Wednesday, February 1, 2012

မုဒိတာ ရွှေစကား


၂၀၁၁-ခု၊ဇူလိုင်လ(၁၀)ရက်နေ့က ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ်စကို ဘေးဧရိယာထဲက ဟေးဝပ်မြို့မှာ ရေးဖေါ်ညီတော် အရှင် ဉာဏိကာဘိဝံသ (ကာလီဖိုးနီးယားတက္ကသိုလ်)က “မုဒိတာရွှေကျောင်း” ဆိုတဲ့ အမည်နဲ့ ကျောင်းသစ်တစ်ခု တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။

ဖွင့်ပွဲနေ့က အဘိဓဇမဟာရဋ္ဌဂုရု မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ကုမာရာ ဘိဝံသ နှင့် မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ တို့လည်း ကြုံကြိုက်ပြီး ကြွရောက်ချီးမြှောက်ကြတဲ့ အတွက် ကျောင်းဖွင့်ပွဲ အစီအစဉ်မှာ ဆရာတော်ကြီးနှစ်ပါး အပြည့်အဝ သြဝါဒစကား ပြောကြားနိုင်ဖို့အတွက် မိမိအနုမောဒနာစကား ပြောကြားမည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့ပါတယ်။

မိမိကတော့ ဇူလိုင်(၁၆)ရက် ဝါဆိုတဲ့နေ့ရောက်မှသာ ဓမ္မစကြာသင်တန်း အကြိုအဖြစ်နဲ့ အနုမောဒနာ စကား ပြောကြားခဲ့ပါတယ်။ ဒီတရားကို အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာကျောင်း၊ ဝါရှင်တန်ပြည်နယ်၊ Seattleမြို့၊ တိပိဋကကျောင်း၊ အင်ဒီးယား နားပြည် နယ်၊ ဖေါ့ဝိန်းမြို့၊ ဇေတဝန်ကျောင်း တို့မှာ လည်း ဟောခဲ့ပါသေးတယ်။

“မုဒိတာရွှေကျောင်း”ဆိုတဲ့ အမည်နဲ့ပတ်သက်လို့ ဘယ်လိုရည်ရွယ်ချက် ၊ ဘယ်လိုအဓိပ္ပာယ်နဲ့ ပေးခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့တော့ နာမကရဏ မင်္ဂလာပြုလုပ်တဲ့ ကျောင်းတိုက်တည် ဆရာတော်အရှင်ဉာဏိကာဘိဝံသ ကိုယ်တိုင်က သူ့ကျောင်းရဲ့ လိုဂိုအောက်မှာ ကြွေးကြော်သံအဖြစ်နဲ့“ ကြည်နူးဝမ်းမြောက်ခြင်းမှသည် ငြိမ်းအေး လွတ်မြောက်ရေးဆီ”ဆိုပြီး အဓိပ္ပါယ်အကျဉ်းကို ပြဆိုကြွေးကြော်ထားပါတယ်။

ဒီစကားရပ်မှာ “ကြည်နူးဝမ်းမြောက်ခြင်းမှသည်”ဆိုတာက “မုဒိတာ”ကို ကိုယ်စားပြုဖွင့်ဆိုတာဖြစ်ပြီး “ငြိမ်းအေးလွတ် မြောက်ရေးဆီ”ဆိုတာက “ရွှေကျောင်း”ကိုကိုယ်စားပြု ဖွင့်ဆိုတယ်လို့လည်း ယူဆနိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငြိမ်းအေးလွတ်မြောက် တယ် ဆိုတာ မြတ်ဗုဒ္ဓအလို အရတော့ ဒုက္ခအားလုံး လွတ်မြောက်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုရမှသာ တကယ့်ငြိမ်းအေးလွတ်မြောက်ရာလို့ ဆိုရမှာမဟုတ်လား။ အဲဒီ နိဗ္ဗာန်ကို ရှေးပညာရှင်များ က “ရွှေပြည်နိဗ္ဗာန်”လို့ ရွှေနဲ့အမွှန်းတင် ဂုဏ်ပြု ခေါ်ဆိုကြတာလည်းရှိနေလို့ပါပဲ။

မိမိအနေနဲ့တော့ ဒီအမည်ကို အကြောင်းပြုပြီး မိမိသဘောပေါက် ခံစားရသလို မုဒိတာနဲ့ ရွှေကို ရူပကအလင်္ကာသဘောမျိုးနဲ့ ထပ်တူပြု အဓိပ္ပာယ်ဖွင့်ဆိုပြီးတော့ ပြောချင်ပါတယ်။ ဒီလိုပြောဆိုတဲ့အခါမှာ ရွှေအကြောင်းကို အဓိကထားပြောဆိုမှာဖြစ်လို့ ဒီအနုမောဒနာ စကားစုကိုလည်း “ရွှေမုဒိတာစကား”လို့တောင် အမည်ပေးလိုက်ချင်ပါတယ်။

ကမ္ဘာအနှံ့ပြန့်နေတဲ့ မြန်မာတွေ အားလုံးလိုလိုကပဲ မိမိတို့ကိုယ်ကို ကိုယ်စားပြုတဲ့ နာမ်စားအဖြစ်နဲ့ “ရွှေများ”လို့ ပြောဆိုလေ့ရှိတာကို တွေ့ရပါတယ်။ အံ့သြဖို့ကောင်းတာကတော့ ရောက်ရှိတဲ့ နိုင်ငံတွေ ဘယ် လောက်ပဲ ဝေးနေနေ ၊ ဘယ်လိုပဲ ခြားနားနေနေ ကိုယ့်ကိုယ်ကို “ရွှေတွေ”လို့ နာမ်စားပြုကြ တာကြတော့ တကယ့် ကိုယ်မှ ရာနှုန်းပြည့် ဆန္ဒတူညီကြတယ်လို့ ပြောနိုင်လောက်အောင် သဘောထား ကွဲလွဲမှု မရှိပဲ တူညီနေတာ ကို တွေ့ရပါတယ်။

မြန်မာတွေအနေနဲ့ ကိုယ့်ကိုယ်ကို “ရွှေတွေ”လို့ ကိုယ်စားပြုကြတာကို မိမိအနေနဲ့လည်း အတော်ကို သဘောကျပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ မြန်မာတိုင်းကို “ရွှေ”လိုစိတ်ဓာတ်မျိုးတွေ အမြဲရှိနေစေချင်လို့ပါ၊ ဘယ်တော့မှ မိမိရဲ့ဇာတရူပလို့ဆိုတဲ့ ဝါထိန်ရောင် ဂုဏ်သိက္ခာပျောက်မသွားတဲ့ မြေရဲ့သားရတနာ ရွှေလိုလို့ ပြောတာနော်။”ရွှေ”ဆိုတာ သေသေချာချာတွေးကြည့်လိုက်ရင် ဇာတိ ပုည ဂုဏ် မာနတို့ရဲ့ သင်္ကေတ လည်းဖြစ်တယ်။ ပြီးတော့ ဇွဲသတ္တိ၊ စိတ်ဓာတ်ခိုင်မာမှု၊ စည်းလုံးညီညွတ်မှု၊ မုဒိတာ ပြည့်ဝမှုနဲ့ သဘောထား ကြီးမြတ်မှုတို့ရဲ့ သင်္ကေတလည်းဖြစ်လို့ပါ။

