Tuesday, May 8, 2012
ဒဂုန်တာရာ
မွေးသက္ကရာဇ်     ၁ဝ၊ ၅၊ ၁၉၁၉
အမည်ရင်း     ဦးဌေးမြိုင်
မိဘအမည်     ဦးဘအုန်း + ဒေါ်ဖွားရှင်
မွေးဖွားရာ ဒေသ     ထိုင်ကူ မြစ်တန်းရွာ (မွန်ရွာ) ကျိုက်လတ် မြို့နယ်
ကလောင် အမည်ခွဲများ     မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညား သီဟ၊ ဦးဒဂုန်
ထင်ရှားကျော်ကြားမှု     မြန်မာ့သမိုင်းဆိုင်ရာတွင် အားကိုးလောက်သော ကျမ်းများကို အင်္ဂလိပ်၊ မြန်မာဘာသာများဖြင့် ပြုစုခဲ့ , ရာထူးစည်းစိမ်ကို ငဲ့ကွက်ခြင်းမရှိဘဲ ပညာရှင် ပီသစွာ ရပ်တည်မှုကြောင့် အထူးကျော်ကြား
ဆရာ ဒဂုန် တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျ မင်္ဂလာ မြန်မာ စာသင် ကျောင်းတွင် ပညာ သင်ကြားသည်။ ထို့နောက် ကျိုက်လတ် အမျိုးသားကျောင်း (၁၉၂၇ - ၃၆) တွင် လည်းကောင်း၊ ရန်ကုန် ရေကျော် မက်သဒစ် ကျောင်း (၁၉၃၆ - ၃၇) တွင် လည်းကောင်း ပညာ ဆက်လက် သင်ကြားသည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်း အောင်သည်။ (၁၉၃၇ - ၄ဝ) ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာ သင်ကြား ခဲ့သည်။
ကိုယ်ရေး ဖြစ်စဉ်။
ဆရာ ဒဂုန် တာရာသည် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ရေနံမြေ စည်းရုံးရေး ကိုယ်စားလှယ်၊ တကသ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာ နိုင်ငံ စာရေး ဆရာအသင်း ဥက္ကဌ တာဝန် များကို ဆောင်ရွက် ခဲ့သည်။ ထို့အပြင် ဆရာ ဒဂုန် တာရာသည် တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ မြန်မာ - ဆိုဗိယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကဗျာ ဆရာ သမဂ္ဂ ဥက္ကဋ္ဌ တာဝန် များကို ထမ်းဆောင် ခဲ့သည်။
ဆရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသား ခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည် ခံယူသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ လတွင် တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေသည်။ ထို့အပြင် စာပေသစ် မဂ္ဂဇင်း ကိုလည်း စတင် ထုတ်ဝေပြီး ယင်း မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။ တချိန်တည်းတွင် ဂန္ထဝင် ဂျာနယ် အယ်ဒီတာ အလုပ် ကိုလည်း လုပ်ကိုင်သည်။
၁၉၇၄ ခုနှစ် မေ ဝတ္ထုကို ထုတ်ဝေသည်။ ကလောင် အမည် အမျိုးမျိုးဖြင့် စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေး ဆိုင်ရာ ဆောင်းပါးများ ရေးခဲ့သည်။ စပယ်ဦးဖြင့် စာပေ ဗိမာန် ဝတ္ထုတို ပေါင်းချုပ် ဆုကို ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ၂ဝဝ၁ ခုနှစ် အတွက် ပခုက္ကူ ဦးအုံးဖေ တသက်တာ စာပေဆု ကိုလည်း ရရှိခဲ့သည်။
ယခုအခါ ဆရာသည် ကလောမြို့တွင် အေးချမ်းစွာ နေထိုင်ရင်း စာပေများကို ရေးသား ပြုစုလျက် ရှိသည်။
 ဒဂုန်တာရာ ရေးသား ပြုစုခဲ့သော စာအုပ်များ
    ကြာပန်းရေစင် - ၁၉၆၃ ခုနှစ်
    ကြာရိပ်ပန်းနု - ၁၉၉၃ ခုနှစ်
    စံပယ်ဦး - ၁၉၆၁ ခုနှစ်
    စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါ ကားလိပ် - ၁၉၇၄ ခုနှစ်
    စာပေ သဘော တရား၊ စာပေ ဝေဖန်ရေး၊ စာပေ လှုပ်ရှားမှု - ၁၉၇၆ ခုနှစ်
    စန္ဒရား ဆရာ သို့မဟုတ် မဟာ အချစ် - ၁၉၉၅ ခုနှစ်
    စိမ်းမြ ဧရာ - ၁၉၉၄ ခုနှစ်
    တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်း
    ဒဂုန်တာရာနှင့် သူ၏ ကဗျာ - ၁၉၆၇ ခုနှစ်
    ဒဂုန် တာရာ ဝတ္ထုတို ပေါင်းချုပ် - ၁၉၆၉ ခုနှစ်
    ဒဂုန် တာရာ၏ ဒဂုန်တာရာ - ၁၉၅ဝ ပြည့်နှစ်
    တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ - ၁၉၇၉ ခုနှစ်
    ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ - ၁၉၉၇ ခုနှစ်
    မာယာ - ၁၉၉၁ ခုနှစ်
    မူးယစ်ဝေသော နွေဦးညများ - ၁၉၆၈ ခုနှစ်
    မေ - ၁၉၇၄ ခုနှစ်
    ရုပ်ပုံလွှာ - ၁၉၅၅ ခုနှစ်
    လရောင် ရွှန်းမြသော ညတည - ၁၉၆၄ ခုနှစ်
    လရောင် ရွှန်းမြသော ညတညနှင့် အခြား ဝတ္ထုရှည် - ၁၉၉၅ ခုနှစ်
    သဇင် သင်းပြန်တော့ - ၁၉၇၄ ခုနှစ်
    သုနာပရန္ဈ - ၁၉၉၅ ခုနှစ်
    အလင်္ကာ ကဗျာ ပေါင်းချုပ် - ၁၉၆၂ ခုနှစ်
    အိပ်မက် အပြင်ကလူ - ၁၉၉၆ ခုနှစ်
    အယ်ဒီတာ စားပွဲ၊ စာပေ အနုပညာ ဝေဖန်ရေးနှင့် ပန်နုရောင်အို - ၁၉၇၁ ခုနှစ်
    ဧရာဝတီ ယန်စီ ဗော်လဂါ - ၁၉၇၂ ခုနှစ်
ကျမ်းကိုး - နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း' စာအုပ်က "ဒဂုန်တာရာ (၁၉၁၉) - 'ပညာရွှေတောင် စာအုပ်တိုက် ကနေ ၂ဝဝ၃ ခုနှစ်၊ ဧပြီလမှာ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ခဲ့တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့
ဒဂုန်တာရာ - ရုပ်ပုံလွှာ
သုံးနှစ်သုံးမိုးပိုးထီးငုဝါပွင့်အပြာ - ဒဂုန်တာရာ
                            မြိုင် - ဒဂုန်တာရာ
(၁၀၊ ၅၊ ၂၀၁၂ တွင်ကျရောက်သော ဆရာဒဂုန်တာရာရဲ့ ၉၃ နှစ်မြောက်မွေးနေ့ အမှတ်တရအဖြစ်တင်ဆက်ပါတယ်။)
မှုန်ဝါးသော အဝေးမြင် ပုံကားချပ်များ
(က)
ကျွန်တော်သည် မိမိ ဖြတ်သန်းလာခဲ့သော သမိုင်းခေတ် ပုံကားချပ်များကို ဟိုတစ်ကွက် သည်တစ်ကွက် ခြယ်ရေးဖွဲ့ရာတွင် နိုင်ငံရေးနှင့် စာပေနယ်နိမိတ် မျဉ်းကြောင်းပေါ်တွင် ရောက်နေသည်ဟု ဖော်ပြခဲ့သည်။ တကယ်ကတော့ နိုင်ငံရေး နယ်ပယ်ထဲသို့ စိတ်မထိန်းနိုင်၍ စိတ်လှုပ်ရှားမှု ဒဏ်မခံနိုင်၍ ဖိတ်စင်ကျသွားခြင်း ဖြစ်နိုင်သည်။
တကယ်ကတော့လည်း စာပေနယ်ထဲ၌သာ ကျောက်စူးချမိသွားခဲ့သည်သာ အမှန်ပင်။ (၁၉၃၈-၃၉) ခုနှစ်တွင် ကျွန်တော် တက္ကသိုလ်သို့ ရောက်လာသည်။ ကျွန်တော့် အသိုင်းအ၀ိုင်းက ရောနေသည်။ တစ်ဘက်က စာပေအသိုင်းအ၀ိုင်း၊ တစ်ဘက်က သမဂ္ဂ အသိုင်းအ၀ိုင်း၊ ဂီတ အသိုင်းအ၀ိုင်းကလည်း ရှိသေးသည်။ နယ်မြေနှစ်ခု ကူးလိုက်သန်းလိုက်လား မသိ။ ကိုဗဟိန်း၊ ကိုလှရွှေတို့ ဆွဲဆောင်မှုကြောင့် တက္ကသိုလ် သမဂ္ဂ အမှုဆောင်အဖွဲ့ဝင်၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်သွားခဲ့ရသည်။
ထိုခေတ်က ကိုလိုနီ ဆန့်ကျင်ရေး၊ လွတ်လပ်ရေး လှုပ်ရှားမှုခေတ် ဖြစ်သည်။ (၁၉၃၆) ခုနှစ် ကျောင်းသားသပိတ် ကာလတွင် ရန်ကုန် ဂျူဗလီဟော၊ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ညီလာခံသို့ တက်ရောက်ပြီးကတည်းက နိုင်ငံရေး စိတ်ကလေး မသိမသာ ၀င်နေဟန် ရှိသည်။
သို့သော် ကျွန်တော် လက်ငင်း ထက်သန်နေသည်က ကဗျာ၊ စာပေ ဖြစ်နေသည်။ ကျောင်းသားအရွယ် ဖြစ်၍ မည်သည့်ဗီဇက လွှမ်းမိုးခဲ့သည်ကို ကိုယ့်ကိုယ်ကို မသိခဲ့။ သမဂ္ဂထဲ ရောက်သွားသောအခါ ကျွန်တော်က သမဂ္ဂကို စာပေဆန်စေချင်သည်။ ယဉ်ကျေးမှု ဆန်စေချင်သည်။ ထိုအခါ ကျွန်တော်က သမဂ္ဂနှင့် ပတ်သက်သော အဆိုများ တင်သည်။ ကိုယ့်ဘက် ကိုယ်ဆွဲသည်ပဲ ပြောပြော၊ သူတို့ကလည်း ကျွန်တော့်အဆိုကို မငြင်းကြ၊ လက်ခံကြသည်က များသည်။
ထိုနှစ် (၁၉၃၉-၄၀) နှစ်က တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌမှာ ဆေးသိပ္ပံကျောင်းသား ကိုလှရွှေ ဖြစ်သည်။ ကျွန်တော့်ကိုပင် မမေးဘဲ သူတို့က သမဂ္ဂ အမှုဆောင်အဖြစ် ရွေးချယ်လိုက်ကြသည်။
ကျွန်တော်မသိဘဲ သမဂ္ဂ အမှုဆောင် ရွေးကောက်ပွဲ အရွေးခံရန် လျှောက်လွှာကို တင်ထားကြသည်။ နောက်တစ်နေ့ လွန်ပြီးမှ သိသောအခါ ကျွန်တော့်မှာ အံ့သြပြီး ‘ဟာ မဖြစ်ပါဘူးဗျာ၊ ကျွန်တော်နှင့် မဖြစ်ပါဘူး။ ကျွန်တော်က စာပေသမားပဲ၊ ခင်ဗျားတို့ ပြောသလို ကျွန်တော်က အရေးသမား၊ အတွေးသမား၊ အငေးသမားလေဗျာ’ ဟု ပြန်ပြောသောအခါ
‘အေး အဲဒါကြောင့်မို့ ကျွန်တော်တို့က ခင်ဗျားကို လိုချင်တာပေါ့’
ကျွန်တော်လည်း မတတ်နိုင်တော့။ ကျွန်တော်သည် အမှုဆောင် အဖွဲ့ထဲသို့ ရောက်သောအခါ ကျွန်တော့် ယဉ်ကျေးမှု စိတ်ကူးကလေးများကို အကောင်အထည် ဖော်ချင်သည်။ ကျွန်တော်က နိုင်ငံရေးနှင့် စာပေအနုပညာကို ပေါင်းစပ်ချင်သည် မဟုတ်ပါလား။
ထိုအခါက အေ၀မ်းရုပ်ရှင်မှ မျှားနတ်မောင် ဇာတ်ကားမှာ အင်မတန် ကျော်ကြားလျက် ရှိသည်။ ကျွန်တော်သည် မြို့ထဲရောက်သည့် အခါတိုင်း ကြည့်သည်။ ကျွန်တော် အင်မတန် ကြိုက်သည့် ဇာတ်ကား။ ဒီဇာတ်ကားနှင့် ပတ်သက်၍ တစ်ခုခု လုပ်ချင်သည်။ ‘ရွှေတံဆိပ် ဆုပေးလျှင် မကောင်းဘူးလား’ ဟု အကြံပေးသည်။
သူတို့က ‘ခင်ဗျား ကြိုက်တာ လုပ်ပါ’ ဟု ခွင့်ပေးကြသည်။ ကျွန်တော်က ရုပ်ရှင်ဇာတ်ကားကို အကဲဖြတ်ရန် အဖွဲ့ကလေး တစ်ခုဖွဲ့ဖို့ အကြံပေးသည်။ ထိုအဖွဲ့ထဲတွင် ပါဝင်ရန် ဆရာဦးခင်ဇော်ကို သွား၍ သတိရလိုက်သည်။ သူတို့ကလည်း သဘောတူကြသည်။ ဆရာဦးခင်ဇော်မှာ ထိုအချိန်က တက္ကသိုလ်စာကြည့်တိုက်မှူးအဖြစ် ဆောင်ရွက်နေသည်။ အင်္ဂလန်မှ ပညာတော်သင် အဖြစ် ပြန်လာပြီး မကြာမီ ဖြစ်မည် ထင်သည်။
ဦးခင်ဇော်ကို ကျွန်တော် မသိ။ အဝေးမှ မြင်ဖူးနေသည်။ ကျွန်တော်တို့နှင့် အသက်ကလည်း ကွာသည်။ ဆရာဦးခင်ဇော်မှာ ကျွန်တော်တို့ထက် ဆယ်နှစ်ကျော် ကြီးမည် ထင်သည်။ ထိုအခါက ဆယ်နှစ်ကျော် လူကြီးနှင့် လူငယ်များ ရောရောနှောနှော ရင်းရင်းနှီးနှီး နေကြဟန် မတူ။
ဆရာဦးခင်ဇော်ကို မသိသော်လည်း ဆရာဦးခင်ဇော်၏ ဇနီးကိုတော့ သိသည်။ ကျွန်တော်တို့ အတန်းတွင် အင်္ဂလိပ်စာ ပြသူမှာ မစ္စစ်ခင်ဇော် ဖြစ်သည်။ သူမက အင်္ဂလိပ် အမျိုးသမီး ဖြစ်သည်။
ကျွန်တော်သည် တက္ကသိုလ် စာကြည့်တိုက်သို့ သွားကာ ဆရာဦးခင်ဇော် အခန်းထဲ ၀င်သွားသည်။ ကျွန်တော်က အကျိုးအကြောင်း ပြောပြသောအခါ ပျူပျူငှာငှာပင် ဆက်ဆံသည်။
ပထမတော့ မျက်နှာထားက ခပ်တည်တည်ပင်။ ကျွန်တော်တို့မှာ ဆရာနှင့် ကျောင်းသား ဆက်ဆံသကဲ့သို့ ရှိနေသည် ထင်သည်။ ဦးခင်ဇော်က ဘာမှ သိပ်ပြန်မပြော။ နည်းနည်းပါးပါးမေးကာ ရုပ်ရှင်အကဲဖြတ် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပေးမည်ဟု ပြောသည်။ ကျွန်တော်က အတော် ၀မ်းသာသွားသည်။
ကျွန်တော်က ဆရာဦးခင်ဇော်ကို လူချင်းမသိသော်လည်း သူ၏ စာများကို သိနေသည်။ ဂန္ထလောကမဂ္ဂဇင်းတွင် ရေးသည်။ စာပေနှင့်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများ ရေးသည်။ အထူးသဖြင့် တောကျေးလက် အနုပညာ အကြောင်းများ ရေးသည်ကို ကျွန်တော်စိတ်ဝင်စားသည်။ ထို့ကြောင့် ကျွန်တော်က ရုပ်ရှင်အကဲဖြတ် လူကြီးအဖြစ် ရွေးချယ်သောအခါ ဆရာဦးခင်ဇော်ကို သတိရခြင်း ဖြစ်ပေသည်။
ကျွန်တော်တို့သည် ထိုနှစ်က ရုပ်ရှင်ဒါရိုက်တာ ဦးတင်မောင်ကို ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ကြသည်။ အမှန်အားဖြင့် ကျောင်းသားသမဂ္ဂဟူသော ကျောင်းသားအဖွဲ့အစည်းသည် မူလက နိုင်ငံရေးဆောင်ရွက်သော အဖွဲ့အစည်း အဖြစ် တည်ရှိခဲ့သော အဖွဲ့အစည်းမဟုတ်။ အင်္ဂလန် အောက်စ်ဖို့ တက္ကသိုလ်၊ ကိန်းဘရစ် တက္ကသိုလ်မှ သမဂ္ဂများ၏ စံနမူနာကို ယူ၍ စည်းမျဉ်းများ ချမှတ်ဖွဲ့စည်း၍ တက္ကသိုလ် စတင်ကတည်းက ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သည်။
ပညာရးဆိုင်ရာ အဖွဲ့အစည်း ဖြစ်သည်။ ပညာရေးဘက်တွင် ကျယ်ပြန့်အောင်၊ ဗဟုသုတ တိုးအောင် ဖွဲ့စည်းသော လူမှုရေးအဖွဲ့အစည်း ဖြစ်သည်။ သို့သော် (၁၉၃၆) ခုနှစ် ကျောင်းသားသပိတ် ဖြစ်ပြီးကတည်းက တက္ကသိုလ် သမဂ္ဂမှာ ကိုလိုနီ ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး စသည်တို့ကို ရှေ့တန်းမှ ဆောင်ရွက်သော အဖွဲ့အစည်းအဖြစ် ပြောင်းလဲသွားသည်မှာ အမှန်ပင် ဖြစ်သည်။
ဆရာဦးခင်ဇော်ကို သည်တစ်ခါပဲ တွေ့လိုက်ရဖူးသည်။ နောက်လည်း မတွေ့။ သို့သော် ဆရာဦးခင်ဇော်၏ စာများကိုတော့ တွေ့နေရသည်။ ဦးခင်ဇော်သည် အင်္ဂလိပ်ဘာသာဖြင့်သာ ရေးသူဖြစ်သည်။ မြန်မာလို မရေး။ ထိုခေတ်က ပညာတတ်များထဲတွင် အင်္ဂလိပ်လို ရေးသားသူများ ရှိကြသည်။ အတွေးအခေါ်တစ်ရပ်၊ စိတ်ကူးတစ်ရပ်ကို ဖော်ပြရာတွင် ဘာသာစကားသည် အကြောင်းမဟုတ်၊ မိမိနိုင်နင်းသော ဘာသာစကားဖြင့် ဖော်ပြလျှင် ရသည်ဟု ကျွန်တော် ထင်သည်။
ကျွန်တော်တို့သည်ပင်လျှင် စာရေးသောအခါ တစ်ခါတစ်ရံ အင်္ဂလိပ်စာလုံး အဖြစ်ဖြင့် ပေါ်လာသည်။ ယင်းအင်္ဂလိပ်စကားလုံးကို မြန်မာလို ပြန်၍ပင် သုံးရသည်များ ရှိသည်။ ထို့ကြောင့် ဘာသာစကားသည် အကြောင်းမဟုတ်ဟု ပြောခြင်းပင် ဖြစ်သည်။
အင်္ဂလိပ်ဘာသာ စကားဖြင့် ရေးသားကြသူများထဲတွင် ဦးခင်ဇော်လည်း အပါအ၀င် ဖြစ်သည်။ သူ၏ ကလောင်အမည်မှာ K (ကေ) ဟူ၍ အသံထွက်သော အင်္ဂလိပ်အက္ခရာ တစ်လုံးလည်း ဖြစ်သည်။ နာမည်အတိုကောက် ဖော်ပြထားခြင်း ဖြစ်သည်။ ဆရာကေနှင့် ကျွန်တော် သိပ်ထိတွေ့လှသည် မဟုတ်။ စစ်မဖြစ်မီ ခေတ်ကတော့ အသက်ချင်းလည်းကွာ၊ သိတွေ့စရာအကြောင်းလည်း မရှိ။ စစ်ပြီးသောအခါ ဆရာကေနှင့် သွားတွေ့သည်။ ထိုအခါ (၁၉၄၇) ခုနှစ် ဖြစ်မည်။ နေရာမှာ ရွှေတောင်ကြားထဲရှိ အိမ်ကြီးတစ်အိမ်။ နှစ်ထပ်တိုက်ကြီးကို ‘မြန်မာ့အသံ’ ဟူ၍ ဆိုင်းဘုတ်ချိတ်ကာ အသံလွှင့်သော ဌာန ဖြစ်သည်။
စစ်ပြီးစ အခြေမကျသေးသော ကာလဖြစ်၍ ဤတိုက်ကြီးထဲ၌ အသံလွှင့်ဌာနကို ဖွင့်လှစ်ထားခြင်း ဖြစ်မည်။ ကျွန်တော်က ကိစ္စနှင့် တက္ကသိုလ် စာကြည့်တိုက်သို့ ကျောင်းသားအဖြစ် အသွား၊ သူနှင့် တွေ့ဆုံဖူးသူဟု မှတ်မိမည်လား မသိ။
