Tuesday, May 8, 2012

အိမ်ကလေး (၄)


အမေက လှေသူကြီးကတော် ဖြစ်သည်။ လှေခေတ် မဟုတ်တော့ လှေသူကြီးကတော်ဆိုသည့် ဂုဏ်ပုဒ်သည်လည်း ဘာမှ မဟုတ်တော့သလို ဖြစ်နေသည်။ သို့သော် မန္တလေးမြို့စွန် စနေထောင့်အရပ်က မြစ်ကမ်းနားရပ်ကွက် မှာတော့ လှေသူကြီးကတော်ဆိုသည့် အမေ့ကို လေးစားကြသည်။ ဆယ်ပြားခင်း လှေကြီးကို စီးခဲ့သော အမေကဘဝ တလျှောက်လုံး လှေပေါ်က ဆင်းခဲ့သည် မဟုတ်။ ဆယ်ပြားခင်းဆိုတာက လှေဝမ်းခင်းပြားပေပျဉ် ဆယ်ချပ်ခင်းထား သည့် လှေကြီးကို ခေါ်သည်။  

သည်လှေကြီးနှင့်စပါးသယ်ခဲ့သည်။ ဆန်သယ်ခဲ့သည်။ အိုးတွေ သယ်ခဲ့သည်။ ထင်းတွေ သယ်ခဲ့သည်။ လေရှိလျှင် ရွက်တိုက်၊ လေမရှိတော့ ကြိုးဆွဲ။ ဧရာဝတီမှာ စုန်ချည်ဆန်ချည်။ မန္တလေးအထက် ထီးချိုင့် ဗန်းမော် ရောက်သည်။ အောက်ဘက် ပုသိမ်ချောင်းထဲအထိ ဝင်သည်။ လင်သားက လှေသူကြီးဆိုတော့ ဇနီးက လှေ သူကြီးကတော် အလိုလျှောက် ဖြစ်ရသည်ထင်လျှင် မှားလိမ့်မည်။ လှေသူကြီး လင့်နောက်ကို ငွေသိမ်းလိုက် ရင်းလှေပေါ်မှာဆေးပေါ့လိပ်ဖွာ ရင်းလှေသူကြီး ကတော် ဖြစ်ရိုးမရှိ။ လှေသူကြီးတာဝန်နှင့်မခြား တာဝန်ယူနိုင်ရ သည်။ ရေကြောကို သိရသည်။ လေဆင်မိုးဆင်ကို သိရသည်။ ကုန်စည်ကို သိရသည်။ လှေထိုးသားများ၏ ဘဝနှင့် လုပ်အားကို သိရသည်။

လှေကို ဓားပြလာတိုက်သည့် ခေတ်တွေက လှေသူကြီးက ပဲ့စင်ပေါ်က ဆင်းခဲ့သော်လည်း အမေက ဓားပြ များနှင့် ရင် ဆိုင်ရမြဲ ဖြစ်သည်။ မသင်္ကာစရာ လှေကလေးတစီး ရေထဲ ဘွားခနဲပေါ်လာလျှင် နားတောင်းကလေး ချွတ်ကာ ငါးပိ အိုးထဲနှစ်၊ စောင်စုတ်ခြုံကာ တဟီးဟီး အဖျားတက်ပြနေရသည်။

“နားတောင်းက ဘယ်ရောက်လို့တုန်း လှေသူကြီးကတော်ရဲ့၊ ရှိတာလေးများ မျှပါဦး”

ဓားပြခေါင်းဆောင်၏ ထက်ရှနေသည့် ဓားသွားက နှာခေါင်းအောက်က ချိုင့်ထဲ အပြားလိုက်ကပ်ထားကာ အထက်လှန် ထားခြင်း ဖြစ်သည်။ အနေမတော်လျှင် နှာခေါင်းပြတ်သွားနိုင်သည်။ ဓားပြတွေကို အမေ မကြောက်။ သည်လမ်း သည် ခရီးမှာ ထိုစဉ်က သောင်ပါးရေတိမ်ကို ကြောက်ရတာ မဟုတ်။ ဓားပြကြောက်ရသည့်ခေတ် ဖြစ်သည်။

