Thursday, February 2, 2012

မျှော်လင့်ရင်ကွဲ


“ တစ်မနက်လုံး ပျောက်နေပြီး ဘာမှလဲ ဟုတ်တိပတ်တိ မရခဲ့ဘူး၊ ဘယ်နားသွား ကမြင်းထနေလဲ မသိဘူး၊ ညနေ ပြန်လာလို့ ဘာမှ မရလာလို့ကတော့ သိမယ်၊ ညနေကျရင် ပုတုမကို ခေါ်သွား၊ ကြားလား ”

အမေရဲ့ အသံစူးစူးနဲ့ တိုင်းထွာပြောသံတွေက ကျွန်တော့်အတွက် နားရေ၀နေပြီးသားမို့ လမ်းထိပ် အမှိုက်ပုံစပ်က ကောက်ရလာတဲ့ ပလက်စတစ် ဘောလုံးအစုတ်ကို ခြေနဲ့ ဟန်မပျက် တော့နေလိုက်တယ်။

“ ပြောလိုက်ရင် မထုံတက်တေးနဲ့၊ ငါအမေကို အမေလို့ကို မထင်ဘူး၊ အရွယ်လေးရောက်လာလို့ ခြေရာတိုင်းလို့ကများ၊ ငါ့အကြောင်း ကောင်းကောင်းသိသွားမယ်၊ နင့်လို ကောင်မျိုးတွေ ငါမွေးလာတာ မရေတွက်နိုင်တော့ဘူး ”

အမေက သူ့ကိုယ်သူ “အမေ”လို့ ပြောပေမယ့် အခုလို သိတတ်တဲ့အရွယ် ရောက်လာလေလေ၊ သူဟာ ကျွန်တော့်အမေ မဟုတ်ဘူးလို့ ခံစားမိလာလေလေပဲ။ ဘာလို့လဲဆိုတော့ အမေ့ဆီမှာ အမေ မမွေးပဲနဲ့ ရောက်ရောက်လာတဲ့၊ အမေက သူများကို ပြန်ပေးလိုက်တဲ့ သားသမီးတွေ အများကြီး ရှိတယ်။ အားလုံးက အမေလို့ပဲ ခေါ်ကြရတယ်။ ပုတုမဆိုလဲ သူ့သမီးလို့ ပြောပေမယ့် အမေဗိုက်မကြီးပဲ ဒီကလေးလေးကို ဘယ်လို မွေးလို့ရပါ့မလဲ ဆိုတာလောက်တော့၊ ကျွန်တော်စဉ်းစားလို့ တတ်တာပေါ့။ ဒါပေမယ့် ပုတုမကိုတော့ ကျွန်တော် သံယောဇဉ်ရှိတယ်။ သူက စကားသာ ကောင်းကောင်းဖြောင့်အောင် မပြောတတ်သေးတာ၊ ကျွန်တော့်ကိုတော့ ခင်တွယ်သား။ ကျွန်တော်လဲ အမေ့ဆီကို ပုတုမလိုပဲ ရောက်လာခဲ့တာ ဖြစ်နိုင်တာပေါ့။

ကျွန်တော် အမေ့ကို မချစ်ပေမယ့် အတူတူ နေနေရတာပါဘဲ။ ကျွန်တော်သိတတ်ထဲက အမေ့နောက်က ထမိန်စဆွဲပြီး တကောက်ကောက်နဲ့ လျှောက်လိုက်ခဲ့ရတာ။ ကျွန်တော် နည်းနည်းကြီးလာတော့ အမေက မသင်ပေးပဲ ကျွန်တော့်ရဲ့ပင်ကို အသိအရ လူတွေဆီက ပိုက်ဆံ လိုက်တောင်းတတ်နေပြီ။ လူတွေဆီက ပိုက်ဆံရမှ ကျွန်တော် ထမင်းစားလို့ ရမှန်း ကျွန်တော် နားလည်နေတတ်ပြီ။ အမေ့ အဆဲအဆိုတွေ၊ အမေ့ အရိုက်အနှက်တွေနဲ့ ကျွန်တော် အရေခွံထူနေခဲ့ပြီ။

ကျွန်တော်တို့မှာ နေ့ဖို့ညစာဆိုတာ မရှိဘူး။ တစ်နေ့ရတာ တစ်နေ့စား၊ တစ်နေ့တာ အိပ်စရာနေရာရှာ၊ ကြုံရာမှာ အိပ်လိုက်တာပါဘဲ။ ညဈေးဆိုင်ခုံတွေပေါ်မှာ၊ တိုက်ခန်းတွေရဲ့ လှေကားထစ်တွေမှာ၊ ကားဂိတ်တွေရဲ့ အမိုးအောက်တွေက၊ ကျွန်တော်တို့ရဲ့ တစ်နေ့တာ အိပ်စက်အပမ်းဖြေရာပေါ့။ ကျွန်တော့်အတွက်ကတော့ ပြီးခဲ့တဲ့ အတိတ်ရက်တွေကို စဉ်းစားနေစရာ မလိုဘူး။ မရောက်သေးတဲ့ အနာဂတ်ကိုလဲ စိတ်ကူး ပုံဖော်ဖို့ မလိုဘူး။ ဒီနေ့အတွက် ထမင်းနပ်မှန်အောင် စားနိုင်ဖို့၊ ဒီနေ့ အိပ်စရာနေရာ ရဖို့၊ ဒီနေ့ ပိုက်ဆံများများ တောင်းနိုင်ဖို့၊ ဒါပဲ ခေါင်းထဲမှာ ရှိတယ်။

အမေနဲ့အတူနေတဲ့ ဦးလေးကတော့ တလောက ဘ၀တူတစ်ယောက်နဲ့ အရက်မူးပြီး ရန်ဖြစ်တာနဲ့ အဖမ်းခံလိုက်ရတယ်။ ကံသီလို့ အမေနဲ့ ကျွန်တော်တို့ ကလေးတွေ လွတ်သွားခဲ့တာ။ ဦးလေးမရှိတော့ ကလေးငါးယောက်နဲ့ အမေ ဒေါင်ချာဆိုင်းနေချိန်မှာ အကြီးဆုံး ကျွန်တော်က အငယ်ဆုံး ပုတုလေးကို ထိမ်းရင်း ပိုက်ဆံတောင်းရတော့တယ်။ အမေက ကျန်အငယ် ကလေးသုံးယောက်နဲ့အတူ မြို့ထဲ တစ်လျှောက် တောင်းတယ်။ ကျွန်တော်နဲ့ပုတုကတော့ လူစည်ကားတဲ့၊ ဈေးဆိုင်တွေ ပေါများတဲ့ ဒီမြို့နယ်လေးမှာပဲ လှည့်ပတ်တောင်းတယ်။ ကျွန်တော့်အသက်က ဆယ့်နှစ်နှစ်လို့ အမေကပြောပေမယ့် အရပ်ပုတော့ ဆယ်နှစ်သားလောက်ပဲ ထင်ကြတယ်။ ကလေးတွေကို သနားတတ်တဲ့သူ များများနဲ့ တွေ့ရင်တော့၊ အဲ့ဒီနေ့က ကျွန်တော်နဲ့ ပုတုနှစ်ယောက် ကံကောင်းတဲ့ နေ့ပဲပေါ့။

