ဦးပိန်တံတားနှင့် တောင်သမန်

ယဉ်ကျေးမှုနှင့်မြန်မာမှု
မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် အမရပူရမြို့နယ် အတွင်းရှိ ဦးပိန်တံတားနှင့် တောင်သမန်သည် ပြည်တွင်း ဧည့်သည်များသာမက ပြည်ပ ခရီးသွားများပါ အပန်းဖြေစရာ နေရာအဖြစ် စိတ်ဝင်တစား လာရောက် လည်ပတ်ကြသော်လည်း ဒေသခံများ၏ စီးပွားရေး အပါအ၀င် တောင်သမန်အင်း ၀န်းကျင်တွင် ရှိသော တန်ခိုးကြီး ဘုရားများ၏ ဘာသာရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ အခင်းအကျင်းများ ကိုလည်း ဂရုတစိုက် လေ့လာသင့်ပုံကို ''တောင်သမန်နဲ့ ဦးပိန်တံတားကို လာရောက် အပန်းဖြေကြတဲ့ ပြည်တွင်း ပြည်ပ ဧည့်သည်တွေပဲ များပါတယ်။
တကယ်တမ်း တောင်သမန်ဝန်းကျင်မှာ ဘာသာရေးဆိုင်ရာ သာသနိက နေရာကြီးတွေ ရှိပါတယ်။ အထင်ရှားဆုံးက တံတားအရှေ့ဘက်မှာရှိတဲ့ တောင်သမန် ကျောက်တော်ကြီး ဘုရားပါ။ ပထမဆုံး စကျင်အကြီးဆုံး ရုပ်ပွားတော်ကြီးဖြစ်ပြီး ပုဂံအာနန္ဒာဘုရား ပုံစံတူ တည်ဆောက်ထားတဲ့ ဂန္ဓကုဋီတိုက်ကြီးလည်း ရှိပါတယ်။ ဒီဘုရားရဲ့ နံရံဆေးရေး ပန်းချီတွေဟာဆိုရင် မြန်မာ့ရိုးရာ ၁၂ လရာသီ နက္ခတ်ဆိုင်ရာ မြင်ကွင်းတွေကိုလည်း အပြည့်အစုံ ရေးဆွဲထားတာ အခုထိ အကောင်းပကတိ လေ့လာနိုင်ပြီး ပုဂံမင်းလက်ထက် အမရပူရရဲ့ လူနေမှု စရိုက်တွေကိုလည်း နံရံဆေးရေးပန်းချီနဲ့ သရုပ်ဖော်ထားပါတယ်။
အမရပူရခေတ် ဘ၀သရုပ်ဖော် ပန်းချီတွေလို့တောင် ပြောလို့ရပြီး ပုဂံမင်းကောင်းမှု ဘုရား၊ စေတီတွေ၊ ဘုန်းတော်ကြီးကျောင်းတွေကို မြန်မာ့ရိုးရာပန်းချီနဲ့ အချိုးကိုက် စနစ်တကျ ရေးဆွဲထားတာတွေကိုလည်း လေ့လာနိုင်ပါတယ်။ စစ်ကြီးတုန်းက မီးလောင်ပျက်စီးသွားတဲ့ အမရပူရ ဗားကရာ ကျောင်းကြီးကို ၁၉၉၀ ကျော် ၀န်းကျင်မှာ ပြန်ဆောက်မယ်ဆိုတော့ ဒီနံရံဆေးရေး ပန်းချီတွေရဲ့ အထောက်အထားတွေက အများကြီး အဖိုးတန်ခဲ့ပါတယ်။
မြန်မာပြည်မှာ အကြီးဆုံးနဲ့ အချိုးအကျဆုံး မနုဿီဟ ရုပ်ထုတွေကိုလည်း တောင်သမန် ကျောက်တော်ကြီးဘုရားမှာ တွေ့ရတယ်။ နောက်ပြီး တောင်မင်းကြီးဘုရား၊ ပုထိုးတော်ကြီးဘုရား၊ နဂါးရုံဘုရား စတဲ့ နေရာတွေလည်း ရှိပါတယ်။ ဒါကြောင့်လည်း ဘုရားဖူး လေ့လာသူတွေ များလာတယ်'' ဟု အမရပူရ တောင်လေးလုံးကျောင်းတိုက်မှ သုတေသီ ဆရာတော်တစ်ပါးက မိန့်သည်။
သုံးရာသီအလှ
