ကလေးတွေကို တကယ်ကောင်းစေချင်ရင် လူကြီးတွေပြင်ပါ

မိုက်ဂရန့်။ နယ်စပ်က လူစုံတယ်။ ပညာတတ်သူ၊ မတတ်သူတွေရှိမယ်။ ဈေးသည်ဈေးဝယ်တွေ ရှိမယ်။ ခံယူချက်နဲ့လူ-ရှိသလို၊ ဖြတ်စားလတ်စားတွေလဲရှိမယ်။ အမျှော်အမြင်ကြီးစွာနဲ့ နာမည်တစ်လုံး ထူထောင်ထားနိုင်ဖို့ ကြိုးစားနေသူတွေလဲရှိမယ်။ ထမင်းဘိုးရဖို့ အနိုင်ကျင့်ခံနေရတဲ့ သူတွေလည်း ရှိသလို၊ ကိုယ်ကျိုးစီးပွားသာ အမှန်တရား-လို့ ခံယူထားသူတွေလည်း ရှိမယ်။ နိုင်ငံရေး။ လူမှုရေး။ ဆေး ။ စီးပွားရေးမှောင်ခိုတွေလည်းရှိမယ်။ အဓိကပြောချင်တာ-ပညာရေး အကြောင်းပါ။ ပညာရေး နယ်ပယ်ဆိုတာ-စနစ်တကျ ပြုစုပျိုးထောင်တဲ့နေရာတစ်ခု ဖြစ်သလို၊ စနစ်တကျ ဖျက်စီးပစ်လိုက်နိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ပညာရေးကိုတော့ မှောင်ခိုမဖြစ်စေချင်ပါ။
မြန်မာပညာရေး သမိုင်းမှာ ဟယ်ရီတန် (၇)-တန်းနှစ်လို့ တွင်ရစ်တဲ့ သမိုင်းတစ်ခု ရှိခဲ့တယ်။ ၀န်ကြီးချုပ် ဦးနုလက်ထက်-ကျောင်းသားတွေ ရုန်းရင်းဆန်ခတ်မှာ (၇)-တန်း၊ ကျောင်းသား ဟယ်ရီတန် သေဆုံးခဲ့တယ်။ ဆူပူမှုတွေ ဆက်မဖြစ်ပွားစေလိုတဲ့အတွက် အဲဒီနှစ်က ၇-တန်း၊ ကျောင်းသားအားလုံး အအောင်ပေးလိုက်တယ်။ လုပ်ငန်းခွင်တချို့က-ဟယ်ရီတန်-နှစ်၊ အောင်ခဲ့သူတွေကို အမှန်တကယ်မတတ်ဘဲ-အောင်လာခဲ့တဲ့သူတွေလို့ သဘောထားပြီး-အလုပ်မပေးချင်ကြဘူး။ ယ္ခုခေတ်နဲ့ စာရင်တော့ အရင်တုန်းက-ရိုးရိုးသားသားတွေးကြပါတယ်။
၁၉၈၉-ခုနှစ်မှာ န၀တ- စစ်အစိုးရက တက္ကသိုလ်နဲ့ကျောင်းတွေကို ရက်ရှည်ပိတ်လိုက်၊ ရက်တိုဖွင့်လိုက်နဲ့ အကြိမ်ကြိမ် လုပ်ခဲ့တယ်။ဒီအချိန်မှာ-န၀တ-က၊ လူထုကိုနိုင်ငံရေး မလုပ်နိုင်ဖို့နဲ့ စိတ်မ၀င်စားဖို့ဘဲ အဓိကအာရုဏ် စိုက်နေရတဲ့အတွက် လူငယ်တွေရဲ့ ပညာရေးကို အလေးမထားနိုင်တာတစ်ကြောင်း၊ ကျောင်းသားအုံကြွမှုကို ထိမ်းချုပ်ထားချင်တာက တစ်ကြောင်း၊ လူငယ်တွေကို ဒါဏ်ခတ်ချင်တာကတစ်ကြောင်းမို့ ကျောင်းတွေကိုပိတ်ချင် တိုင်းပိတ်ခဲ့တယ်။
