ကု မ္ဘဏ်ကြီး

၁။
မြစ်ကမ်းပါး ရွာတွေဖြစ်တဲ့ သည်နှစ်ရွာကို ရှေးက နှောတော ခေါ်ခဲ့ကြတာပါ။
နှောတော တစ်ရွာတည်း ရှိခဲ့ရာက ရွာလယ်ချောင်းကို မြစ်ရေ ၀င်တော့ ကမ်းပါးတွေ ချိုင့်ချိုင့် ပြိုလိုက်တာ ရွာလယ်မှာ ထူးပေါက် ချောင်းကြီး ပေါ်လာခဲ့တယ်။ သဘာဝက တူးလို့ ဖော်လို့ ဖြစ်ရတဲ့ ထူးပေါက် ချောင်းကြီးက နှစ်စဉ် မြစ်ရေ ၀င်ပြန်တော့ နှစ်ဖက်ကမ်း ပြိုရာက ရွာတောင်ခြမ်းက တောင်ဘက်တိုး၊ ရွာမြောက်ခြမ်းက မြောက်ဘက် ဆုတ် ဖြစ်ရရော။ မုန့်ပျားသလက် တစ်ချပ် အလယ်က ဆွဲဖဲ့ပြီး တစ်ခြမ်းစီကို ခပ်ဝေးဝေး လွှင့်ပစ် လိုက်သလို ရွာနှစ်ရွာ ခြားသွား လိုက်တာ ဇာစ်မြစ် မသိရင် တစ်ရွာစီ ထင်ကြဖို့ ရှိတာပါ။ ထင်လည်း ထင်ကြတာပါပဲ။
နောင်ခေတ်တွေမှာ မြစ်ရေက သူ့နဖူး သူကျော်တယ် တစ်နှစ်မှ မရှိခဲ့ လေတော့ တစ်ခါက ရွာနှစ်ခြမ်း ဖြန်းဖြန်းကွဲခဲ့ ရပုံဟာ နောက်ပေါက်တွေ အဖို့ရာ ဒဏ္ဍာရီတောင် ဖြစ်ရတယ် ပြောပါတော့။ တစ်ရွာတည်း တည်စဉ်က ရွာလယ်ချောင်း ဆိုတာ မြစ်ရေကြီးခါ မြစ်ရေ၀င်မှ ရေရှိတဲ့ ချောင်းပါ။ ရေမရှိတဲ့ အခါ ချောင်းက ချောင်းတိမ်ဆိုတော့ သည်လို ကူးခဲ့ကြတာပါပဲ။ ရေ၀င်ချိန် ဆိုရင်တော့ ၀ါးတံတား ထိုးပေါ့။ ထူးပေါက်ချောင်းကြီး ပေါ်လာတဲ့ အခါမှာတော့ ၀ါးတံတားလောက်နဲ့ မရတော့ဘူး။ ချောင်းတိမ် မဟုတ်တော့လို့ ချောင်းထဲက ဆင်းကူးချင် လို့လည်း မဖြစ်တော့ဘူး။
သည်တော့ နှစ်ရွာကူး ဖြစ်အောင် သစ်သား တံတားကြီး ထိုးရတယ်။ လှည်းပါ ကူးလို့ရအောင် ထိုးရတာ ဆိုတော့ တံတား တောင့်တောင့်ကြီးထိုး ရတာပါ။ တံတားကို နှောတော တံတားပဲ ခေါ်ကြတယ်။ တစ်ရွာတည်း တည်ရာက တစ်ရွာ့ နှစ်ရွာဖြစ်ရ၊ တစ်ကိုယ့် နှစ်စိတ်ဖြစ်ရတာ အကြောင်း မဟုတ်ပေသိ ရွာနာမည်တော့ ခွဲခေါ်ကြရပြီ။ အထက် နှောတောတဲ့။ အောက်နှောတောတဲ့။ ရွာဘေးက စီးနေတဲ့ မြစ်မကို မှီပြီး မြစ်အထက်ရွာ၊ မြစ်အောက်ရွာ ရယ်လို့ ဖြစ်လာတာပါ။ သည်အထိက ပြဿနာ မရှိဘူး။ ပြဿနာက ရွာဦး စေတီနဲ့ ဘုန်းကြီးကျောင်းက မြစ်အထက်က နှောတောမှာ ကျန်ရစ်ခဲ့တော့ အောက်နှော တောရွာက ရွာဦး စေတီတစ်ဆူ မတည်မဖြစ် ထတည်ရတယ်။ ကိုးတောင် ပြည့်စေတီ ကလေးပါ။
ဘုန်းကြီးကျောင်းလည်း သည်လိုပဲ ရွာကပဲ ဆောက်လှူကြတယ်။ ကိုယ့်ဘုရားနဲ့ ကိုယ့်ဘုန်းကြီး ကျောင်းတော့ဖြစ်ပြီ။ ပြည့်စုံပြီလား ဆိုတော့ မပြည့်စုံ သေးဘူး။ ရွာပိုင်ပြိုင်လှေ တစ်စင်းကလည်း ရှိရဦးမှာကိုး။ အရင်က နှောတောရွာမ ပြိုင်လှေကြီး “စိန်ဒုံး” ရယ်လို့ တစ်စင်းတည်း ရှိခဲ့တာပါ။ နှောတောပြိုင်လှေ ဆိုရင် စိန်ဒုံးပဲ။ စိန်ဒုံးက ရွာပိုင် လှေပဲ။ အခုတော့ ဘုန်းကြီး ကျောင်းအောက်ထားတဲ့ ပြိုင်လှေကြီး စိန်ဒုံးကို တစ်ခြမ်းစီ ဖြတ်ယူလို့လည်း မဖြစ်တော့ အောက်နှောတော ရွာက ပြိုင်လှေတစ်စင်း ရှိရတော့မယ်။ ပြိုင်လှေတစ်စင်း စပ်ရတာ သူ့ခေတ်သူ့အခါ မခက်ပါဘူး။ လုံးပတ်ကောင်းကောင်း၊ ပင်ရိုးဖြောင့်ဖြောင့် ကျွန်းပင်တစ်ပင်၊ နှစ်ပင်ရှာရင် ဖြစ်ပါရဲ့။
ဒါပေသိ စိန်ဒုံးဆိုတဲ့ ပြိုင်လှေနာမည် ကိုတော့ ခွဲလို့စိတ်လို့ မဖြစ်ဘူး။ စိန်ဒုံးဟာ မူလ နှောတောရဲ့ ဘုံအမှတ် တံဆိပ်၊ နှောတောရဲ့ ဘုံဂုဏ်သိက္ခာ အဖြစ် ရင်စူးရင်ချွန် တစ်သက်လုံး ရှိခဲ့ ကြသူတွေဟာ ရွာနှစ် ခြမ်းကွဲလို့ လှေစွဲလည်း နှစ်ခြမ်းကွဲတယ် အဖြစ် မခံချင်ဘူး။ ရွာဦး စေတီတည် ရတုန်းက တည်ပေါ့။ ရွာရှိမှတော့ ဘုရား စေတီ ကလေးနဲ့မှ တင့်တယ် ပေမပေါ့။ ဘယ့်နှယ်မှ မနေဘူး။ ဘုန်းကြီးကျောင်း တစ်ကျောင်း ရွာ့ကုသိုလ်ရယ်လို့ ဆောက်လှူ ရတုန်းကလည်း ဘာပြဿနာမှ မရှိဘူး။ ပြိုင်လှေကျမှ အခက် တွေ့ကြ ရပြီ။ အထက်နှောတော ကလည်း သူတို့ရွာမှာ ကျန်ရစ်ခဲ့တဲ့ ပြိုင်လှေ စိန်ဒုံးကို အပိုင် ယူလိုက်ကြပြီ။
အောက်နှော တောကလည်း စိန်ဒုံးပြိုင် လှေဟာ သူတို့နဲ့လည်း ဆိုင်ခဲ့ဖူး တယ်ဆိုတဲ့ အစွဲကလည်း မပြုတ်ကြ ဘူးကိုး။ ဒါဖြင့် စိန်ဒုံးကို နှစ်ရွာပိုင် ပြိုင်လှေအဖြစ် ထားကြ ပါလားဆို တော့လည်း နှစ်ရွာစလုံးက ဘ၀င်မကျ နိုင်ကြတာတွေ ဖြစ်လာတယ်။ လှေကြောင့် စိတ်ဝမ်းကွဲ ကြရသလို ရှိကြရပြီ ပြောပါတော့။ အထက် နှောတောသား တွေကတော့ သူတို့ရွာမှာ ငုတ်တုတ်ဆိုတော့ အပေါ်စီးကပေါ့။
“ဟ- စိန်ဒုံးကို ငါတို့က အပိုင် သိမ်းသာမှ မဟုတ်သာကွာ၊ ဘုန်းကြီးကျောင်း အောက် နဂိုရှိပြီး သားဟာကို မင်းတို့လို ချင်ရင် ဘုန်းကြီးကျောင်းပါ တူးရွှေ့ကြ လေကွာ။ မင်းတို့နှယ်-ငါတို့က စကားကတ်သာ မဟုတ်ပါဘူး။ နိယာမ ပြောသာပါ။ မင်းတို့လည်း ပြိုင်လှေ တစ်စင်းစပ်ကြပေါ့။ ဒါရှိသာပဲ”
သည်စကား ကြားတော့ အောက်နှောတော သားတွေက မခံချင်ကြဘူး။ စိန်ဒုံးပြိုင်လှေ သူတို့ရွာ ကျန်ရစ်ခဲ့တာနဲ့ပဲ စကားအရာ လူဝါးဝ ကြတယ်လို့ တွက်ကြတယ်။
“ငါတို့ကကော ဘယ်ရွာသား မို့လို့တုံးကွ၊ ဘိုးများဘွားများ လက်ထက် အဆက်ဆက် နှောတောနဲ့ စိန်ဒုံး ကိုယ့်ရွာနဲ့ ကိုယ့်လှေ တစ်သက်လုံး မက်စက်ခဲ့ကြသာ၊ နှစ်ရွာကွဲမှ မင်းတို့က မင်းတို့လှေ စုတ်စုတ်ကန်း ဖြစ်ရကောလား၊ နှောတောလို့ ပြောရင် စိန်ဒုံးပဲ၊ စိန်ဒုံးလို့ ပြောရင် နှောတောပဲ။ အခုမှ မင်းတို့က ဂဠုန်ပြည် ဂဠုန်ပဲ၊ နဂါးပြည် နဂါးပဲ မလုပ်ချင်စမ်း ပါနဲ့ကွာ”
“ကောင်းသာကတော့ စိန်ဒုံးပြိုင် လှေကြီးကို အထက် နှောတောခြောက်လ၊ အောက်နှောတော ခြောက်လ ထားချင်သာပဲကွာ၊ ငါတို့ရွာလည်း ဘုန်းကြီးကျောင်း ရှိပြီပဲဟာ”
“လွယ်မှတ်လို့ကွာ၊ ပြိုင်လှေများ မင်းတို့က ဆက်ရက်များ၊ ကျီးကန်းများ မှတ်လို့၊ ကောက်ခနဲ ထပျံဖြစ်သာမှ မဟုတ်သာ၊ လှေပြိုင်ပွဲတွေ ရှိလာတော့ ဘယ့်နှယ် လုပ်ပါ့မတုံး။ သူ့ရှိရင်းစွဲ နေရာဖာသာ နေစမ်းပါစီ”