တက္ကသိုလ်နေ၀င်း အပျော်တမ်း တူရိယာအဖွဲ့တွင် စန္ဒရားတီးသူ အဖြစ် သွားခြင်း ဖြစ်သည်။ ထိုအခါက ကေသည် အသံလွှင့်ဌာနတွင် အကြီးအကဲ ဖြစ်သည်။ တက္ကသိုလ်နေ၀င်း (ဗိုလ်ထွန်းလှ) မှာ ထိုအခါက ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ အဖြစ် တာဝန်ထမ်းဆောင်နေသည်။ အသံလွှင့် ကိစ္စများနှင့် ပတ်သက်၍ ဗိုလ်ထွန်းလှက တက်တက်ကြွကြွလုပ်သည်။ ဗိုလ်အောင်ဆန်း စီးသော စတေရှင်ဝက်ဂွန်ကားကြီးဖြင့် ကျွန်တော့်ကို လာခေါ် ပြန်ပို့နှင့် လုပ်နေသည်။ သူက ဤအလုပ်မျိုးကို လုပ်တတ်သည်။ ကျွန်တော်တို့ အစမ်း အသံလွှင့်ကြည့်သောအခါ ဆရာကေက လာရောက်နားထောင်သည်။ ကျွန်တော်က နန်းကေသီကို တီးသည်။ အဆိုမှာ ဗိုလ်ထွန်းလှ ဇနီး ငြိမ်းငြိမ်းနှင့် ဗိုလ်ထွန်းလှတို့ ဖြစ်ကြသည်။ ကျွန်တော်က နန်းကေသီကို အများတီးနေသော အသံစဉ် B ဖလက်ဖြင့် မတီးဘဲ B မိုင်းနားဖြင့် တီးသည်။
ဤသည်ကို ‘အော် ဒါနဲ့ တီးသလား’ ဟု ကေက မေးသည်။ ကျွန်တော်က သည်အသံကို ကြိုက်နေသည်။ ကျွန်တော့်နားထဲတွင်တော့ ခပ်ဝဲ၀ဲ ဖြစ်နေသည်။ သို့သော် ဤသည်ကိုပင် ကျွန်တော်က ကြိုက်နေသည်။ သည်နောက် ကေနှင့် တစ်ခါမျှ မတွေ့တော့။ သို့သော် (၁၉၅၆) ခုနှစ် မြို့တော်ခန်းမတွင် ပြုလုပ်သော ပန်းချီဆရာမ နန်စီဒေးဗစ်၏ ပန်းချီပြပွဲအတွက် ဦးခင်ဇော် ရေးသားသော ပန်းချီအကြောင်း အကဲဖြတ်လမ်းညွှန်စာအုပ်ကို ကျွန်တော်က ဘာသာပြန်ပေးသည်။
စာအုပ်ထဲတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ပုံတူပန်းချီကားချပ်အကြောင်း အကဲဖြတ်ထားသည်ကို သဘောကျနေသည်။ ယင်းအကဲဖြတ်စာစုထဲတွင် ‘ပူဇော်သက္ကာရပြုရာ’ ဟု သုံးနှုန်းသည်။ ဤ ပန်းချီကားချပ်ကို ရေးသူ ပန်းချီဆရာမ နန်စီနှင့်အတူ ကျွန်တော်သည် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အိမ်သွားရာ စကားပြန်အဖြစ် လိုက်သွားဖူးသည်။
ထိုစဉ်က ကျွန်တော်သည် တစ်ပတ်တစ်ခါလား မသိ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံ သွားသည်။ နန်စီက ကျွန်တော့်ကို လာခေါ်သည်။ ပန်းချီကားထဲတွင် ခပ်စောင်းစောင်း ထိုင်နေသည့် ရုပ်ပုံရှေ့၌ ဆရာကြီး သုံးနေကျ ကွမ်းအစ်၊ လက်ဖက်ခွက် စသည်များ ပါသည်။ ဆရာကြီး၏ အမျိုးသား နောက်ခံကားမှာ ထင်ရှားစွာ ပေါ်နေသည်။ ဆရာကြီး ၀တ်နေကျ ပင်နီအပေါ်အင်္ကျီ၊ ဆရာကြီး၏ ပြုံးလဲ့လဲ့ ဟန်ပန် စသည်တို့မှာ ကျွန်တော် ကြိုက်နေသော ရုပ်ပုံလွှာ အဖွဲ့အနွဲ့ ဖြစ်နေသည်။ ပန်းချီဆရာမသည် ဆီဆေးနှင့် ရေးသော်လည်း တရုတ်ဟန် ရေးဆေးဟန်လည်း ပါနေသဖြင့် ကျွန်တော်မှာ ခြယ်မှုန်းမှု ဟန်ပန်ကို နှစ်သက်နေခဲ့သည်။ ထို့ကြောင့်ပင် ဆရာကြီး၏ ပန်းချီကားချပ်ကို အကဲဖြတ်စာ ရေးသော ကေ၏ စာကို စိတ်ဝင်စားစွာ ဘာသာပြန်ပေးခြင်း ဖြစ်ပေသည်။
(၁၉၅၀) ပြည့်နှစ်က ကျွန်တော် မြန်မာ့အသံမှာ စန္ဒရား တီးလုံး သက်သက်ဖြင့် အသံလွှင့်ဖူးသည်။ (၄၅) မိနစ် ဖြစ်မည်။ ထိုအခါက တီးလုံးသက်သက် အသံလွှင့်မှု မရှိသေး။ သို့သော် ညွှန်ကြားရေးမှူး ကေက ခွင့်ပြုလိုက်သည်ဟူ၍ အသံလွှင့်ရုံမှ ကျွန်တော့် မိတ်ဆွေများက ပြောဆိုသည်ကို ကြားရသည်။
ထိုညက ကေနှင့် ခဏ တွေ့လိုက်ရသည်။ သည့်နောက်တွင်ကား မတွေ့ရတော့ပေ။ ကေ၏ အတ္ထုပ္ပတ္တိ အပိုင်းအစကလေးများကို ဂါးဒီးယန်း မဂ္ဂဇင်းတွင် ဖတ်လိုက်ရသည်။ ကေ၏ စာပေကိုသာ ထိတွေ့နေရသည်။
(ခ)
ထိုခေတ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသော စာပေဝေဖန်ရေး ဆရာတစ်ဦးမှာ သူကြီးဂေဇက် ဦးခင်မောင် ဖြစ်သည်။ သူကြီးစာစောင်မှာ ထိုအခါက အင်္ဂလိပ်အစိုးရ ပြန်ကြားရေး ၀န်ကြီးရုံး၊ ပြန်ကြားရေးဌာနမှ ထုတ်ဝေသော စာစောင် ဖြစ်သည်။ ကျေးလက်များရှိ သူကြီးများထံသို့ ပို့သော မြန်မာဘာသာဖြင့် ဖော်ပြသော စာစောင် ဖြစ်သည်။ သူကြီးဂေဇက် ဦးခင်မောင်ဟု ခေါ်သည်။ သူ၏ ကလောင်အမည်မှာ ‘တောသား’ ဖြစ်သည်။ ကျွန်တော် သူ၏ ဝေဖန်စာများကို ဖတ်ဖူးသည်။ သူကြီးဂေဇက်စာစောင်ကို တချို့က ‘ဟာ သူကြီးတွေ ဖတ်တာ မဟုတ်ပါဘူးဗျာ၊ သူကြီးကတော်တွေ ဆေးလိပ်အစီခံ လုပ်တာပါ’ ဟု ပြောကြသည်။
ယင်းစာစောင်မှာ စာပေဆန်သည်။ ကျွန်တော် သူ၏ စာများကို ကြိုက်သည်။ စစ်ဖြစ်ခါနီး ကာလက ဖြစ်မည်။ အတွင်းဝန်ရုံး ပြန်ကြားရေးဌာနတွင် လုပ်နေသော ကိုတက်တိုးထံသို့ မောင်မောင် (သမာဓိ)၊ ကိုသန်းထွတ် (တိုက်စိုး) တို့နှင့် အတူ သွားကြသည်။ ကိုတက်တိုးမှာ ဘာသာပြန်ဌာနတွင် အရာရှိအဖြစ် အလုပ်ဝင်ပြီးစ ဖြစ်သည်။ ဘာသာပြန်ဌာနမှာ ဖွင့်ခါစ ဖြစ်သည်။
ယင်းအစိုးရ ဘာသာပြန်ဌာနမှ ထုတ်ဝေသော စာအုပ်များထဲတွင် သခင်ဘသောင်း ရေးသော ‘အလိုပြည့်ရေးကျမ်း’၊ ဦးညွန့်၏ ‘ရွှေနှင်းဆီနှင့် ရွှေလက်စွပ်’၊ ‘အန်ဒါဆင် ကလေးပုံပြင်’ တို့ကို မှတ်မိသည်။ ‘အလိုပြည့်ရေးကျမ်း’ မှာ ဘောဂဗေဒကို ဘာသာပြန်ထားသော စာအုပ် ဖြစ်သည်။ ကျွန်တော်တို့ စကားပြောနေစဉ် ကိုတက်တိုး ပြ၍ ထင်သည်။ သူကြီးဂေဇက် ဦးခင်မောင်ကို ဖြတ်ခနဲ တွေ့လိုက်ရသည်။ ကျွန်တော်တို့နှင့် စကားပြောခွင့် မရ။ လူကြီးနှင့် လူငယ်တို့ ဖြစ်နေသည်။ စာမှတဆင့် သိနေသော ဦးခင်မောင်။ သူ့ရုပ်သွင်မှာ အသားလတ်လတ်နှင့် မြန်မာဆန်သော ရုပ်ဟု ခံစားမိခဲ့သည်။
ဆရာကေနှင့် သူကြီးဂေဇက် ဦးခင်မောင်တို့မှာ အရာရှိပိုင်းဖြစ်၍ ကျွန်တော်တို့နှင့် မနီးစပ်ဟု ခံစားမိခဲ့သည်။ ကိုတက်တိုး ရုံးခန်းသို့ သွားလျှင်ပင် ရုံးခန်း အရှိန်အ၀ါကြောင့်လား မသိ၊ ကျွန်တော်တို့နှင့် ခပ်စိမ်းစိမ်း ဖြစ်နေသည်ဟု ခံစားမိခဲ့သည်။ ကိုတက်တိုးကတော့ ကျွန်တော်တို့ထက် အသက်ကြီး၍ အလုပ်အကိုင် ရှိနေသည်။ ကိုတက်တိုးနှင့်ကတော့ ရင်းနှီးခင်မင်သည်။
ကျွန်တော်တို့က ကျောင်းသားဘ၀၊ မောင်မောင်က စကားကျယ်ကျယ် ပြောတတ်သည်။ အော်ကြီးဟစ်ကျယ်နှင့် တဟားဟား ရယ်မောတတ်သူ၊ ကိုသန်းထွတ်ကလည်း သူထင်ရာ စွတ်ပြောတတ်သူ။ ကိုတက်တိုး ဧည့်ခံသော လက်ဖက်ရည်ကို သောက်ကြပြီး ကျွန်တော်တို့ သုံးယောက်သား အပြန်တွင် ပြုံးမိကြသည်။
မောင်မောင်က ‘မင်း လူကြီးက ခပ်တည်တည်ကွ’။ ‘မင်းက စကားပြောတာ အော်ကြီးဟစ်ကျယ်ကိုးကွ။ ရုံးခန်းက ငြိမ်သက်နေတာ’ ဟု ကျွန်တော်က ပြန်ပြောသည်။
ခန့်ငြားထယ်ဝါသော အနီရောင် ၀ိတိုရိယ ဗိသုကာ ဆန်ဆန် အတွင်းဝန်ရုံးကြီးမှ ထွက်လာသောအခါ လွတ်လပ်သည်ဟု ကျွန်တော်တို့ ခံစားမိကြသည်ဟု ထင်နေကြသည်။
ထိုခေတ်အခါက အရာရှိအသိုင်းအ၀ိုင်းနှင့် သာမန်အရပ်သားတို့သည် နည်းနည်းခြားနားသည်ဟု ခံစားမိကြသည်။ ယခုအခါ ကိုတက်တိုးသည် ကျွန်တော့်နေရာ မဲဇာသို့ မကြာခဏ လာရောက်လည်ပတ်ပြီး ရှေးဟောင်းနှောင်းဖြစ်များ လာပြောဆိုတတ်သည်။
(၁၉၅၀) ပြည့်နှစ်များတွင် မမျှော်လင့်ဘဲ သူကြီးဂေဇက် ဦးခင်မောင်အိမ်သို့ ရောက်သွားခဲ့သည်။ ထိုအခါက ဦးခင်မောင်သည် ဟယ်လ်ပင်လမ်းရှိ အစိုးရ အရာရှိတိုက်တွင် နေသည်။ ထိုအခါက သူသည် ပြန်ကြားရေးဝန်။ သွားသည့် အကြောင်းက ကျွန်တော် (၁၉၄၇) ခုနှစ်က တာရာမဂ္ဂဇင်းတွင် ရေးသားခဲ့သော ‘ဗဟိန်း (သို့) ကဗျာ’ ရုပ်ပုံလွှာ အဖွဲ့အနွဲ့ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ရန် သွားရောက်ပြောဆိုခြင်း ဖြစ်သည်။
တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းတွင် ယင်းဘာသာပြန်ကို ထည့်သွင်းရန် ဖြစ်သည်။ ကျွန်တော်၏ စာကို ဘာသာပြန်ရန် စဉ်းစားသောအခါ သူကြီးဂေဇက် ဦးခင်မောင်ကို သွား၍ အမှတ်ရမိသည်။ ထိုအခါက ကျွန်တော်မှာ သိပ်မငယ်လှတော့ပြီ ဖြစ်၍ မိတ်ဆက်သွားရောက်ခါ ဘာသာပြန်ရန် တောင်းပန်ရသည်။
ဦးခင်မောင်က လျောလျောရှူရှူပင် ဘာသာပြန်ပေးမည်ဟု ပြောခဲ့သည်။ ကျွန်တော်က ကျွန်တော် ထုတ်ဝေသော တာရာမဂ္ဂဇင်းများကို ပေးထားခဲ့သည်။ သူ ချိန်းသော ရက်တွင် သွားသောအခါ သူ့ကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရသည်။ ထိုအခါ သူသည် အတော်ရင့်နေသည်ဟု ထင်လိုက်သည်။ ပထမ စတွေ့စကလို မဟုတ်။ ကျန်းမာရေး မကောင်း၍လား မသိ။ ကျွန်တော်နှင့် အတော်ကြာပင် စာအကြောင်း ပြောဖြစ်ကြသည်။ တာရာဆိုသည့် အဓိပ္ပါယ်ကိုပင် သူက ဖွင့်ဆိုသည်။
‘တာရာဆိုတာ လှုပ်ရှားနေတဲ့ ဂြိုဟ်နက္ခတ် တစ်ခုပဲ။ ရပ်နေတာ မဟုတ်ဘူး။’ မြန်မာစာကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်တာပဲ ဟု ကျွန်တော် လေးစားသွားရသည်။
‘လက်နှိပ်စက်က မကောင်းလို့ဗျာ။ လက်ရေးပဲ ပေးနိုင်တယ်’ ဟု ‘ဗဟိန်း (သို့) ကဗျာ’ ကို ခဲတံနှင့် ရေးထားသော စာမူကြမ်းကို ပေးသည်။ ထိုညနေက ကျွန်တော်နှင့် စာအကြောင်း၊ ပေအကြောင်း အတော် ပြောဖြစ်ကြသည်။ သူကြီးဂေဇက် ဦးခင်မောင်နှင့် ပို၍ ရင်းနှီးလာသည်။ ကျွန်တော်တို့ စကားပြောနေစဉ် သမီးတစ်ယောက်က ကော်ဖီပူပူ လာချပေးလေသည်။
(ဂ)
   ခေတ်သစ် မြန်မာ ပညာရှင်လောက၏ လမ်းပြဆရာကြီး ဦးဖေမောင်တင်
ဆရာကြီး ဦးဖေမောင်တင်နှင့် သိရသည်မှာ ငယ်စဉ်ကတည်းက ဖြစ်သည်။ ကျွန်တော် (၈) တန်းမှာ ပါဠိဘာသာ ယူခဲ့သည်။ (၈) တန်းတွင် ဆရာကြီး ဦးဖေမောင်တင်၏ ပါဠိဖတ်စာ သင်ကြားခဲ့ရသည်။ ထို့ကြောင့် ဆရာကြီး ဦးဖေမောင်တင်နှင့် သိရခြင်းဟု ဆိုနိုင်သည်။ နောက် ခေတ်စမ်းပုံပြင်များ၊ ခေတ်စမ်းကဗျာများတွင် ဦးဖေမောင်တင်၏ စာများကို ဖတ်ခဲ့ရသည်။ ထို့နောက်တွင်ကား (၁၉၃၈) ခုနှစ် တက္ကသိုလ်ရောက်သောအခါ တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် အဝေးမှ စတင် မြင်ခဲ့ရဖူးသည်။ (၁၉၃၆) ခုနှစ် တက္ကသိုလ်သပိတ် ပြီးသောအခါ အင်္ဂလိပ်အာဏာပိုင်များက မြန်မာများ ကျေနပ်အောင်ဆို၍ ဆရာကြီး ဦးဖေမောင်တင်ကို ကျောင်းအုပ်ကြီး ခန့်ထားခြင်း ဖြစ်မည်။
အရင်က ကျောင်းအုပ်ကြီးမှာ မစ္စတာစလော့ ဖြစ်သည်။ ကျွန်တော် ကျောင်းရောက်သည့်နှစ်က ဆရာကြီး ဦးဖေမောင်တင် ကျောင်းအုပ်ကြီး ဖြစ်သည့်အတွက် ဂုဏ်ပြုသည့် ကပွဲတွင် စန္ဒရား တီးခဲ့ဖူးသည်။ သီချင်းမှာ ဂုဏ်ပြုသော သီချင်း ဖြစ်သည်။ ကျောင်းဆောင်အသီးသီးက ပဒေသာကပွဲများ အစီအစဉ် ယူကြ၍ သိုက်မြိုက်စွာပင် ဘွဲ့နှင်းသဘင် ခန်းမဆောင်ထဲတွင် ကျင်းပသည်ကို မှတ်မိနေသည်။
နောက်တွင်ကား ဆရာကြီးနှင့် ကိုယ်တိုင် ထိတွေ့ခဲ့ရသည်။ ကျွန်တော်သည် ဥပစာ ၀ိဇ္ဇာတန်း၌ ရာဇ၀င်ဘာသာ ယူခဲ့သည်။ ရာဇ၀င်အတန်းကို တော်တော် ပျက်ကွက်ဟန်တူသည်။ ကျွန်တော်က စိတ်မပါလျှင် မတက်။ ထို့ကြောင့်ပင်လျှင် ပါမောက္ခဒေဆိုင်းက သူနှင့်လာတွေ့ရန် ကြော်ငြာသင်ပုန်းတွင် ကပ်ထားသည်။ ကျွန်တော် သွားမတွေ့။ နောက်တစ်ခါ ထပ်ကပ်သည်။ ကျွန်တော် သွားမတွေ့။ သို့သော် ထိုအတောအတွင်း ကျွန်တော် တက်သည့်အခါလည်း တက်သည်။ အတန်းလုံးလုံး ပျက်ကွက်သည်တော့ မဟုတ်။ နောက်ဆုံးတွင် ကျောင်းအုပ်ကြီးက သူနှင့် လာတွေ့ရန် စာပို့လိုက်သည်။ ထို့ကြောင့် ကျွန်တော် မနေသာတော့။ ကျောင်းရုံးခန်းသို့ ခပ်ရွံ့ရွံ့နှင့် သွားရသည်။
အဖြူရောင်ဝတ် ဒါရ၀မ်ကုလားထံ ခုံနံပါတ်ပေးပြီး စောင့်နေရသည်။ ကျောင်းအုပ် ရုံးခန်းမှာ ခန့်ငြားထည်ဝါလှသည်။ ကြမ်းပြင် ကျွန်းကွက်ရောင်မှာ ဖိတ်ဖိတ်လဲ့နေသည်။ မှန်တံခါးများကလည်း တဖိတ်ဖိတ်လဲ့နေသည်။ ခန်းဆီး အစိမ်းရင့်က တလွင့်လွင့်။ အခန်းကျယ်ကြီး ထောင့်ရှိ ပြောင်လက်သော စားပွဲကြီး၌ ဆရာကြီးကို တွေ့လိုက်ရသည်။
ကျွန်တော် ၀င်သွားသောအခါ ဆရာကြီးက ‘ဘာလဲဟေ့’ ဟု အော်လိုက်သည်။ ကျွန်တော် ရင်ဖိုသွားသည်။
ဆရာကြီး၏ ရုပ်သွင်မှာ ခန့်ငြားသည်။ မြန်မာဆန်သည်။ ပညာရှိဆန်သည်ဟုပင် ထိုအခါက ခံစားခဲ့ရသည်။ ကျွန်တော်က ကျွန်တော်၏ ခုံနံပါတ်နှင့် အကျိုးအကြောင်း ပြောပြသည်။ ဆရာကြီးက ‘ဘာလဲဟေ့’ ဟု ပြောကတည်းက ကျွန်တော့်မှာ အသံမတုန်အောင် ထိန်းပြောရသည်။ ဆရာကြီးကို ကျွန်တော် ရွံ့နေသည်။ ‘ဘာဖြစ်လို့ ကျောင်းမတက်ရတာလဲကွ’ ဟု မေးသည်။
ကျွန်တော်က အသံကို ထိန်းကာ စိတ်မပါသည့်အတွက် မတက်ကြောင်း ပြောပြသည်။ ‘တက်မှပေါ့ကွ။ အေး ဒါပဲ။ သွားတော့’ ဟု ပြောလိုက်သည်။ ကျွန်တော်လည်း ဆရာကြီး ရုံးခန်းမှ ပြန်ထွက်လာခဲ့သည်။ အပြင်ဘက် သစ်ပုတ်ပင်ကြီးအောက် ရောက်မှ ကျွန်တော် ရင်ခုန်မှန်သွားတော့သည်။
နောက်တစ်ကြိမ် ဆရာကြီး ဦးဖေမောင်တင်နှင့် တွေ့ရသည်မှာ (၁၉၃၈) ခု ဒီဇင်ဘာ အရက် (၂၀) နေ့ည ဖြစ်သည်။
သည်နောက်၌ကား ဆရာကြီးနှင့် ကျွန်တော် မတွေ့တော့။ အဝေးမှသာလျှင် ဆရာကြီး၏ စာပေဆိုင်ရာ ဆောင်းပါးများ၊ ဟောပြောချက်များကို ဖတ်ရှုခဲ့ရသည်။ စစ်ပြီးကာလ အင်းလျားလမ်းဘက်သို့ ရောက်သောအခါ ဆရာကြီးကို အဝေးမှ လှမ်းမြင်ရသည်။ ဆံပင်များ အတော်ပင် ဖြူနေပေပြီ။ ဆရာကြီးသည် အင်းလျားလမ်း တစ်နေရာတွင် နေထိုင်နေသည်ကို ကျွန်တော် မှတ်မိနေသည်။ ထို့နောက် ဆရာကြီးထံ တစ်ခေါက် ရောက်သွားသည်။ စာပေရေးရာ ကိစ္စနှင့် ဖြစ်သည်။
ဘယ်ကိစ္စမှန်းတော့ အတိအကျ မမှတ်မိတော့။
ဆရာကြီးအိမ်တွင် ပြင်ဆင်ထားသော အိမ်ထောင်ပရိဘောဂများမှာ များစွာ ရှေးဆန်သည်ကို မှတ်မိနေသည်။ အင်္ဂလိပ်ခေတ်က ပုံစံမျိုး ဆိုဖာများ၊ ခန်းဆီးကြီးများဖြင့် ဆင်ယင်ထားသည်။ ဆိုဖာများမှာ အရောင်လွင့်နေကြပြီ။ ခန်းဆီးများမှာလည်း အရောင်မှိန်နေပေပြီ။
သို့သော် ဆရာကြီးကို ဤနောက်ခံကားဖြင့် တွေ့ရသောအခါ ပညာရှိကြီး တစ်ယောက်ဟုပင် ကျွန်တော် ခံစားနေခဲ့သည်။
