Friday, February 10, 2012

ပျဉ်းမငုတ်တို


ပျဉ်းမငုတ်တို

ဖုထစ်ရွတ်တွ ၊ ငှက်ဋ္ဌင်းတသို့
ပျဉ်းမငုတ်တို ၊ သစ်ကြားအိုသည်
ကုန်းမိုထက်တွင် တစ်ပင်တည်း ။

ခွဆုံအကွေး ၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ ၊ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ခြအိမ်ပျက် ။

ကုန်းမိုကမ်းပါး ၊ မြေပတ်ကြားတွင်
စစ်သားခမောက် ၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း ။

ထိုပင်ငုတ်တို ၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ၊ ခြအုံလည်းဖြစ်
ဓါးထစ်လည်းခံ ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက် ၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ၊ ငယ်ရုပ်ဆင်သည်
အသင် ယောင်္ကျားကောင်းတကား ။
မင်းသုဝဏ်

၁၁-၁-၄၉

တစ်ခုသောနံနက်တွင် ကျွန်တော့်ထံသို့ တစ်ဘက်ပါ ကဗျာနှင့် အတူ စာကလေးတစ်စောင် ရောက်လာပါသည် ။ စာမှာ အောက်ပါအတိုင်းဖြစ်သည် ။

ဆရာခင်ဗျား ၊
ဆရာ၏ ‘ပျဉ်းမငုတ်တို’ နှင့် Henley ၏ ကဗျာတို့ကို မကြာမီက ထပ်မံဖတ်ရ၍ သဘောကျလှသဖြင့် ဆရာ့အတွက် အသုံးဝင်လိုဝင်ငြား ရေးကူးပေးပို့ပါသည် ။
‘ပျဉ်းမငုတ်တို’ မှာ ဆရာ့ထံတွင် အသင့်ထုတ်နုတ် ရေးကူးပြီးသား မရှိလျှင် အသုံးကျပါလိမ့်မည် ။
သခင်ဋီကာတွင် တွေ့ရသော ‘အနိုင်မခံ’ မှာ Henley ကို ပြန်ဆိုထားဟန် တူပါသည် ။ ပြန်ဆိုပုံ မည်မျှတိကျ မှန်ကန်သည်ကို မသိပါ ။ ဆရာလေ့လာလိုက လေ့လာနိုင်ရန် ဖြစ်ပါသည်ခင်ဗျား ။
(လက်မှတ်)

ဤကဗျာနှင့် ဤစာကို ဖတ်ရသောအခါ ကျွန်တော်သည် လွန်ခဲ့သော ဆယ်နှစ်လောက်ကို လှမ်း၍ သတိရမိပါသည် ။ မကသေးပါ ။ အနှစ်နှစ်ဆယ်လောက်ကို လှမ်း၍ သတိရမိပါသည် ။ မကသေးပါ ။ အနှစ်သုံးဆယ်လောက်ကို သတိရမိပါသည် ။ ကျွန်တော်သည် အင်းလျားကန်စောင်းတွင် တည်ရှိသည့် တက္ကသိုလ်နယ်မြေသို့ ထိုစဉ်အခါက စတင် ရောက်ရှိခဲ့ပါသည် ။

တက္ကသိုလ်နယ်မြေတစ်ဝိုက်သည် သရက်ပင်၊ ပန္နဲပင် ၊ နရွဲပင် ၊ မရမ်းပင် စသည်တို့ဖြင့် အုံ့မှိုင်းညို.ဆိုင်းလျက် နေပြောက်မျှ မထိုးနိုင်လောက်အောင် စည်ကားသည့် ဥယျာဉ်ခြံမြေများ စုဝေးတည်ရှိရာ မဟာမြိုင်တောကြီး ဖြစ်ခဲ့ပါသည်။