စိန်ဒုံးကို သူ့ရွာ ထားထိုက်တယ်၊ ကိုယ့်ရွာ ထားထိုက်တယ် ငြင်းကြ ခုံကြရာက နှောတောစိတ် တစ်စိတ်တည်း ရှိခဲ့ ကြသူတွေ စိတ်နှစ်ခြမ်းကွဲ လာကြတယ်။ နှစ်ရွာ ဆရာတော်များ အမှူးပြုပြီး နှစ်ရွာအစည်း အဝေး ခေါ်ရတဲ့ အထိ ဖြစ်လာရော ပြောပါတော့။ နှစ်ရွာ စိတ်ဝမ်း ကွဲသည်ထက် ကွဲလာမှာကို ဆရာတော် နှစ်ပါးကလည်း ကြောင့်ကြ တော်မူကြတယ်။ နှစ်ရွာ ကိုယ်စား လူကြီးတွေ ပြောကြဆိုကြ၊ ငြင်းကြခုံကြ တာတွေကို နားထောင်ကြည့် တော့လည်း စိန်ဒုံး ပြဿနာက မကျေလည်ဘူး။
သည်တော့နှောတော ရွာမကျောင်း ဆရာတော် ကပဲ ဆုံးဖြတ်ပေးတယ်။
“ကိုင်း ကိုင်း၊ မင်းတို့ ဟာက လှေကို အကြောင်းပြုပြီး တစ်ရွာ့ မျက်နှာတစ်ရွာ မကြည့်ချင် သာတွေ ဖြစ်လာရင် မကောင်းပါဘူး။ ဘယ်လဲ ညာထောင် ဥစ္စာပြောင်၊ ညာထောင်ဘယ်လဲ ဥစ္စာမွဲဆို သာလို ဘယ်ဘက်မှ လိုက်လို့လည်း မကောင်းလေတော့ ဘုန်းကြီးတော့ သည်လို စဉ်းစားသယ်”
“မိန့်ပါဘုရား”
“နှောတော တစ်ရွာတည်း ရှိခဲ့တုန်း ကတော့ စိန်ဒုံး ပြိုင်လှေကြီးဟာ မူလအရင်းခံ နှောတောလှေ ပေါ့ကွာနော။ အခုတော့ နှစ်ရွာ ကွဲရတော့ ကြက်သွားရာ မြားပါသလို ဖြစ်ကရော့မယ်။ သည်တော့ စိန်ဒုံးကို နေမြဲအတိုင်း ကျောင်းအောက်မှာပဲ ထားလိုက်ကြတော့။”
အထက်နှော တောကလည်း ပြိုင်လှေ တစ်စင်းစပ်ကြ။ အောက်နှော တောကလည်း ပြိုင်လှေတစ် စင်းတည်ကြ၊ ကိုယ့်ရွာလှေ ကိုယ်နာမည် ပေးကြလကွာ” သည်လို ဆိုတော့လည်း နှစ်ရွာစလုံးက ကျေနပ် သွားကြတယ်။ သည်တော့ အထက်နှောတော ကလည်း လှေတစ်စင်း စပ်ဖို့ စဉ်းစားရပြီ။ အောက်နှောတော ကလည်း ပြိုင်လှေတစ်စင်း တည်ဖို့ တွက်ကြရပြီ။ ကိုယ့်ရွာနဲ့ ကိုယ့်လှေ၊ ကိုယ့်လှေနဲ့ ကိုယ့်နာမည် လုပ်ကြရုံပေါ့။
၂။
ဟိုတုန်း ဟိုခါက မြစ်နားတန်း ရွာတွေမှာ ပြိုင်လှေကြီးတွေ တစ်ခေတ်ထ ခဲ့တာလည်း အမှန်ပါ။ မြစ်နားတစ်လျှောက် ပြိုင်လှေ မပိုင်တဲ့ ရွာရယ်လို့ အရှားသား။ တစ်ရွာတစ်စင်း ရှိကြသလို ကိုယ့်ရွာလှေကိုယ် အင်မတန် မက်စက်ကြတယ်။ များသောအားဖြင့် ရွာဘုန်းကြီးကျောင်း အောက်မှာထားလေ့ ရှိကြတဲ့ ပြိုင်လှေကြီး တွေဟာ အခါရာသီ မဟုတ်သရွေ့ စန့်စန့်ကြီး ကျောခင်းနေတဲ့ ကင်းခြေများ တစ်ကောင်လို ရှိနေတာပါပဲ။ ဘုန်းကြီး ခရီးကြွရင် စီးလေ့ရှိတဲ့ လှည်းယာဉ် တစ်စင်းနဲ့ ပြိုင်လှေ တစ်စင်းဟာ ကျောင်းအောက်မှာ ရှိနေကျ။ ရေကြီးခါ သုံးတဲ့ ဆွမ်းခံလှေ ကလေး တစ်စင်းလည်း ရှိတတ်တာပါပဲ။ ဧရာဝတီမြစ် ရေတိုးပြီ ဆိုရင် ရွာထဲမှာ ဒူးလယ်ပေါင်လယ် ရေရှိတတ်တော့ ဆွမ်းခံလှေ ကလည်း မရှိလို့ မဖြစ်ဘူး။ မောင်ကျောင်းသားနဲ့ ကိုရင်တွေ ရွာ့အိမ်ပေါက်စေ့ လှေဦးတိုက် ဆွမ်းခံ ကြရတာကိုး။
ပြိုင်လှေကြီး တွေကတော့ မြင်းခြံနယ် မြစ်ရိုးတန်းမှာ တိုင်းပေါက်ပြည်ပေါက် တွေပေါ့။ ပြိုင်လှေကောင်း တစ်စင်းရှိတဲ့ ရွာကလည်း အလိုလို ရွာ့နာမည် ထွက်လာ တော့တာပဲ။ ပြိုင်လှေကချည်း ကောင်းလို့ မဖြစ်ဘူး။ လှေသားတွေ ကလည်း အတွေ့အကြုံကြီး ကြရတယ်။ သည်တော့ ပြိုင်လှေကောင်း ရှိတဲ့ ရွာနာမည် ထွက်တာ ရွာသား တွေအတွက် ဂုဏ်လုပ် စရာဆိုလည်း ဟုတ်တယ်။ သူ့လှေနဲ့ သူ့ရွာ အလောင်း အစားတွေ ကလည်း အလွန်ကောင်းကိုး။ ၀ါဆို၊ ၀ါခေါင်၊ တော်သလင်း လတွေမှာ မြစ်ရေက ဖောင်ဖောင်တိုး ပါပြီ။ ရေကြီးခါများ ရောက်ရင် လှေပွဲတွေ ဟိုကသည်က အသံတွေ ကြားကြရပါပြီ။
တော်သလင်းရေ ကမ်းဦးတိုက်မှာ လေမိုးကလည်း ငြိမ်ပြီ။ လှေရွာတွေ ကတော့ ခြိမ်းခြိမ်းသည်းသည်း ရှိကြသလောက် လှေစွဲကလည်း ကြီးကြတယ်။ တချို့ရွာတွေက ဘိုးစဉ်ဘောင်ဆက် ရှိခဲ့တဲ့ ရှေးလှေကြီး တွေနဲ့ပဲ ပြိုင်ကြတယ်။ ပြိုင်လှေအလျား ခုနစ်လံ၊ ရှစ်လံ၊ ကိုးလံရှိတဲ့ လှေကြီးတွေပေါ့။ လှော်သားကလည်း လှေပေါ်လိုက်လို့ မနည်းဘူး။ သူ့ရေချိန် နဲ့သူ။ လူနဲ့ပြောရင် တစ်ကျိပ်ခွန်၊ တစ်ကျိပ်ရှစ် ဆိုတာကနေ သုံးကျိပ်ခွန်၊ သုံးကျိပ်ရှစ် လှော်ကြတဲ့ လှေကြီးတွေ။ တချို့ ရွာတွေမှာ လေးကျိပ်လွန် လှေကြီးတွေတောင် ရှိတတ်တယ်။ လှေခုတ်ရွာက မာဃလှေ၊ ပန်းညိုက သိင်္ဃ၊ နဂါးပေါက်က သိန်းကြီး၊ မီးလောင်ကျွန်းက မှန်ကျား၊ ဧရွာက ရတနာ စိန်မြား၊ ဘောလုံးရွာက ပြေသိမ်း၊ လေးအိမ်တန်းက ဓူဝံ၊ ဆမိတ်ခုံက မြီးကား၊ ရေစကြိုနယ် ကျောက်ဖူးရွာက ကျားကြီး စသည်ဖြင့် ပြိုင်လှေတွေ ဆိုတာ စာရင်းချ မဖြစ်ဘူး။
“ကျုပ်တို့တော့ ကျောက်ဖူးက ကျားကြီးလို မောင်းဆိုင်း တင်တီးလို့ ရတဲ့ လှေဖြစ်ချင် သာပဲ၊ အသစ် ခုတ်ရမှတော့ ဂုဏ်မငယ်ချင်ဘူး။ စကျင်း ရှစ်လံလောက်၊ ၀မ်းကျ နှစ်တောင်မိုက်လျော့ လောက်နဲ့ တက်မရှင် လှေဆိုရင် ဘယ့်နှယ်တုံး”
“ပြိုင်လှေများတော့ ရှေးစကား ရှိသာကောကွ၊ ဦးမှာ ကြက်ရင်၊ ၀မ်းမှာ ၀က်ကျော၊ ပဲ့တော့ ဆန်ကောဆိုသာ။ ကြက်ရင်များလို ဘယ်တစ်ခြမ်း ညာတစ်ခြမ်းမောက် မောက်ကလေး သွားစုမှ ရေတိုက်အား ကောင်းသာ။ လှေဝမ်းမတော့ ၀က်ကျော ကုန်းလို အဟိုက် ရှပ်ရှပ်က လေးဖြစ်မှ ကောင်းသယ်။ ပဲ့ ကတော့ ဆန်ကောများလို ပြားနေမှ အထိုင်ငြိမ်သယ်။လှေခုတ်ဆရာ လှေစပ်ဆရာ ကောင်းမှ ဒါမျိုးဖြစ်သာ”
“ခတ်လူသာ ပဓာနပါ မောင်ရာ၊ စကျင်း ကိုးလံနဲ့ နှစ်တောင်ရှိတဲ့ လှေပင် ဖြစ်ပါဦးတော့ ရေချိန်ကိုက်ပြီး ပြိုင်ရသာကွာ။ လူသာ လိုရင်းပါ။ တက်မကိုင်ကောင်း၊ ဦးစီးကောင်း၊ တက်စီးကောင်းရင် မင်းရှိသာ ပုံအောတော့။ တက်စီးထဲတော့ ဟောသည်နား တစ်ဝိုက် သံဆော်သံတိုင် ကောင်းတဲ့ ကျောက်ခဲမီသူ မရှိဘူး။ တို့ ရွာက အဲသာလိုသာ”