နောက်ဆုံး (၁၉၆၃) စာဆိုတော်နေ့ နိုဝင်ဘာလ (၁၅) ရက်နေ့က ဖြစ်သည်။ ကျွန်တော်တို့ စာရေးဆရာသမဂ္ဂက ရွှေတိဂုံဘုရားလမ်း၊ ကျားကူးဓမ္မာရုံ၌ စာဆိုတော်နေ့ အခမ်းအနား ကျင်းပသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ဦးဖေမောင်တင်၊ ဟံသာဝတီ ဦးဘရင်တို့ကို ကျွန်တော်တို့ ကန်တော့ကြသည်။ မကန်တော့ခင် ဆရာကြီးများ ထိုင်နေသော ၀ိုင်းသို့ ကျွန်တော် ရောက်သွားသည်။ ဗန်းမော်တင်အောင်က ကျွန်တော့် နာမည်ကို ပြောလိုက်သည်။
‘အေး အေး’ ဟု ခေါင်းညိတ်သည်။ မကြာသေးခင် (၁၉၆၃) ခုနှစ် ငွေတာရီ၌ ကျွန်တော်ရေးသားခဲ့သော ‘လေးလုံးစပ် လင်္ကာ၏ ပျော့ပျောင်းခြင်းနှင့် သန်စွမ်းခြင်း’ ဆောင်းပါးအကြောင်းကို ပြောလိုက်သည်။ ကျွန်တော်က ကျွန်တော်ရေးသော ဆောင်းပါးများကို ဆရာကြီး ဖတ်မည်ဟု မထင်။ ကျွန်တော့် ဆောင်းပါးထဲတွင် လေးလုံးစပ် လင်္ကာသည် လေးကိုင်းကဲ့သို့ အားကောင်းကြောင်း၊ ပျော့ပျောင်းကြောင်း ဖော်ပြသည်။
ဤသို့ ဖော်ပြရာတွင် ‘လေး’ ဟုသော ၁၊ ၂၊ ၃၊ ၄၊ ရေတွက်မှုသည် ကမ္ဘာက သုံးနေသော နရီစည်းဝါး၊ အခြေခံနှင့် ကိုက်ညီကြောင်း ပါရှိသည်။ ဤအချက်ကို သူက ပြောသည်။ ‘ဆရာ ချီးကျူးပါတယ်ကွာ’ ဟု ပြောလိုက်သည်။ ကျွန်တော် ခေါင်းနပန်းကြီးသွားသည်။ ဆရာကြီးသည် ဂီတနားလည်သူ ဖြစ်၍ တယောထိုးတတ်ကြောင်းကို ပြေး၍ သတိရလိုက်သည်။ ဤဆရာကြီးသည် ကျွန်တော့်စာကို ဖတ်မည် မထင်။ တစ်ခါက ရာဇ၀င်တန်း မှန်မှန် မတက်၍ ခေါ်ယူ ကြီမ်းမောင်းရသော ကျောင်းသားလေး တစ်ယောက်ဟု မှတ်မိလိမ့်မည် မထင်။
(၁၉၆၇) ခုနှစ် ပတ်ဝန်းကျင်တွင် ခရ့စ်ယာန် စာပေအသင်းမှ ဟောပြောပွဲ တစ်ခု၌ ဟောပြောရန် ကျွန်တော့်ကို လာရောက်ဆက်သွယ်သည်။ ကျွန်တော်ငြင်းလိုက်သည်။ ထိုအခါက ကျွန်တော်သည် မည်သည့် ဟောပြောပွဲမှ မသွားဟု ဆုံးဖြတ်ထားသည်။ စာဆိုတော် ဟောပြောပွဲများကိုလည်း လက်မခံခဲ့။ ဆွေးနွေးပွဲများသာ လိုက်မည်ဟု ပြောခဲ့သည်။
နောက်တွင်ကား ယင်းခရစ်ယာန် အသင်းက ပြုလုပ်သော ဟောပြောပွဲတွင် ဆရာကြီး ဦးဖေမောင်တင် လိုက်ပါဟောပြောသည်ကို ကြားသိရသည်။ ကျွန်တော့်ကို ဟောပြောစေရန် အကြံဥာဏ်ပေးသည်ဟု ကြားရသောအခါ ကျွန်တော် များစွာ စိတ်မကောင်း ဖြစ်သွားမိသည်။
ဆရာကြီး ကွယ်လွန်သောအခါ ကျွန်တော်သည် ဆရာကြီးအား မြှုပ်နှံရာ တိရစ္ဆာန်ရုံထောင့်ရှိ ခရစ်ယာန် သင်္ချီုင်းသို့ သွားရောက် ပို့ဆောင်သည်။ ဓမ္မတေးသံများကြားတွင် ဆရာကြီး ရုပ်အလောင်း မြှုပ်နှံသည်ကို ငေးမောကြည့်ရင်း ကျွန်တော့် စိတ်ထဲ၌ တစ်မျိုးခံစားနေရသည်။ ဆရာကြီးသည် အင်္ဂလိပ်ဂီတကို နားလည်သူ ဖြစ်သည်။ တယောထိုးသည်ဟု ကြားဖူးသည်။ ဤဂီတ အခြေခံဖြင့် ကျွန်တော် ရေးသားခဲ့သော လေးလုံးစပ် အလင်္ကာသည် ကမ္ဘာ့နရီစည်းဝါးနှင့် ကိုက်ညီသည်ဟု ပြောခြင်းကို စိတ်ထဲတွင် တစ်မျိုးခံစားရလျက် နေရပေသည်။
ဆရာကြီးနှင့် စကားလက်ဆုံ မပြောဖူးသော်လည်း စိတ်ချင်းကား ဆက်သွယ်မိပါကလားဟု စိတ်မိတ်ဆွေ ခံစားမှုကလေးဖြင့် ခံစားနေမိခဲ့သည်။
ဒဂုန်တာရာ
ချယ်ရီ၊ ဧပြီ၊ ၁၉၉၀။
(တချိန်က မြန်မာပညာရေးနှင့် စာပေလောကတွင် ထင်ရှားခဲ့သော ဆရာ ဦးခင်ဇော်၊ သူကြီးဂေဇက် ဦးခင်မောင်နှင့် ဆရာကြီး ဦးဖေမောင်တင်တို့ အကြောင်းကို ဆရာ ဒဂုန်တာရာက အဝေးမြင် ပန်းချီကားတစ်ချပ်ကဲ့သို့ ခြယ်မှုန်းပြသထားသော ဆောင်းပါးတစ်ပုဒ်ပါ။)
ဆရာဒဂုန်တာရာနှင့် မာကျောကျောက်ဆောင်များ
ဆရာဒဂုန်တာရာနှင့် ဒေါ်ခင်မေ (တော်ဘုရားလေး အောင်ဇေ၏ ဇနီး)
ရန်သူမရှိ မိတ်ဆွေသာရှိ
ယခုအသက် ၉၃ နှစ်ရှိ စာရေး ဆရာ ကဗျာဆရာကြီး ဒဂုန်တာရာ ကသူ့ဘဝ၏ အတွေ့အကြုံ၊ သူ ဖြတ်သန်းခဲ့ရသော  နိုင်ငံရေးသမိုင်း အတွေ့အကြုံတို့မှ စိစစ် အနှစ် ထုတ် ယူ၍ လူသားများအနေဖြင့် လျှောက်လှမ်းသင့် ကြသည်ဟု သူယုံကြည်ယူဆသော လမ်းကို အတွေးအခေါ်ကဗျာပိုဒ်ကလေးဖြင့် တင်ပြခဲ့၏ ။ ထိုကဗျာသီတံမှာ -
ရန်သူမရှိ မိတ်ဆွေသာရှိ
မုန်းသူမရှိ ချစ်သူသာရှိ
နိုင်ငံရေးလုပ်တယ်ဆိုတာ
ရန်သူကို မိတ်ဆွေအဖြစ်
ပြောင်းလဲလာအောင်လုပ်တာ။
နိုင်ငံအတွက်အတွေး
ဆရာဒဂုန်တာရာ၏ တင်ပြ ချက်မှာ ဘာသာရေး အမျိုးမျိုးတို့၏ မေတ္တာတရားနှင့် တူသယောင်ယောင် ဖြစ်သည်။ ဘာသာရေးတို့၏ မေတ္တာတရားမှာ အဓိကအားဖြင့် လူပုဂ္ဂိုလ်အချင်းချင်း ဆက်ဆံကြရာ တွင် ချောမွေ့ပြေပြစ် အေးချမ်းကြစေရန် ရည်ရွယ်သည်ဟု နားလည် ရပါသည်။ လူပုဂ္ဂိုလ်အချင်းချင်း သာမက နိုင်ငံအချင်းချင်း ဆက်ဆံရေး အထိလည်းတိုးချဲ့ သုံးစွဲနိုင်ပေလိမ့်မည်။ ဆရာဒဂုန်တာရာ၏ အဓိက နှလုံးသွင်းမှုမှာကား လူပုဂ္ဂိုလ်အချင်း ချင်းဆက်ဆံရေးထက် နိုင်ငံရေးဆိုင်ရာတွေးခေါ်   မြော်မြင်ကျင့်သုံးမှု အတွက် ရည်ရွယ်သည်ဟု ယူဆရသည်။
ဒဂုန်တာရာဘာလဲ
အကြောင်းကား ဆရာဒဂုန် တာရာသည် ၁၉၁၉ မေ ၁ဝ ရက် တွင်မွေးဖွားလာခဲ့သူဖြစ်ရာ မွေးသည့် အချိန်မှစ၍ အမိနိုင်ငံ၏ ကျွန်ဘဝတွင် နွံနစ် ဆင်းရဲအောက်ကျ လာခဲ့ရသည်ကို တွေ့ခဲ့ရ၏။ ပထမ ကမ္ဘာစစ်၏ရိုက်ခတ်ဒဏ်ချက်များကို ခံခဲ့ရ၏။ ဒုတိယကမ္ဘာစစ်တွင် ကိုယ် တိုင်ဖြတ်သန်း၍ အသက်၊ ဥစ္စာ၊ ဆွေမျိုး၊ မိတ်ဆွေများ ထိခိုက်ဆုံး ရှုံးခြင်းတို့ကို ခံခဲ့ရ၏။ ဆရာစံ တောင်သူလယ်သမားသူပုန်ကြီး၏ မောင်းသံများကို ကြားခဲ့ရ၏။ ၁၃ဝဝ ပြည့်အရေးတော်ပုံကြီး၏
သုံးရောင် ခြယ်တူ တံစဉ် အလံကိုကိုယ်တိုင်လွှင့်  ထူကိုင်စွဲ၍ အလုပ်သမားများ၊ တောင်သူလယ်သမားများ၊ ကျောင်း သားများ၊ မြို့နေဆင်းရဲသားများ၊ ဆရာတော်သံဃာတော်များနှင့် အတူ ချီတက်ခဲ့၏။ ဘီအိုင်အေ ဗမာ့လွတ်လပ်ရေးတပ်မတော်၏ ကြေညာချက်ကိုရေးသားပေးခဲ့၏။ တပ်မတော်၏ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းကို စီမံချက်ရေးဆွဲပေးခဲ့၏။ ဂျပန်ဖက်ဆစ်တော်လှန်ရေး၏ ရင် ခုန်သံများကို ကြားပြီး အနီထဲမှ ကြယ်ဖြူပွင့် ဖက်ဆစ်တော်လှန်ရေး အလံတော်ကို ကြိုဆိုခဲ့၏။ ဖဆပလ အဖွဲ့ချုပ်နှင့် ဗိုလ်ချုပ်အောင် ဆန်း ခေါင်းဆောင်သော လွတ်လပ်ရေး တိုက်ပွဲကြီးတွင်လည်း တာဝန်သိစွာ ပါဝင်ခဲ့၏။
တာရာမဂ္ဂဇင်းကို ထုတ်ဝေကာပြည်သူတို့အတွက် ဒီမိုကရေစီနိုင်ငံတော်သစ်ကို ထူ ထောင်နိုင်ရန်လည်း ပြည်သူတို့ နှင့်အတူ ကြိုးပမ်းခဲ့၏။ တိုင်းပြည် တွင် စစ်မီးဟုန်းဟုန်း တောက် လောင်ခြင်း၊ ကမ္ဘာကြီးတွင်စစ်မီးများ တောက်လောင်၍ ကမ္ဘာ တစ်ဝန်း လုံးကို မီးလောင်တိုက်သွင်းမည့် အန္တရာယ်ကြီးခြိမ်းခြောက်လာ ခြင်းတို့ကိုလည်း မြန်မာပြည်သူ၊ ကမ္ဘာ့ပြည်သူတို့နှင့် လက်တွဲစုစည်း၍ တားဆီးခဲ့၏။ တိုင်းရေး   ပြည်ရာ စီမံခန့်ခွဲမှုများ မှားယွင်းအဆင်မပြေ ၍ ပြည်သူတို့ဒုက္ခကြီးစွာ ခံကြရသည့် ဘေးဆိုးကပ်ဆိုးကြီးမှ လွတ် မြောက်စေရန်လည်း နာကျင်စွာ ရုန်းကန်ကြ ရာတွင် ပါဝင်ခဲ့၏။ ဒဂုန်တာရာ၏ ဘဝဖြတ်သန်းစီးဆင်း ရသော မြစ်ကြီး ကားမာကျော ကျောက်ဆောင် ပိတ်ယှက်နေသော မြစ်ကြီးတည်း။
ဖောက်ခွဲကူးခတ်ခြင်း
ဤမြစ်ကြီးကို ဖြတ်သန်းကူး ခတ်ရာတွင် ပိတ်ဆို့နေသော ကျောက်ဆောင်တို့ကို ဖောက်ခွဲကူး ခတ်မည်လော။ ဖောက်ခွဲကူးခတ် ခြင်းတို့ကိုလည်း အခြေအနေ၏ တွန်းပို့ချက်ကြောင့်အားစိုက်ခွန်စိုက်စွန့် လွှတ်မှုတောင်ထုဖြင့်လုပ်ခဲ့ကြ၏။ ထိခိုက်နစ်နာသေကျေဆုံးရှုံးမှုများကြီး မားလှစွာသည်။ ကိုယ့်တိုင်းပြည်မှာ သာမဟုတ် ကမ္ဘာကြီးတစ်ခုလုံးမှာ လည်း အထိအခိုက်အသေအကျေ အဆုံးအရှုံးတို့ကြီးမားလှသည်။ ငြိမ်း ငြိမ်းချမ်းချမ်းလုပ်ကိုင်ဆောင်ရွက်ခွင့် မသာကြ၍ ဆန္ဒမရှိပါဘဲ နာကျင် သည့်လမ်းကိုရွေးကြရသည်မှာ လူသားအတွက် အဆုံးအရှုံးများလှလေစွ။ သမိုင်းလမ်းမှာ လူ့ဆန္ဒနှင့်အညီ စီးဆင်းခဲလှသည်။
ဓားလား၊ တရားလား
လူသားသည် အေးချမ်းသော အတွေးအခေါ်နှင့် အေးချမ်းသောနည်း လမ်းကို မရှာတတ်ပြီလော။ ဘာသာရေးတွေးခေါ်ရှင် တို့က အေးချမ်း မေတ္တာလမ်းကို   ညွှန်ပြ ကြသော် လည်း လက်တွေ့ဆောင်ရွက်ကြ သူများကဓားကိုသာဆွဲဖြစ်တတ်ကြ လေသည်။  ဓားအတွေးအခေါ်သည် မရှောင်မလွှဲသာအချိန်နှင့် အခြေ အနေတွင် ယာယီ   ဖြေရှင်းမှုပေးသော်လည်း လူသားကို အရှည် ကောင်းရာ အေးရာသို့ ပို့ဆောင် နိုင်ခဲသည်ကို လက်တွေ့တို့က ပြခဲ့ပြီ။  ဓားအစား တရားကိုကိုင်မှ၊ ဓမ္မကိုကိုင်မှ၊ တရားမျှ တမှုကို ကိုင်မှ လောကသည် အေးဥယျာဉ်နှင့် ပိုမို နီးဖွယ်ရှိသည်။
မာ့ခ်စ်ဝါဒနှင့် ငြိမ်းချမ်းလမ်း     
ဆရာဒဂုန်တာရာက လက်တွေ့ကျသော အေးလမ်းကိုရှာသည်။ မာ့ခ်စ်ဝါဒသည် ငြိမ်းချမ်းနည်းနာနှင့် ငြိမ်းချမ်းပန်းတိုင်ကိုပေးနိုင်လိမ့်မည် ဟု သူမျှော်မှန်းသည်။ ငြိမ်းချမ်းလမ်း ကို မာ့ခ်စ်ဝါဒထဲမှ ရနိုင်မည်ဟု အသန့်ဆုံးစေတနာဖြင့် သူစဉ်းစား သည်။ ရှာဖွေသည်။  သူ့မျှော်မှန်းချက်မှာ မာကျော ကျောက်ဆောင်များနှင့်သာ ရင် ဆိုင်တိုး၍ တိုး၍နေရသောကြောင့် ကျောရောရင်ပါဒဏ်ရာဒဏ်ချက် အပြည့်ရထားသည့် သဒ္ဓါသုမန ပမာ စိတ်ထက်ထက်မျိုးဆက်သစ် များက ဘဝင်မကျနိုင်ကြ။ သဘာဝ ဓမ္မ နိုင်ငံရေးလမ်းနှင့် ကိုက်ညီသည် ဟုလည်း မထင်မြင်နိုင်ကြ။ မိုးကုပ် စက်ဝိုင်းကို ကျော်ကြည့်ရခက်စွ။
လက်တွဲနိုင်သမျှ လက်တွဲ
သို့သော် ဤရေမြေ၏ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်း ချမ်းသောလမ်း၊ လက်တွဲနိုင်သမျှ  လက်တွဲသောလမ်းကိုရွေးချယ် လိုက်သည်မှာ လက်တွေ့အခြေ အနေအရဟု သူကပြောသော် လည်း ဆရာဒဂုန်တာရာ၏အတွေး လမ်းကြောင်းနှင့် ပူးယှဉ်လာသည် ဟု ယူဆစရာဖြစ်သည်။  သီတဂူဆရာတော် အရှင် ဥာဏိဿရ ကလည်း   ဒေါသ တရား နှင့်မာနတရားကိုပယ်ကာ မေတ္တာ တရားနှင့် ခန္တီတရားကို ကိုင်စွဲကျင့် သုံး၍်သမါငလန ညေိသမါနအ လုပ်ကြ ပါရန် ဟောပြောညွှန်ပြသည်။
လိမ္မာကြပါ
အမေရိကန်၊တရုတ် စသဖြင့်  စသဖြင့် အားပြိုင်အနိုင်လုနေကြ သည့် ယနေ့အထိမခံ နိုင်ငံတကာ လောဘ ဒေါသ အခြေအနေတွင် မြန်မာနိုင်ငံသားတို့ လိမ္မာကြဖို့၊   ကျောချင်းကပ်ကြဖို့၊ ကြားညပ် မခံရစေဖို့၊ အနှစ် ၆ဝ ကျော်ပဋိပက္ခ ပြည်တွင်းစစ်မီးကြီးကို အားလုံးဝိုင်း ငြှိမ်းကြဖို့ ယခုအချိန်နှင့်တာဝန်ကြီး ကျရောက်နေပြီဖြစ်ပါ သတည်း။
အံ့မောင်
(popular myanmar)
ဒဂုန်တာရာ သို့မဟုတ် မြန်မာ့သမိုင်း၏ ကြေးမုံတချပ်
စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာကို စကားလုံး တလုံးတည်းနှင့် ဖော်ကျူးမည် ဆိုလျှင် “သက်ရှိသမိုင်း” သို့မဟုတ် “ကဗျာ တပုဒ်” ဟု တင်စားသင့်သည်။ သူ့ကို ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး လှုပ်ရှားမှုများထဲတွင် ပါဝင်သူ တဦးအဖြစ် အများက သတ်မှတ်ထားသည်။
စာရေးဆရာ၊ သတင်းစာဆရာကြီးတဦးဖြစ်သည့် ဦးဝင်းတင်ကတော့ ဆရာကြီးကို “စာပေတံခွန်” “အတွေးအခေါ် တံခွန်” ဟု တင်စား၏။
၂၀၀၉ မေလ ၁၀ ရက်နေ့တွင် သူ့အသက် ၉၀ နှစ် တင်းတင်း ပြည့်ပြီဖြစ်သည်။ သူနှင့် ခေတ်ပြိုင် စာရေးဆရာ၊ ကဗျာဆရာ၊ နိုင်ငံရေးလှုပ်ရှားသူများစွာ သူ့ထက်စော၍ လောကကြီးမှ ထွက်ခွာသွားနှင့်ကြပြီ ဖြစ်သော် လည်း သူကတော့ သမိုင်း၏ ပြယုဂ်အဖြစ်၊ သမိုင်းဝင်လူသားတဦး အဖြစ် အောင်ပန်းမြို့တွင် ယခုတိုင် သက်ရှိ ထင်ရှား ရှိနေဆဲပင်။
ဆရာကြီးသည် စာပေသစ် လှုပ်ရှားမှု၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွင် ဦးဆောင်သူဖြစ်ရုံသာမက နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေးအတွက် သူ့ခေတ်ပြိုင်လှုပ်ရှားမှု များထဲတွင် လူထုနှင့် အတူ နက်ရှိုင်းစွာ ပါဝင်ခဲ့သူ ဖြစ်သည်။
၁၃ နှစ်အရွယ်ကတည်းက ကဗျာကို မြတ်နိုးခဲ့ပြီး ၁၇ နှစ်သားအရွယ် ကတည်းက ဒီမိုကရေစီနှင့် အမျိုးသား လွတ်မြောက်ရေးအတွက် ၁၉၃၈ - ၃၉ ခုနှစ်မှသည် ယနေ့တိုင် ခေတ်အဆက်ဆက် ပါဝင်ခဲ့သူဖြစ်သည်။ သို့သော် ဆရာကြီးသည် နိုင်ငံရေးပါတီများတွင်ပါဝင်ကာ နိုင်ငံရေးသမားအဖြစ် ခံယူလှုပ်ရှားသူတော့ မဟုတ်ခဲ့။ နိုင်ငံရေးသမားတော့ မဖြစ်လိုဟု သူ အမြဲပြောလေ့ရှိသည်။
သူ့ခံယူချက်နှင့် ပတ်သက်၍ ဆရာကြီးက “ရန်သူမရှိ၊ မိတ်ဆွေသာရှိ။ မုန်းသူမရှိ၊ ချစ်သူသာ ရှိ။ နိုင်ငံရေး လှုပ်ရှားတယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ” ဟု ဧရာဝတီမဂ္ဂဇင်းက တယ်လီဖုန်းဖြင့် မေးမြန်း ရာတွင် ဖြေကြားခဲ့သည်။ ထိုစကားမှာ သူပြောနေကျ စကားလည်းဖြစ်၍ ၂၀၀၇ ခုနှစ်က ၈၈ နှစ်ပြည့်ခဲ့စဉ် မွေးနေ့ နှုတ်ခွန်းဆက်စကားအဖြစ် မြန်မာပြည်သူများကို ပြောခဲ့သေးသည်။ ထိုစဉ်က “ရန်သူမရှိအောင် ပြောတာမဟုတ် ဘူး .. ရန်သူလိုသဘောမထားတာ” ဟု အဓိပ္ပာယ်ကိုပင် ဖွင့်ဆိုခဲ့သေးသည်။
အို .. ဘယ်ကြည့်ကြည့်
ဝင်းမှည့်ငိုက်ယွန်း .. နေရောင်ထွန်း၍
ရွက်ပွန်းထိယှက် .. သရက်ရွက်တို့
ပြိုးပြက်နီနီ .. ဂိုဂင်နီနှင့်
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။
အဲဒီကျွန်းမှာ
မိန့်ခွန်းမြွက်ကြား .. တရားဟောသံ
နိုင်ငံရေးလည်း မရှိဘူးကွယ်။
ဘယ့်နဲ့လဲ မေ
လူထဲသူထဲ ဟန်ဆောင်ဝဲမှ
တိုးရှဲဝေးရာ .. ထိုကျွန်းသာသို့
ဘယ်ခါလိုက်မယ် .. ပြောစမ်းပါ့။
အဆိုပါကဗျာလေးက ၁၉၄၇ ခုနှစ်တွင် ဆရာကြီး ရေးဖွဲ့ခဲ့သည့် “တဟီတီ သွားရအောင်” ဆိုသည့် ကဗျာ ဖြစ်သည်။ သူ့တွင် ထိုကဗျာထဲကလို လက်တွဲဖော် “မေ” တော့မရှိ။ တကိုယ်တည်း လူပျိုကြီးအဖြစ် ဘဝ ခရီးကို လျှောက်လှမ်းခဲ့သူဖြစ်သည်။
လူအပေါင်းနှင့် ဝေးရာတွင် အေးအေးလူလူ သူနေသည်။ ဆရာကြီးက လူများနှင့် ဖယ်ခွာ၍ နေလိုခြင်းကို “မိမိကိုယ်ကို မဲဇာသို့ ပို့ခြင်း” ဆိုသည့် ကဗျာလေးထဲ၌ ..
