ကလေးတို့ရေ

ကလေးတို့ရေ
ပျော်ရွှင်ဖွယ်နံနက်ခင်းပါကွာ။ မင့်တို့အတွက် ပုံမှန်နံနက်ခင်းကလေးတစ်ခုပါပဲ။
အသန့်ပြန့်ဆုံးသော အဝတ်အစားများကို ဝတ်ဆင်လို့၊ အမေလိမ်းခြယ်ပေးလိုက်တဲ့
သနပ်ခါးပါးကွက်ကြားနဲ့၊ မင့်တို့ လှမ်းခဲ့ကြ၊ စာသင်ခန်းဆီကို။ ကျောင်းတံခါးဝကနေ
အထဲကို လှမ်းကြည့်လိုက်တဲ့ မင့်တို့မျက်နှာကလေးများ သန့်ရှင်းလွန်းတယ်ကွယ်။
ကင်မရာကို လုယက်ဝိုင်းကြည့်ကြ၊ မင့်တို့ အပျော်များ၊ ငါတို့ဆီကူးစက်၊
"ကြာဇံကြော်ကျွေးမှာကွ"၊ ပကာသနမပါတဲ့ စကားသံ၊ ငါတို့ ဘယ်မေ့ပါ့မလဲ။
ကြိုးစားကွာ၊ ဦးသန့်ဆိုတာလဲ ဒီလိုကျောင်းကလေးမှာပဲ ပညာသင်ခဲ့တာကွ၊
ဆရာဇော်ဂျီကိုလည်း ဒီလိုကျောင်းကလေးကပဲ မွေးထုတ်ခဲ့တာကွ၊
ဆန်းထွန်း (မန်းတက္ကသိုလ်) ဆိုတဲ့ ဆရာကြီးဟာလည်း ဒီလိုကျောင်းကလေးမှာ
မူလတန်းတက်ခဲ့ဖူးတယ်ကွယ့်။
မင့်တို့ထဲမလဲ၊ တစ်နေ့ နိုင်ငံတကာသိ မြန်မာလူကြီးလူကောင်းတွေ၊
မြန်မာစာရေးဆရာကြီးတွေ၊ မြန်မာမှုပညာရှင်ကြီးတွေ ပေါ်မလာဘူးလို့
ဘယ်သူပြောနိုင်မလဲ။
မင့်တို့ရဲ့ ကြိုးစားမှုက မင့်တို့ကို အဲဒီဗွက်ထဲက ဆွဲထုတ်ပေးလိမ့်မယ်။ မင့်တို့
အိမ်ရှေ့မှာလမ်းတွေ ခင်းပေးလိမ့်မယ်။ မင့်တို့အခန်းကို လျှပ်စစ်မီးတွေနဲ့
အလင်းရောင်ပေးလိမ့်မယ်။ မင့်တို့အမေရဲ့ မီးဖိုချောင်၊ စားစရာတွေ ဖြည့်ပေးလိမ့်မယ်။
မင့်တို့ကိုယ်ပေါ် အင်္ကျီလှလှတွေ ဝတ်ပေးလိမ့်မယ်။ မင့်တို့ ခြေထောက်တွေကို
ဖိနပ်ကောင်းကောင်းတွေ ဆင်ပေးလိမ့်မယ်။
"မပူပါနဲ့ကွာ၊ အဲဒီအချိန်ရောက်လာရင် မင့်တို့ခြေထောက်တွေဟာလည်း
သန့်ပြန့်နေပြီးသားပဲဖြစ်မှာပါ"
ဘော့ကျန်
No comments:
Post a Comment