“ရေချင်းတူ လို့ကတော့ နှစ်လား လုပ်မနေနဲ့၊ လားချင်း သေသာချတော့။ ရှုံးလည်းတစ်လား၊ နိုင်လည်းတစ်လား၊ လားချင်း ပြီးသာပဲ။ တောင်ရေ ခုနစ်တောင်လောက် ငေါက်ငေါက်ပါအောင် လှေရေသာ နှစ်လားဆိုတော့ ပန်းသယ်”
“တစ်လှေ့ တစ်လှေ သျှောင်တစ်ဖျား၊ ဦးတစ်တုံး စာထက် မပိုကြပါဘူးကွာ။ မုံးအ၀င် ပန်းဆွတ်တဲ့ ကောင်က အခရာပါ။ပန်းဆွတ်များ တော့ ငါကြည့်ဖူးလှပါပြီ။ သန်းကျော် မီတဲ့ကောင် မတွေ့ ဖူးသေးဘူး။ သည်ကောင် ပန်းချော်သယ် မရှိဘူး။ ပန်း ဆွဲရေကျ မရှိဖူးဘူး” လှေရွာတွေမှာ လူထူထူ စုမိရင် လှေစကားကြားရတာ များတယ်။
လှေပြိုင်ပွဲတွေနီး လာလေ လှေစကားတွေ ပိုကြားရလေ။ လှေတိုက်သံတွေ ညံလာလေ။ လှေတိုက် တယ်ဆိုတာက ဘယ်ရွာက ဘယ်လှေ၊ ဘယ်အတိုင်း အထွာ၊ ဘယ်လိုလူတွေလှော် တယ်၊ ဘယ်သူတွေက ဘယ် လိုတော်တယ်၊ ဘယ်လှေက တော့ ဗူးဖောက်ချင်တယ်၊ လှေပြိုင်တုန်း လှေချင်းကပ်ပြီး ညစ်ချင်တယ် စသည်ဖြင့် လှေတကာနဲ့ စပ်သမျှ ပါးစပ်နဲ့ အနိုင်ယူ ကြတာကို ပြောတာပါ။
“မင်း မနှစ်က မှတ်မိလား။ ငမောက်လှေက လှေပါး၊ ပတ္တမြားက လှေထူ၊ ပတ္တမြားက ယက်ဒဏ်ခံနိုင် တော့ ငမောက်နဲ့ ဇွတ်ကပ် သာ၊ ငမောက်က ယက်ဒဏ် လှိုင်းဒဏ် မခံနိုင်တော့ ပတ္တမြားနဲ့ ခွာလှော်တော့သာ”
“ပတ္တမြားက လှေထူသာ ဆိုသယ်။ တယ်ပြီး လူးသာကိုးကွ။ တက်မချိန်တတ် လို့ပေါ့။ လှေလှော်တဲ့ လှော်သားကလည်း သတ္တိရှိ မှကွ။ တချို့က လှေပေါ် ရောက်သာနဲ့ ဒူးများ တုန်နေတော့သာ”
ရွာအချင်းချင်း ပြောကြ ဆိုကြတဲ့ အထဲမှာ နှောတော လှေနှစ်စင်း အကြောင်းလည်း ပါလာရ ပြီပေါ့။ အထက်နှော တောက ပြိုင်လှေတစ်စင်း၊ အောက်နှောတောက ပြိုင်လှေတစ်စင်း ခုတ်ကြတော့ မလို့တဲ့ သတင်းက မောင်းမခတ် ရဘဲ ပြန့်နေပါပြီ။ ဆမိတ်ခုံ ဈေးလိုက်တဲ့ ဈေးဝယ်တွေက နှောတော နှစ်ရွာက လှေနှစ်စင်း အကြောင်း ကြားကြရာက ကိုယ့်ရွာကိုယ် ရောက်တဲ့အခါ သတင်း ဖောက်သည် ချကြတယ်။ အထက်နှောတောမှာ ကလေးတွေက ခေါင်းထဲရှိတာ ရွတ်ကြရာက တဘောင် ပေါ်နေသတဲ့။
“စကျင်းရှစ်လံ၊ ငှက်မြီးခံ၊ မြင်းပျံ ခြခြကွဲ” တဲ့။ စကျင်းဆိုတာ လှေအလျားကို ပြောတာပါ။ ငှက်မြီးခံ ဆိုတာက လှေပဲ့ပိုင်းက အခွက်ကလေးကို ခေါ်ကြတဲ့ အခေါ်ပေါ့။ အခွက်ကလေးရဲ့ အထက်နဲ့ အောက်မှာ စကရွက် (စကားရွက်) နဲ့ စကညှောင့် (စကားညှောင့်) ဆိုတာ ပါသေးတယ်။ စကျင်းရှစ်လံနဲ့ ငှက်မြီးခံပါတဲ့ လှေစပ်ရင် နတ်မြင်းပျံတောင် မခံနိုင် ဘူးပေါ့။ အထက် နှောတောမှာ သည်လို တဘောင်ပေါ်တယ် ဆိုတော့ အောက်နှောတော ကလည်း တဘောင် လိုလိုစပ်ပြီး သတင်းလွှင့် ပြန်တယ်။ နတ်ကတော် အိပ်မက် မက်တယ်ပေါ့လေ။
“အောက်နှောတောက နတ်ကတော် မကြိုးကြာ အိပ်မက်မက်သာတဲ့။ ညကြီးသန်းခေါင် အောက်နှောတော ရွာဆိပ်ကို ကုန်လှေတစ်စင်း လာကပ်သတဲ့။ လှေကြီးနောက်မှာ ပြိုင်လှေတစ်စင်း တွဲလို့တဲ့။ ပြိုင်လှေကြီးက စကျင်ကိုးလံလောက်၊ ၀မ်းဗြက် တစ်တောင့်ထွာလောက်နဲ့တဲ့တော်။ လှေဦးမှာ မျက်လုံးကြီး နှစ်လုံးကလည်း ပြူးပြူးပါလို့ အရောင်တွေတောင် ဖျိုးဖျိုးဖျင်းဖျင်း ထွက်နေသာတဲ့။ လှေပိုင်ရှင်က ပြိုင်လှေကို တွဲထားရာက ဖြုတ်ပြီး ရွာဆိပ်မှာပဲ ချည်ထားခဲ့သာတဲ့။ သည်လှေကို နတ်လှော်လှေ ခေါ်ကြသာတဲ့။ မကြိုးကြာက နိုးနိုးချင်း သည်အကြောင်း ရွာထဲ လျှောက်ပြောနေတော့သာတဲ့ တော်၊ ကိုင်း” ဟုတ်လေသလား၊ မဟုတ်လေ သလားတော့ မသိဘူးပေါ့။ သည်စကား ကလည်း လှေရွာတွေဘက် ထိုထိုပေါက် ရောက်သွားလိုက်တာ တချို့လည်း ယုံကြ၊ တချို့လည်း မယုံကြ ဘူးပေါ့လေ။
ဒါပေမဲ့ နှောတော နှစ်ရွာမှာ တကယ် ဖြစ်ခဲ့တာတော့ ရှိတယ်။ နှောတော တစ်ရွာတည်းတုန်းက နှောတောလှေ စိန်ဒုံးကို လှော်ကြတဲ့ လှော်သား တွေထဲမှာကိုပါ နောက်ဆိုတဲ့ လူက ပန်းဆွတ် အင်မတန် ကောင်းတယ်။ နှောတော နှစ်ရွာကွဲတော့ ကိုပါနောက်နဲ့ မကြောင်မ လင်မယားက အထက်နှောတောမှာ တစ်ဝမ်းတစ်ခါး လုပ်ကိုင်စားကြတယ်။ ကိုပါနောက်က ဖောင်သမား ဆိုတော့ သစ်ဖောင်တွေ နောက်လိုက်တဲ့အခါ လိုက်တယ်။ မကြောင်မက ရွာမှာပဲ ပဲရိတ် နှမ်းရိတ်ပေါ့။ သားသမီးကလည်း မရှိတော့ သည်လို နေကြတာပါပဲ။ ကိုပါနောက် ဖောင်လိုက်ပြန်လာလို့ နောက်ထပ် အလုပ်က မခေါ်မချင်း ရွာမှာပဲ လင်မယား နှစ်ယောက် အတူ နေကြတယ်။
ကိုပါ နောက် ပန်းဆွတ်ကောင်းမှန်း သိတော့ အောက်နှောတောက မကြောင်မ မိဘများက ငါ့သမီးနဲ့ ငါ့သမက်တို့နဲ့ အတူ လာနေလှည့် ခေါ်ပါရော။ မိဘက ခေါ်တော့ လင်မယား နှစ်ယောက် အောက်နှောတော မှာ နေဖြစ်ကြတယ် ပြောပါတော့။ ဒါပေမဲ့ သည်ကိစ္စဟာ ရိုးရိုးသားသား ကိစ္စ မဟုတ်ဘူး ဆိုတာ အထက်နှောတော သားတွေက သိတယ်။ ပန်းဆွတ်ကောင်းတဲ့ ပါနောက်ကို သက်သက် တစ်ဖက်လှည့်နဲ့ ခေါ်တာပေါ့လေ။ ပါနောက်ခမျာ မယား မျက်နှာကလည်းရှိ၊ ယောက္ခမတွေ ကလည်း တင်ကျွေးထားတာ ဆိုတော့ အောက်နှောတော နေရတာပါပဲ။ အထက်နှော တောသားတွေက ပါနောက်နဲ့ ကြောင်မကိုတို့ ရွာလာနေပါ။
တို့ကလည်း ကျွေးနိုင်ပါတယ် ဖြစ်ကရော။ သည်မှာတင် နှစ်ရွာ စကားများ ကြပြန်တယ်။ ကိုပါနောက် တို့ကတော့ မပြန်ပါဘူး။ ယောက္ခမထက် ဘယ်သူက ပိုပြီး သေချာဦးမှာတုံးပေါ့လေ။ သည်လိုသာ ဖြစ်နေတာပါ။ နှစ်ရွာစလုံး ပြိုင်လှေမရှိ ကြသေးဘူး။ လှေခုတ် လက်သမား ရှာကြတုန်း။ မင်္ဂလာသစ် ရှာကြတုန်း။
၃။
အထက် နှောတောက လှေစပ်မယ့် ကျွန်းသစ် ကောင်းကောင်း ရှာဖို့အထက် မလည်ဘက် လူလွှတ်ရတော့ မှာဆိုတော့ သူကြီး ကိုမှန် ရောင်ကရွာသားထဲက တောင့်တောင့် နှစ်ယောက်၊ သုံးယောက် ရှာနှင့်ရတယ်။ လှေစပ်မယ့် သစ်က သစ်ကောင်း သစ်ညွန့် ဖြစ်ရတာ ဆိုတော့ သစ်အကြောင်း နားလည်တဲ့ ဦးကျားသိုး ကပဲ ပြောပြရတယ်။ “သစ်က အလုံးအထည် ကလည်းကောင်းမှ၊ သစ်က လည်းဖြောင့်မှ၊ အမျက်အဆန် ပျားထိုးပိုးထိုးကလည်းနည်းမှ မအိုးခြမ်းခွဲလို့ ကောင်းသာ။သစ်လုံးကြီးကို ထက်ခြမ်း ဟက်တက်ခွဲ ရသာ။ ဦးတုံး၊ ပဲ့တုံး နှစ်တုံးခုတ်နှင့် ရသယ်။ပြီးမှ ဧရာပြားပေါ် လောင်းထောင်ပြီး တကူစပ် တွဲယူရသယ်။ လှေသမားတွေ ထိုင်ဖို့ ပန်းကန်ထောက်တွေ ထည့်ရသယ်”