ငါတမူကား
ဘယ်သူကမျှ .. အမိန့်မချ
မိမိဆန္ဒဖြင့် .. မြို့ပြမှခွာ
မဲဇာသို့ သွားနေလိုက်သည် … ဟု ရေးဖွဲ့ခဲ့သည်။
ဆရာကြီးက ငြိမ်းချမ်းမှုကို မြတ်နိုးလိုလားသူ ဖြစ်ရုံမက အနုပညာ အလှအပကိုလည်း ခြယ်မှုန်းသူ၊ ဖန်တီးသူ မြတ်နိုးခုံမင်သူ ဖြစ်နေပြန်သည်။ သူက အနုပညာရှင်တဦး ဖြစ်သည်နှင့်အညီ သူမြတ်နိုးသော လွတ်လပ်ရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် တစိုက်မတ်မတ် လှုပ်ရှားခဲ့သည်။ သူ့အနုပညာ ဖန်တီးမှုဖြင့် လူသားတို့ကို ပေးဆပ်ခဲ့ပြီး ပေးဆပ်နေဆဲ ဖြစ်သည်။
ဆရာကြီးသည် “သမိုင်းဆိုသည်မှာ အဆုံးမရှိ” ဟူသော ခံယူချက်ရှိသူ ပီပီ “အတိတ်မရှိဘဲ ပစ္စုပ္ပန်မရှိနိုင်။ ပစ္စုပ္ပန် မရှိဘဲ အနာဂတ် ရောက်ရှိမလာပေ။ ယင်းသို့ ဆက်စပ်မှုရှိသည်။ အတိတ်ကို ကောင်းစွာ မသိလျှင် ပစ္စုပ္ပန်ကို ဖွဲ့စည်းတည်ထောင်ရန် ခက်ပေမည်။ ပစ္စုပ္ပန်ကို ဖွဲ့စည်းတည်ထောင်မှသာလျှင် အနာဂတ်သည် ပေါက်ဖွားလာ နိုင်သည်။ ယင်းသို့ဖြင့် သမိုင်းသည် ဆက်စပ်နေသည်။ သမိုင်းသည် မဆုံး” ဟု ရေးဖွဲ့သည်။
ခေတ်တခေတ်ရှိ လူသားတို့သည် မိမိတို့တာဝန်ကျေပွန်ပြီး ထူထောင်မှသာလျှင် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး ခေတ်ကို ရမည်ဟု ရည်ညွှန်းချင်ပုံရသည်။ ဆရာကြီးက “မျိုးဆက်တခေတ်နှင့်တခေတ် ဆက်စပ်နေသည်။ ယင်းကို သမိုင်းခေတ် အတွေ့အကြုံများဖြင့် သိရှိနိုင်သည်။ ကျနော်သည် သမိုင်းခေတ်တို့၏ မျိုးဆက်ခေတ် များကိုဖြတ်သမ်းလာရင်း မျိုးဆက်တခေတ်နှင့် တခေတ် ကျေးဇူးပြုမှုကို ထိတွေ့ခံစားရသည်” ဟူ၍ မျိုးဆက်တို့၏ အရေးပါမှု၊ ဆက်စပ်နေမှုကို ခြယ်မှုန်းပြနိုင်ခဲ့သည်။
သူ၏ “ကြယ်ရိပ်ပန်းနု” ဝတ္ထုတိုပေါင်းချုပ် စာအုပ်တွင် သူ့အကြောင်းကို သူပြန်ရေးသောအခါ “သူသည် ၁၉၃၆ ကျောင်းသားသပိတ်၊ ၁၉၃၈ .. ၁၃၀၀ ပြည့်အရေးတော်ပုံကို ဖြတ်သန်းသွားသည်။ ဘဝဆိုသည်က မဖြတ်သန်း ချင်လည်းမရ” ဟူ၍ တွေ့ရသည်။
သူ နိုင်ငံရေးသမားတဦး မဟုတ်ကြောင်းကို “မြိုင်” ဝတ္ထုအမှာတွင် ထပ်ဆိုထားပြန်သည်။ “သူသည် နိုင်ငံရေးသမား ဘဝကို မရွေးချယ်ခဲ့။ သူရွေးချယ်သည့်အတိုင်း စာပေဘဝ၊ အနုပညာဘဝကိုသာ ဆုပ်မိ သွားခဲ့သည်” ဟု ဖော်ပြထားသည်။
ငြိမ်းချမ်းရေးကိုသာ သေသည်ထိ ဆုပ်ကိုင်သွားမည့်ဟန် ရှိသည့် ဆရာကြီးက “ငြိမ်းချမ်းရေးနည်းနဲ့လည်း တော်လှန်ရေးကို လုပ်လို့ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဂီတသမားဘဝကိုတော့ သူက “နွေလယ်အိပ်မက်နှယ် အိပ်မက်မက်ခဲ့ဖူးသည်” ဟု ဆိုသည်။ ဂီတကို မြတ်နိုး လွန်းသူတဦးဖြစ်သည် ဆရာကြီး ဒဂုံတာရာသည် ကဗျာကိုလည်း ချစ်အားကြီးလွန်းပြန်သည်။ ထို့ကြောင့် ဆရာကြီးသည် ဂီတ အနုပညာသမား၊ ကဗျာဆရာ၊ စာရေးဆရာ၊ ဝေဖန်ရေးဆရာ၊ အယ်ဒီတာ၊ အနုပညာဆိုင်ရာ အတွေးအခေါ် ပညာရှင်၊ အလှဗေဒ ပညာရှင် ဖြစ်လာခဲ့သည်။
ဆရာကြီးသည် အနုပညာကိစ္စ အရပ်ရပ်ကိုတွေးလည်း တွေးသူ၊ နက်ရှိုင်းစွာတွေးတော ဆန်းစစ်သူ၊ တွေးသမျှကိုရေးသူ၊ တင်ပြသူဖြစ်သည်။ ထို့ပြင် စာပေအရေးအသား၊ စာပေဖွံ့ဖြိုးမှု အဆင့်ဆင့်၊ စာပေ ပုံသဏ္ဍန် ကူးပြောင်းမှု အဆင့်ဆင့် စသည်တို့ကို စိစစ်ပိုင်းခြားသည့် ပညာကို “စာပေသိပ္ပံ” ဟု အမည်တပ်ခဲ့သူ ဖြစ်သည်။
၁၉၄၆ ခုနှစ် ဒီဇင်ဘာတွင် သူ၏ “တာရာ” မဂ္ဂဇင်း စတင်မွေးဖွားခဲ့သည်။ မူရင်းအမည် ဦးဌေးမြိုင်မှ “တာရာ” အမည် တွင်ခဲ့သည်။ တာရာ မဂ္ဂဇင်း အမှတ် (၁) တွင်ပင် “စာပေသစ်” ဆိုသည့် အသုံးအနှုန်းကို စတင် သုံးစွဲ လိုက်သည်။
ဆရာကြီး၏ “တာရာ” သည် လူထု၏ တော်လှန်ရေးအခန်းကဏ္ဍကို မှောင်ချဖုံးကွယ်ကာ နယ်ချဲ့အရင်းရှင်ကို အားပေးထောက်ပံ့ခဲ့သော စာပေဟောင်းကို အာခံယှဉ်နိုင်ခဲ့သည်။ ဆရာ၏ စာပေသစ်မှာ ဒီမိုကရေစီ သို့ ဦးတည်နေခဲ့သည်။
စာပေသစ်အယူအဆနှင့်ပတ်သက်၍ သူက “စာပေသစ်သည် လူထု၏ တော်လှန်ရေး အခန်းကိုဖော်ထုတ်ကာ လူထု၏ ဘဝကို ပြသသည်။ စာပေသစ်သည် လက်ရှိ လူမှု စနစ်ကို မကျေနပ်ဘဲ ရှေ့သို့ချီသည်။ တိုးတက်သည်” ဟု ဆိုသည်။
“စာပေသည် လူမှုဆက်ဆံရေး ပြဿနာများကို ဖြေရှင်းနိုင်ရမည်။ ပြည်သူ၏ လှုပ်ရှားမှုများကို ဖော်ထုတ် ပြသရမည်။ ပြည်သူ၏ စိတ်ကူးတွင် ကပ်ငြိစွဲလမ်းအောင် အနုပညာဖြင့် လှုံ့ဆော်နိုင်ရမည် ဟူသော စာပေသစ် တာဝန်ကို ထမ်းကြအံ့” ဟု ဆော်သြပြန်သေးသည်။
ဆရာကြီးက စာပေကိုသာ လေ့လာညွှန်းဆိုအဓိပ္ပာယ်ဖွင့်ဆိုနိုင်ခြင်း မဟုတ်။ သူနှင့် ခေတ်ပြိုင် ရုပ်ပုံလွှာများကို လှလှပပ သေသေသပ်သပ် ခြယ်သ မှတ်တမ်းတင်နိုင်သူ ဖြစ်သည်။ လူကို လေ့လာခြင်း ဟူသော ခေါင်းစဉ်ဖြင့် ၁၉၄၆ မှ ၁၉၅၅ အတွင်း တာရာ၊ ရှုမဝ၊ ဂန္ထဝင် ဂျာနယ်တို့တွင် ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာများ ရေးခြစ်ခဲ့ သည်။
သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း၊ သခင် ဗဟိန်း၊ သိန်းဖေမြင့် စသူတို့ကို တကွက်စီ ပုံဖော်ခြယ်မှုန်းခဲ့သည်။
မြန်မာစာပေတွင် “ရုပ်ပုံလွှာ” “ဖျတ်ခနဲ ရုပ်ပုံလွှာ” “လူကိုလေ့လာခြင်း” ဟူသော ဝေါဟာရများကို ဆရာကြီး ဒဂုန်တာရာက စတင်တီထွင်ခဲ့သည်ဟု ဆရာဇော်ဂျီက “ဖျတ်ခနဲ ရုပ်ပုံလွှာ” စာအုပ်အမှာစာတွင် ရေးသားခဲ့ သည်။ သို့ဖြစ်၍ ၁၉၅၅ ခုနှစ်တွင်ထုတ်ဝေဖြန့်ချိခဲ့သော ထိုစာအုပ်တွင် ဆရာဇော်ဂျီက  “မြန်မာစာပေတွင် လူ့သမိုင်းရေးပုံရေးနည်း အသစ်တမျိုး တိုးလာပြီဟုပင် ဆိုနိုင်လေသည်” ဟု ရေးသားခဲ့ခြင်းဖြစ်သည်။
ရုပ်ပုံများကို ကလောင်သွားဖြင့် စာပန်းချီခြယ်မှုန်းရင်း အမျိုးသားရေး တာဝန်ကို အားပေးထမ်းဆောင်ခဲ့သူ ဖြစ်သည်။ စာအုပ်အမှာစာတွင် -
“အကယ်၍ ဤစာအုပ်သည် အမျိုးသား ညီညွတ်ရေးကို အားဖြည့်ပေးသော အမျှင်တမျှင်မျှ လူတို့၏ စေတနာကို သစ်ဆန်းလာအောင် လှုံ့ဆော်ပေးမည် ဆိုပါက သူ၏ နိုင်ငံရေး ရည်ရွယ်ချက်သည် တစိတ်တဒေသ ဖြည့်မည်ဟု ကျေနပ်ရပေမည်” ဟုရေးထား၏။
စာရေးဆရာအသင်း ဥက္ကဌ၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် ဒုတိယဥက္ကဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ယနေ့ထိ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ဝေဖန်ရေး စာများကို ရေးဖွဲ့နေဆဲဖြစ်သည်။ ဆရာကြီးသည် ယနေ့တိုင် စန္ဒရားကိုလည်း တီးခတ်ဆဲဖြစ်သည်။
စာပေ၏ တန်ဖိုး၊ လေးနက်မှု၊ ထိရောက်မှုကို သိနားလည်သူ ဖြစ်သည်နှင့်အညီ “စာပေဆိုသည်မှာ စက္ကူဖြူ ထက်တွင် အနက်ထင်၊ ကမ္ပည်းထိုးသည်ဖြစ်ရာ နှစ်ကာလ ကြာလေ ပျောက်မသွားဘဲ နှောင်းလူတို့က အကဲဖြတ်နိုင်လေ ဖြစ်သည်” ဟု သတိပေးထားလေသည်။
ထို့ကြောင့်လည်း ဆရာကြီးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်နေထိုင်သည့် စာရေးဆရာ မောင်သာမညက “မြန်မာစာပေအတွက် ခမ်းနားကြီးကျယ်လွန်းသည့် ထောက်တိုင်ကြီးတခု” ဟု တင်စားခြင်းဖြစ်မည် ထင်သည်။
ပိုလန်နိုင်ငံ ဝါဆောမြို့၌ ကျင်းပသော ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်သို့ “Request to the White Pigeon” (ချိုးဖြူသို့ ပန်ကြားချက်) ကဗျာ တပုဒ်ကို တင်သွင်းပေးပို့ခဲ့သေးသည်။ ပြည်တွင်း ငြိမ်းချမ်း ညီညွတ်ရေးအတွက် လည်း “ကြာပန်းရေစင်” ဝတ္ထုဖြင့် တာဝန်ကျေခဲ့သည်။
“ဆရာက ပုဂ္ဂိုလ်ရေးကိုတင် မကြည့်ဘဲ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးကို ဦးစားပေးခဲ့တယ်။ ဒါကြောင့် ကျနော် ထောင်က စထွက်တဲ့နေ့က ပြောတဲ့စကားဟာ ဆရာကြီးရဲ့ ငြိမ်းချမ်းရေး စကားနဲ့ သဘောတူတူပါပဲ” ဟု ဦးဝင်းတင်က ဆိုသည်။
လတ်တလော ဗမာပြည်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပဋိပက္ခများ၊ ပြည်တွင်းစည်းလုံး ညီညွတ်ရေး ပြဿနာများကို ဆရာကြီးက စိုးရိမ်ပြီး သူ့ခေတ်တလျှောက် သူဖြတ်သန်း လုပ်ဆောင်ခဲ့သည့် နည်းအတိုင်း အကြမ်းမဖက်ရေးဖြင့် အဖြေရှာရန် အခါအားလျော်စွာ ထုတ်ဖော်ပြောကြားလေ့ ရှိသည်။
လက်နက်ကိုင် တော်လှန်ရေးနှင့်ပတ်သက်၍မူ ဆရာက “မှားတယ်မှန်တယ် ဆိုတာ ကျနော်တို့က ပြောဖို့ ခက်တယ်၊ သမိုင်းလမ်းကြောင်းမှာ မှားတယ် မှန်တယ်ဆိုတာကို နောက်လူတွေက ပြောပါလိမ့်မယ်” ဟု သူ့ သဘောထားကို ပြောပြသည်။
ထိုသို့ သူ့သဘောထားအမြင်များ၊ စိုးရိမ်စိတ်များကို မကြာခဏ ထုတ်ဖော်ပြောကြားလေ့ ရှိသောကြောင့် စစ်အစိုးရ အာဏာပိုင်များက ဆရာကြီးကို စောင့်ကြည့်ခြင်း၊ သူ့ စာပေများကို ပိတ်ပင်ခြင်း၊ စိစစ်ဖြတ်တောက် ခြင်း၊ အထူးသဖြင့် ပြည်ပရောက် မြန်မာမီဒီယာများနှင့် မဆက်သွယ်နိုင်အောင် တင်းကျပ်ပိတ်ပင် ကန့်သတ် ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။
၁၉၄၈ ခုနှစ်ဝန်းကျင်က နိုင်ငံရေးလောကတွင် လက်ဝဲညီညွတ်ရေး ပျက်ပြားကာ အချင်းချင်း ကွဲပြဲ နေသည့် ကာလ၌ ဆရာကြီး၏ အရေးအသားကို စိတ်ကူးယဉ်စာပေသစ်၊ သရုပ်ပျက် စာပေသစ်ဟု ရေးကြသည်။
ဆရာကတော့ “စိတ်ကူးယဉ်စာပေဝါဒ (Romanticisms) ဆိုသည်မှာ တကယ့်ကို လူ့သဘာဝကနေ ကင်းကွာခြင်းမျိုး မဟုတ်ဘဲ ဘဝ၏ အလင်းနှင့် အမှောင် နှစ်ဘက်ရှိသည့်အနက် အလင်းဘက်ကို ကြည့်ခြင်း၊ ဘဝ၏ အလှနှင့် အကျည်းတန်နှစ်ဘက် ရှိသည့်အနက် အလှဘက်ကိုကြည့်ခြင်း သဘောသာ ဖြစ်သည်။ ယင်းသို့ ကျနော်နားလည်သည်။ စိတ်ကူးယဉ် အမြင်ဖြစ်သဖြင့် စိတ်ကူးယဉ် စာပေသစ်ဟု ဆိုလိုသည်” ဟု ဖွင့်ဆိုပြ ထားသည်။
သူ့ကို ဝေဖန်လာသည့် စာပေဝေဖန်ရေးသမား အားလုံးကိုလည်း ဒီမိုကရေစီဝါဒကို နှစ်သက်မြတ်နိုးသူပီပီ ပွင့်လင်းစွာ လမ်းဖောက်ပေးထားသည်။
“သမိုင်းဟူသည်မှာ မေ့ချန် ဖျောက်ဖျက်၍ ရသည်မဟုတ်ပေ။ ဝေဖန်ရေးသည် တိုင်းပြည်အတွက် အကျိုးရှိသော လုပ်ငန်းဖြစ်သည်။ ဝေဖန်ရေးရှိမှ တိုးတက်မည်ဟု ယုံကြည်မိသည်။ စာပေဝေဖန်ရေးသည် စာပေလောက အတွက် အကျိုးရှိသည်” ဟူ၍လည်း ဝေဖန်ရေးအလှကို ရှာဖွေပေးခဲ့သူဖြစ်သည်။
ဦးဝင်းတင်ကတော့ သူတို့လူငယ်ဘဝ ကတည်းကစပြီး ဆရာကြီးဒဂုန်တာရာ၏ စာပေနှင့် အတွေးအခေါ်များ သူ့အပေါ် လွှမ်းမိုးမှုရှိခဲ့ကြောင်း ဧရာဝတီမဂ္ဂဇင်းကို တယ်လီဖုန်းနှင့် ပြောကြားခဲ့သည်။
“ကျနော်သည် ဝတ္ထု၊ ကဗျာ စသော ရသစာပေတို့ကို ရေးရာတွင် မိမိ ခံစားမှုကို အသေးစိတ် ရေးခြယ်ချင်သည်။ ကျနော်သည် အရောင်၊ ရနံ့၊ အသံ၊ အထိအတွေ့ စသည်တို့ကို အသေးစိတ်ဖွဲ့နွဲ့တတ်သည်။ မျက်မြင် အာရုံ ရုပ်များကို ဖော်ပြရာတွင် အသေးစိတ်ပေါ်လွင်အောင် ဖွဲ့နွဲ့တတ်သည်။ ယင်းကိုရည်ရွယ်၍ ကျနော့်အဖွဲ့အနွဲ့ လွန်ကဲသည်ဟု မိတ်ဆွေတို့က ဝေဖန်ခဲ့ကြသည်။ ယင်းသို့ဝေဖန်သည်မှာ လွန်ခဲ့သော အနှစ် ၃၀ ကျော် ကတည်းက ဖြစ်သည်” ဟု ဆရာကြီးက သူ့အနုပညာသဘောထားကို ဖော်ပြရင်း ဝေဖန်ရေးကို ကြိုဆိုခဲ့၏။
အသက် ၈၄ နှစ်ရှိပြီဖြစ်သော သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းကလည်း ဆရာကြီး ဒဂုန်တာရာ၏ “မေ” ဝတ္ထုကို တက္ကသိုလ် ကျောင်းသားဘဝကတည်းက စွဲစွဲမြဲမြဲ ကြိုက်နှစ်သက်ခဲ့ကြောင်း အမှတ်တရ ပြောပြသည်။
“အဲဒီကတည်းက ဆရာကြီးက သိပ်အောင်မြင်ကျော်ကြားခဲ့တာ။ ကျနော်ဆို အဲဒီဝတ္ထုကို ၃၊ ၄ ခါ လောက် ဖတ်ခဲ့တာ” ဟု သခင်ချန်ထွန်းက ဆိုသည်။
ဆရာဦးဝင်းတင်က ဆရာကြီး ဒဂုန်တာရာကိုပေးခဲ့ဖူးသည့် Philosophy of revolution စာအုပ်ကို ဆရာကြီးက “နာဆာရဲ့ အိပ်မပျော်သော ညများ” အမည်ဖြင့် ဘာသာပြန်ခဲ့သည်။ “အဲဒီစာအုပ်ဟာ မတရား အာဏာသိမ်းတဲ့ အာဏာရှင်တယောက် ခံစားရတဲ့ စိတ်ဝေဒနာကို ပြချင်တာပဲ” ဟု ဦးဝင်းတင်က သူပေးခဲ့သည့် စာအုပ်နှင့် ပတ်သက်၍ အမှတ်တရ ပြောပြသည်။