ဒီအကြောင်းနည်းနည်းချဲ့ပြောပါ့မယ်၊ “ရွှေ”ဆိုတာကို ပါဠိလို “ဇာတရူပ”လို့ခေါ်ပါတယ်။ ပင်ကိုယ်ရုပ် အဆင်းဖြစ် တဲ့ ဝါထိန်မှု (ဇာတိရုပ်) ဘယ်တော့မှ မပျက်တဲ့ မြေရဲ့ အမတေ ရတနာဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါကြောင့်လည်း ရွှေကို ဇာတိ ပုည ဂုဏ်မာနတို့ရဲ့ သင်္ကေတ တစ်ခုလည်းဖြစ် တယ်လို့ ဆိုလိုက်ရတာပေါ့။ ဒါကြောင့်ပဲထင်ပါရဲ့ ရှေးမြန်မာအဆက်ဆက်တို့ဟာ မိမိတို့အမွန်အမြတ် အမွှန်းတင်ပြောဆိုလိုတဲ့ အမည်နာမ များရဲ့ရှေ့မှာ ရွှေနဲ့ထပ်တူ ရူပကဂုဏ်ပြုပြီး ပြောဆိုလေ့ရှိပါတယ်။ ဘုရားရှင်သီတင်းသုံးတော်မူတဲ့ ကျောင်းတော်ကြီးကိုလည်း “ဇေတဝန် ရွှေကျောင်းတော်”လို့ခေါ်ဆိုကြသလို အခြားအမွန် အမြတ်ပြုလိုတဲ့ အရာများကိုလည်း “ရွှေပြည်တော်၊ ရွှေမြို့တော်၊ ရွှေ နန်းတော်၊ ရွှေဘုံရွှေနန်း၊ ရွှေမန္တလေး၊ မြို့ရွှေဂုန်”စတာမျိုး တွေပေါ့။ ရွှေမြန်မာတို့ အနေနဲ့လည်း တကယ့်ရွှေအစစ်လိုပဲ မိမိတို့ရဲ့ “ဇာတရူပ”လို့ ဆိုရမယ့် မွေးရာပါ ပင်ကိုယ် ဂုဏ်လေးတွေ မပျောက်စေချင်ပါဘူး။ မပျောက်မှလည်း “ရွှေမြန်မာ” ဆိုတဲ့ ရူပကဂုဏ်ပုဒ်နဲ့ ကိုက်ညီမှာပါ။

ရွှေမြန်မာတို့ရဲ့ မွေးရာပါ ဇာတရူပဂုဏ်ဆိုတာ ဘာလဲလို့ နည်းနည်းစဉ်းစားကြည့်ကြရအောင်ပါ။ ရှေးမြန်မာတို့ရဲ့ အစဉ်အလာအရ သားသမီးများ ဖွားမြောက်လာပြီဆိုတာနဲ့ တစ်ပြိုက်နက် “ရက်ချုပ်”လို့ခေါ်တဲ့ မွေးဖွားချိန်မှတ် တမ်းများ ရေးထိုးလေ့ရှိပါတယ်။ အဲဒီမှာ ဘယ်လို ရေးထားသလဲဆိုရင် “ ဘယ်ခုနှစ်၊ ဘယ်လ၊ ဘယ်ရက်၊ ဘယ်အချိန်မှာ ရတနာသုံးပါးဦးထိပ်ထား၍ ၊ မာတာမိခင်၊ ဖွားသန့်စင်သည်၊ အမည်သညာ ခေါ်စရာကား.. ဘယ်သူ ဘယ်ဝါ အသက်တစ်ရာ့နှစ်ဆယ် ရှည်စေသော်…..” ဆိုတာမျိုးပေါ့။

အဲဒီစကားရပ်ထဲမှာ အရေးအကြီးဆုံးက “ရတနာသုံးပါး ဦးထိပ်ထား၍” ဆိုတဲ့အချက်ပဲ၊ အဲဒါ မိဘနှစ်ပါး တို့က သားသမီးတို့ကို ခပ်နှိပ်ပေးလိုက်တဲ့ ဇာတရူပလို့ဆိုရမယ့် မွေးရာပါ ဂုဏ်အင်္ဂါပေါ့။

အဲဒီမိမိတို့ရဲ့ ဇာတရူပဖြစ်တဲ့ ရတနာသုံးပါးဦးထိပ်ထားမှုကို ဘယ်အရပ်၊ ဘယ်ဒေသတွေပဲ ရောက်နေနေ မပျောက်အောင် ထိန်းသိမ်းထားနိုင်မှသာ တကယ့် ရွှေဆိုတဲ့ဂုဏ်နဲ့ ကိုက်ညီမှာဗျာ။ အဲဒီလို ရွှေဆိုတဲ့ဂုဏ်နဲ့ ကိုက်ညီမှလည်း မြန်မာတို့ပြောပြောနေတဲ့ “ဇာတိ ပုည ၊ ဂုဏ်မာန”ဆိုတဲ့ စကားကလည်း တကယ် အဓိပ္ပာယ် ရှိလာမှာ။

ဒါနဲ့ပတ်သက်လို့ ရွှေမြန်မာတို့ရှိရာ နိုင်ငံရပ်ခြားကို ရောက်ရှိလို့ အခုလို ဘာသာ သာသနာနဲ့ ပတ်သက်တဲ့ အခမ်းအနားတို့ ၊တရားပွဲတို့၊ ဓမ္မသင်တန်းတို့ ကြုံရတိုင်းလည်း ပြောဖြစ်ပါတယ်။ “ ဘယ်သူမဆို တိုင်းတစ်ပါး အရပ်တစ်ပါး၊ ရောက်နေကြရတာဟာ ကိုယ့်အရပ်၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံကို မချစ်နိုင်ကြလို့ ခွဲခွာလာကြသူတွေ တစ်ယောက်မှမရှိဘူး၊ မဖြစ်သာလို့ ခွဲခွာလာကြသူတွေချည်းပဲ။ ဘယ်လိုပဲ မွေးရပ်မြေ တို့၊ မွေးမိဘတို့၊ ဆွေမျိုမိတ်သင်္ဂဟတို့နဲ့ ခွဲခွာရ ခွဲခွာရ၊ တကယ်ကို ဘယ်လိုမှ မကွဲကွာသင့်တဲ့ ရတနာသုံးပါးနဲ့ အခုလို မခွဲမခွာ နေကြတာတွေ၊ မကွဲကွာရအောင် ဗုဒ္ဓသာသနာကို ဖြန့်ချီပေးနေတဲ့ ဆရာတော်တွေ၊ ကျောင်းကန်တွေကို တွေ့ရတာကတော့ “ သဲကန္တာရထဲက အိုအေစစ်ကလေး” လို့ ဆိုရလောက်အောက် တကယ်ကိုယ် စိတ်ချမ်း သာစရာလေးပါ၊ အမျိုးသာရှိပြီး ဘာသာ သာသနာကွယ်ပျောက်နေချင်းဟာ အမျိုးပျောက်တာထက် ရင်နာ စရာ၊ ခုရောနောင်ပါ ဝမ်းနည်းပူဆွေးစရာတွေနဲ့ကြုံကြရမှာဖြစ်လို့ပါ။

ဟုတ်တယ်လေ ၊ အရပ်ဒေသ ၊ မိဘဆွေမျိုးစသည်တို့နဲ့ ဘယ်လိုပဲ ကွဲကွာနေနေ၊ ရတနာသုံးပါးနဲ့ မကွဲကွာသမျှ လူဟာ သုဂတိဘုံဘဝနဲ့လည်း ကွဲကွာမသွားနိုင်သေးပါဘူး။ ဒီစကားလေးကို သေသေချာချာ စဉ်းစားပြီး အလေးအနက်ထားကြည့်ပါ။ ရတနာသုံးပါးနဲ့ မကွဲကွာသမျှ တစ်ခြား ဘယ်အရာတွေနဲ့ ကွဲကွာနေနေ သုဂတိဘုံနဲ့ ကွဲကွာသူ မဖြစ်နိုင်သလို ရတာနာသုံးပါနဲ့ ကွဲကွာနေကြပြီဆိုရင်လည်း ဘယ်လိုအရာတွေနဲ့ပဲ ပေါင်းဆုံ ကြုံတွေ့နေနေ ကိုယ့်နိုင်ငံ ကိုယ့်ဒေသမှာ ရွှေဘုံရွှေနန်းကြီးတွေလို ဆောက်လုပ်ပြီး ရွှေဘုံပေါ်မှာပဲ စံနေနေ၊ အဲလိုလူမျိုးဟာ ဒီတစ်ဘဝသာ လူပြည်ကို ရောက်ခွင့်ရပြီး နောက်ဘဝတွေမှာတော့ သုဂတိဘုံနဲ့ ပြန်လည်ဆုံတွေ့ခွင့်မရနိုင်တော့ဘူး ဆိုတဲ့ အဓိပ္ပါယ်ကိုလည်း ညွှန်းဆိုနေပါတယ်။