“လှေသူကြီးကတော် မဟုတ်ရပေါင်တော်၊ လှေကြုံစီးပါ၊ ပခန်းက အပြန် ဖျားလာလို့၊ ပဲ့စင်ပေါ်က ဆရာသာ မေးကြည့် ပါတော့၊ သူကလည်း လှေသူကြီး သည်တခေါက် မလိုက်နိုင်လို့ ထည့်လိုက်တဲ့ လူငှားပါ၊ ငါ့မောင်တို့ ကြိုက်တာ ရှာဖွေ သာ ယူကြပါရော့”

ဓားပြသုံးယောက်က တလှေလုံး ရှာသည်။ လှေထိုးသားတွေကို ခြိမ်းခြောက်သည်။ ဘာမှမတွေ့တော့ အမေ့ကို မဲပြန် သည်။

“လှေသူကြီးကတော်ကတော့ သေချင်တယ်နဲ့ တူတယ်၊ ဇက်ပိုင်းပြီး ရေထဲကန်ချပစ်လိုက်မယ်၊ ထုတ်စမ်း”

“ဘယ်နှယ့် သေချင်ရမလဲ ငါ့မောင်ရဲ့၊ မင်း သဘောပါတော်၊ လုပ်စားရတာလည်း မကောင်းလို့ပါ၊ နေပါဦး၊ မင်းက ဘယ်လောက်များ ရမယ်မှန်းလို့တုံး”

အမေက ဓားပြကို သဘောထားမေးသည်။

“ငွေနှစ်ရာတော့ ပေးခဲ့ဗျာ”

“အလိုတော် ငွေနှစ်ရာ၊ မင်းနှယ်ကွယ်၊ လှေကြီးတခါစုန်မှ ငွေအစိတ် ဖတ်ဖတ်မောအောင် တောင်းယူရတာ၊ လှေ မင်း ယူလိုက်ပါကွာ၊ ငါ ဓားပြလုပ်ပါ့မယ်”

နောက်ဆုံး ငွေအစိတ်နှင့် ဈေးတည့်သည်။ ရွှေတွေက ငါးပိအိုးထဲမှာ၊ ငွေတွေက လှေပဲ့ထောင် အဝှက်ထဲမှာ။ ကျွန်တော် က ဓားပြတွေကို မကြောက်ဘူးလားလို့မေးတော့ အမေက ကြာတော့လည်း မကြောက်တော့ပါဘူး။ တခါတလေ များ ထမင်းဆာလို့ တက်တိုက်တာတောင် ရှိတော့ ခူးခပ်ကျွေးရသေးတာဟု ဆိုသည်။

“အမေတို့က ပဲကလေး တဆယ်သားလောက်ကိုပြုတ်၊ နူးတော့ဖယ်ထား၊ အဲဒါကို ထောင်းပြီးတော့ ဆီသတ်၊ ပြီး မှစောစောက ပဲပြုတ်ရည်ထဲ လောင်းထည့်၊ အဲဒါက ပဲဟင်း၊ ကျန်တာက ငါးပိကိုဖုတ်ပြီးသံပန်းကန်စောင်း ကပ်လိုက် တာပဲ၊ လျက်လိုက်ပဲဟင်းဆမ်းလိုက်၊ ဒါတလှေလုံး စားကြရတာ”

တခါတခါ ကမ်းနားကပ်ပြီး ကြိုးဆွဲရတော့ ခေါင်းက တဘက်ကလေး ရေစပ်ဆူးခြုံမှာ ငြိကျန်လျှင် ရေကူးပြီးပြန် ယူသေး တာဟု ဆိုသည်။ အလဟဿ မရှိ။ စိတ်နောက်ကိုယ်ပါ မရှိ။ လှေတခေါက်မန္တလေးရောက်မှ ပုဆိုးနှင့် ထဘီတ လှည့်စီ ဝယ်ကြရသည်။ လှေတခေါက်စာ ဈေးဝယ်တော့ ဂေါဝိန်က ဈေးချို မြင်းလှည်းခ တမတ် မပေးချင်။ သည်တော့ ဈေးဝယ်ခံတောင်းရွက်ကာ အသွား ခြေကျင်၊ အပြန်ကုန်းကြောင်း။ အလကားရ သည့်မြစ်ရေတောင် ချွေတာသောက် ကြသူတွေ။