ဆရာကြီးကတော့ ယခုထိတိုင် ဂုဏ်ပကာသနများကို မမက်မောဘဲ စာပေချစ်မြတ်နိုးသူ၊ ငြိမ်းချမ်းရေး၏ ပြယုဂ် အဖြစ် အေးငြိမ်းစွာ နေထိုင်ဆဲဖြစ်သည်။ ဆရာကြီး၏ အထူးခြားဆုံး ဂုဏ်ပုဒ်မှာ ရာထူး၊ ဂုဏ် ဆုတံဆိပ်များကို မမက်မောသူ၊ အခွင့်အရေးမယူသူအဖြစ် နှစ်ပေါင်းကြာရှည် ရပ်တည်ခဲ့သောကြောင့် ဖြစ်သည်ဟု ဆရာ မောင် သာမညက သုံးသပ်သည်။ ဆရာကြီးသည် နိုင်ငံတော်ကပေးအပ်သည့် ဆုတံဆိပ်ပေါင်းများစွာကို ငြင်းပယ် ခဲ့သူ ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကတည်းက ငြိမ်းချမ်းရေးဆိုသော ဆောင်ပုဒ်ကိုသာ လက်ကိုင်ထားသော ဆရာကြီး ဒဂုန်တာရာက သူ၏ အသက် ၉၀ ပြည့် မွေးနေ့အထိမ်းအမှတ်စကားအဖြစ်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍သာ ပြောကြားခဲ့သည်။
“အခုထိကော ရှေးတုန်းကကော ယုံကြည်တာ ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးဆိုတာ ညီညွတ်ရေးရှိမှ ဖြစ်မယ်။ ညီညွတ်ရေးရမှ ငြိမ်းချမ်းရေးရမယ်” ဟူ၏။
ဆရာကြီးပြောသော “ရန်သူမရှိ၊ မိတ်ဆွေသာရှိ … ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ” ဆိုသော စကားလုံး များကတော့ ယနေ့ စစ်မက်ထူပြောကာ ရန်လိုမုန်းထားမှုများနှင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးတွင် ပဲ့တင်ထပ် မြည်ဟီးလျှက် ရှိနေပါသည်။
အာကာမိုး
(ဧရာဝတီ မီဒီယာမှ)
မြန်မာ့ ဓလေ့
 စုလျှားရစ်ပတ်
စုလျှားရစ်ပတ် လက်ထပ်ထိမ်းမြားခြင်း ဆိုသော စကားလုံးမှာ စုလျှား ပုဝါနဲ့ရစ်ပတ် ထိမ်းမြားခြင်း၊ သတို့သမီးသတို့သား ညာလက်နှစ်ဖက်ကို ထပ်ပြီး လက်ထပ်ထိမ်းခြားခြင်းကို ပေါင်းစပ်ပြီးတော့ ခေါ်တာဖြစ်သည်။ ပန်းကုံးစွပ်ခြင်း၊ မင်္ဂလာလက်စွပ်လဲခြင်းများသည် မြန်မာမှု ထိမ်းမြားခြင်းပုံစံကို ခေတ်မှီအောင်ဖြည့်စွက်ထားသော သဘောရှိပါသည်။ ပန်းကုံးစွပ်ခြင်းမှာ မြန်မာ့ယဉ်ကျေးမှု ဆိုသည်ထက် အိန္ဒိယဆန်သော ယဉ်ကျေးမှုဟု သတ်မှတ်လိုက သတ်မှတ်နိုင်ပေသည်။
 အာဝါဟ၊ ၀ိဝါဟ
အာဝါဟ၊ ၀ိဝါဟ ဆိုသည်မှာ မင်္ဂလာအခမ်းအနား ကျင်းပရာ နေရာကို လိုက်ပြီး ခေါ်ဝေါ်တာဖြစ်သည်။
    အာဝါဟ - ယောက်ျားလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း၊
လက်ထပ်ခြင်း သို့ တံခါး
အဲဒီမှာ
နှစ်ယောက်အတူ ဖွင့်မှ ပွင့်မယ့်
တံခါးတစ်ချပ်ရှိလေရဲ့
လက်ကမ်းပြီး အတူ
ဖွင့်မယ့်သူ ရှိခဲ့ရင် ဝင်သွား
ချက်ချင်း ပြန်ထွက်သွားဖို့တော့
မစဉ်းစားလေနဲ့
တစ်စုံတစ်ခုတော့
ရောက်ခဲ့ကြောင်း အထိမ်းအမှတ်နဲ့
မင်း ထားခဲ့ရလိမ့်မယ်။
အပြင်က လူအားလုံး သိအောင်လည်း
အမှတ်အသားတစ်ခု မင်းကို
မှတ်ပေးလိုက်လိမ့်မယ်။
အဲဒီတံခါးရဲ့ အတွင်းမှာ
ပျော်နေတဲ့ သူတွေက
ဝင်ခွင့်မရသေးတဲ့ သူတွေကို
သနားစရာ ရယ်လို့ ထင်။
အဲဒီတံခါးရဲ့ အတွင်းမှာ
မပျော်နိုင် သူတွေက
အပြင်လူတွေရဲ့ လွတ်လပ်မှုကို အားကျလို့။
လက်တစ်စုံ တွဲထားပြီးသားသူတွေက
အဲဒီ တံခါးအတွင်း ဝင်ခွင့်ရဖို့
အခွင့်အရေးကို စောင့်မျှော်လို့...။
အဲဒီ တံခါး အတွင်းက
ကျေနပ်နှစ်သိမ့်စရာတွေကို
သိမ်းပိုက်ဖို့ မျှော်လင့်ချက်နဲ့
ဖွင့်နိုင်ဖို့ရာ လက်တစ်စုံကို
ရှာနေဆဲသူတွေလည်း ရှိ။
အဲဒီ တံခါး အတွင်းက
ပုတ်အဲ့အဲ့ ဇာတ်လမ်းတွေကို
ကြိမ်ဖန်တစ်ရာ ကြားနေကျမို့
အပြင်မှာပဲ ပျော်တော့မယ်ရယ်လို့
တွဲလက်တစ်စုံ မရှာလိုသူတွေလည်း ရှိ။
အဲဒီ တံခါးရဲ့ အတွင်းမှာ
မင်းအတွက် အမှန်တကယ်
ဘာရှိမယ်ဆိုတာ
မင်း ဝင်ကြည့်မှသာ သိနိုင်မယ်။
အဲဒီ တံခါးရဲ့ အတွင်းဘက်ကို
လျှောက်လှမ်းနိုင်ဖို့ အတွက်လည်း
မင်း အတွက် ကမ်းတဲ့လက်ကို
ယုံကြည်မှသာ ဖြစ်လိမ့်မယ်။
သိင်္ဂါကျော်
အိမ်ကလေး (၄)
အမေက လှေသူကြီးကတော် ဖြစ်သည်။ လှေခေတ် မဟုတ်တော့ လှေသူကြီးကတော်ဆိုသည့် ဂုဏ်ပုဒ်သည်လည်း ဘာမှ မဟုတ်တော့သလို ဖြစ်နေသည်။ သို့သော် မန္တလေးမြို့စွန် စနေထောင့်အရပ်က မြစ်ကမ်းနားရပ်ကွက် မှာတော့ လှေသူကြီးကတော်ဆိုသည့် အမေ့ကို လေးစားကြသည်။ ဆယ်ပြားခင်း လှေကြီးကို စီးခဲ့သော အမေကဘဝ တလျှောက်လုံး လှေပေါ်က ဆင်းခဲ့သည် မဟုတ်။ ဆယ်ပြားခင်းဆိုတာက လှေဝမ်းခင်းပြားပေပျဉ် ဆယ်ချပ်ခင်းထား သည့် လှေကြီးကို ခေါ်သည်။  
သည်လှေကြီးနှင့်စပါးသယ်ခဲ့သည်။ ဆန်သယ်ခဲ့သည်။ အိုးတွေ သယ်ခဲ့သည်။ ထင်းတွေ သယ်ခဲ့သည်။ လေရှိလျှင် ရွက်တိုက်၊ လေမရှိတော့ ကြိုးဆွဲ။ ဧရာဝတီမှာ စုန်ချည်ဆန်ချည်။ မန္တလေးအထက် ထီးချိုင့် ဗန်းမော် ရောက်သည်။ အောက်ဘက် ပုသိမ်ချောင်းထဲအထိ ဝင်သည်။ လင်သားက လှေသူကြီးဆိုတော့ ဇနီးက လှေ သူကြီးကတော် အလိုလျှောက် ဖြစ်ရသည်ထင်လျှင် မှားလိမ့်မည်။ လှေသူကြီး လင့်နောက်ကို ငွေသိမ်းလိုက် ရင်းလှေပေါ်မှာဆေးပေါ့လိပ်ဖွာ ရင်းလှေသူကြီး ကတော် ဖြစ်ရိုးမရှိ။ လှေသူကြီးတာဝန်နှင့်မခြား တာဝန်ယူနိုင်ရ သည်။ ရေကြောကို သိရသည်။ လေဆင်မိုးဆင်ကို သိရသည်။ ကုန်စည်ကို သိရသည်။ လှေထိုးသားများ၏ ဘဝနှင့် လုပ်အားကို သိရသည်။
လှေကို ဓားပြလာတိုက်သည့် ခေတ်တွေက လှေသူကြီးက ပဲ့စင်ပေါ်က ဆင်းခဲ့သော်လည်း အမေက ဓားပြ များနှင့် ရင် ဆိုင်ရမြဲ ဖြစ်သည်။ မသင်္ကာစရာ လှေကလေးတစီး ရေထဲ ဘွားခနဲပေါ်လာလျှင် နားတောင်းကလေး ချွတ်ကာ ငါးပိ အိုးထဲနှစ်၊ စောင်စုတ်ခြုံကာ တဟီးဟီး အဖျားတက်ပြနေရသည်။
“နားတောင်းက ဘယ်ရောက်လို့တုန်း လှေသူကြီးကတော်ရဲ့၊ ရှိတာလေးများ မျှပါဦး”
ဓားပြခေါင်းဆောင်၏ ထက်ရှနေသည့် ဓားသွားက နှာခေါင်းအောက်က ချိုင့်ထဲ အပြားလိုက်ကပ်ထားကာ အထက်လှန် ထားခြင်း ဖြစ်သည်။ အနေမတော်လျှင် နှာခေါင်းပြတ်သွားနိုင်သည်။ ဓားပြတွေကို အမေ မကြောက်။ သည်လမ်း သည် ခရီးမှာ ထိုစဉ်က သောင်ပါးရေတိမ်ကို ကြောက်ရတာ မဟုတ်။ ဓားပြကြောက်ရသည့်ခေတ် ဖြစ်သည်။
“လှေသူကြီးကတော် မဟုတ်ရပေါင်တော်၊ လှေကြုံစီးပါ၊ ပခန်းက အပြန် ဖျားလာလို့၊ ပဲ့စင်ပေါ်က ဆရာသာ မေးကြည့် ပါတော့၊ သူကလည်း လှေသူကြီး သည်တခေါက် မလိုက်နိုင်လို့ ထည့်လိုက်တဲ့ လူငှားပါ၊ ငါ့မောင်တို့ ကြိုက်တာ ရှာဖွေ သာ ယူကြပါရော့”
ဓားပြသုံးယောက်က တလှေလုံး ရှာသည်။ လှေထိုးသားတွေကို ခြိမ်းခြောက်သည်။ ဘာမှမတွေ့တော့ အမေ့ကို မဲပြန် သည်။
“လှေသူကြီးကတော်ကတော့ သေချင်တယ်နဲ့ တူတယ်၊ ဇက်ပိုင်းပြီး ရေထဲကန်ချပစ်လိုက်မယ်၊ ထုတ်စမ်း”
“ဘယ်နှယ့် သေချင်ရမလဲ ငါ့မောင်ရဲ့၊ မင်း သဘောပါတော်၊ လုပ်စားရတာလည်း မကောင်းလို့ပါ၊ နေပါဦး၊ မင်းက ဘယ်လောက်များ ရမယ်မှန်းလို့တုံး”
အမေက ဓားပြကို သဘောထားမေးသည်။
“ငွေနှစ်ရာတော့ ပေးခဲ့ဗျာ”
“အလိုတော် ငွေနှစ်ရာ၊ မင်းနှယ်ကွယ်၊ လှေကြီးတခါစုန်မှ ငွေအစိတ် ဖတ်ဖတ်မောအောင် တောင်းယူရတာ၊ လှေ မင်း ယူလိုက်ပါကွာ၊ ငါ ဓားပြလုပ်ပါ့မယ်”
နောက်ဆုံး ငွေအစိတ်နှင့် ဈေးတည့်သည်။ ရွှေတွေက ငါးပိအိုးထဲမှာ၊ ငွေတွေက လှေပဲ့ထောင် အဝှက်ထဲမှာ။ ကျွန်တော် က ဓားပြတွေကို မကြောက်ဘူးလားလို့မေးတော့ အမေက ကြာတော့လည်း မကြောက်တော့ပါဘူး။ တခါတလေ များ ထမင်းဆာလို့ တက်တိုက်တာတောင် ရှိတော့ ခူးခပ်ကျွေးရသေးတာဟု ဆိုသည်။
“အမေတို့က ပဲကလေး တဆယ်သားလောက်ကိုပြုတ်၊ နူးတော့ဖယ်ထား၊ အဲဒါကို ထောင်းပြီးတော့ ဆီသတ်၊ ပြီး မှစောစောက ပဲပြုတ်ရည်ထဲ လောင်းထည့်၊ အဲဒါက ပဲဟင်း၊ ကျန်တာက ငါးပိကိုဖုတ်ပြီးသံပန်းကန်စောင်း ကပ်လိုက် တာပဲ၊ လျက်လိုက်ပဲဟင်းဆမ်းလိုက်၊ ဒါတလှေလုံး စားကြရတာ”
တခါတခါ ကမ်းနားကပ်ပြီး ကြိုးဆွဲရတော့ ခေါင်းက တဘက်ကလေး ရေစပ်ဆူးခြုံမှာ ငြိကျန်လျှင် ရေကူးပြီးပြန် ယူသေး တာဟု ဆိုသည်။ အလဟဿ မရှိ။ စိတ်နောက်ကိုယ်ပါ မရှိ။ လှေတခေါက်မန္တလေးရောက်မှ ပုဆိုးနှင့် ထဘီတ လှည့်စီ ဝယ်ကြရသည်။ လှေတခေါက်စာ ဈေးဝယ်တော့ ဂေါဝိန်က ဈေးချို မြင်းလှည်းခ တမတ် မပေးချင်။ သည်တော့ ဈေးဝယ်ခံတောင်းရွက်ကာ အသွား ခြေကျင်၊ အပြန်ကုန်းကြောင်း။ အလကားရ သည့်မြစ်ရေတောင် ချွေတာသောက် ကြသူတွေ။
နောက်တော့ အမေ လှေနောက် မလိုက်ရတော့။ အိုးတွေ ကျောက်မြောင်းဘက်က လှေလိုက်မှာကာ ဆယ့်နှစ်ပွဲ လိုက် ရောင်းခဲ့သည်။ မြောင်းကျောက်ရစ်၊ မလှိုင်ပန်းအိုင်၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ပြည်စသည့် ဘုရားပွဲတွေမှာ အမေ့ အိုးဆိုင်ကို တွေ့နိုင်သည်။ စဥ့်အိုးတွေကို ဖောင်ဖွဲ့ကာ လှေကြီးနှင့် ဆွဲလာပြီး ရောင်းခဲ့တာလည်းရှိ၏။ ထင်းတွေ ကတော့ သပိတ်ကျင်းဘက် တိုက်ရသည်။ တခါတော့ ကမ်းနားမှာ လှေကြီးကိုဆိုက်ထားရင်း ထင်းချောင်း ရေတွက်ကြ သည်။ ထင်းမှာသူနှင့် ထင်းချောင်းရေ မမှားရ။
“မလှခင် နှစ်သောင်း၊ ကိုကြာရုံ တသောင်း၊ ကျော်သိန်း လေးထောင်၊ ဂေါဝိန်က မောင်ကံ တသောင်းခွဲ ဝင်ဆပ်တာ ရှိ သေးတယ်။ နောက် ကိုသောင်းစိန် ငါးထောင်ဆိုတော့”
သည်အသံကို လှေအောက်ရေထဲက ဓားပြက ကြားသည်။ သေချာပြီဆိုတော့မှ လှေပေါ်တက်ကာ ပိုက် ဆံတွေတောင်းတော့သည်။  “ပိုက်ဆံမဟုတ်ပါဘူးတော်၊ ထင်းချောင်းစာရင်းပါ၊ ရေနွေးအိုးတည်ချင်လို့ကတော့ ကြိုက် သလောက် ယူပါ တော်” လို့ ရှင်းပြရသည်။ ဓားပြက ငိုရခက်ရယ်ရခက်။ ခင်ဗျားတို့နောက် ရှင်းရှင်းလင်းလင်း လုပ်ဗျာ လို့ ကြိမ်းသွားကြ သေးသည်။ သားသမီးခြောက်ယောက် ပွားစီးတော့ အမေ မြင်းခြံမှာအိမ်ကလေး ဝယ်နိုင်သည်။ လင်သား ကလှေနောက် တကောက်ကောက်။ ငွေလူကြုံ၊ စကားလူကြုံ၊ စာလူကြုံသာ ရောက်လာတတ်သည်။ အဖေ လှေသူကြီး ရောက်လာတော့ သားသမီးတွေက အဖေ့လှေကြီးပေါ် တက်ကြ၊ အဖေ့ပခုံးပေါ်တက်ကြ။ တခါက အဖေ့လှေက မန္တ လေးမှာ၊ အမေက မြင်းခြံမှာ။ ငွေလိုက်ယူပါဆိုတော့ ချက်ချင်း ထလိုက်ရသည်။ ရှေးက လိုင်းကား ရှား တော့ကြုံရာကား နှင့် လိုက်ခဲ့ရသည်ဆို၏။ သားငယ်ကို ခါးထစ်ခွင် ချီကာ ရဲအချုပ်ကား တောင်းပန်ပြီး စီးလိုက် လာခြင်းဖြစ်သည်။ အချုပ် သားတွေက ကလေးပင် ဝိုင်းထိန်းပေးကြသည် ဆိုလေ၏။
ယောက်ျားဖြစ်သူက လှေသူကြီး၊ ကိုယ်က ဆယ့်နှစ်ပွဲဈေးသည်။ မူးစုမတ်စုနှင့် စီးပွားရှာရသည်။ ကလေးတွေကလည်း ကြီးပြီ။ အကြီးနှစ်ယောက်က ယောက်ျားလေး၊ တတိယက မိန်းကလေး၊ အောက်သုံးယောက်က ယောက်ျားကလေး။ အားလုံး ခြောက်ယောက်ဆိုတော့ ဈေးက တဖက်၊ ကလေးတွေက တဖက်။ စားဖို့သောက်ဖို့က တဖက်။ ပွဲတော်မရှိ သည့် ရက်တွေမှာ မြင်းခြံဈေးထဲ အိုးဆိုင် ခင်းရောင်းသည်။ သမီးလေးက ထမင်းချက်၊ အငယ်သုံးကောင်ကို ထိန်း။
သည်ကြားထဲက ကလေးတွေက ကျောင်းကို ပြေးကြရသေးသည်။ ကိုယ့်အိမ်ကလေး ရှိသော်လည်း အိမ်မှာ မနေရ သည့် ဘဝတွေ။ ဈေးကို အိမ်လုပ်နေရသည်ကော။ လင်သားကလည်း လှေကို အိမ်လုပ်နေရတာပါပဲ။ အိမ်ကလေးမိုးဖို့၊ ကာဖို့ ရှိလာလျှင် ရပ်ကွက်က ဝိုင်းကြရသည်။ တခါတခါ လှေကြီး လွန်းတင်ချိန်ဆိုလျှင်တော့ သည်အဖေ၊ သည်အမေ သည်သားသည်သမီး အိမ်ကလေးထဲမှာ ဆုံကြရသည်။ သားသမီးတွေက မတိမ်းမယိမ်း။ ဦးထုပ်က ဆိုက်စုံ၊ ဖိနပ်က ဆိုက်စုံ၊ စွပ်ကျယ်က ဆိုက်စုံ။
“တခါတကျင်း ပြန်လာရင် မင်းအဖေက ဆိတ်နို့မုန့်ပုံးကြီးတပုံး ဝယ်လာတတ်တယ်၊ အချိန်တဆယ်ဝင် ပုံကြီး  ဟာကော။ လောကမယ် ဆိတ်နို့မုန့်နဲ့ အချိုကုန်ရတာပဲ၊ ကလေးတွေဖို့ မုန့်ဆိုရင် ဒါပဲဝယ်လာတတ်တာ”
