Wednesday, February 1, 2012

“န၀အဋ္ဌဇယ မောင်ပိန်”



“တိုင်ပေါင်း ၁၀၀၀ ကျော်နဲ့ အလယ်မှာ ပျဉ်တွေ ခင်းတဲ့ ဦးပိန်တံတား”။ ခေတ်ပေါ်ကဗျာ မဟုတ်ပါ။ ခေတ်ဟောင်းက အငြိမ့်ပွဲ လူရွှင်တော်တွေ နဘေထပ် ကဗျာလင်္ကာ စာချိုးပြိုင်သော ပြက်လုံးပါ။ နဘေထပ် မဖြစ်တော့ ရယ်စရာ ဖြစ်လေသည်။

မန္တလေး ရွှေမြို့တော် ရောက်တိုင်း အမရပူရ တောင်သမန်အင်း ဦးပိန်တံတားကို ရောက်ခဲ့ရသည်။ ယခုနှစ် တန်ဆောင်မုန်း ၂၉.၁၁.၀၄ ရက်နေ့ မဟာဂန္ဓာရုံကျောင်းတိုက်၊ တောင်လေးလုံးကျောင်းအနီး စေတီရင်ပြင်မှာ ကျင်းပသည့် မန္တလေးက သတင်းစာဆရာ စာရေးဆရာမကြီး လူထု ဒေါ်အမာ၏ အသက် ၈၉မြောက် မွေးနေ့ ဆွမ်းကျွေးအလှူပွဲသွားရင်း အနီးက တောင်သမန်အင်းစောင်းကို ရောက်ခဲ့ရခြင်းဖြစ်သည်။



ပြီးခဲ့တဲ့ မိုးရာသီက ရေကြီး၍ ဦးပိန်တံတားတိုင်တစ်ချို့နှင့် ပျဉ်ခင်းတွေ ရေထဲမျောပါသွားသဖြင့် အတော်ပျက်စီးသွားပါသည်။ ယခုတော့ ပြုပြင်ပြီးသလောက် ရှိပါပြီ။ တံတားပေါ်တော့ မလျှောက်ဖြစ်ခဲ့ပါ။ တံတားထိပ်နားက လှမ်းမျှော်ကြည့်ရုံသာပါ။

ဦးပိန်တံတား သက်တမ်း နှစ်ပေါင်း ၁၅၀ ရှိပြီဖြစ်သည်။ အင်းဝနေပြည်တော်မှ ရွှေ့ပြောင်းမြို့တော် တည်ထောင်ခဲ့သော အမရပူရသည် ဘိုးတော်ဘုရားလက်ထက်က လူမှုရေး၊ စီးပွားရေး၊ မြို့ပြအိမ်ယာများနှင့် စည်းကားဖွံ့ဖြိုးခဲ့ပုံကို သမိုင်းမှတ်တမ်းများ၌ တွေ့ရှိရကြောင်း၊ မျက်မှောက်ခေတ် အမရပူရ မြို့ဟောင်းသည် စေတီပုထိုးသမိုင်း အဆောက်အဦအချို့က ရှေးခေတ်ကို တစေ့တစောင်း ပြသလျက်ရှိသော်လည်း မန္တလေးမြို့တော်နှင့် ဆက်စပ်လျက် ရှိနေသဖြင့် တိမ်မြုပ်လုမတတ်ရှိနေသည်။ ရက်ကန်းလုပ်ငန်းဖြင့် ထင်ရှားသော မြို့တစ်မြို့အဖြစ်သာ အသိအမှတ်ပြုကြရသည်။ သို့ရာတွင် သမိုင်းကို ဖော်ပြနေသော ရပ်ကွက်ကြီးများ၏ အမည်များနှင့် အနုပညာလုပ်ငန်း အတန်းအစု အကွက် အမည်များက ရှေးခေတ်အမရပူရ ကို ပြောပြနေဆဲရှိသည်။