အခု ကျွန်တော်တို့ စတည်းချနေတဲ့ ဒီရပ်ကွက်က ညဈေးရှိလို့ ညနေစောင်းတာနဲ့ စည်ကားနေပြီ။ စားစရာဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ ရှမ်းခေါက်ဆွဲဆိုင်၊ အကြော်ဆိုင်၊ အို…. အများကြီးကို ရှိတယ်။ ဒါဟာ ကျွန်တော့်အတွက် အလုပ်ဖြစ်တဲ့ နေရာတွေပေါ့။ ဒီဆိုင်တွေမှာ စားနေသူတွေက ကျွန်တော့်ရဲ့ ပစ်မှတ်ပေါ့။ ဒါပေမယ့် စားနေသူ တော်တော်များများက ကျွန်တော်တို့ အနားကပ်လာရင်ပဲ ရွံရှာသလိုလို၊ ဘာလိုလို မျက်နှာပေးတွေနဲ့ “ကန်တော့်ပါသေးရဲ့” “ အကြွေမရှိဘူး” လုပ်သူက များများ။ တချို့ ဆိုင်တွေကြတော့လဲ ကြက်တူရွေးက တော်တော် မယ်ဘော်က ခပ်ကဲကဲ၊ စားတဲ့သူတွေက သနားဂရုဏာသက်မလား ရှိသေး၊ သူတို့က မျက်စောင်းခဲပြီး “ နင်တို့ကလဲ တော်တော်ရှုပ်တယ်၊ စားတဲ့ လူတွေကို အနှောက်အယှက် မပေးနဲ့လေ၊ ပေါက်လွတ်ပဲစားတွေ၊ သွားစမ်း.. သွား” နဲ့ နှင်ထုတ်ချင်နေကြပြီ။

အဲ့ဒါကိုက ကျွန်တော့်ဘ၀ပဲလေ..။ ကျွန်တော် စိတ်မဆိုး၊ ၀မ်းမနည်းမိပါဘူး။

အမေဆူထားလို့ ညနေ နေလေးလဲ စောင်းရော၊ ပုတုမကို ခါးထစ်ခွင်ချီလို့ ညဈေးဘက် ထွက်ခဲ့တယ်။ ကလေးသေးသေးလေးကို ကလေးဖြစ်တဲ့ ကျွန်တော်ကပဲ ချီထားတော့၊ လူတွေရဲ့ ဂရုဏာသက်မှုကို ပိုရပြီး ပိုက်ဆံလည်း ပိုရနိုင်တာပေါ့လို့ အမေက ပြောဖူးတယ်။

ပုတုမကို ခါးထစ်ခွင်ချီလို့ ညဈေးတစ်လျှောက် လျှောက်လာရင်း ပိုက်ဆံ တောင်းလာလိုက်တာ၊ ကြေးအိုးဆိုင်ရှေ့လဲ ရောက်ရော မှောင်တောင်နေပြီ။ ကျွန်တော့် နှာခေါင်းဝကို မွှေးကြိုင်နေတဲ့ အရသာတွေရဲ့ ရနံ့က အလုအယက် တိုးဝင်လာတယ်။ တံတွေးကို ဂလုခနဲ မျိုချပြီး ကျွန်တော် ခြေလှမ်းတွေ ရပ်သွားရတယ်။ ဆိုင်မှာ ရှိတဲ့ စားပွဲအကုန် လူအပြည့် ။ ပလက်ဖောင်းပေါ်အထိ ခင်းထားတဲ့ စားပွဲတွေမှာလဲ လူတွေ အပြည့်ပဲ။ ဆိုင်နာမည် ဆိုင်းဘုတ်ကို မဖတ်တတ်လို့ မသိပေမယ့်၊ နဂါးနှစ်ကောင်နဲ့ အနီခံမှာ အဖြူရောင် စာလုံးရေးထားတဲ့ မီးသေတ္တာပုံးက ကြည့်လို့ အရမ်းလှတယ်။ ဒါကြောင့် ကျွန်တော်က နဂါးဆိုင်လို့ နာမည်ပေးလိုက်တယ်။ ဒီလို ကြေးအိုး၊ ဆီချက်၊ ခေါက်ဆွဲကြော်၊ ၀က်ခေါက်ကင်၊ ဘဲကင် အစုံရတဲ့ ဆိုင်ဆိုလို့ ဒီနားမှာ နဂါးဆိုင် တစ်ဆိုင်ပဲ တွေ့တယ်။

ဆိုင်က ရောင်းတဲ့ အစ်ကိုကြီး ခေါက်ဆွဲပြင်တာ ကြည့်ကောင်းကောင်းနဲ့ ကျွန်တော်ငေးနေမိတယ်။ အကိုကြီး ဆီချက်ခေါက်ဆွဲ လုပ်နေပုံက ကျွန်တော့်ကို ရှေ့ဆက်မသွားနိုင်အောင် ဖမ်းစားထားတာ။ ဆိုင်အပြင်က ဘဲကင်တွေ၊ ၀က်ခေါက်ကင်တွေ ချိတ်ထားတဲ့ မှန်ပုံးရဲ့ အနောက်မှာ ခါးဝတ်ပုဆိုးပေါ် အ၀တ်ပိုင်းချီလို့ ချွေးသံတရွှဲရွှဲနဲ့ စွတ်ကျယ်လက်ပြတ်ဝတ်ထားတဲ့ အကိုကြီးရဲ့ ဇယ်ဆက်သလို စားပွဲတွေ ပြင်နေတာက ကျွန်တော့်အတွက် တကယ့်ကို အထူးအဆန်းနဲ့ ကြည့်လို့ ကောင်းနေခဲ့တယ်။

