Wednesday, February 1, 2012

ရေချိုးဆိပ်


(၁)
ရွာ့မနက်ခင်း။

မိုးမလင်းခင် လင်းကြက်တွန်ကတည်းက ရွာက နိုးနှင့်ပါပြီ။ သည်ခေတ်မှာတော့ တချို့ တောင်သူအိမ်တွေမှာ တရုတ်နာရီတွေ ခပ်ကြွားကြွား ချိတ်ထားနိုင်ပေသိ ကျွန်မတို့ ငယ်ငယ်က ရွာမှာ ဘုန်းကြီးကျောင်းတွေကလွဲလို့ နာရီ မရှိကြပါ။ ရှေးကဗျာထဲကလို ကြက်သံကို ဗဟိုရ်ပြုရပါ၏။ ဘုန်းကြီးကျောင်းတွေမှာတော့ ချိန်သီးနာရီကြီးတွေက ခန့်ညားလှသည်။ နာရီတွေကို ပြောင်လက်နေအောင် တိုက်ချွတ်ထားတာဆိုတော့ ရွာကျောင်းသာ အိုချင်အိုမည်။ နာရီတွေက မအိုပါ။ ချိန်သီးတွေက ဘယ်တစ်ချက်၊ ညာတစ်ချက်။ ဂျောက်ဂျောက်ဂျက်ဂျက် မရပ်မနား ရှိတာကိုပဲ ကျွန်မတို့ သွားငေးရမြဲပင်။ သည်ခေတ်တော့ နာရီကြည့်သွားသည်ဆိုလျှင် ရယ်စရာ ကောင်းရော့မည်။ အချိန်ပြည့်လို့ ဒေါင်ဒေါင်ဒင်ဒင် မြည်တာကလည်း ကျွန်မတို့အဖို့ရာ ထူးဆန်းသည်။ နာရီအကြောင်း ကျွန်မပြောရတာ အကြောင်း ရှိပါသည်။ စက်နာရီက နာရီထိုးသံကို တစ်ရွာလုံး မကြားနိုင်ပါ။ သည်တော့ ဦးဇင်းတွေ၊ ကိုရင်တွေက ကြေးမောင်း ထ ထိုးကြရသည်။

ထလော့ … ရွာကလေး။ ရွာ့သူတော်ကောင်းတို့ … ဆွမ်းထမင်း၊ ဆွမ်းဟင်း ချက်ကြကုန်လော့။ မိုးသောက် အရုဏ်မှာ ဦးပေါင်းကို ဆွမ်းတော်တင်လော့။ ၀မ်းအာဟာရ ပြည့်စုံသော် သစ်ခင်းကိုင်းခင်း ဆင်းကြကုန်လော့။ ရွာသူရွာသားတွေကလည်း မနေ့က ပင်ပန်းခဲ့တာတွေ တစ်ညတာ ကျောချခဲ့တာနှင့်ပင် ပြေပျောက်ရလေပြီ။ ကျွန်မတို့ မိန်းကလေးတွေကတော့ နေကလေး မပြူတပြူမှာ ဧရာဝတီမြစ်မထဲ ရေဆင်းခပ်ကြရသည်။ ရေတစ်အိုး ခထစ်ခွင် ဒါမှမဟုတ် ခေါင်းပေါ်ရွက်ပြီး မျက်နှာသစ် ဆင်းကြရခြင်း ဖြစ်၏။ မြစ်ကမ်းပါး လုံးကြီးတင်ရသည့် ရွာတွေ ဆိုပေသိ ရေတစ်ထမ်း၊ တစ်ရွက်တော့ ထမ်းရရွက်ရမြဲပင်။ ဇိုးဇိုးဇတ်ဇတ် ရေတစ်ဖလား ခပ်ချင်လို့ ရေတွင်းရယ်၊ ရေကန်ရယ် မရှိ။ ဧရာဝတီမြစ်မကြီး ရွာခြေမှာ ရှိနေတာ ကိုယ်က မခန်းနိုင်သော နတ်မြစ်လို အောက်မေ့ကြတာ မဟုတ်လား။

“သောက်ပါလေ့အေ … ချိုးပါလေ့အေ … မြစ်ဆိပ်များ ငရုတ်တစ်လှမ်း ခရမ်းတစ်ခုန် ရှိသာပါ … မြစ်က ထွက်မပြေးပါဘူးဟဲ့ … ရေတွေ ဘောက်ဘက်လန်အောင် ခပ်ထားစရာ မလိုပေါင် … သုံးရေတစ်အိုး၊ နရေတစ်အိုး ထည့်ထားပြီးရင် ကျန်သာ သောက်ရေလောက် လိုသာပါ”

