တို့ကျေးရွာ

ကျွန်တော်သည် ကျေးတောရွာဇာတိပင်ဖြစ်၍ ကျေးတောသားများနှင့်အတူ ဆင်းရဲကိုလည်း ခံစားခဲ့ဖူးသည်။ ချမ်းသာကိုလည်း စံစားခဲ့ဖူးသည်။ သူတို့နှင့်အတူပင် မိုက်လည်း မိုက်ခဲ့ဖူးသည်။ လိမ်လည်း လိမ္မာခဲ့ဖူးသည်။
ဒီချောင်းရပ် လတာပြင်က လမုမြစ်အကြားတွင် ခုန်ပျံလူးလားနေကြသော ငါးဖျံကလေးများသည် ကျွန်တော်၏ ကစားဖော်များဖြစ်ခဲ့ကြသည်။ တောမီးလောင်ပြီးနောက် နေပူကျဲကျဲတွင် ထွက်ပေါ်လာကြသော ပတတ်စာပွင့်များသည် ကျွန်တော်၏ အာဟာရဖြစ်ခဲ့သည်။ နောက်ခံတောအရေးကို မှီ၍ ကွင်းစပ်တွင် နီနီရဲရဲ ပွင့်နေသော ပေါက်ပင်သည် ကျွန်တော့်အဖို့ တောကားတောင်ကား ဖြစ်ခဲ့သည်။
ညောင်ပင်ရိပ်ရှိ အုတ်ရေတွင်းဟောင်းကြီးမှ ငင်ယူရသော ရေအေးသည် ကျွန်တော့်အတွက် သီတာရေချမ်းဖြစ်ခဲ့သည် ။ တောအကြောင်းကို ပြန်တွေးမိသောအခါ ခံစားခဲ့ရသော ဆင်းရဲမှုများကို သတိမရမိ၊ နှစ်သက်ဖွယ်အကြောင်းများကိုသာ သတိရမိတော့သည်။ အနှစ်အစိတ်မျှ ကွဲလာခဲ့ရသော်လည်း ‘တောရပ်သမီး၊ အိမ်ထောင်ကြီး’ ၏ လက်ယပ်ခေါ်နေပုံကို မြင်ယောင်လျက်သာရှိသည် ။
မှတ်မိသေးသည် ။ ငယ်စဉ်က စိတ်ရူးထပုံများကို မှတ်မိသေးသည် ။ တောရွာများ၏ ဆင်းရဲပုံကို မြင်ရတိုင်း စိတ်ရူးထမိခဲ့သည်။ ရွှေတွေ ငွေတွေ အများကြီးရအောင်ရှာ၍ စာသင်ကျောင်းတွေ ဆောင်မည် ။ ဆေးရုံတွေ တည်မည် ။ ပိဋကတ်တိုက်တွေ လုပ်မည် ။ ကစားကွင်းတွေ ဖန်ဆင်းမည် ။ လက်မှုပညာကျောင်းတွေ ထောင်မည် ။ တောသူတောင်သား ညီအစ်ကိုမောင်နှမများကို တော၏ ယဉ်ကျေးမှု မပျောက်စေဘဲ ခေတ်၏ ယဉ်ကျေးမှုများကိုလည်း ပေးမည်ဟု ကွင်းဟင်လဟာကြီးကို ကြည့်ကာ မိုးမဆုံး မြေမဆုံး စိတ်ရူးထခဲ့ဖူးသည် ။
အနှစ်အစိတ်ကျော်ခဲ့ပြီ ။ သူတို့အဖို့ ဘာကိုမျှ တစ်စွန်းတစ်စ မလုပ်ကိုင်နိုင်ခဲ့သေး ။ ယခုအခါတွင် သူတို့တွင် တော၏ ယဉ်ကျေးမှုမှ ကျန်ပါလေသေးစံ့ ။ မျက်နှာသုတ်ပ၀ါကို ခေါင်းပေါင်းနိုင်သောသူသည် ယခုအခါ နံငယ်ပိုင်းကိုမျှ ရစ်ပတ်နိုင်သေးပါစံ့ ။ ကောက်ညှင်းထုပ်စားနိုင်သောသူသည် ငှက်ပျောသီး အူနီကြီးကိုမျှ ကောက်ညှင်းထဲတွင် ထည့်နိုင်ပါသေးစံ့ ။ သံပန်းကန်သုံးနိုင်သူသည် မြေခွက်ကိုမျှ ဝယ်နိုင်ပါသေးစံ့ ။