ထိုတောကြီးကို တဖြည်းဖြည်း ခုတ်ထွင်ရှင်းလင်း၍ ရန်ကုန်တက္ကသိုလ်သမိုင်း၏ နိဒါန်းဖြစ်သော တကောင်းကျောင်းဆောင်၊ ပြည်ကျောင်းဆောင်၊ ပုဂံကျောင်းဆောင်တို့ကို ဆောက်လုပ်ပြီးနောက် သထုံကျောင်းဆောင်၊ ပဲခူးကျောင်းဆောင်၊ ပင်းယကျောင်းဆောင်၊ စစ်ကိုင်းကျောင်းဆောင်၊ အင်းဝကျောင်းဆောင်တို့ကို စတင်ဖွင့်လှစ်သော ၁၉၂၉ ခုနှစ်လောက်တွင် ကျွန်တော်တို့ တက္ကသိုလ်သို့ ရောက်လာခဲ့ခြင်းဖြစ်ပါသည်။

တက္ကသိုလ်နယ်မြေမှအပဖြစ်သော နေရာတို့သည်ကား ဥယျာဉ်သမားတို့ ဥယျာဉ်လုပ်စားရာ ဥယျာဉ်ကြီးများသာ ဖြစ်ပါသေးသည်။ ယခုအခါ အင်းလျားလမ်းဟု ဖြူးနေသော ကတ္တရာလမ်းကြီးသည် ထိုအခါက ခြံစည်းရိုး ၀ါးရုံတို့အကြားတွင် ရေစီးကြောင်း သဲပွက်လမ်းမျှု ဖြစ်ပါသည်။ ယခုအခါ စည်စည်ကားကား လှပသာယာနေသော အင်းလျားမြိုင်ခေါ် မြို့ကွက်သစ်သည် ထိုအခါက ဆန်စပါးစိုက်ပျိုးရာ လယ်ကွက်ငယ်မျှ ဖြစ်ပါသည်။ယခုအခါ ‘မြစိမ်းကမ်းခြေ’ ခေါ် တိုက်တာခြံဝင်းတို့ဖြင့် တင့်တယ်လှသည့်ကန်စောင်းရပ်ကွက်သည် ထိုအခါက တောပကတိမျှ ဖြစ်ပါသည်။

ကျွန်တော်တို.မရောက်ခင် ရှေးအထက်ကျော်ကာရီ ပဝေသဏီကပင် ဤနယ်မြေတ၀ိုက်၌ နေထိုင်ကျက်စားခဲ့ဖူးသော သူတို့နှင့်လည်း တွေ.ဆုံမေးမြန်းဖူးပါသည်။ သူတို့ပြောပြသည့်အတိုင်းဆိုလျှင် ဤနယ်မြေတ၀ိုက်သို့ လူသူအရောက်အပေါက်နည်းပါးသောကြောင့် ၀ရမ်းပြေးလူဆိုးများ လာရောက်ခိုအောင်းနေလေ့ရှိသည်ဟု သိရပါသည်။

ရွှေတဂုံစေတီပေါ်သို့တတ်ရောက်သော ကျားကြီးသည် ဤနယ်မြေကို ဖြတ်သန်းသွားသည်ဖြစ်၍ ကျားကြီးကူးသွားရာ စမ်းချောင်းတွင် ခြေရာတို့ကိုလည်းကောင်း၊ ကိုယ်တိုင်မြင်လိုက်ရသည်ဆိုသူကိုလည်း တွေ့ဖူးပါသည်။

ဤနယ်မြေဥယျာဉ်တို့မှ ထွက်သည့်အသီးအနှံတို့ကို ထမ်းပိုးရွက်ချီကာ နံနက်လင်းအားကြီးအချိန် သိမ်ကြီးဈေးသို့ သွားပို့ရာတွင် ရွှေတိဂုံအနောက်မုဒ် ဂေါ်ရာကုန်းအနီး၌ စခန်းချအမောအပန်းဖြေခဲ့ဖူးသူတို့နှင့်လည်း စကားပြောဖူးပါသည်။

သူဌေးသားများ နိုင်ငံခြားကြက်အမျိုးမျိုးကို မွေးရာဖြစ်၍ ကြက်ကျွန်းအမည်တွင်ကြောင်း၊ ပန်းအမျိုးမျိုးကို စိုက်ဖြစ်၍ ပန်းကျွန်းအမည်တွင်ကြောင်း စသည်ဖြင့် အင်းလျားကန်အတ္ထုပတ္တိ ပြောသည်ကိုလည်း ကြားဖူးပါသည်။