တောင်သမန်အင်းသည် နွေရာသီ၌ ရေ၀င်ရောက်မှု မရှိချိန်တွင် ယာနှင့်ကိုင်းများ စိုက်ပျိုးကြပြီး အညာ ကျေးလက် တောသူတောင်သားတို့၏ လယ်ထွန်၊ ထယ်ထိုး၊ ပေါင်းသင် စသည့် ယာသမား၊ ကိုင်းသမား ဘ၀များကိုလည်း လေ့လာနိုင်သကဲ့သို့ မိုးရာသီ၌ အင်းရေ ပြည့်လျံချိန်တွင် အင်းတွင်းရှိ ငါးသတ္တ၀ါတို့အား နည်းမျိုးစုံဖြင့် ဖမ်းဆီးကာ ဘ၀၀မ်းကျောင်းကြသည့် မြင်ကွင်းများကိုလည်း လေ့လာနိုင်မှုများနှင့် ပတ်သက်၍ ''တောင်သမန်ဝန်းကျင်ကို အရင်က သုံးရာသီအလှလို့ ခေါ်ခဲ့ကြတယ်။ နွေနဲ့ဆောင်းမှာ ရေခမ်းချိန်မို့ နုန်းတင်မြေနုတွေပေါ် စိုက်ကြ၊ ပျိုးကြ၊ ထွန်ကြ၊ ယက်ကြတာတွေ ကိုင်းသမား၊ ယာသမား နေထိုင်ကြတဲ့ ဘ၀မြင်ကွင်းတွေ၊ မိုးတွင်းရေကြီးတော့ ပိုက်ကွန်နဲ့ငါးဖမ်းကြတာ မြှုံးထောင်ငါးဖမ်းကြတာ တစ်နိုင်တစ်ပိုင် ငါးမြှားကြတာ ခါးဆစ်လောက် ရေထဲဆင်းပြီး ပုစွန်ရှာကြတာ စတဲ့ အညာကျေးလက် မြစ်ထဲချောင်းထဲက ဘ၀တွေကိုလည်း မြင်နိုင်တယ်။
ငါးဖမ်း ရေလုပ်သားတွေသာမကဘဲ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေလည်း မြင်တွေ့နိုင်ပါတယ်။ ဒီမြင်ကွင်းတွေကတစ်ဆင့် ကမ္ဘာကျော်နိုင်တဲ့ မှတ်တမ်းရုပ်ရှင် ကားတိုတွေ ဖြစ်နိုင်တာပေါ့။ ကင်မရာသမား မှန်သမျှ တောင်သမန်ဟာ တကယ့်ရွှေပါပဲ''ဟု မန္တလေးမြို့ခံ စာရေးဆရာတစ်ဦးက ဆိုသည်။
ကျောက်တော်ကြီးဘုရားအား အနောက်တောင်ထောင့်မှ တွေ့ရစဉ်
ဦးပိန်တံတား အလယ်ဇရပ်နှင့် တောင်သမန်အင်း
ရှားပါးမျိုးစိတ်များ
''တောင်သမန်အင်းရေက ဧရာဝတီမြစ်နဲ့ ဆက်စပ်နေတယ်။ အင်းဝန်းကျင်မှာ ကိုင်းပင် အပါအ၀င် မြက်အမျိုးအစားပေါင်းစုံ ပေါက်ရောက်တယ်။ ရေသေအိုင်တွေလည်း အင်းနဘေးမှာ ဖွဲ့နေတတ်တယ်။ ဒါကြောင့် တောင် သမန်အင်းထဲ ငါးမျိုးစိတ်တွေ တော်တော်များများ တွေ့နိုင်တယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ ၀န်းကျင်က တောင်သမန်အင်းထဲမှာ တွေ့ရတဲ့ ငါးသလဲထိုးလို ရှားပါး ငါးမျိုးစိတ်တစ်ခု တွေ့ခဲ့ဖူးလို့ တော်တော်လေး သတိပြုမိကြသွားတယ်။အရှေ့တောင်အာရှ နိုင်ငံတွေဆီ အထိ ဒီ ငါးမျိုးစိတ်ကို စီးပွားဖြစ် တင်ပို့ခဲ့ကြရဖူးတယ်။