သို့သော် ကျွန်တော်၏ မိခင်ကား တော။ ကျွန်တော်ကား တောမိခင်၏သား ။ တောကို ကျွန်တော်သည် မမေ့နိုင် ။ ဤတိုက်ခန်းတွင်းရှိ ဤစားပွဲတွင် ထိုင်နေခိုက်တွင် ထိုရိုးပြတ်ကြားရှိ ထိုကန်သင်းကို ကျွန်တော်သတိရဆဲ ။ ဤရေဒီယိုစက်မှ ဤသီချင်းများကို နားထောင်ခိုက်တွင် ထိုဝါးရုံရိပ်မှ ထိုပြွေသံကို ကြားယောင်ဆဲ ။ ဤသတင်းစာမှ ဤကမ္ဘာ့သတင်းများကို ဖတ်နေခိုက်တွင် ထိုရေတွင်း၌ ထိုရွာသူတို့ပြောသော ရွာသတင်းကို ကြားမိဆဲ ။
ကျွန်တော် မကြာခဏ တောင့်တမိသော အချက်တို့မှာလည်း များစွ ။ ခရောင်းတော ၊ ရိုးပြတ်တောတွင် လှည်းလမ်းကြောင်းကို ကြဉ်၍ ရောက်ချင်ရာရောက် လမ်းလျှောက်ချင်သည် ။ ရိုးပြတ်ကြားတွင် ခြောက်နေသော ပေါင်းပင်ကလေးများကို နှုတ်ယူလေ့လာချင်သည် ။
ပတ်ကြားအက်ကြားတွင် မိုးစွေငှက်သိုက် ရှိနိုးနိုးနှင့် တစိတစောင်း ကြည့်ချင်သည် ။ လယ်သမားများနှင့်အတူ ကောက်လှိုင်းတိုက်ချင်သည် ။ ည လသာသာတွင် သီချင်းတကျော်ကျော်ဆို၍ စပါးနယ်ချင်သည် ။ စပါးသိမ်းရာတွင် နှီးစကလေးကိုချိုး၍ စပါးပုံကလေးတွေကိုပုံ၍ ချိုး-ချိုး ဟု အော်ဟစ်ချင်သည် ။ နံနက်စောစော နှင်းတောထဲတွင် ကောက်ညှင်းပေါင်း ပူပူနွေးနွေး စားချင်သည် ။
ဤသို့ပင် ရှေးနှစ်ပေါင်းများစွာက ကျွန်တော်၏ တောင့်တချက်တို့ကို ကဗျာတည်၍ မှတ်တမ်းတင်ဖူးခဲ့ပြီ ။ ထိုကဗျာကား နွေဦးပေါက်၏ စိတ်ရူးပေါက်ကဗျာဖြစ်ခဲ့သည် ။
ယခုလို နွေဦးပေါက်အခါမျိုးတွင် ကျွန်တော်တို့ တောတွင် ပျော်စရာလည်း ကောင်းတော့သည် ။ ငြီးငွေ့စရာလည်း ဖြစ်တော့သည် ။ မိုးရာသီ ဆောင်းရာသီတို့တွင် တောတန်းတောင်တန်းတို့သည် စိမ်းလန်းစိုပြည်သော သစ်ပင်တို့ဖြင့် စည်ကားလှသည် ။ မိုးလေထဲတွင် သူတို့တစ်တွေ ယိမ်းကကြသည် ။ ဆောင်းလေထဲတွင် သူတို့တစ်တွေ မြူးရွှင်ကြသည် ။ မိုးရိပ်တိမ်ရိပ်တွင် ညို့ညို့မှိုင်းမှိုင်းနှင့် သူတို့ ရပ်တည်နေကြသည်မှာ စစ်တလင်းတွင် အမိန့်ကို နာယူလျက် ရှိကြသော အာဇာနည်တပ်ကြီးကဲ့သို့ ဖြစ်တော့သည် ။