ဒါကြောင့်၈၈-(မျိုးဆက်)ကျောင်းသားတွေက ပညာရေးမျိုးဆက်- ခါးပြတ်သွားမှာ စိုးရိမ်မိတဲ့ အတွက် “စစ်အစိုးရကမဖွင့်ရင်-ငါတို့ဖွင့်မယ်” ဆိုပြီးတော့ ဖြည့်စွက် ပညာသင်ကြားရေး (Education Program) အစီအစဉ် တစ်ရပ်ကို အကောင်အထည်ဖို့ လုပ်ကြတယ်။
နိုင်ငံရေးက၊ အကျဉ်းထဲအကြပ်ထဲမှာ၊ ဘာလစာမှမရှိဘဲနဲ့ သင်ပေးမယ်၊ လုပ်ပေးမယ်ဆိုတဲ့ ခေတ်ပညာတတ် လူငယ်တွေရဲ့ရင်ထဲမှာ မဆလ လက်သုံးစကား-စေတနာ ၊ ၀ါသနာ ၊ အနစ်နာဆိုတဲ့စကားလုံးတွေ ပုံစံရိုက်သွင်းပေးစရာမလိုဘဲနဲ့ တက်ကြွနေကြတယ်။ (အဲဒီ-နာ-သုံးနာနဲ့ ပညာတတ်ဆရာတွေရဲ့ ဘ၀တွေကို မဆလ-သတ်ခဲ့တာလဲသတိချပ်စေချင်တယ်။) ကျောင်းသားကျောင်းသူတွေ ဘက်ကလည်း-စစ်မှန်တဲ့ပညာကို ရတော့မယ်။ ဘယ်လိုအခက်အခဲရှိပါစေ သင်ယူမယ်လို့ ပြင်ဆင်ခဲ့ကြတယ်။
ဒီအချိန်မှာ ဗိုလ်ချုပ်ခင်ညွန့်က-“အစိုးရက မလုပ်နိုင်လို့ပြည်သူတွေက ထလုပ်ရင် အစိုးရသိက္ခာကျမယ်” လို့ထင်ပြီး ကျောင်းတွေရက်တိုပြန်ဖွင့်တယ်။ဘုံးပေါလအော အအောင်ပေးတယ်။ ၀ါးလုံးသိမ်းနဲ့တင်တဲ့ ပေါချောင်ပညာရေး လို့-တွင်ရစ်ခဲ့တယ်။
နိုင်ငံတကာမိဘနဲ့ကျေင်းသားတွေရဲ့ အခြေခံစိတ်ခံစားမှုမျိုးကို မတည်ဆောက်နိုင်ဘဲ နိုင်ငံ တကာအဆင့်မှီ စဉ်ဆက်မပြတ် အကဲဖြတ်စစ်ဆေးနည်းကို သုံးစွဲခဲ့တယ်။ ဒီစနစ်အမှန်ကကောင်းမွန်သော်လည်း၊ မြန်မာနိုင်ငံမှာက-စနစ်ကိုလည်း အတုလုပ်နိုင်တယ်။ စာမေးပွဲအောင်ခြင်း၊ ကျခြင်းက ဆရာလက်ထဲရှိလာတော့ ပညာရေးလောကမှာ-အဆင့်ဆင့်လာဘ်စားမှု၊ ချစားမှု၊ မျက်နှာလိုက်မှုတွေ ကြီးထွားလာတယ်။ ဒီဂရီတစ်ခုရဖို့ ငွေကြေးများစွာနဲ့ဆက်-ယူခဲ့ရတယ်။
ဒါပေမယ့်လဲ-ဆေးပညာလောကလောက်ကလွဲရင်- စက်မှုတက္ကသိုလ်က ဘီအီးဘွဲ့ရတောင်၊ အောင်လက်မှတ်လေးကိုင်ပြီး တစ်ခန်းဝင် တစ်ခန်းထွက်လိုက် ဗျူးရ။ ဘွဲ့ရကဆိုက်ကားနင်းရ။ အချဉ်ပေါင်းရောင်းရ။ ခေါင်းရွက်ဗျတ်ထိုးတွေလဲရှိခဲ့တယ်။ သူငယ်ချင်းကပြောဖူးတယ်။ “ကိုယ့်လူရေ-ဘီအီးဘွဲ့ နဲ့လုပ်စားရတာအဆင်မပြေဘူး။ ဘီအီး- ရောင်းစားမှဘဲအဆင်ပြေတော့တယ်”-တဲ့။
