ကတော့ သာမန်လူတွေမို့ မိဘကျေးဇူးကို ဘယ်တော့မှ ကျေအောင်ဆပ်နိုင်မှာ မဟုတ်ဘူး” လို့ လုံးဝမမိန်တော်မူခဲ့ပါဘူး။

“ငါဘုရား မိဘကျေးဇူးကို အကျေဆပ်နိုင်သလို သင်ချစ်သား ချစ်သမီးတို့လည်း မိဘကျေးဇူးကို အကျေဆပ်နိုင်ပါတယ်” လို့ မိန့်တော်မူခဲ့ပါတယ်။
မြတ်စွာဘုရားက မိဘကျေးဇူးကို အကျေမဆပ်နိုင်ဘူးလို့ မဟောခဲ့ပါဘူး။ ကျေအောင်ဆပ်ဖို့ မလွယ်ဘူး လို့ ဟောတော်မူခဲ့တာပါ။ သာမာန်ဆပ်ရုံနဲ့ ကျေးဇူးမကျေနိုင်ဘူး။ အထူးဆပ်မှ ကျေးဇူးကျေတယ်လို့ ဆိုလိုပါတယ်။

ကျေဇူးအကျေဆပ်ဖို့ မလွယ်ကူခြင်းအကြောင်း
မြတ်စွာဘုရားက –
“ချစ်သား ချစ်သမီးတို့ . ပုဂ္ဂိုလ်နှစ်ယောက် မွေးမိခင်နဲ့ မွေးဖခင် ရဲ့ကျေးဇူးကို အလွယ်တကူ ဆပ်ရုံနဲ့ မကျေနိုင်ဘူး။ ကျေအောင်ဆပ်ဖို့ မလွယ်ဘူး လို့ ငါဘုရားပြောချင်ပါတယ်။
နှစ်တစ်ရာတမ်းမှာ အနှစ်တစ်ရာအသက်ရှည်တဲ့ သားသမီးက အမေကို လက်ယာပခုံးမှာတင်၊ အဖေကို လက်ဝဲပခုံးမှာတင်ပြီး ရာသက်ပန်ပြုစုလုပ်ကျွေးတယ် ဆိုကြပါစို့၊ ပခုံးထက်က မိဘနှစ်ပါးကို မွှေးပျံ့သင်းကြိုင်အောင် နံ့သာမျိုးစုံနဲ့လည်း ပွတ်တိုက်လိမ်းကျံပေးတယ်။

အညောင်းအညာပြေအောင် လက်တွေ ခြေတွေကိုလည်း ဆုပ်နယ်ပေး နှိပ်ပေးယ်။ အေးတဲ့အခါ ရေနွေး၊ ပူတဲ့အခါ ရေအေးနဲ့လည်း ရေချိုးသန့်စင်ပေးတယ်။ ကိုယ်လက်ပေါ့ပါးချမ်းသာအောင် လက်တွေ ခြေတွေကိုလည်း ဆွဲဆန့်ပေးတယ်။ ပခုံးထက်မှာပဲ ကျင်ကြီးကျင်ငယ် စွန့်စေတယ်။
အဲဒီလောက် ပြုစုလုပ်ကျွေးပေမယ့် မိဘကျေးဇူးကို တုံ့ပြန်ပြီးသား အကျေဆပ်ပြီးသား မဖြစ်သေးပါဘူး။ “


“ချစ်သား ချစ်သမီးတို့ .. စကားကုန်ပြောရမယ်ဆိုရင် မိဘနှစ်ပါးကို နှစ်သက်ဖွယ်ရတနာတွေ အများကြီးရှိတဲ့ တစ်မြေပြင်လုံးကို စိုးမိုးအုပ်ချုပ်အကြီးအကဲလုပ်နိုင်တဲ့ စကြာဝတေးမင်းရာထားမှာထားပြီး ကျေးဇူးဆပ်ဦးတော့၊ မိဘကျေးဇူးကို ကျေအောင်ဆပ်ရာ မရောက်သေးပါဘူး။ “

“ချစ်သား ချစ်သမီးတို့ . ဒိလောက်ကျေးဇူးဆပ်ရက်သားနဲ့ ဘာလို့ ကျေးဇူးမကျေနိုင်ရတာလဲဆိုရင် မိဘတွေဟာ သားသမီးအပေါ် သိပ်ကို ကျေးဇူးများကြလို့။ သားသမီးတွေကို ကြီးပြင်းရွယ်ရောက် လူလားမြောက်အောင် ဂရုတစိုက်စောင့်ရှောက်ကြလို့။ နို့ချိုတိုက်ကျွေးမွေးမြူကြလို့။ ဒီလောကကြီးရဲ့အာရုံကောင်းဆိုးအမျိုးမျိုးကို သိမြင်အောင် သေချာပြသကြလို့ပါပဲ။”

“ချစ်သား ချစ်သမီးတို့ . မိဘကျေးဇူး အကျေဆပ်နိုင်တဲ့နည်းလမ်းတွေကို ငါဘုရားညွှန်ပြပါရစေ။
၁) သဒ္ဓါတရားမရှိတဲ့မိဘကို သဒ္ဓါတရားနဲ့ပြည့်စုံအောင် (ရတနာသုံးပါးသာ ကိုးကွယ်ရာအစစ်ဖြစ်ကြောင်း၊ ကံတွေရဲ့အကျိုးပေးမှုသတ္တိ)၊
၂) သီလမရှိတဲ့ မိဘကို သီလနဲ့ပြည့်စုံအောင် (သီလမရှိရင် အနာရောဂါများတတ်ကြောင်း၊ သေခါနီး ကောင်းရာသုဂတိရောက်ရေးကိစ္စ)၊
၃) မပေးရက် မလှူရက်နှမြောဝန်တိုတဲ့မိဘကို စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း (မေတ္တာစေတနာနဲ့ပေးသမျှ ကိုယ်ရဖို့သာချည်းဖြစ်ကြောင်း) နှင့်
၎) ပညာဉာဏ်မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ပြည့်စုံအောင် (အကောင်းမြင်စိတ်နဲ့ အပြုသဘောဖြစ်အောင်၊ ပစ္စုပ္ပုန်စိတ်အေးချမ်းဖို့နဲ့သံသရာဘ၀လွတ်မြောက်ဖို့အတွက်ပါ ၀ိပဿနာမလုပ်မဖြစ် အရေးကြီးကြောင်း) ကောင်းစွာနာယူဆောက်တည်စေမယ်။ လေးလေးနက်နက် သက်ဝင်စေမယ်။ ခိုင်ခိုင်ခံ့ခံ့ တည်တံ့မြဲမြံစေမယ်ဆိုရင် မိဘကျေးဇူးကို တုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသား ဖြစ်သွားပါတယ်။

မိဘကျေးဇူးဆပ်တဲ့နေရာမှာ လောကနည်းနဲ့ ဆပ်ခြင်း၊ ဓမ္မနည်းနဲ့ ဆပ်ခြင်း ဟူ၍ နှစ်မျိုးရှိပါတယ်။
လောကနည်းနဲ့ ဆပ်နည်း – မိဘအတွက် အစားအသောက်၊ အ၀တ်အထည်၊ နေအိမ်တိုက်တာ၊ ကားရထားစတဲ့ လူမှုအသုံးအဆောင်ပစ္စည်းတွေ ပြည့်စုံအောင် စီမံဖန်တီးပေးထာကို ခေါ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ကျေးဇူးဆပ်နည်း – မိဘရဲ့စားဝတ်နေရေး၊ ကျန်းမာရေးအတွက် ကိုယ်တတ်စွမ်းနိုင်သမျှ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ကျေးဇူးဆပ်တာကို ခေါ်ပါတယ်။

လောကနည်းနဲ့ ကျေးဇူးဆပ်တာကို မကျေနိုင်ဘူးလို့ ပြောတာပါ။ သို့ပေမယ့် လောကနည်းနဲ့လည်း ဆပ်တော့ဆပ်နေရမှာပါပဲ။ ဥပမာ – သီတင်းကျွတ်ကျမှ မိဘကို ကန်တော့တာမျိုး၊ နှစ်သစ်ကူးကျမှမိဘကို လက်ဆောင်ပစ္စည်းပေးထာမျိုးလောက်နဲ့ ကျေနပ်မနေဘဲ နေ့စဉ် လစဉ်ဆိုသလို မိဘကို အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်သင့်ပါတယ်။

မိဘက ကိုယ့်ကိုထမင်းဘယ်နှနပ် ကျွေးခဲ့ဖူးသလဲ။
ကိုယ်ကရော မိဘကို ထမင်းဘယ်နှနပ်ပြန်ကျွေးခဲ့ပြီးပြီလဲ။

မိဘက ကိုယ့်ကိုအကျီင်္ လုံချည်ဘယ်နှထည်ဆင်ခဲ့ဖူးသလဲ။
ကိုယ်ကရော မိဘကို အကျီင်္ လုံချည်ဘယ်နှထည် ၀ယ်ပေးပြီးပြီလဲ။
“ပြန်တွေးကြည့်ရင် ရှက်စရာဆိုတဲ့စကားမျိုး” ဘယ်တော့မှ ပြောစရာ မလိုအောင် အစွမ်းကုန်ဖြည့်ဆည့်ပေးလိုက်ပါ။

မိဘသေခါမှ “ကျေးဇူးမလိုက်ရလေခြင်း” လို့ အရှက်မရှိ အော်ငိုမနေပါနဲ့။

ပေးမှ၊ လှူမှ မိဘကို ကျေးဇူးဆပ်တာ မဟုတ်ပါဘူး။ မိဘရဲ့ဝေယျာဝစ္စ ကိစ္စကြီးငယ်ကို လက်ရုံးအားနဲ့ဆောင်ရွက်ပေးတာလည်း ကျေးဇူးဆပ်နေတာပါပဲ။

“မိဘရဲ့အင်္ကျီလုံချည် လျှော်ဖွပ်ပေးတာတို့၊ မိဘကို အညောင်းအညာပြေအောင် နှိပ်နယ်ပေးတာတို့၊ မိဘမကျန်းမာရင် ကိုယ်တိုင်ကိုယ်ကျ ဂရုတစိုက် ပြုစုတာတို့” ပြုလုပ်ပေးသင့်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျေးဇူးဆပ်နည်း – မိဘရဲ့စိတ်ဓါတ်မြင့်မားရေးအတွက် စိတ်အာဟာရတွေနဲ့ ကျေးဇူးဆပ်နေတာ ကိုခေါ်ပါတယ်။

ဓမ္မနည်းနဲ့ ကျေးဇူးဆပ်နည်း – စိတ်မထားတတ်တဲ့မိဘကို စိတ်ထားတတ်အောင်၊ ကုသိုလ်နည်းပါးတဲ့ မိဘကုသိုလ်တိုးပွားအောင် ကူညီပံ့ပိုးပေးတာကို ခေါ်ပါတယ်။ ကိုယ့်ရဲ့ကူညီပံ့ပိုးပေးမှုကြောင့် မိဘရဲ့စိတ်ဓါတ်မြင့်မားမှုနဲ့ ကုသိုလ်တိုးပွားမှုက ဘ၀လွတ်မြောက်မှုအဆင့်အထိ တက်လှမ်းနိုင်သွားပြီဆိုရင် အဲဒီလို တက်လှမ်းနိုင်အောင် ဓမ္မနည်းနဲ့ ကျေးဇူးအကျေဆပ်ပြီးသား ဖြစ်သွားတော့တာပါပဲ။