ဦးကျားသိုး ကလည်း တစ်ချိန်က လှေလှော်သား တစ်ယောက်ဆိုတော့ ပြိုင်လှေ အကြောင်းတော့ လာခဲ့ထဲကကိုး။ ပြိုင်လှေစပ်ပြီးရင် ဦးကနေ ပဲ့အထိ ကြိမ်ကျစ် ကြိုးတောင့်တောင့် ထည့်ရတာက အစဦးနဲ့ပဲ့ အလိုက်သင့် ကော့ကော့လေး နေအောင် ထိန်းပေးရတဲ့ ရွတ်လို့ခေါ်တဲ့ ကြိုးထည့်ရတာ အဆုံးပတ် မလုံးစုံ အကုန် နားလည်တယ်။ “ရေကျော်သစ်၊ ခွံဝှက် သစ်၊ အူနာသစ်၊ နွယ်ပတ်မီး ကျော်သစ်၊ သစ်ချောင်းကူး၊ သစ်လမ်းကူး၊ ဘီလူးကျော် နတ်ကျော် သစ်များတော့ သတိထားကြကွာ ငါ့တူများ၊ အရင်းအဖျား ကွာလွန်းတော့လည်း မကောင်းဘူး။ သစ်ဖို၊ သစ်မမှာ သစ်မ မဖြစ်စေနဲ့။ တောမီးလောင်လို့ ကျန်တဲ့ သစ်လည်း ဖြစ်နေဦးမယ်။ ခင်ပုပ်နား၊ လင်းတနား၊ ကျီးနား၊ စွန်နားများ ရှေးကလူကြီး မိဘများ ရှောင်ကြသာပဲကွ။ ၀ံလိုဝံလက်၊ တောကြက် စွန်ရဲများ အသိုက်ရှိတဲ့ သစ်ဆိုရင်တော့ ငါ့တူများ လက်ခမောင်း ခတ်တော့”
“ဘကြီးကျားပဲ သွားလိုက် ပါလားဗျာ။ စွန်သိုက်၊ ငှက်သိုက် အထိတော့ ဘယ်ကောင်က သိမှာတုံးဗျ။ ခွံဝှက် အူနာလည်း ဘယ့်နှယ်လုပ် သိမှာတုံး”
“ခွေးသားတွေရ၊ ငါ့ အသက် အရွယ်နဲ့ လိုက်မဖြစ်လို့ပေါ့ကွ။ မလည်ဘက်မယ် နားလည်တဲ့ သူတွေရှိ ပါသယ်။ သစ်လုံးရရင် သစ်ဆင်းရက် ရှိသယ်။ “အုန်းဆူးသက်” ခေါ်သယ်။ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာ ကောင်းသယ်။ ခြပုန်းစွဲ၊ ခါချဉ်စွဲ၊ နကျယ်စွဲ၊ ပျားစွဲတော့ မင်းတို့ သိပါ သယ်ကွ။ မခက်ပါဘူး။သွားကတည်းက သစ်လုံးကို ပက်ဖို့ နံ့သာဖြူ၊ ကရမက်၊ ပန်းမ၊ ပန်းဥ၊ ဂမုန်း၊ ဖုံးမသိန်နဲ့ နှမ်းဆီကောင်းကောင်း ပါသွားပစီ၊ သစ်ခုတ်ရင် တောစောင့်နတ်၊ တောင်စောင့်နတ်များ တောင်းပန်ကြကွာ”
“ခက်ပါ့ကောဗျာ”
“သူကြီးရာ၊ မင်းကောင်တွေနဲ့ မဖြစ်ဘူး ထင်ပါရဲ့ကွာ။မသွားရ သေးဘူး တစ်လျား လျော့နေပြီ။ မင်းတို့ခေတ် ရောက်မှ တစ်ထစ်လျှော့တာ မောင်တို့ရေ။ရှေးက တနင်္ဂနွေ သားချည်း သွားရသာဗျား၊ အောင်ဓာတ် ရအောင်လို့၊ ပွဲတိုင်းနိုင် ပြိုင်တိုင်းလှတော့ မကောင်းဘူးလား”
“ဘကြီးကျားရာ၊ မြေတော်ဆိပ်မှာ သစ်ပုံကြီး ဟီးထလို့ ပါဗျာ။ မလည်ဘက် မသွားရပါဘူး”
“ဟာ- သည်ကောင်၊ ငါထထောင်း မိတော့မယ်” ရွာပိုင်လှေကြီး တစ်စင်း ခုတ်ကြမှာ ဆိုတော့ တစ်ရွာလုံးက ပျော်ကြတယ်။ တစ်ရွာလုံး ကလေးလူကြီး အုန်းအုန်း ကျွက်ကျွက်။ သစ်လုံး ပါလာရင် မြစ်ဆိပ်ဆင်းကြို ဖို့တောင် ရွာက စီစဉ်ကြ ပြီးပေါ့။ ကန်တော့ပွဲ သုံးပွဲနဲ့ ကြိုကြမှာကိုး။ မလည်ဘက်က သစ်လုံးကြီး တွဲပြီးပြန်လာ ကြတော့ ရွာဆိပ်မှာ ကမ်းညွတ်လို့။ ဘကြီးကျားက ပိတ်ဖြူကြီး ၀တ်လိုက်လို့။ သူကြီးက မြစ်ဆိပ်မှာ မောင်းဆင်ပြီး တဒူဒူထုလို့။ ဘကြီးကျားက သစ်တွဲ လာတဲ့လှေကို ဆီးမေးတယ်။
“မအူ၊ မိကျောင်း၊ သခွပ်၊ ညောင်၊ သပြေ၊ ဆီး၊ လက်ပံ၊ ကလော ကင်းရဲ့ လားကွဲ့”
“ကင်းပါ့ဗျား”
“တော်လည်း၊ ပုခက်လွှဲ ကင်းရဲ့လားကွဲ့”
“ကင်းပါ့ဗျား”
“အောင်ဓာတ် ပါရဲ့လားကွဲ့”
“အောင်ကျော်တောင် ပါသေး”
“ခွေးမသားတွေ”
အထက်နှောတောရွာက သစ်ကြိုသံတွေ မြစ်ရိုးမှာညံလို့။ ငမြာကြီးဘက်က လှေခုတ် လက်သမား ဦးလှမောင်နဲ့ တပည့်သုံး၊ လေးယောက်တောင် ရွာကို ကြိုရောက်နေကြပေါ့။ ရွာအားနဲ့ပဲ သစ်လုံးကြီးကို ဘုန်းကြီး ကျောင်းဝိုင်းထဲ ရောက်အောင် သယ်ခဲ့ကြတယ်။ ရွာက ကလေးတွေ အော်ကြတဲ့ တဘောင်ကို ယုံကြတော့ စကျင်းရှစ်လံ လှေခုတ်ဖို့ ဆုံးဖြတ်ပြီး ကြပါပြီ။ နာမည်တောင် ပေးပြီးကြပေါ့။ “တိုးနယား” တဲ့။
၎။
အထက်နှောတော သူကြီးက လှေခုတ်ဖို့ မင်္ဂလာသစ် အရှာခိုင်း တာရော၊ လှေခုတ် လက်သမား ဦးလှမောင်နဲ့ ဘုန်းကြီး ကျောင်းထဲမှာ လှေခုတ် နေကြပြီ ဆိုတာကြားတော့ အောက်နှောတော သူကြီး ကိုယ်တိုင်က နေမဖြစ်တော့သလို ရွာကလည်း လှုပ်စိလှုပ်စိ ဖြစ်လာပါရော။ သူကြီးက ပျင်းကြော ဆွဲနေတာ အရေး မကြီးဘူး။ တစ်ဖက်ရွာက လှေခုတ်နေပြီ ဆိုတာတောင် မလှုပ်တာကို သဘော မတွေ့ကြဘူး။ အခိုင် မလှပေမယ့် အဖီးလှရ မှာပေါ့။ သူကြီး မလှုပ်ပေသိ ရွာက လှုပ်ရမှာပေါ့။ ဘယ့်နှယ် ရွာချင်းယှဉ်တော့ တစ်ရေလျော့ ရပြီ။ သူကြီးချင်းယှဉ်တော့ “ဇ” ညံ့ရာကျရပြီ။“သူကြီးနှယ်၊ အထက် နှောတောက တိုးနယားတောင် လောင်းထောင်ပျဉ်ကပ် လုပ်ကုန်ပြီ။
သူကြီးဟာ ဘယ်မှာတုံး လှေက၊ ကျုပ်တို့ရွာတော့ ခွေးလုံးလုံး ဖြစ်ရုံပါကော သူကြီးရဲ့” အောက်နှောတော သူကြီး ဦးလွန်းဘော်က သည်စကားလည်း ကြားရော နှုတ်ခမ်းမွေးကြီး တွေတောင် ထောင်သွားသလား မှတ်ရတယ်။ သူ့အိမ်က သူရင်းငှား ဘချစ်ကတောင် မလေးတော့ဘူး ဆိုတော့ သူကြီးလည်း မနေသာတော့ဘူး။ ရွာက လူကြီးတွေ ခေါ်ပြီး တိုင်ပင်ရပြီ။ တော်သလင်း လှေပြိုင်ပွဲ အထက်နှောတောက ၀င်နွှဲတော့မယ် ဆိုမှတော့ အောက်နှောတော ကလည်း မ၀င်လို့ မကောင်းတော့ဘူး။ အထက်နှောတောက စကျင်း ရှစ်လံ၊ သုံးကျိပ်နှစ်တက် ဆိုတော့ အောက်နှောတောကလည်း သည့်ထက်လျော့လို့ မဖြစ်တော့ဘူး။ အနားရွာက ပြိုင်လှေတွေ ထက်လည်း သာမှကောင်းတော့ မယ်ပေါ့လေ။ ပေကုန်းက နတ်ကလေး၊ ရေကျော်က မြကျောက်၊ မြေနီကျင်းက စိန်နားပန်၊ မြစ်အရှေ့ဘက် ရရှည်က ဇော်ဂျီ၊ ရရှည် မြောက်ရွာက ရန်သိမ်း၊ ထိန်ပင်က မကန်း၊ ချောင်းစောက်က မိုးကြိုး။