နောက်တော့ အမေ လှေနောက် မလိုက်ရတော့။ အိုးတွေ ကျောက်မြောင်းဘက်က လှေလိုက်မှာကာ ဆယ့်နှစ်ပွဲ လိုက် ရောင်းခဲ့သည်။ မြောင်းကျောက်ရစ်၊ မလှိုင်ပန်းအိုင်၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ပြည်စသည့် ဘုရားပွဲတွေမှာ အမေ့ အိုးဆိုင်ကို တွေ့နိုင်သည်။ စဥ့်အိုးတွေကို ဖောင်ဖွဲ့ကာ လှေကြီးနှင့် ဆွဲလာပြီး ရောင်းခဲ့တာလည်းရှိ၏။ ထင်းတွေ ကတော့ သပိတ်ကျင်းဘက် တိုက်ရသည်။ တခါတော့ ကမ်းနားမှာ လှေကြီးကိုဆိုက်ထားရင်း ထင်းချောင်း ရေတွက်ကြ သည်။ ထင်းမှာသူနှင့် ထင်းချောင်းရေ မမှားရ။

“မလှခင် နှစ်သောင်း၊ ကိုကြာရုံ တသောင်း၊ ကျော်သိန်း လေးထောင်၊ ဂေါဝိန်က မောင်ကံ တသောင်းခွဲ ဝင်ဆပ်တာ ရှိ သေးတယ်။ နောက် ကိုသောင်းစိန် ငါးထောင်ဆိုတော့”

သည်အသံကို လှေအောက်ရေထဲက ဓားပြက ကြားသည်။ သေချာပြီဆိုတော့မှ လှေပေါ်တက်ကာ ပိုက် ဆံတွေတောင်းတော့သည်။  “ပိုက်ဆံမဟုတ်ပါဘူးတော်၊ ထင်းချောင်းစာရင်းပါ၊ ရေနွေးအိုးတည်ချင်လို့ကတော့ ကြိုက် သလောက် ယူပါ တော်” လို့ ရှင်းပြရသည်။ ဓားပြက ငိုရခက်ရယ်ရခက်။ ခင်ဗျားတို့နောက် ရှင်းရှင်းလင်းလင်း လုပ်ဗျာ လို့ ကြိမ်းသွားကြ သေးသည်။ သားသမီးခြောက်ယောက် ပွားစီးတော့ အမေ မြင်းခြံမှာအိမ်ကလေး ဝယ်နိုင်သည်။ လင်သား ကလှေနောက် တကောက်ကောက်။ ငွေလူကြုံ၊ စကားလူကြုံ၊ စာလူကြုံသာ ရောက်လာတတ်သည်။ အဖေ လှေသူကြီး ရောက်လာတော့ သားသမီးတွေက အဖေ့လှေကြီးပေါ် တက်ကြ၊ အဖေ့ပခုံးပေါ်တက်ကြ။ တခါက အဖေ့လှေက မန္တ လေးမှာ၊ အမေက မြင်းခြံမှာ။ ငွေလိုက်ယူပါဆိုတော့ ချက်ချင်း ထလိုက်ရသည်။ ရှေးက လိုင်းကား ရှား တော့ကြုံရာကား နှင့် လိုက်ခဲ့ရသည်ဆို၏။ သားငယ်ကို ခါးထစ်ခွင် ချီကာ ရဲအချုပ်ကား တောင်းပန်ပြီး စီးလိုက် လာခြင်းဖြစ်သည်။ အချုပ် သားတွေက ကလေးပင် ဝိုင်းထိန်းပေးကြသည် ဆိုလေ၏။

ယောက်ျားဖြစ်သူက လှေသူကြီး၊ ကိုယ်က ဆယ့်နှစ်ပွဲဈေးသည်။ မူးစုမတ်စုနှင့် စီးပွားရှာရသည်။ ကလေးတွေကလည်း ကြီးပြီ။ အကြီးနှစ်ယောက်က ယောက်ျားလေး၊ တတိယက မိန်းကလေး၊ အောက်သုံးယောက်က ယောက်ျားကလေး။ အားလုံး ခြောက်ယောက်ဆိုတော့ ဈေးက တဖက်၊ ကလေးတွေက တဖက်။ စားဖို့သောက်ဖို့က တဖက်။ ပွဲတော်မရှိ သည့် ရက်တွေမှာ မြင်းခြံဈေးထဲ အိုးဆိုင် ခင်းရောင်းသည်။ သမီးလေးက ထမင်းချက်၊ အငယ်သုံးကောင်ကို ထိန်း။