ကိုယ့်ရဲ့စွမ်းဆောင်မှုကြောင့် မိဘမှာ အောက်ဆုံးထစ် တစ်မဂ်တစ်ဖိုလ် ကျွတ်တန်းခိုခွင့်ရတယ်ဆိုရင်ပဲ မိဘကျေးဇူးအကြွင်းမဲ့ ကျေသွားပါပြီ။
ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် မဂ်ဖိုလ်နိဗ္ဗာန်ရအောင် စွမ်းဆောင်နိုင်ရင်လည်း မိဘကျေးဇူးအကြွင်းမဲ့ ကျေပါတယ်။
ပုထုဇဉ်အဆင့်ကနေ သောတပန်အရိယာအဆင့်ကို ရောက်သွားတယ်ဆိုရင်ပဲ သိပ်မကြာလှတော့တဲ့ တချိန်မှာ ရဟန္တာဖြစ်ဖို့ သေချာသွားပြီဖြစ်တဲ့အတွက် မိခင်ကို သောတပန်ဖြစ်အောင် ဓမ္မနို့ရည်တိုက်ကျွေးပေးတဲ့ သူတော်ကောင်းပုဂ္ဂိုလ်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံးကျေအောင် ဆပ်ပြီးသား ဖြစ်တော့တာပါပဲ။

မဂ်ဖိုလ်ရဖို့ အနီးကပ်ဆုံးအလုပ်က -
- ၀ိပဿနာအလုပ် အားထုတ်ဖြစ်အောင် ဖန်တီးပေးခြင်း၊
- ၀ိပဿနာစာအုပ်၊ တိတ်ခွေများ လှူဒါန်းခြင်း၊
- ၀ိပဿနာရဲ့အခြံအရံအထောက်အပံ့ဖြစ်တဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နိုင်အောင် ကူညီပေးခြင်း၊
- ဘာကုသိုလ်ပဲပြုပြု နိဗ္ဗာန်ကို ဦးတည်ပြီးပဲ ပြုဖို့တိုက်တွန်းပေးခြင်း၊
- ကိုယ့်ကြောင့် မိဘရဲ့ဝိပဿနာအားထုတ်မှု အနှောင့်အယှက် မဖြစ်အောင် အရာရာသတိပြုနေထိုင်ခြင်း။

သူတစ်ပါးကို မဂ်ဖိုလ်ရအောင် လုပ်ဖို့က မသေချာတဲ့အတွက် မိဘကျေးဇူးကို ဒီတစ်ဘ၀တည်းနဲ့အကျေဆပ်ချင်လွန်းသပဆိုရင် ကိုယ်ကိုယ်တိုင် ဒီဘ၀မှာပဲ အနည်းဆုံး တစ်မဂ်တစ်ဖိုလ်ရအောင် ၀ိပဿနာအလုပ်အားထုတ်တာ အကောင်းဆုံးပါပဲ။

တကယ်တော့ ရှည်လျားလွန်းလှတဲ့ အစမထင် သံသရာမှာ သူကမိဘဖြစ်လိုက်၊ ကိုယ်ကမိဘဖြစ်လိုက်နဲ့ အပြန်ပြန် အလှန်လှန်ကျင်လည်နေကြရတာမို့ ဘယ်သူကျေးဇူးကိုတော့ဖြင့် ဘယ်သူကကျေအောင် ဆပ်ပြီးပြီဆိုတာ ပုထုဇဉ်လောကမှာ လုံးဝမရှိနိုင်ပါဘူး။

ဒါ့ပေမယ့် ကျေးဇူးကျေတာ မကျေတာကို အဓိကမထားဘဲ “ကျေးဇူးဆပ်နေဖို့သာအဓိက” လို့ နှလုံးသွင်းပြီး လောကနည်းနဲ့ရော၊ ဓမ္မနည်းနဲ့ပါ မိဘကို အမြဲကျေဇူးဆပ်နေဖို့ပဲ အရေးကြီးပါတယ်။

အရှင်ဆန္ဒာဓိက

(အရှင်ဆန္ဒာဓိက၏ နို့နှစ်လုံးကျေပါတယ် စာအုပ်မှ ကောက်နှုတ်ပါသည်။)

ကမ္ဘာကြီးကို ပြန်လည်ဖန်တီးခဲ့သူများ



ပါရမီရှင်များ၊ ဘီလီယံနာကြီးများ၊ စိတ်ကူးကောင်းသူများက ကမ္ဘာကြီးကို ပြန်လည်ဖန်တီးခဲ့ပါတယ်။ သူတို့ဟာ နည်းပညာနဲ့ ကမ္ဘာကိုပြုပြင်ပြောင်းလဲခဲ့တယ်။ နည်းပညာလက်နက်ကို ကိုင်စွဲပြီးတော့ တော်လှန်ရေးတစ်ရပ် ဆင်နွှဲကာ ကမ္ဘာကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ပါတယ်။

သူတို့ဟာ အများနဲ့မတူ တစ်မူထူးပြီး ခပ်ကြောင်ကြောင်လူစားတွေလည်း ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် တီထွင်ထိုးဖောက်နိုင်တဲ့ စွမ်းအားတွေကတော့ အများနဲ့မတူတာကြောင့်လည်း ထင်ရှားလာခဲ့သူတွေဖြစ်တယ်။ တီထွင်မှု သမိုင်းမှာ သူတို့စွမ်းဆောင်ချက်တွေကို ပယ်ဖျက်လို့မရနိုင်လောက်အောင် ချန်ထားခဲ့ပါလိမ့်မယ်။

တီထွင်ဖန်တီးမှုဆိုတာ အလုပ်၊ စီးပွားရေး၊ ကြီးပွားရေးတွေနဲ့လည်း တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေတတ်ပါ တယ်။ တကယ်တော့ သူတို့တီထွင်ခဲ့တာတွေကို ကျွန်တော်တို့က အလွယ်လေးသုံးနိုင်ကြပေမယ့် သူတို့ အားထုတ်ခဲ့ရတာတွေကတော့ ဘ၀နဲ့ရင်းခဲ့ကြရတာတွေ အများကြီးရှိပါလိမ့်မယ်။

သူများတွေ တွေးသလိုမတွေး၊ သူများတွေ နေသလိုမနေ၊ သူများတွေ ဇိမ်ခံသလို မခံတတ်ဘဲ ဘ၀မှာ ဖြစ်ချင်တဲ့နောက်ကို တစ်ကောက်ကောက်လိုက်ရင်း၊ အပင် ပန်းအဆင်းရဲ ခံနိုင်လို့လည်း သူတို့ အောင်မြင်ခဲ့တာလို့ ပြောရင်ရနိုင်တယ်။ အခြေအနေတစ်ခုကို သူတို့ရောက်လာဖို့ သူတို့ တစ်ဆင့်ပြီးတစ်ဆင့် တက်ခဲ့ကြတယ်။

နည်းပညာဆိုတာ လူသားတွေရဲ့ လူနေမှုဘ၀ (Life Style) ကို တစ်ခုသော အချိန်ကာလအတွင်း အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်မှုပေးပါတယ်။ လူသားတွေ အကောင်းဆုံး၊ အဆင်အပြေဆုံး၊ အသက်သာဆုံးဖြစ်အောင် သူတို့ လုပ်ဆောင်ခဲ့ပါတယ်။

ကမ္ဘာကြီးဟာ သူတို့တီထွင်မှုတွေကြောင့် အသစ်ပြန်လည်မွေးဖွားလာတယ်လို့လည်း ဆိုနိုင်ပါတယ်။ သူတို့ ဘယ်သူတွေလည်း၊ ဘာတွေလုပ်ခဲ့သလဲဆိုတာ ကျွန်တော်တို့ကြည့်ရအောင်။

 Steve Jobs and Steve Wozniak


အဲဒီသူငယ်ချင်းနှစ်ယောက်ဟာ နည်းပညာတော်လှန်ရေးမှာ ရှေ့တန်းကပါဝင်ခဲ့သူတွေလို့ပြောရမယ်။ နှစ်ယောက် စလုံး တက္ကသိုလ်ပညာကို စိတ်ပျက်ပြီး တစ်ပိုင်းတစ်စနဲ့ ထွက်ခဲ့တဲ့သူတွေချည်းဖြစ်တယ်။ ဒါပေမယ့် သူတို့မှာ “အတွေးအမြင်ကွဲပြားမှု” ဆိုတဲ့ ကိုယ်ပိုင်အစွမ်းအစတွေကို ပိုင်ဆိုင်ထားခဲ့ကြတယ်။

ပထမဦးဆုံး iDevices ဆိုတဲ့ ကွန်ပျူတာကို ကာလီဖိုးနီးယားပြည်နယ်၊ လော့စ် အယ်လ်တော့စ်မြို့က စတိဂျော့ရဲ့ ကား ဂိုဒေါင်ထဲမှာ စတင်တီထွင်ကြတယ်။ စတိ ဂျော့ရဲ့ သူမတူအောင် ဖန်တီးတီထွင်နိုင်စွမ်း၊ စည်းရုံးနိုင်စွမ်း တွေကြောင့် သူ့လိုပညာရှင်တွေကို သိမ်းသွင်းဖော်ဆောင်နိုင်ခဲ့တယ်။

သမိုင်းတွင်စေမယ့် Apple ကုမ္ပဏီကြီးကို စတင်ထူထောင်နိုင်ခဲ့ရုံမက CEO တစ်ယောက်အနေနဲ့ပါ တာဝန်ယူခဲ့တယ်။ ပညာရှင်တွေကို မဖြစ်မနေဇွဲနဲ့ သည်းသည်းမည်းမည်းရှာပြီး စီမံခန့်ခွဲကာ သူ့စိတ်ကူးကို အကောင်အထည် ဖော်စေနိုင်ခဲ့တာကြောင့်လည်း Apple ဟာအောင်မြင်ခဲ့တယ်လို့ ပြောနိုင်တယ်။

ခုဆိုရင် Apple က အမေရိကန်မှာတင် ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို မူပိုင်ခွင့် အနေနဲ့ မှတ်ပုံတင်ထားခဲ့တာ အမျိုးအစားပေါင်း ၃၀၀ ကျော်နေပါပြီ။ စတိ ဂျော့တစ်ယောက် ၂၀၁၁ အောက်တိုဘာလမှာ ကင်ဆာရောဂါနဲ့ သူချစ်တဲ့အိုင်တီလောကကြီးကို ကျောခိုင်းသွားခဲ့ပါပြီ။ ဒါပေမယ့် Macintosh, iPod, iPhone, iPad ဆိုတဲ့ သူ့ စိတ်ကူးတွေကို ကမ္ဘာကြီးအတွက် ထားရစ်ခဲ့ပါတယ်။

Bill Gates


 တကယ့်နည်းပညာတို့ရဲ့ဆရာကြီးတစ်ယောက်လိုဖြစ်နေသူဆိုတော့ အထွေအထူး မိတ်ဆက်ပေးဖို့တောင် လိုမယ် မထင်ဘူး။ Microsoft ဆိုတာ အိုင်တီခေတ်မှာ နည်းပညာစိတ်ဝင်စားသူတိုင်းနဲ့လည်း မကင်းနိုင်ပါဘူး။ ဘေ ဂိတ်စ် အကြောင်းကိုရေးတဲ့ စာအုပ်တွေအများကြီးထွက်တယ်။ အဲဒီစာအုပ်တိုင်းမှာ ဟားဗတ်တက္ကသိုလ်ကနေ ကျောင်းပြီးအောင် မတက်ဘဲ ထွက်လာတယ်ဆိုတာ ချီးကျူးဂုဏ်ပြုရေးသားစရာ အချက်တွေဖြစ်နေတယ်။

ကွန်ပျူတာ Programming ဆိုတာ ဘေ ဂိတ်စ်အတွက် ဘ၀တစ်ခုဖြစ်လာတယ်။ ပေါလ် အယ်လန်နဲ့သူ BASIC ဆိုတဲ့ ပရိုဂရမ်ကို ကွန်ပျူတာဘာသာစကားတစ်ခုဖြစ်အောင် တီထွင်နိုင်ခဲ့ကြတယ်။ သူတို့ကြောင့် Altair 8800 ဆိုတဲ့ မိုက်ခရိုကွန်ပျူတာဟာ အသက်ဝင်လာတယ်လို့ ပြောနိုင်တယ်။ အဲဒီကတစ်ဆင့် ၁၉၇၅ ခုနှစ်မှာ Microsoft ဆိုတာ ပေါ်လာတယ်။