သည်ရွာသည် လှေတွေထက်တော့ နောက်ခုတ်လှေက ကောင်းရတော့ မပေါ့။ ရွာကထည့်ကြတဲ့ ငွေနဲ့ သူကြီးထည့်တဲ့ ငွေစုထုပ်ပြီး သူရင်းငှား ဘချစ်နဲ့ သစ်ရော လက်သမားပါ ရှိမယ့်နေရာ ကို သတင်းကြားနဲ့ ဂရုန်းဂရင်း လိုက်ကြတယ်။ ကျောက်မြောင်း နယ်ထဲက ရွာတစ်ရွာမှာ လှေတည် လက်သမား ဦးထီးကျော်ဆို တာ အင်မတန် ကောင်းတယ် ကြားလို့ ကျောက်မြောင်းဘက် လိုက်ကြတယ်။ ရွာရောက်တော့ လက်သမား ဆရာကြီးက မရှိတော့ဘူး။ တမြန်နှစ်က ဆုံးရှာပြီ ဆိုတဲ့ သတင်းပဲ ရခဲ့တယ်။ ဒါနဲ့ ဦးထီးကျော်မိန်းမ ညွှန်လိုက်ဲ့ လက်သမားတော် ဦးမှတ်စုနောက် ဆက်လိုက်ပြန်ရော။ ဦးမှတ်စုတော့ တွေ့ပါရဲ့၊ အသက်ကြီးလို့ မလုပ်နိုင် တော့ဘူး။ ဆိုပြန်တော့ သူ့ လက်ထောက်နေတဲ့ မြင်းခြံနယ် သိမ်ရွာကို လိုက်တယ်။ ဦးမှတ်စုရဲ့တပည့် ဦးလူ ကလေးနဲ့ တွေ့တော့လည်း အဆင်မပြေ ပြန်ဘူး။ သူက ပြိုင်လှေ မတည်ဖူးဘူး။ ချင်းတွင်း လက်ခေါ်တဲ့ လောင်းကိုယ်ကြီးတွေ၊ “တပါ” ကြီး တွေလောက် တည်ခဲ့ဖူးတာပဲ ရှိတာပါ ဖြစ်ကရော။ ပြိုင် လှေထဲတော့ မြင်းမူက ကိုဘကျောက် နာမည်ရ လှတယ်။ လူကလည်း လုပ်နိုင် ကိုင်နိုင်တုန်း အရွယ်ပါဆိုတော့ သူကြီးလည်း ရက်ကုန် လူပန်း၊ ငွေကုန်သံပြာ ဖြစ်လာတာနဲ့ ရွာပြန်တစ်ထောက် နားကြဦးစို့ရဲ့ ဖြစ်ကရော။
အတူ ပါလာတဲ့ သူရင်းငှား ဘချစ်က မထူးတော့ပါဘူး သူကြီးရာ မြင်းမူတော့ ၀င်ကြ ရအောင်ပါ ဆိုတော့ သူကြီးလည်း လိုက်လာခဲ့တယ်။ မြင်းမူနယ်က လှေသမား၊ ဖောင်သမား အလွန် ထွက်တာကို သူကြီးသိတယ်။ ဒါပေမဲ့ မြင်းမူ ရောက်တော့ ကိုဘကျောက် ဆိုတာ မြို့ပေါ်မှာ ရှိတာ မဟုတ်ဘူး။ အနောက်ထိုထို သွားရင် ကြက်သငို ဆိုတဲ့ရွာ ရှိတယ်။ အဲသည်ကို လိုက်ကြပါ ဖြစ်ပြန်ရော။ “မင်းအမေကလွှား၊ သည်တစ်သက် လှေလက်သမား ရှာသာနဲ့ ဘ၀တစ်ဝက် ကုန်ရ ထင်ပါရဲ့ကွာ၊ ငါ့ဟာငါ ပြန်မယ်လုပ်သာ အဟုတ်။ မင်းလုပ်သာနဲ့ လက်စမသိမ်း နိုင်ဘူး”
သူကြီးက သူရင်းငှား ဘချစ်ကို ငေါက်တော့ ဘချစ်က ပြန်ချော့တယ်။
“သူကြီးနှယ်၊ မြင်းမူ ထိုထို ရောက်ခါမှ ကြက်သငို မလိုက်ရင် မိုက်ရာ ကျတော့မှာပေါ့ဗျာ။ ရွာမှာ ခုထိ လှေမခုတ် ရသေးဘူး။ ကျုပ်က အနေသာ ကြီးရယ်။ သူကြီးကို ရွာက ပြောမှာစိုးသာ။ လှေခုတ်ရမှာနဲ့၊ တက်ကျင့်ရမှာနဲ့ ရက်က မရှိတော့ဘူး”
“သည်နှစ် မပြိုင်ရုံပေါ့ ဘချစ်ရာ၊ လှေပြိုင်သာ မိဆိုင် ဖဆိုင်ရိုးရာ ကိစ္စမဟုတ် ပါဘူး။ မင်းဟာက”
“မိဆိုင် ဖဆိုင်ထက် အရေးကြီးတော့ မပေါ့ သူကြီးရာ။ ရွာရယ်လို့ တည်သာပဲ နှစ်မှ မနည်းတော့ ဘဲဟာ။ ရွာပိုင် လှေမရှိတော့ ကျုပ်တို့ရွာကို မုဆိုးမ ရွာလို့ ပြောနေကြသာ ကျုပ်ကရှက်သာ”
“အောင်မာကွာ၊ အပြောဖူးညို၊ အဆိုကိုပု။ ရှက်ရင်လည်း ပုဆိုးခြုံနေကွာ” “သူကြီးက ပုဆိုးခြုံရမှာ၊ ကျုပ်က အနေသာကြီးရယ်” “ကိုင်းပါကွာ၊ ကြက်သငိုရွာ လိုက်ချင် လိုက်ပါတော့။ ခွေးသား၊ အေး၊ မင်းယောက်ဖ လှေခုတ် လက်သမား တွေ့ချင်တွေ့၊ မတွေ့ရင် မင်းကို လှေလုပ်စီးပြီး ပြန်မှာကွနော” သည်လိုနဲ့ လှည်းငှား ပြီးလာကြတော့ ကြက်သငိုမှာ လှေခုတ်ဆရာ ကိုဘကျောက်နဲ့ တွေ့ကြတယ်။ ကိုဘကျောက်က ရုပ်ကခပ်ကြမ်း ကြမ်းထဲကပါ။ မျက်နှာမှာ အပိမ့်အပိမ့် တွေနဲ့။ နဖူးက မောက်မောက်၊ နှာရောင်က ကောက်ကောက်၊ ဖြူတစ်ဝက်၊ မည်းတစ်ဝက် နှုတ်ခမ်းမွေး ကြမ်းကြမ်းကြီးနဲ့ ဆိုတော့ လက်သမား ဆရာတောင် ဟုတ်ရဲ့လားလို့ တွေးမိကြတယ်။
ကိုဘကျောက် ဆိုပေမယ့် အသက်က ငါးဆယ်တော်တော် ကျော်လောက်ပါပြီ။ ၀ိုင်းထဲမှာ စပ်လက်စ လှေတစ်စင်း ရှိပေသိ လက်စ မသတ်ရသေးဘူး။ တပည့် နှစ်ယောက်လည်း တွေ့တယ်။ မယားက မိဘရပ်ထံ ပြန်နေသတဲ့။ သူကြီးနဲ့ ဘချစ်က အကျိုးအကြောင်း ပြောပြတော့ ကိုဘကျောက်က ဆေးလိပ်ဖွာရင်း နားထောင်တယ်။ သူကြီးနဲ့ ဘချစ်ကလည်း ကြက်သငိုက ပြန်မဖြစ်တော့ ကိုဘကျောက် လှေရုံထဲ အိပ်ဖို့ ရှိတော့တာပါ။ ကိုဘကျောက် ကလည်း မနက်မှ ပြန်ကြပါလို့ တားရှာပါရဲ့။
“တစ်ခုတော့ ရှိသယ် သူကြီးရ၊ ကျုပ်ကလည်း တပါလှေ၊ နှောလှေကြီးတွေ လောက်စပ်သာဗျ။ ပြိုင်လှေ ရယ်လို့ အရင်ကတော့ ခုတ်ပါရဲ့။ အခု မခုတ်တော့ဘူး။ သူများရွာ သွားပြီး လိုက်မလုပ်နိုင်တော့ ပါဘူးဗျာ။ ကျုပ်က ပန်းနာရောဂါ ရှိတော့ တပည့်နှစ်ယောက် အားကိုး နေရသာပဲ” “ကြက်သငိုက လှေခုတ်ဆရာ ကိုဘကျောက် ကောင်းလှဆိုလို့ အဝေးကြီးက လာသာပါကွာ။ မင်းက မခုတ်တော့ဘူး ဆိုတော့ ခက်သားပဲ။ ရွာပြန် မလှချက်တော့။ ကိုင်း- ဘချစ်၊ ညလည်း အိပ်မနေ နဲ့တော့။ လှည်းတစ်စီး ငှားပြီး မြင်းမူဆိပ် ပြန်အိပ်ကြစို့”
သူရင်းငှား ဘချစ်ကတော့ ဘာမှ မပြောနိုင်တော့ ပါဘူး။ ပြိုင်လှေခုတ်တဲ့ လက်သမား ဆရာ သည်လောက်ရှား ရသလားရယ်လို့ မခံချင်တာလည်း ပါတယ်။ သူကြီး ပြောသလို ရွာပြန်ဖို့တောင် ခပ်ခက်ခက်ကိုး။ လှေခုတ်ဆရာ ကိုဘကျောက်က ချောင်းတွေဆိုး၊ သလိပ်တွေ အန်ပြီးတော့မှ အသံ မျှဉ်းမျှဉ်းနဲ့ တစီစီပြောလေရဲ့။ သည်စကား ကိုတော့ သူကြီးရော သူရင်းငှား ဘချစ်ပါ စိတ်ဝင်စားသွား ကြတယ်။ “ကျုပ်မှာ ပြိုင်လှေတစ်စင်း ၀ယ်ထားသာ တော့ရှိသယ်။ ကျုပ်တို့ ခုတ်တဲ့လှေတော့ မဟုတ်ဘူး။ လက်ရာကို သဘောကျလို့ နမူနာယူ ချင်သာနဲ့ ၀ယ်ထားလိုက်သာ။ ကျုပ်တို့ရွာ မြစ်ကမ်းပါးမှာ တစ်ရက်က လှေကြီးတစ်စင်း ဆိုက်သာကိုး သူကြီးရဲ့။ ကြာတော့ ကြာပါပြီ။ လှေကြီးပေါ်က လင်မယားက သူတို့လှေနဲ့ တွဲလာတဲ့ ပြိုင်လှေတစ်စင်း ပြန်ရောင်းချင်လို့ ဆိုတော့ ကျုပ်က ရေဆိပ် ဆင်းကြည့်သယ်။ အခု ကျုပ်ပြမယ့် လှေပါပဲ။ ကျုပ်လည်း လှေတွေ ကိုင်ခဲ့ပေါင်း များပါပြီ။ သည်လောက် လက်ရာ ဆန်းတဲ့လှေ မတွေ့ဖူးခဲ့ဘူး။ ဈေးကလည်း တော်သာနဲ့ ၀ယ်ယူထား လိုက်သာ ကျုပ်မိန်းမက အောင့်တော့သာပဲ သူကြီးရေ”
