Tuesday, February 21, 2012

ပြည်သူ့နီတိ


စာသင်ကျောင်းမှ ရပ်ရွာထိ ကိုယ့်ပတ်ဝန်းကျင်ရှိ ရေမြောင်းထဲ အမှိုက်တွေပစ်ချမှု၊ ဘတ်စ်ကားနဲ့ ရထားများပေါ်မှာ ဆေးလိပ်စီးကရက် သောက်မှု၊ သက်ကြီးရွယ်အိုနဲ့ ရိုသေထိုက်သူများ၊ ကိုယ်ဝန်ဆောင်များ ကားပေါ်တက်လာရင် နေရာဖယ်မပေးမှု၊ လမ်းသွားရင်းကွမ်းတံထွေးများစည်းမဲ့ ကမ်းမဲ့ထွေးမှု၊ မြို့ပတ်ရထားပေါ်မှာ ခရီးသွားချင်း ကိုယ်ချင်းမစာ လိုတာထက် ပိုနေရာယူထားမှု၊ လမ်းဘေးက လူများကို ရွှံ့စဉ်သွားအောင် မဆင်မခြင် ကားမောင်းမှု၊ လမ်းသွား လမ်းလာများ အနှောက်အယှက်ဖြစ်လောက်အောင် ပလက်ဖောင်းပေါ်ဈေးရောင်းမှု၊ ဝန်ထမ်း အချို့ အလုပ်တာဝန်မကျေမှု အစရှိတာတွေကိုကြည့်ပြီး ကျောင်းတွေမှာ ပြည်သူ့နီတိ မသင်တော့လို့လားလို့ စာရေးသူ အမေးခံရဖူးပါတယ်။ စာရေးသူက စာရိတ္တနဲ့ပြည်သူ့နီတိ သင်ရိုးမှာ တာဝန်ကျဖူးတာသိလို့ မေးခြင်းဖြစ်ပါတယ်။

လျှပ်တစ်ပြက်ဂျာနယ်မှာ ပြည်သူ့နီတိနဲ့ စပ်လျဉ်းလို့ စိတ်ဝင်တစား အပြန်အလှန် ရေးကြ၊ မေးကြ၊ ဆွေးနွေးကြနဲ့ ဆိုတော့ ပြည်သူ့နီတိ သင်ရိုးရေးဆွဲပေးခဲ့ဖူးတဲ့ စာရေးသူကလည်း ပါဝင် ဆွေးနွေးတင်ပြချင်စိတ် ပေါက်လာပါတယ်။

ကျောင်းတွေမှာ ပြည်သူ့နီတိကို ယခင်က သင်ပေးခဲ့သလို ယခုလဲ သင်ပေးနေပါတယ်လို့ ဖြေပါရစေ။ မူလတန်းဆင့်မှာ စာရိတ္တနှင့် ပြည်သူ့နီတိ၊ အလယ်တန်းဆင့်နဲ့ အထက်တန်းဆင့်မှာ စာရိတ္တနှင့် လောကနီတိရယ်လို့ သင်ရိုးပြဌာန်းထားပြီး သင်ကြားပေးလျက် ရှိနေပါတယ်။

'ပြည်သူ့နီတိ ဆိုသည်မှာ ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်''ရယ်လို့ မြန်မာ အဘိဓာန်မှာ အဓိပ္ပါယ်ဖွင့်ဆို ထားပါတယ်။ အင်္ဂလိပ်အဘိဓာန်များမှာလဲ

CIVICS= Study of City Government The rignts and duties of Citizens, The Science of Citizen Ship

ရယ်လို့ အဓိပ္ပါယ်ဖွင့်ဆို ထားပါတယ်။ နိုင်ငံအစိုးရ၊ နိုင်ငံသားတို့ရဲ့ အခွင့်အရေးနဲ့ တာဝန်၊ နိုင်ငံသားဖြစ်မှုတို့ကို လေ့လာတဲ့ ပညာရပ်လို့ အဓိပ္ပါယ်ရပါတယ်။