DOS (Disk Operating System) ကို တီထွင်နိုင်ခြင်းဟာ မိုက်ခရိုဆော့ဖ်ကို ကွန်ပျူတာ OS (operating system) ပိုင်းမှာ စိုးမိုးသွားစေနိုင်တဲ့ အချက်ဖြစ်ခဲ့တယ်။ DOS နောက်ပိုင်းမှာ MS Windows, MS Office တွေနဲ့ မိုက်ခရိုဆော့ဖ်ဟာ တစ်ခုပြီး တစ်ခု အောင်ပွဲတွေဆက်ခဲ့တယ်။ ဒီလိုနဲ့ မိုက်ခရိုဆော့ဖ်ဆိုတဲ့ အင်ပါယာကြီးကို ထူ ထောင်နိုင်ခဲ့တယ်။

မိုက်ခရိုဆော့ဖ်ဟာ ကွန်ပျူတာ operating system အပိုင်းမှာ စိုးမိုးလာတာနဲ့အမျှ သူ့လက်ဝါးကြီးအုပ်မှုအပေါ် အတိုက်အခံတွေလည်း အများကြီးပေါ်လာတယ်။ ရန်များလွန်းတာနဲ့ ဘေ ဂိတ်စ်လည်း မိုက်ခရိုဆော့ဖ်ရဲ့ အုပ်ချုပ်မှု အပိုင်းကနေ အနားယူပြီး အလှူအတန်းတွေနဲ့ လူမှုရေးလုပ်ငန်းတွေမှာပဲ မွေ့ပျော်နေတော့တယ်။

ဘေ ဂိတ်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ထိပ်ဆုံးသုံးနေရာလောက်က အမြဲရပ်တည်နေခဲ့တယ်။ သူနဲ့ သူ့ဇနီးတို့ ထူထောင်ထားတဲ့ Bill & Melinda Gates Foundation ဟာ ကမ္ဘာမှာ ယနေ့တိုင် အလှူဒါန်းနိုင်ဆုံး၊ လူမှုရေးဆိုင်ရာ အကျိုးပြုလုပ်ငန်းတွေ အလုပ်နိုင်ဆုံး ဖောင်ဒေးရှင်းအဖြစ် ရပ်တည်နိုင်ခဲ့တယ်။

Akio Morita


နည်းပညာနဲ့ပတ်သက်ရင် လူတွေမေ့ ဖျောက်လို့မရနိုင်တဲ့ ကုမ္ပဏီတစ်ခုရှိပါတယ်။ Sony Corporation ဆိုတာပဲ ဖြစ်တယ်။ နည်းပညာလောကမှာ ထရန်စစ္စတာရေဒီယိုတွေနဲ့ စတင်ပြီး အသိအမှတ်ပြုခြင်းခံလာရတယ်။ နောက်ပိုင်း Walkman, Video Cassette recorder, Trinitron TV ကြီးတွေအထိ အဆင့်ဆင့်တီထွင်နိုင်မှုတွေကြောင့် ကမ္ဘာ့ အကြီးဆုံးနဲ့ အထင်ရှားဆုံး ကုမ္ပဏီကြီးတစ်ခုဖြစ်လာရတယ်။

အမေရိကန်မှာ စတိ ဂျော့ဟာ Apple နဲ့ ခေတ်တစ်ခေတ်ထူထောင် နိုင်ခဲ့သလို၊ ဂျပန်မှာလည်း မိုရီတာကို Sony နဲ့ အီလက်ထရောနစ်ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သူလို့ ပြောနိုင်တယ်။

မိုရီတာဟာ ၁၉၄၆ ခုနှစ် မေလမှာ တိုကျို Telecommunication Engineering Corporation ကို စတင် ထူထောင်ခဲ့တယ်။ အဲဒီအချိန်ဟာ ဂျပန်နိုင်ငံမှာ စစ်ဒဏ်ကို အလူးအလဲပြန်ခံနေရချိန်လို့ပြောရမယ်။

ခရီးဆောင်၊ အိတ်ဆောင် သီချင်းဖွင့်စက်တွေ တီထွင်တဲ့အထဲမှာ ဆိုနီရဲ့ Walkman ဆိုတာ ခေတ်အစောဆုံးလို့ ပြော ရမယ်။ iPod တွေကို စတိ ဂျော့က သူ့စိတ်ကူးကိုယူပြီး လိုက်ထုတ်ရာက အောင်မြင်လာတာလို့ ပြောနိုင်တယ်။ ဒီ သီချင်းဖွင့်စက်လေးတွေကိုလည်း မိုရီတာက သူ လေကြောင်းနဲ့ ခရီးရှည်ကြီးတွေထွက်စဉ်မှာ သီချင်းနားထောင် ချင်တာနဲ့ တီထွင်ခဲ့တာလို့ ဆိုပါတယ်။

မိုရီတာဟာ ဂျပန်မှာတော့ တစ်ခုတည်းသော အီလက်ထရောနစ်ကမ္ဘာနဲ့ စိုးမိုးထားသူလို့ ပြောနိုင်တယ်။ သူ့အလှမ်း ကျယ်မှုကြောင့် အမေရိကမှာလည်း ဆိုနီရဲ့ ဩဇာတွေ အများကြီးလွှမ်းမိုးထားနိုင်ခဲ့တယ်။

ဒီနေ့ဆိုရင် ဆိုနီကုမ္ပဏီကြီးဟာ Vaio, PlayStation, Cyber-shot, Bravia, Xperia ဆိုတဲ့ အမည်ပေါက် တီထွင်မှုတွေနဲ့ လွှမ်းမိုးထားနိုင်ပါပြီ။ ပြောင်မြောက်တဲ့စိတ်ကူး၊ တီထွင်မှုအသစ်အဆန်းတွေနဲ့ အရည်အသွေးတွေ ကြောင့် ယနေ့တိုင် နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

Sir Timothy Berners-Lee

တင်မ် ဘာနာလီး တီထွင်ခဲ့တာ ယနေ့လူတိုင်းအတွက် မရှိမဖြစ် အရေးပါနေပေမယ့် သူ့ကိုတော့ လူသိနည်းပါတယ်။ သူ့မူလ အလုပ်က CERN (European Organization for Nuclear Research) မှာ လုပ်ခဲ့တယ်။ သိုသိပ် လျှို့ဝှက်တဲ့အဖွဲ့လည်းဖြစ်ပြီး၊ သူတီထွင်ခဲ့တာကို အစောပိုင်းမှာ မထုတ်ဖော်ခဲ့တာကြောင့် သူ့ကို လူသိနည်းခဲ့တယ်။

တင်မ်ဟာ ကွန်ပျူတာပရိုဂရမ်တစ်ခုရေးဖို့ စိတ်ကူးရခဲ့တယ်။ အဲဒီ ပရိုဂရမ်က CERN မှာ လုပ်ကိုင်နေတဲ့ လူ ၁၀၀၀၀ လောက် တစ်ပြိုင်တည်း ဆက်သွယ်နိုင်မယ့် နည်းလမ်းဖြစ်တယ်။

၁၉၈၀ ပြည့်နှစ်မှာ တင်မ်ဟာ ENQUIRE ဆိုတဲ့ပရိုဂရမ်ကို စတင်ဖော်ထုတ်နိုင်ခဲ့တယ်။ အဲဒီစနစ်ဟာ ယနေ့ လူသိများတဲ့ WWW ((World Wide Web) ရဲ့ ရှေ့ပြေးအစီအစဉ်တစ်ခုဖြစ်တယ်။

နောက် ၁၀ နှစ်အကြာမှာ TCP (Transmission Control Protocol) နဲ့ Domain name စနစ်အတိုင်း ကွန်ပျူတာက တစ်ဆင့် စာတွေ ပေးပို့ဖြန့်ချိနိုင်တဲ့ (ယနေ့အင်တာနက်ပုံစံ) ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တယ်။ ယနေ့ Web လို့ လူသိ များတယ်။

မူလ CERN ဌာနအတွင်း သုံးနိုင်ဖို့ စနစ်ကနေ ကမ္ဘာသိ၊ ကမ္ဘာသုံး အင်တာနက် စနစ်ကြီးဖြစ်လာပြီး သူကိုလည်း Sir ဘွဲ့နဲ့ ချီးမြှင့်ခဲ့တယ်။ သူ့ကို ၂၀၀၄ ခုနှစ်မှာ ဘုရင်မကြီး ဒုတိယမြောက် အဲလီဇဘက်ကိုယ်တိုင် သူကောင်းပြုဘွဲ့ကို ချီးမြှောက်ခဲ့တယ်။ တင်မ်ဟာ အောက်စ်ဖို့ဒ်၊ ကွင်းကောလိပ်က ကျောင်းသားဟောင်းတစ်ယောက် ဖြစ်ပါတယ်။

Sergey Brin and Larry Page

အလွန်တော်တဲ့ ပရိုဂရမ်မာနှစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက် စတန်းဖို့ဒ် တက္ကသိုလ်မှာ ပါရဂူဘွဲ့ အတွက်တက်ဖို့လာရင်းတွေ့ကြတာ။ အဲဒီကတည်းက search engine လို့ခေါ်တဲ့ အင်တာနက်မှာ မရှိမဖြစ် စနစ် တစ်ခုကို တည်ဆောက်ဖို့ စိတ်ကူးရခဲ့ကြတယ်။ အင်တာနက်မှာ ပိုပြီးတော့ အထောက်အကူဖြစ်စေနိုင်ပြီး လူတိုင်း အတွက် အသုံးအတည့်ဆုံးစနစ်တစ်ခုလည်း ဖြစ်လာစေဖို့ သူတို့စတင်ကြံဆောင်ခဲ့ကြတယ်။

ဆာဂေး ဘရင်းက စတန်းဖို့ဒ်တက္ကသိုလ်ရဲ့ ကွန်ပျူတာစနစ်မှာ အကန့်အသတ်တွေကို တွန်းလှန်နေချင်တယ်။ အဲဒီ စိတ်ကူးဟာ Google ဆိုတဲ့ကုမ္ပဏီကြီးကို စတင် အခြေတည်စေခဲ့တဲ့ စိတ်ကူးတစ်ခုဖြစ်ခဲ့တယ်။

သူတို့စိတ်ကူးအတွက် အထောက်အပံ့ ပေးခဲ့တဲ့ ကုမ္ပဏီကြီးကတော့ Sun Microsystem ဖြစ်တယ်။ ဒေါ်လာ တစ်သန်း မတည်ပေးပြီးတော့ တီထွင်မှုကို အားပေးခဲ့တယ်။

သူတို့နှစ်ယောက်စိတ်ကူးဟာ မကြာခင် ပုံနှိပ်စက်ကိုတီထွင်ခဲ့တဲ့ ဂူတင်ဘတ်ပြီးရင် အရေးအပါဆုံးတီထွင်မှုတစ်ခုဖြစ် လာခဲ့တယ်။

အင်တာနက်ပေါ်မှာ လိုချင်တာ၊ သိချင်တာကို ရှာဖွေချင်ရင် Google နဲ့ ကင်းနိုင်တာမရှိပါဘူး။ လာရီ ပေ့ဂ်ျက PageRank ဆိုတာကို တီထွင်တယ်။ Google ကိုရောက်လာတဲ့ အဖျက်အမှောင့်တွေကို စောင့်ကြည့် ဖျက်စီးပေးတယ်။ နောက်ပိုင်းတရုတ်ပြည်က ဆင်ဆာကိစ္စတွေများတာကြောင့် အငြင်းပွားပြီး တရုတ်ပြည်အတွက် Google ကို ရပ်နားခဲ့တဲ့အထိ ဖြစ်ခဲ့တယ်။ နောက်ပိုင်း ဒီမိုကရေစီထောက်ခံရေးလှုပ်ရှားမှုတွေမှာ Google ဟာပိုပြီး ဂုဏ်တက်လာခဲ့တယ်။