ဒါကြောင့် ရွှေမြန်မာတို့ကို အရေးအကြီးဆုံး နံပါတ်တစ်အနေနဲ့ ရွှေရဲ့ အနွတ္ထသညာဖြစ်တဲ့ “ဇာတရူပ (မွေးရာပါဇာတိရုပ်) ” မပျောက်သလို ၊ မိမိတို့ရွှေမြန်မာများဟာလည်း မိမိတို့ရဲ့ “ဇာတရူပ” လို့ဆိုရမည့် “ရတနာ သုံးပါးဦးထိပ်ထား၍” ဆိုတဲ့ မွေးရာပါဂုဏ်ကို အလေးထား ထိန်းသိမ်း ထားပါလို့ ဦးစွာတိုက်တွန်းလိုက်ရတာပါ။

ပြီးတော့ ရွှေဆိုတာ ဇွဲသတ္တိ၊ စိတ်ဓာတ်ခိုင်မာမှုတို့ရဲ့ သင်္ကေတလို့လဲ အထက်မှာ ပြောခဲ့တယ်နော်၊ ဟုတ်ပါတယ်။ ရွှေနဲ့ ပတ်သက် လို့ ရွှေကျွမ်းကျင်သူ ရှေးပညာရှိများရဲ့ ဆိုရိုးစကားတစ်ခုရှိပါတယ်.

“ရွှေဆိုတာတဲ့-- မီးဖုတ်လို့လဲမမည်းရဘူး၊ တူနဲ့ထုလည်း မကွဲရဘူး၊ နန်းဆွဲလို့လည်း မပြတ်ရဘူး၊ ငရဲမီးနဲ့တို့လည်း မစားရဘူး၊ ”တဲ့။ ဒါကြောင့်ပဲ မြန်မာတို့ရဲ့အစဉ်အလာမှာ အမြတ်တနိုး အခိုင်အမာ ပြုလိုတဲ့ အမည်တွေ ရဲ့ရှေ့မှာ ရွှေထက်တန်ဘိုးကြီးမားတယ်ဆိုတဲ့ စိန်တို့ ၊ မြတို့၊ ပတ္တမြားတို့နဲ့ ထပ်တူပြု အမွှန်းတင်ပြီးမသုံးဘဲ ရွှေနဲ့သာ ထပ်တူပြု အမွှန်းတင်ကြတာ ဖြစ်မှာပေါ့။

အဲဒီတော့ စဉ်းစားကြည့်လေ ၊ လောကသားမျာဖြစ်ကြတဲ့ အခုရွှေမြန်မာတို့ ရင်ဆိုင်နေရတဲ့ လောကဓံ တရားတွေဆိုတာ တစ်ခါတစ်ခါ မီးဖုတ်သလို ပူတာတွေလဲ ကြုံရတာပဲ၊ တစ်ခါတစ်ခါတော့လည်း တူနဲ့ထုသလို ပြင်းထန်တာမျိုးလည်းရှိတယ်၊ တစ်ခါတစ်ခါ နန်းဆွဲပေါက်ထက် ကျဉ်းကျပ်တတ်လို့ “အသက်တောင် ဘယ်က ရှုရမှန်းမသိတော့ဘုူး”ဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ချို့ဆို ငရဲမီးနဲ့တို့တာထက် ဆိုးဝါးတဲ့ ညှင်းပန်းနှိပ်စက် မှုမျိုးတွေနဲ့ ကြုံကြရတာတောင် ရှိတယ်မဟုတ်လား။ အဲဒီလို ရင်ဆိုင်ရတဲ့အခါမျိုးမှာ မည်းသွားမယ်၊ ကွဲသွားမယ်၊ ပြတ်သွားမယ်၊ စားသွားမယ်ဆိုရင် ဘယ်လိုလုပ်ရွှေစစ်တော့မလဲ။ ဇာတိရုပ်ပျောက်ရင် “ဇာတရူပ” မဖြစ်နိုင်တော့ ဘူးလေ။ အဲဒါကြောင့် ရွှေမြန်မာ တို့ကို ရွှေရဲ့ဂုဏ်တွေ နဲ့ ထပ်တူဖြစ်အောင် လောကဓံမျိုးစုံ ဘယ်လိုပဲကြုံရကြုံရ၊ ဘယ်တော့မှ အားလျော့စိတ် ပျက်တာတို့ ကြောက်ရွံနောက် တွန့်တာမျိုးဆိုတာမျိုးတွေ မဖြစ်ကြပါစေနဲ့လို့လဲ တိုက်တွန်းလိုပါတယ်။ ဒါမှသာ ရွှေနဲ့တူတဲ့ ရွှေမြန်မာ စစ်စစ်တွေ ဖြစ်ကြမှာပါ၊

နောက်တစ်ခါ ”ရွှေဆိုတာ စည်းလုံးညီညွတ်မှု၊ မုဒိတာပြည့်ဝမှု၊ သဘောထားကြီးမြတ်မှုတို့ရဲ့ သင်္ကေတ လည်းဖြစ်တယ်”လို့ ဆိုခဲ့တယ်နော်။ ဟုတ်တယ်၊ သေသေချာချာစဉ်းစားကြည့်ပါ၊ စိန်တို့၊မြတို့၊ ပတ္တမြားတို့စတဲ့ ရတနာတွေဟာ အရည်အသွေးခြင်း တူရင် အရွယ်ကြီးမားလေ ဈေးက အဆမတန်ပိုပြီးတော့ ကြီးမားလေဖြစ် မယ်မဟုတ်လား၊

အလေးချိန်နဲ့ပြောရရင် တစ်ကလာပ်ရှိတဲ့ စိန်က တစ်ထောင်တန်ရင် နှစ်ကလာပ်ရှိတဲ့ စိတ်ကြတော့ သူ့ထက် နှစ်ဆ၊ သုံးဆမက ဈေးတန်သွားမှာလေ၊ အဲသည်ထက် ပိုကြီးရင် တန်ဘိုးတွေလည်း အဆမတန်တိုးသွားမှာ သေချာတယ်။ ဒါပေမယ့်ခက်တာက တစ်ကလာပ်ရှိတဲ့စိန်ဟာ နောက်ထပ် တစ်ကလာပ်ရှိတဲ့ စိန်နဲ့ တစ်သားတည်း ပေါင်းပြီး နှစ်ကလာပ်ဖြစ်အောင် လုပ်လို့မရဘူးလေ။ မိမိနဲ့ အဆင့်တူခြင်းကို တစ်သားတည်း သဘောမထား နိုင်ဘူး၊ အဆင့်တူကို မစည်းလုံးလိုတဲ့သဘော၊ အဆင့်တူလာတာကို တွေ့လို့ ဝမ်းမမြောက်နိုင်တဲ့ သဘောမျိုး ဖြစ်လို့ မုဒိတာ ကင်းတဲ့သဘောလိုလည်း ဖြစ်နေတယ်မဟုတ်လား။