သည်ကြားထဲက ကလေးတွေက ကျောင်းကို ပြေးကြရသေးသည်။ ကိုယ့်အိမ်ကလေး ရှိသော်လည်း အိမ်မှာ မနေရ သည့် ဘဝတွေ။ ဈေးကို အိမ်လုပ်နေရသည်ကော။ လင်သားကလည်း လှေကို အိမ်လုပ်နေရတာပါပဲ။ အိမ်ကလေးမိုးဖို့၊ ကာဖို့ ရှိလာလျှင် ရပ်ကွက်က ဝိုင်းကြရသည်။ တခါတခါ လှေကြီး လွန်းတင်ချိန်ဆိုလျှင်တော့ သည်အဖေ၊ သည်အမေ သည်သားသည်သမီး အိမ်ကလေးထဲမှာ ဆုံကြရသည်။ သားသမီးတွေက မတိမ်းမယိမ်း။ ဦးထုပ်က ဆိုက်စုံ၊ ဖိနပ်က ဆိုက်စုံ၊ စွပ်ကျယ်က ဆိုက်စုံ။

“တခါတကျင်း ပြန်လာရင် မင်းအဖေက ဆိတ်နို့မုန့်ပုံးကြီးတပုံး ဝယ်လာတတ်တယ်၊ အချိန်တဆယ်ဝင် ပုံကြီး  ဟာကော။ လောကမယ် ဆိတ်နို့မုန့်နဲ့ အချိုကုန်ရတာပဲ၊ ကလေးတွေဖို့ မုန့်ဆိုရင် ဒါပဲဝယ်လာတတ်တာ”

ကလေးတွေ ကြီးလာတော့ မွေးရပ်ရွာပြန်ပြီး လှူရတန်းရသည်။ သားတွေကို ရှင်ပြု၊ သမီးကို နားသ။ သည်က ပြီးပြန် တော့ ခင်ပွန်းက လှေပြန်လိုက်၊ ဇနီးက အိုးဆိုင်ပြန်ထွက်။ မြင်းခြံမှာ အနေကြာလာတော့ မန္တလေးကိုပြောင်း ဖို့ ဖြစ်လာ သည်။ မန္တလေး ဂေါဝိန်ဆိပ်လှေကြီးထားပြီး ဧရာဝတီ အထက်အောက် ဆန်ရ စုန်ရသည်။ သည်တော့ မြင်းခြံအိမ်က လေးရသလောက်နှင့် ရောင်းပြီး မန္တလေးရေဆိပ်မှာ အိမ်ကလေးဝယ်ကြရသည်။ မန္တလေးရောက်တော့ လှေခေတ် ကုန် လုပြီ။ သစ်ဆွဲ မော်တော်ကလေးတစီးဝယ်ဖို့ ဆွေတွေမျိုးတွေ စုကြ ရသည်။ မော်တော်ကလေးတစီးက ထိုခေတ် ငွေ ၁ဝဝဝဝ။

“ငွေတသောင်း တယောက်တည်း မရှိတော့ ဆယ်ယောက်စုရတယ်၊ တယောက် ငွေတထောင်ကို ဖျစ်ဖျစ်မြည်ရှာရ တာ၊ သည်လိုနဲ့ သူ့ကိုယ်အမ်း ကိုယ့်သူအမ်းနဲ့ နောက်တော့ မော်တော်ကလေး ပိုင်ရတယ်”