ကြီးတော်တို့ အမေတို့က ကျွန်မ အစ်မ အပျိုတွေ မြစ်ဆိပ် ရေဆင်းခပ်တာကို မကြိုက် မရှိ။ ရေဆိုတာ အိမ်မှာ ပြည့်ကောင်းတာ၊ ရှိကောင်းတာ၊ ပေါကောင်းများကောင်းတာ အမှန်ပင်။ သို့သော် ကျွန်မ အစ်မတွေမှာ ရေခပ်ကြရင်း စကားပြောကြရသည်။ အပျို အချင်းချင်းသာ နားလည်နိုင်သော ဘာသာစကားတွေ ရေခပ်လမ်းမှာ ပြောဖြစ်ကြရသည်။ ဇာတ်ပွဲအကြောင်း၊ ဘုရားပွဲအကြောင်း၊ ကူနီထတောရွာက ဘဘကျော်နတ်ပွဲ သွားကြည့်ကြမည့်အကြောင်း … ။ ၀တ်ချင်စားချင် ရှိရသည့် အကျီပုံဆန်းတွေ အကြောင်း၊ ရက်ကန်းကျ ထဘီတွေ အကြောင်း … ။

ဒါမျိုးက ရေခပ်တုန်းမှာ ဆုံကြရ၊ ပြောကြရတာ မဟုတ်လား။ သည်တော့ မြစ်ရေကို တစ်ခေါက် ခပ်လို့လည်း မမော၊ ဆယ်ခေါက် ခပ်ရဦးတော့ ခပ်နိုင်ကြပါ၏။ သို့သော် မျက်နှာကောင်း မရ။ မြစ်များ ထွက်ပြေးမှာ ကျလို့တဲ့။ နရေတစ်အိုးဆိုတာ နွားရေအတွက် ခပ်ရခြင်း ဖြစ်ပါသည်။ နွားစာကျင်းထဲမှာ ပဲမှောပဲရိုးကြေ၊ ပြောင်းရိုးကြေနှင့် မြက်စိုစင်းကာ ရေနှင့်စပ်စပ် လောကာထည့်ရသည့်ရေကလည်း အကုန်သား။ သုံးရေအိုးကတော့ မီးဖိုချောင်သုံး လက်လေးလက်ပေါ့ သုံးဖို့ပေါ့။ သောက်ရေကလည်း မြစ်ရေသောက် ကြီးပြင်းရသူတွေဆိုတော့ မြစ်ရေမှပဲ လေးလေးပင်ပင်နှင့် အာသာပြေရပါ၏။

“မြစ်ရေ အေးအေးကြည်ကြည် မနက်စောစောထ ခပ်ကြပါဟဲ့ … လှေမလူး နွားမကူးခင် ခပ်မှ သန့်သန့်ကလေးရသာ … ဘုရားဆွမ်းတော် ရဟန်းဆွမ်းတော်အတွက် ဆွမ်းထမင်း ဆွမ်းဟင်းများ ရေကလေး သန့်သန့်နဲ့ ချက်ကြလောင်းကြဟဲ့ … မနက် စောစောထ ငါ့မြေး … ရေချိုးဆိပ်မှာ မခပ်နဲ့ … အထက်နား ၀ါးကြိမ်တောခြေ သွားခပ်ချေ”

အဘက အိပ်ရာထပျင်းသော ကျွန်မကို စောစောနှိုးပြီး မြစ်ရေချို ခပ်ခိုင်းလေ့ရှိသည်။ ဘုန်းကြီးကျောင်းက စက်နာရီ ငါးနာရီမှာ ကြေးမောင်းတစ်တုံ ထိုးလေ့ရှိရာ ထိုအချိန်မှာ မြစ်မရေထဲ အကူးအလူး နည်းကြသေးသည်။ လှေသမ္ဗာန်၊ စက်တပ်လှေ၊ မီးသင်္ဘောတွေ လှိုင်းကြီးထအောင် မဖြတ်ကြသေးခင် ရေအကြည် ခပ်ခိုင်းခြင်း ဖြစ်ပါ၏။ အဘပြောတာ အမှန်ပါ။ မနက်စောစော မြစ်ဆိပ် ဆင်းရတာ ကြည်နူးစရာ ကောင်းလှပါသည်။ ရောင်နီ ပြေပြေကလေး အောက်မှာ မြစ်ရေ သောင်စပ်လမ်းသည် ပကတိ အေးမြ တည်ငြိမ်လျက်။ မြစ်လေက တသွေးသွေး။ အိပ်မှုန်စုံမွှားစိတ်တို့သည်ပင် ကြည်လင် လန်းဆန်း သွားရပါ၏။