ရွှေကတော့ ဒီလိုမဟုတ်ဘူး၊ တစ်ရွေးသားလောက်ရှိတဲ့ရွှေဟာ နောက်ထပ် တစ်ရွေးသားနဲ့ တစ်သားတည်း ပေါင်းပြီး နှစ်ရွေး သားရွှေတုံးဖြစ်အောင် ပေါင်းစည်းလို့ရတယ်။ ဒီလိုနဲ့ နောက်ထပ် နောက်ထပ် ဘယ်လောက်ပဲတိုးလာလာ တစ်ကျပ်သား နှစ်ကျပ်သားမကလို့ ပိဿာတွေ ရာနဲ့ထောင်နဲ့ ချီလာအောင် ပေါင်းစည်းလာရင်လည်း ရွှေရွှေချင်း တစ်သားတည်း ပေါင်းစည်းနိုင်တယ်။ အမျိုးအနွယ်တူမှန်သမျှအပေါ်မှာ မုဒိတာ သဘောမျိုးနဲ့ တစ်သားတည်း လက်ခံနိုင်စွမ်းရှိတယ် မဟုတ်လား။ ရွှေမြန်မာတို့လည်း အဲဒီလို အမျိုး အနွယ်တူ၊ ရည်ရွယ်ချက်တူ၊ စိတ်ဓာတ်တူတဲ့ ကိုယ်လိုလူမျိုးတွေ ဘယ်လောက်ပဲ များနေနေ၊ မခွဲမခြား၊ တစ်သားတည်း၊ တစ်ပေါင်းတစ်စည်းတည်းဖြစ်နေရမှာပါ။ အဲဒီလို ဖြစ်နေမှ ရွှေဆိုတဲ့ ဂုဏ်နဲ့ ကိုက်ညီမှာ မဟုတ်လား။

တစ်ချို့ ရှိကြတယ်လေ၊ “ညီညွတ်ခြင်းသည် အင်အား”လို့တော့ ကြွေးကြော်ကြပါရဲ့ ၊ ကိုယ်လို တိုင်းကျိုး၊ ပြည်ကျိုး၊ အမျိုး ဘာသာ၊ သာသနာကျိုး၊ သယ်ပိုးလိုသူတွေ နောက်ထပ် တိုးလာကြပြီဆိုရင်တော့ ဘယ်နှယ့် ဖြစ်ကုန်သလဲ၊ နေရာပဲလုတော့မလိုလို၊ ဖက်ပြိုင်အန်တု သူတွေပဲ ဖြစ်ကြတော့ သလိုလိုနဲ့ ရန်သူလို သဘော ထားကြပြီး ကွဲကြပြဲကြတွေ ဖြစ်ကုန်တာ ရှိတယ်လေ၊ အဲဒါ ရွှေရဲ့ စည်းလုံးညီညွတ်ခြင်းဂုဏ်ကို မုဒိတာ ပြည့်ဝမှု ဂုဏ်တွေ ပျောက်သွားတဲ့သဘောပဲ။ ဒီလိုဖြစ်နေကြရင် ရွှေဆိုတဲ့ဂုဏ်နဲ့ ထိုက်တန်တဲ့ “ရွှေမြန်မာတွေ” ပီသကြပါဦးမလား။

လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကတောင် တစ်ခြားပြည်နယ်တစ်ခုရောက်တုံးက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက မေးကြတဲ့ ပြဿနာလေးတစ်ခုနဲ့ ကြုံခဲ့ရ တယ်။ သူတို့ပြောပြ မေးလျှောက်တာကတော့ “ဗုဒ္ဓဘာသာ အဖွဲ့အစည်း လေးတစ်ခု ဖွဲ့စည်း တည်ထောင်ပြီး ဘာသာ၊ သာသနာတိုး တက်ရေးအတွက် ဆောင်ရွက်ကြတာ အတော်ကလေး အဆင်ပြေလာပြီတဲ့၊ အားလုံးက ဝမ်းသာလို့မှ မဆုံးလိုက်ခင်၊ နှစ်ဖွဲ့ကွဲသွား ပြန်သတဲ့၊ အဲဒါ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရရင် နောက်နောင်မှာ အကွဲအပြဲတွေ ကင်းစင်မလဲ”ဆိုပြီး မေးကြ တာပါ။

အဲဒီတော့ ဦးဇင်းက “ အမေးရှိလာတော့ အဖြေကတော့ ရှိရမှာပေါ့၊ အဲ. တစ်ခုတော့ရှိတယ်၊ ဒါက ဓမ္မဓိဋ္ဌာန်ကျကျ ပြောရမှာဆိုတော့ “ဓမ္မဓိဋ္ဌာန် နဲ့ ပတ်သက်လာရင် လူကြိုက်ကိုမကြည့်နဲ့၊ လူကျိုးကိုသာ ကြည့်ရမယ်”ဆိုတဲ့ မင်းကွန်းတိပိဋကဓရဆရာတော်ဘုရားကြီးရဲ့ သြဝါဒအတိုင်းပဲ ဒီကိစ္စမှာ အားလုံးရဲ့ ရေရှည် ကောင်းကျိုးကိုပဲကြည့်ပြီး ဦးဇင်းသဘောပေါက်သလို ပြောမယ်နော်”လို့ အစချီပြီးတော့မှ “ပြောသာပြောပါဘုရား” လို့ သူတို့က တိုက်တွန်းကြတဲ့အတွက် ပြောပြဖြစ်ခဲ့ တာကတော့….

အဲ. ကျုပ်တို့ ရွှေမြန်မာတွေက မတိမ်ကော၊ ပျောက်ပျက်သင့်တဲ့ ဇာတိရုပ်ကောင်းကလေးတွေလို့ ဆိုရမည့် အမျိုး၊ ဘာသာ၊ သာသနာအပေါ် ရိုသေ၊ လေးစား၊ တန်ဘိုးထားမှုတွေကြတော့ လျော့ရဲ ပျောက်ကွယ် သွားတတ်ကြပြီး၊ ဖျောက်ဖျက်ပစ်ရမယ့် အကွဲအပြဲစိတ်ဓာတ်တွေကျတော့ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ပျောက်ကို မပျောက်ကြဘူးဗျာ။ အဲ. ကြားဖူးတဲ့ ရယ်စရာ စကားပုံတစ်ခု သွားသတိရမိတယ်၊ လူတစ်ယောက် ကတဲ့..၊ ဘယ်တော့မှ သွားမတိုက်ဘူးတဲ့၊ သူနဲ့ ထမင်းတစ်ပွဲတည်း စားရမည့်သူတွေက သူ့သွားတွေ မြင်မကောင်းတော့ ဥပါယ်တမျဉ်နဲ့ “ကြံရိုးလေး ဝယ်စုပ်ချေပါ”ဆိုပြီး ပိုက်ဆံပေးလိုက်သတဲ့၊ မောင်မင်းကြီး သားက ဈေးထဲသွားပြီး ပြန်လာတော့ ကြံရိုးဝယ်မစုပ်ခဲ့ဘဲ ကဇွန်းဥပြုတ်တွေ ဝယ်စားလာလို့ ငါးပါးကို မှောက်ပါရော့တဲ့။ အဲ. ဒီမှာ ကြုံရတဲ့ အဖြစ်ကလည်း အဲသည်ထက်တောင် ဆိုးနေပါကလားလို့ ပြောရမလို ဖြစ်နေပြီနော်၊ အဲဒီတော့-

ဒီကိစ္စမှာ ဘယ်သူက ကြံရိုးစုပ်ရမည့်အစား ကဇွန်းဥပြုပ်တွေ ဝယ်စားနေမိသလဲဆိုတာကို ကိုယ့်ဟာ ကိုယ်ပဲ ပြန်ပြီး စစ်ဆေးကြည့်ကြပါ။ အခြေခံကျကျ စဉ်းစားတတ်အောင် မြန်မာပြည်မှာ ဦးဇင်းရဲ့ ကျောင်းက ဂေါပက လူကြီးများကို ပြောခဲ့တဲ့အတိုင်းပဲ ပြန်ပြောပါ့မယ်။

“ ကုသိုလ်ရေးဆောင်ရွက်တဲ့အဖွဲ့အစည်း”ဆိုပြီး ထစ်ကနဲဆို ငြင်းကြခုန်ကြ၊ ကွဲပြဲကြဆိုတာ ကျုပ်တို့မြန်မာတွေရဲ့ အဖွဲ့အစည်းတိုင်းလိုလို မှာ ဖြစ်နေကြတယ်၊ အဲဒီတော့ အဓိကရည်ရွယ်ချက်ကဘာလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပေးကြည့်ပါ၊