မော်တော်ကလေး အမည်က “ကမ္ဘာဦး” ဖြစ်သည်။ မန္တလေးနှင့်ရန်ကုန် သစ်ဖောင်တွေ ချိတ်ဆွဲရ သည့် ဖောင်ဆွဲမော်တော်။ မင်းကွန်းက၊ အထက်အညာသစ်ဆိပ်က ရသမျှသစ်တွေ တာဝန်ယူဆွဲပေးတော့ သစ်ဖောင် ဆွဲခရသည်။ ဟို တုန်းကတော့သစ်တွေပေါတော့ မော်တော်အစီး ခုနစ်ဆယ်လောက်က ကူသယ်ခေါက်သယ် ဆွဲကြရ သည်။ ဝင်ငွေက လေးက မဆိုးသော်လည်း လေထဲမိုးထဲမှာ ပမ်းစာရှာရတာ မသက်သာ။ အစိုးရသစ်လုံးတွေ ဆို တော့ပျောက်လျှင်ရာဇဝတ်သင့်မှာ စိုးရသေးသည်။ မော်တော်တခေါက်ကလည်း အစုန်အဆန်ဆိုလျှင် တလ လောက်ကြာတတ်တော့ မော်တော်က အိမ်ဖြစ်လာရပြန်သည်။ သားသမီးတွေကတော့ မန္တလေးမှာကျောင်းတက်။ သည်လိုနှင့် မန္တလေး မှာ နေဖြစ်ရုံ အိမ်ကလေး သပ်သပ်ရပ်ရပ် ဆောက်နိုင်သည်။ အိမ်ကြီးရခိုင်ဆောက်ဖို့ သစ်တွေ ကြိုစုရသည်။ ကျည်းပေါင်တွေ ကြို ခွေရသည်။ ပြတင်းတွေ ခွေထားနှင့်ရသည်။ ထရံကလေး၊ ကပ်ဝါးကလေး စုံတော့မှ အိမ်ကလေး ကောင်းကောင်း ဆောက်ဖို့ စီစဉ်သည်။ သို့သော် ချက်ချင်း မဆောက်နိုင်ပြန်။ မိသားစု စားအိုးက ကြီးသည်။ အလုပ်တွေက လျော့လိုက် လာသည်။ သားသမီးတွေက ကျောင်းသားတွေဆိုတော့ အတန်းတွေ ရကြပြီ။ အမေ က နေဖြစ်ရုံ အိမ်ကလေးပေါ်မှာ ပင် မနေပါ။ အိမ်ရှေ့က ကွက်လပ်ကျယ်မှာ ဧည့်ခံဆောင်ကလေးဆောက်ကာ အဲသည့် အထဲမှာပဲ နေသည်။ အဖေက အိမ်ကလေးပေါ်မှာ။ အမေက အောက်မှာ။

“မင်းအဖေက အိမ်ကလေးပေါ် လာနေပါ၊ နင့်မလည်း အိမ်နဲ့နေရတဲ့ အချိန်ကလေး နေမှပေါ့လို့တောင် ပြောတာ၊ မိ သားစုတာဝန်ကြီးလာတော့ အိမ်ပေါ်နေချင်စိတ် မရှိဘူး၊ ကြုံသလိုနေ ကြုံသလို အိပ်လိုက်တာပဲ”

တကယ်တမ်းကျတော့ အဖေရော အမေပါ အိမ်ကလေးပေါ်မှာ နေရသည့်အချိန်က နည်းသည်။ အဖေက မော်တော် ပေါ်မှာ။ လွန်းတင်ချိန်ကျတော့ တဖက်ကမ်း လွန်းရုံမှာ သွားနေရသည်။ တလ ကိုးသီတင်း ကြာ ချင်လည်း ကြာသည်။ ကျန်သည့်အချိန်က လှေထဲရေထဲ။ မြစ်က အိမ်ဖြစ်ရပြန်သည်။ အမေကတော့ ချက်ပြုတ်ပြီးလျှင် အနားက ပေပင် မစိုးရိမ်ကျောင်းမှာ ပုတီးသွားစိတ် သည်။  ကျောင်းဝေယျာဝစ္စလုပ်ရင်း ကျောင်းရိပ်မှာ နေသည်။

နောက်တော့လည်း သားကြီးက မော်တော်ပေါ် တက် ရသည်။ သားလတ်က အိမ်ထောင်ကျ တော့ အိမ်ခွဲသွားခဲ့ပြီ။ မကြာခင်မှာလည်း အ ငယ်ဆုံးသားက အိမ်ထောင်ပြုပြန်၏။ သည်တော့ သားနှစ်ယောက်  သမီးတယောက်သာ ကျန်သည်။ စားအိုးလျော့ သော်ငြား ဝင်ငွေက တိုးမ လာ။  ဈေးရောင်းတတ်သော်လည်း ဈေးရောင်းရမည့် အရွယ် မဟုတ်တော့။ လှေသူကြီးပင် အိမ်ကလေးပေါ်မှာ နားနေ ရပြီ။ နေဒဏ် လေဒဏ် မိုးဒဏ်တွေက နားတော့မှ ဖိစီးတော့သည်။