နှင်းမှုန်မှုန်တွင် သူတို့တစ်တွေ ဆောင်းလေနှင့် ကစားနေသည်မှာ အောင်တပ်ကြီး စခန်းချ၍ အောင်သေ အောင်သား စားနေသည်နှင့် တူတော့သည် ။ ကွင်းဖက်ကို ကြည့်ပြန်တော့လည်း မိုးအခါတွင် ရေတွေဖွေးနေရာမှ ကောက်ပင်ပျိုတို့ဖြင့် နေ့ချင်းညချင်းဆိုသလို စိမ်းလန်းလာသည်မှာ အားရစရာကြီး ၊ ၀မ်းမြောက်စရာကြီး ။ ဆောင်းအခါရောက်ပြန်တော့ မှည့်ဝင်းသော ကောက်ပင်တို့ဖြင့် လေပြည်တွေ လှိုင်းအိနေသည်မှာ ပျော်စရာကြီး ၊ နှစ်သက်စရာကြီး ။
‘ဘီး ၊ ဘီး ။ ဘာ ဘီးလဲ ။ ရွှေဘီး ။ ရွှေစော်နံ ပြန်လိုက်ဦး ။ ဘီး ၊ ဘီး ။ ဘာဘီးလဲ ။ ငွေဘီး ။ ငွေစော်နံ ပြန်လိုက်ဦး ။ ဘီး ၊ ဘီး ။ ဘာ ဘီးလဲ ။ သနပ်ခါးဘီး ။ ကျွန်မတို့မှာ ဆင်းရဲသူ ဆင်းရဲသားမို့ သနပ်ဘီး ပေးခဲ့ပါ ’ ဆိုသလို ကျွန်တော့်တို့အဖို့ ရွှေကော်ဇောလည်း အဖိုးတန်သည် မထင် ။ ငွေကော်ဇောလည်း အဖိုးတန်သည် မထင် ။ ဤလယ်ကွင်းကြီးထဲတွင် ဖြန့်ခင်းထားသော ကောက်ပင်ကော်ဇောကြီးသည်သာလျှင် အတိုင်းမသိ အဖိုးတန်သည် ထင်မိတော့သည် ။ ဤသို့ မိုးရာသီ ဆောင်းရာသီတို့တွင် တောဘက် ကွင်းဘက်တို့တွင် သာယာလှသဖြင့် ပျော်စရာကြီး ဖြစ်ခဲ့သည် ။
နွေဦးပေါက်လာသော အခါတွင်ကား ကွင်းဘက်မှာလည်း ရိုးပြတ်တွေ ဖရိုဖရဲနှင့် ၊ လေကလည်း တဟူးဟူး ၊ နေကလည်း တလောင်လောင် ငြီးငွေ့စရာကြီး ။ တောဘက်ကြည့်ပြန်တော့လည်း သစ်ရွက်တွေ ကြွေလို့ ၊ သစ်ပင်တွေက ကျိုးတိုးကျဲတဲ ။ နေပြောက်ကြီးတွေ ဟိုတစ်ကွက် သည်တစ်ကွက်နှင့် ။ တစ်ချက်တစ်ချက် တောမီးလောင်လိုက်သေး ။ ငြီးငွေ့စရာ ။ သို့သော်လည်း ဤငြီးငွေ့ဖွယ်အခြေအနေကား တာရှည်တည်မနေ ။ ကြည့်ရင်း ကြည့်ရင်းပင် အဟောင်းကြွေသောနေရာမှ အသစ်ထွက်လာတော့သည် ။ ရွက်ဖူးကလေးကား သတိမမူသူအတွက် မသိသာလှ ။ သတိမူသူအတွက်ကား ချစ်စရာလေး ။