ကြွေပန်းကန်းလုံးတွေ တန်းစီချ၊ ခေါက်ဆွဲမျှင်တွေကို တူတစ်ချောင်းနဲ့ တစ်ပန်းကန်းစီ တိခနဲ၊ တိခနဲ ဖြတ်ချထည့်၊ ပုလင်းထဲ ခွက်ထဲက အရည် အမှုန့်တွေကို အချိန်အဆ ညီမျှအောင် ပန်းကန်းတိုင်းကို ထည့်ပြီး တူနဲ့မွှေ။ မွှေနေတုန်း သူ့လက်ထဲမှာ ပန်းကန်လုံးလေး မွှတ်ခနဲ လည်သွားတာက အံ့သြစရာ။ ပြီးရင်တော့ ကြက်သွန်မြိတ်၊ ကြက်သားဖတ်လေးတွေ လိုက်ဖြူး၊ ဟောဗျ… တစ်ခဏလေးကို ငါးပွဲစာလောက် ပြင်ပြီး သွားပြီ။ မြန်မှမြန်။ လက်ကလဲ လုပ်နေသေး၊ ပါးစပ်ကလဲ အငြိမ်မနေပဲကို စားပွဲထိုးတွေကို ညွှန်ကြားနေတာများ ကြည့်လို့တောင် ကောင်းနေသေးတယ်။ ပါဆယ်မှာမယ့် သူတွေဆို သူ့ဘေးမှာ ၀ိုင်းလို့။

ဆိုင်မှာ လူတွေကျနေတော့ စားပွဲထိုးတွေလဲ ကျွန်တော့်ကို ဂရုမစိုက်နိုင်ပါဘူး။ အရင်လို သွား… သွား..လို့လဲ မောင်းမထုတ်နိုင်ကြပါဘူး။ ကျွန်တော်လည်း အခွင့်အရေးကို လက်လွတ်မခံပဲ၊ ပလက်ဖောင်းပေါ်မှာ ခင်းထားတဲ့ စားပွဲ ငါးလုံးရှိရာမှ ရစ်ဝဲပြီး တောင်းနေလိုက်တော့တယ်။ ပုတုမရဲ့ မျက်နှာလေးက ညစ်ပေနေပေမယ့် ချစ်စရာ၊ သနားစရာလေးဆိုတော့ စားတဲ့သူတွေထဲက တချို့က ပိုက်ဆံအကြွေလေးတွေ ပေးကြပါတယ်။ ဒါပေမယ့် ရေမချိုးတဲ့ ရက်တွေများလို့ ဂျီးလက်လေးသစ်နဲ့ ညစ်ပတ်နံစော်နေတဲ့ ကျွန်တော်တို့ နှစ်ယောက်ကို အစားစားနေတဲ့ သူတို့ မသတီကြပါဘူး။ ဒါကြောင့် မရသေးတဲ့ စားပွဲတွေရဲ့ ခပ်လှမ်းလှမ်းကနေ ပိုက်ဆံမပေးမချင်း စိတ်ရှည်ရှည်နဲ့ ပါးစပ်က တဖွဖွပြော တောင်းနေလိုက်တယ်။

အဲ့ဒီမှာ စားပွဲထိုးတစ်ယောက်က အငွေ့တစ်ထောင်းထောင်းထနေတဲ့ ဟင်းချိုပန်းကန်လုံး လာအချ၊ ကျွန်တော်က ကလေးခါးထစ်ခွင်နဲ့ လှည့်အထွက် ၀င်တိုက်မိပါရော။ ပုတုမ ဗြဲခနဲ အော်ငိုလိုက်တော့မှ အပူလောင်သွားပြီဆိုတာ သိလိုက်ရတယ်။ ပုတုမလက်မောင်းမှာ အငွေ့ထနေတဲ့ ဟင်းချိုရည်တွေ စွန်းပေလို့။ ပုတုမရဲ့ စူးစူးဝါးဝါး အော်ငိုသံကြောင့် စားပွဲအားလုံးက လူတွေက လှမ်းကြည့်ကြတယ်။ အဲ့ဒီမှာ ခုန ခေါက်ဆွဲပြင်တဲ့ အစ်ကိုကြီးက သူ့နေရာက ချက်ချင်းထွက်လာပြီး၊ စားပွဲထိုးတစ်ယောက်ကို ဆိုင်ရဲ့ဘေးနေရာကို ကျွန်တော်တို့ကို ခေါ်သွားစေတယ်။ ကျွန်တော့်နာမည်ကိုလဲ မေးတယ်။

“ ကျွန်တော့်နာမည် သာကု ” လို့ပြောပြတော့-

“ မင်းနာမည်က အဆန်းပဲ ” လို့ ပြောတယ်။

“ ကျွန်တော်မသိဘူး၊ အမေခေါ်တဲ့အတိုင်း ပြောတာ၊ သူ့နာမည်ကလဲ ပုတု ” လို့ ပုတုမ နာမည်ကိုပါ ပြောပြလိုက်တယ်။ အစ်ကိုကြီးက “ အင်း.. သာကုနဲ့ ပုတု…နာမည်တွေကတော့ စံပါပဲလား ” ဆိုပြီး ငိုနေတဲ့ ပုတုမကို ချော့ပြီး အပူလောင်သွားတဲ့ ပုတုမလက်ကို အပြာရောင်ဆေးတွေ လိမ်းပေးတယ်။ ပြီးတော့ -

“ မင်းအသက် ဘယ်နှစ်နှစ်လဲ၊ င့ါမှာလဲ ရွာမှာ မင်းလိုအရွယ် ညီအငယ်ဆုံးလေးတစ်ယောက် ရှိတယ်ကွ ”

အစ်ကိုကြီးနဲ့ ကျွန်တော် အမေးအဖြေတွေ လုပ်ဖြစ်တယ်။ အဲ့ဒီနေ့က အစ်ကိုကြီးက ကျွန်တော်တို့ နှစ်ယောက်ကို ဆီချက်ခေါက်ဆွဲ နှစ်ထုတ် ထည့်ပေးလိုက်တယ်။ “ နောက်နေ့လဲ ညပိုင်း ဒီအချိန်ဆို ဆိုင်ကို လာခဲ့၊ မင်းတို့ စားဖို့ စုထားပေးမယ် ” လို့ ပြောလို့ ကျွန်တော် ၀မ်းသာသွားရတယ်။ ကျွန်တော်တို့ အိပ်တဲ့နေရာကို ပြန်တဲ့ ဖြတ်လမ်းက မီးစက်ကြီးနားမှာ ခနထိုင်ပြီး၊ ဆိုင်က ပေးလိုက်တဲ့ ဆီချက်ခေါက်ဆွဲတစ်ထုတ်ကို ပုတုမနဲ့အတူ ဖြည်စားလိုက်တယ်။ ကျွန်တော် စားခဲ့ဖူးသမျှတွေထဲမှာ အရသာ အရှိဆုံး အစားအစာပါဘဲ။ ပုတုမလဲ အငမ်းမရစားနေတာနဲ့ သူ့လက်က အပူလောင်တာကို မေ့နေပြီ။