ပြည်သူ့နီတိ(ဝါ)ပြည်သူများလိုက်နာဆောင်ရွက်ရန် ကျင့်ဝတ်ကို ယေဘုယျအားဖြင့် (၁)ဇာတိမာန်နှင့် မျိုးချစ်စိတ်(၂)ကိုယ်ကျင့်တရား(၃)ယဉ်ကျေးမှု(၄)သန့်ရှင်းကျန်းမာရေး(၅) တာဝန်ရယ်လို့ အင်္ဂါငါးပါးပိုင်းခြားထားပါတယ်။ နိုင်ငံသားကောင်းဖြစ်ဖို့ဆိုလျှင် ဒီအင်္ဂါ ငါးပါးပြည့်စုံဖို့ လိုပါတယ်။

ဒါ့အပြင် နိုင်ငံသားကောင်းမှန်ရင် နိမ့်ကျသူကို အထင်မသေး၊ သူတစ်ပါးကိုမြှင့် တင်ပေးလိုသူသာဖြစ်တယ်။ ရိုးရိုးကျင့်မြင့်မြင့်ကြံသူသာဖြစ်ပြီး အမျိုးသားရေးအရေးကြုံ လျှင် ရှောင်ထွက်မပြေးပါဝင်ဆင်နွှဲဖို့ ဝန်မလေး၊ ဆန္ဒမဲရဲ့အရေးပါမှုကို ခံယူသူလည်း ဖြစ်တယ်။

တည်ဆဲဥပဒေကို လေးစားလိုက်နာပြီး အများနဲ့ သင့်မြတ်အဆင်ပြေအောင် နေရပါတယ်။ ''နိုင်ငံသားကောင်းအစ မိမိနေအိမ်က''လို့ ခံယူကျင့်သုံးဖို့ လိုပါတယ်။ မြို့တော်သန့်ရှင်းရေးကို ကူညီရပါတယ်။ ကိုယ့်အလုပ်တာဝန်ကျေခြင်းဖြင့် လူအများကို ပျော်ရွှင်ချမ်းမြေ့စေသူဖြစ်ပါတယ်။

ပြည်သူ့နီတိသင်ရိုးမာတိကာမှ ကျင့်ကြံအပ်ရာမင်္ဂလာများ ပြည်သူ့နီတိဆိုင်ရာ စကားပုံ ဆိုရိုးစကားနှင့် ဆောင်ပုဒ်များ၊ ပြည်သူ့နီတိဆိုင်ရာ ခေတ်ကဗျာများ၊ ယဉ်ကျေး မှုအလေ့အကျင့်ကောင်းများ(အိမ်၌ယဉ်ကျေးခြင်း၊ ကျောင်း၌ယဉ်ကျေးခြင်း၊ လမ်း၌ယဉ် ကျေးခြင်း၊ ကစားစဉ်ယဉ်ကျေးခြင်း၊ ခရီးသွားစဉ်ယဉ်ကျေးခြင်း၊ အထွေထွေယဉ်ကျေး ခြင်း)၊ ကျန်းမာရေးအလေ့အကျင့်ကောင်းများ(တစ်ကိုယ်ရေသန့်ရှင်းခြင်း၊ အဝတ်အစားသန့် ရှင်းခြင်း၊ လက်ဆေးခြင်း၊ ကျောင်းခန်းသန့်ရှင်းခြင်း၊ အစားအစာများကိုသန့်ရှင်းစွာထား ခြင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်း)၊ ပြည်သူ့နီတိပညာပေးဝတ္ထု၊ ပုံပြင်၊ ပြဇာတ်များ၊ ကျောင်းသားကျောင်းသူကောင်းဖြစ်ရေး၊ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုအလေ့အကျင့်ကောင်း များပါဝင်ပါတယ်။