တစ်ရက်နှင့်တစ်ရက်မတူ ။ စူ၍စူ၍ ထွက်လာကာ ခဏအကြာတွင် အတောင်ကလေးပေါက်၍ နွေဦးလေပြည်တွင် ကခုန်မြူးတူးလေတော့သည် ။ သည်အကြောင်းများကို ကျွန်တော် သတိရ၍ ရေးမိတော့သည်။ သစ်ရွက်ကလေးသည် တစ်စတစ်စ ခြောက်လာ၍ တစ်ဝက်လောက်ရောက်သောအခါ အဝါတစ်ပိုင်း၊ အစိမ်းတစ်ပိုင်း ဖြစ်နေပုံကို သျှင်ဥတ္တမကျော်က ‘သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတစ်ဝက်၊ဖက်၍ဆေးစုံ၊ ချယ်သောပုံသို့’ ဟု စပ်ဆိုခဲ့သည် ။
ကျွန်တော်လည်း သူ့ကိုတု၍ ရေးမိပြန်သည် ။ ထိုသစ်ရွက်ကလေးတွေ ကြွေကျသွားပြီးနောက် လေပွေတိုက်၍ လေပွေထဲတွင် ချာလည်ပတ်လည်ပြေးသည်ကို ကြောင်ကလေးတစ်ကောင် မိမိ၏အမြီးကို မိမိလိုက်ဖမ်းနေသည်နှင့် ခိုင်းနှိုင်း၍ ရေးမိပြန်သည် ။ ဤအကြံသည်လည်း ကျွန်တော်၏အကြံရင်း ဟုတ်မည် မထင် ။
ကမ္ဘာ့စာဆို တစ်ဦးဦးထံမှ ရခဲ့ပုံရသည် ။ မည်သို့ပင်ဖြစ်စေ ထိုထိုသော စာဆိုကြီးတို့၏ အတွေ့အကြုံသည် ကျွန်တော့် အတွေ့အကြုံနှင့် တစ်ထပ်တည်းပင် ဖြစ်လျက်ရှိသဖြင့် ကျွန်တော် ကူးချလိုက်မိခြင်း ဖြစ်ရာသည် ။ နှစ်ပေါင်းငါးရာလောက်က သျှင်ဥတ္တမကျော်သည် ပဲခူးရိုးမတောင်ခြေဆီတွင် တွေ့မိသော သစ်ရွက်ရော်ကလေးမျိုးကို ကျွန်တော်သည်လည်း ယခု တွေ့မိလေသေးသည် ။ သျှင်ဥတ္တမေကျော် တွေ့သည်ကား ဤဟာမျိုးပါတကားဟု ကျွန်တော်က လက်ညိုးညွှန်ပြတော့သည် ။
ဆန်းစခါနွေ
သာတပေါင်းမို့၊ညှာညောင်းကြွေ
ပြေပြေရောရု
မြအသွေး၊ရွှေရေးလုလို့
ရတုအညီ
မြေသို့သက်တဲ့၊ရော်ရွက်ရီကို
ပလီပလာ၊တီတာတာ၊သည်ခါဓလေ့
နွေအကူး၊လေရူးဝှေ့တော့
ကွေ့ကွေ့ဝန်းဝိုက်
ရွှေကြောင်ဖား၊မြီးဖျာလိုက်သို့
မြိုင်တိုက်စုံယံ၊ရွက်ဟောင်းပြန်သော်။
သာတပေါင်းမို့၊ညှာညောင်းကြွေ
ပြေပြေရောရု
မြအသွေး၊ရွှေရေးလုလို့
ရတုအညီ
မြေသို့သက်တဲ့၊ရော်ရွက်ရီကို
ပလီပလာ၊တီတာတာ၊သည်ခါဓလေ့