ကလေးတွေ ကြီးလာတော့ မွေးရပ်ရွာပြန်ပြီး လှူရတန်းရသည်။ သားတွေကို ရှင်ပြု၊ သမီးကို နားသ။ သည်က ပြီးပြန် တော့ ခင်ပွန်းက လှေပြန်လိုက်၊ ဇနီးက အိုးဆိုင်ပြန်ထွက်။ မြင်းခြံမှာ အနေကြာလာတော့ မန္တလေးကိုပြောင်း ဖို့ ဖြစ်လာ သည်။ မန္တလေး ဂေါဝိန်ဆိပ်လှေကြီးထားပြီး ဧရာဝတီ အထက်အောက် ဆန်ရ စုန်ရသည်။ သည်တော့ မြင်းခြံအိမ်က လေးရသလောက်နှင့် ရောင်းပြီး မန္တလေးရေဆိပ်မှာ အိမ်ကလေးဝယ်ကြရသည်။ မန္တလေးရောက်တော့ လှေခေတ် ကုန် လုပြီ။ သစ်ဆွဲ မော်တော်ကလေးတစီးဝယ်ဖို့ ဆွေတွေမျိုးတွေ စုကြ ရသည်။ မော်တော်ကလေးတစီးက ထိုခေတ် ငွေ ၁ဝဝဝဝ။
“ငွေတသောင်း တယောက်တည်း မရှိတော့ ဆယ်ယောက်စုရတယ်၊ တယောက် ငွေတထောင်ကို ဖျစ်ဖျစ်မြည်ရှာရ တာ၊ သည်လိုနဲ့ သူ့ကိုယ်အမ်း ကိုယ့်သူအမ်းနဲ့ နောက်တော့ မော်တော်ကလေး ပိုင်ရတယ်”
မော်တော်ကလေး အမည်က “ကမ္ဘာဦး” ဖြစ်သည်။ မန္တလေးနှင့်ရန်ကုန် သစ်ဖောင်တွေ ချိတ်ဆွဲရ သည့် ဖောင်ဆွဲမော်တော်။ မင်းကွန်းက၊ အထက်အညာသစ်ဆိပ်က ရသမျှသစ်တွေ တာဝန်ယူဆွဲပေးတော့ သစ်ဖောင် ဆွဲခရသည်။ ဟို တုန်းကတော့သစ်တွေပေါတော့ မော်တော်အစီး ခုနစ်ဆယ်လောက်က ကူသယ်ခေါက်သယ် ဆွဲကြရ သည်။ ဝင်ငွေက လေးက မဆိုးသော်လည်း လေထဲမိုးထဲမှာ ပမ်းစာရှာရတာ မသက်သာ။ အစိုးရသစ်လုံးတွေ ဆို တော့ပျောက်လျှင်ရာဇဝတ်သင့်မှာ စိုးရသေးသည်။ မော်တော်တခေါက်ကလည်း အစုန်အဆန်ဆိုလျှင် တလ လောက်ကြာတတ်တော့ မော်တော်က အိမ်ဖြစ်လာရပြန်သည်။ သားသမီးတွေကတော့ မန္တလေးမှာကျောင်းတက်။ သည်လိုနှင့် မန္တလေး မှာ နေဖြစ်ရုံ အိမ်ကလေး သပ်သပ်ရပ်ရပ် ဆောက်နိုင်သည်။ အိမ်ကြီးရခိုင်ဆောက်ဖို့ သစ်တွေ ကြိုစုရသည်။ ကျည်းပေါင်တွေ ကြို ခွေရသည်။ ပြတင်းတွေ ခွေထားနှင့်ရသည်။ ထရံကလေး၊ ကပ်ဝါးကလေး စုံတော့မှ အိမ်ကလေး ကောင်းကောင်း ဆောက်ဖို့ စီစဉ်သည်။ သို့သော် ချက်ချင်း မဆောက်နိုင်ပြန်။ မိသားစု စားအိုးက ကြီးသည်။ အလုပ်တွေက လျော့လိုက် လာသည်။ သားသမီးတွေက ကျောင်းသားတွေဆိုတော့ အတန်းတွေ ရကြပြီ။ အမေ က နေဖြစ်ရုံ အိမ်ကလေးပေါ်မှာ ပင် မနေပါ။ အိမ်ရှေ့က ကွက်လပ်ကျယ်မှာ ဧည့်ခံဆောင်ကလေးဆောက်ကာ အဲသည့် အထဲမှာပဲ နေသည်။ အဖေက အိမ်ကလေးပေါ်မှာ။ အမေက အောက်မှာ။
“မင်းအဖေက အိမ်ကလေးပေါ် လာနေပါ၊ နင့်မလည်း အိမ်နဲ့နေရတဲ့ အချိန်ကလေး နေမှပေါ့လို့တောင် ပြောတာ၊ မိ သားစုတာဝန်ကြီးလာတော့ အိမ်ပေါ်နေချင်စိတ် မရှိဘူး၊ ကြုံသလိုနေ ကြုံသလို အိပ်လိုက်တာပဲ”
တကယ်တမ်းကျတော့ အဖေရော အမေပါ အိမ်ကလေးပေါ်မှာ နေရသည့်အချိန်က နည်းသည်။ အဖေက မော်တော် ပေါ်မှာ။ လွန်းတင်ချိန်ကျတော့ တဖက်ကမ်း လွန်းရုံမှာ သွားနေရသည်။ တလ ကိုးသီတင်း ကြာ ချင်လည်း ကြာသည်။ ကျန်သည့်အချိန်က လှေထဲရေထဲ။ မြစ်က အိမ်ဖြစ်ရပြန်သည်။ အမေကတော့ ချက်ပြုတ်ပြီးလျှင် အနားက ပေပင် မစိုးရိမ်ကျောင်းမှာ ပုတီးသွားစိတ် သည်။  ကျောင်းဝေယျာဝစ္စလုပ်ရင်း ကျောင်းရိပ်မှာ နေသည်။
နောက်တော့လည်း သားကြီးက မော်တော်ပေါ် တက် ရသည်။ သားလတ်က အိမ်ထောင်ကျ တော့ အိမ်ခွဲသွားခဲ့ပြီ။ မကြာခင်မှာလည်း အ ငယ်ဆုံးသားက အိမ်ထောင်ပြုပြန်၏။ သည်တော့ သားနှစ်ယောက်  သမီးတယောက်သာ ကျန်သည်။ စားအိုးလျော့ သော်ငြား ဝင်ငွေက တိုးမ လာ။  ဈေးရောင်းတတ်သော်လည်း ဈေးရောင်းရမည့် အရွယ် မဟုတ်တော့။ လှေသူကြီးပင် အိမ်ကလေးပေါ်မှာ နားနေ ရပြီ။ နေဒဏ် လေဒဏ် မိုးဒဏ်တွေက နားတော့မှ ဖိစီးတော့သည်။
သည့်နောက်တော့ လှေသူကြီး ဆုံးသည်။ မော်တော်ပေါ်လိုက်သည့် သားကြီး ဆုံးသည်။ သည်တော့ ကျန်သည့် လူပျိုနှစ်ယောက်ထဲက တယောက် က မော်တော် ပေါ် တက်ရပြန်သည်။ ဘွဲ့ရသမီးက ကျောင်းဆရာမ ဖြစ်လာတော့ အဝေးရွာကလေးမှာ တာဝန်ထမ်း ရသည်။ သည် တော့ အိမ်ကလေးမှာ သားလူပျိုတယောက်နှင့် အမေသာ ကျန်သည်။
“တအုပ်တမကြီး နေခဲ့ကြရာက လူတွေ ပဲ့သွားလိုက်တာ၊ တရားဓမ္မဟာ တို့အိမ်ကလေးထဲမှာပဲ ရှိတာကလား၊ မင်းအဖေက အိမ်ကြီးဆောက်ဖို့ သစ်ဝါးစုနေရာက မဆောက်နိုင်ခင် ဆုံးရှာတယ်၊ နေဖြစ်ရုံအိမ်ကလေးလည်း အုတ်ခုံခံဆို တော့ ကောင်းတာပါပဲ၊ ဧည့်ခံဆောင်ကလေးကလည်း အေးတာပဲ”
အမေက ဧည့်ခံဆောင်ကလေးထဲမှာပဲ နေသည်။ အိမ်ပေါ် တက်ခဲသည်။ ဘုရားပန်းထိုး၊ တံမြက်လှည်းတာက လွဲလျှင် အောက်မှာလိုလိုချည်း။ ဧည့်သည်လာတော့လည်း အဆောင်ကလေးထဲက စားပွဲမှာ ဧည့်ခံတတ် သည်။ လှေဆိပ်မြစ် ဆိပ်ဆိုတော့ လှေသမား၊ မော်တော်သမားတွေက အမေ့ထံ မကြာခဏ ဝင်တတ်ကြသည်။ ထင်းလှေက ထင်းပေး သည်။   ပဲလှေက ပဲပေးသည်။ အိုးလှေက အိုးပေးသည်။ တခါက လှေသူကြီးက တော်သည် ခေတ်လှေ ခေတ်မော်တော်သမားတွေကြားမှာ လေးစားခြင်းခံရသည်။
“လေဆင် မိုးဆင် မကောင်းဘူး၊ လှေတွေ အနောက်ဘက်ကမ်းကပ်ထားခဲ့ကြရဲ့လား၊ လှေကြိုးမြဲခဲ့ရဲ့လား၊ လှေဆိုတာ ဘယ်လောက်ကောင်းကောင်း ရေဝင်မလွတ်ဘူးတဲ့၊ ဖွဲလေးဘာလေး လွှတ်ကြည့်ကြဦး၊ မနက်က နေလုံးကြီး တုံးတား တာတွေ့တယ်၊ လေချလိမ့်မယ်”
အမေကလည်း ယုံပါသည်။ ညနေကျတော့ လေပြင်းကြီး ကျသည်။ အမေက လှေသမားပီပီ ထမင်းဟင်းကို တိုင်းချက် သူမဟုတ်။ အမြဲတမ်းပို၍ ချက်တတ်သည်။ ဆွေမျိုးသားချင်းဖြစ်စေ၊ အဆွယ်အပွား ပါလာသည်ဖြစ်စေ၊ အချိန် မတော် ရောက်လာလျှင် ကျွေးနိုင်ဖို့ ဖြစ်သည်။
သမီးဖြစ်သူက အိမ်ထောင်ပြုပြန်တော့ နို့ညှာကောင် သားလူပျိုနှင့် အမေပဲ သည်အိမ်မှာ ရှိတော့သည်။ သို့သော် အိမ် ထောင်ပြု စောကြသော သားတွေက မြေးတွေ အမေ့အိမ်ကလေးထဲ ထိုးထားကြသည်။ အမေ့လောက် သူတို့ မကျွေး နိုင်။ အမေ့လောက် မချစ်နိုင်။ အမေ့လောက်ဆိုးမျိုး မခံနိုင်။ အမေ့လောက် လက်ကျမသာနိုင်။ အမေ့လောက် မဆုံးမ နိုင်။ မြေးများအတွက် အမေ့အိမ်သည် ဘဝနေနည်းကျောင်း ဖြစ်သည်။ အမေ့မြေးတွေမှ မဟုတ်။ သားသမီး တွေကလည်း အမေ့ကို တိုးကြ ခွေ့ကြရင်း ထမင်းတောင်းနှိုက် ဟင်းတောင်းနှိုက်။
အမေ့ဧည့်ခံဆောင်ကလေး သည်ဘက်နှစ်တွေမှာ မရှိတော့။ သည်အဆောင်ကလေးကို ချဲ့ကာ သားလူပျိုလက်ကျန် က ဗီဒီယိုရုံဆောက်သည်။ မော်တော်ကလေးလည်း ရောင်းလိုက်ပြီ။ ဤသို့အားဖြင့် အမေ  နှင့်လှေဘဝသည် ပြတ် တောက်သွားဟန် ရှိသော်လည်း လှေသူကြီးကတော်စိတ်က မကုန်သေး။ တခါ တခါ မြစ်ဆိပ်ဘက်ဆင်းကာ လွမ်း တတ်သေးသည်။
“မော်တော်ကလေး ရောင်းထားတာနဲ့ ကိုလူပျို့ ဗီဒီယိုရုံကလေးနဲ့ဆိုတော့ မပူရတော့ပါဘူး၊ ဒါပေမဲ့ လှေကို အိမ်လုပ် နေရတဲ့ ဘဝတွေကိုတော့ အောက်မေ့သား”
အိမ်ကလေးပေါ်မှာ အမေ မနေပါ။ ဗီဒီယိုရုံနှင့် အိမ်ကလေးကြားက ကွက်လပ်မြှောင်းမြှောင်းကလေးထဲမှာပဲ အမေ နေ သည်။ အိမ်ရှေ့ဝန်းတံခါးမှာ ထားဝယ်မှိုင်း ပင်ရိပ်ကလေး ရှိသည်။ အဲသည့်အောက်မှာ ခုံရှည်လို့ခေါ်သည့် တန်းလျားခု တင်ဟောင်းကလေး ရှိသည်။ သည်ခုတင်ပေါ်မှာပဲ အမေ နေသည်။ မိုးကလေး ဘာကလေး ဖျန်းတော့ ထားဝယ်မှိုင်း ရုံပေါ်မှာ ထီးကလေးတချောင်း ဖွင့်တင်ရင်း ရသလောက် နေတတ်သူဖြစ်သည်။ အိမ်ပေါ်တက်နေပါလားဆိုသော်လည်း နားမထောင်။ ကျီးများစာများသော်မှ အသိုက်အမြုံ ရှိကြရတတ်သော အမေ၊ သည်အိမ်ပေါ် မနေတာကလည်း ထူး ဆန်းသည်။ သားလူပျိုကလည်း မထူးပါ။ ဗီဒီယိုရုံကလေးထဲမှာပဲ အိပ်သည်။ ဗီဒီယိုစက်တွေ ဓာတ်ကြိုးတွေ၊ ဓာတ်ပြား တွေ၊ တိတ်ခွေတွေ (တခါတလေ မြွေတွေ) ကြားမှာ အိပ်သည်။ နေသည်။ ထားဝယ် မှိုင်းပင်ရိပ်က တန်းလျားပေါ်မှာ နေသည့် အမေနှင့် ဗီဒီယိုရုံကလေးကို အိမ်လုပ်နေသည့် သားတို့ ညဘက် ထမင်းစားကြတော့ ညဥ့်နက်နေပြီ။
တကယ်တော့ လှေသူကြီးကတော်ဟောင်း အမေက သည်ခုံတန်းလျားကလေးကို ဆယ်ပြား ခင်းရှေးလှေကြီးလို့ အောက်မေ့ပုံရသည်။ ထားဝယ်မှိုင်းပင်တွေပေါ် က နေကာထီးကလေးကတော့ ပေါင်းမိုးပေလား။ လှေကို အိမ်လုပ်နေ သည့်သဘော ဖြစ်လိမ့်မည်။
 နေဝင်းမြင့်
(အိမ်ကလေး ၁၆ လုံးမှ)
အဖမ်းအဆီး ၁၉၇၈
ဦးလှကို ထောင်ပြောင်း ခေါ်သွားတော့ ကျမက ထောင်ဝင်စာ ရန်ကုန် လိုက်မတွေ့နိုင်ဘူးပေါ့။ ကျမမှာ ကလေး (၅) ယောက်နဲ့ သတင်းစာက ရက်မပျက် ထွက်နိုင်အောင် လုပ်နေရသေးတယ်။ အဲဒီတုန်းက အခု သားအငယ်ဆုံးကောင် ငြိမ်းချမ်း (ညီပုလေး) က နို့စို့ ရှိသေးတာကလား။ စကားစပ်မိလို့ ပြောရဦးမယ်။ ဦးလှ (၃) နှစ်ကျော် ရန်ကုန်ထောင်ထဲမှာ အချုပ်အနှောင် ခံနေရပြီး ထောင်က လွတ်လာတော့ ကျမက ကလေးတွေ ခေါ်ပြီး လေယာဉ်ကွင်း သွားကြိုတယ်။ ဦးလှ က သူ့ဖမ်းသွားတုန်းက (၂) နှစ်သား ရှိသေးတဲ့ အငယ်ဆုံးကောင် (၅) နှစ် (၆) နှစ်သားကို ကောက်ချီတော့ ဒီကောင်က သူ့အဖေကို မမှတ်မိလို့ အို့တို့အန်းတန်းနဲ့ ကြည့်နေတယ်။
ဒါကြောင့် ကျမက ဒီကောင် ၁၉၉ဝ ပြည့်နှစ်က ထောင် (၁ဝ)နှစ် အချခံရတော သူ့ကို ပြောင်းချုပ်ထားတဲ့ သရက်ထောင် ကို သူရောက်တော့ သူ့ကလေး (၃) ယောက်စလုံး ခေါ်ခေါ်သွားပြီး သုံးလ တခါ၊ နှစ်လ တခါ သွားတွေ့ခဲ့တယ်။ သွားရ တာက မိုင် (၃၅ဝ) လောက် ကားခရီး၊ သူ့သမီး နှစ်ယောက်စလုံးက ကားတောက်တတ်လို့ အောင်လံမှာ တညအိပ်ပြီးမှ အမူးပြေကြတယ်။ ကရိကထ များလိုက်ပုံများ မပြောပါနဲ့တော့။ ဒါပေမဲ့ အဖေ ထွက်လာရင် အဖေကလည်း မမှတ်မိ၊ က လေးတွေကလည်း မမှတ်မိနဲ့၊ သူတို့ အဖေ ဖြစ်တုန်းက ဖြစ်တာမျိုး ဖြစ်မှာစိုးလို့ အားလုံး ခေါ်သွားတာပဲ။ အောင်လံက ပထစ အမတ်ဟောင်း ဦးသန်းမြင့်တို့ တိုက်မှာ တညအိပ်ပြီး နံနက်လင်း သရက်ကို မော်တော်နဲ့ ကူးတော့မှ ကလေးနှစ် ယောက်က အမူးပြေကြတယ်။
ကလေးတွေက သူတို့ အဖေကို မမှတ်မိဘူး ဆိုတဲ့ ရင်ထုမနာ အဖြစ်မျိုး ကြုံရမှာစိုးလို့ ဒုက္ခခံပြီး ခေါ်ခေါ်သွားတာလေ။
ပဉ္စမအကြိမ်ကတော့ ဦးလှအဖို့ မကြာလိုက်ပါဘူး၊ တော်ပါသေးတယ်၊ လူက နေမကောင်းဘဲနဲ့ ခေါ်သွားတာမို့။ တနေ့မှာ ဦးလှ သူသိပ်နေမကောင်းဘူး။ လူကလည်း မူးနောက်နောက်နောက်နဲ့ နေတယ်လို့ ပြောလို့ သမီး ဆရာဝန်ကို အခေါ် လွှတ်ပြီး နင့်အဖေ စမ်းသပ်ကြည့်စမ်း၊ နေမကောင်းဘူး ပြောတယ်လို့ ပြောတော့ သမီးက အစုံ စမ်းသပ်ပါတယ်။ ပြီး တော့ အဖေ ဆီးချိုထနေလို့ ဖြစ်တာ၊ အဖေ့ကို အင်ဆူလင် ထိုးပေးမှ ဖြစ်တော့မယ်လို့ ပြောပါတယ်။ ဦးလှမှာ ဆီးချိုရော ဂါ ရှိပါတယ်။ ဒါပေမဲ့ အစားကို ဂရုစိုက်စားပြီး ဆေးမှန်မှန်သောက်တာနဲ့ပဲ သူ့သမီးက ဆီးချိုကို ထိန်းထားပေးပါတယ်။ အင်ဆူလင် နေ့တိုင်း ထိုးပေးရလောက်အောင် ဆိုးမလာပါဘူး။ အဲဒီနေ့က သူ့သမီးက တလလောက် အင်ဆူလင် နေ့ တိုင်း ထိုးပေးဦးမယ်လို့ ပြောတော့ အင်ဆူလင် ထိုးရမယ် ဆိုတာက ဆီးချိုသမား အဖို့ နောက်ဆုံးအဆင့်၊ နေ့တိုင်း တ နေ့ (၂) ကြိမ် ထိုးရမှာ၊ ကျမက စိတ်ဆင်းရဲလိုက်တာ။ အဲဒီလို သမီးက ပြောပြီး ပြန်သွားလို့မှ မကြာသေးဘူး၊ အိမ်ရှေ့မှာ ဧည့်သည်ရောက်တယ် ပြောလို့ ထွက်တွေ့တော့ သူရယ်၊ ကျမရယ်၊ သားဘိုညိုရယ် လိုက်ခဲ့ပါဦး ဆိုပြီး လာဖမ်းပြန်လို့ သားအမိ သားအဖသုံးယောက်စလုံး လိုက်သွားကြရတာပါ။
အဲဒီနေ့က ၁၉၇၈ စက်တင်ဘာ (၂၂) ရက်နေ့ပါ။
အိမ်မှာ မျက်စိသူငယ် နားသူငယ်နဲ့ ကျန်ရစ်ရှာတဲ့ သမီးပျို မတင်ဝင်းလေး အတွက်လည်း အမြဲသတိရပြီး စိတ်ဆင်းရဲမိ တယ်။ နို့ပေမယ့် ဘယ်သူကျန်ကျန် မကျန်ကျန် သူတို့ လာခေါ်ရင် လိုက်ရတာပဲ မဟုတ်လား။ ခေါ်သွားပြီး ကျမတို့ကို မန္တလေး အကျဉ်းထောင်ကြီးထဲ ထည့်ထားတာပါ။ သူတို့ သားအဖက တွဲဖက်ထောင်မှာတဲ့။ ကျမက အမျိုးသမီး တွဲဖက် ထောင်မှာပါ။ ကိုယ်အဖမ်းခံနေရတာထက် ဦးလှအတွက် ကျမမှာ ပူလိုက်ရတာ။ သူနေမကောင်းလို့ ဆေးနေ့တိုင်းထိုး ကုရမယ့်ဆဲဆဲကို သိနေတော့ ကိုယ့်အတွက်ထက် သူ့အတွက် ပူတာပေါ့။