ယုဒသန် ကျောင်းမြေအတွင်း၌ ဘုရားရှိခိုးကျောင်းကြီး တည်ရှိရာလောက်တွင် ရှိခဲ့ဖူးသည့် ဘုရားသုံးဆူခေါ် မွန်စေတီဟောင်းများတွင်ရိုသေမြတ်နိုးလက်အုပ်မိုး၍ ရှိခိုးကန်တော့ခဲ့ဖူးသူကိုလည်း တွေ.ခဲ့ဖူးပါသည်။ ဤမျှကား တက္ကသိုလ်နယ်မြေတစ်ဝိုက်၏ ဒူရေသမိုင်း ဖြစ်ပါ၏။

ထို.ပြင် ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင် တက္ကသိုလ်နယ်မြေတစ်ဝိုက်၏ အခြေအနေကို ပြေး၍ အထူးသတိရမိပါသေးသည်။ ထိုအခါက တက္ကသိုလ်ရိပ်သာလမ်း၏ တောင်ဘက်အရပ်သည် ဥယျာဉ်ခြံမြေများပင် ဖြစ်ပါသေးသည်။ သျှင်ဥတ္တမကျော်၏ တောလားကြီးကို လေ့လာဖူးသော ကျွန်တော်တို့မှာ ထိုခြံများကို သျှင်ဥတ္တမကျော် တောရဆောက်တည်ရာအရပ်ဟူ၍ပင် ထင်မြင်မိပါသည်။

တစ်နည်းအားဖြင့်ဆိုလျှင် မြတ်စွာဘုရားသခင် ကပ္ပိလ၀တ်ပြည်သို့ ပြန်ကြွရာ ခရီးလမ်းဟုပင် အောက်မေ့မိပါသည်။ တစ်နည်းအားဖြင့်ဆိုရပြန်လျှင် ကာဠုဒါယီရဟန်းကြီး ဂါထာခြောက်ဆယ်တို့ဖြင့် ချီးကျူးခဲ့ရာတောဟုပင် မှတ်ယူခဲ့မိပါသည်။ အကြောင်းသော်ကား ထိုခြံမြေတစ်ဝိုက်သည် ရာသီအလိုက် သာယာကြည်နူးဖွယ်ကောင်းသောကြောင့် ဖြစ်ပါသည်။

ဆောင်းကလေး ၀င်လာလျှင် လမ်းဘေးခြံစောင်းတို့၌ အလေ့ကျပေါက်နေသော ဗျိုင်းချေးပင်(ဂျာမနီပင်) တို့သည် ဆောင်းလေအေးတွင် တဖွေးဖွေးပွင့်ကြပါတော့သည်။ မကြာခင်ပင် သူတို့အကြား၌ မောင်းမလယ်နွယ်ပင်တို့ ပွင့်ကြပြန်သည်။ ထို့နောက်တွင်ကား ထိုနယ်တစ်ဝိုက်သည် ပျားအပေါင်းတို့စုရုံးရာ ပန်းတောကြီးဖြစ်ပါတော့သည်။

သရက်ပန်း၏ ရနံ့သည် လှိုင်သည်။ပေါက်ပန်း၏ အရောင်သည် ၀င်းသည်။ လက်ပံပင်ပေါ်မှ ဆက်ရက်သံသည် ဆူသည်။ ညနေမြေပူငွေ့မစဲသေးခင် ထိုနယ်တစ်ဝိုက်၌ တစ်ချုံဝင်တစ်ချုံထွက်၊ တစ်ကုန်းတက်တစ်ကုန်းဆင်းနှင့် လမ်းလျှောက်ရသည်မှာ မြတ်စွာဘုရားကြွရာ ကပ္ပိလ၀တ် တောလမ်းကို သုတေသနလုပ်နေရသလားဟု ထင်မိပါသည်။