ကျွန်တော်နဲ့ ပုတု ဒီနေ့အတွက် ညအိပ်ဖို့ သတ်မှတ်ထားတဲ့ ဈေးကြီးဘေးနားက အဖီကို ပြန်ရောက်တော့ ဖြစ်ခဲ့သမျှ ပြောပြရင်း စောင့်နေတဲ့ အမေ့လက်ထဲ ပုတုကို ပြောင်းပေးလိုက်တယ်။ ပုတုမလက်က ဒဏ်ရာကို ကြည့်ပြီး အမေက ကျွန်တော့်ခေါင်းကို ဂေါက်ခနဲမြည်အောင် ခေါက်လိုက်တယ်။ ပြီးတော့ ကျွန်တော့် လက်ထဲ လုံးထွေးကိုင်ထားတဲ့ ပိုက်ဆံအကြွေစက္ကူတွေနဲ့အတူ ဆီချက် ခေါက်ဆွဲတစ်ထုတ်ကို လှမ်းယူလိုက်တယ်။ ကျွန်တော့်ပါးစပ်က ဆီကွက်နေတာကို ကြည့်ပြီး ခေါက်ဆွဲတစ်ထုတ်လောက်တော့ လမ်းမှာ ကျွန်တော် စားခဲ့ပြီဆိုတာ ရိပ်မိနေပြီလေ။ ကျွန်တော် ပုတုမကို ခါးထစ်ခွင်လျှက်က ဈေးတစ်ဖက်လမ်းက လက်ဖက်ရည်ဆိုင်ဘက် ကူးလိုက်တယ်။ ပလက်ဖောင်းက ဓာတ်တိုင်ကို မှီပြီး ဆိုင်ထဲက ပြနေတဲ့ ကိုရီးယားကားကို လှမ်းကြည့်လိုက်တယ်။ တစ်ခါမှ မစားဘူးတဲ့ ဆီချက်ခေါက်ဆွဲတန်ခိုးက ကျွန်တော် မျက်စိအစုံကို လေးလံလာစေတယ်။ ပုတုမက ကျွန်တော့်အပေါ်မှာ အိပ်ပျော်လို့တောင်နေပြီ။

အစ်ကိုကြီးက အရမ်းခင်ဖို့ ကောင်း တယ်။ နောက်တစ်နေ့ည နဂါးဆိုင်နား မှာ ကျွန်တော် သွားရစ် နေတာ တွေ့တော့ ကျွန်တော့်ကို လှမ်းခေါ်တယ်။ ပြီးတော့ စားပွဲထိုး လေးတွေကို ပလပ်စတစ် အိတ်ကြီးနဲ့ ထုတ်ထားတဲ့ စားစရာ အကျန်တွေ ယူခိုင်းပြီး ကျွန်တော့်ကို ပေးတယ်။ အံ့အားတသင့် ကျွန်တော် လက်ခံယူ လိုက်တော့ -

“ နောက်ဆို ဒီလိုအချိန် နေ့တိုင်းလာယူ၊ စားနေတဲ့ စားပွဲတွေကိုတော့ သွားမနှောက်ယှက်နဲ့၊ ကြားလား ”

.. လို့ ပြောလိုက်တော့ ကျွန်တော် ခေါင်းကို ဘယ်နှစ်ခါ ညိတ်လိုက်မိမှန်းတောင် မသိတော့ဘူး။ အထုတ်က လေးတော့ ပုတုမကို ခါးထစ်ခွင်ရက်နဲ့မို့ လူက ယိုင်ချင်သလိုတောင် ဖြစ်သွားရတယ်။ ခပ်လှမ်းလှမ်းက ဓာတ်တိုင်မီးရောင်အောက် ရောက်လို့ အထုတ်ကို ဖွင့်ကြည့်လိုက်တော့ ကြာဇံ၊ ခေါက်ဆွဲ၊ မြူစွမ်၊ မုန်ညင်း၊ ထမင်း၊ သောင်းပြောင်းရောနေတဲ့ အရာတွေနဲ့ ပြုတ်ရေတွေ။

အသားစလေးတွေ တစ်စ နှစ်စတောင် ပါသေး။ ကျွန်တော် ဟန်မဆောင်နိုင်တော့ပဲ လက်ငါးချောင်းကို ဘောင်းဘီနဲ့ ပွတ်လိုက်ပြီး အငမ်းမရ နှိုက်စားလိုက်မိတယ်။ ပုတုမကိုလဲ ခွံ့ကျွေးလိုက်တယ်။ ဆိုင်မှာ လာစားသူတွေ စားလို့ မကုန်ပဲ ကျန်ရစ်ခဲ့တဲ့ စားကြွင်းစားကျန်တွေဆိုပြီး ရွံရှာစိတ် မဖြစ်မိပါဘူး။ အငတ်ခံရတဲ့နေ့၊ အမှိုက်ပုံထဲက အကျန်တွေ ရှာစားရတဲ့ နေ့တွေထက်စာရင် ဒီလိုစားခွင့်ရတာ ကံကောင်းတယ်လို့ပဲ မှတ်တယ်။ နှစ်ယောက်သား ဂေ့ခနဲ လေချင်တက်လာတော့မှ စားတာရပ်လိုက်ပြီး ကျန်တဲ့ဟာတွေ အမေ့ဆီယူသွားဖို့ အိတ်ကို ပြန်ချည်လိုက်တယ်။ ကြာဇံဖတ်တွေ ကပ်နေတဲ့ ပုတုမမျက်နှာကို ကြည့်ပြီး ကျွန်တော် အော်ရယ်လိုက်မိတယ်။

အဲ့ဒီလိုနဲ့ နောက်နေ့တွေမှာ တခြားနေရာကို မသွားချင်တော့ပဲ နဂါးဆိုင်နားမှာပဲ ကျွန်တော် တရစ်ဝဲ၀ဲနဲ့ သောင်တင်နေတော့တယ်။ အမြဲ စားစရာ ရနေမှန်းသိတော့ ကျွန်တော် ညတိုင်းလိုလို ရောက်တယ်။ စားပွဲထိုးတွေနဲ့ရော၊ အစ်ကိုကြီးနဲ့ရော မျက်မှန်းတမ်း ခင်နေပြီ။ အစ်ကိုကြီးကလဲ ပလတ်စတစ်အိတ်နဲ့ စားစရာတွေ စုထားပေးတုန်းပဲ။ တစ်ရက်တစ်လေများ ကျွန်တော် မရောက်ဖြစ်ခဲ့ရင် -

“ သာကု..၊ မင်း မလာတော့ သူများတွေကို ငါ ပေးပစ်လိုက်ရတော့တာပေါ့ ”