“ပြိုင်လှေက အသင့် လှော်ရုံလား၊ လွန်းတင်ရဦး မှာလား။ အထေးလွတ်ကဲ့ လားကွာ။ နေစမ်းပါဦး။ဘယ်နှလံ ဘယ်နှတက် ပြောပါဦး” သူကြီးက စိတ်ဝင်စားပြီ။ လှေခုတ် ဆရာငှားမယ်။ လှေခုတ် ဆရာနဲ့ သစ်ကောင်းဝယ်မယ်။ ရွာမှာပဲ ခုတ်မယ်လို့ တွက်လာကြတာ။ အခုဟာက ပြိုင်လှေ စပ်ပြီးသားတောင် ရမယ်ဆိုတော့ လှေကြီး တစ်စင်းနဲ့ မြစ်ရိုးတွဲပြန် ရုံပေါ့။ ရေကန်အသင့် ကြာအသင့် ဟန်ကျလိုက် လေပေါ့။
“ရှစ်လံနဲ့ နှစ်တောင် စကျင်းရှိသယ်၊ ဗြက်ကနှစ်တောင် မိုက်လျော့၊ ပန်းကန်ပျဉ် သုံးကျိပ်ကျော် သဗျာ၊ တက်တွေလည်း အချောင်း လေးဆယ် ပါသေးသာပါ။ ဦးပိုင်းမှာ ကနုတ်တွေ၊ ရှမ်းပန်းတွေ ပါတဲ့အပြင် အင်မတန် လက်ရာမြောက်တဲ့ ကု မ္ဘဏ် ရုပ်တစ်ရုပ်တောင် ပါသေးသာ။ လှေဆိုသာ ကော့နေသာများ နှီးစ ရေထဲချထား တာသာ ကြည့်တော့။ ကြိမ်ဆယ် ချောင်းကို ကျစ်ထားတဲ့ ရွတ်တောင် တပ်ပြီးသားဗျာ။ ကြိမ်ရွတ်တော့ လဲချင် လဲလိုက်ပေါ့။ နှစ်ကလည်း ကြာပြီ ကိုးဗျ”
“အသားတွေ ကကော ကောင်းသေးရဲ့ လားကွာ”
“ဟာ- ကျုပ်က ရေနံသုတ်ပြီး သက်ငယ်တဲနဲ့ ထားသာပါဗျ။ လိုက်ကြည့်လေ”
“ကြည့်သာတော့ ဟုတ်ပါပြီ။ ကျုပ်စိတ်ထဲ မရှင်းသာလေး မေးစမ်းပါရစီ။ ကုန်လှေကြီးတွေ၊ လောင်းလှေတွေ၊ တပါတွေသာ အပ်သူက အပ်လို့ လှေလက် သမားက စပ်လို့သာ ရှိပါသယ်။ ပြိုင်လှေကြီး တစ်စင်း စိတ်ကူးရလို့ ခုတ်ရောင်း လိုက်ဦးမှ ဆိုသာမျိုးတော့ ဘယ်ရှိပါ့မလဲ မောင်ဘကျောက်ရဲ့။ အခု မင်းပြောပုံတော့ လှေကြီးတစ်စင်းက ပြိုင်လှေ တွဲလာပြီး ချိုချိုချောင်ချောင် ရောင်းသွားသယ်ဆိုသာ ဟုတ်ပါ့မလား။ လှေရွာ တစ်ရွာရွာက ခိုးလာတဲ့ ပြိုင်လှေများလား လက်သမားရာ”
ကိုဘကျောက်က သူကြီးကို တော်တော်ထူတဲ့ သူကြီးပါလာ ဆိုတဲ့ မျက်နှာနဲ့ ကြည့်တယ်။ ပြိုင်လှေ တစ်စင်း လိုချင်သခိုက် ပြိုင်လှေတစ်စင်း လက်တင်ရ နေတာကို တောင်တောင်အီအီ တွေးရပါ့ မလားပေါ့။ ဒါပေသိ သူကြီး မေးတာလည်း မေးထိုက်တယ်။ ပြိုင်လှေဆိုတာ အပ်သူက အပ်ထည်အပ်မှ ခုတ်ရတာလည်း အမှန်ပဲ။ စကျင်း ဘယ်နှလံ၊ ဗြက်ဘယ်နှလံ၊ ဘယ်အရွယ် ဘယ်အစား ကျကျနန မေး မြန်းပြီးမှ လှေလက် သမားက ခုတ်ရတာလည်း ဟုတ်တယ်။ ပြိုင်လှေတစ်စင်း ရောင်းစရာ ရှိတယ်ဆိုတာ ဖြစ်ဖို့ အင်မတန် ခဲယဉ်းတာ မဟုတ်လား။
“သူကြီးမလဲ ရိုးလွန်းပါ့ ကောဗျာ။ မြစ်နား ရွာတစ်ရွာမှာ မြစ်စောင်းမေးတင် ထားတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်း ကမ်းပြိုရာက ရေခရောဗျာ။ ကျောင်းအောက်ထားတဲ့ ပြိုင်လှေကြီး ကမ်းပါးအပြို မြစ်ထဲကျ ရောဗျာ။ လှေဆိုတော့ ပက်လက်ကျကျ၊ မှောက်ခုံကျကျ ရေစီးနဲ့ အစုန်မျော သာပဲဗျ။ ဒါကို ကျုပ်ပြောတဲ့ လှေလင်မယားက မြစ်တစ်နေရာမှာ တွေ့လို့ တွဲယူလာပြီး ကျုပ်ကို ရောင်းသဗျာ။ ကိုင်း- မဖြစ်နိုင်ဘူးလား။ သည်ပြိုင် လှေကျုပ်လက်ထဲ ရောက်သာပဲ နှစ်ကြာလှ ပေါ့ဟာ”
ဒါကိုတော့ သူကြီးက လက်ခံတယ်။ ဒါ ဖြစ်နိုင်တယ်။ သို့ပေမဲ့ တစ်နေ့ လှေပိုင်ရွာက မသိနိုင် ဘူးလား။ ကိုဘကျောက်က မသိနိုင်ဘူးတဲ့။ သိရင်လည်း ရေအဆုံးပဲတဲ့။ ကျုပ်လက်ထဲ ရောက်နေတဲ့ ကာလ တစ်လျှောက်လုံး ဘယ်ရွာကမှ လှေပျောက်ရှာသံ မကြားခဲ့ဖူး ဘူးတဲ့။ စိတ်ချ လက်ချသာ ယူတော့တဲ့။
သူကြီးနဲ့ဘချစ် လှေရုံ လုပ်ထားတဲ့ အိမ်ကြီးနောက် သွားကြည့်ကြတော့ ဟုတ်ပေသားပဲ။ လှလိုက်တဲ့ ပြိုင်လှေကြီး။ ဦးပိုင်းမှာ မျက်လုံးနှစ်လုံး ပါပြီးသား။ ရင်ပုံဦးမှာ သံပြားတွေ ကပ်ပြီးသား။ ရေခွဲကောင်း လိုက်မယ့်ဖြစ်ခြင်း။ ကိုဘကျောက် ပြောသလို ရွတ်တန်းကြိုးလဲ လိုက်ရင်ပြီးပြီ။ လှေဦးက ကုမ္ဘဏ်ရုပ် ဆိုတာတော့ သူကြီးက နားမလည်နိုင် ဖြစ်နေတယ်။ ကိုဘကျောက်က အလှဆင်ထား သာပါတဲ့။ မဖြုတ်ပါနဲ့တဲ့။ ဈေးပြောပါ ဆိုတော့ ၀ယ်ရင်းက နှစ်သောင်း၊ သုံးသောင်းရရင် ထမ်းသာ သွားတော့တဲ့။ ဘချစ်ကလည်း ကြိုက်ပါရဲ့။ ဒါပေမဲ့ သူကြီးကို တစ်နေရာ ခေါ်ပြီးတိုင်ပင်တယ်။ စိတ်ထဲ စနိုးစနောင့် ရှိလို့ပါ။
“သူကြီး၊ ကုမ္ဘဏ်ရုပ် ဆိုသာ ပြိုင်လှေမှာ ပါကောင်း လို့လားဗျာ။ ကျုပ်တစ်ခု သတိရသယ်။ ရွာက နတ်ကတော် မကြိုးကြာ အိပ်မက်နဲ့ တူနေသာကော သူကြီးရဲ့။ လှေကြီးတစ်စင်း ရွာဆိပ်လာ ဆိုက်တော့ ပြိုင်လှေတစ်စင်း တွဲလို့ဆိုသာလေ။ လှေဦးမှာ မျက်လုံးကြီးနှစ်လုံး ပါသာလည်း တူနေပြီကော သူကြီးရဲ့”
ဘချစ်ပြောတာ ဟုတ်နေလေတော့ သူကြီးလည်း ဝေခွဲရ ခက်နေလေရဲ့။ ကိုဘကျောက်က လှေမပြေးရင်ပြော၊ ပြိုင်လို့ မနိုင်ရင်ပြော၊ ငွေနှစ်ဆ ပြန်လျော်မယ်လို့ အာမခံ ပြန်ရော။ သည်စကား ကိုတော့ သူကြီး မခံနိုင်တော့ ပါဘူး။ အချိန်ရတုန်း ငွေတစ်ဝက် ချေခဲ့တယ်။ ကိုဘကျောက်က ရွာအရောက် လှေတစ်စင်းစင်းနဲ့ တွဲပို့ရမယ်။ ရွာရောက်ရင် ကျန်ငွေချေမယ် ဖြစ်ကရော။ သူကြီးလည်း အာစေး ထည့်ခံထား ရသူလို လှေလက်လွတ်မှာကို စိုးနေသလိုပဲ။
“စိတ်ချသာ ပြန်ရောဗျို့။ အလွန်ဆုံး ဖိန်းသဘက်ခါ သူကြီးရွာ ရောက်အောင် လှေတွဲနဲ့ ပို့လိုက်မယ်။ ဆီးသာ ကြိုကြရော့၊ လှေနာမည်လည်း မှတ်သွားကြဦးဗျ”
သူကြီးနဲ့ သူရင်းငှား ဘချစ်တို့လည်း ၀မ်းသာ အားရပြန်ခဲ့ ကြတယ်။ မြင်းမူရောက်တော့ မိုးကြီး တော်တော်ချုပ်ပါပြီ။ ဆိပ်ကမ်းမှာပဲ ထမင်းစားကြပြီး ကြက်အိပ်ကြက်နိုးနဲ့ မိုးလင်းကြရ တော့တယ်။ မိုးလင်းမှ ကူးတို့ကြုံနဲ့လိုက်၊ ရွာရောက်တော့ ဆရာတော့်ကျောင်း တန်းသွားပြီး အကျိုးအကြောင်း လျှောက်ကြတယ်။ ရွာသူ ရွာသားတွေ ကလည်း မောင်းမထုရဘဲ လာလိုက်ကြတာ ကျောင်းကျိုး ခမန်းပေါ့။ ဆရာတော်က “လှေနာမည်က ဘာတဲ့တုံး သူကြီးရဲ့” ဆိုတော့ သူကြီးက ဖြေတယ်။ “ကု မ္ဘဏ်ကြီး ...တဲ့ ဘုရား”