လူမှန်နေရာမှန်လဲမရှိတဲ့ မဆလခေတ်ပညာရေးဖြတ်သန်းရမှုပါ။ ဘွဲ့ရ-ကားဒရိုင်ဘာတစ်ယောက်ကတော့“ ဒီလိုမှန်းသိရင်၊ဘ၀မှာ(၆)လ- ကားမောင်းသင်တန်းပဲတက်ပါတယ်ကွာ”တဲ့။ ဒါကြောင့်လဲ အင်္ဂလိပ်ဘာသာရပ်နဲ့ ဘွဲ့ရကျောင်းသားက အင်္ဂလိပ် စကားပြောမတတ်။ Grammar မပိုင်။ ကလေးတွေကိုလည်း စာမသင်ရဲ။ ကိုယ့်ကို ကိုယ်ဘွဲ့ရတစ်ယောက်လို့ လူကြားထဲမှာချပြောဖို့မရဲ။ နိုင်ငံခြားသားတွေကြားထဲမှာဆိုရင် ပိုဆိုးပါတယ်။
ဒီမှာပဲ ကိုယ့်ကိုကိုယ်ယုံကြည်မှု (Confident) ကိုစတင်ပြီးဖျက်ဆီးပစ်ခဲ့တယ်။ ၄-နှစ်လောက်အချိန်ကုန်ငွေကုန်ခံပြီး ဘွဲ့ယူခဲ့တဲ့လူက၊ ၄-နှစ် လောက်-အင်္ဂလိပ်အိမ်မှာ အိမ်ဖော်လုပ်ခဲ့တဲ့ လူတစ်ယောက်လောက် ၀င်ငွေလည်းမကောင်းခဲ့ဘူး။ အင်္ဂလိပ်စာ လည်းမတိုးတက်ခဲ့ဘူး။ မြန်မာနိုင်ငံရေး အရှုပ်ထုပ်ကိုနိုင်ငံတကာက သိသွားမှာဆိုးလို့ မတတ်အောင်သင်တဲ့စနစ် ကိုသုံးခဲ့တာလည်းဖြစ်တယ်။ သင်္ချာ၊ရူပ၊ဓာတု-ထိုနည်းတူဘဲ။မသမာသူလူတစ်စုက-ပညာရေးနယ်ပယ်တစ်ခုကို စီးပွားရေးလုပ်ကွက်တစ်ခုလို သဘောထားပြီး လက်ဝါးကြီးအုပ်၊ လုပ်ကိုင်ကြတဲ့အတွက်-ဆိုးကျိုးတွေဖြစ်ခဲ့တယ်။
ဒီလိုနဲ့-ခေတ်၊စနစ်တွေပြောင်းလာတယ်။ ဒီဘက်ခေတ်မှာDoner ရှာ။ NGOs ရှာ။ အလုပ်ပြ။ ဘာဂျက်တင်၊ ငွေတောင်း။ လုပ်လာကြတဲ့ခေတ်မှာ- ကျောင်းသားပြပြီးကျောင်းထောင်၊ ဘော်ဒါထောင်တာတို့ကို စီးပွားရေး လုပ်ကွက်တစ်ခုအနေနဲ့ လုပ်လာကြတယ်။ ဒါရိုက်တာ၊ကျောင်းအုပ်ချုပ်သူနဲ့ဘော်ဒါအုပ်တွေ အဆင်ပြေကြတယ်။
ကျောင်းထောင်မယ်ဆိုတော့-ကျောင်းသားပြဖို့လိုတယ်။ကျောင်းသားကနောက်ခံစုံတယ်။ စာငတ်ပညာတတ်ချင် လို့-တက်တာရှိမယ်။ ကျောင်းသားကဒ်ရဖို့-။ အနေချောင်လို့။ အမြတ်ထုတ်ဖို့-တက်တာလဲရှိမယ်။ (Child Right) ကလေးအခွင့်အရေးကို အလွဲအသုံးချနေတာလဲရှိမယ်။ စာရိတ္တချို့တဲ့-တဲ့ကျောင်းသားစုန်းပြူးတချို့ကြောင့်လဲ စာပေပညာချစ်မြတ်နိုးတဲ့အရိုးခံ၊ မိကောင်းဖခင်ကျောင်းသားတွေ နစ်နာစရာဖြစ်မယ်။ ပိုဆိုးတာကအုပ်ချုပ်ရေး ပိုင်းတချို့က (သူတို့အကျိုးအတွက်) ကျောင်းသားကိုမြှောက်ပေးပြီး သူလျှိုလုပ်ခိုင်းတာမျိုး။