ထိုအခိုက် ဗုံးဗုံးဒိုင်းဒိုင်းနှင့် ကမ္ဘာစစ်ကြီး ဖြစ်လာပါတော့သည်။ ကျွန်တော်တို့လည်း စကောထဲတွင် ဆီးဖြူသီးပမာ ဟိုရောက်သည်ရောက်နှင့် ကစဥ့်ကရဲ ဆန်ကွဲကြဲသွားပါတော့သည်။ သို့သော်လည်း ပြေးရင်းလွှားရင်းနှင့်ပင် တက္ကသိုလ်နယ်မြေတစ်ဝိုက်ကို မကြာခဏလွမ်းဆွတ်တသမိပါသည်။

တစ်ခါတစ်ခါ ရန်ကုန်သို့ရောက်ခိုက် သွားလည်မည်ဟု ကြံမိပါ၏။ သို.သော် ကျွန်တော်တို့၏ ငယ်ပေါင်းများဖြစ်သော ကျောင်းဆောင်များနှင့် ကျေးငှက်တိရစ္ဆာန် ပန်းမန်များက ဆီးကြိုလက်ခံကြလိမ့်မည်ဟု မှတ်ထင်ရလင့်ကစား ထိုနယ်မြေတစ်ဝိုက်တွင် တပ်စွဲနေကြသော မျိုးခြားစစ်တပ်များကမူ ပါးရိုက် နားရိုက် လုပ်ကြလိမ့်မည်ဟု စိုးရိမ်မိသောကြောင့် မလည်ပတ်မိခဲ့ပါ။ သို့ဖြင့် ကမ္ဘာစစ်ကြီးပြီးဆုံးခဲ့ပါသည်။

တက္ကသိုလ်နယ်မြေတွင် တက္ကသိုလ်ကို ပြန်လည်ဖွင့်သောအခါ ကျွန်တော်တို့လည်း ဒေသဟောင်းသို့ ပြန်ရောက်လာကြပါတော့သည်။ သို့သော် ဗုံးဗုံးဒိုင်းဒိုင်းနှင့် စစ်ဖြစ်စက ကျွန်တော်တို့ စွန့်လွှတ်ထားခဲ့ရသော တက္ကသိုလ်နှင့် ယခုပြန်တွေ့ရသော တက္ကသိုလ်တို့သည် မတူပါတော့ချေ။ လမ်းတို့သည် တင့်ကားသံဘီးရာတို့ဖြင့် ခွေးသွားစိတ်ထလျက် ရှိသည်။ တက္ကသိုလ်စာကြည့်တိုက်သည် အတွင်းကနေ၍ မိုင်းဗုံးအခွဲခံရသောကြောင့် အသည်းအူထွက်လျက် ပြာမကြွေသေးသော စာအုပ်စင်တို့ဖြင့် ဖရိုဖရဲဖြစ်လျက် ရှိသည်။ ဘွဲ့နှင်းသဘင်ကြီးမှာလည်း ခေါင်မိုးကျွံ၍ ကြမ်းပြင်အက်လျက် အတွင်းကျေပြိုပျက်နေပါတော့သည်။

ပုဂံကျောင်းဆောင်မှာကား လုံးဝမရှိတော့ပြီ။ မီးလောင်စာမဲမဲကိုသာ မြင်ရပါတော့သည်။ ဗုံးခိုကျင်း၊ ကတုတ်မြောင်း၊ သူရဲခိုတွင်းတို့မှာလည်း နေရာအနှံ့အပြားတွင် ပိုး -ိုးပက်လက်ရှိကြပါသည်။ သူခိုးသူဝှက် ထူလှသောကြောင့်လည်း ညအခါ ကောင်းကောင်းမအိပ်ဝံ့။ နေ့အခါ လူပြတ်မခံရဲ။

သို့သော် ကျွန်တော်တို့ကား ငယ်ငယ်က အကျင့်အတိုင်း ညနေတိုင်လျှင် လမ်းလျှောက်ထွက်ကြပါသည်။ အထက်က သာသာယာယာ စိမ်းစိမ်းစိုစိုရှိခဲ့သော ခြံများသည် ပြောင်သလင်းခါလျက်ရှိနေသည်ကို တွေ့ရပါသည်။ သရက်၊ ပိန္နဲ၊ မရမ်း၊ ကံ့ကော်တို့နေရာတွင် စစ်စခန်းရုပ်သိမ်းသွား၍ ကျန်ခဲ့သော အုတ်ခုံပျက်များ၊ အိမ်သာဆိုးများ၊ ဘူးခွံပုံများ၊ ကတုတ်များ၊ ကျင်းများ၊ ကားပျက်များ၊ သံဆူးကြိုးပျက်များကိုသာ တွေ့ရပါသည်။ ထိုမျှမကသေး ကျည်ဆန်များကို မကြာခဏကောက်ရပါသည်။ စစ်ခမောက်အပိန်အလိမ်တို့ကိုလည်း တွေ့ရပါသည်။