၅။
အထက်နှောတော ရွာက တိုးနယား ဆိုတဲ့ ပြိုင် လှေကြီး ကောင်းလှကြောင်း မြစ်နား ရွာတွေမှာ သတင်း ကြီးသလိုပဲ အောက်နှောတော ရွာက ကု မ္ဘဏ်ကြီးကလည်း လူပြောသူပြော များတဲ့ ပြိုင်လှေပါပဲ။ တိုးနယားက မင်္ဂလာသစ်နဲ့ ခုတ်ယူတာ ဆိုတော့ ရွာ့စိတ်တိုင်းကျပေါ့။ ကု မ္ဘဏ်ကြီး ကတော့ ရှိနှင့်ပြီးသား ပြိုင်လှေ။ သည်ရွာက လှေနှစ်စင်းကို အနားရွာတွေက တကန်တက မဟုတ်ရင်တောင် ခရီးကြုံ ၀င်ကြည့် ကြတာများလည်း ရှိတယ်။ ဘာပဲပြောပြော လှေသစ်တွေ ဆိုတော့ လှေပြိုင်ပွဲ အတွေ့ အကြုံရှိတဲ့ ရွာတွေက သည်လှေ နှစ်စင်းကို ပြိုင်ဘက်ရယ်လို့ အထင်မကြီး ကြပါဘူး။ နှစ်ရွာ့ တစ်ရွာ ရှိခဲ့ကြတုန်းက အတူလှော်ခဲ့ ကြတဲ့ လှေလှော်သားတွေ ကလည်း ရွာမှ နှစ်ခြမ်းကွဲမှတော့ လှေသားလည်း ကွဲပြီပေါ့။ သည်တော့ လှေအသစ်၊ လှေလှော်တက် ကျင့်ရမယ့် လှေသားတွေက လည်းအသစ် ဖြစ်ရပြီ။ အသစ်ဖွဲ့စည်းရပြီပေါ့။
ပြိုင်လှေရယ်လို့ ကိုယ်စီ ရှိကြပြီဆိုတော့ အထက်နှောတောရော အောက်နှောတောပါ တက်ရေးကျင့် ကြရပြီ။ လှေတွေ ရေချိန်ကိုက် ကြရပြီ။ ရေချိန်ကိုက်တယ် ဆိုတာက လှေဦးစပ် ၀မ်းပျဉ်မှာ ကျပ်လုံးလောက် အပေါက်ဖောက်ပြီး ရေသွင်းရတယ်။ တက်လှော်သားတွေ ထိုင်မယ့် ပန်းကန်ပျဉ် ရေထိပြီဆိုရင် ဦးဖျားပဲ့ဖျား ဦးရေသောက် ပဲ့ရေသောက် မှတ်ပြီး ရေပြန်ထုတ် အပေါက် ပြန်ပိတ်ရတယ်။ တက်သား တွေထိုင် ကြပြီဆိုတော့လည်း ရေချိန် ကိုက်အောင် ထိုင်ရပြီးလိုတော့ တက်သားတိုး၊ ပိုတော့ တက်သားနုတ်။
ရေချိန်နဲ့ ညီပြီ ဆိုတော့မှ တက်သား ဘယ်နှယောက် တွက်ပြီး တစ်လှေ တစ်လှေ ရေချိန် ကိုက်ပြိုင်ကြရတာပါ။ ပြိုင်မယ့်လှေတိုင်း ရေချိန်ကိုက် ပြိုင်ကြရတယ်။ တက်ကျင့်တော့လည်း တစ်နေ့ သုံးလေးလား ကျင့်ကြရတာ ဆိုတော့ ဘုန်းကြီးတွေက ကျောင်းမှာပဲ ထမင်းကျွေး ထားကြတယ်။ တက်ကျင့်တော့လည်း လက်မောင်း ပြုတ်ထွက်မတတ် ကျင့်ကြ ရတာကိုး။ ကျင့်သားတစ်လ မရှိဘဲနဲ့ ပြိုင်မဖြစ်ဘူး။ ကိုယ့်ရွာပြိုင် လှေကိုယ် သေချာအောင် ရင်ကွဲခမန်း ကျင့်ကြလို့ အသားကျပြီ ဆိုတာနဲ့ ရွာက ငွေရှာကြပြီ။ လှေပွဲတွေ ရှိပြီဆိုလို့ ကတော့ မိန်းမ၊ ယောက်ျား၊ ကလေး၊ လူကြီး ဘယ်သူမှ အနှမြော မရှိကြဘူး။ လှေကဲခတ် ရတာကိုက ရင်ခုန်စရာ၊ ပျော်စရာကိုး။
“ကု မ္ဘဏ်ကြီး ပွဲပေးပြီတဲ့။ ဦး၊ လယ်၊ ပဲ့ ကန်တော့ ပွဲသုံးပွဲ။ အရက်၊ ကြက်ကြော် နဲ့ တင်ကြမြှောက်ကြ ပြီတဲ့ဗျ။ လှေသားတွေလည်း ဆေးတောင် ထိုးကြသတဲ့။ အောက်ပြည်က ဆေးဆရာ ပင့်ပြီး အင်းတွေ၊ စမတွေ ထိုးကြသယ် ပြောသာပဲ။ ပန်းဆွဲ ပါနောက်က ခေါင်သူကြီး၊ ကျကျနန သင်ပေးသာတဲ့ဗျ။ ပါနောက်က သစ္စာဖောက် သာပါဗျာ”
“ပါနောက် မပါသာနဲ့ တစ်ပန်းရှုံးရ ကောလားကွ။ မင်းနှယ်၊ ပက်ကျိ သွေးမရှိတဲ့ အတိုင်း၊ စမ မကလို့ စထီး ဖြစ်ဖြစ်ကွာ၊ လူဟုတ်မှ ဟုတ်သာပါ။ ငါတော့ သည်တစ် ပွဲကျရင် နပိုက်ချင်းထပ်မယ် စိတ်ကူးသယ်။ ကြွေတစ်လှည့် ကြက်တစ်ခုန်၊ ပေးရ တော့တစ်ကောင်၊ ရတော့ နှစ်ကောင်ကွာ။ ဘာရှိလိမ့် မတုံး”
“ငါတော့ ကိုယ့်ရွာလှေလည်း လှေပေါ့ကွာ အားပေး ရမှာပေါ့။ ရေကျော်လှေ မြကျောက်၊ ထိန်ပင်ကန်က မကန်း ထည့်လောင်းမကွာ”
“မင်းအရူးလား။ မကန်းက ဘယ်ဆွဲကွ။ လှေမက် နေသာနဲ့ တစ်လျားလျော့ ချင်နေသာ။ မိုက်ပါ့ကွာ”
လူနှစ်ယောက် ဆုံမိပြီ ဆိုတာနဲ့ လှေအကြောင်း၊ လောင်းကြေးအကြောင်း ပလုံစီ ထနေတော့ တာပါ။ လက်ရင်းကြေး၊ လက်ဖျားကြေး ငွေတွေသီးနေတဲ့ အချိန်ပေါ့။ လက်သိပ်ကြေးတွေ လည်းရှိတယ်။ လင်ကလောင်းရင် မယားက မြှောက်တောင် ပေးသေးတာပါ။ မယားက လှေရှုံးခဲ့ပြီ ဆိုတော့လည်း လင်က ဘယ့်နှယ်မှ မနေပါဘူး။
မယားကလည်း လင်ကို “တော့်၊ တော်ပြီလား။ ယူဦးလေ” လုပ်တော့တာပါ။ ဒိုင်လွတ် လောင်းကြေး တွေကလည်း မပြောနဲ့တော့။ ငွေချင်းထပ်တာ အားမရတော့ ရွှေချင်းထပ် ကြသေးတာပါ။ လှေပြိုင်ပွဲ နီးလေ ရုတ်ရုတ်သဲသဲ နိုင်လေ။ ကိုယ့်ရွာနဲ့ ကိုယ့်ပြိုင် လှေ၊ ကိုယ့်လှေသီချင်းနဲ့ ကိုယ့်ဝတ်စုံ မြစ်ထဲလှော်လာ ကြပြီ ဆိုကတည်းက သွေး ကြွနေကြပြီ။ လှေပွဲရက်က တစ်ခါတလေ လေး၊ ငါး ရက်ရှိတတ်တော့ ရွာတွေမှာ လူမကျန်တော့ သလောက်ပေါ့။ လှေပြိုင်မယ့် မြစ်ကမ်းပါးမှာ ရွာပေါင်းစုံက လူတွေ ကမ်းညွတ်အောင် ရောက်နေ ကြတာများ မြစ်ကမ်းပါး ကျိုးရော အောက်မေ့ ရတယ်။ လှေပြိုင်မယ့် နေရာက အောက်နှောတောနဲ့ရော အထက်နှောတော နဲ့ပါ နည်းနည်းတော့ လှမ်းတယ်။ ရွာတွေက လှေပွဲ ကျင်းပတဲ့ နေရာ အရောက် မြစ်ကမ်းပါး အတိုင်း လျှောက်ကြတာများ ပုရွက်ကြောင်း လိုက်လို့။
“အမျိုးသားများ အကျိုးပွားစရာ တိုးနယားမောင် လာပြီတစ်ခါ၊ လှေတကာမှာ ခေါင်မဟာ ကျက်သရေ မင်္ဂလာ ခညောင်းစရာ လှေတော်သားများက ပို့တဲ့မေတ္တာ ဘေးဘယာ ဝေးကွာ အေးပါစေကြောင်း သွန်းလောင်း ရေသီတာ” ပြိုင်လှေတွေက အားကျမခံ။ လှေသီချင်း ရွာသီချင်း တွေနဲ့။ အင်မတန် ပူပြင်းတဲ့ တော်သလင်းနေ ကျိုက်ကျိုက်ဆူထဲမှာ ယောက်ျားသား တွေဆိုတာ အင်္ကျီတောင် မကပ်နိုင်ဘူး။ မိန်းမတွေ ကလည်း ထဘီ တိုတိုပါအောင် ၀တ်ပြီး ကွေးနေအောင် ကကြလို့။
ကု မ္ဘဏ်ကြီး ကလည်း သီချင်းတ ဟိုဟို မောင်းသံ တဒူဒူနဲ့ ၀င်လာပါပြီ။
“အောင်ပါစေ သပြေပန်းနဲ့ ရေချမ်းကိုလောင်း၊ အောင်ကြပါစေ ခင်ဗျာ သပြေပန်းနဲ့ ရေချမ်းကို လောင်း၊ စုန်ဆန်ခရီး မှာတဲ့ အကြောင်းပြု အခါခါ အိုလေး- ကု မ္ဘဏ်ကြီး ရဲ့ တောင်းဆု ပတ္ထနာ မေတ္တာရေမိုး သွန်းဖြိုး ကြပါစေ ခင်ဗျာ”