… လို့ ပြောရင် ကျွန်တော့်မှာ နှမျောလို့ မဆုံးဘူး။ ဒီသတင်းကို အနံ့ရတော့ ဖိုးထောင်တို့ အုပ်စုတောင် ကျွန်တော့်နေရာ ဈေးကွက်လာလုသေးတယ်။ ဒါပေမယ့် ခင်မင်ရင်းစွဲ ရှိနေတော့ အစ်ကိုကြီးက ကျွန်တော်ရှိရင် ကျွန်တော့်လက်ထဲပဲ အထုတ်ထည့်ပေးပြီး၊ အားလုံး မျှစားကြဆို ပြောတယ်။

အခုနောက်ပိုင်း အစ်ကိုကြီးကို မတွေ့တော့ဘူး။ မတွေ့ဆို တစ်ပတ်လောက်ရှိနေပြီ။ သူ့နေရာမှာ အသားမည်းမည်း မျက်နှာတင်းတင်းနဲ့ ဦးလေးကြီး နောက်တစ်ယောက်ကို တွေ့ရတယ်။ မနေနိုင်လို့ စားပွဲထိုးတစ်ယောက်ကို ကြောက်ကြောက်နဲ့ အသာသွားမေးကြည့်တော့ အစ်ကိုကြီး မိန်းမယူဖို့ နယ်ပြန်သွားပြီ ပြောတယ်။ ကျွန်တော့်စိတ်ထဲ ဟာသွားသလိုပဲ။ အစ်ကိုကြီး ကျေးဇူးနဲ့ အူစိုနေလို့မှ မကြာသေးခင် အခုတော့ ကျွန်တော့်မှာ ညစာကိစ္စက ပြဿနာ တစ်ရပ်ဖြစ်လာပြီ။

“ကျွန်တော့်အတွက် ရနေကြဟာတွေ မပေးတော့ဘူးလား” လို့ မေးကြည့်တော့၊ “ အခု ရောက်နေတဲ့ တစ်ယောက်က မလွယ်ဘူး၊ မပေးရဘူးလို့ ပြောထားတယ် ” လို့ တိုးတိုးပြောလာတော့ ကျွန်တော် အတော့်ကို စိတ်ဓာတ်ကျသွားရတယ်။ ဒါပေမယ့် အစ်ကိုကြီးကြောင့် ကျွန်တော့်ကို သိနေတဲ့ စားပွဲထိုးလေးတွေက တစ်ခါတစ်လေ ဟိုလူ့အလစ်မှာ အကျန်တွေ ခိုးပေးပါတယ်။ ဒါပေမယ့် အရင်လို ဖောဖောသီသီတော့ ကျွန်တော် မရတော့ပါဘူး။ ဒီတော့ ကျွန်တော် နည်းနည်းအားစိုက်ရတယ်။ ပလပ်စတစ်အိတ်တစ်လုံး ရှာယူလာပြီး၊ ပလက်ဖောင်းပေါ်က စားပွဲတွေမှာ စားတဲ့သူတွေရဲ့ ပန်းကန်တွေကို မျက်ခြေမပြတ် စောင့်ကြည့်တယ်။ သူတို့ စားပြီးလို့ ငွေရှင်းချိန် နီးလာရင် စားပွဲနား အသာကပ်လို့ “ အကျန်လေးတွေ ဒီထဲ ထည့်ပေးပါ” လို့ ပြောပြီး လက်ထဲက ပလတ်စတစ်အိတ်လေး ဖွင့်ပြီး ထိုးပေးလိုက်တယ်။ ကျန်တဲ့ အကြွင်းအကျန်တွေကို မထည့်ပေးတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ တစ်ခုတော့ရှိတာပေါ့၊ ဆိုင်အပြင် စားပွဲက စားတဲ့သူတွေ ကျန်မှ ကျွန်တော်တောင်းလို့ရတာ၊ ဆိုင်ထဲက စားပွဲတွေကို ကျွန်တော် မျှော်လင့်ခွင့် မရှိပါဘူး။

“ ချာရယ်… ချာရယ်… ဗိုက်ချာရယ်”

ပုတုမက အငြိမ်မနေ၊ ခါးထစ်ခွင်ပေါ်ကနေ အော်ရင်း အောက်ကို လျောဆင်းဖို့ လုပ်နေလေတယ်။ ကျွန်တော်က သူ့ပါးစပ်ကို လက်နဲ့ အုပ်လိုက်ရင်း ခါးစောင်းထက် ပြန် မ တင်လိုက်တယ်။ ပုတုမ ကိုယ်တွေက ပူနေတယ်။ မနက်ထဲက ကိုယ်တွေ နွေးနေတာ။ နေမကောင်းတော့ ဂျီကျချင်နေတယ်။ အမေကလဲ ဒီနေ့ မြို့ထဲမှာ နိဗ္ဗာန်ဈေးပွဲတော်ရှိတယ်ဆိုပြီး မနက်ထဲက ပုတုမကို သူ့လက်ထဲ ထည့်ပြီး၊ အငယ်မသုံးယောက် လက်ဆွဲ ထွက်သွားလိုက်တာ မိုးချုပ်မှ ပြန်ရောက်မယ်ထင်ရဲ့။ ပုတုမကလဲ ကျွန်တော့်ဆို အမေ့ထက်တောင် ခင်တွယ်ချင်သေး။

“ စားရမှာပေါ့၊ ခဏလေးနေပါဦး နင်ကလဲ”

ကလေးဆိုတော့ ဘာမှ အရိပ်သုံးပါး နားမလည်၊ စွတ်ပြောနေလို့ မာန်လိုက်ရတယ်။ အချိန်က မနည်းတော့ဘူးဆိုတော့ သူမပြောနဲ့ ကျွန်တော်တောင် ဗိုက်အတော်ဆာနေပြီ။ ကျွန်တော် ဒီတရားပွဲနား ရောက်နေတာ အတော်ကြာပြီ။ တရားပွဲက လမ်းသွယ်တလျှောက်လုံး လူအပြည့်နဲ့။ တရားပွဲမစခင် ဝေတဲ့ ဖော့ခွက်လေးနဲ့ ကော်ဖီတစ်ခွက်တော့ အစ်မကြီးတစ်ယောက် ပေးလို့ ပုတုမနဲ့ မျှသောက်ထားပြီးပြီ။ နဂါးဆိုင်ဘက်ကို မသွားပဲ ဒီတရားပွဲနား ပိုက်ဆံလေးများ တောင်းလို့ ရလေမလားလို့ ရစ်ဝဲနေတာ ကြာပြီ။ တစ်ပြားတစ်ချပ်တောင် ဈေးဦးမပေါက်သေးပါဘူး။ ဒါနဲ့ ကျွန်တော် ပုတုမကို ခါးပေါ် ပင့်တင်ရင်း နဂါးဆိုင်ဘက် ခြေဦးလှည့်လိုက်တယ်။ နဂါးဆိုင်ဘက် လျှောက်နေတုန်း ဘုန်းကြီးဟောနေတဲ့ တရားက လော်စပီကာကနေ ကြားနေရတယ်။