Mark Zuckerberg

သူ့အကြောင်းတွေကို မီဒီယာကနေ အမျိုးမျိုးဖော်ထုတ် ချီးကျူးကြတယ်။ ပရိုဂရမ်မာတွေထဲမှာ စိတ်ကူးကောင်းတဲ့ ပရိုဂရမ်မာတစ်ယောက်လို့ ပြောရမယ်။ လူမှုရေးကွန်ရက်ကြီးတစ်ခုဖြစ်တဲ့ Facebook ဟာ သူ့ကြောင့် ပေါ်ပေါက် လာတာလို့ ပြောနိုင်တယ်။ ယခုဆိုရင် သူ့ Facebook ကို ကမ္ဘာတစ်ဝန်းလုံးမှာ သုံးစွဲသူပေါင်း ၈၄၅ သန်း တောင်ရှိနေပါပြီ။

Facebook ဟာ အင်တာနက်လောကကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့တဲ့ လူမှုရေးကွန်ရက်ကြီးတစ်ခုလို့ ပြောနိုင် တယ်။ အစပိုင်းမှာ ကျောင်းသားတွေ အချင်းချင်း အပြန်အလှန်ပြောဆိုဆွေးနွေးနိုင်မယ့် Forum သဘောကနေ၊ နောက်ပိုင်း အားလုံးဆုံတွေ့ရာ စုရပ်တစ်ခုလိုဖြစ်လာတယ်။

အမှန်တော့ Facebook ဟာ အီးမေးလ်စနစ်ကို တိုက်ဖျက်ပစ်ဖို့ ပေါ်လာတဲ့ ဆက်သွယ်ရေးစနစ်လို့လည်း ခေါ်နိုင်တယ်။ ယနေ့တိုင် Facebook နဲ့ နောက်ကွယ်ကရှိနေတဲ့ ဇူကာဘတ်ကိုယ်တိုင် ပဟေဠိလိုဖြစ်နေတယ်။ မယုံရဲ ယုံရဲနဲ့ပဲ Facebook ကို သုံးစွဲသူတွေကလည်း များလာတယ်။ ဇူကာဘတ်ဆိုတာ ဘာလဲ၊ ဘာတွေဆက်လုပ်မလဲ၊ Facebook ကြောင့် ဘာတွေဖြစ်လာမလဲ ယနေ့တိုင် အဖြေရှာနေကြဆဲပဲ။

Jimmy Wales

ဂျင်မီ ဝေးလ်ဟာ လာရီဆန်းဂါးဆိုသူနဲ့ အတူ ဝီကီပီးဒီးယား (Wikipedia) ကို ထူထောင်ခဲ့တယ်။ ပရောဂျက်တွေကို ပြီးဆုံးအောင်မလုပ်နိုင်ကြလို့ အခက်တွေ့နေကြတဲ့ ကျောင်းသားတွေအတွက် ကယ်တင်ရှင် site ကြီးတစ်ခုလို့ ပြောရင် မမှားဘူး။ ဝီကီပီးဒီးယားဆိုတာ သုတရတနာသိုက်ကြီးလို့ ပြောရင်လည်း မမှားဘူး။ ယနေ့ခေတ်မှာ စွယ်စုံ ကျမ်းကြီးတွေကို မျိုးသုဉ်းအောင် လုပ်နိုင်ခဲ့တဲ့ လူတိုင်းအတွက် လွတ်လပ်စွာ အခမဲ့ဖွင့်ပေးထားတဲ့ သုတ ဘဏ်တိုက်ကြီးလို့လည်း ပြောနိုင်တယ်။ ကမ္ဘာတစ်ဝန်းလုံး ဒီ site ထဲဝင်ပြီးတော့ ဖတ်မှတ်လေ့လာ နေသူပေါင်း ၃၆၅ သန်းလောက်ရှိတယ်။

၁၉၉၀ လောက်ကတည်းက ဝေးလ်ဟာ Bomis ဆိုတာကို စတင်လုပ်နေပြီ။ လူကြီးလူကောင်းတွေဖတ်စာလို့ ခေါ်ရမယ့် စာတွေကို အင်တာနက်ပေါ်ကို တင်ထားပေးတယ်။ လူသိနည်းခဲ့တယ်။ ဒါနဲ့ သူ့ရဲ့ search engine ကို အွန်လိုင်းစွယ်စုံကျမ်းလိုင်းကိုပြောင်းဖို့ စိတ်ကူးရသွားတယ်။

ဒီလိုနဲ့ Nupedia ဆိုတာကို စတင်မွေးဖွားခဲ့တယ်။ လာရီ ဆန်းဂါးက ဝေးလ်ဖြစ်ချင်တဲ့ စိတ်ကူးကို လူတိုင်းပါဝင်၊ လူတိုင်းဝင်ရေး၊ လူတိုင်း ဖတ်နိုင်တဲ့ အနေအထား ရောက်အောင် အကောင်အထည်ဖော်ပေးခဲ့တယ်။ ဒီလိုနဲ့ ဝီကီပီးဒီးယားဆိုတာ ဖြစ်လာခဲ့တယ်။ လူတိုင်းအခမဲ့ သိချင်တာရှာ၊ ယူချင်တာယူ၊ ပေးချင်တာပေးနိုင်တဲ့ site တစ်ခုအဖြစ် အောင်မြင်နေပါတယ်။

Linus Torvalds

ကမ္ဘာပေါ်မှာ အဓိက microsoft နဲ့ apple ရဲ့ ဆော့ဖ်ဝဲတွေကပဲ လက်ဝါးကြီးအုပ် စိုးမိုးနေချိန်မှာ ဖင်လန်-အမေရိကန်ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ လိုင်းနပ်စ် တော်ဗဲလ်ဆိုသူတစ်ယောက်က ပြုပြင်ပြောင်းလဲမှု တစ်ခုကို လုပ်လိုက်ပါတယ်။ သူတီထွင် လိုက်တဲ့ Linux ဆိုတဲ့ ဆော့ဖ်ဝဲဟာ အခမဲ့လည်းရ၊ အသုံးလည်းတည့်၊ စိတ်ချလုံခြုံမှုလည်း အပြည့်ရှိတဲ့ လေးစားစရာ open source ဆော့ဖ်ဝဲတစ်ခုဖြစ်လာပါတယ်။

Linux ကို လူတိုင်းအသုံးတည့်လာပေမယ့် တော်ဗဲလ်ကတော့ ဒီဆော့ဖ်ဝဲကို မတော်တဆ တွေ့ရှိခဲ့တယ်လို့ ပြောတယ်။ သူ့ Linux မှာ BitKeeper ကို ထိန်းချုပ်ဖို့အတွက် အသုံးပြုထားကြောင်း စွပ်စွဲချက်တွေထွက်လာတယ်။ ဒါနဲ့ တော်ဗဲလ်လည်း Git ဆိုတာကိုတီထွင်ပြီးသူ့ open source ကို ခိုင်မာအောင်လုပ်တယ်။

Open source ဆိုတာ အခမဲ့လည်းရ တီထွင်သူပရိုဂရမ်မာတွေအတွက်လည်း အသုံးတည့်၊ လုပ်ငန်းကြီးတွေ အတွက်ပါ အနှောင်အဖွဲ့ကင်းရှင်းစွာ သုံးနိုင်ကြလို့ စိတ်ဝင်စားပြီး အထွဋ်အထိပ်ကိုရောက်လာခဲ့တယ်။ ယနေ့ Linux ကို စူပါကွန်ပျူတာကြီးတွေမှာတောင် စိတ်ချရတယ်ဆိုပြီး သုံးစွဲနေကြတယ်။ ဆဲလ်ဖုန်းတွေမှာကအစ open source ဆိုတာ နှစ်သက်စရာဖြစ်လာစေတယ်။

Jeffery Bezos

ဂျက်ဖ် ဘီဇို့စ်ဟာ ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်နေချိန်မှာ Amazon.com ဆိုတဲ့ အင်တာနက်ကနေ ဈေးဝယ်စနစ်ကို စတင်ဖော်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဘီဇို့စ်ဟာ ကွန်ပျူတာသိပ္ပံနဲ့ အီလက်ထရောနစ် အင်ဂျင်နီယာ ကျောင်းသား တစ်ယောက်ဖြစ်ခဲ့တယ်။ ပရင့်စ်တန်တက္ကသိုလ်ကျောင်းထွက်ပါ။

သူဟာ နိုင်ငံတကာကုန်သွယ်မှုမှာလည်း ကျွမ်းကျင်တာကြောင့် Amazon.com ကို စိတ်ကူးရခဲ့တာဖြစ်တယ်။ မူလက အွန်လိုင်းကနေ စာအုပ်တွေရောင်းဖို့ စိတ်ကူးခဲ့ပေမယ့် နောက်ပိုင်း သီချင်း၊ အီလက်ထရောနစ်ပစ္စည်း၊ ဆော့ဖ်ဝဲ၊ ဗီဒီယိုဂိမ်း၊ အဝတ်အထည်၊ အိမ်တွင်းအဆင်အပြင်၊ အစားအစာနဲ့ ကစားစရာတွေအထိ တစ်လိုင်းထဲမှာ အစုံ ဝယ်ယူလေ့လာနိုင်တဲ့ site ကြီးဖြစ်သွားတယ်။ မိုက်ခရိုမန်နေဂျာလေးကနေ သမိုင်းဝင်မန်နေဂျာကြီးဖြစ်သွားခဲ့တယ်။

Shigeru Miyamoto

မီယာမိုတိုဟာ ဗီဒီယိုဂိမ်းတီထွင်သူတစ်ယောက်အနေနဲ့ အောင်မြင်ကျော်ကြားသူလည်းဖြစ်တယ်။ သူတီထွင်ခဲ့တဲ့ Mario, Donkey Kong, The Legend of Zelda, Star Fox, F-Zero, Pikmin ဆိုတဲ့ဂိမ်းတွေဟာ ကမ္ဘာကျော် တွေလို့ ပြောနိုင်တယ်။

သူဟာ ကလေးဘ၀ကတည်းက ကျိုတိုမြို့ ဆင်ခြေဖုံး ဆိုနိုဘီရပ်ကွက်မှာ ကြီးပြင်းခဲ့ရတယ်။ သူ့ ဂိမ်းဇာတ် ကောင်လေးတွေဟာ ဒစ်စနေးကာတွန်းဇာတ်ကောင်လေးတွေလို ဖန်တီးထားတာများတယ်။ ဥပမာ မာရီယိုဆိုတဲ့ ဇာတ်ကောင်ဆိုရင် ကျေးလက်သူရဲကောင်းတစ်ယောက်ပါ။ မင်းသမီးကို သွားကယ်ရတယ်။ ဂိမ်းကစား သူတိုင်းကို ဆွဲဆောင်စေခဲ့တယ်။

ခုထိ Nintendo ကုမ္ပဏီမှာ မန်နေဂျင်းဒါရိုက်တာ တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေ တယ်။ ဒီဂိမ်းတွေဟာ သူ့ရဲ့ စိတ်ရောကိုယ်ပါ စွမ်းဆောင်ချက်တွေကြောင့် ပေါ်ပေါက်လာတာလို့ပြောနိုင်တယ်။

Michael Dell

ပွဲတွေကို ရှောင်လေ့ရှိတဲ့ မိုက်ကယ် ဒဲလ်ဟာ သေးသေးလေးနဲ့ ဘ၀ကို စတင်ခဲ့တယ်။ ကွန်ပျူတာပစ္စည်းလေးတွေကို စတင်ရောင်းရာကနေ အလုပ်စလုပ်ခဲ့တယ်။ သူ့ အသက် ၁၅ နှစ်သားမှာ ပထမဦးဆုံး ကွန်ပျူတာထုတ်ဖို့ စိတ်ကူး ရခဲ့တယ်။