ကျမမှာ ဦးလှ နေတိုင်း အင်ဆူလင် ထိုးရမယ်လို့ သမီးပြောပြတဲ့ အသံချည်း ကြားနေပြီး သူတို့က ဦးလှကို အင်ဆူလင် လည်း နေ့တိုင်း ထိုးပေးမှာ မဟုတ်ဘူး ဆိုပြီး စိတ်ဆင်းရဲရတာ နေ့တိုင်းပါ။ ဦးလှက (၂၈) ရက်နဲ့ အိမ်ပြန်ရောက်သွားပါ သတဲ့။ သားက (၇) လကျော်နဲ့ အိမ်ပြန်ရောက်ပါတယ်။ ကျမ ဒီလို ကျန်ခဲ့တာကို ဦးလှက “ဒေါ်အမာက ကျနော် သွားရာ ဆိုရင် နေရာတကာ လိုက်ချင်တတ်တယ်။ ဟိုထဲ သွားတာကိုတောင်မှ မဖြစ်မနေ လိုက်လာခဲ့သေးတယ်။ ခု ကျနော် ပြန် ထွက်လာတော့ သူ မလိုက်နိုင်ခဲ့ပြန်ဘူး” လို့ မိတ်ဆွတွေနဲ့ တွေ့ရင် ဟာသစကားလေးနဲ့ ပြောတတ်သတဲ့။
ကျမကတော့ ဟိုထဲ ကျမ ကျန်ရစ်ခဲ့တုန်းက ၄-၅-၆ လလောက်နေတော့ ဝါဒါမကလေး တယောက်က “မနေ့က ရက် အားရလို့ ကျမ မြို့ထဲထွက်တော့ ဦးလေးလှကို တွေ့ခဲ့တယ်” လို့ ကျမကို တိုးတိုးကလေး လာပြောပါတယ်။ ကျမက ဝမ်း သာအားရ “ဟုတ်လား၊ ဘယ်မှာ တွေ့ခဲ့တာလဲ၊ မင်းကို သိသလား၊ ဘာပြောလိုက်လဲ” လို့ မေးတော့ “ဦးလေးတို့ တိုက် ရှေ့က ကျမ ညနေ (၃) နာရီလောက် ဖြတ်သွားခဲ့တာပါ။ တိုက်တံခါးကြီး ပိတ်ထားပါတယ်။ အဲဒီအထဲ ဦးလေး လမ်း လျှောက်ရင်း ပုတီးစိပ်နေတာကို မြင်ခဲ့တာပါ” တဲ့။ နေ့ခင်းကြီး တိုက်တံခါးကြီး ပိတ်ပြီး လမ်းလျှောက် ပုတီးစိပ်နေသတဲ့ ဆိုပြီး ကျမမှာ မျက်ရည်ဝဲခဲ့ရတယ်။ ဒီအချိန် ဒီနေရာမျိုးမှာ သူ ပုတီးစိပ်လေ့ ရှိတာမှ မဟုတ်ပါဘဲကလား၊ ဧကန္တ သူ ကျမ မလွတ်သေးလို့သာပေါ့ ဆိုပြီး စိတ်မကောင်းရတာပါ။ ဒါဟာ သူ့အဖို့ နောက်ဆုံးအကြိမ်ပါပဲ။ ဒါပေမဲ့ ဦးလှက သားမယား အပေါ် အလွန် သံယောဇဉ်ကြီးရှာသူမို့ သားရော မယားရော တော်တော်နဲ့ မပြန်လာကြတော့ သူကိုယ်တိုင် နေခဲ့ရတာ ထက် ပိုပြီး စိတ်ဆင်းရဲ ရှာလိမ့်မယ်။ သူ့မိန်းမ ဒီလို ခံရမှာကို သူတသက်လုံး ပူပန်ခဲ့ဖူးပေမယ့် တခါမှ ကိုယ်တွေ့ မကြုံ ခဲ့ရဘူး။ ဒီတခါမှ ကိုယ်တွေ့ကြုံရရှာတာကလား။
ကျမဆီကို တပတ်တကြိမ် ထောင်ဝင်စာ စားစရာတွေ အိမ်ကပို့ပို့ပေးနေပါတယ်။ လူချင်းတော့ ဘယ်သူနဲ့မှ မတွေ့ရဘူး။ ဘယ်သူက ပို့သလဲတော့ မသိဘူး။ ဘာသတင်းမှ ကျမကို အသိမပေးပါဘူး။ ကျမ အဖမ်းမခံရတော့ တနှစ်၊ တလနဲ့ တ ရက်ရှိတော့ ၂၃၊ ၁ဝ၊ ၇၉ နေ့က ကျမကို ထောင်ထဲလာခေါ်တယ်။ ကျမက လိုက်သွားတာ့ အပြင်မှာ ဦးလှရယ် သမီးအ ကြီးက မွေးတဲ့ မြေးဦးမလေးကို ချီထားပြီး ရပ်နေကြတာတွေ့လို့ ဪသ်ာသူတို့ ထောင်ဝင်စာတွေ့ခွင့်ရလို့ လာကြတာ ထင်ပါရဲ့လို့ အောက်မေ့ပြီး သူတို့ခေါ်တဲ့ ထောင်ရုံးခန်းထဲ လိုက်သွားရတယ်။ ပြီးတော့မှ ဒါလွှတ်တာတဲ့လေ။ အဲဒီတော့ ကျမ အိမ်ပြန်ရောက်တယ်။
အိမ်ရောက်တော့မှ တယောက်တည်း ထားခဲ့ရတဲ့ သမီးလေးနဲ့ ကျမ ညီမ ဒေါ်တင်တင် က လာပြီး နေပေးရှာသတဲ့။ ထောင်ထဲမှာ နေရတုန်းကတော့ အဲဒီသတင်းမျိုး ဘာမှမကြားခဲ့ရဘူး။ သူမရှိဘဲ ကျမ တယောက်တည်း နေခဲ့ရတာက တော့ အကြိမ်ကြိမ်အခါခါမို့ ကျမမှာ ကျင့်သားရသလောက် ရနေပြီလို့ ပြောရင် ရနိုင်မလား မပြောတတ်ပါဘူး။ ဒါပေမဲ့ ကျမ မရှိဘဲ သူ အိမ်မှာ နေရတဲ့ ဆင်းရဲကိုတော့ သူက ၁၉၇၈-၇၉ မှာမှ ခံရဖူးတာကလား။ ဒါကြောင့် ထင်ပါရဲ့။ သူမဆုံး ခင် ၃-၄ လ အလိုမှာ သူနဲ့ ကျမ အေးအေးဆေးဆေး ခဏတဖြုတ် နားရချိန်မှာ သူက ဘာပြောသလဲ ဆိုတော့၊ “သေ ခြင်းသေရင် ငါ မင်းအရင် သေချင်တယ်” တဲ့။ ကျမက “အရင်သေရတဲ့ လူက ကံကောင်းတာပေါ့” လို့ ပြန်ပြောတော့၊ သူက “ငါက မင်းမရှိရင် မနေတတ်ဘူး” တဲ့။
သူတို့က တကယ်တော့ ကျမကို ဖမ်းချင်လို့ ဖမ်းတာနေမှာပါ။ [ဒီအကြောင်းနဲ့ ပတ်သက်ပြီး တတိယသား ဖြစ်သူ မောင် ချစ်ခင် (ခေါ်) (ဦး) ဖိုးသံချောင်းက ကလောင်အမည် 'ဖိုးသံ (လူထု)' နဲ့ 'ကျနော် မရေးနိုင်ခဲ့တဲ့ ကိစ္စတရပ်' လို့ ခေါင်းစဉ် တပ်ပြီး ဆောင်းပါးတပုဒ် ရေးခဲ့ပါတယ်။] သားငယ်ကတော့ ဒါ ပထမအကြိမ်ပေါ့။ နောက် (၁၁) နှစ်ကြာမှ ၁၉၉ဝ မှာ ဒုတိယအကြိမ် အဖမ်းခံရပြီး (၁ဝ) နှစ် ချလိုက်တယ်လေ။ အဲဒီတော့ သူ့အဖေက မရှိတော့ဘူး။ ရှိရင် စိတ်ဆင်းရဲရှာမှာ။ အင်းစိန်မှာ (၁) နှစ်ထားပြီးတော့ သရက်ထောင်ကို ရွှေ့ထားတယ်။ အင်းစိန်တုန်းကတော့ ထောင်ဝင်စာကို သူ့မိန်းမ ဝင်းဝင်းပဲ သွားပါတယ်။ ကျမ မလိုက်ပါဘူး။ ဘာလို့လဲ ဆိုတော့ အင်းစိန်ထောင်မှာ အကျဉ်းသားတွေကို ပေးတဲ့ ထောင် ဝင်စာ တွေ့ရတဲ့ ပုံစံက ဆိုးရွားလွန်းလို့။ သံဆန်ခါ အမြင့်ကြီး (၂) ချပ် ကာထားတယ်။ တချပ်နဲ့ တချပ်က (၃) ပေ လောက် ခြားထားတယ်။ သံဆန်ခါ တချပ်နောက်က အကျဉ်းသားတွေ၊ မျက်နှာချင်းဆိုင် တချပ်နောက်က တွေ့ချင်တဲ့ လူတွေ အားလုံး တန်းစီ နေကြရတယ်။ တွေ့တော့ ဆိုတော့ တပြိုက်နက် မျက်နှာချင်းဆုံ စကားပြောကြတာ အသံတွေ က ဝေါဝေါနဲ့ စကားလုံး ကွဲအောင် ကြားကြရဲ့လား မသိပါဘူး။ အဲဒါ (၁ဝ) မိနစ်လောက် ဝေါဝေါဖြစ်ပြီး ပြန်ကြ ဆိုတော့ ပြန်ကြရတာ။ အဲဒါကို အင်းစိန်ထောင် တခါသွားတုန်းက မြင်ခဲ့ဖူးတယ်။
ရိုးရိုးအကျဉ်းသားတွေကို ဒီလို အတွေ့ခံစေတာလား၊ နိုင်ငံရေး အကျဉ်းသားတွေလည်း ဒီပုံစံပဲလား မသိခဲ့ဘူး။ နို့ပေမယ့် ဒီပုံစံမျိုး ဆိုရင် ငါ့သား မတွေ့ရရင်လည်း နေပေစေ၊ ငါမတွေ့ဘူး ဆိုပြီး တနှစ်လုံး နေတာပါ။ နောက် သူ့ကို သရက် ထောင် ပြောင်းသွားပြီ ကြားတော့ သရက်တော့ အင်းစိန်က ပုံစံမျိုး ဟုတ်မယ်မထင်ဘူးဆိုပြီး မြေးတွေကိုခေါ်ကာ သ ရက်ထောင်ကို သွားတွေ့တာပါ။ ထင်တဲ့အတိုင်းပါပဲ၊ သရက်ထောင်ကတော့ လူတွေအများကြီးနဲ့ တပြိုင်တည်း မတွေ့ခဲ့ရ ပါဘူး။ သူနဲ့ ကိုယ်နဲ့ ထောက်လှမ်းရေးနဲ့ တွေ့ရတာပါ။
ကျမ မန္ဈလေး ထောင်ကြီးထဲမှာ အချုပ်ခံရတုန်းကတော့ ထောင်ဝင်စာ ပစ္စည်းတော့ မှန်မှန်ရပါရဲ့၊ လူချင်း တွေ့ခွင့်တော့ တခါမှ မရခဲ့ပါဘူး။
လူထု ဒေါ်အမာ
Ludu လူထုကြီးပွားရေး ဖေ့စ်ဘွခ်မှ ကူးယူတင်ဆက်ပါသည်။
source... နေ့သစ်
Sunday, May 6, 2012
သူနဲ့ကိုယ်နဲ့ ချည်တဲ့ကြိုး
ကင်းဘတ်စပေါ် ဆက်တိုက်ကျနေတဲ့ သူ့လက်တွေက ခပ်ကြမ်းကြမ်း စုတ်ချက်တွေကို ဖန်တီးနေမှန်း ကိုကျော်ဝေ သိတာပေါ့။ ဒါပေမယ့် မတားချင်ဘူး။  ပြေးစမ်း ၊ ဆွဲစမ်း ဆိုပြီးကို လွှတ်ထားလိုက်တယ်။ စိတ်ထဲက မကျေနပ်ချက်တွေကို လက်ပေါ်တင်ပေးလိုက်ပြီး စုတ်တံကို အသက်သွင်းလိုက်တဲ့အခါမှာ သူတစ်ခါမှ မရဘူးတဲ့ ပန်းချီကားတစ်ချပ် ရုပ်လုံးပေါ်လာတော့တယ်။ သူ့အရှေ့မှာ တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ မြစ်ရေပြင်က သူဒေါသတရားအောက်မှာ လှိုင်းထန်နေတဲ့ မြစ်ရိုင်းတစ်စင်းဖြစ်သွားတယ်။ သာယာကြည်လင်နေတဲ့ နေရောင်က ကားချပ်ထဲမှာ ည အမှောင်ဖြစ်သွားတော့တယ်။ အမှောင်ထုအောက်က လှိုင်းထန်နေတဲ့ မြစ်ပြင်။ ဒါက လက်ရှိသူ့စိတ်အခြေအနေကို ပြနေတဲ့ ပြယုဂ် ပန်းချီကားပဲ။
ကိုကျော်ဝေက ဒီမြစ်ဘေးမှာ ခဏခဏ ပန်းချီလာဆွဲတယ်။ ဆွဲခဲ့သမျှလည်း သာသာယာယာ ကြည်ကြည်လင်လင် မြင်ကွင်းတွေချည်းပဲ။ မြစ်ကမ်းဘေးမှာ မြက်ရိုင်းတောလေးတွေ၊ ဗျိုင်းငှက်လေးတွေ ပျော်မြူးနေပုံ ဆွဲဖူးတယ်။ သားသည်အမေ ကလေးရေချိုးပေးနေပုံ ဆွဲဖူးတယ်။ ကျွဲလည်တိုင်က ရွံ့တွေကို မြစ်ရေနဲ့ ဆေးပေးနေတဲ့ ကျွဲကျောင်းသားပုံ ဆွဲဖူးတယ်။  အေးအေးလူလူ လှေလှော်နေပုံတွေ ၊ သားအဖနှစ်ယောက် လှေလေးပေါ်မှာ ပိုက်ကွန်ပစ်နေပုံတွေ  ဆွဲဖူးတယ်။ တာပေါ်လင်စပေါ်မှာ စားစရာတွေပြင်နေတဲ့ သူ့မိန်းမ ပုံတူကိုလည်း  မြစ်ရေပြင် နောက်ခံထားပြီးဆွဲဖူးတယ်။ ဆိုတော့ကာ အရင်က ဆွဲခဲ့သမျှ စိတ်ကြည်နူးစရာ မြင်ကွင်းတွေချည်းပဲ။
အခုတစ်ခါတော့ ညအမှောင်အောက်က လှိုင်းထန်နေတဲ့ မြစ်ရိုင်းတစ်စင်းပုံကို ဆွဲမိခဲ့ပြီ။ ဒါကလည်း သူ့စိတ်တွေကို ဇက်ကြိုးလွှတ်ပြီး ဆွဲဖြစ်တဲ့ပုံ။ ပြောရရင် ကိုကျော်ဝေ တော်တော် ဒေါသထွက်နေခဲ့တာ။ အဖြစ်က ထွေထွေထူးထူးလားဆိုတော့လည်း မဟုတ်ပါဘူး။ မိန်းမနဲ့ ရန်ဖြစ်ခဲ့တာ။ လင်မယားတွေ စကားများကြတာက အထူးအဆန်း မဟုတ်ဘူးဆိုပေမယ့် အိမ်ထောင်သက် သုံး နှစ်အတွင်းမှာ ပထမဆုံးဖြစ်ဖူးတဲ့ ရန်ပွဲဆိုတော့ ကိုကျော်ဝေအတွက်တော့ အစိမ်းသက်သက် အတွေ့အကြုံပဲ ဆိုပါတော့။
စကားများရတဲ့ အဖြစ်အပျက်ထက် အိမ်ထောင်သက် တစ်လျှောက် အမြဲငြိမ်ခံခဲ့တဲ့ မိန်းမက တစ်ချက် နှစ်ချက် ပြန်ပက်တာကို မကျေနပ်ဆုံးပဲ။ ဒါနဲ့ပဲ ပန်းချီဆွဲဖို့ပစ္စည်းတွေ ကောက်ထည့်ပြီး အိမ်ကထွက်လာခဲ့တော့တယ်။ ထွက်လာပြီးတော့လည်း ဘယ်သွားရမှန်း မသိတာနဲ့ ရောက်နေကျ မြစ်ဆိပ်ကိုပဲ ခြေဦးလှည့်မိတော့တာ။
ပန်းချီကား ပြီးသွားတော့ စိတ်တော်တော် ပေါ့သွားတယ်။ ဒါနဲ့ ဆေးပေါ့လိပ်လေး ထိုင်ဖွာပြီး မြစ်ရေစီးတာကို ငေးကြည့်နေမိတယ်။ စိတ်က ဟိုတွေးဒီတွေး ဆိုပေမယ့် အဓိကက သူ့မိန်းမ အကြောင်း တွေးဖြစ်တာပါ။ ကိုကျော်ဝေတို့လင်မယားက ချစ်သူဘဝကတည်း ဒီမြစ်ကမ်းဘက်မှာ အမြဲချိန်းတွေ့လေ့ရှိတယ်။ လက်ထပ်ပြီးတော့လည်း မကြာမကြာ ရောက်ဖြစ်ကြတယ်။
ဒီမြစ်ကမ်းဘေးကို ရောက်ပြီဆိုရင် ကိုကျော်ဝေက ပန်းချီဆွဲဖို့ ပစ္စည်းတွေ ပြင်ဆင်နေချိန် သူ့မိန်းမကလည်း ယူလာတဲ့ တာပေါ်လင်စလေး ဖြန့်ခင်းပြီး ဆွဲခြင်းထဲက ရေနွေးဓါတ်ဘူး ၊ လက်ဖက်ဘူးတွေ ထုတ် ၊ ထမင်းချိုင့်နေရာချ ပြီးတာနဲ့ စာအုပ်လေး ထုတ်ဖတ်ရင်း ကိုကျော်ဝေ ပန်းချီဆွဲတာကို အဖော်လုပ်ပေးနေကျပေါ့။
ပြောပြီးခဲ့သလို အိမ်ထောင်သက် သုံးနှစ်အတွင်းမှာ ရန်တခါမှ မဖြစ်ခဲ့ဖူးဘူး။ တစ်ယောက်နဲ့တစ်ယောက် အလိုက်တသိနဲ့ ဖြည့်ဆည်းပေးကြတာဆိုတော့ သာယာတဲ့ အိမ်ထောင်ရေးလို့ ဆိုရမယ်။ သွားအတူ လာအတူ တပြုံးပြုံးနဲ့ကြည်နူးနေကြတဲ့ သူတို့လင်မယားကို  ပါတ်ဝန်းကျင်က သိပ်ကိုလိုက်ဖက်တဲ့ စုံတွဲလို့ ထုတ်ပြောကြတဲ့အထိပါပဲ။ သုံးနှစ်အတွင်းမှာ သူ့နေရာနဲ့သူအဆင်ပြေနေတဲ့ လျှာနဲ့သွားက ဒီနေ့မှာတော့ ကိုက်မိကြတယ်ဆိုပါတော့။ အတွေ့အကြုံ မရှိကြသေးတော့ ကိုက်မိတဲ့ဒဏ်ရာက နာတယ် ထင်ကြတာပေါ့လေ။ ဒီတော့ ကိုကျော်ဝေက အိမ်က ထွက်လာတယ်။ သူ့မိန်းမက အိပ်ယာထဲ အိပ်ပြီး ကျန်နေခဲ့တယ်။
ဒီလောက်အထိ ဖြစ်ရတယ်ဆိုလို့ ပြဿနာက ကြီးသလားဆိုတော့လည်း မကြီးဘူး။ ပစ္စည်းအထားမှား ရာကနေ မေးရင်းမြန်းရင်း စကားနဲနဲများသွားတာ။ ညက မန်ယူအသင်း ရှုံးလို့ ကိုကျော်ဝေ စိတ်နဲနဲတိုနေတာကတော့ ဒီစကားများပွဲကို နဲနဲအားဖြည့်ပေးတဲ့ အကြောင်းလို့ ယူဆရင်လည်း ရတယ်။ ရန်ဖြစ်နေကျ လင်မယားတွေအတွက် လေပြေတဝှေ့စာလောက်ပဲရှိတဲ့ အဖြစ်အပျက်မျိုးပါ။ ဒါပေမယ့် ဒီလင်မယားအတွက်တော့ မုန်တိုင်းအသေးစားလေးလို့ တင်စားရမှာပေါ့။
ရောက်တတ်ရာရာ ထိုင်တွေးရင်းနဲ့ နေစောင်းတော့ ကိုကျော်ဝေ ပြန်ဖို့ပြင်တယ်။ မင်းမျက်နာ မကြည့်ချင်လို့ကွာဆိုပြီး ပြောပြောဆိုဆို ထွက်လာခဲ့သူဆိုတော့ အိမ်ပြန်ရမှာ နဲနဲချီတုံချတုံ ဖြစ်မိသေးတယ်။ နေကလည်း စောင်းလာပြီဆိုတော့ ပြန်ဖို့သင့်ပြီဆိုတဲ့ အသိနဲ့ပဲ မြစ်ကမ်းဘေးကနေ ပြန်လာခဲ့တော့တယ်။ ပန်းချီပစ္စည်းအိတ်ကို လက်ကဆွဲရင်း မြစ်ကမ်းစပ်က တက်လာတဲ့ ကိုကျော်ဝေ တစ်ယောက် မြစ်ဆိပ်နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ရခိုင်မုန့်တီဆိုင်ရှေ့ကို ရောက်လာခဲ့တယ်။
မုန့်တီအနံ့ ပျံ့ခနဲ နှာခေါင်းထဲဝင်လာတော့ သူ့မိန်းမကို သတိရမိလိုက်တယ်။ သူ့မိန်းမက ဒီဆိုင်က မုန့်တီကို သိပ်ကြိုက်တယ်။ မြစ်ကမ်းဘေးက ပြန်လာတိုင်း ဒီဆိုင်မှာ ဝင်စားပြီးမှ ပြန်လေ့ရှိတယ်ဆိုတော့ အခုဒီဆိုင်ရှေ့အရောက်မှာလည်း သူ့မိန်းမကို အလိုလို သတိရသွားတော့တာ။ မပြေသေးတဲ့ စိတ်အခံကြောင့် ဆက်လျှောက်လာခဲ့ပေမယ့် မုန့်တီအနံ့က သူနားကကပ်လိုက်နေတုန်းပဲ။