(၁) နေရာရချင်တာလား။

(၂)အာဏာပြချင်တာလား။

(၃)ကုသိုလ်ရချင်တာလား။

အဲဒါ သေသေချာချာစဉ်းစားပြီး ဖြေကြပါ။ ကုသိုလ်ရချင်လို့ ဆိုတဲ့ စိတ်ကောင်း စေတနာကောင်း နဲ့ ရည်ရွယ် ချက်ကောင်းရှိရိုးမှန်ရင် ကိုယ့်လိုပဲ ကုသိုလ်ရချင်လို့ဆိုတဲ့ ရည်ရွယ်ချက်တူ ဆန္ဒတူတွေ များလေ အားရှိလေ မဖြစ်နိုင်ပေဘူးလား။

“ကုသိုလ်ရဖို့” ဆိုတဲ့ ရည်ရွယ်ချက်က မြင်ကောင်း ကြားကောင်းရုံ နဖူးစည်းတပ်ထားပြီး တကယ့် စိတ်ဆန္ဒ က နေရာရဖို့၊ အာဏာပြဖို့ဆိုတာမျိုးတွေ လွှမ်းမိုးနေမယ်ဆိုရင်တော့ တကယ့်ကုသိုလ်ရချင်သူ စစ်စစ်တွေ တိုးတိုး လာတာကိုပဲ နေရာလုတော့ မလိုလို ၊ ကိုယ့်အာဏာကို ဖီလာကန့် လန့်လုပ်တော့မလိုလိုတွေ ထင်မြင်ပြီး၊ ဆန့်ကျင်တာတွေ၊ ငြင်းခုံတာတွေနဲ့ ကွဲကြ၊ ပြဲကြဖြစ်ကြတာပေါ့။ ဒါကြောင့် လူမှုရေး၊ ဘာသာရေး၊ နိုင် ငံရေးစတဲ့ ဘယ်အရေးတွေမှာမဆို မိမိတို့ရဲ့ အဓိကရည်ရွယ်ချက်အပေါ်မှာ အရိုးအသားဆုံး စေတနာထားကြပါ။ အခု ကျောင်း ကိစ္စဟာ ကုသိုလ်ရေးဖြစ်လို့ “ကုသိုလ်ရဖို့သာအဓိက”ဆိုတဲ့ စိတ်ကလေးမွေးကြပါ။ ကွဲစရာ၊ ပြဲစရာ၊ ဘာမှ မကြုံနိုင်ပါဘူးလို့ ပြောခဲ့တယ်။ အခု ဒီက ဒကာကြီးတွေကိုလည်း အဲဒီလိုပဲ ပြောချင်ပါတယ်။

အထက်မှာ ပြောခဲ့တဲ့ မေးခွန်းသုံးခုနဲ့ ကိုယ့်ကိုယ်ကိုသာ ပြန်မေးကြည့်ပါ။ “တို့ရဲ့ တကယ့်ဆန္ဒအစစ်ဟာ ဘာသာ၊ သာသနာမပျောက်ကွယ်ဖို့၊ ကုသိုလ်ရဖို့၊ ” ဆိုတဲ့ စိတ်ထားရှိရိုးမှန်ရင် တစ်ခြား ကုသိုလ်ရချင်သူအားလုံး တို့နဲ့ ဘာများ ငြင်းခုံကွဲပြားစရာ ရှိသေးလဲ။

အဖွဲ့အစည်းတစ်ခုနဲ့ စုပေါင်း ဆောင်ရွက်ကြတယ်ဆိုတာ အားလုံးပေါင်းကို စက်ရုံကြီးတစ်ခုလို ကြည့် တတ်၊ မြင်တတ်ရတယ်။ စက်ရုံကြီးတစ်ခုမှာ အင်ဂျင်ကြီးတို့၊ မော်တာကြီးတို့ ဆိုတာတွေကသာ အရေးပါတာမဟုတ်ဘူး၊ ဝက်အူလေးတစ်လုံးဟာလည်း အရေးပါတာချင်း အတူတူပဲ။ မယုံရင် မော်တော်ကား မောင်းတဲ့အခါ အင်ဂျင်ကောင်းရင် ပြီးရော၊ ကားဘီးကိုကျပ်တဲ့ မူလီတွေဟာ ဘာမျှ အရေးမကြီးဘူး ဆိုပြီးတော့ ပေါ့ပေါ့တန်တန် သဘောထားပြီး မောင်းကြည်ပါလား၊ ဘာဖြစ်သွားမလဲ။

အဲဒီလိုပဲပေါ့၊ ကုသိုလ်ရေး၊ စုပေါင်းလုပ်ဆောင်တဲ့အခါ ဦးစီးခေါင်းဆောင်တဲ့သူတွေကလည်း ငါတို့သာ အရေးအပါဆုံးဆိုပြီး ပါဝါတွေ၊ အာဏာတွေ မပြင်ချင်ကြနဲ့၊ ဝိုင်းဝန်းဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်များကလည်း ဘယ်နေရာက ပါဝင်ရ ပါဝင်ရ ကိုယ်ဆောင်ရွက်သမျှလုပ်ငန်းဟာ ဒီကုသိုလ်ပွဲကြီးပြည့်စုံအောင်မြင်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်တွေပဲဆိုပြီး အချင်းချင်း မုဒိတာစိတ် မွေးကြရမယ်ဗျာ။ အဲဒါမျိုးမှ တကယ့် ရွှေစိတ်ဓာတ်ဆိုတဲ့ အကြောင်းပြောပြဖြစ်ခဲ့တယ်။ သူတို့ကတော့ “ကောင်းပါပြီဘုရား၊ တပည့်တော်တို့လည်း ဘယ်နေရာကပဲ ပါရပါရ၊ ဝိုင်းဝန်း ကူညီကြမှာပါ”လို့ ပြောသွားကြတာပဲ။

အဲဒီလိုပဲပေါ့နော်၊ ရွှေမြန်မာအားလုံး ဘယ်ကိစ္စမျိုးမှာမဆို မုဒိတာရွှေစိတ်ဓာတ်တွေမွေးပြီး တစ်ပေါင်း တစ်စည်းတည်း ဖြစ်ကြဖို့လည်း အထူး တိုက်တွန်းလိုပါတယ်။

အဲ.. ပြီးတော့ ရွှေရဲ့သဘောထားကြီးမြတ်ပုံကလေးကိုလည်း နဲနဲပြောချင်သေးတယ်။ အထက်မှာပြောခဲ့တဲ့ စိန်တို့၊ မြတို့၊ ပတ္တမြားတို့ စတဲ့ ကျောက်မျက်ရတနာတွေဟာ တစ်ချို့ဆိုရင် ရွှေထက် အဆပေါင်းများစွာ တန်ဖိုး ရှိကြတာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီကျောက်မျက် ရတနာတွေဟာ သူတို့ချည်းသီးသန့် လူတို့ရဲ့ အလှဆင်စရာ လက်ဝတ်တန်ဆာတွေ ဖြစ်နိုင်စွမ်းမရှိကြပါဘူး။ ရွှေနဲ့ကွပ်ပေး၊ သီပေးမှသာ လူတို့ရဲ့ ဆင်မြန်းစရာ အလှတန်ဆာတွေ အသီးသီ ဖြစ်ကြပြီး လူတွေက တန်ဖိုးထားလာရတာပါ။ အဲဒီလို လက်ဝတ်တန် ဆာတွေ ဖြစ်သွားတဲ့ အခါမှာတော့ ရွှေကို တယ်ပြီးတော့တောင် ထည့်မပြောကြတော့ဘူး။ စိန်နားကပ်၊ မြဘယက်၊ ပတ္တမြားဦးသျှောင်စတဲ့ အမည်တွေကိုပဲ လူတွေက မှည့်ခေါ် အသုံးပြုကြတယ်မဟုတ်လား။