ကျွန်တော် နဂါးဆိုင်နားရောက်နေတာ ကြာနေပြီ။ ကြာဆို အနည်းလေးတော့ ကြေးအိုးနှစ်ပွဲ စားလို့ ကုန်စာလောက် ရှိနေပြီ။ ဒါကလည်း ကြေးအိုးတစ်ခါစားရင် အချိန်ဘယ်လောက်ကြာသလဲ ဆိုတာကို ကျွန်တော် စောင့်ကြည့်နေကြမို့ ခန့်မှန်းနိုင်တာပါ။ ပုတုမကလဲ ဆာလွန်းလို့ တကျီကျီနဲ့။ ပုတုမကို နေမကောင်းချိန်မှာ ဒီဆိုင်က အပြုတ်ရည်လေး တစ်ခုခုလောက် တိုက်လိုက်ချင်မိတာ။

ဆိုင်ထဲက စားပွဲတစ်လုံးမှာ စားနေတဲ့ သုံးယောက်လောက်က လွဲရင်၊ တစ်ဆိုင်လုံးကို ခြောက်ကပ်လို့။ ဆိုင်ရဲ့ ကောင်တာမှာ ယပ်တောင် တဖျတ်ဖျတ်ခတ်လို့ ထိုင်နေတဲ့ ဆိုင်ရှင်ကတော့ “လူတွေလဲ ငွေကြေးဘယ်လောက် ကြပ်တည်းကြတယ် မသိဘူး၊ ခုတလော ဆိုင်မှာ လူဝင်နည်းလိုက်တာ၊ ဟဲ့.. ကျောက်ရုပ်တွေ လုပ်မနေကြနဲ့၊ ဖြတ်သွားတဲ့ လူလေးဘာလေး ခေါ်ပြုကြဦး” လို့ သူ့အသံကျယ်ကြီးနဲ့ ပြောလိုက်မှ အချိန်မတော် ငိုက်နေတဲ့ စားပွဲထိုးတွေလဲ လန့်ဖြတ်ပြီး မတ်ခနဲ ဖြစ်သွားတော့တယ်။

ဆိုင်မှာ လူတွေက နည်းလိုက်တာ။ ဒီနေ့မှ မဟုတ်ပါဘူး။ အခုတစ်လော ဒီလိုနည်းနေတာ ကြာလှပါပေါ့။ ကျွန်တော်က ညနေအချိန်ဆို ဒီဆိုင် ပတ်ဝန်းကျင်မှာ နေတာများတော့ သိနေပြီ။ အမေကတော့ “လူတွေ စီးပွားရေး ကောင်းမကောင်းဆိုတာ ငါတို့ ရလာတာနဲ့ ချိန်ကြည့်လိုက်ရင် မှန်းလို့ရတယ် ” တဲ့။

ကျွန်တော်လည်း ဒီရက်ပိုင်း တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ ခြေထောက်တွေသာ တိုတော့မယ်၊ မယ်မယ်ရရ ဘာမှကို မရလို့ အမေက ငြိုငြင်ချင်နေပြီ။ အရင်ကဆို ကျွန်တော့်အသံ ချွဲပြစ်ပြစ်နဲ့ ပုတုမလေးများ ချီပြီး အော်တောင်းလိုက်ရင်၊ အိကျီ င်္ဟောင်းလေးတွေ၊ ထမင်းဟင်းကျန်လေးတွေ၊ ငွေအကြွေစတွေ လာပြီးသားပဲ။ ဒီဆိုင်မှာ လာစားသူတွေ နည်းလာတာ နောက်တစ်ခု ရှိနိုင်သေးတယ်။ ဒီဆိုင်မှာ ကျွန်တော် သိပ်ခင်ရတဲ့ အစ်ကိုကြီး မရှိတော့လို့များလား။ “ အခုနေ အစ်ကိုကြီးများ ရှိနေရင် ဘယ်လောက် ကောင်းလိုက်မလဲနော်” လို့ တွေးမိတယ်။

“ သာကု… ချာရယ်… ချာရယ်”

ပုတုမက ထပ်ပြီး ပြောလိုက်တော့ ကျွန်တော့်အတွေးတွေ ရှည်သွားတာ ပြန်သတိထားမိလိုက်တယ်။ ပုတုမကို နှုတ်က ကျွတ်သပ်လိုက်ရင်း စိတ်ပြောင်းပေးလိုက်ပေမယ့် ကိုယ်တွေ တရှိန်ရှိန် ပူနေတာကို ကျွန်တော် စိတ်ပူနေမိတယ်။ သူ့ပါးလေးကပ်ထားတဲ့ ကျွန်တော့်မျက်နှာလဲ ပူနွေးနေတယ်။ ကျွန်တော်တောင် မနက်ထဲက ဘာမှ မစားရသေးလို့ ၀မ်းခေါင်းထဲ ဟာပြီး ပူနေတာ၊သူလဲ ဆာနေရှာရော့ပေါ့။

ဂျီးကွက်တွေကြားထဲက စီးကြောင်းကျနေတဲ့ ပုတုမရဲ့ ပေပွနေတဲ့ မျက်နှာပေါ်က နှပ်တွေ၊ မျက်ရည်တွေကို လက်ဖနောင့်နဲ့ သုတ်ပေးလိုက်တယ်။ ကောင်တာမှာထိုင်နေတဲ့ ဆိုင်ရှင် အဒေါ်ကြီးက ဘုရားစာ ရွတ်နေလေတယ်။ သူ့လိုပဲ ကျွန်တော်လဲ တတ်သမျှ မှတ်သမျှ လူများများလာဖို့ ဆုတောင်းနေမိပြီ။

အပြင်စားပွဲမှာ အားပါးတရ စားနေတဲ့ ယောကျာ်းလေးသုံးယောက်ဆီကတော့၊ အကြွင်းအကျန်များရဖို့ မမျှော်လင့်ပါဘူး။ သူတို့ဟာ သူတို့တောင် တစ်ပွဲနဲ့ မ၀ဘူး ပြောနေကြတာ။ နောက်ထပ် စားမယ့်သူတွေ ၀င်လာဖို့ပဲ မျှော်လင့်ရင်း ဆုတောင်းနေမိတယ်။ အဖွားတစ်ယောက် ၀င်လာလို့ လှမ်းကြည့်မိတော့ ကြက်သားဆန်ပြုပ် ပါဆယ်ဝယ်တာမို့ သက်ပြင်းချလိုက်ရပြန်ပါတယ်။ လူတွေ ဘာကြောင့်များ ဒီနေ့မှ လာမ၀ယ်စားကြတာပါလိမ့်။