ဒါကြောင့် ကွန်ပျူတာတစ်လုံးကို အစအဆုံး ပြန်ပြီးဖျက်ကြည့်တယ်။ ကွန်ပျူတာကို အဲဒီအချိန်က ရောင်းကြတာ ကြားခံအရောင်းသမားတွေကတစ်ဆင့်ဖြစ်နေတယ်။ ဒါကြောင့် သူက ကုမ္ပဏီမှာ ကွန်ပျူတာကို တိုက်ရိုက်ဝယ်ယူနိုင်တဲ့စနစ်ကို စတင်တီထွင်ခဲ့တယ်။

၁၉၈၄ ခုနှစ်မှာ သူ့စိတ်ကူးကို အကောင်အထည်ဖော်တဲ့အနေနဲ့ Dell Computer Corporation ကိုစတင်ထူထောင် နိုင်ခဲ့တယ်။ သူ့ကုမ္ပဏီဟာ Fortune 500 မှာ ပါဝင်လာခဲ့တယ်။ အသက် ၂၇ နှစ်မှာ လူငယ် CEO တစ်ယောက်ဖြစ်လာတယ်။ ၁၉၉၉ ခုနှစ်မှာ Michael and Susan Dell ဖောင်ဒေးရှင်းကို ထူထောင်ခဲ့တယ်။ ကလေး တွေအတွက်ဘ၀ဖူလုံရေး အထောက်အပံ့ အများဆုံးပေးနေတဲ့ ဖောင်ဒေးရှင်းကြီးတစ်ခုလည်းဖြစ်တယ်။

Lawrence Ellison

လာရီလို့ လူသိများတဲ့ လောရင့်စ် အယ်လီဆန်ဟာ Oracle Corporation ကို ထူထောင်သူနဲ့ CEO တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုယ်သူ ကွန်ပျူတာဒီဇိုင်းပညာရှင်လို့ပြောတဲ့ ချီကာဂိုတက္ကသိုလ် ကျောင်းထွက် တစ်ယောက်ဖြစ်တယ်။ Ampex Corporation မှာ စတင်အလုပ်လုပ်တယ်။ စီအိုင်အေအဖွဲ့ အတွက် “Oracle” လို့ခေါ်တဲ့ database စနစ်တစ်ခုကို စတင်လုပ်ဆောင်ခဲ့တယ်။ စီးပွားရေးလုပ်ငန်းသုံးစနစ်တွေကိုလည်း အများကြီး တီထွင်ခဲ့တယ်။

၁၉၈၀ ပြည့်နှစ်မှာ IBM က သူ့ Oracle ကို မိန်းဖရိန်ကွန်ပျူတာကြီးတွေမှာ စတင်သုံးခဲ့တာကအစ သူ့ကို လူသိများလာတယ်။ သူလည်း Oracle ဆိုတဲ့ ကုမ္ပဏီကြီးကို ထူထောင်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တယ်။ Oracle စနစ်ကို ကုမ္ပဏီကြီးတွေနဲ့ လုပ်ငန်းကြီးတွေမှာ သုံးကြတယ်။ ချမ်းသာပြီး ကိုယ်ပိုင်လေယာဉ်ပျံ၊ အကောင်းဆုံး ဇိမ်ခံကားတွေ စီးတတ်တာကြောင့် နာမည်ကျော်တယ်။

အခုပြောခဲ့တဲ့ ထင်ရှားသူတွေ အားလုံးမှာ တူညီတာတစ်ခုက ဘာလုပ်လုပ် “စိတ်အားထက်သန်စွာလုပ်” ဆိုတာပါ။ သေးသေးလေးပဲလုပ်လုပ် အားနဲ့ မာန်နဲ့ လုပ်တတ်ကြတာဟာ သူတို့ဘ၀အတွက် အောင်မြင်မှုတွေရရှိစေခဲ့ပါတယ်။ သူတို့မှာ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းတွေထွက်ပြီး လုပ်ငန်းတွေ လုပ်ဆောင်ကြပေမယ့် အောင်မြင်ခဲ့တာကြောင့် အစဉ်အလာ ပညာရေးဆိုတာ သူတို့အတွက် အဓိကမကျဘူးဆိုတာလည်း သက်သေပြနေတယ်။

ဘာပြောပြော သူတို့ရဲ့ တော်လှန်ပြီး ပြုပြင်ပြောင်းလဲချင်တဲ့စိတ်ဓာတ်တွေက အစဉ်အလာကမ္ဘာကြီးကို ပြန်လည်ဖန်တီးနိုင်ခဲ့ တယ်ဆိုတာတော့ ထင်ရှားတယ်။

တင်ညွန့်
ကမ္ဘာ့အကောင်းဆုံး အလုပ်အကိုင်ရှာဖွေရေး Website များ



ဘ၀ရပ်တည်ရေးအတွက် လူတိုင်းအလုပ်အကိုင်ကို ရှာဖွေလုပ်ကိုင်ကြရပါတယ်။ လက်ရှိဈေးကွက် စီးပွားရေး စနစ်အရ အလုပ်အကိုင်မရှားပါဘူး။ ဒါပေမယ့် အထာမသိဘဲ ရှာကြည့်ရင် ခက်ခဲတတ်တယ်။ အလုပ်အကိုင် ဈေးကွက်မှာ ခေတ်သစ်နည်းက အွန်လိုင်းပေါ်တက်ပြီး အလုပ်ရှာတာ အဆင်အပြေဆုံးဖြစ်နေပါပြီ။ ဒါကြောင့် ကမ္ဘာ့နာမည်ကျော် အလုပ်အကိုင် ရှာဖွေရေး website ၁၀ ခုအကြောင်းကို လေ့လာဖော်ပြလိုက်ပါတယ်။

အမေရိကန်အလုပ်သမားရေးဌာနရဲ့ အလိုအရ အမေရိကန်နိုင်ငံမှာတောင် အလုပ်လက်မဲ့ဦးရေဟာ တစ်နေ့တစ်ခြား မြင့်တက်နေတယ်လို့ ပြောပါတယ်။ ၂၀၀၈ ခုနှစ်မှာ ၅ ရာခိုင်နှုန်း မြင့်တက်သွားပြီး၊ ၂၀၀၉ ခုနှစ်မှာ ၈ ရာခိုင်နှုန်းမြင့်တက်သွားပါတယ်။ နောက်ပိုင်း အလုပ်လက်မဲ့နှုန်းတွေ တဖြည်းဖြည်းကျဆင်းသွားပြီး ကုမ္ပဏီ တွေက အလုပ်သမားတွေ ငှားရမ်းမှုနှုန်းလည်း မြင့်တက်လာတယ်။

စီးပွားရေးအနေအထားတွေလည်း ကောင်းလာတာကြောင့်ဖြစ်နိုင်ပါတယ်။ ၂၀၁၂ ဇန်နဝါရီလမှာ အမေရိကန်ရဲ့ အလုပ်လက်မဲ့ဦးရေဟာ ၈.၅ ရာခိုင်နှုန်း ပြန်ပြီး မြင့်တက်သွားပြန်ပါတယ်။

အလုပ်အကိုင်ရှားလာလေ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး site တွေလည်း ပိုပြီး အလုပ်ရှုပ်လေပဲ။ Indeed.com ဆိုရင် ၂၀၁၁ ဒီဇင်ဘာလမှာ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလနဲ့ နှိုင်းယှဉ်ရင် ဝင်ပြီးတော့ အလုပ် ရှာဖွေသူ ၅၀ ရာခိုင်နှုန်းလောက်တောင် တိုးသွားတယ်လို့ဆိုတယ်။

အလုပ်အကိုင်ရှာဖွေရေး website တွေအထဲမှာ အမှန်တကယ်အားကိုးလောက်တဲ့ site ပေါင်း တစ်ဒါဇင် လောက်ပဲရှိပါတယ်။ အဲဒီအထဲကမှ အကောင်းဆုံး site ၁၀ ခုကို ဖော်ပြလိုက်ပါတယ်။



http://www.indeed.com/

တစ်လကို လာရောက်လေ့လာသူ သန်း ၅၀ ကျော်နဲ့ အလုပ်အကိုင်ရှာဖွေသူ ၁ ဘီလီယံ လောက်ရှိတဲ့ site ကြီးတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့အလုပ်အကိုင်ရှာဖွေရေး site တွေထဲမှာ ထိပ်ဆုံးလို့ပြောနိုင်တယ်။ အခမဲ့ site တစ်ခုဖြစ်ပြီးတော့ ကုမ္ပဏီ website ပေါင်း သန်းနဲ့ချီပြီး ညွှန်းပေးထားပါတယ်။ အလုပ်အကိုင် နယ်ပယ် ပေါင်းစုံအတွက် အညွှန်းတွေရှိတယ်။ များလွန်းလို့ ဘယ်ကစပြီး ရှာရမှန်းမသိအောင်တောင် ဖြစ်ရပါလိမ့်မယ်။ ကိုယ်ရှာချင်တဲ့လိုင်း၊ အလုပ်၊ နယ်ပယ်ကို ချုံ့ပြီးရှာတတ်မှ အလုပ်ဖြစ်နိုင်မယ်။ နေ့တိုင်းမရှာနိုင်ရင် ကိုယ့် inbox ထဲမှာ နေ့စဉ်အလုပ်ကို လာပြီးသတိပေးပါလို့ ပြောထားလို့ရတယ်။ ဖေဖော်ဝါရီ ၂၄ ရက် နေ့အထိ တစ်ပတ်ကို အလုပ်ပေါင်း ၆ သိန်း တောင်တက်လာတာတွေ့ရတယ်။




အွန်လိုင်းပေါ်မှာ အလုပ်အကိုင် database တွေကို အများဆုံးစီစဉ်ပေးထားနိုင်တဲ့ site ကြီးတစ်ခုဖြစ်တယ်။ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ဘုတ်အဖွဲ့တွေ၊ ကုမ္ပဏီတွေရဲ့ အလုပ်နဲ့ ပတ်သက်တဲ့ site တွေ၊ သတင်း စာတွေ၊ NGO အဖွဲ့တွေ၊ အစိုးရ site တွေ စသဖြင့် ထောင်နဲ့ချီပြီး အညွှန်းတွေကို စီစဉ်ပေးထားတယ်။ အဲဒီ site ထဲဝင်မယ်ဆိုရင် account တစ်ခုကိုဖန်တီးရမယ်။ အမည်ပေး၊ save လုပ်၊ ကိုယ်နဲ့ဆက်သွယ်ရမယ့် အီးမေးလ်တွေပေးပြီးမှ သူတို့လိုင်းထဲက ဖော်ပြထားတာတွေကို ဝင်ကြည့်လို့ရမယ်။

သူ့ website ထဲမှာ အလုပ်ပေါင်း ၅ သန်းလောက်ကို ညွှန်းထားတာတွေ့ရလိမ့်မယ်။ အလုပ်ရှာချင်ရင် ကိုယ်လုပ်ချင်တဲ့ ပြည်နယ်၊ မြို့၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်အမျိုး အစားအလိုက်ရှာရင် ပိုမြန်တယ်။


http://www.linkedin.com/

၂၀၀၂ လောက်တုန်းက ရေ့ဒ် ဟော့ဖ်မင်း ဆိုသူက စိတ်ကူးရပြီး ဧည့်ခန်းထဲကနေ ထဆွဲခဲ့တဲ့ website တစ်ခုဖြစ်တယ်။ ခုဆိုရင်ကမ္ဘာ့အကြီးဆုံး အင်တာနက်ပေါ်က အလုပ်အကိုင်ကွန်ရက် site ကြီးတစ်ခုဖြစ် နေပြီ။ နိုင်ငံပေါင်း ၂၀၀ ကျော်က အဖွဲ့ဝင်ပေါင်း သန်း ၁၅၀ ကျော်ရှိတယ်။ တစ်စက္ကန့်ကို အဖွဲ့ဝင် နှစ်ယောက်တိုးနေတဲ့ site လို့ လည်းပြောနိုင်တယ်။ အခမဲ့သုံးနိုင်တယ်။ ကိုယ့်အကြောင်းတော့ ပြောပြ ထားရတယ်။