ယခုအခါ အမရပူရမှာ လေ့လာစရာအဖြစ် ရှေးဦးစွာ ဦးတိုက်လေ့လာကြည့်ရှုကြသော နေရာကား တောင်သမန် ဦးပိန်တံတား ဖြစ်သည်။ သက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်းလက်ထက် အမရပူရမြို့ဝန် ဘိုင်ဆပ်၏ မြို့စာရေး ဦးပိန်တည်ဆောက်ခဲ့သောကြောင့် ဦးပိန်တံတားဟု အမည်တွင်သည်။ ဦးပိန်သည် မိုးတွင်းကာလ တောင်သမန် ၁၂ ရပ်မှ လူအများ သွားလာလွယ်ကူရေးအတွက် စစ်ကိုင်း၊ အင်းဝနန်းတော်၊ အိမ်တော်များမှ သစ်သားဟောင်းများကို ဘုရင့်ထံ လျှောက်တင်ပြီး ရရှိသမျှနှင့် အခြေတည် ဆောက်လုပ်ခြင်းဖြစ်ရာ ယနေ့တိုင် တံတားအိုကြီး မြင်ကွင်းက မြန်မာမှုကို ဆွဲဆောင်ပြသနေဆဲရှိသည်။ ခေတ်အဆက်ဆက် လေမိုးဒဏ်ကြောင့် ပျက်စီးယိုယွင်းမှုများကို ပြုပြင်ခဲ့ရသည်။

တံတားကို ဆောက်လုပ်ရာ၌ နှစ်နှစ်မျှ ကြာခဲ့သည်။ မြန်မာအင်ဂျင်နီယာပညာရှင်တို့က စကေးမှန်ချိန်မပါဘဲ ခြေလှမ်းဖြင့် တိုင်းတာ၍ ဆောက်ခဲ့ရသော မြန်မာမှု တံတားကြီးဖြစ်သည်။ လှိုင်းဒဏ်၊ လေဒဏ် ခံနိုင်အောင် ဖြောင့်တန်းစွာ မဆောက်ဘဲ တောင်ဘက်သို့ ဦးမော့ ကွေ့ဝိုက်ကာ ကျင်တွယ်ပုံသဏ္ဍာန် ဆောက်လုပ်ထားသည်။

(ဦးပိန်တံတား ကြီးနှင့် ပေ ၂၀၀ အကွာအဝေးတွင် မယ်ဇယ်သစ်ခြောက် ပင်ကြီးရှိပြီး ယင်း မယ်ဇယ်ပင် ခြောက် ကြီးသည် တောင်သမန်အလှကို အထောက် အကူပြုစေပြီး ကမ္ဘာလှည့် ခရီးသွား များ အထူး စိတ်ဝင်စားကြသည်။
လူငယ်၊ လူရွယ်တို့ကမူ အသည်းကွဲ သစ်ပင်ဟု တင်စားခေါ်ဆိုကြသည်။)


ဦးပိန်တံတားကြီး၏ တိုင်ပေါင်းမှာ ရှေးခေတ်မှတ်တမ်းအရ ၉၈၄တိုင် ရှိသည်ဟု ဆိုသည်။ ဆောင်ပုဒ်အရ “န၀အဋ္ဌဇယမောင်ပိန်” ဟူ၍ ဖြစ်သည်။ ခေတ်ကာလ ရွေ့လျားလာသဖြင့် တံတားကြီးကို အရှေ့ထိပ်၊ အနောက်ထိပ် ပြုပြင်တည်ဆောက်ခဲ့ရသလို ရေလယ်ဇရပ်များကိုလည်း ပြုပြင်တည်ဆောက်ခဲ့ရသည်။

ဇရပ် လေးဆောင်မှ တိုင်များပါ ပေါင်းလျှင် တိုင်ပေါင်း ၁၀၈၆တိုင် ရှိသည်။ အခန်းပေါင်း ၄၈၂ခန်း၊ တံတားအရှည် ၃၉၆၇ပေ၊ တစ်မိုင်၏ လေးပုံသုံးပုံ ရှည်လျားကြောင်း နောက်ဆုံးထုတ် မန္တလေးမြို့နေ သတင်းစာဆရာ နတ်မောက်ထွန်းရှိန် ရေးသားပြုစုသည့် “၀င်းတွေနှင့် တည်ခဲ့သည့် မင်းနေပြည်” စာအုပ်၌ ဖော်ပြထားသည်။

ဆိုခဲ့သည့်အတိုင်း မြန်မာဗိသုကာပညာရှင်များက မြန်မာ့ဆောက်လုပ်ရေးအတတ်ဖြင့် မြန်မာမှုစစ်စစ် တံတားကြီးအဖြစ် ဦးပိန်တံတားကြီးသည် အမရပူရ ရှေးဟောင်းမြို့တော်၏ အမှတ်သင်္ကေတအဖြစ် ရည်တည်လျက်ရှိသည်။ ထို့ကြောင့် ပြည်ထောင်စု တိုင်းရင်းသားများသာမက နိုင်ငံခြား ကမ္ဘာလှည့်ခရီးသည်များပါ နေ့စဉ်လာရောက်ကြည့်ရှု၍ စည်ကားလှသဖြင့် အမရပူရ တောင်သမန်အင်းစောင်း၌ သပ်ရပ်သော စားသောက်ဆိုင် စသော ဈေးဆိုင်ခန်းတန်းများ အတည်တကျ တည်ဆောက်ကာ စီးပွားဖြစ်နေကြသည်ကို တွေ့ရှိခဲ့ရလေသည်။