ကျွန်မတို့ ငယ်ငယ် လူမှန်းသိကတည်းက ရွာဘေးက စီးဆင်းနေသည့် မြစ်ကြီး။ အဘတို့ကတော့ အရှေ့မြစ် ခေါ်ကြသည်။ အနောက်မြစ်က ချင်းတွင်း။ အဘ၏ သမီးအကြီးဆုံး (ကြီးတော်) က ရေစကြိုနယ်၊ ဖြုံဘူးရွာမှာ နေတာဆိုတော့ အရှေ့မြစ်နှင့် အနောက်မြစ် ကြားက ကျွန်းရွာတွေဆီ ကျွန်မတို့ ကူးလူးနေကြပင်။ ကျွန်းရွာတွေ အရှေ့ဘက်က မြစ်ကို အရှေ့မြစ်၊ အနောက်ဘက်က မြစ်ကို အနောက်မြစ် ခေါ်ခြင်း ဖြစ်ပါ၏။ သည်တော့ ကျွန်မတို့ ဥဒယကလည်း ဧရာဝတီမြစ်ကို အရှေ့မြစ်လို့ပဲ သုံးကြတော့သည်။

(၂)

“ငှက်ကလေး စိုးစီစိုးစီ … ၀င်ပေါက်မှာမြည်

ချိန်တန်ပြီ ညီမထွေးရဲ့ … ဆွမ်းချက်စို့လေး … ”

ကျွန်မ အရွယ်ရောက်လို့ သည်ကဗျာ ဖတ်ရတော့မှ ငယ်ဘ၀ ရွာ့မနက်ခင်း၊ ဧရာဝတီ မနက်ခင်းကို နောက်ကြောင်းပြန် ခံစားရပါ၏။ မနက် စောစောကြီး ထပြီး မြစ်တစ်မြစ်ကို ကမ်းပါးထိပ်က ရပ်ကြည့်ပါ။ မြစ်တစ်မြစ်၏ ကျက်သရေ အရှိဆုံး အချိန်ကို တွေ့နိုင်ပါ၏။ ကိုယ့်ရွာဘေးက မြစ်ကြီးတစ်မြစ် စီးဆင်းနေတာကပင် အားရှိချင့်စဖွယ်။ မြစ်ရေကြည်ကြည် ခပ်ချိန်မှာ ငှက်ကလေးတွေ ကျီကျီကျာကျာ အော်မြည်ကြပြီ။ အစ်မတွေက မြစ်ရေသန့်သန့်ဖြင့် ဆွမ်းချက်ကြပြီ။ ကျက်ပြီဆိုတော့ ဦးပေါင်းပါအောင် ခူးခပ်ပြီး ဆွမ်းတော်တင် ကြသည်။

ကျွန်မတို့ ရွာတွေမှာ မြေအိုးနှင့် ထမင်းချက်ကြတာ ဆိုတော့ ဆန်က အိုးတက်သည်နှင့် စလောင်းဖုံး အထိ မောက်မောက်ကလေး ရှိတတ်ပါသည်။ စလောင်းဖုံး လက်ကိုင်ကလေးထဲ အထိ ထမင်းရောက်တော့ ဦးပေါင်းဖူးဖူးကလေး ရသည်။ ဦးပေါင်း မပျက်အောင် အောက်ဖက်က ယောင်းမနှင့် ကော်ကာ ဆွမ်းထမင်း ပြင်ကြကပ်ကြရသည်။ ဦးပေါင်းဖူးဖူး ပဲ့အောင် ခူးလို့ခပ်လို့ကတော့ အဆူအငေါက် ခံရဖို့သာပြင်။ အကြည်ခံထားသော ဘုရားသောက်တော်ရေအိုးထဲက သောက်တော်ရေ ငါးခွက်ခပ်၊ ရိုရိုသေသေကပ်။ ဆွမ်းထမင်း ပူပူကို ကြွေရေသုတ် အုပ်ကလေးထဲ ရွာကျောင်း လေးကျောင်းက ကိုယ်တော်တွေ အဖို့ရာ ခူးနှင့်ခပ်နှင့် ရသည်။ ဝေယျာဝစ္စတွေ ပြီးတော့ ဆရာတော်ကျောင်းက ခုနစ်နာရီ ကြေးမောင်း ထိုးပြန်ပါ၏။

အမေတို့ အစ်မတို့ ကြီးတော်တို့ ဒွေးလေးတို့ အခင်း ဆင်းကြရတော့မည်။ ထမင်းပူပူထဲ နှမ်းဆီ နှစ်ပေါက် သုံးပေါက် ဆမ်းပြီး ငပိကင်ရှိတော့ ငပိကင်၊ ချဉ်ပေါင် ငပိချက်ကလေး ညက ကျန်တော့ ကျန်တာနှင့် စားကြရုံပင်။ ဒါဆိုလျှင် နေတစ်မွန်းတည့်စာ အဆာခံနိုင်ကြပြီ။

“မထူး … နွားကျောင်း မထွက်ခင် နရေကလေး ဖြည့်ခဲ့ဦး … မြစ်ထဲ ရေကူး မနေနဲ့နော် … လက်ပံချောက်ဘက် မသွားနဲ့ ကမ်းပါးချောက်ကြီး နက်သယ် … နွားတွေ ဖောင်းကားကုန်းဘက် လွှတ် မြက်တွေ ပေါသယ် … ကဘထိပ် မရောက်စေနဲ့”