ရွှေဖက်ကကြည့်ရင်တော့ ကျောက်မျက်ရတနာတွေ လူတို့မြတ်နိုးတဲ့ လက်ဝတ်တန်ဆာအဖြစ် ရောက်အောင် ကွပ်ပေး၊ သီပေးဖို့အတွက် သူ့မှာ မီနဲ့ကြိုတာတို့၊ တူထုတာ၊ ဆောက်ဖြတ်တာ၊ နန်းဆွဲတာ၊ ဂဟေဆော်တာတွေကိုအကြိမ်ကြိမ် ခံရတယ်မဟုတ်လား။ ဒါပေမယ့် အမည်တပ်တဲ့အခါ စိန်တို့၊ မြတို့၊ ပတ္တမြား တို့ကသာ နာမည်ကောင်းယူသွားရမလားဆိုပြီးတော့လည်း ဘယ်တော့မှ မနာလိုဝန်တို ဖြစ်ဟန်မပြပါဘူး။ ဒါဟာ မုဒိတာဂုဏ်နဲ့ ပြည့်ဝတဲ့ သဘောထားကြီးမြတ်ခြင်းရဲ့ သင်္ကေတပဲမဟုတ်လား။

ရွှေရဲ့ဒီကြီးမြတ်မှုဂုဏ်ကလေးကတော့ မြတ်စွာဘုရားရှင်သီတင်းသုံးတော်မူရာ ရွှေကျောင်းတော်ကြီးကို အသပြာ (၅၄)ကုဋေ အကုန်အကျခံပြီး လှုဒါန်းခဲ့တဲ့ အနာထပိဏ်သူဌေးကြီးက မုဒ်ဦးနေရာကလေးကိုသာ လှူဒါန်းပြီး ကျောင်းတိုက်ကြီးတစ်ခုလုံးကို သူ၏အမည်နဲ့ ‘ဇေတဝန်ကျောင်းတော်’ လို့ ကဗျည်းထိုးပေးဖို့တောင်းဆို လာတဲ့ ဇေတမင်းသားရဲ့ ကုသိုလ်ကို မုဒိတာအပြည့်ပွားပြီး လိုလိုလားလားကြီး ခွင့်ပြုခဲ့တဲ့ စိတ်ဓာတ်ကို သတိရစရာပါ။ အနာထပိဏ်သူဌေးကြီးရဲ့ ဒီလို ကြီးမြတ်တဲ့ မုဒိတာစိတ်ထားကို ဒီနေ့ ကျောင်းဒကာ ဒကာမများနဲ့ ကုသိုလ်ရှင်အားလုံးတို့လည်း အလေးထားအတုယူဖို့ တိုက်တွန်းချင်ပါတယ်။

အဲဒီလိုပဲပေါ့၊ ရွှေမြန်မာတို့ဟာလည်းပဲ ကိုယ့်လို ဘဝတူတွေ အစစ အဆင်ပြေတိုးတက်အောင် ကိုယ်က အဖက်ဖက်က အနစ်နာခံ၊ ကူညီရတဲ့အခါမှာလည်းပဲ၊ ရွှေလို သဘောထားကြီးမြတ်တဲ့စိတ်မျိုး ထားကြရမှာပါ။ ကိုယ်ကူညီခဲ့ရတဲ့သူက ကိုယ့်ထက်သာသွားတာမျိုးတို့၊ ကိုယ့်အပေါ် ကျေးဇူးမသိတတ်သလိုနေတာမျိုးတို့ ကြုံရတဲ့အခါ မနာလို မရှုစိမ့်မှု၊ မကျေနပ်မှုမျိုး မဖြစ်ကြဖို့ပါ။

ဟုတ်ပါတယ် “ လူ” ဆိုတာ ကို ပါဠိလို “မနုဿ”လို့ ခေါ်ပါတယ်။ “မနုဿ”ဆိုတာ မနောနဲ့ ဥဿ ကို တွဲစပ် ခေါ်ဆိုတာပါ။ အဓိပ္ပါယ်က စိတ်ထား ကြီးမြတ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် အားလုံးဟာ ကြီးမြတ်တဲ့ ရွှေစိတ်ဓာတ်မျိုး ထားနိုင်မှသာ လူ(မနုဿ)ဆိုတဲ့ ဂုဏ်ပုဒ်နဲ့လည်း ကိုက်ညီမှာပါ။ ရွှေစိတ်ရှိမှ လူပီသမယ် လို့တောင် ဆိုလိုက်ချင်ပါတယ်။

ကဲ.. ဒီလောက်ဆိုရင် ရွှေစကား၊ မုဒိတာစကား နှစ်ရပ်လုံး ထပ်တူ ပြုတဲ့ “ရွှေမုဒိတာစကား” အတော်လေး ပြည့်စုံလောက်ပါပြီ။

“ရွှေမြန်မာတို့ ရွှေစိတ်အပြည့်အဝနဲ့ မုဒိတာပွားနိုင်ကြရင် ဘယ်လို အကျိုးတွေရမလဲ၊ ရွှေစိတ် ပျောက်ပြီး မုဒိတာတွေ မပွားနိုင်ကြရင် ဘာဖြစ်ကြမလဲ”ဆိုတာကို နဲနဲဆက်ပြောပါဦးမယ်။ အဘိဓမ္မာသဘောအရ ပြောရမယ် ဆိုရင်တော့ မုဒိတာ မပွားနိုင်ရင် မနာလိုမှု၊ ဝန်တိုမှုဆိုတဲ့ “ဣဿာ မစ္ဆရိယ”တွေ ဖြစ်နေပါလိမ့်မယ်တဲ့။ ဟုတ်တာပေါ့၊ သူတစ်ပါးကြီးပွားချမ်းသာတာကို မနာလို ဝန်တိုတဲ့ “ဣဿာ မစ္ဆရိယ”မဖြစ်ဘူးဆိုရင် ဝမ်းမြောက်တဲ့ မုဒိတာစိတ်က ဖြစ်ကို ဖြစ်ရမှာပဲမဟုတ်လား။

ဒီနေရာမှာ မုဒိတာရဲ့အကျိုးနဲ့ ဣ္စဿာမစ္ဆရိယတို့ရဲ့ အပြစ်ကို နှိုင်းယှဉ်ကြည့်တတ်အောင် မြန်မာတွေ ဆိုရိုးပြုလေ့ရှိတဲ့ “လက်ညှိုးညွှန်ရာ ရေဖြစ်”ဆိုတဲ့စကားရဲ့ နောက်ခံ ဇာတ်ကြောင်းကလေးကို ပြောပြ ချင်ပါတယ်။အဲဒီဇာတ်ကြောင်းကတော့ သုတ္တန်ပိဋကတ် ပေတဝတ္ထုအဋ္ဌကထာမှာလာတဲ့ “အင်္ကုရပေတဝတ္ထု”ပါ။

အင်္ကုရပေတဝတ္ထုလို့ ဆိုရပေမယ့် “အင်္ကုရ”ဆိုတာ ပြိတ္တာမဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာတို့အသိများတဲ့ မြတ်စွာဘုရား တာဝတိံသာမှာ အဘိဓမ္မာ တရားဟောစဉ်က သာသနာတွင်းကုသိုလ်ရှင် နတ်သားနဲ့ သာသနာပ ကုသိုလ်ရှင်နတ်သားတို့ရဲ့ ကွာခြားပုံကို သာဓကပြုလေ့ရှိတဲ့ ““ဣန္ဒကနတ်သားနဲ့ အင်္ကုရနတ်သား”ဆိုတဲ့အထဲမှာ ပါတဲ့ အင်္ကုရနတ်သားပါ၊ ဒါပေမယ့် ဒီဇာတ်ကြောင်းမှာပါတဲ့ ပြိတ္တာတစ်ဦးက အင်္ကုရရဲ့ အတိတ်ဖြစ်ရပ်နဲ့ ဆက်စပ်နေလို့ ဝတ္ထုနာမည်ကို အင်္ကုရပေတဝတ္ထုလို့ အမည်ပေးထားတာပါ။