စိတ်တိုတိုနဲ့ အနားမှာ နှာခေါင်းတရှုံ့ရှုံ့ လာလုပ်နေတဲ့ ခွေးဝဲစားတစ်ကောင်ကို ခြေဖျားနဲ့ လှမ်းခတ်လိုက်မိတယ်။ အကန်ခံရတာတောင် “ ဂိန်” လို့ မအော်ပဲ မာန်ပြန်ဖီနေတဲ့ ခွေးကို ကိုက်မှာ စိုးလို့ အသာရှောင်ရင်း မောင်းထုတ်လိုက်ရတယ်။ စိတ်ထဲကတော့ သူလည်း အစာရဖို့ ငါ့လို လာစောင့်တာနေမှာလို့ တွေးလိုက်မိတယ်။

တစ်အောင့်နေတော့ စုံတွဲတစ်တွဲ ရောက်လာပြန်တယ်။ ကောင်လေးက “ဆိုင်ထဲမှာ ၀င်ထိုင်မယ်” ဆိုလို့ ရင်တမမနဲ့ ကြည့်နေတုန်း ကောင်မလေးက “အိုက်တယ်၊ အပြင်မှာပဲ ထိုင်မယ်” ဆို အပြင်က စားပွဲတစ်လုံးမှာ နေရာယူကြတယ်။ ကျွန်တော့် မျှော်လင့်ချက်လေးကို ရောင်ခြည်သမ်းဖို့ အခွင့်အရေးက တစ်ခဏတောင် မရလိုက်ပါဘူး။ “ တစ်ပွဲနှစ်ထောင်တောင် ဈေးကြီးလိုက်တာ၊ တစ်ပွဲပဲမှာ၊ အတူတူ သောက်မယ်နော်” ဆိုတဲ့ စကားသံအဆုံးမှာ ကြေးအိုးတစ်ပွဲသာမှာပြီး နှစ်ယောက်သား ခေါင်းခြင်းဆိုင် သောက်မယ့် စုံတွဲကို ကြည့်ပြီး မျှော်လင့်ချက်မဲ့၊ စိတ်မောသွားရပြန်ပါတယ်။ နောက်ထပ်စားမယ့်သူ နှစ်ဖွဲ့ ရောက်လာပေမယ့် ဆိုင်ထဲမှာ ၀င်စားကြတာမို့ ကျွန်တော်အတွက် အဆင်မပြေပြန်ပါဘူး။ တရားပွဲက တရားဟောသံတွေ ကြားနေရတယ်။ တရားပွဲဘက်ပဲ ပြန်လှည့်တောင်းရင် ကောင်းမလား။

အဲ့ဒီအချိန်မှာ ပုတုမအရွယ် အနွေးထည်ဝတ် ကလေးငယ်ကို ချီထားတဲ့ လင်မယားနှစ်ယောက် ရောက်လာပြီး ကျွန်တော့်နဲ့ အနီးဆုံးလို့ ပြောလို့ရတဲ့ စားပွဲမှာ ၀င်ထိုင်လိုက်တယ်။

“ ကြက်သားမြူဆွမ် တစ်ပွဲပေးပါ”

သူအော်ပြီး မှာလိုက်တဲ့ အသံက ကျွန်တော်ကိုယ်ကို မတ်သွားစေတယ်။ အဖေလုပ်သူ လက်ထဲက ကလေးက နေမကောင်းဘူး ထင်တယ်၊ အီနေတယ်။ ပုတုမကို ငုံ့ကြည့်လိုက်တော့ အပူရှိန်နဲ့ ပြန်မှိန်းနေပြီ။ ခဏနေတော့ အငွေ့ တထောင်းထောင်းထနေတဲ့ မြူဆွမ်ပူပူလေး ရောက်လာတော့ အမေလုပ်သူက အဖေဖြစ်သူ ပေါင်ပေါ်က ကလေးကို မြူဆွမ်မှုတ်ပြီး ချော့တိုက်လေတယ်။ ကလေးက လေးငါးဇွန်းလောက်လဲ စားပြီးရော အဖေ့ရင်ခွင်ထဲ ခေါင်းဖွက်ပြီး မစားချင်ဘူး ငြင်းတယ်။

ကျွန်တော့် ခြေထောက်မှာ ခြင်တွေ ၀ိုင်းအုံကိုက်နေတာတောင် ကျွန်တော် ခါမချမိတော့ပါဘူး။ ကျွန်တော့် မျက်စိနှစ်လုံးကလဲ မြူဆွမ်ပန်းကန်ကနေ မခွာနိုင်တော့ပါဘူး။ ကလေးမလေးရဲ့ လှုပ်ခါနေတဲ့ ခေါင်း၊ အဖေဖြစ်သူရဲ့ ချော့ကျွေးနေသံ၊ အမေလုပ်သူ လက်က မြူဆွမ်ဖတ်တွေနဲ့ ဇွန်း၊ ကျွန်တော် တစ်ခုမှ မျက်ခြေပြတ် မခံနိုင်အောင် လိုက်ကြည့်နေမိပါတယ်။

ကလေးကလဲ ဘယ်လို ကျွေးကျွေး နှုတ်ခမ်းကို တင်းတင်းစေ့လို့၊ မစားချင်ဘူးပဲ တွင်တွင် ငြင်းနေတယ်။ ကျွန်တော့် ရင်တွေ တထိတ်ထိတ်ခုန်လို့ ကျန်ပါစေ.. ကျန်ပါစေလို့ စိတ်ထဲက ဆုတောင်းနေမိတယ်။ တဆက်ထဲ လက်က အလိုလို ဘောင်းဘီခါးကြားထဲ ညှပ်ထားတဲ့ ပလပ်စတစ်အိတ်ကလေးကို ထုတ်ယူလိုက်မိတယ်။ အခြေအနေက ကျွန်တော် မျှော်လင့်ချက်လေးကို ရောင်ခြည် ပြန်သန်းလာစေပါတယ်။

“ သမီး မစားချင်လဲ ဇွတ်ကျွေးမနေပါနဲ့တော့ကွာ၊ မင်း စားရင် စားလိုက်လေ ”

“ ကျွန်မ ဒီလို မြူဆွမ်ပြုတ်တွေမှ မကြိုက်တာ၊ ရှင် သောက်ရင် သောက်၊ ပေး.. ကလေးကို… ကျွန်မ ချီထားပေးမယ်”

ကလေးကို အမေဖြစ်သူ လှမ်းယူအပြီးမှာ၊ အဖေဖြစ်သူက -

“ အများကြီး ကျန်နေတာ၊ အိမ်ကိုပဲ ပြန်ထည့်ယူသွားရင် ကောင်းမယ်၊ အိမ်ရောက်မှ ချော့တိုက်တာပေါ့၊ ကိုယ် ငွေသွားရှင်းရင်းနဲ့ ပါဆယ် ထည့်ခိုင်းလိုက်မယ်”