မှာလို့သာ မှာတာပါ။ မြစ်ကမ်းပါး တလျှောက်က မြက်စိုကွင်းကို နွားတွေ ကြိုက်သည်။ တစ်ပြန်ကြီး စားနိုင်ကြသည်။ ကဘထိပ် ဆိုတာက မြစ်ကမ်းပါးထိပ်ကို ပြောတာပါ။ တစ်ခါတစ်ရံ မြစ်ကမ်းပါးက အိကနဲ ပြိုတတ်သည်။ မြစ်နားတန်း ရွာတွေမှာ နွားတွေ မြစ်ရေထဲ ကျခဲ့တာ များပြီ။ နွားတွေက မြက်စိုနောက်လိုက်ရင်း မြစ်ကမ်းပါးဘက် ရောက်ကြတာကိုလည်း ဂရုစိုက်ကြရပါသည်။ ကျွန်မတို့က မြစ်ရေထဲ ကူးကြခတ်ကြရင်း နွားကျောင်းရတာကို ပိုပျော်ပါသည်။ နွားတွေကလည်း မြက်စိုမြက်စိမ်း စားကြရ၊ ကျွန်မတို့ ကလေးတွေကလည်း ရေကူးရေဆော့ကြရ။ ဟိုတုန်းဟိုအခါကတော့ ရွာ့နောက်ကျော ထွက်လိုက်သည်နှင့် မြစ်ကို လက်နှင့် ပုတ်နိုင်ပါပြီ။

ကျွန်မတို့ ရွာတွေမှာ မြစ်ကမ်းပါးရယ်လို့ သမန်းတော၊ ကိုင်းတော ထူထူကြီးတွေ မရှိ။ ရွာမြေနှင့် မြစ်ကမ်းပါးက တိုးလျှိုပေါက်ဆိုတော့ မြင်ကွင်းရှင်းသည်။ ဘယ်နားက ကြည့်ကြည့် မြစ်ကို မြင်ရသည်။ ရေကြီးခါဆိုတော့ ရေကြီးခါအလျောက်၊ ရေငယ်ခါဆိုတော့ ရေငယ်ခါအလျောက် ရေပြည့်မြစ်၊ စည်းတိမ် သောင်ပါးကြားက စီးဆင်းနေသောမြစ်၊ ရေနီကြမ်းတွေ လှိုင်းထနေသောမြစ်၊ တောင်လေက အကြေးလှန်သည့်မြစ် … ။ ဧရာဝတီကို နွေနွေ မိုးမိုး ဆောင်းဆောင်း မမြင်ချင်လို့ မရပါ။ မထိတွေ့ချင်လို့ မရပါ။ ရှောင်လွှဲချင်လို့ မဖြစ်ပါ။ ဧရာဝတီမြစ်ကို ခရီးသွားဟန်လွှဲ မြင်ရတာမျိုး မဟုတ်။ သိုးကနဲ သန့်ကနဲ မြင်ရတာမျိုး မဟုတ်။ မိုးလင်းက မိုးချုပ် မြစ်နှင့် အတူနေ၊ မြစ်ဘေးမှာ အိပ်၊ မြစ်ရေ သောက်ကြသူတွေချည်း ဖြစ်၏။

ပြောစကားတွေထဲမှာ “တို့ဖြင့် တစ်သက်လုံး မြစ်ကို မအေလုပ် နေကြသာပါအေ” ဆိုသည့်စကား ပါလေ့ရှိကြတာသာ ကြည့်တော့ … ။

(၃)

ကျွန်မ ရေးခဲ့လှပါပြီ။ ကျွန်မတို့ရွာ ဥဒယသည် ဧရာဝတီမြစ်ကို မေးတင်ထားသော ရွာကလေး ဖြစ်ပါ၏။ ကျွန်မတို့ ရွာ၏ မြောက်ဘက် နှစ်ရွာကျော်မှာ ဥမ္မာဒန္တီပျို့ကို ရေးခဲ့သော ဆရာရွှန်း အပိုင်စားခဲ့သည့် ဆီမီးခုံရွာ ရှိသည်။ တောင်ဘက် နှစ်ရွာကျော်မှာတော့ ပထမ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲမှာ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုခဲ့သည့် ရန္တပိုရွာ ရှိသည်။ မြစ် အနောက်ဘက်ကမ်း ကျွန်မတို့ရွာနှင့် မျက်နှာချင်းဆိုင်မှာတော့ ကုန်းဘောင်ခေတ်က ရွှေပြည်ဝန်လို့ ထင်ရှားကျော်စောခဲ့သော မြန်မာပညာရှိ သုခမိန် ယောမင်းကြီး ဦးဘိုးလှိုင်၏ ဇာတိ ရေပုလဲ (ရွာပုလဲ) ရွာ ရှိသည်။ သမိုင်းဝင် ထင်ရှားခဲ့သော ထိုရွာသုံးရွာ၏ ဖိုခုံလောက်ဆိုင် အလယ်တွင် ကျွန်မတို့ ရွာကလေးကတော့ ရွာ့ဇနပုဒ်ကလေးမျှသာ ရှိပါ၏။