တချို့ဆရာတွေက လိုအပ်လာရင် (By Force) သုံးနိုင်အောင် စည်းရုံးရေး လုပ်ထားတာမျိုးတွေကြောင့်-တကယ်ပညာသင်ပေးချင်တဲ့ ဆရာက-ပြန်ဖားရတော့မလိုဖြစ်တော့တယ်။ ဒါရိုက်တာကကျောင်းသားတွေကို “ဒီဆရာသင်တာကြိုက်သလား ဟေ့” လို့ -မေးရင်၊ ကျောင်းသားတွေကလဲ-ဘီယာမတိုက်တဲ့ဆရာ။ ရီးစားနဲ့စကားပြောဖို့ ဖုန်းမပေးတဲ့ဆရာမ။ အလိုမလိုက်တဲ့ဆရာဆိုရင် “မကြိုက်ဘူး”လို့ ဆန့်ကျင်ကြတော့တယ်။ အပြန်အလှန်အောက်လမ်း-စည်းရုံးရေး နည်းတွေက မိုက်ဂရန့်ရဲ့ ဖြစ်စဉ်မှန်တွေဖြစ်ပါတယ်။
အုပ်ထိမ်းသူတွေ အနေနဲ့လည်း ကိုယ့်သားသမီးကျောင်းရောက်ရဲ့လား၊ ရီးစားထားချင်ပြီလား။ ဆေးလိုင်းရောက်ပြီလား။ ကျောင်းမှာမဟုတ်တယုတ်တွေနဲ့ တွဲပြီးခြေရှုပ် နေသလား။ စာလုပ်ရဲ့လား။ Report Card ပြသလား။ ဆိုတာတွေလေ့လာစောင့်ရှောက်ဖို့ လိုမယ်။ထောက်ပံ့ကြေးရဖို့၊ ဂွင်ရိုက်ဖို့ကျောင်းလွှတ်ထားတာဆိုရင်တော့ အခြားသူတွေအတွက် အနှောက်အယှက်ဖြစ်စေတယ်။ ကျောင်း သားတွေရဲ့ အရည်အသွေး ထက်မြက်ပြီး လမ်းကြောင်းမှန်ကန်ဖို့ဆိုတာ အားလုံးမှာ တာဝန်ရှိနေကြပါတယ်။
ကျောင်းဖွဲ့စည်းပုံတွေကကုမ္ပဏီပုံစံ။ဒါရိုက်တာတွေကနိုင်ငံခြားသားဆီမှာအလှုခံ၊ပိုက်ဆံတောင်းရမယ် ဆိုတော့-သူနဲ့(follow) လိုက်မယ့်သူ။ ဘာသာစကားတတ်သူ။ နိုင်ငံခြားထွက်မည့်သူတွေကို စည်းရုံးရေးလုပ်၊ ၀န်းရံထားရတယ်။ စာရိတ္တ-ထည့်မစဉ်းစားတော့-ကျောင်းဆရာတွေတောင်ယောက်ျားစကားမပြောကြတော့ပါ။
(လိမ်နိုင်ရင်ပညာရှိစကားပုံအတိုင်း)အင်္ဂလိပ်စကားတတ်တာနဲ့-မာစတာ။ ဒေါက်တာဘွဲ့ ချက်ချင်းတပ်တယ်။ ဒီလိုနဲ့လက်သင့်ရာ-ကျောင်းဆရာခိုင်း။မလွန်ဆန်နိုင်သူကို-နေရာပေး။သမာသမတ်မရှိသူ-စည်းကမ်းထိမ်းထား။ ကိုယ့်လူမျိုးကိုယ်ကြည့်။ပုဂ္ဂိုလ်ရေးထူထောင်ကြတော့-လူတစ်စု၊မိသားတစ်စုကလက်ဝါးကြီးအုပ်တဲ့ကျောင်းတွေ ဖြစ်ခဲ့တယ်။