ဇာတ်လမ်းအကျဉ်းချုပ်ကတော့ .. မြတ်စွာဘုရားရှင်ရဲ့ သာသနာတော် မပွင့်ပေါ်မီ အတိတ်တစ်ချိန်ဆီက မဇ္ဈိမဒေသ ၊ ဥတ္တရာပထတိုင်း၊ ကံသမြို့တော်မှာမင်းပြုတဲ့ ကံသဘုရင်ကြီးမှာ သမီးတော်တစ်ယောက်နဲ့ သားတော် ဆယ်ယောက်တို့ ဖွားမြင်ကြတယ်။ ဘုရင်ကြီးနတ်ရွာစံတဲ့အခါ ဘုရင်ကြီးပိုင်စားအုပ်ချုပ်တဲ့ နယ်မြေကို အမွေခွဲ ဝေမင်းပြုဖို့ စီစဉ်တဲ့အခါ သားတော်ဆယ်ယောက်အတွက် ဆယ်ပုံအညီအမျှ ခွဲဝေသတ်မှတ်ကြတယ်။

နောက်တော့မှ အမတော်အတွက်လည်း တစ်ဖို့ရသင့်တယ်လို့ တိုင်ပင်ပြီး ပြန်လည်ခွဲဝေဖို့ စည်းဝေးကြတဲ့ အခါ အငယ်ဆုံးသားဖြစ်တဲ့ အင်္ကုရမင်းသားက “ထပ်ပြီးတော့ ခွဲဝေမနေကြပါနဲ့၊ မိမိရဲ့ အဖို့အစုကို အမတော်အတွက် ပေးလိုက်ပါ၊ မိမိကတော့ ရှင်ဘုရင် မလုပ်လိုဘူး၊ ကုန်သည်ပဲလုပ်ပါတော့မယ်။ သူ့အတွက် အခွင့်အရေးတစ်ခုအနေနဲ့ တိုင်းပြည်ဆယ်ခုလုံးက အခွင်လွတ်ကုန်သွယ်ခွင့်သာ ပေးပါ၊ ”လို့ တောင်းဆိုလို့ အဲဒီ အတိုင်းအားလုံးက လက်ခံသဘောတူလိုက်တယ်။

အင်္ကုရသူဌေးကုန်သည်မှာ အလွန်ယုံကြည်စိတ်ချရတဲ့ ကျွန်ကောင်းတစ်ယောက်ရှိတယ်၊ သူရဲ့ကောင်းကျိုး ကို အလွန်လိုလားပြီး သူ့ပေါ်လည်း သစ္စာရှိလို့ ဘဏ္ဍာစိုးရာထူးပေးထားတာတဲ့။ ဒီကျွန်က ကျွန်နဲ့မတန်အောင် အသိဉာဏ်ရော စိတ်ထားပါ ကြီးမားတဲ့အတွက် သူရဲ့ မျိုးနွယ်ဆက်တွေ ကျွန်အဖြစ်က လွတ်မြောက်အောင်ဆိုပြီး သားအရင်းပမာပြုကာ အမျိုးကောင်းသမီးတစ်ဦးနဲ့လည်း လက်ထပ် ပေးလိုက်တယ်တဲ့။

ဇနီးသည် ကိုယ်ဝန်ရှိနေစဉ်မှာပဲ အဲဒီ ကျွန်ယောင်္ကျားက သေဆုံးသွားတယ်၊ သားလေးတစ်ယောက် ဖွားမြင်လာတဲ့အခါမှာလည်း အင်္ကုရသူဌေးက သူ့အဖေကို ပေးတဲ့ လခရိက္ခာကို ပေးအပ်ချီးမြှောက်ထားပါတယ်။

အ၇ွယ်လေးနဲနဲရလာတဲ့အခါ ဒီသူငယ် ကျွန်အမျိုးအနွယ်က လွတ်သင့် မလွတ်သင့် တရားရုံးမှာ အဆုံးအဖြတ် ခံရတယ်။ အမတော်ဘုရင်မကိုယ်တိုင်က “အမိအမျိုးကောင်းမိခင်က ဖွားမြင်တာဖြစ်တဲ့အတွက် ကျွန်မဟုတ်တော့ ဘူး။ အမျိုးကောင်းသားဖြစ်တယ်”လို့ ဆုံးဖြတ်ပေးလိုက်တဲ့အတွက် ကျွန်မျိုးအဖြစ်က လွတ်မြောက်သွားတယ်။

ဒါပေမယ့် အဲဒီအရပ်မှာ ဒီကလေးရဲ့ဖခင်က ကျွန်မျိုးရယ်လို့သိနေကြတဲ့အတွက် အဲဒီသူငယ်ဟာ ရောရုဝ ဆိုတဲ့ မြို့ကို ရွှေ့ပြောင်းနေထိုင်တယ်၊ အရွယ်ရောက်တဲ့အခါ အပ်ချုပ်သည်တစ်ဦးရဲ့ သမီးနဲ့ ထိမ်းမြးလက်ထပ်ပြီး အပ်ချုပ်လုပ်ငန်းနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုနေတယ်။

အဲဒီရောရုဝမြို့မှာ ပစ္စည်းဥစ္စာအလွန်ကြွယ်ဝပြီး သဒ္ဓါတရားလည်းအလွန်ကောင်းတဲ့ “အသယှ” ဆိုတဲ့ သူဌေးကြီးက နေ့စဉ်နေ့တိုင်း အယုတ် အလတ် အမြတ်မရွေး အစား အဝတ်စတဲ့ ပစ္စည်းဥစ္စာတွေကို ပေးလှုနေ တယ်တဲ့။ ဟိုက ဒီက အလှုခံတွေ၊ တောင်းရမ်းသူတွေလာကြတဲ့အခါ မြို့တံခါးအနီးမှာရှိတဲ့ အဲဒီအပ်ချုပ်သမား အိမ်ကို အရင်လာကြသတဲ့၊ သူက သူ့မှာတော့ ဘာမှပေးစရာမရှိဘူး၊ ဒါပေမယ့် မြို့လည်က အသယှသူဌေးကြီး အိမ်မှာတော့ သင်တို့လိုတဲ့ပစ္စည်းကို လှုပါလိမ့်မယ်၊ အဲဒီကိုသွားကြပါဆိုပြီး လမ်းညွှန်ပြပေးတယ်၊ အလှုခံတွေက အသယှသူဌေးကြီးအိမ်က သူတို့လိုတဲ့ပစ္စည်းဝတ္ထုတွေရလာတဲ့အခါမှာ လမ်းညွှန်ပေးတဲ့ အပ်ချုပ် သမားကို ကျေးဇူးတင်စကားပြန်ပြောကြသတဲ့။ အဲဒီအခါမှာ အပ်ချုပ်သမားက သူတို့တွေပြည့်စုံဝမ်းမြောက်ကြတာကို ကြည့်ပြီး သူကလည်း ဝမ်းမြောက် ဝမ်းသာ မုဒိတာပွားပါသတဲ့။

အချိန်တွေကြာငြောင်းတဲ့ တစ်ခါမှာတော့ အင်္ကုရသူဌေးက အဖေါ်ပုဏ္ဏားသူဌေးတစ်ဦးနဲ့အတူ လှည်းငါးရာစီ စုပေါင်းပြီး ကန္တာရခရီးကို ဖြတ်သန်းကုန်သွယ်ကြတဲ့အခါ မျက်စိလည်လမ်းမှားပြီး ကန္တာရထဲမှာ စားနပ် ရိက္ခာတွေ၊ ရေတွေပြတ်ပြီး ဒုက္ခရောက်ကြသတဲ့၊ အဲဒီအချိန်မှာပဲ မလှမ်းမကမ်းမှာ ကန္တာရထည်းနဲ့ မတူ လောက်အောင် အလွန်အရိပ်အာဝါသကောင်းတဲ့ ညောင်ပင်ကြီးတစ်ပင်ကိုမြင်လို့ အားလုံး အဲဒီညောင်ပင်ကြီး ဆီကို သွားကြတာပေါ့။