အဖေက “တို့ရွာက သမိုင်း မကြီးပေသိ ဂိုဏ်းကြီးသယ် သမီးရဲ့” လို့ ကျွန်မတို့ တစ်တွေကို ပြောပြတတ်သည်။ ဘိုးဘွားစဉ်ဆက် မြေသီးမြေနှံကိုစား၊ မြစ်ရေကိုသောက် ရိုးရိုးသားသား ရှိခဲ့ကြတာကို ဆိုလိုလေသလား။ ကျွန်မတို့ ရွာတွေကို ရှေးက လှေရွာ ခေါ်ကြသည်။ လှေနှင့် တက်နှင့် မြစ်ရိုး၊ မြစ်မ ထိုထိုပေါက် ၀မ်းစာရှာခဲ့ကြသူတွေ များပါသည်။ ကျွန်မတို့ မျိုးဆက်မှာပင် ဧရာဝတီနှင့် ခွဲမရချင်ခဲ့။ မြစ်နှင့်အတူ ကြီးပြင်းခဲ့ရတာ မဟုတ်လား။

သည်စာကို ရေးရင်းက ကျွန်မတို့ ရေချိုးခဲ့ကြသည့် ရေချိုးဆိပ်ကို သတိရမိပါသည်။

ကျွန်မတို့ရွာ ရေဆိပ်သည် ညနေတိုင်လျှင် ဘုရားပွဲ ကျောင်းပွဲတမျှ စည်ကားနေတတ်ပါသည်။ လုပ်ခင်းကိုင်ခင်းပြန်တွေ သည်အချိန်ကျမှ ရေခပ်ကြ၊ ရေချိုးကြ၊ လျှော်ကြဖွပ်ကြရတာ မဟုတ်လား။ မြစ်ဆိပ်နှင့် ရွာကြား လမ်းကလေးမှာ လူတွေ ပုရွက်ကြောင်း လိုက်လို့။ အော်ကြဟစ်ကြ၊ ဆူကြညံကြ။ မြစ်ဆိပ်မှာ ဆုံရသခိုက် အကြောင်းစုံကို ပေါင်းလန်အောင် ပြောကြသည်။ ပဲအကြောင်း၊ နှမ်းအကြောင်း၊ ထန်းအကြောင်း ပါသလို သားအကြောင်း၊ သမီးအကြောင်း၊ မရီးအကြောင်းလည်း ပါသည်။ ရွာအကြောင်း ရပ်အကြောင်း ပါသလို ဇာတ်အကြောင်း နတ်အကြောင်းတွေလည်း ပါသည်။

မြစ်ဆိပ်သောင်ခုံမှာ အ၀တ်ဟောင်းတွေ ဘေးချကာ မျက်နှာချင်းဆိုင် အ၀တ်လျှော်ကြရင်း သတင်းစကား၊ အတင်းစကား၊ အဖျင်းစကားတွေ ပါးစောင် အမြှုပ်ထွက် ပြောကြသူတို့က နားကွဲလုမတတ် အော်ဟစ်သောင်းကျန်း နေကြသော ကျွန်မတို့ ကလေးတွေကို “စကားလုံး မပြောင်လိုက်တာတော် … သွား … တော်ရာ သွားဆော့ချေကြ” လို့ ငေါက်ငန်းတတ်သေး၏။ ငေါက်ကာမှ ငေါက်ကရော မြစ်ထဲရောက်လို့ကတော့ ကျွန်မတို့ကလည်း နှုတ်ခမ်းတွေပြာ၊ မျက်လုံးတွေနီ၊ လက်တွေပဲကြီးရေပွ ဖြစ်စေဦး မြစ်ထဲက မတက်ပြီ။ ရေကူးပြိုင်ကြ၊ ရေငုပ်ပြိုင်ကြ၊ ရေထဲငုပ်ပြီး တူတူပုန်းကြ၊ ရေထဲတွင် စိန်ပြေးတမ်း ကစားကြ။ ၀ုန်းဒိုင်းကြဲလို့။ တောထဲက နွားကျောင်းပြန် နွားရေတိုက်ရင်း မြစ်ထဲ ရောက်ကြတာဆိုတော့ မြစ်ရေ ကိုက်လှပြီ။

“ဟေး … တို့အိမ်က ကလေးတွေ မြစ်ထဲ ရှိကြသလားဟေ့ … နွားကျောင်းပြန်ကတည်းက အိမ်ပြန် မရောက်ကြတာ … ဆူလိုက်ငေါက်လိုက်ကြစမ်းပါဟေ့”

“ဟဲ့ … ကြားလား နင်တို့အိမ်က ဟစ်နေပြီ .. ကဲလည်း ကဲတဲ့ဟာတွေ မတက်ဘူးလား တက်မှာလား … ငါ ချည်ရဲတုတ်နဲ့ လှမ်းထုမှာနော်”