ဥပမာ လုပ်ငန်းအတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ စိတ်ပါဝင်စားမှုတွေကို ပြောပြထားရတယ်။ ပြီးရင် အခြားလူတွေကိုလည်း ဖိတ်ခေါ်ထားရတယ်။ တစ်ကြိမ်ဆက်သွယ်လိုက်တာနဲ့ ကိုယ့်ရဲ့ network က အဆက် အသွယ်တွေ အများကြီးရလာလိမ့်မယ်။ ဘယ်ကုမ္ပဏီတွေက ဘယ်လိုအလုပ်မျိုးတွေရှာနေတယ်ဆိုတာ အချင်းချင်းလက်တို့ပြီးပြောသွားလိမ့်မယ်။ အလုပ်ရှင်နဲ့ မသိလည်း ကိစ္စမရှိဘူး။ ကိုယ့်ကို link လုပ်ပေးတဲ့သူကို မိတ်ဆက်ပေးခိုင်းလို့ရတယ်။ LinkedIn ဘုတ်အဖွဲ့ကို အလုပ်ရှင်တွေကလည်း လိုအပ်တဲ့ အလုပ်တွေကိုပို့၊ ရှာတဲ့သူတွေကလည်း လွတ်လပ်စွာ ရယူဆက်သွယ်နိုင်အောင် စီစဉ်ပေးထားတယ်။


http://www.careerbuilder.com/

အွန်လိုင်းကနေ အလုပ်ရှာမယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး အလုပ် site တစ်ခုဖြစ်တဲ့ CareerBuilder ကို ဝင်ကြည့်သင့်ပါတယ်။ ၁၉၉၅ ခုနှစ်ကတည်းက စတင်ထူထောင်ထားတယ်။ ခုဆိုရင် တစ်လကို ၂၄ သန်းလောက်လာပြီး အလုပ်ရှာနေကြတယ်။ အလုပ်အကိုင်ပေါင်း ၁.၅ သန်း လောက်ကို စာရင်းတင်ပေးထားတယ်။ ဒီ site နဲ့ အလုပ်ရှင်ပေါင်း ၃ သိန်းလောက် အဆက်အသွယ်ရှိပြီး၊ အဲဒီ ကုမ္ပဏီအများစုဟာ Fortune1000 စာရင်းဝင်ကုမ္ပဏီတွေကချည်းဖြစ်တယ်။

အလုပ်ရှာသူက ကိုယ့်ကိုယ်ရေး ရာဇဝင်အကျဉ်း (CV) ၅ စောင်ကို တင်ထားပေးရတယ်။ အဲဒီ လူတွေ အလုပ်ရှာနေကြောင်း လက်ရှိအလုပ်ဌာနကမသိအောင်လည်း လျှို့ဝှက်ပေးထားတယ်။ သူတို့ အလုပ် လျှောက်ချင်တဲ့ နေရာ ၅ ခုကို အီးမေးလ်နဲ့ ကိုယ့် CV တွေပို့ထားနိုင်တယ်။ သူတို့ကို ပြန်ဆက်သွယ်စေချင်ရင် အီးမေးလ်လိပ်စာပေးထားပြီး inbox မှာ ဝင်လာမယ့် ခေါ်စာ သို့မဟုတ် အကြောင်းကြားစာကို ထိုင်စောင့် နေရုံပဲ။

ကိုယ်က အလုပ်ကို ဘယ်နေရာမှာ ရှာရမှန်းလည်းမသိဘူး၊ ကိုယ့်အရည်အချင်းနဲ့ ဘယ်လိုအလုပ်အကိုင် သင့်လျော်မယ် မှန်းလည်း မသိဘူးဆိုရင် ကိုယ့် CV အတိုင်း သူ့ကို scan လုပ်ခိုင်းပြီးတော့ ကိုယ်နဲ့ သင့် လျော်မှာကို အကြံပေးခိုင်းလို့ရတယ်။




၁၉၉၄ ခုနှစ်ကတည်းက စတင်ထူထောင် ထားတယ်။ အွန်လိုင်းအလုပ်ရှာဖွေရေးမှာ လက်ဦးမှုရယူထားတယ်။ ပြည်တွင်းသတင်းစာတွေမှာ မတွေ့ရတဲ့ အလုပ်ခေါ်စာတွေကို တောင်တွေ့နိုင်တယ်။ အလုပ်အကိုင် ပေး ချင်သူတွေရော၊ လိုချင်သူတွေပါ အလေးထားကြရတဲ့ site တစ်ခုဖြစ်တယ်။ နာရီပိုင်း၊ အချိန်ပိုင်း၊ အချိန်ပြည့် အလုပ်တွေကို သူ့နယ်ပယ်နဲ့သူ ခွဲခြားဖော်ပြထားတယ်။ အလုပ်ပေါင်း ၁.၁ သန်းကို စာရင်းတင်ထားတယ်။ အလုပ်အကိုင်ရှာဖွေနေသူတွေရဲ့ CV ပေါင်း ၄၁ သန်းလောက်ကိုလည်း ထိန်းသိမ်းဖော်ပြပေးထားတယ်။

ဒီ site မှာ အလုပ်လုပ်လိုသူရဲ့ ကိုယ်ရေးအကျဉ်း၊ တွေ့ဆုံမေးမြန်းချက်၊ ညှိနှိုင်းလစာ၊ ကုမ္ပဏီသာ သိစေချင်တဲ့ အခြားကိုယ့်အကြောင်းတွေကို ကြည့်နိုင်တယ်။ လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီက ကိုယ် အလုပ် ရှာနေမှန်းမသိအောင်လည်း လျှို့ဝှက်ပေးထားတယ်။ Monster ကသက်တမ်း ရှည်လာတာနဲ့အမျှ အလုပ် အကိုင်ကို ငွေယူပြီးရှာဖွေပေးနေတဲ့ ကုမ္ပဏီတွေက အမြတ်ထုတ်ပြီး စာရင်းတွေခိုးယူမှုတွေနဲ့လည်း ရင်ဆိုင် ရတယ်။



ဒီ site ကတော့ အဆောင်၊ အိမ်ရှာချင်ရင်၊ TV အဟောင်းရောင်းချင်ရင်၊ အဆက်အသွယ် ပြတ်နေ သူတွေကိုရှာချင်ရင် အသုံးဝင်ရုံမက အလုပ်အကိုင်ရှာချင်သူတွေ အတွက်ပါ အဆင်ပြေပါတယ်။ အခြား အလုပ်ရှာ website တွေထက် အလုပ်အကိုင် တစ်မျိုးတည်းကို ဦးတည်မထားတာ ထူးခြားချက် လို့ ပြောနိုင်တယ်။ ကိုယ့် အီးမေးလ်ကို sign up လုပ်စရာလည်းမလိုဘူး။ ကိုယ့် CV ကိုပြောစရာလည်းမလိုဘူး။ ဒါပေမယ့် အလုပ်အကိုင်အခွင့်အရေးတွေကတော့ အများကြီးရနိုင်တယ်။

အလုပ်တွေကို သူ့အမျိုးအစား၊ ခေါင်းစဉ်အလိုက် ခွဲခြားဖော်ပြထားတယ်။ ဥပမာ Admin/Office, Business/Mgmt, Writing/Editing စသဖြင့် ခေါင်းစဉ်လေးတွေခွဲထားတယ်။ အချို့ခေါင်းစဉ်တွေကျတော့ အလုပ်အကိုင်အခွင့်အလမ်းနယ်ပယ်ပိုကျယ် သွားတယ်။ ဥပမာ Salon/Spa/Fitness စသဖြင့် ဖြစ်တယ်။ အခြားတွေ့ရခဲတဲ့ လက်သည်း ပညာရှင်၊ အရောင်ပညာရှင်ဆိုတဲ့ ခေါ်စာတွေလည်းတွေ့နိုင်သေးတယ်။



အလုပ်ရှာတာ လိုချင်လို့ပေါ့။ ဒါပေမယ့် ကိုယ်လုပ်ရမယ့် ကုမ္ပဏီကလည်း ကိုယ်နဲ့ အဆင်ပြေဖို့လိုသေးတယ်။ ဒီ site မှာ ကိုယ် လုပ်ရမယ့်အလုပ်၊ ကိုယ့်အလုပ်ရှင် ကုမ္ပဏီအကြောင်းကို အခမဲ့ စုံစမ်းနိုင်တယ်။ အလုပ်ရှာ သူတွေအတွက် လစာ၊ ကုမ္ပဏီအကြောင်း၊ အင်တာဗျူးမေးခွန်းတွေကိုလည်း ဖော်ပြထားတယ်။ အလုပ်ရှင် ရော၊ အလုပ်သမားတွေကပါ ကိုယ့်အကြောင်း ကိုယ်ပို့ထားတာတွေ လေ့လာနိုင်တယ်။

အလုပ်အကိုင်တွေကို လစာနဲ့ရာထူးတွေကိုပါ နှိုင်းယှဉ်ပြထားတဲ့အတွက်လည်း ကိုယ်ကြိုက်ရာနေရာကို ပြောင်းရွှေ့နိုင်တဲ့ အခွင့် အလမ်းတွေရနိုင်တယ်။ ပြီးတော့ ဒီအလုပ်နဲ့ပတ်သက်တဲ့ အဆက်အသွယ်တွေကိုပါ ဖော်ပြထားတဲ့အတွက် Facebook မှာ မိတ်ဆွေဖွဲ့ကာ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်အကြောင်း၊ ကုမ္ပဏီအကြောင်းတွေကို စုံစမ်းနိုင်သေးတယ်။


http://www.dice.com/

နည်းပညာ၊ အင်ဂျင်နီယာနဲ့ပတ်သက်တဲ့ အလုပ်အကိုင်တွေကို အများဆုံးစုံစမ်းနိုင်တဲ့နေရာဖြစ်တယ်။ သူ့ အဆင့်တိုင်းအတွက် အလုပ်တွေကို ထောင်နဲ့ချီပြီးဖော်ပြပေးထားတယ်။ အလုပ်စလုပ်ချင်သူတွေရော၊ အတွေ့အကြုံရှိသူတွေရောအတွက်ပါ သူ့အဆင့်လိုက် အလုပ်တွေဖော်ပြထားတယ်။

နည်းပညာနဲ့ ပတ်သက်တဲ့ အလုပ်အကြောင်း၊ အလုပ်နဲ့ပတ်သက်တဲ့ အကြံပြုချက်၊ အမေးအဖြေ ကဏ္ဍတွေကိုလည်း လေ့လာနိုင်တယ်။ အလုပ်ရှာသူတွေက ကိုယ့် CV ကို ပို့ထားနိုင်တယ်။ နာမည်ကျော် နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ HP, Microsoft, Google တွေက အလုပ်ခေါ်စာတွေကိုလည်း တွေ့နိုင်တယ်။ လက်ရှိ အလုပ်ခေါ်ရာထူး နေရာပေါင်း ၈၄၀၀၀ လောက်တင်ထားတယ်။