နွေအကူး၊လေရူးဝှေ့တော့
ကွေ့ကွေ့ဝန်းဝိုက်
ရွှေကြောင်ဖား၊မြီးဖျာလိုက်သို့
မြိုင်တိုက်စုံယံ၊ရွက်ဟောင်းပြန်သော်။
ထိုသို့ ရွက်ဟောင်းများပျံချိန်တွင် ကျွန်တော်ပြေး၍ သတိရမိသည်မှာ ရေကန်ပျက်ကြီးတစ်ခုအနီးရှိ ကသစ်ပင်ကြီးတစ်ခု ဖြစ်ပေသည်။ ထိုကသစ်ပင်ကြီးကို တံဆိပ်တုံးလုပ်ရန် မကြာခဏ ကသစ်ဖုသွားခွာခဲ့ဖူးပါသည်။ ထိုကသစ်ပင်တွင် သူရဲကြီးတစ်ကောင် မျက်စိလင်းကွင်းလောက်နှင့် ရှိသည်ဟု ပြောသဖြင့် ကျောချမ်းချမ်းပင်။ သို့သော်လည်း သွားမိအောင်တော့ သွားကြသေးသည်။
ထိုအပင်ထက်တွင် ချိုးကလေးတစ်ကောင် ကူကူနေတတ်သည်။ ကသစ်ပင်ရင်း၌ တောစံပယ်ချုံကလေးလည်း ရှိပေသည်။ ခြောက်သွေ့သော နွေဦးလေတွင် ထိုသတ္တိကောင်းသော စံပယ်ပင်ကလေးသည် ချည့်ချည့်နဲ့နဲ့နှင့်ပင် ဖူးပွင့်ကာ လောကကိုဖျော်ဖြေလျက်ရှိလေသည်။ သူသည် သူရဲကြီးကိုလည်း ကြောက်ပုံမပေါ်။
ကသစ်စူးကိုလည်း မရွံ့။ နေပူကိုလည်း ဂရုမစိုက်။ နွေဦးပေါက်လျှင် ပွင့်လေတော့သည်။ သူ့တာဝန်ကိုကား အမြဲသတိရလျက် ။ ကျွဲခတ်ခံရ၍လည်း သူမဖြုံ ။ နွားနင်းခံရ၍လည်း သူမမှု ။ ချည့်ချည့်နဲ့နဲ့နှင့်ပင် သူပွင့်လျက်ရှိလေသည်။ ထိုစံပယ်ပန်းနံ့ဖြင့် ထုံလျက်ရှိသော လေပြည်တွင် ချိုးကူသံကလေး လွင့်လာသည်ကို ကျွန်တော် ယခုပင် ကြားယောင်မိသေးတော့၏။
တလှိုင်လှိုင်ပေါ၊ မြိုင်တစ်ကြော
တောစံပယ်ဖြူ
ဝတ်မှုံကျင်းတဲ့၊ သင်းကြူကြူကို
လေချူလို့လွင့်
ပန်းထုံတဲ့လေချိုမှာ၊ ရွှေချိုးပျိုကူသံဆင့်ပေလိမ့်။
တောစံပယ်ဖြူ
ဝတ်မှုံကျင်းတဲ့၊ သင်းကြူကြူကို
လေချူလို့လွင့်
ပန်းထုံတဲ့လေချိုမှာ၊ ရွှေချိုးပျိုကူသံဆင့်ပေလိမ့်။
သူတို့အကြောင်းဖွဲ့ပြီးတော့ သူရဲကြီးတစ်ကောင်နေသည်ဆိုသော ထိုကသစ်ပင်ကြီးကိုပင် ဖွဲ့မိပြန်သေးသည်။ ဆူးတွေဗရပွနှင့် ၊ နေပူကြဲကြဲတွင် အရွက်မရှိဘဲ ကိုးယားကားယားနေသော ထိုကသစ်ပင်ကြီးကိုပင်လည်း ကျွန်တော် နှစ်သက်လျက်ရှိမိသည်။ ဘာများ စွဲလန်းစရာရှိပါလိမ့်။