ချည်ရဲတုတ် (ချည်ရိုက်တုတ်) ဆိုတာ အ၀တ်လျှော်သည့် တုတ်ကို ခေါ်ခြင်း ဖြစ်၏။ ကျွန်မတို့ ရွာတွေမှာ ရက်ကန်းစင် တင်ရန် ချည်ခင်များကို ချည်စာနင်းရင်း တုတ်ဖြင့် ထုလေ့နှက်လေ့ ရှိကြသည်။ အရိုက်နာလေ ချည်သားကောင်းလေ ဆိုတော့ သည်တုတ်ကြီးတွေနှင့် အားရပါးရ လွှဲရိုက်ကြရသည်။ သည်တုတ်ကြီးတွေကို အ၀တ်လျှော်ဖွပ်သည့် နေရာမှာ သုံးတော့လည်း ချည်ရဲတုတ် ခေါ်ကြပါ၏။ သည်လို ဒေါ်ကြီး ဒေါ်လေး၊ အရီးလေး ဒွေးလေးတို့က ငေါက်ငန်းလွှတ်လို့သာ နွားတွေ ဆွဲပြီး အိမ်ပြန်ခဲ့ရသော်လည်း မြစ်ဆိပ်က မခွာချင်သေး။ အပျိုတွေ ရေခပ်လမ်း ချောင်းကြ၊ ပိုးကြသူတွေကလည်း ဒုနဲ့ဒေး။

ဝါ၀င်ပြီဆိုလျှင် ကျွန်မ ရွာကို သတိရနေမိပါသည်။ ၀ါဆိုဦးကတည်းက ရွာခြေ ရေစပ်စပ် ၀င်လေပြီ။ ရွာခြေ ၀ါးကြိမ်တောစပ်မှာ ရေတိုးငါးကလေးတွေ မြူးကြပြီ။ ကျွန်မတို့ ကလေးများ အဖို့တော့ ၀ါးကြိမ်တော ခြုံကြီးထဲ တိုးပြီး ငါးနုပ်၊ ငါးသန် ဖမ်းကြခြင်းသည်လည်း ကစားနည်း တစ်မျိုး ဖြစ်ပါ၏။ ဆန်ကာကုံးများ၊ ဖျင်ထည်စောင်ပါးများဖြင့် ငါးတိုက်ကြသည်။ ကျွန်မကတော့ ကြီးတော် ချုပ်ပေးထားသော စပ်ထဘီကို တိုတိုပါအောင် ၀တ်ပြီး ရေချိုးရင်း ငါးတိုက်ရတာ အလွန် ပျော်ပါသည်။ ငါးနုတ်ပေါက်ကလေးတွေ ရလာတော့ အိမ်က ထင်းမီးဖိုထဲ ပစ်သွင်းကာ ငါးမီးဖုတ်ချိုချိုကို သားရေစာအဖြစ် စားကြသည်။

မြစ်ရေတိုးပြီဆိုလျှင် ရွာထဲကို အရင် မ၀င်ကြသေးဘဲ ရွာ့တောင်ဖျား ချောင်းပေါက်က ပန်းကာ ရွာ့အရှေ့ကို ရေ၀ိုင်းသည်။ ပြီးတော့ ရွာ့မြောက်ဖျား ဘုန်းကြီးကျောင်း နှစ်ကျောင်းကြား လမ်းနိမ့်ကို ခေါင်းထိုး စီးဝင်လေ့ ရှိပါသည်။ သည်အချိန်မှာ ကျွန်မတို့ တစ်တွေ၏ ရေချိုးဆိပ်သည်လည်း ရွာ့မြောက်ဖျား ပြောင်းကြရပြီ။

ကျွန်မတို့ ကလေးတွေကတော့ ဘုန်းကြီးကျောင်း နှစ်ကျောင်းကြားက ရေ၀ပ်ကျင်းချိုင့်လို ဖြစ်နေသော ရေစီးမြောင်း ပက်လက်ထဲ နွားစာကျင်းတိုတွေ စီးကြပြီ။ ရေဆန်ကို တွန်းသွားလိုက်ကြ၊ ရေစုန်ကို ပြန်မျှောချလာလိုက်ကြ။ သောသောညံလို့။ ဆူလွန်းမက ဆူလာလျှင်တော့ ဆရာတော်က ကျောင်းဝ ထွက်ပြီး ကြိမ်လုံးပြကာ လူစုခွဲရလေ့ ရှိပါ၏။