အခုလည်း တောင်သမန်မှာ ငါးမျိုး မသုဉ်းသေးပါဘူး။ ဒါပေမယ့် သတိပြုရမယ့် အခြေအနေတွေကိုတော့ ရောက်နေပါပြီ။ ဘာလို့လဲဆိုတော့ မန္တလေးစက်မှုဇုန်က တောင်သမန်နဲ့ နီးသထက်နီးလာပါပြီ။ ပြီးတော့ အင်းရေကိုမေးတင်ပြီး ဆိုင်ခန်းတွေလည်း တော်တော်များများ တိုးချဲ့ဆောက်လုပ်လာပြီ။ လင်းဇင်းကုန်းနဲ့ဆက်ပြီး အမရပူရ ဆင်ခြေဖုံး လူနေရပ်ကွက်တွေ နေရာမှာ တစ်မြို့လုံးက စွန့်ပစ်အမှိုက်တွေ လာပစ်တာတွေလည်း ရှိနေပါပြီ။ အင်းရေကို ၁၂ လနီးပါး လှောင်ထားမှုကြောင့်လည်း ရေဝေရေလဲ အခြေအနေ နည်းပါးပြီး သန့်ရှင်းမှု အားမကောင်းနိုင်တော့ဘူး။ ဒါကြောင့် တောင်သမန်ထဲက ရှားပါးငါးမျိုးစိတ်တွေ ပျောက် ကွယ်သွားမှာ စိုးရိမ်ရပါတယ်။ တောင်သမန်ဝန်းကျင်မှာ သစ်ကြီးဝါးကြီးနဲ့အတူ ဧရာဝတီနဲ့လည်း ဆက်စပ်နေတော့ နွေခိုငှက်၊ ဆောင်းခိုငှက်တွေကိုလည်း တောင်သမန်မှာ လေ့လာနိုင်ပါတယ်။ တောင်သမန်ဝန်းကျင်မှာ လာပြီးခိုနား ကြတဲ့ ငှက်တွေကို ဖမ်းဆီးပြီး ငှက်လွှတ်သမားတွေက စီးပွားဖြစ် ပြန်လည် ရောင်းချကြတာမျိုးတွေလည်း တားဆီးကြရပါမယ်''ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသီတစ်ဦးက သူ့အမြင်ကို ရှင်းပြသည်။
တန်ဖိုးရှိတဲ့နေရာ
တောင်သမန်အင်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက တက်သိမ်းအင်းခေါ် မန္တလေးကန်တော်ကြီး၊ မန္တလေး သင်္ဂဇာချောင်းတို့နှင့် ဆက်စပ်ခဲ့သည့် ဧရာဝတီမြစ်၏ လမ်းကြောင်းဟောင်းတစ်ခု ဖြစ်ခဲ့သည်ဟု ဘူမိဗေဒ ပညာရှင်များက သုံးသပ်ခဲ့ကြသလို ယခု တောင်သမန်အင်းအတွင်း ၃၉၆၇ ပေ ရှည်ပြီး တံတားတိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်းရှိကာ မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်း လက်ထက် အမရပူရမြို့ဝန် ဘိုင်ဆပ်၏ တပည့် မြို့စာရေးဦးပိန်က အင်းဝ နန်းတော်ဟောင်းမှ သစ်သားများဖြင့် တည်ဆောက်ခဲ့သော ဦးပိန်တံတားကြောင့်လည်း အဓိက စိတ်ဝင်စားမှု ရှိကြကြောင်း မှတ်တမ်းများ အရ သိရှိရသည်။
ယခုအခါ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ၊ မြန်မာ့ဗိသုကာဆိုင်ရာ အဖိုးတန် အထောက်အထားများ ရှိသော မြန်မာသက္ကရာဇ် ၁၂၁၂ ခုနှစ်တည် ကျောက်တ်ာကြီးဘုရားနှင့် သဘာ၀၀န်းကျင်ဆိုင်ရာ ရှုခင်းရှုကွက်များ၊ ယာသမား၊ ကိုင်းသမား၊ ရေလုပ်သားဘ၀ စသည့် လူမှုရေး၊ စီးပွားရေးဆိုင်ရာ မြင်ကွင်းများကို ဦးပိန်တံတားနှင့်အတူ စိတ်ဝင်စားမှု ပိုမို များပြားလာကြောင်း သိရှိရသည်။
news-eleven
No comments:
Post a Comment