စာသင်ကျောင်းများမှာ ပြည်သူ့နီတိကို ထောင့်စေ့အောင် အင်္ဂါစုံအောင် သင်ကြား ပို့ချလေ့ကျင့်ပေးနေကြောင်း၊ မီးမောင်းထိုး ပြရခြင်းဖြစ်ပါတယ်။ ဘယ်လိုပဲသင်ပေးလိုက်ပေမဲ့ ရပ်ရွာထဲရောက် တော့ လက်တွေ့လိုက်နာကျင့်သုံးမှု လျော့ရဲ ကျောင်းစာနဲ့ တလွဲစီဖြစ်နေ ကြောင်း၊ ဆောင်းပါးအစက ဖော်ပြ ချက်တွေကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် မို့လို့ ပြည်သူ့နီတိကို ကျောင်းစာသင်ခန်းထဲမှာပဲ မထားခဲ့ဘဲ ရပ်ရွာအထိ သယ်ဆောင်၍ လက်တွေ့လိုက်နာကျင့်သုံးကြဖို့ လိုနေပါပြီ ဟူ၍ . . .။
မြန်မာဖတ်စာအရှိ ပြည်သူ့နီတိ

ပြည်သူ့နီတိဆိုသည်မှာ ပြည်သူများ လိုက်နာဆောင်ရွက်ရန် ကျင့်ဝတ်ဟု မြန်မာအဘိဓာန်က ဖွင့်ဆိုပြပါ၏။ အခြေခံပညာ မူလတန်းအဆင့်တွင် သူငယ်တန်းမှ စတုတ္ထတန်းထိ စာရိတ္တနှင့် ပြည်သူ့နီတိကို သီးခြား ဘာသာရပ် ပြဋ္ဌာန်း သင်ကြားပေးလျက် ရှိပါသည်။ မူလတန်းအဆင့် မြန်မာဖတ်စာများတွင်လည်း ဖတ်စာသက်သက် မဟုတ်ဘဲ ဖတ်စာထဲမှာ ကျွဲကူးရေပါ ပြည်သူ့နီတိသဘောတွေ ထည့်ထားပေ၏။

တစ်ချက်ခုတ်နှစ်ချက်ပြတ် သဘောဖြစ်ပါသည်။ ဆရာဆရာမ တို့က မြန်မာစာရှုထောင့်မှသာမကဘဲ ပြည်သူ့နီတိရှုထောင့်မှပါ သင်ကြား ပေးနေကြပါ၏။ မြန်မာဖတ်စာမှာ ပါရှိသည့်ပြည်သူ့နီတိကိုသာဓကထုတ် ပြပါရစေ။

သူငယ်တန်း အိမ်လမ်းရွာကျောင်း၊ သန့်ရှင်း ကြောင်း စုပေါင်းအမှိုက်သိမ်း။ (သံပေါက်ကဗျာ) ပထမတန်း အချင်းချင်းကူညီရမည်။ ပြည် ထောင်စုသား၊ ညီနောင်များတို့ ကောင်းစားစေကြောင်း အားဖြည့်လောင်း၍ စုပေါင်းညီညာ၊ ကြိုးပမ်းပါ။ ကျောင်းသားလူငယ်များ၊ ရိုးသားဖြောင့်မှန်ကြသည်။ အများအကျိုး ဆောင်ကြ၏။ ချီးကျူးစရာ ကောင်းသည်။

ရွာထဲကရေအိုင်၊ သည်အိုင်က ခြင်လာသည်။ ခြင်နိုင်ဆေးဖျန်းပါ၊ လူတိုင်းမှာတာဝန်ရှိသည်။ လှည်းဘီးကျွံနေသည်၊ ကူ၍ တွန်းပေးကြပါ။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။ ရိုးသား၍ ပညာထူးချွန်သူ၊ အကျင့်ကောင်းသူ၊ အများအကျိုးငှာ ကိုယ်ကျိုးစွန့်သူ၊ တာဝန်ကျေပွန်သူ၊ ထိုသူများကို ချီးမွမ်းရမည်။ စာကြည့်ခန်း၌ အမှိုက်မပစ်ရ၊ စည်းကမ်းကိုလိုက်နာပါ။ ပြည်တွင်းဖြစ်ကိုအားပေးပါ၊ ချစ်ချစ်ခင်ခင်နေကြပါ။ အပြစ်တွေ့ လျှင် ပြုပြင်ပါ၊ စနစ်တကျရှိပါစေ၊ တာဝန်မလစ်ဟင်းပါစေနှင့်။