မြစ်ရေတွေ ရွာထဲ ကမ်းပြည့်ကမ်းလျှံ ၀င်ပြီ ဆိုလျှင်တော့ တစ်ရွာလုံး ရေဖုံးပြီ။ သည်အချိန်မှာ မြေပြင်ရယ်လို့ မြင်ချင်လို့ မမြင်ရတော့။ ကြည့်လေရာရာ ရေတွေ … ရေတွေ။ မြစ်ရေနှင့် ရွာရေ တစ်ဆက်တည်း ဖြစ်ရပါပြီ။ တစ်ပြင်တည်း ဖြစ်ရပါပြီ။ ဒါကို အမေတို့က ရွာ ရေစတုတ် တိုက်ပြီလို့ သုံးတာ မှတ်မိပါ၏။ အိမ် အောက်ထပ်တွေ လူနေလို့ မဖြစ်တော့ အိမ် အပေါ်ထပ် တက်နေကြရသည်။ မီးဖိုလည်း အိမ်ပေါ်၊ လူနေလည်း အိမ်ပေါ်။ စားလည်း အိမ်ပေါ်၊ အိပ်လည်း အိမ်ပေါ်။ ကျွန်မတို့၏ ရေချိုးဆိပ်လည်း အိမ်ပေါ် ဖြစ်ကြရပြီ။ အိမ်ရှေ့ ကပြင်ပေါ်ကနေ ၀ုန်းခနဲ ခုန်ချလိုက်ကြ၊ ပြန်တက်လိုက်ကြ။ လူကြီးတွေ ရှေ့မှာ သိပ် မကဲဝံ့ကြတော့ အိမ်နား သီ မနေကြဘဲ ရောက်လေရာရာ လက်ပစ်ကူးသွားကြရင်း ဆော့ကြသည်။ လှေလှော်ပြိုင်ကြ၊ ရေကူးပြိုင်ကြ။ ဒါကလည်း လှေရွာက ကလေးတွေအဖို့ ကစားနည်း တစ်မျိုးပင်။ မြစ်နား ကမ်းနား ကြီးရသူတွေမို့လား မသိ။ ရေ မကြောက်တတ်ကြသလို ရေကြောင့် ဒုက္ခ ရောက်ကြရပါတယ်လို့လည်း မရှိ။

ရေကြီးချိန်မှာ လူကြီးတွေလည်း တစ်အိမ့်တစ်အိမ် လက်ပစ်ကူးသွားကြယုံကလွဲလို့ တစ်ခြားနည်း မရှိ။ လှေဆိုတာ အိမ်တိုင်းမှာ ရှိတာ မဟုတ်။ နွားစာကျင်းတိုကလေးတွေကတော့ ရေ၀င်ခါမှ အားရသည် မရှိ။ တစ်ရွာလုံး ရေထဲမှာဆိုတော့ တစ်အိမ့်တစ်အိမ် အိမ်လည်ချင်လျှင် ရေချိုးရင်း လည်ရသည်။ အိမ်တိုင်း နွားတင်းကုပ်တွေကို မြှင့် ဆောက်ထားတတ်ကြသော်လည်း တချို့ ရေတိုးကြမ်းသည့် နှစ်တွေမှာ နွားတင်းကုပ်တွေလည်း မြုပ်၊ လူနေအိမ်တွေလည်း မြုပ်သည့်နှစ်တွေ ကြုံရဖူးသည်။ နွားတွေကို ရေ၀င်လွတ်ရာ အရှေ့ ကြည်းတောရွာတွေဘက် သွားပို့ကြရသည်။

ကြည်းတောရွာတွေကို တိုးရေ မရောက်တော့ ရေခြောက်မိုးခြောက် ထားနိုင်သည်။ ရေ မခြောက်မချင်း နွားတွေ ပြန်လာလို့ မဖြစ်တော့ တချို့များ ကြည်းတောရွာတွေမှာ တစ်လလောက် ကြာတာမျိုးပင် ရှိကြသည်။ ရွာက နိမ့်ပါးသူများ ခမျာ နီးစပ်ရာ အိမ်မြင့်ကို ခို၊ တချို့နှစ်တွေမှာ သစ်ပင်ကြီးတွေပေါ် လင့်စင်ထိုးကာ နေရတာမျိုးပင် ရှိခဲ့ဖူးပါ၏။ သည်တော့ ရေနစ်လို့ မသေ၊ မြွေကိုက်လို့ တိမ်းပါးကြရသူများ ရှိခဲ့ဖူးသည်။ ရေကျပြီဆိုလျှင်တော့ တစ်ရွာလုံး ရွှံ့နှစ်ရည်များဖြင့် ညှီကျန်ရစ်တော့သည်။ ရေကြည်ရာ အထက်ဘက် ကုန်းမာမာဆီ ပြေးပြီး ရေခပ်ကြရ၊ ရေချိုးကြရပြီ။

ရေကျပြီဆိုသည်နှင့် အဝေးရောက်နေသူ လူတွေ၊ နွားတွေ ရွာ ပြန်ကပ်ကြရပါပြီ။ ရွာလယ်လမ်းကတော့ မြေမာလမ်းဆိုတော့ လျှောက်လို့ ရပါပြီ။ သစ်ပင်တွေမှာ တွယ်ကပ်နေကြသည့် မြွေတွေကို နှင်ရခြောက်ရသည်။ မြစ်ရေက တိုက်လာသော နုန်းမြေတွေက သဘာဝ မြေဆီမြေနှစ် ဖြစ်ရပြီ။ မြစ်လုံးလည်း ပေါ်ပြီ။ ရွာမြေလည်း ပေါ်ပြီ။