ပုဂ္ဂိုလ်ရေးအရမလှန်နိုင်လို့၊နေရာပေးချင်ရင်အခြားနေရာမှာသာပေးသင့်တယ်။ စာရိတ္တချို့တဲ့သူကို ဖြူစင်တဲ့ပညာရေးလောကထဲမထည့်စေချင်ပါ။ ကိုယ်ကျိုးနဲ့ယှဉ်တဲ့ချီးမွန်း၊ ကဲ့ရဲ့ခြင်းကိုလုပ်တတ်တော့ အခြား ၀န်ထမ်းတွေ-စိတ်ဓာတ်ရေးရာကိုထိခိုက်လာမယ်။
လူကြီးတွေအရှက်အကြောက်တရားနဲ့သိက္ခာပျောက်နေရင်-ငယ်သားတွေဟီရိသြောတ္တပ္ပတရားမရှိနိုင်တော့ပါ။ရှေ့ကလူကြီးတွေပါးစပ်နဲ့အနစ်နာခံကြရင်-ငယ်သားတွေလဲ- -အနစ်နာခံမှာ။ (Policy Maker) တွေရိုးသားမှုမရှိတာကြောင့် ပညာရေးပေါ်လစီတွေပွင့်လင်းမြင်သာမှုကင်းမဲ့ တယ်။မျက်နှာရှိရာဟင်းဖတ်ပါတော့၊သန့်ရှင်းရေးလစာကဒီဂရီကျောင်းဆရာထက်ပိုပြီး၊မာစတာအတုရဲ့လစာက လဲမိုးပျံနေတယ်။ မဆလပညာရေးစနစ်ဆိုးထဲလူပါးဝလိမ်စားခဲ့တဲ့ကေဒါတွေလဲစိတ်ဓာတ်၊ပညာသုံးစားမရပေမဲ့၊ ဘွဲ့အတုနဲ့မိုးပျံလစာစားပြီးလူပါးဝနေတာကို ဒါရိုက်တာကကြံဖန်ချီးမွမ်းရတယ်။ ၅-ခါပြော၅-မျိုး။
တက္ကသိုလ်နဲ့ မေဂျာကအစ-လွဲနေတဲ့ဘွဲ့လက်မှတ်အတုတွေလည်း စနစ်တကျမစီစစ်နိုင်ဘူး။ ဒါကြောင့် ဆရာတွေ အပိုင်းက လဲ-ပညာကောင်းဖို့ထက်အာကောင်းဖို့။ ဖားတတ်ဖို့၊ ဒါရိုက်တာနဲ့ပတ်သက်ဖို့-အဓိကအကျဆုံး၊ အရေးကြီးဆုံးလို ဖြစ်လာတယ်။ ဒီဆရာတွေကတပည့်တွေကို-ဘာတွေသင်ပေးမလဲ။ဖားနည်းလား၊ဖဲ့နည်းတွေလား၊မျက်နှာလိုက် ခွဲခြားဆက်ဆံတဲ့နည်းတွေလား။စဉ်းစားကြ။ ဒီလိုဥာဉ်ဆိုးတွေကိုမျိုးဆက်အသစ်မှာလက်ဆင့်ကမ်းသယ်ဆောင် သွားဖို့မဖြစ်စေချင်ဘူး။
‘ကလေးတွေဖွံ့ဖြိုးရေးငွေတွေကို လူကြီးက ကိုယ်ကျိုးသုံးတယ်။ တချို့ကျောင်းမှာ ဆရာမကကျောင်းအုပ်ရဲ့ ကလေးချီးဝတ်လျှော်ပေးရတယ်။ ကျောင်းအုပ်မရဲ့ယောက်ျားက ပညာမတတ်၊ စာမတတ်ပဲ-၀င်ဝင်ဟောက်လို့ ကျောင်းဆရာတွေ တစ်ပုံကြီးထွက်ကြတယ်’ဆိုတဲ့သတင်းတွေကပြန့်တယ်။ ရပိုင်ခွင့်တွေထပြောရင်-ဒါရိုက်တာ၊ ကျောင်းအုပ်-ဘက်က မျက်နှာလုပ်ပြီးခံပြောပေးမယ့်သူ၊ ဖြတ်ဖြေမယ့်သူတွေက အဆင်သင့်ဝန်းရံနေကြတယ်။