သို့ဖွဲ့ရာတွင် ကျွန်တော်၏ ပတ်ဝန်းကျင်တွင် ဖြန့်ကြဲနေသော စာအုပ်များထဲမှ စကားကြီး စကားကျယ်တို့သည် အတင်းတိုးဝှေ့လာကြပါသည်။ ကျွန်တော့်တောရွာက စကားများကို သူတို့အနိုင်ကျင့်သွားကြသည်။ ထီးနန်းအတွင်းက လူများဖွဲ့ရာတွင်လည်း သူတို့ပါလိုကြသည်။ ကျွန်တော် တောကားဖွဲ့ပြန်တော့လည်း သူတို့ပါလိုကြသည်။ သူတို့ကား ပဲခူးဆားများပေလော ။
မြိုင်မြင့်စုံခြေ ၊ ဆာဆာဝေ ၊ ရွှေကသစ်ပန်း
ကောဝိလာငယ် ၊ တျာတျာရင့်လန်းကာပ
ပင်နန်းထက်ယံ ၊ ဆက်ရက်သံ
ကြွက်ညံကြော်ကြွေး
မဖိုပျော်ပျော် ၊ တူနှစ်ဖော်
ထူးခေါ်ကာ မေးကြသည်နှင့် ။
ကောဝိလာငယ် ၊ တျာတျာရင့်လန်းကာပ
ပင်နန်းထက်ယံ ၊ ဆက်ရက်သံ
ကြွက်ညံကြော်ကြွေး
မဖိုပျော်ပျော် ၊ တူနှစ်ဖော်
ထူးခေါ်ကာ မေးကြသည်နှင့် ။
ဤသို့ ငှက်မ ငှက်ဖို ချစ်တင်းဆိုကြပုံကို ရေးခဲ့ပြီ ။ လူဖို လူမတို့ကော မဆိုကြပါလော ။ ဆိုကြပါ၏ ။ ကမ္ဘာဦးကစ၍ပင် ဆိုခဲ့ကြပါ၏ ။ ကျွန်တော် ရေးခြယ်ခဲ့သော တောကားကြီးထဲတွင် သူတို့လည်း ထည့်ရဦးမည် ။ သူတို့မပါ၍ ဘယ်မှာဖြစ်ပါအံ့ ။ သို့သော်လည်း ကျွန်တော်၏ ဇာတ်လိုက်တို့ကား ခင်မြင့်ကြီးလည်း မဟုတ် ။ သန်းသန်းလည်း မဟုတ် ။ မေလည်း မဟုတ် ။ ပန်းသာ မစာဥနှင့်များ နီးစပ်လေမည်လား မသိရ ။
ကျွန်တော့်ဇာတ်လိုက်တို့သည် ‘ ဗိုက်မှာ ရွှံ့တွေနဲ့ ’ ဆိုသော သူတို့ ဖြစ်ချေသည် ။ မိန်းကလေးအမည်က ဒွေးညိုတဲ့ ။ သူတို့မောင်နှမတစ်စုမှာ သူအထွေးဆုံးနှင့် တူသည် ။ အသားကလည်း ခပ်ညိုညိုပဲ ။ ဒါပေမဲ့ ဟိုစမ်းချောင်းကလေး နဘေးက မျှစ်စို့ပေါက်ကြီးလို တုတ်တုတ်ဖြိုးဖြိုးကြီး ။ နေပူလို့ထင်ရဲ့ ။ ခေါင်းကို တဘက်ကလေးပေါင်းလို့ ။ ဓါးမတိုကလေးကိုင်ပြီး ရွာထဲက ထွက်လာတယ် ။