(၄)

သည်ရက်ထဲ ကတောရွာ စာပေဟောပြောပွဲက အပြန် ကျွန်မ ညီမ၀မ်းကွဲ တစ်ယောက် မန္တလေးကို လိုက်လာခဲ့သည်။ ညဘက် ရွာကြောင်း ရပ်ကြောင်းတွေ ပြောဖြစ်ကြပါသည်။ မြစ်ရေ မ၀င်တာ နှစ်တွေ ကြာပြီဆိုတော့ သစ်ခင်းတွေမှာ မြေဆီသြဇာ ညံ့ကုန်ပြီ ဆိုပါ၏။ နွားစားကျက်တွေ ပျောက်၊ နွားစာရှားတာတွေလည်း ကြားရသည်။ မြေက သဲဆန်လာလို့ သစ်ဥတွေ ဖျင်းကုန်တာလည်း ပါသည်။ အဆိုးဆုံးက ရေလိုချိန်မှာ ရေမရှိခြင်း ဖြစ်၏။ တတ်နိုင်သူတွေက ရေစုပ်စက် ထောင်ကာ အခင်းထဲ ရေသွင်းနိုင်သော်လည်း သောင်မသာသူတွေ အဖို့ရာတော့ ဂဏန်းလက်ကျိုး ဖြစ်ကြယုံသာ။

“မြစ်ကလည်း မမထူးနှယ် …. အနောက်ဘက် ဆုတ်သွားသာများ ကလေးချင်း မတည့်ကြလို့ ပေစုတ်စုတ် ရှောင်ဖယ်ဖယ် လုပ်နေသလိုပါတော် … သောင်ပြင်ကြီးဆိုသာ တစ်ပြန့်ကြီး … ရွာနဲ့ မြစ်နဲ့ ဝေးသွားတော့ မြစ်ရေတစ်အိုးရဖို့ သောနုတ္ထိုမုဆိုး ဆဒ္ဒန်ဆင်မင်း ရှိတဲ့ တောထဲ သွားရသလောက် ကြာသယ် အောက်မေ့တာပဲ … အနောက်ဘက် စိုင်းသွားချက်တော့ … တစ်သပ်ကြီး”

ကျွန်မ ညီမ ပြောနေချိန်မှာ ကျွန်မတို့ ငယ်ငယ်က ရေချိုးဆိပ်ကို မြင်ယောင်နေမိပါသည်။ အခင်းကအပြန် ရေချိုးကြသူတွေ၊ နွား ရေတိုက်ကြသူတွေ၊ ကလေး တရုန်းရုန်း၊ ခွေး တရုန်းရုန်း ဘယ်မှာ ရှိနိုင်ပါတော့မလဲ။ တစ်သက်လုံးက လှည့် မကြည့်ခဲ့ကြသော စက်တွင်းက ရေကို အားကိုးကြရပြီ။ ကျွန်မတို့ ဘကြီး ဘိုးတိုက်ကြည် လှူခဲ့သော ရေတွင်းကလည်း ရေဆွံ့ချင်ချင်တဲ့။

“သောက်ပါလေ့အေ … ချိုးပါလေ့အေ … မြစ်ဆိပ်များ ငရုတ်တစ်လှမ်း ခရမ်းတစ်ခုန် ရှိသာပါ … မြစ်က ထွက်မပြေးပါဘူး … ”

ကြီးတော်တို့ ပြောခဲ့တဲ့ စကားတွေ … ။ အခုတော့ ပြေးပါပကော ကြီးတော်ရဲ့ … ။ ကျွန်မ ညီမ ပြောပုံကဖြင့် မြစ်က ရွာနှင့် ခပ်လှမ်းလှမ်းက စီးသတဲ့။ ပင်လို့ ဖိတ်လို့သာ ရကြေးဆိုလျှင် ဧရာဝတီမြစ်ကြီးရယ် ကျွန်မတို့ ရွာနဘေး ကပ်ပြီး စီးတော်မူပါ။ မြေဆီသြဇာ နှစ်စဉ် ချတော်မူပါ။ သောင် မထွန်း ကမ်းပါး မပြို ရေချိုအေးအေးလေး ပေးတော်မူပါလို့ လျှောက်လိုက်စမ်းချင်သေးသည်။ သို့ပေသိ ဧရာဝတီမှာလည်း သူ့ ဝေဒနာနှင့် သူ မဟုတ်လား။ သူ့ ဒုက္ခနှင့် သူ မဟုတ်လား။။

ကျွန်မကတော့ ငယ်ငယ်တုန်းက ရွာခြေ ရေချိုးဆိပ်ကို လွမ်းနေမိပါ၏။

ခင်ခင်ထူး

No comments:

Post a Comment