တစ်ခါသော် မြက်တောထဲ၌ လူဦးခေါင်းခွံတစ်ခုကိုပင် ဖွေးဖွေးဖြူဖြူမြင်ရပ်ါသည်။ သို့ပင်ဖြစ်လင့်ကစား ကြွင်းရစ်ကျန်ရစ်သေးသော သစ်ပင် ၀ါးရုံတို့တွင် ချိုးငှက်ကလေးများသည် ကူမြဲကူလျက်ရှိပါသည်။ ငှက်တော်ကလေးသည် နားမြဲနားလျက်ရှိသည်။ငှက်ခါးကလေးသည် ငေးမြဲငေးလျက်ရှိသည်။ဤအချက်တို့ကို ကျွန်တော်တို့ သတိပြုမိသည်။

သို.သော်လည်း ကျွန်တော်တို့ ညနေတိုင်း ကွင်း၍ ရှောင်၍ သွားမိသော ကမူကလေးတစ်ခုတွင် မီးလောင်ငုတ်သဖွယ် ထိုးထိုးထောင်ထောင် တည်ရပ်နေသည့်အရာတစ်ခုကိုကား ပထမတွင် သတိမထားမိပါ။ အတော်ကြာမှ သတိပြုမိ၍ ကြည့်သောအခါ ပျဉ်းမငုတ်တိုတစ်ခုဖြစ်သည်ကို သိရပါသည်။

ငုတ်တို၏ ပင်ခြေသည် တစ်ဖက်သာသာမျှ ရှိပေမည်။ အကိုင်းလက်ပြတ်နှင့် အခက်မရှိ၊ အရွက်မရှိ။ အတွင်းလှိုက်၍ အူချောင်းဆွေးကာ ခြစားထားပြန်သဖြင့် ဟောင်းလောင်းဖြစ်နေသည်။ မီးလောင်ထားသောကြောင့် တစ်ခြမ်းစွေစောင်းနှင့် မဲနက်နေပါသည်။ ဘာမျှရစရာ မရှိပါ။ အဝေးက လှမ်းမြင်ရသောအခါ ဠင်းတငှက်အိုကြီးနားနေသည်ဟုသာ ထင်မိပါသည်။ လွန်ခဲ့သောအခါက ထိုပျဉ်းမပင်သည် အရွက်စီစီ၊ အပွင့်ဝေေ၀နှင့် ထိုကမူထက်တွင် လေရူးနှင့်ရောလျက် မြူးရွှင်ခဲ့ပေလိမ့်မည်။

ယခုကား အရိုးပြိုင်းပြိုင်း ၊ ခါးကိုင်းကိုင်းနှင့် စစ်ဘေးစစ်ဒဏ်ကြောင့် နလံမထူနိုင်လောက်အောင် ယိုယွင်းခဲ့ရလေပြီ ။ ထိုသို့ စဉ်းစားမိသောအခါကျမှ ထိုပျဉ်းမငုတ်တိုကို အထူးဂရုစိုက်မိပါတော့သည်။ ထိုအခါမှစ၍ ထိုသောလမ်းတွင် လမ်းလျှောက်ရသည်မှာ အဓိပ္ပါယ်ပို၍ ရှိလာပါတော့သည် ။ ထိုပျဉ်းမငုတ်တိုကို မြင်ရတိုင်း တရားကျမိသည် ။ ဘယ်သို့သောတရားမျိုကျမိသည်ဟူကား မပြောတတ်ပါ ။ ပျဉ်းမငုတ်တို ဠင်းတအိုကို သနားမိသလိုလို ၊ အိုရမည် ၊ နာရမည် ဟူသော စကားကို ကြားမိသလိုလို ၊ ပျဉ်းမငုတ်တိုတွင် အမိမြန်မာပြည်၏ မျက်နှာကို မြင်သလိုလို ။ မြန်မာပြည်ဖွား တိုင်းရင်းသားတို့၏ ကံကြမ္မာကို ထင်မိသလိုလို ။