သူ့မေးလိုက်တော့ ထင်းခွေသွားမယ်လို့လဲ ပြောတယ် ။ မြောက်ဥတူးသွားမယ်လို့လဲ ပြောတယ် ။ ကြိမ်ဖူးခတ်သွားမယ်လို့လဲ ပြောတယ် ။ ဘာကိုယုံရမှာလဲ ။ မူက တယ်မမှန်ဘူး ။ နောက်ပြီး တောစပ်လဲရောက်ရော သီချင်းအော်ဆိုတာပဲ ။ တောထဲက ပြွေသံကလေး တစ်ခုကလဲ သူ့သီချင်းနဲ့ ပြိုင်ပြီးကျူနေတယ် ။ မရိုးပါဘူး ။ ဧကန္တတော့ ဧကန္တပဲ ။ ဘာဧကန္တသာ မသိတယ် ။ ဟော-ဟော ။ ညောင်ပင်ရိပ်က နွားကျောင်သမားလေးလဲ အိပ်ရာကထပြီး သူ့ဘက်လှည့်ကြည့်တယ် ။ ဘာပြောမလဲ ။ နှုတ်ခမ်းပြင်နေပြီ ။ သူကပေမဲ့ တောသားသာဖြစ်တယ် ။ ပြောချင်တာကို တိုက်ရိုက်မပြောဘူး ။
လှည့်လှည့်ပတ်ပတ်နဲ့ အတော်ဟုတ်တဲ့ ငနဲကလေးပဲ ။သူတို့ငယ်ငယ်က ရွှေစွန်ညိုဝဲတမ်း ကစားခဲ့ကြမှာပဲ ။ ရွှေစွန်ညိုကြီးက မထွေးကို လိုလို့ ဝဲသတဲ့ ။ သည်တော့ မထွေးက ‘မထွေးအသားခါးလှတယ်’ လို့ ပြန်ဖြေတယ် ။ ဒါပေမယ့် ရွှေစွန်ညိုက ‘ပင်လယ်ရေနဲ့ ဆေးပါ့မယ်’ လို့ ပြန်ပြောတယ် ။ အဲသည်သူတို့ကစားတဲ့ ရွှေစွန်ညိုထဲကအတိုင်း သွယ်ဝိုက်ပြီး ဒွေးညိုကို နွားကျောင်းသားကလေးက လှည့်တယ် ။ ဤအချက်များကို ကျွန်တော်တွေးမိ၍ အောက်ပါအတိုင်း ရေးကာ ကျေးတောဇာတ်ကလေးကို ခင်းပြထားပါသည် ။
ကြည်နူးအဖွယ် ၊ တောအဆွယ်
သူငယ်နွားကျောင်း
ညောင်ညိုမှိုင်းချိပ် ၊ ပင်ပျိုရိပ်မှာ
အသာအိပ်လျောင်းကာပ
ခြောင်းခြောင်းပူလျှံ ၊ သူရကန် ၊ တဆံမမှု
ဝါးပလွေတို ၊ ရောင်စိုစိုကို ၊ လေချိုနှင့် ညုရာက
ရွာသူဓလေ့ ၊ လျှိုအကွေ့ ၊ ပျိုမေ့သူဇာ
ထင်းခွေမြောက်တူး ၊ ကြိမ်ညွှန့်ဖူး
သူအခူးလာရာတွင်
သာသာအေးအေး ၊ မ သံပေး
ဆိုတေးသံငြာတော့ကို
ချာခနဲပင်
မောင်ဂေါပါလ ၊ ငေါက်ငေါက်ထ
လျှိုဝသို့ဝင်လို့
“ ရှင်မိဒွေးညို ၊ တုတ်စိုစိုရယ်
ဟိုတစ်နေ့ည ၊ ဖ ခေါင်းချမှာ ၊ ရှင်မတို့တဲ
နွားရုံတစ်ခို ၊ ဘူးစင်ပြိုမှာ
ရွှေစွန်ညိုဝဲပါလျက်ကနဲ့
မထွက်မပေါ်
မဒွေးငယ် အရွဲ့တိုက်လို့
မိုက်လိုက်ပုံ တော်ရော့လား ။
ကျော်ကျော်ကြားကြား ၊ မဒွေးသား
ခါးခါးအန်အန်
ပင်လယ်ယံမှာ ၊ ရေငန်နှင့်ဆား
ငယ်ကချစ်တဲ့ ၊ ဆံရစ်မေကို
ဟောဒီဖေ လွေးမှာပေါ့ ” ဟု အေးအေးဖြူးဖြူး
တောစရိုက်နှင့် အလိုက်သင့်နှူးသည်ကို