အလုပ်အကိုင် နယ်ပယ်တိုင်းအတွက်တော့ မဖော်ပြထားဘူး။ မဂ္ဂဇင်း၊ ရုပ်သံလိုင်း၊ ရုပ်ရှင်၊ ရေဒီယို၊ သတင်းစာ၊ အွန်လိုင်းမီဒီယာ၊ ကြော်ငြာ၊ ပြည်သူ့ဆက်သွယ်ရေး၊ ဒီဇိုင်း စတဲ့လုပ်ငန်းတွေအတွက် အယ်ဒီတာ၊ စာရေးဆရာ၊ ထုတ်လုပ်သူ၊ ဂရပ်ဖစ်ဒီဇိုင်းနာ၊ စာအုပ်ထုတ်ဝေသူ စတဲ့အလုပ်တွေကို ဝါသနာပါသူတွေအတွက် အားထားရတဲ့ အနုပညာလုပ်ငန်းသီးသန့်လိုင်းဖြစ်တယ်။ အခမဲ့ဝင်ကြည့်နိုင်တယ်။ အကြံဉာဏ်တွေ၊ ခေါ်စာတွေ၊ အလုပ်အကြောင်းတွေ သိချင်ရင်တော့ AvantGuild မှာ ပရီမီယံအဖွဲ့ဝင်အဖြစ် ဝင်ရမယ်။ အလုပ်၊ ဌာန၊ ဒေသတွေ ကိုရှာနိုင်တယ်။ နိုင်ငံအနှံ့ ဆက်သွယ်နိုင်တဲ့ အဆက်အသွယ်တွေ၊ စာတမ်း ဖတ်ပွဲတွေ၊ နာမည်ကျော် blog တွေကိုလည်း ဖော်ပြပေးထားတယ်။


http://www.tweetmyjobs.com

ဆိုရှယ်ကွန်ရက်တွေ ခေတ်စားလာတာနဲ့အမျှ အလုပ်ရှင်နဲ့ အလုပ်သမား အွန်လိုင်းပေါ်ကနေ တိုက်ရိုက် ထိတွေ့နိုင်ခွင့်တွေရလာပါပြီ။ Facebook နဲ့ Twitter တွေကတစ်ဆင့် ကိုယ့်အကြောင်းတွေကို သိနိုင်တယ်။ အလုပ်ရှာသူတွေ အလုပ်သမားရော၊ အလုပ်ရှင်ပါ TweetMyJobs ကတစ်ဆင့် အီးမေးလ်၊ မိုဘိုင်းဖုန်း၊ Twitter တွေနဲ့ အလုပ်ဆိုင်ရာ အကြံပေးချက်တွေကို အပြန်အလှန်ဆွေးနွေးနိုင်တယ်။ အလုပ် လိုင်းပေါင်း ၁၀၀၀၀ လောက်ကို Twitter နဲ့ ချိတ်ပေးထားတယ်။ နေ့စဉ် အလုပ်သစ် ပေါင်း ၅၀၀၀၀ လောက် တင်ပေးနေတယ်။ အကြံပေးချက်အတိုင်းလည်း သူ့လိုင်း အလိုက် ဝင်ရောက်လေ့လာနိုင်တယ်။

တင်ညွန့်

Saturday, April 28, 2012

စာသင်ခန်းအတွင်း သင်ကြားနည်းအမျိုးမျိုး


စာသင်ကြားရာမှာ ပို၍ထိရောက်မူရှိစေရန်အတွက် ဆရာ ဆရာမများအနေနဲ့ သင့်တင့်တဲ့ နည်းလမ်းတွေကို ရွေးချယ် အသုံးပြုဖို့ လိုပါတယ်။ ဒီလိုပြောရာမှာ ဆရာများအနေနဲ့ သင်ကြားမှုဆိုင်ရာ ရွေးချယ်စရာနည်းလမ်းတွေ အများကြီးရှိတယ်ဆိုတာကို ပထမဆုံး သိစေချင်လို့ ဖြစ်ပါတယ်။

တချို့ဆရာတွေကတော့ သင်ခန်းစာများကို ကိုယ်တိုင် ပြင်ဆင်ပြီး၊ သင်ကြားရေးမှာ အသုံးပြုတတ်သလို၊ တချို့ကတော့ တခြားဆရာတွေ ပြင်ဆင်ထားတဲ့ သင်ခန်းစာတွေကို တောင်းယူအသုံးပြကြပါတယ်။ အခုနောက်ပိုင်းတော့ သင်ကြားရေးတွက် အင်တာနက်ပေါ်မှာ ရှာဖွေ အသုံပြုတာတွေ ရှိလာပါတယ်။

ဘယ်လိုပုံစံနဲ့ သင်ခန်းစာကို ပြင်ဆင်တာဖြစ်ဖြစ်၊ ဆရာ ဆရာမတစ်ယောက်အနေနဲ့ အဓိကထား စဉ်းစားသင့်တဲ့ အချက်ကလေးတွေရှိပါတယ်။ အဲဒါတွေကတော့ ကိုယ်သင်ကြားပေးမယ့် ကလေးတွေရဲ့ ဖွံဖြိုးမူ အနေအထားက ဘယ်လိုလဲ၊ ဘယ်လောက်ရှိနေပြီလဲ၊ အသိတွေ ဘယ်လောက် ရင့်ကျက်မှု ရှိသလဲ၊ ဒီကလေးတွေဟာ ဘယ်လို ပတ်ဝန်းကျင်က လာတာလဲ ဆိုတာ စဉ်းစားရပမယ်။ နောက် အဓိက အကျဆုံးကတော့ learning goal လို့ခေါ်တဲ့ သင်ကြားရေးပန်းတိုင်ပေါ့။ ကိုယ်သင်လိုတဲ့ အတိုင်းအတာက ဘယ်လောက်ထိ ရောက်ချင်တာလည်းဆိုတာကို အလေးထား စဉ်းစားဖို့ လိုပါတယ်။

အရေးကြီးတဲ့အချက်တစ်ခု ရှိပါသေးတယ်။ ဒါလည်း မမေ့သင့်တဲ့အချက်ပါ။ ကလေးတိုင်း တစ်ယောက်နဲ့ တစ်ယောက် သင်ယူပုံခြင်းမတူညီကြဘူးဆိုတာကို ဆရာက အမြဲသတိရှိနေဖို့ ဖြစ်ပါတယ်။ အဲလို မတူညီတာတွေထဲက ကလေးတိုင်းမှာ တူညီတာတစ်ချက်ကတော့ သူတို့တွေကို ချီးမွမ်းမယ်၊ သူတို့ လုပ်ရပ်လေးတွေကို ချီးမြောက်ပေးမယ်ဆိုရင် သိပ်ကို ကျေနပ်ကြတဲ့ သဘာဝပါပဲ။

ဒီအပြင် ဆရာ ဆရာမတိုင်း သတိထားရမှာက ခုနကပြောခဲ့တဲ့ ကလေးတိုင်းမှာ သင်ယူမူ ခံယူကြပုံခြင်း မတူညီဘူးဆိုတဲ့ အချက်ရဲ့နောက်ကွယ်မှာ ဆရာက တစ်ခန်းလုံးကိုတူညီတဲ့ စကားလုံးနဲ့ပဲ သင်ကြားပေမဲ့ ကလေးတိုင်းဆီကို တူညီတဲ့အချက်တွေ ရောက်ရှိသွားလိမ့်မယ်လို့မထင်ဖို့ပါ။ တစ်ယောက်နဲ့ တစ်ယောက် ခံယူ လက်ခံပုံတွေက အမြဲကွာခြားမှု ရှိနေပါတယ်။

အဲဒီလို ကွာခြားမူတွေရှိတာကြောင့် ဆရာ ဆရာမများအနေနဲ့ သင်ကြားမှု အတတ်ပညာကို အသုံးပြုပြီး သူတို့ကလေးတွေဆီ ကိုယ်သင်ကြားလိုတဲ့ မက်စေ့ခ်ျကို အရောက်ပို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ခန်းစာပြင်ဆင်တဲ့ နေရာမှာ ဆရာ ဆရာမများအနေနဲ့ သေချာပြင်ဆင်ဖို့ အရေးကြီးလာပါပြီ။

သင်ခန်းစာ ပြင်ဆင်တဲ့အခါမှာ ပုံစံအမျိုးမျိုးထည့်သွင်းပြီး ကလေးတွေ တစ်နည်းမဟုတ် တစ်နည်းနဲ့ နားလည် သဘောပေါက်အောင် သင်ပေးဖို့အတွက် ပြင်ဆင်ရပါမယ်။ သင်ခန်းစာတစ်ခု သင်ပြီဆိုရင် ဆရာက တောက်လျှောက် 'အစ အလယ်၊ အဆုံး' လက်ချာရိုက်သွားတာမျိုး မဟုတ်ဘဲ၊ သူတို့ ဖြေနိုင်လောက်မယ့် မေးခွန်းလေးတွေ ထည့်မေးတာတို့၊ စာနဲ့ပတ်သက်လို့ ရှင်းလင်းတဲ့အခါ ပုံစံငယ်လေးတွေ သို့မဟုတ် မော်ဒယ်လေးတွေ ပြသတာတို့၊ သူတို့သိချင်တဲ့ အပိုင်းကို အတူတူပါဝင်လုပ်ကိုင်တာတို့၊ လက်တွေ့ များများ ပေးတာတို့ စတဲ့ အပိုင်းတွေကို ထည့်သွင်းဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

၁။ မေးခွန်းမေး အစပျိုးခြင်း (Introduction)

သင်ခန်းစာတစ်ခု မစခင်မှာ၊ စာသင်သားတွေက သင်မယ့်ခေါင်းစဉ်နဲ့ပတ်သက်လို့ ဘယ်လောက်သိထားသလဲ ဆိုတာ မေးခွန်းလေးတွေမေးပြီး စတင်သင့်ပါတယ်။ အဲလို မေးခွန်းလေးတွေ စမေးခြင်းဖြင့် ကလေးတွေရဲ့ သိနှင့်ပြီးသားအပိုင်းနဲ့ လိုအပ်တဲ့အပိုင်းများကို ဆရာများက သိလာပါလိမ့်မယ်။

အဲဒီလို သင်ခန်းစာစဖို့ မေးခွန်း မေးတဲ့ ပုံစံက၊ ကျောင်းဝင်ခွင့် စာမေးပွဲမေးခွန်းတွေမှာ စာသင်သားတွေအနေနဲ့ အရင်က ဘာတွေသင်ယူခဲ့ပြီးပြီလဲ၊ ယခုတက်ရောက်မယ့် အတန်းအတွက် သိသင့်သိထိုက်တဲ့ အချက်တွေကို ဘယ်လောက် သိထားသလဲဆိုတာ ပြန်မေးတဲ့ ပုံစံမျိုးပါပဲ။ ကလေးတွေနဲ့ ကိုယ်သင်မယ့် အတန်းရဲ့ အခြေအနေကို ဆရာက သင်ခန်းစာ မစခင် အရင်သိနှင့်ထားဖို့ လိုပါတယ်။

ဆရာ ဆရာမများအနေနဲ့ သင်ကြားခြင်းနဲ့ သင်ယူရေး (teaching and learning) မှာ အမြဲသတိရရှိနေရမယ့် အချက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ကျောင်းသားတိုင်းက သင်ယူမှုပြုလုပ်နေချိန်မှာ၊ "အမြင်အားဖြင့် သင်ယူနေတယ်၊ အကြားအားဖြင့် သင်ယူနေတယ်၊ လက်တွေ့ပြုလုပ်မှုဖြင့်လည်း သင်ယူနေတယ်" ဆိုတဲ့ အချက်ပါပဲ။

၂။ ရှင်းလင်းပြခြင်း ( explaining )

သင်မယ့် ခေါင်းစဉ်နဲ့ ပတ်သက်တဲ့ နောက်ခံ အချက်အလက်တွေကို ကျောင်းသားတွေကို ရှင်းလင်းပြောပြဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ သင်ထောက်ကူ ပစ္စည်း (visual aid) တွေကိုပြသပြီး ရှင်းလင်းနိုင်ရင် အကောင်းဆုံးပါပဲ။ စာသင်သားတွေအနေနဲ့ မျက်စိနဲ့ မြင်လာရတဲ့ ပစ္စည်းအပေါ် ဒါမှမဟုတ် တွက်ချက်စရာ ပြသနာများအပေါ်၊ သူတို့ကိုယ်တိုင် စိတ်ဝင်တစားနဲ့ အဖြေရှာလိုစိတ် ဖြစ်လာပါလိမ့်မယ်။

သင်ခန်းစာကို ရှင်းပြတဲ့အခါမှာ နည်းလမ်းနှစ်ခုကိုအသုံးပြုလို့ရပါတယ်။ လက်ချာတွေကို တောက်လျှောက်ပေး ရှင်းပြလို့ရသလို၊ စလိုက်ရှိုးများ ( slide show ) များ၊ overheads ပရိုဂျက်တာများ အသုံးပြုပြီး ရှင်းပြနိုင်ပါတယ်။