ကျွန်တော် နှေးလို့ မဖြစ်တော့ပါဘူး။ ကလေးအဖေ ထိုင်ခုံကအထ ပုတုမကို ခါးထစ်ခွင်ချီလျှက်က ကျွန်တော် စားပွဲအနား တိုးလိုက်ရင်း လက်ထဲက ပလတ်စတစ်အိတ် အ၀ကို ဖွင့်လို့ ထိုးပေးလိုက်မိတယ်။

“ အကျန်လေးများ ရှိရင် လှူပါခင်ဗျာ၊ ညီမလေး နေမကောင်းလို့ တိုက်ချင်လို့ပါ ”

ကျွန်တော့်အသံကြောင့် ပုတုမက မှိန်းနေရာက လန့်နိုးလာပြီး “ သာကု… ချာရယ်… ချာရယ်…” နဲ့ ရုတ်တရက် ထငိုလိုက်တယ်။ အနားကပ်လာတဲ့ ကျွန်တော်နဲ့ ငိုလိုက်တဲ့ ပုတုမအသံကြောင့် မိသားစုသုံးယောက်လုံးရဲ့ အကြည့်တွေက ကျွန်တော်တို့နှစ်ယောက်ဆီ ရောက်လာတယ်။ အဲ့ဒီ အချိန်လေးမှာပါဘဲ။ ချိန်ကိုက်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် လုံးဝကို မထင် ထားမိပါဘူး။ ကလေးအဖေရဲ့ လက်ထဲက မြူဆွမ်ပန်းကန်က ဘယ်ကနေ ဘယ်လို ဖြစ်မှန်းမသိ၊ မြေကြီးပေါ် လျှောပြီး ပြုတ်ကျသွားတယ်။ ပန်းကန်လုံးက ထူလို့ မကွဲဘူး။ ဒါပေမယ့် မြူဆွမ်ဖတ် ဖြူဖြူတွေက မြေကြီးပေါ်မှာ ဖွေးခနဲ ပျံ့ကျဲလို့။ ကျွန်တော်ကိုယ်တိုင် ပန်းကန်လုံးနဲ့အတူ မြေကြီးပေါ် ပြုတ်ကျသွားလိုက်သလို ခံစားလိုက်ရတယ်။

“ ဟာကွာ… သွားပါပြီ..၊ ငါ.. မင်းကို ထည့်ပေးတော့မလို့ ၊ နှမျောစရာ..”

ကျွန်တော့်ကို ကြည့်ရင်း ပြောလိုက်တဲ့ ကလေးအဖေရဲ့ ပါးစပ်က စကားက ကျွန်တော့် ရင်ကို ကျဉ်ခနဲ ဖြစ်သွားစေတယ်။ ကလေးအဖေက “ ပန်းကန်က ကျွန်တော့်ကြောင့် ပြုတ်ကျရတာပါ” လို့ ဆိုင်က လူတွေကို ရှင်းပြနေတယ်။ ပုတုမကို ကျွန်တော် တင်းတင်း ဖက်ထားလိုက်မိတယ်။ ဘယ်အချိန်က ချောင်းနေမှန်းမသိတဲ့ ခွေးဝဲစားတစ်ကောင်က ခေါင်းထိုးပြီး မြူဆွမ်ဖတ်တွေကို မြိန်မြိန်ယှက်ယှက် ၀င်စားနေတယ်။ ကြည့်လိုက်တော့ ဒီခွေးက ခုနက ကျွန်တော့်ကို မာန်ဖီထားတဲ့ ခွေး။ ဆိုင်က စားပွဲထိုးတွေက ကျွန်တော့်ကိုရော၊ ခွေးဝဲစားကိုရော မောင်းထုတ်နေတယ်။

ပုတုမက လန့်ပြီး အသံပြဲနဲ့ အော်ငိုလိုက်တယ်။ ကျွန်တော့် မျက်လုံးတွေက မြေကြီးပေါ်က မြူဆွမ်ဖတ်တွေကနေ ဘယ်လိုမှ ခွာလို့ မရဘူးတော့ဘူး။ ကျွန်တော် ခြေထောက်တွေကလည်း နေရာကနေ တစ်လက်မမှ ရွေ့လို့ မရတော့ဘူး။ မြိန်ရေယှက်ရေ စားနေတဲ့ ခွေးဝဲစားကို ကြည့်ပြီး ကျွန်တော့် စိတ်ထဲမှာ မနာလိုစိတ်တွေ တဖွားဖွား ဖြစ်နေတယ်။ ရင်ထဲမှာ နှမျောစိတ်နဲ့ နာကျင်နေတဲ့ကြားက ဘုန်းကြီးတရားပွဲက တရားဟောသံကို ကျွန်တော် ကြားလိုက်တယ်။

“ မရှိလို့ မလှူ၊ မလှူလို့ မရှိနဲ့ သေရင် ကိုယ်နဲ့အတူ ဘာပါလို့လဲ၊ အကုန်ထားခဲ့ကြရတာ၊ လှူတဲ့ နေရာမှာလဲ စိတ်ထားတတ်ဖို့ လိုသေးတယ်၊ ညောင်ပင်ကြီးလောက်လှူပြီး ထားတဲ့စိတ် မမှန်လို့ ညောင်စေ့လောက်မျှ ကုသိုလ်မရသူတွေ မဖြစ်စေနဲ့၊ ညောင်စေ့လေးလောက် လှူပေမယ့် လှူတဲ့အချိန် ထားတဲ့စိတ်ထား မှန်ရင် မွန်မြတ်တယ်၊ ကုသိုလ်ရတယ် ”

ပုတုမရဲ့ မျက်ရည်ချေးကြောင်းမျက်နှာကို ကြည့်ပြီး ကျွန်တော့် ပါးစပ်က ပြောလိုက်မိတယ်။

“ ငါတို့လဲ ဒီနေ့ ဟိုခွေးကို လှူလိုက်တယ်လို့သာ သဘောထားလိုက်တော့ ညီမလေးရေ”Link

"၀ါး"......

စူးစူးဝါးဝါး အော်ငိုလိုက်တဲ့ ပုတုမရဲ့ အသံက ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဆူဆူညံသွားတော့တယ်။ ဟာနေတဲ့ ၀မ်းဗိုက်နှစ်လုံးကို သယ်ဆောင်လို့ နေရာကနေ ကျွန်တော်တို့ လှည့်ထွက်ခဲ့တယ်။ ကျွန်တော့်စိတ်ထဲ ဒီညမှ ပိုမည်းမှောင်နေသလိုပဲ။

မြသွေးနီ


ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

No comments:

Post a Comment