စိတ်ကူးတွင်သာ ၊ မြင်ရပါ ၊ ဘယ်ခါကာလ
ကျွန့်ချက်မြှုပ်တဲ့ ၊ တောအုပ်ညိုမှာ
ကိုယ်တိုင်မြင်ရပါမတုံး ။
သူငယ်နွားကျောင်း
ညောင်ညိုမှိုင်းချိပ် ၊ ပင်ပျိုရိပ်မှာ
အသာအိပ်လျောင်းကာပ
ခြောင်းခြောင်းပူလျှံ ၊ သူရကန် ၊ တဆံမမှု
ဝါးပလွေတို ၊ ရောင်စိုစိုကို ၊ လေချိုနှင့် ညုရာက
ရွာသူဓလေ့ ၊ လျှိုအကွေ့ ၊ ပျိုမေ့သူဇာ
ထင်းခွေမြောက်တူး ၊ ကြိမ်ညွှန့်ဖူး
သူအခူးလာရာတွင်
သာသာအေးအေး ၊ မ သံပေး
ဆိုတေးသံငြာတော့ကို
ချာခနဲပင်
မောင်ဂေါပါလ ၊ ငေါက်ငေါက်ထ
လျှိုဝသို့ဝင်လို့
“ ရှင်မိဒွေးညို ၊ တုတ်စိုစိုရယ်
ဟိုတစ်နေ့ည ၊ ဖ ခေါင်းချမှာ ၊ ရှင်မတို့တဲ
နွားရုံတစ်ခို ၊ ဘူးစင်ပြိုမှာ
ရွှေစွန်ညိုဝဲပါလျက်ကနဲ့
မထွက်မပေါ်
မဒွေးငယ် အရွဲ့တိုက်လို့
မိုက်လိုက်ပုံ တော်ရော့လား ။
ကျော်ကျော်ကြားကြား ၊ မဒွေးသား
ခါးခါးအန်အန်
ပင်လယ်ယံမှာ ၊ ရေငန်နှင့်ဆား
ငယ်ကချစ်တဲ့ ၊ ဆံရစ်မေကို
ဟောဒီဖေ လွေးမှာပေါ့ ” ဟု အေးအေးဖြူးဖြူး
တောစရိုက်နှင့် အလိုက်သင့်နှူးသည်ကို
စိတ်ကူးတွင်သာ ၊ မြင်ရပါ ၊ ဘယ်ခါကာလ
ကျွန့်ချက်မြှုပ်တဲ့ ၊ တောအုပ်ညိုမှာ
ကိုယ်တိုင်မြင်ရပါမတုံး ။
ဤသို့ ချစ်ဖွယ်အပေါင်းကို ပြန်ပြောင်း၍ တွေးမိရာတွင် ကျွန်တော်၏ ငယ်ပေါင်းကြီးဖော်ဖြစ်သော ဥသြကလေးကို ယခုလို နွေဦးအခါမျိုးတွင် ကျွန်တော် မေ့မထားခဲ့နိုင် ။ ကျွန်တော်ငယ်စဉ်က ကြားရသော ဥသြကလေးကား အုန်းတော်ကြီးထဲက ဥသြကလေးဖြစ်သည် ။
ဝေးနယ်ရပ်ကွာ ၊ ကျွန်တို့ရွာမူ
ခုခါကာလ ၊ တပေါင်းကျက
မြမြမိုမို ၊ အုန်းညိုညိုမှာ
ကြည်ချိုသာမော ၊ ရွှေဥသြလည်း
တစ်တောလုံးစင် ၊ ထပ်ပဲ့တင်နှင့်
လွင်လွင်အေးအေး ၊ ရင့်ရူးကြွေလိမ့် ။ ။
ခုခါကာလ ၊ တပေါင်းကျက
မြမြမိုမို ၊ အုန်းညိုညိုမှာ
ကြည်ချိုသာမော ၊ ရွှေဥသြလည်း
တစ်တောလုံးစင် ၊ ထပ်ပဲ့တင်နှင့်
လွင်လွင်အေးအေး ၊ ရင့်ရူးကြွေလိမ့် ။ ။
မင်းသုဝဏ်
ရှုမ၀မဂ္ဂဇင်း
ဖေဖော်ဝါရီ၊ ၁၉၄၉
No comments:
Post a Comment