ဟင်းကျန်ထမင်းကျန်အရမ်းမပစ် ရ၊ အိမ်အနီး၌ မညစ်ပေစေနှင့်၊ ညစ် ပေလျှင် ကြွက်ပေါမည်။ ကြွက်ပေါလျှင်ရောဂါဖြစ်မည်။ ရေတွင်းရေကန် ဝင်းခတ်ထားပါ။ ကျွဲနွားများမကပ်စေရ၊ ကန်ပေါင် ပေါ်တွင် အဝတ်မလျှော်ရ။ လမ်းဘေးမှာ စွန်မလွှတ်ရ။ ဘေးလွတ်ရာမှာ ကစားပါ။ လွတ်လပ်ရေးကို ထိန်းသိမ်းပါ။ တာဝန်မချွတ်ယွင်းပါစေနှင့်။ ပြည်သူ့ ကျင့်ဝတ်ကို အထွတ်အမြတ်ထားပါ။

ဦးသာနုက ခေါင်းဆောင်ကာ ကျေးရွာကောင်းကျိုးသည်ပိုးမှာ၊ ကားဆရာကိုဘသောင်း၊ ဘေးရန်ကြည့်၍ သတိနှင့်မောင်း။ ကျွန်တော်တို့ကျောင်း၊ အမြဲ သန့်ရှင်းနေသည်။ သောက်ရေအိုး နေ့တိုင်း ဆေးကြောရေဖြည့် ရသည်။ သောက်ရေအိုးအဖုံးနှင့် ရေခွက်ကို သန့်ရှင်းအောင် နေ့စဉ်ဆေးသည်။ အမှိုက်များကို အမှိုက်ပုံးများတွင် ထည့်ကြသည်။ ကျောင်းသန့်ရှင်းရေး နေ့စဉ်လုပ်ကြသည်။

သင်္ဂဇာဆရာတော်၏ သား သမီးဝတ်နှင့် တပည့်ဝတ်ကဗျာများ။ အိမ်မှုကိစ္စဟူသမျှ မိဘကူညီပါ။ လုပ်ငန်းဝဝလုပ်နိုင်မှ သားလှဂုဏ်ရှိမှာ။ ဒုတိယတန်း ပစ္စည်းဟူသမျှ ရိုသေကြ၊ ယဉ်ကျေးပါ။ ခွင့်တောင်းပါကဗျာ သင်္ဂဇာဆရာတော်၏ မိဘဝတ်နှင့် ဆရာ့ဝတ်ကဗျာ။ တတိယတန်း ကျောင်းပတ်ဝန်းကျင်၊ နေ့စဉ်ပင်၊ သုတ်သင်သန့်ရှင်းကြ။ နောင်လာနောက်သားများစား သုံးဖို့ သရက်ပင်စိုက်ပေးသည့် အဖိုးအို၏စေတနာ။ တမာရွက်ဥပမာပြ၍ ဆုံးမသော ဆရာရသေ့။

ရပ်ရွာအကျိုးသယ်ပိုးကာ ဝဖြိုး သာယာကျန်းမာဖို့ပဲ၊ လက်တွေ့ဖွံ့ဖြိုးမမေ့ပါ၊ စုကာပေါင်းကာလုပ်ကြကိုင်ကြ။ တံတားခင်းပါလမ်းပြင်ပါ၊ အလုပ်ဆိုတာဂုဏ်ရှိတာပဲ။ ပေါက်ပြားကိုင်ကာ မြေဆွပါ။ မြေပဒေသာစိုက် ကြပျိုးကြ။ (သံချပ်ကဗျာ) စတုတ္ထတန်း လမ်းပိတ်သွားသော ကျောက်တုံးဖယ်ရှားပေးသည့် လူမှုဝန်ထမ်း စိတ်ဓာတ်ဖတ်စာ။ လာဘ်ပေးလာဘ်ယူ တို့ရန်သူ ပညာပေးဇာတ်လမ်း။

မောင်ကျေးဇူး

No comments:

Post a Comment