သည့်နောက်တော့ လှေသူကြီး ဆုံးသည်။ မော်တော်ပေါ်လိုက်သည့် သားကြီး ဆုံးသည်။ သည်တော့ ကျန်သည့် လူပျိုနှစ်ယောက်ထဲက တယောက် က မော်တော် ပေါ် တက်ရပြန်သည်။ ဘွဲ့ရသမီးက ကျောင်းဆရာမ ဖြစ်လာတော့ အဝေးရွာကလေးမှာ တာဝန်ထမ်း ရသည်။ သည် တော့ အိမ်ကလေးမှာ သားလူပျိုတယောက်နှင့် အမေသာ ကျန်သည်။

“တအုပ်တမကြီး နေခဲ့ကြရာက လူတွေ ပဲ့သွားလိုက်တာ၊ တရားဓမ္မဟာ တို့အိမ်ကလေးထဲမှာပဲ ရှိတာကလား၊ မင်းအဖေက အိမ်ကြီးဆောက်ဖို့ သစ်ဝါးစုနေရာက မဆောက်နိုင်ခင် ဆုံးရှာတယ်၊ နေဖြစ်ရုံအိမ်ကလေးလည်း အုတ်ခုံခံဆို တော့ ကောင်းတာပါပဲ၊ ဧည့်ခံဆောင်ကလေးကလည်း အေးတာပဲ”

အမေက ဧည့်ခံဆောင်ကလေးထဲမှာပဲ နေသည်။ အိမ်ပေါ် တက်ခဲသည်။ ဘုရားပန်းထိုး၊ တံမြက်လှည်းတာက လွဲလျှင် အောက်မှာလိုလိုချည်း။ ဧည့်သည်လာတော့လည်း အဆောင်ကလေးထဲက စားပွဲမှာ ဧည့်ခံတတ် သည်။ လှေဆိပ်မြစ် ဆိပ်ဆိုတော့ လှေသမား၊ မော်တော်သမားတွေက အမေ့ထံ မကြာခဏ ဝင်တတ်ကြသည်။ ထင်းလှေက ထင်းပေး သည်။   ပဲလှေက ပဲပေးသည်။ အိုးလှေက အိုးပေးသည်။ တခါက လှေသူကြီးက တော်သည် ခေတ်လှေ ခေတ်မော်တော်သမားတွေကြားမှာ လေးစားခြင်းခံရသည်။

“လေဆင် မိုးဆင် မကောင်းဘူး၊ လှေတွေ အနောက်ဘက်ကမ်းကပ်ထားခဲ့ကြရဲ့လား၊ လှေကြိုးမြဲခဲ့ရဲ့လား၊ လှေဆိုတာ ဘယ်လောက်ကောင်းကောင်း ရေဝင်မလွတ်ဘူးတဲ့၊ ဖွဲလေးဘာလေး လွှတ်ကြည့်ကြဦး၊ မနက်က နေလုံးကြီး တုံးတား တာတွေ့တယ်၊ လေချလိမ့်မယ်”

အမေကလည်း ယုံပါသည်။ ညနေကျတော့ လေပြင်းကြီး ကျသည်။ အမေက လှေသမားပီပီ ထမင်းဟင်းကို တိုင်းချက် သူမဟုတ်။ အမြဲတမ်းပို၍ ချက်တတ်သည်။ ဆွေမျိုးသားချင်းဖြစ်စေ၊ အဆွယ်အပွား ပါလာသည်ဖြစ်စေ၊ အချိန် မတော် ရောက်လာလျှင် ကျွေးနိုင်ဖို့ ဖြစ်သည်။

သမီးဖြစ်သူက အိမ်ထောင်ပြုပြန်တော့ နို့ညှာကောင် သားလူပျိုနှင့် အမေပဲ သည်အိမ်မှာ ရှိတော့သည်။ သို့သော် အိမ် ထောင်ပြု စောကြသော သားတွေက မြေးတွေ အမေ့အိမ်ကလေးထဲ ထိုးထားကြသည်။ အမေ့လောက် သူတို့ မကျွေး နိုင်။ အမေ့လောက် မချစ်နိုင်။ အမေ့လောက်ဆိုးမျိုး မခံနိုင်။ အမေ့လောက် လက်ကျမသာနိုင်။ အမေ့လောက် မဆုံးမ နိုင်။ မြေးများအတွက် အမေ့အိမ်သည် ဘဝနေနည်းကျောင်း ဖြစ်သည်။ အမေ့မြေးတွေမှ မဟုတ်။ သားသမီး တွေကလည်း အမေ့ကို တိုးကြ ခွေ့ကြရင်း ထမင်းတောင်းနှိုက် ဟင်းတောင်းနှိုက်။