သူတို့စကားကြွယ်ကြတယ်။နင်းပြောတာလည်းကျင့်သားရကြတော့-ပြောလည်းထူးလာမှာမဟုတ်ဘူး ၊ရှုံးမှာဘဲ ဆိုပြီးတော့ယှဉ်မပြောကြတော့ဘူး။ အုပ်ချုပ်ရေးပိုင်းနဲ့ပေါင်းပြီးလူပါးဝတဲ့ ကျောင်းဆရာတွေတစ်ဖက်။ အစေခံ ကျောင်းဆရာလူတန်းစားတွေတစ်ဖက်ဖြစ်လာတယ်။ လစာ။ ခွင့် ။ ခံစားခွင့် ကွာခြားနေတော့ခိုခြင်းကပ်ခြင်း ပြိုင်ဆိုင်မှုတွေက ဆင့်ကဲပေါ်လာတယ်။ မညီမျှမှုထဲမှာညီညွတ်ရေးတည်ဆောက်လို့မရနိုင်။ (ခေတ္တ)ငြိမ်သက်မှု သာရှိနိုင်တယ်။ဒီလိုငြိမ်သက်ခြင်းတွေက အမြဲတမ်းငြိမ်သက်ရင်ပြဿနာမဟုတ်ပေမယ့် တစ်ချိန်ချိန်မှာတော့ ဆိုးကျိုးတွေ။ သမိုင်းဆိုးတွေဖြစ်လာမှာသေချာပါတယ်။
ပညာရေးလောကမှာ- မသမာသူ၊ အချောင်သမားတွေ ကြီးစိုးကြရင် အနာဂါတ် မျိုးဆက်တခုလုံး ပျက်စီးနိုင်တယ်။ မိုက်ဂရန့်မှာက-စနစ်မကျမှုတွေနဲ့ စီးပွားဖြစ်တယ်။ ဒီတော့-စီးပွားရေးကိုဘဲ-ဇောင်းပေးမလုပ်ကြဘဲ၊ အလုပ်ထဲမှာစေတနာထားလို့ စီးပွားရေးနဲ့ ပညာရေး-မျှတအောင် လုပ်ကြစေချင်တယ်။ မဆလ-စနစ်ကို သိမ်မွေ့စွာ အသက်မသွင်းစေချင်ပါ။ မဆလ-ရဲ့ အမူအကျင့်တွေကို အတုယူပြီး ပညာရေးလောကကို စီးပွားရေး လုပ်ကွက်တစ်ခု သဘောထား လုပ်ကိုင်လာသူတွေကို ဖယ်ရှားကြပါ။
ဒါကြောင့်ကျောင်းသားတွေ တကယ်စာရိတ္တကောင်းစေချင်ရင်။ တော်စေချင်ရင်။ အနာဂတ်မျိုးဆက် တွေ-ပညာကောင်း-ရစေချင်တယ်ဆိုရင်-လူကြီးတွေပြင်ပါ။ ပညာရေးမှာ-အဓိကကျတဲ့ အခြေခံ ရိုးသားမှုရှိဖို့ လိုပါတယ်။ သမိုင်းရဲ့ တရားခံတွေ မဖြစ်ကြဖို့၊ သမိုင်းဆိုးတွေ-ကျန်ရစ်စရာမဖြစ်ဖို့ ဂရုစိုက်ကြရင်း-အနာဂတ်လှပတဲ့ ပညာရေးလောကသစ်ကို ဖြုစင်ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ကြပါစေလို့-စိတ်စေတနာ သန့်သန့်နဲ့ ဆန္ဒပြုလိုက်ပါတယ်။
စောမြင့်။ ၅ည
No comments:
Post a Comment