သို့သော် ဆောင်းကုန်နွေကူး၍ လေရူးကလေး ဝှေ့လာသောအခါ ပျဉ်းမငုတ်တို၏ အမူအရာသည် မသိမသာ ပြောင်းလဲလာသည်ကို သတိပြုမိပါသည် ။ မင်းလွင်ကလေး မြူးလာပြီ ။ ဥသြကလေး မြည်လာပြီ ။ တောပန်းကလေးများ ဝေလာပြီ ။ မြေသင်းနံ့ကလေး ပျံ့လာပြီ ။ ထိုခဏ၌ ရှုပါလော့ ။ ကြည့်ပါလော့ ။ ပျဉ်းမငုတ်တိုဠင်းတအို၏ အခက်ကင်းသော အကိုင်းလက်ပြတ်တွင် ပုရစ်ဖူးကလေးသည် ရွံ့သလိုလို ၊ ရှက်သလိုလိုနှင့် ပြူးထွက်လာပါသည် ။ ဟိုမှာတစ်ဖူး ၊ ဒီမှာတစ်ဖူး ၊ အတော်များပါကလား ။ ဟော-ပုရစ်ပြေစပြုလာပြီ ။ နောက်တစ်နေ့တွင် ရွက်နုကလေးများ ဖြစ်လာ၏ ။

တစ်ရွက် ၊ နှစ်ရွက် ၊ သုံးရွက် အများကြီးပါပဲ ။ အရွက်များစုံ၍ ဠင်းတငှက်အိုကြီးသည် မြီးဝန်းဖြန့်ကာ ကနေသော ဥဒေါင်းပျိုနှင့် တူလာသည့်နောက် မကြာခင်ပင် ပန်းတံများထွက် ၊ ပန်းဖူးများငုံ၍ ပန်းပွင့်များ ဒေါင်းမြီးကွက်ပမာ ပွင့်ကြပါတော့သည် ။ သြော်-အာဂ ပျဉ်းမငုတ်တိုပါပေတကား ။ ငါတို့၏မိခင် မြန်မာပြည်ကြီးသည်လည်း ဤနည်းအတိုင်း ရွက်သစ်လဲ၍ ပျော်ပွဲဝင်နိုင်ပါစေသောဝ် ။ ငါတို့အမျိုးသား တိုင်းရင်းဖွားတို့သည်လည်း ကျိုးရာမှကောင်း ၊ ပင်းရာမှကြား ၊ ကန်းရာမှမြင် နိုင်ပါစေသောဝ် ။ ဤသို့ ဆုတောင်းပဋ္ဌနာပြုကာ အာရုံစောမိသဖြင့် ‘ပျဉ်းမငုတ်တို’ ကဗျာကို ရေးဖွဲ့ခဲ့ပါသည် ။ ထိုကဗျာနှင့် သဘောသွားဆင်သည်ဆိုသော Henley ၏ ကဗျာ မြန်မာပြန်ချက်ကား အောက်ပါအတိုင်း ဖြစ်ပါသည် ။


အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမိုက်မှောင်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏ ။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက်နေသော်လည်း ငါကား မတုန်လှုပ် ။ မငိုကြွေး ။ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ။ ညွှတ်ကားမညွှတ် ။

ဤလောဘ ဒေါသတို့ ကြီးစိုးရာဋ္ဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်ဖွယ်ရာ ငံ့လင့်လျက်ရှိ၏ ။ သို့သော်လည်း ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့ ။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှကျဉ်းမြောင်းသည်ဖြစ်စေ ၊ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု ။ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည် ။

မင်းသုဝဏ်
ရှုမ၀ မဂ္ဂဇင်း
ဧပြီ၊ ၁၉၅၉

No comments:

Post a Comment