အမေ့ဧည့်ခံဆောင်ကလေး သည်ဘက်နှစ်တွေမှာ မရှိတော့။ သည်အဆောင်ကလေးကို ချဲ့ကာ သားလူပျိုလက်ကျန် က ဗီဒီယိုရုံဆောက်သည်။ မော်တော်ကလေးလည်း ရောင်းလိုက်ပြီ။ ဤသို့အားဖြင့် အမေ  နှင့်လှေဘဝသည် ပြတ် တောက်သွားဟန် ရှိသော်လည်း လှေသူကြီးကတော်စိတ်က မကုန်သေး။ တခါ တခါ မြစ်ဆိပ်ဘက်ဆင်းကာ လွမ်း တတ်သေးသည်။

“မော်တော်ကလေး ရောင်းထားတာနဲ့ ကိုလူပျို့ ဗီဒီယိုရုံကလေးနဲ့ဆိုတော့ မပူရတော့ပါဘူး၊ ဒါပေမဲ့ လှေကို အိမ်လုပ် နေရတဲ့ ဘဝတွေကိုတော့ အောက်မေ့သား”

အိမ်ကလေးပေါ်မှာ အမေ မနေပါ။ ဗီဒီယိုရုံနှင့် အိမ်ကလေးကြားက ကွက်လပ်မြှောင်းမြှောင်းကလေးထဲမှာပဲ အမေ နေ သည်။ အိမ်ရှေ့ဝန်းတံခါးမှာ ထားဝယ်မှိုင်း ပင်ရိပ်ကလေး ရှိသည်။ အဲသည့်အောက်မှာ ခုံရှည်လို့ခေါ်သည့် တန်းလျားခု တင်ဟောင်းကလေး ရှိသည်။ သည်ခုတင်ပေါ်မှာပဲ အမေ နေသည်။ မိုးကလေး ဘာကလေး ဖျန်းတော့ ထားဝယ်မှိုင်း ရုံပေါ်မှာ ထီးကလေးတချောင်း ဖွင့်တင်ရင်း ရသလောက် နေတတ်သူဖြစ်သည်။ အိမ်ပေါ်တက်နေပါလားဆိုသော်လည်း နားမထောင်။ ကျီးများစာများသော်မှ အသိုက်အမြုံ ရှိကြရတတ်သော အမေ၊ သည်အိမ်ပေါ် မနေတာကလည်း ထူး ဆန်းသည်။ သားလူပျိုကလည်း မထူးပါ။ ဗီဒီယိုရုံကလေးထဲမှာပဲ အိပ်သည်။ ဗီဒီယိုစက်တွေ ဓာတ်ကြိုးတွေ၊ ဓာတ်ပြား တွေ၊ တိတ်ခွေတွေ (တခါတလေ မြွေတွေ) ကြားမှာ အိပ်သည်။ နေသည်။ ထားဝယ် မှိုင်းပင်ရိပ်က တန်းလျားပေါ်မှာ နေသည့် အမေနှင့် ဗီဒီယိုရုံကလေးကို အိမ်လုပ်နေသည့် သားတို့ ညဘက် ထမင်းစားကြတော့ ညဥ့်နက်နေပြီ။

တကယ်တော့ လှေသူကြီးကတော်ဟောင်း အမေက သည်ခုံတန်းလျားကလေးကို ဆယ်ပြား ခင်းရှေးလှေကြီးလို့ အောက်မေ့ပုံရသည်။ ထားဝယ်မှိုင်းပင်တွေပေါ် က နေကာထီးကလေးကတော့ ပေါင်းမိုးပေလား။ လှေကို အိမ်လုပ်နေ သည့်သဘော ဖြစ်လိမ့်မည်။

 နေဝင်းမြင့်
(အိမ်ကလေး ၁၆ လုံးမှ)

No comments:

Post a Comment