၃။ လက်တွေပြသ လုပ်ဆောင်ခြင်း ( Demonstration )

စာသင်သားတွေကိုယ်တိုင် လက်တွေ့လုပ်ကိုင်ခွင့်ရတဲ့အခါမှာ သူတို့မှာ အတွေးသစ် အမြင်သစ်တွေ အများကြီး ပေါ်ထွက်လာစေပါတယ်။ လက်တွေ့လုပ်ကိုင်တဲ့အခါ၊ ကိုယ်တိုင်စွန့်စား လုပ်ကိုင်ရတာက တစ်ချက်၊ နောက်ကိုယ်တိုင် မြင်တွေ့ခွင့်ရတာက တစ်ချက်ဆိုတော့ စာသင်သားတွေမှာ ပိုမိုမှတ်သားနိုင်စွမ်းတွေ ရှိလာပါတယ်။

အထူးသဖြင့် ဆရာအနေနဲ့ သိပံ္ပဘာသာရပ်ကို သင်တဲ့အခါမှာ ဒီလိုလက်တွေ့တွေလုပ်ပေးခြင်းဖြင့်သာ ကလေးတွေ ပိုမိုမှတ်မိနားလည်နိုင်ကြမှာ ဖြစ်ပါတယ်။ အမြင်အားဖြင့် လက်တွေ့လုပ်ကိုင်ပြီးတဲ့အခါ၊ အကြောင်းပြချက်များကိုပေးပြီး အကျိုးဖြစ်ရပ်များကို သေချာရှင်းလင်းပြောကြားနိုင်မှာ ဖြစ်ပါတယ်။

တနည်းအားဖြင့် လက်တွေ့လုပ်ကိုင်ခြင်းဆိုရာမှာ ပုံပြင်တစ်ခု ဇာတ်လမ်းတစ်ခုကို သူတို့ကို ပြောပြသလိုမျိုး သင်ကြားတဲ့နည်းစနစ်ကလည်း ထိရောက်မူရှိပါတယ်။

နောက် ပိုမိုထိရောက်တဲ့ သင်ကြားနည်းတစ်ခုကတော့ ဇာတ်လမ်းဇာတ်ကောင်တွေအသုံးပြုပြီး၊ ဆရာက ဇာတ်လမ်းကို ပြန်ပြောပြသူအနေနဲ့ လုပ်မယ်ဆိုရင်လည်း ပိုစိတ်ဝင်စားစရာပိုကောင်းမှာပါ။ ဘာလို့လည်းဆိုရင် အမြင်အသိနဲ့ သူတို့ပတ်ဝန်းကျင်မှာ တွေ့နေတဲ့ အတွေ့အကြုံလေးတွေ ပေါင်းစပ်ပြီးတော့ စာသင်သားတွေရဲ့ ဦးနှောက်ကို တွန်းအားပေးရင်း ပိုမိုမှတ်မိစေမှာမို့ ဖြစ်ပါတယ်။ ဇာတ်လမ်းနဲ့ဆိုရင် ပိုမိုစိတ်ဝင်စားလာပြီး ကိုယ်သင်ကြားလိုတဲ့အရာကို သူတို့မှတ်ညဏ်ထဲ တိုက်ရိုက်ပို့ပေးလိုက်သလို မှတ်မှတ်ထင်ထင် ဖြစ်သွားစေပါလိမ့်မယ်။

တစ်ခါတလေ ဆရာ ဆရာမတွေက လက်ချာ (lecture)တွေ အရှည်ကြီး ပေးပြီး စကားလုံးတွေ အများကြီး သုံးနေတဲ့အခါမှာ စာသင်သားအနေနဲ့ ဆိုလိုချင်တဲ့ ပုံရိပ် ပေါ်မလာတော့ဘဲ ရှုပ်ထွေးမူတွေ ဖြစ်လာတတ်ပါတယ်။ အဲလိုအချိန်မှာ (Visuals) အမြင်အားဖြင့်ပါ တွဲဖက်သင်ပေးနိုင်မယ်ဆိုရင်၊ မသဲကွဲတဲ့ အကြောင်းအရာတွေက အကြားအာရုံတစ်ခုထဲမဟုတ်တော့ဘဲ၊ အမြင်အာရုံနဲ့ပါ တွဲဖက် သင်ပေးတဲ့အတွက် အကြောင်းအရာက စာသင်သားဆီ လျှောကနဲ အပြည့်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

၎။ ပူးပေါင်းဆောင်ရွက်မူ ( Collaborating )

ပူးပေါင်းဆောင်ရွက် သင်ကြားနည်း ဆိုတာကတော့ စာသင်သားတွေကို အဖွဲ့လေးတွေ ခွဲထားပြီး သူတို့နဲ့ သက်ဆိုင်တဲ့ သင်ခန်းစာလေးတွေပေးပြီး သူတို့အချင်းချင်း ဆွေးနွေးမူ ပြုလုပ်စေတဲ့နည်းပါ။

ဒီလိုမျိုးအဖွဲ့လိုက် ဆွေးနွေးမူတွေလုပ်ကြရတဲ့အခါမှာ တစ်ဦးချင်းစီ လွတ်လပ်စွာ ပါဝင်ဆွေးနွေးလာကြမယ်။ သူတို့မှာ သိထားတဲ့ အတွေ့အကြုံတွေ အချင်းချင်း မျှဝေမယ်။ အဲဒါဆိုရင် အဖွဲ့ထဲမှာရှိတဲ့ လူအရေအတွက်နဲ့ အတွေ့အကြုံတွေကို သူတို့ များများသိလာပါလိမ့်မယ်။ ဆရာတွေအနေနဲ့လည်း ကျောင်းသားတိုင်းရဲ့ အရည်အချင်းတွေကို ပိုသိလာမှာ ဖြစ်ပါတယ်။

နောက် ဆရာအနေနဲ့ ကိုယ့်စာသင်သားတွေဟာ စုပေါင်းလုပ်ကိုင်နိုင်တဲ့ အရည်အချင်းရှိမရှိ၊ presentation လုပ်တတ်မူ စွမ်းရည်တို့ကိုပါ ဆရာတစ်ယောက်အနေနဲ့ စာသင်သားတွေကို စစ်ဆေးမူပြုလုပ်နိုင်ပါသေးတယ်။ ဒီနည်းကတော့ Direct instruction ခေဓ တိုက်ရိုက်သင်ကြားနည်းတွေထဲက နည်းတစ်နည်း ဖြစ်ပါတယ်။

နောက်ထပ် အဖွဲ့လိုက် သင်ကြားနည်းတစ်ခုကတော့ ဆရာက ခေါင်းစဉ်နှင့်ပတ်သက်တာကို တိုက်ရိုက် သင်ကြားပေးပြီးတဲ့နောက်၊ ကျောင်းသားတွေကို အဖွဲ့လေးတွေ ခွဲပေးလိုက်ပြီး သင်ကြားခဲ့တဲ့ သင်ခန်းစာကို သူတို့အချင်းချင်း ပြန်ဆွေးနွေးခိုင်းတာပါပဲ။ ဆွေးနွေးမူရဲ့ နောက်ဆုံးအချိန်မှာတော့ ဆရာ ဆရာမက သူတို့ရဲ့ ဆွေးနွေးချက်တွေကို ပြန်လည်ဝေဖန် သုံးသပ်ပေးလိုက်ခြင်းဖြင့် သူတို့မရှင်းတဲ့ အရာတွေေ၀၀ါးရှုပ်ထွေးနေတဲ့ အချက်တွေကို တစ်ခါထဲ ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း သဘောပေါက်သွားကြမှာ ဖြစ်ပါတယ်။

အဖွဲ့အစည်းနဲ့ သင်ယူခြင်းနည်းပညာ (Collaborating kinesthetic) ဟာ စာသင်သားတွေအကုန်လုံးကို တစ်ဦးချင်းစီ ပါဝင်ဆောင်ရွက်စေတဲ့ နည်းဖြစ်ပါတယ်။ စာသင်သားတိုင်းဟာ သက်ဆိုင်တဲ့ သင်ခန်းစားအပေါ် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆွေးနွေးခွင့်ရခြင်း၊ လက်တွေ့လုပ်ကိုင်ဆောင်ရွက်ခွင့် ရခြင်းတွေ ရှိလာပါတယ်။

Group projects and discussions ခေါ်တဲ့ အဖွဲ့လိုက် ပရောဂျက်နဲ့ ဆွေးနွေးမူတွေဟာလည်း ဒီနည်းကို အခြေခံထားချင်း ဖြစ်ပါတယ်။ အထက်ဖေါ်ပြချက်များ တင်မဟုတ်ပါဘဲ အဖွဲ့လိုက် (group work) နဲ့ ဆွေးနွေးမူကိုလည်း ပုံစံအမျိုးမျိုးထွင်ပြီး လုပ်ပေးနိုင်ပါတယ်။

၅။ သင်ကြားခြင်းဖြင့် သင်ယူနည်း (Learning by teaching)

သင်ကြားခြင်းဖြင့် သင်ယူနည်း ဆိုတဲ့ နည်းလမ်းကတော့ ဂျာမနီနိုင်ငံမှာ အများဆုံးအသုံးပြုတယ်လို့ ဆိုရမှာပါ။ ဒီနည်းကို ဂျင်ပို မာတင် ( Jean-Pol Martin ) က စတင် အသုံးပြုခဲ့တဲ့နည်းပါ။ စာသင်သားအချင်းချင်း လေ့လာသင်ယူနည်းလို့ လည်းခေါ်ပါတယ်။ ဒီနည်းလမ်းကလည်း သင်ကြားရေးမှာ အတော့်ကို ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ကျောင်းသားတစ်ဦးချင်းစီဖြစ်ဖြစ် အဖွဲ့လိုက်ကိုပဲဖြစ်ဖြစ် သင်ခန်းစာတစ်ခုကို သေချာလေ့လာစေပြီး၊ စာသင်သား အချင်းချင်း ပြန်လည်သင်ကြားပေးစေတာပါ။ အဲဒီလိုမျိုးလုပ်ပေးခြင်းဖြင့် ကျောင်းသားများဟာ သူတို့ကိုယ်သူတို့ ယုံကြည်မူများတိုးပွားလာစေပါတယ်။ အဲလိုမျိုး ကိုယ့်ကိုကိုယ်ယုံကြည်လာတာနဲ့ အမျှ ကိုယ့်ကိုကိုယ်လည်း တစ်နည်းအားဖြင့် ပိုသိလာမှာ ဖြစ်သလို အတန်းတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် စကားပြောဆိုဆက်ဆံရေးနဲ့ ရင်းနီးမှုတွေ ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။

သင်ကြားခိုင်းခံရတဲ့ ကျောင်းသားအနေနဲ့လည်း သင်ကြားခိုင်းတဲ့ ခေါင်းစဉ်တစ်ခုထဲကိုပဲ နားလည် သဘောပေါက်သွားရုံတင် မဟုတ်ဘဲ၊ သူ့ဘ၀မှာ တန်ဖိုးရှိတဲ့ အတွေ့အကြုံအနေနဲ့ မှတ်မှတ်ရရ ဖြစ်နေပြီး နောင်တစ်ချိန်မှာ သူလုပ်ရမယ့် လုပ်ငန်းတွေကိုလည်း သေချာစေ့စပ်စွာလုပ်တတ်လာသလို၊ သတ္တိရှိရှိနှင့် ရှေ့ထွက်ခေါင်းဆောင်အဖြစ် ဆောင်ရွက်ရတဲ့အချိန်များမှာလည်း သေချာစွာ လုပ်ကိုင်ဆောင်ရွက်တတ်မူတွေ ဖြစ်ပေါ်လာမှာ မလွဲပါပဲ။

မမေ
(dedicated to my everyone who love teaching for children)