၁၉၅၀ပြည့်နှစ်ကုန်ပိုင်း ပြည်တွင်းစစ်ကာလက ဖဆပလ အစိုးရ၏ “တစ်နှစ်အတွင်း ငြိမ်းချမ်းရေး ရရမည်” ဆောင်ပုဒ်အရ ဆောင်ရွက်နေစဉ် နိုင်ငံတော် ၀န်ကြီးချုပ် ဦးနုက ဖဆပလ အစိုးရ၏ အာဏာစက် မည်မျှ ပြန်လည် ပျံ့နှံ့လာပြီကို အပြောနှင့် မဟုတ်ဘဲ လက်တွေ့ သိရှိနိုင်အောင် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ မြန်မာပြည် သတင်းထောက်များအသင်း၊ မြန်မာနိုင်ငံ စာရေးဆရာများ အသင်း သုံးသင်း၏ အလုပ်အမှုဆောင်များအား ပြည်တွင်း လေကြောင်းပို့ဆောင်ရေးအဖွဲ့ ယူဘီအေဒါကိုတာ လေယာဉ်စင်းလုံးဖြင့် မန္တလေးသို့ အခမဲ့ အသွားအပြန် ပို့ဆောင်ပေး၍ ၄၊ ၅ ရက်ကြာမျှ လေ့လာကြည့်ရှုစေရာတွင် ကျွန်တော်သည် သတင်းထောက်များ အသင်းအမှုဆောင်တစ်ဦးအဖြစ် လိုက်ပါ၍ အထက်မြန်မာပြည် မန္တလေး ဒေသတစ်ဝိုက် ငြိမ်းချမ်းရေး အခြေအနေကို လေ့လာခဲ့ရသဖြင့် မြန်မာမှု ဦးပိန်တံတားကြီးကို တစ်နေ့ခင်းခန့်ကြာမျှ စတင် တွေ့မြင် လေ့လာဖူးခဲ့ပါသည်။

ဦးပိန်တံတားကြီးနှင့် အနီးတစ်ဝိုက် သဘာဝရှုခင်းမှာ ကြည်နူးဖွယ်ရာဖြစ်၍ မန္တလေးရောက်တိုင်း ဦးပိန်တံတားသို့ ရောက်ခဲ့ရလေသည်။

ယခုအခေါက်တွင်လည်း ကျွန်တော်တို့ စာနယ်ဇင်းဆရာ တစ်စုအား ဟိုတစ်ချိန်က ရေးဖော်ရေးဖက် သတင်းစာဆရာဖြစ်သော အရီးတောင်းဦးကျော်သိန်းက ၂၉.၁၁.၀၄ ရက်နေ့ နေ့လယ်က အိုရီယန်တယ်ဟောက်စ် ခန်းမကြီးထဲ၌ ထည်ဝါခမ်းနား၍ ဟင်းအမည်မျိုးစုံဖြင့် နေ့လယ်စာစားပွဲ တည်ခင်း ဧည့်ခံ ကျွေးမွေးရာတွင် သတင်းစာဆရာ နတ်မောက် ဦးထွန်းရှိန်နှင့် ဆုံမိ၍ မိတ်ဟောင်းဆွေဟောင်း ဖြစ်သဖြင့် သူရေးသားပြုစုသည့် နောက်ဆုံးထုတ်ဝေခဲ့သည့် မင်းနေပြည်စာအုပ်ကို ကျွန်တော့်အား လက်ဆောင်ပေးလိုက်ပါသည်။ ထိုစာအုပ်ထဲပါ မှတ်တမ်းမှတ်ရာများအရ ဤဦးပိန်တံတားဆောင်းပါးကို ရေးသားဖြစ်လေသည်။

မြန်မာ့အလင်း သန်းညွန့်

(မြန်မာ့အလင်း သန်းညွန့် ၏ “တိုင်ပေါင်း ၁၀၀၀ ကျော်နဲ့ အလယ်မှာ ပျဉ်တွေခင်းတဲ့ ဦးပိန်တံတား”)

No comments:

Post a Comment