ပြောခဲ့သလိုပါပဲ။ မြစ်နားတန်း တစ်လျှောက်က ပြိုင်လှေတွေ အားလုံး လိုလိုက သည်နှစ်မှ ပြိုင်ကြတဲ့ တိုးနယား ကိုရော ကုမ္ဘဏ် ကြီးကိုပါ အိမ်ဖြည့်လောက် သဘောထား ခဲ့ကြတာပါ။ ဒါပေသိ ကုမဏ်ကြီးက တာလွှတ်ပါပြီ ဆိုကတည်း က ဒူးလေးပေါ် တင်ထားတဲ့ မြားတံလို ရိပ်ခနဲ ရိပ်ခနဲ နေအောင် ပြေးလိုက်တာ ပြိုင်သမျှ လှေတွေ လှေတစ် လျားစာ ပြတ်ကျန်ရစ်ခဲ့တာ ချည်းပဲ။ ကုမ္ဘဏ်ကြီးက ဇော်ဗလကို နိုင်တယ်။ မကန်းကို နိုင်တယ်။ နှစ်ရက်၊ နှစ်လားစီ ပြိုင်ကြတာမှာ နိုင်လိုက်တာပါ။ ကုမ္ဘဏ်ကြီး လှော်သားတွေက လက်မောင်း ရှံနီစည်း၊ ရင်ဝတ် ရှံနီစည်းတွေနဲ့ မာန်တကြွကြွ ပေါ့။ အောင်မောင်းသံ တဒူ ဒူက မြစ်ရေထဲ စီစီဝေလို့။ သို့ပေသော်လည်း နှစ်ရက် နိုင်ပြီး သုံးရက်မြောက်တဲ့နေ့ ကစလို့ ကုမ္ဘဏ်ကြီးကို ရွာ ကျောင်းအောက် ပြန်ထားဖို့ ဖြစ်လာခဲ့တယ်။
လှေပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲ မှာတော့ ချောင်းစောက်က ပြိုင်လှေ မိုးကြိုးက ပန်းဆွတ်သွား ခဲ့တယ်။ အောက်နှောတောရွာ ကတော့ ပထမ နှစ်ရက်မှာ ကိုယ့်ရွာကိုယ့်လှေ သဲကြီးခဲကြီး ပြိုင်ကြတာ ဆိုတော့ လောင်းကြေး နိုင်လိုက်ကြတာ ဘယ်နည်း လိမ့်မတုံး။ လှေပွဲသာ နိုင်လိုက်ကြတာပါ။ လှေပြိုင်ပွဲ ပထမနေ့က မြစ်ထဲမှာ လှေပြိုင် နေကြသခိုက် လူမကျန်တော့ သလောက် ခန်းခြောက်နေတဲ့ ရွာမှာ မီးလန့်လိုက်တာ ကံကောင်းလို့ တစ်ရွာလုံး မကူးတယ်။ ရွာမြောက်ပိုင်း တစ်ပိုင်းလုံး ကုန်ရောတဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် လှေပွဲက လှေပွဲပဲလေ။ မီးလောင်ခါမှ လောင်ရော နောက်တစ်နေ့ မနက် လှေပွဲ ကမ်းပါးခြေကို လူကုန် ရောက်လာကြ တာပါပဲ။ ဒုတိယ နေ့မှာလည်း ကုမ္ဘဏ် ကြီးပဲ နိုင်တယ်။ လောင်းကြေးတွေ သိမ်းနေကြတုန်း မကောင်းသတင်း ရောက်လာပြန်တယ်။ ရွာတောင်ပိုင်း မီးလန့်လို့ ဆိုတဲ့ သတင်းပါ။ မီးနှစ်ကြိမ် လန့်ပြီဆိုတော့ ဆရာတော် ကြီးကပဲ မိန့်တော်မူတယ်။
ကုမ္ဘဏ်ကြီးကို ကုန်းပေါ် တင်ခဲ့ကြတော့တဲ့။ ဒါဟာ မတော်တဆ တိုက်ဆိုင်မှု မဟုတ်ဘူးတဲ့။ မင်းတို့လှေက ခိုက်လှေတဲ့။ သည်တော့မှ ရွာကလည်း သတိ ထားမိကြတယ်။ လှေကတော့ ပြိုင်တိုင်း နိုင်ပါရဲ့၊ ရွာမီးလန့်တာက ဘာသဘောတုံး။ သည်ပြိုင်လှေကို သူကြီးနဲ့ သူရင်းငှား ဘချစ်တို့ ဘယ်ကဘယ်လို ရလာတာလဲ။ လှေဦးမှာ သာရကာရုပ် မဟုတ်၊ ကြက်တူရွေးရုပ် မဟုတ်၊ သိကြားရုပ် နတ်ရုပ် မဟုတ်၊ ဘယ့်နှယ် ကုမ္ဘဏ်ရုပ် ဖြစ်ရတာလဲ။ ပွဲနိုင်ပေမယ့် ရွာကြေတဲ့လှေ ဘယ်ကများ တွေ့လာကြ ပါလိမ့်ပေါ့။ တချို့ကလည်း မကျေနပ်ကြဘူး။ လှေပွဲက သုံးရက် ကျန်သေးတော့ ကုမ္ဘဏ်ကြီးကို ပြိုင်စေချင်ကြတယ်။ ပြိုင်ရင်နိုင်မယ် ဆိုတာလည်း ယုံကြရဲ့။ “မြစ်ထဲက လှေနဲ့ ကုန်းပေါ်ကမီး ဘာမှ မဆိုင်ပါဘူးကွာ”လို့ အချင်းချင်း မကြားတကြား စကားတင်း ပြောကြ တာကလွဲလို့ ဆရာတော့်လည်း မလွန်ဆန် ၀ံ့ကြဘူး။
“ပိုက်ဆံများ မလိုချင် ပါနဲ့တော့ကွာ။ မင်းတို့ လှေပြိုင်ရင် နိုင်မှာမုချ။ ဒါပေသိ လှော်သားတွေ လှော်လို့ နိုင်သာ မဟုတ်ဘူး။ ကုမ္ဘဏ်က လှော်နေသာ၊ ကုမ္ဘဏ်ဆိုသာ ဘာအောက်မေ့လို့လဲ။ နတ်ဘီလူးဟ။ ငါအိပ်မက်ရလို့ ပြောသာ၊ ပြာကျ ကုန်လိမ့်မယ်”
ဆရာတော် မိန့်တော့မှ လှေတစ်ဇာတ် ငြိမ်းပြီးရ တော့တယ် ပြောပါတော့။
၆။
နှစ်ကာလတွေလည်း ကြာပါပြီ။ လှေပြိုင်ပွဲ တွေလည်း မရှိတော့ပါဘူး။ ကျွဲ ထပ်၊ နွားထပ်၊ လှေထပ် လှည်းထပ်၊ မြေထပ်ယာထပ်၊ ရွှေထပ် ငွေထပ်ဆိုတဲ့ စိတ်ကြမ်းလက်ကြမ်း လောင်းကြေးတွေလည်း မရှိတော့ ဘူးပေါ့။ ကုမ္ဘဏ်ကြီး ပြိုင် လှေကထား။ လှေရွာတိုင်း လောင်းကြေးကြောင့် ခိုက်ခဲ့ကြတာ ပြောရင် ယုံစရာ မရှိဘူး။ ရွာတွေမှာ တစ်ခါက ပြိုင်လှေကြီးတွေ အနားရကြပြီ။ ကုမ္ဘဏ်ကြီးလည်း ကျောင်းအောက်မှာ မှောက်ခုံ ကြီးပါပဲ။ နှစ်ပွဲပြိုင် နှစ်ပွဲနိုင် ပြီးကတည်းက ကျောင်းအောက်မှာ တန်းခံပြီးမှောက် ထားလိုက်တာ ခုထိပဲ။ မြစ်နားရွာ တွေက ပြိုင်လှေတွေလည်း လှေပြိုင်ပွဲတွေ ခေတ်ထတုန်းက ပါသွားတာတွေ လည်းမနည်းဘူး။ တစ်ခါက ရွာ့ကျက်သရေ ဆိုတဲ့ ကျန်ကောင်းကျန်ရာ တွေလည်း တုံးလုံးနဲ့ ပက်လက် ဆိုတာလို မလှုပ်ကြ တော့ပါဘူး။ လှေဖြစ်ပြီး ရေနဲ့ မထိရတဲ့ ဘ၀တွေ ပေါ့လေ။
အောက်နှောတော သူကြီးလည်း မရှိတော့ ပါဘူး။ ဆရာတော်လည်း မရှိတော့ဘူး။ သူရင်းငှားကြီး ဦးဘချစ်တောင် အသက်ရရှာလို့ နေ့လားညလား ဖြစ်နေပါပြီ။ ဘုန်းကြီးကျောင်း ရောက်ကြတဲ့ လူ လတ်ပိုင်း တွေက ဦးဘချစ် နဲ့ကြုံရင် တစ်ခါက ကုမ္ဘဏ်ကြီး အကြောင်း မေးတတ်ကြတယ်။ “ကုမ္ဘဏ်ကြီး ၀ယ်တုန်းက အဘနဲ့ သူကြီးဦးလွန်းဘော် သွားဝယ်ကြသာပဲကွ။ ကြက်သငိုဆိုသာ တော်တော် ဝေးပါသကွာ။ ရောင်းလိုက် သူက ကိုဘကျောက်တဲ့။ အဲသည့် လှေခုတ်ဆရာ ၀ယ်ထားလိုက်တဲ့ လှေလို့ ပြောသာပဲ။ ခက်သာက ရေထဲချ တက်ကျင့်တော့လည်း မခိုက်ဘူး။ ပြိုင်မှခိုက်သာ ထူးဆန်းသယ်။
တချို့ကတော့ ကုမ္ဘဏ်ရုပ်ကြောင့်တဲ့၊ တချို့က ပြိုင်လှေကိုက သစ်မသန့် လို့တဲ့။ တချို့ကလည်း လှေသားတွေထိုးတဲ့ အင်းနဲ့ စမ တွေကို ကုမ္ဘဏ်ရုပ်က မကြိုက် လို့တဲ့။ ပြောတတ်ပေါင်ကွာ။ အဘတို့လည်း ဉာဏ်မမီပါဘူး။ ဆရာတော်ကတော့ ခိုက်လှေတဲ့”
သည်ဘက်ခေတ် အထိ ကုမ္ဘဏ်ကြီး ပြိုင်လှေက ကျောင်းအောက်မှာ မှောက်ခုံကြီး ရှိလျက်ပါပဲ။ လှေက မှောက်ခုံဆိုတော့ ကုမ္ဘဏ်ရုပ် ကလည်း ဇောက်ထိုးပေါ့။ ဆွေးတယ်လို့လည်း မရှိဘူး။ ကုမ္ဘဏ်ရုပ် လှေဦးက ပြုတ်ကျတယ် လို့လည်း မရှိဘူး။ မြဲလိုက်တာမှ။ အံ့သြစရာ။
(အမေ လှေသူကြီး ကတော်ရဲ့ လှေဘ၀တွေ ထဲက ဘ၀ အတွေ့အကြုံကို ၀တ္ထုဖွဲ့တာပါ။)
ခင်ခင်ထူး
No comments:
Post a Comment