ညောင်ပင်စောင့်ရုက္ခစိုးနတ်က လှည်းကုန်သည်တွေရဲ့ ငြီးညူတဲ့အသံတွေကြောင့် ဖြစ်ကြောင်းကုန်စဉ်သိရ လို့ အသေအချာကြည့်လိုက်တဲ့အခါ တစ်ချိန်က သူရဲ့ ကျေးဇူးရှင် အင်္ကုရသူဌေးမင်းကိုလည်း မြင်လိုက်ရော ကိုယ်ထင်ပြပြီး လိုအပ်သမျှကိုမေးတယ်၊ “လောလောဆယ် အလိုအပ်ဆုံးက သောက်ရေပါပဲ၊ ဒီသဲကန္တာရကြီးထဲ မှာ ရေက ဘယ်လိုမှ မရနိုင်တဲ့အတွက် အားလုံးဒုက္ခရောက်နေကြပါတယ်”လို့ပြောလိုက်တော့ “ဟောဟိုမှာ ရေတွေ မတွေ့ဘူးလား”ဆိုပြီး လက်ညှိုးညွှန်ပြလိုက်တဲ့အခါ သူပြောသလို ရေတွေဖြစ်လာသတဲ့။ အဲဒီလိုနဲ့ လိုအပ် ရာရာကို ပြောတိုင်းပြောတိုင်း သူကလည်း “ဟိုမှာ” ဆိုပြီး လက်ညှိုးညွှန်ပြလိုက်တယ်၊ သူလက်ညှိုးညွှန်တဲ့နေရာ မှာ သူပြောသလိုပဲ လိုအပ်တဲ့ ပစ္စည်းတွေကလည်း တကယ်ပဲ ဖြစ်လာကြပါသတဲ့။ လက်ညိုးညွှန်ရာ ရေသာမက အရာရာဖြစ်စေနိုင်တဲ့သဘောပေါ့။

အင်္ကုရသူဌေးက အံ့သြဝမ်းသာဖြစ်ပြီး ရှေးကောင်းမှုကံကို မေးရာက သူရဲ့ တပည့်ဟောင်း အဖြစ်ကိုလည်း သိ၊ သူရဲ့ ကောင်းမှုကုသိုလ်ကိုလည်း သိတဲ့အခါ “ဘာပစ္စည်းမှ မစိုက်ထုတ်ရဘဲ သူများကုသိုလ်ကို လက်ညှိုးညွှန်ပြပြီး သူများရတာကို ဝမ်းမြောက်တဲ့ မုဒိတာစိတ်ထားကလေးကတောင် ဒီလောက်အထိ အကျိုးကြီး မားတယ်ဆိုရင် ကျွနုပ်ကတော့ သူများလှုဒါန်းတာ ၊ ရရှိတာကိုလည်း ဝမ်းမြောက်တဲ့မုဒိတာပွားမယ်၊ ကိုယ်တိုင် လည်းလှုမယ်”လို့ ကတိစကားပြောကြားပြီး ရုက္ခစိုးနတ်ညွန်ပြတဲ့ လမ်းအတိုင်း ခရီးဆက်ကြပါသတဲ့။

ခရီးတစ်ထောက်လို့ ဆိုရလောက်မည့် နေရာအရောက်မှာတော့ အလွန်နားမချမ်းသာစရာကောင်းတဲ့ ညည်းညူသံကို ကြားရလို့ အနားသွားကြည့်တဲ့အခါ အလွန်အနံ့ဆိုးဝါးတဲ့ သတ္တဝါကြီးတစ်ကောင်ကို တွေ့ရသတဲ့၊ အနံ့က ဆိုးရွားလွန်းလို့ ဘယ်သူမှတောင် အနားမကပ်ချင်ဘူး။ အင်္ကုရသူဌေးကတော့ ဒီကန္တာရတစ်ခုတည်း အတွင်းမှာပဲ အလွန်ခြားနားတဲ့ ဘဝနှစ်ခုကို တွေ့ရတာ ဖြစ်လို့ ဒီသတ္တဝါကြီးရဲ့ အတိတ်ကံ ကိုလည်း မေးကြည့် အုံးမှပဲဆိုပြီး အနားရောက်အောင် သွားလိုက်တယ်။ ဒီသတ္တဝါကြီးက အနံ့သာ ဆိုးဝါးတာမဟုတ်ဘူး၊ သူ့မျက်စိ၊ သူ့ပါးစပ်စတဲ့ ဒွါရပေါက်တွေကလည်း အလွန်ကို အရုပ်ဆိုး အကြည့်တန်သတဲ့။ သူ့အတိတ်ကံကို မေးကြည့်တဲ့ အခါမှာတော့ …

ဒီသတ္တဝါကြီးကလည်း ရောရုဝမြို့က ကုသိုလ်ရှင် အသယှသူဌေးကြီးနဲ့ ဆက်စပ်နေသူ ရုက္ခစိုးနတ်နဲ့ တစ်မြို့တည်းသားပဲဖြစ်နေတာကို တွေ့ရတယ်။ “ဘယ်လို ကံဆိုးတွေ ပြုခဲ့လို့များ ဒီလောက်တောင် ဆိုးရွားတဲ့ ပြိတ္တာ ကြီးဘဝ ဖြစ်နေရတာလဲ”လို့ မေးတဲ့အခါ-

သူဟာ အသယှသူဌေးကြီးရဲ့ လူယုံတော်တစ်ဦးဖြစ်ပြီး အလှုခံပုဂ္ဂိုလ်တွေကို ထမင်းအဝတ်စတဲ့ ပစ္စည်း ဝတ္ထုတွေ ပေးကမ်းရာမှာ ကြည့်ကြပ်ရတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း။ သူဟာ သဒ္ဓါတရားအလွန်နည်းပါးတဲ့ အပြင် ဣဿာ မစ္ဆရိယလည်း အလွန်များသတဲ့။ အလှုခံပုဂ္ဂိုလ်တွေလာတဲ့အခါ သူက မမြင်ချင်ယောင်၊ မကြားချင် ယောင်လည်း ဆောင်နေတတ်သတဲ့၊ တွေ့ပြန်တော့လည်း ဆူပူကြိမ်းမောင်း အော်ငေါက်တာတို့၊ မကြားဝံ့မနာသာ ပြောဆိုတာတို့၊ တစ်ချို့သူတော်ကောင်းများကို ငတ်တာကျတွေ၊ ကြည့်ရတာကိုက ကျက်သရေတုံးတယ်၊ အနား တောင် မကပ်ချင်ဘူးဆိုတာမျိုးတို့လည်း ပြောဆိုခဲ့တာပေါ့။ အဲဒါကြောင့် ဒီလို ပြိတ္တာဘဝမျိုးမှာ ဖြစ်ပြီး ဘယ်သူမှ အနားတောင် မကပ်ချင်လောက်အောင် ရွံရှာဖွယ်အတိ ဖြစ်နေရတာပါတဲ့။

မုဒိတာ နဲ့ ဣဿာ မစ္ဆရိယ ရဲ့ အကျိုးအပြစ်ကတော့ ဒီဝတ္ထုမှာပဲ အတော်နိုင်းယှဉ် စဉ်းစားနိုင်လောက် ပါပြီ။ တကယ်တမ်းဆိုရင် ဣဿာ မစ္ဆရိယ ရဲ့အပြစ်က ဒီလောက်တင်မကပါဘူး၊ မိမိပြစ်မှားတဲ့ပုဂ္ဂိုလ်က သီလ၊ သမာဓိ၊ ပညာ ကြီးမားရင် ကြီးမားသလောက် အပြစ်ကလည်း ကြီးမားပါတယ်။

ကဲ .ဒီလောက်ဆိုရင် မုဒိတာ ရွှေစကား လည်းပဲ ပြည့်စုံလောက်ပါပြီ၊ ရွှေမြန်မာအားလုံးတို့ မုဒိတာ ရွှေစိတ် နဲ့ ပြည့်စုံကြပါစေလို့ တိုက်တွန်း ဆုတောင်းလိုက်ပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ

တောင်စွန်း

No comments:

Post a Comment