ဆိုင်ကနေ ငါးလှမ်းလောက် ကျော်သွားတော့ သူရပ်လိုက်တယ်။ ဝယ်သွားပေးရင် ကောင်းမလား တွေးမိတာနဲ့ ဆက်မလျှောက်ဖြစ်တော့တာ။ ဒါပေမယ့်လည်း ချက်ချင်း အသိပြန်ဝင်တယ်။ ပြန်ချော့တယ်လို့ သူ့မိန်းမ ထင်သွားမှာကို တွေးမိတာနဲ့ ကိုကျော်ဝေ ဆက်လျှောက်တယ်။  နှစ်လှမ်း သုံးလှမ်း လှမ်းပြီးတော့ ရပ်သွားပြန်တယ်။ ဒီမုန့်တီ သူ့မိန်းမ သိပ်ကြိုက်တတ်မှန်း သေသေချာချာ သိနေတာကို အာရုံထဲက ဖျောက်လို့မရဘူး။ ဒါနဲ့ပဲ နောက်ပြန်လှည့်တယ်။ ကြုံလို့ဝယ်သွားပေးတာပဲ။ စားချင်စား မစားချင်နေပေါ့။ ထမင်းစား စားပွဲပေါ် တင်ထားပေးလိုက်ရင် သူ့ဘက်က တာဝန်ကျေတာပဲလို့ တွေးပြီး ဝင်ဝယ်ဖြစ်တာ။
တာဝန်ကျေလို့ တွေးပေမယ့်လည်း စိတ်နဲ့ ပါးစပ်က တားမရပါဘူး။ သူ့မိန်းမ အကြိုက် နံနံပင်များများ၊ ငါးဖယ် နှစ်ခု နဲ့ ငရုတ်ရည်များများ ထည့်ဖို့ မှာမိပြန်တာပါပဲ။  မုန့်တီထုပ် လက်ကဆွဲပြီး ဆိုင်က အထွက်မှာ သူ့ကိုယ်သူ ကျေနပ်သလိုလို မကျေနပ်သလိုလို ဖြစ်မိသေးတယ်။ မိန်းမ ပြန်ချော့မှ ကျေအေးမယ်လို့ အခါခါ တွေးထားရဲ့နဲ့ မုန့်တီထုပ်ပြီးဆွဲပြီး ပြန်လာရတာကို မကျေနပ်သလိုလို ဖြစ်မိတာ။ တဖက်ကလည်း မုန့်တီထုပ်မြင်ရင် သူ့မိန်းမ ဝမ်းသာသွားမှာပဲ ဆိုပြီး မသိမသာ ကျေနပ်နေပြန်တယ်။ ချော့ရာမကျအောင် စားပွဲပေါ် ဒီအတိုင်းပဲ တင်ထားလိုက်ဖို့လည်း သူ့ကိုယ်သူ အကြိမ်ကြိမ် သတိပေးရသေးတယ်။
အရင်ကဆို သူအပြင်က ပြန်လာတိုင်း ဝယ်လာတဲ့ မုန့်ကို နွှေးတန်နွှေး၊ အသီးဆိုလည်း ခွဲတန်ခွဲ အခွံခွာတန်ခွာ လုပ်ပြီးမှ သူ့မိန်းမကို ချကျွေးနေကျမဟုတ်လား။ ပြုပြင်ဖွယ်ရာတွေ ပြီးစီးသွားမှ ကိုကျော်ဝေက မုန့်ပန်းကန်လေး နောက်ကျောဖွက်၊ သူ့မိန်းမ မျက်နာရှေ့ရောက်မှ ဘွားခနဲထုတ်ပြပြီး ပြုံးပျော်သွားတဲ့ သူ့မိန်းမရဲ့ အပြုံးမျက်နာကို ပြန်ယူလေ့ရှိတယ်။ ဒါကြောင့်လည်း အခုအိမ်ပြန်ရောက်ရင်  ဘာမှ မပြင်ဆင်ပေးပဲ မုန့်တီအထုပ်ကို စားပွဲပေါ် ဒီအတိုင်း တင်ထားလိုက်ဖို့ ကိုယ့်ကိုကိုယ် သတိပေးနေရတာပေါ့။ ဟုတ်တယ်လေ ဒီလောက် ဝယ်လာပေးတာပဲ ကျေးဇူးတင်ပေါ့။ စိတ်ဆိုးရက်နဲ့ ဝယ်လာတာ နဲ မှတ်လို့။
တိတ်တိတ်လေး လျှောက်ပြန်လာပေမယ့် ကိုကျော်ဝေ တစ်ယောက်ထဲ အလုပ်များနေတယ်။ အိမ်နားရောက်လာလေ တင်းထားတဲ့စိတ်တွေက အိအိကျလာလေဆိုတာကို ခံစားမိတော့ စိတ်ကို ပြန်ပြန်မောင်းတင်နေရတယ်။ ဒါပေမယ့်မရပါဘူး။ ရှေးအစဉ်အဆက်ထဲက ကမ္ဘာကျော်တဲ့ ဖော်မြူလာအတိုင်း တည့်တည့်ဝင်တာပါပဲ။  ဦးနှောက်ရဲ့ ထိန်းချုပ်မှု သတိတရားကို နှလုံးသားက ထွက်လာတဲ့ သံယောဇဉ်က အမြဲ အနိင်ယူနေကျ ဖော်မြူလာအတိုင်း  အိမ်နားရောက်တော့ ကိုကျော်ဝေက မုန့်တီထုတ်လေး လက်နဲ့စမ်းကြည့်လိုက်တယ်။ ခပ်နွေးနွေး အထိအတွေ့ကို စမ်းမိတယ်။
ဒါနဲ့ပဲ ပြန်နွှေးပြီးမှ စားပွဲပေါ် တင်ထားတော့မယ်ဆိုပြီး ဆုံးဖြတ်ချက် ပြောင်းသွားရပြန်တယ်။ အငွေ့တထောင်းထောင်းနဲ့ မုန့်တီလေးမြင်ရင်တော့ ဝမ်းသာသွားမှာကိုလည်း တကူးတက မတွေးလည်း ကြိုသိနေတယ်။ ဒါပေမယ့် သူကစပြီး စကားမပြောမိဖို့တော့ မဖြစ်မနေ ထိန်းမှဖြစ်မှန်း အထပ်ထပ်သတိပေးရပြန်တယ်။ ဒီတခုတော့ ရအောင် တင်းဖို့လိုတယ်လို့ ကိုကျော်ဝေယူဆထားတယ်။ သူ့ကို ပြန်ခံပြောထားတာတော့ လွယ်လွယ်ကျေပေးလို့ မဖြစ်သေးဘူးလေ။
အိမ်ထဲရောက်တော့ တိတ်ဆိတ်နေတယ်။ အခန်းထဲ မဝင်ချင်သေးတာနဲ့ ဧည့်ခန်းက ကြိမ်ဆက်တီပေါ်မှာ ထိုင်ပြီး မျက်လုံးမှိတ်ထားလိုက်တယ်။ တော်တော်ကြာတဲ့အထိ ဘာသံမှ မကြားတာနဲ့ အိပ်ခန်းတံခါး အသာဟ ကြည့်တော့လည်း အခန်းထဲမှာ သူ့မိန်းမကို မတွေ့ရဘူး။ ဒါနဲ့ မီးဖိုချောင်ဘက် သွားကြည့်တယ်။ မရှိပြန်ဘူး။ အိမ်သာ ရေချိုးခန်း ထဲမှာလည်း မမြင်တော့ အိပ်ခန်းထဲ ဝင်လာခဲ့တယ်။ အိပ်ခန်းထဲမှာ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ မွှေးရနံ့လေး ပျံ့လွင့်နေတယ်။ အခန်းရှင်းပြီး သံပုရာအမွှေးနံ့လေး ဖျန်းထားပုံရတယ်။ အိပ်ယာကလည်း ဆန့်ဆန့်ရန့်ရန့် ခင်းထားတယ်။ ဒါနဲ့ ဟိုဒီပတ်ကြည့်တော့ မှန်တင်ခုံပေါ်မှာ စာတစ်စောင် တွေ့လေရဲ့။ သူ့မိန်းမရေးထားခဲ့တဲ့ စာမှန်းသိလို့ ဖတ်ကြည့်တော့ စာထဲမှာ ရေးထားတာက
“ ကျွန်မ မျက်နာမကြည့်ချင်ဘူးဆိုလို့ အမေ့အိမ်မှာ သွားအိပ်ပါတယ်။ ကြက်သားကြော်ပေးခဲ့တယ်။ အုပ်ဆောင်းအောက်မှာ။ ထမင်းလည်း အချိန်မှန် စားအုံး”  တဲ့။
စာက ခပ်တိုတိုပါပဲ။ စာဖတ်ပြီးတော့ ကိုကျော်ဝေ စိတ်တိုသွားတယ်။ ဒင်းက အိမ်ကတောင် ဆင်းရသလားဆိုပြီး တွေးမိတော့ နေနိင်ရင်နေဟာဆိုပြီး ပစ်ထားမယ့် စိတ်အတွေးလေး ဝင်လာတယ်။ အိပ်ယာပေါ် ခဏလှဲပေမယ့်လည်း စိတ်တိုတာ မပျောက်ချင်ဘူး။ ဒီကြားထဲ မုန့်တီထုပ်ကို သတိရမိတော့ ဘာကြောင့်မှန်းမသိဘဲ ဒေါသပိုထွက်လာတယ်။ ကိုယ်ကလည်း သူ့မျက်နာ မကြည့်ချင်ဘူးလို့ ပြောထားမိတာဆိုတော့ ခုမှကြည့်ချင်ပါတယ် ပြန်လာပါလို့လည်း သွားမခေါ်ချင်ဘူး။ တခြား ဘယ်လိုပြောရမှန်းလဲ မသိဘူး။ လက်ပတ်နာရီကို ကြည့်တော့ ခြောက်နာရီ ကျော်စပြုပြီ။
အိမ်က တိတ်ဆိတ်ငြိမ်သက်လွန်းတော့ ကိုကျော်ဝေ နေရထိုင်ရခက်လာတယ်။ အိမ်ထောင်သက် သုံးနှစ်အတွင်း အိမ်ထဲမှာ ကိုကျော်ဝေ တစ်ယောက်ထဲ ရှိတဲ့အချိန်တွေ ရှိဖူးတာပဲ။ ဒါပေမယ့် အခုတစ်ခါ တိတ်ဆိတ်ပုံမျိုးနဲ့ မတူဘူး။ အခုကတိတ်ဆိတ်တဲ့အပြင် ခြောက်ကပ်ကပ်ကြီးလို့ကို ခံစားနေမိတာ။ ဒါနဲ့ စိတ်အပြောင်းလဲ ဖြစ်လိုဖြစ်ငြား ဆိုပြီး တခုခုထစားဖို့ ထမင်းစားခန်းထဲ ဝင်လာခဲ့တယ်။ စားပွဲပေါ်က အုပ်ဆောင်းကိုမြင်မှ ကြက်သားကြော်ထားပေးခဲ့မှန်း သတိရတယ်။ အုပ်ဆောင်းဖွင့်ကြည့်တော့ ကြက်သားကြော်တွေက နီနီရဲရဲ နဲ့ မွေးပျံ့နေတယ်။
ကြက်သားကြော်ဆိုရင် နီနီရဲရဲ ကြွပ်ကြွပ်ရွရွမှ ကြိုက်တတ်တဲ့ ကိုကျော်ဝေအကြိုက်အတိုင်း မိန်းမဖြစ်သူက ကြော်ပေးသွားတာဆိုတော့ စိတ်ထဲတော့ နဲနဲသဘောကျသွားတယ်။ ဒါနဲ့ တစ်တုံးကိုက်စားပြီး ဘေးက ဟင်းအိုးကို ဖွင့်ကြည့်တော့ ဘူးသီးဟင်းခါး ချက်ထားတာ ဖြစ်နေတယ်။ ဒါလည်း သူ့အကြိုက်ပဲ။ ကိုကျော်ဝေက ထမင်းစားရင် အရည်သောက်တစ်ခွက်ပါမှ စားဝင်သူဖြစ်လို့ သူ့မိန်းမက နေ့စဉ် အရည်သောက် ဟင်းတခွက် ထည့်ထည့်ချက်ရတယ်။
ကြက်သားကြော်လေးကိုက်ပြီး ဘူးသီးဟင်းခါးလေး ခပ်သောက်ကြည့်လိုက်တယ်။ ဟင်းခါးက အေးစက်နေတယ်။ ဒါတော့ ကိုကျော်ဝေ အကြိုက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီ။ ကိုကျော်ဝေက ဟင်းခါးဆို ပူပူလောင်လောင်မှ တရှူးရှူးနဲ့ မှုတ်ပြီး သောက်တတ်သူ။ အခုဟင်းခါးက ချက်ထားတာ ကြာတော့ အေးနေပြီ။ ဟင်းခါးအေးရင် မသောက်တတ်တဲ့  ကိုကျော်ဝေ အိပ်ခန်းထဲ ချက်ချင်းပြန်ဝင်သွားတယ်။ ချွတ်ထားတဲ့ အင်္ကျီပြန်ဝတ်တယ်။ ပိုက်ဆံအိတ် ခါးကြားထိုးတယ်။ အိမ်ကထွက်ပြီး လမ်းထိပ်မှာ တက္ကစီတားတယ်။ တက္ကစီ စထွက်တော့ မိန်းမနဲ့ တွေ့ရင် ပြောဖို့ စကားကို တချက် ပြန်တွေးကြည့်တယ်။
“ ဟင်းခါးအေးနေပြီ..  ပြန်လာနွှေးပေးအုံး”
အဆင့်သင့်ဖြစ်အောင် မျက်နာကို ခပ်တည်တည် ပြင်ထားပေမယ့် ဟင်းခါးအေးနေတာကို တိတ်တိတ်လေး ကျေးဇူးတင်နေမိတော့တယ်။
.....................
ခင်မင်သောအားဖြင့်
မြစ်ကျိုးအင်း
မိုးမလင်းမီ ရွှေသုန္ဒရီ
အခုလို ခရီးလျှောက်သွားတော့လည်း စိတ်ဝင်စားစရာ လူတွေနဲ့ တွေ့ရတတ်တယ်။ အဝေးပြေးကားဂိတ်ကို ဟိုကောင်က ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ ဂိတ်မှာ အထုတ်ချထားပြီး တစ်ခုခုစားဖို့ စားသောက်ဆိုင်ဘက် ထွက်လာခဲ့ကြတယ်။ မနက် ဝေလီဝေလင်းပဲ ရှိသေးတယ်။ မကြာခင်ပြန်တွေ့မယ် ဘာညာ နှုတ်ဆက်စကား ပြောဖြစ်ကြတယ်။ ပထမဆုံးရပ်တဲ့ အောင်ချမ်းသာ ထမင်းဆိုင်မှာ ထမင်းမစားနဲ့လို့ ကျွန်တော့်ကို မှာနေတယ်။ ဘာလို့လဲ အဲဒီဆိုင်က အဆိပ်ခပ်ထားလို့လားလို့ ပြန်မေးလိုက်တော့ ဘာမှပြန်မပြောတော့ဘူး။ သွားခါနီးလာခါနီး စိတ်မခုချင်တာနဲ့ပဲ တခြားဘက် စကားလွှဲရတယ်။
ဒါတောင်၊ ကျုပ် ဘွားတော် ပြန်တုန်းကတော့ မြို့ပြင်အထိ ဆိုင်ကယ်မောင်းပြီး လက်လိုက်ပြတာလို့ သူက ပြောနေသေးတယ်။ ရူးပါ့ကွာလို့ပဲ အလိုက်သင့် ပြန်ပြောလိုက်တယ်။ ကျွန်တော်ကတော့ လမ်းမှာစားဖို့ ကွမ်းဝယ်တယ်။ ကွမ်းယာဆိုင်က ကောင်မလေးက ဦးလေးက တကယ်ပြန်တာကိုးလို့ ပြောတယ်။ ငါက တကယ်မပြန်ဘဲ နင့်ကို ပြန်မယ်ပြောမလားလို့ပဲ ပြန်ပြောရတယ်။ ကားပေါ်တက်ခါနီးကျတော့ ဟိုကောင်နဲ့ လက်ဆွဲနှုတ်ဆက်ဖြစ်တယ်။
သူ့ဟာက နှုတ်ဆက်တာနဲ့ မတူဘူး၊ ကျွန်တော့်လက်ကို တအား ဖြစ်ညှစ်ထားသလိုပဲ။ ကားပေါ်မှာ မူးတတ်လို့ ပြတင်းပေါက်ဘက် ထိုင်ချင်တယ်တွေဘာတွေ ပြောရင် ဖယ်မပေးနဲ့နော်တဲ့။ သူ့ကြည့်ရတာ ကလေးလေးတစ်ယောက်ကို စိတ်မချဖြစ်နေသလိုပဲလို့ ကျွန်တော့်စိတ်ထဲ ထင်ရတယ်။ ကျုပ်သိပါတယ်လို့ပဲ ပြန်ပြောရတယ်။ ဟိုကောင် ဆိုင်ကယ်ပေါ်တက်ပြီး ၀ူးခနဲ မောင်းထွက်သွားတာနဲ့ ကျွန်တော်လည်း ကားပေါ်တက်လာလိုက်တယ်။
ကျွန်တော့်ခုံနံပါတ်က ရှေ့နားကျကျမှာပဲ။ နှစ်ယောက်တွဲခုံ အပြင်ဘက်မှာ အန်တီကြီးတစ်ယောက် ထိုင်နေတယ်။ သူ့ပုံစံက ဖြူဖြူဖွေးဖွေး၊ ပိန်ပိန်ပါးပါးနဲ့ မျက်နှာချိုချိုပဲ။ ဘေးနားမှာလည်း သူ့ယောက်ျားဖြစ်ပုံရတဲ့ အန်ကယ်ကြီးတစ်ယောက်။ သားက ဒီခုံကလားလို့ အပြုံးနဲ့ ဆီးမေးလိုက်တာနဲ့ ကျွန်တော်လည်း အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရတယ်။ ဟိုကောင်ပြောတဲ့အတိုင်းပါပဲ၊ မင်းအန်တီက ကားမူးပြီး, အန်တတ်တယ်လို့ ပြောတာ ကြားလိုက်ရတယ်။
ဦးက ခုံနံပါတ် ၂၇  မှာ၊ လဲထိုင်ပေးမလားတဲ့။ ကျွန်တော်က ခုံနေရာကို တစ်ပတ်လောက်ကြိုမှာထားတာ လို့ပြောပြီး ကျွန်တော်လည်း အထဲဝင်ထိုင်လိုက်တယ်။ အန်ကယ်ကြီးကတော့ ရပါတယ်လို့ပဲ ပြန်ပြောတယ်။ ကားမှန်ကနေ အပြင်ကို ငေးနေတုန်းပဲ မျက်လုံးထောင့်စွန်းမှာ ဖျပ်ခနဲလှုပ်သွားလို့ ခေါင်းကအလိုလိုလည်ပြီး လှမ်းကြည့်လိုက်မိတယ်။ ကွမ်းယာဆိုင်က ကောင်မလေးက လမ်းလျှောက်လာရင်း လက်လှမ်းပြနေတာ တွေ့ရတယ်။ ဦးလေးဆိုတဲ့ အသံသဲ့သဲ့ ကားမှန်ကိုဖောက်ပြီး ၀င်လာသလို ကြားလိုက်မိတယ်။ ကျွန်တော်က ပြုံးပြီး လက်ပြန်ပြလိုက်တယ်။ ဦးလေးလို့ အခေါ်ခံရတာ နားထဲ စိမ်းသလိုလိုဖြစ်နေပေမယ့် စိတ်ထဲမှာတော့ ဘ၀မှာ တစ်ကြိမ်တစ်ခါပဲတွေ့ကြရတဲ့ လူတွေ ရှိတယ်ဆိုတဲ့အကြောင်း တွေးနေမိတယ်။
ဘေးနားမှာတော့ အန်တီကြီးဘေးမှာ အန်ကယ်ကြီးက မတ်တပ်ပဲ၊ သူ့ထိုင်ရမယ့်ခုံမှာ သွားမထိုင်သေးဘူး။ ကားပေါ်မှာ ဘယ်လိုနေဘယ်လိုထိုင် ဆိုတာတွေ သူ့မိန်းမကို တတွတ်တွတ် မှာနေတယ်။ ဒီအရွယ်ရောက်တော့မှ အတော် ဂရုစိုက်ရှာသား၊ ဒါမှမဟုတ် ဒီအရွယ်ရောက်မှတော့ အတော်ဂရုစိုက်ရတော့မှာလို့ နှစ်ခွ တွေးလိုက်မိတယ်။
ခဏနေတော့ အန်ကယ်ကြီးလည်း ပြန်သွားတယ်။ ကားသမားက ခေါင်းမူးပျောက်ဆေးပြားလေးတွေ ခရီးသည်တွေကို လိုက်ဝေတယ်။ ကျွန်တော်လည်း လက်ဖြန့်လိုက်ပေမယ့် ကျွန်တော့်ကို မပေးဘူး။ အန်တီ့လက်ထဲမှာပဲ နှစ်လုံးတွဲ ဆေးကတ်ကလေး ရောက်နေတယ်။ သား သောက်မလို့လားဆိုပြီး အန်တီက ဆေးကတ်လေးကို ထိုးပေးတယ်။ သား ကားမမူးပါဘူး အန်တီလို့ပဲ ပြန်ဖြေလိုက်တယ်။ သားလို့အခေါ်ခံရတာ နည်းနည်းစိမ်းနေတာလည်း အမှန်ပဲ။ တကယ်တော့ မူးမှာစိုးလို့ ဆေးသောက်စရာမှမလိုတာ၊ မူးချင်လို့ပဲ ဆေးသောက်နေရတာလို့ စိတ်ထဲမှာ တွေးနေမိတယ်။
အဲဒီအချိန်မှာပဲ ကားပိုင်ရှင်ပါ ပါတာကိုးလို့ အသံတစ်ခုထွက်လာတာနဲ့ လှမ်းကြည့်လိုက်တော့ နှုတ်ခမ်းထော်ထော်ကို နှုတ်ခမ်းနီ ရဲတွတ်နေအောင်ဆိုးထားတဲ့ အန်တီကြီးတစ်ယောက် မားမားကြီးတက်လာတာ တွေ့လိုက်ရတယ်။ ကားဘွတ်ကင်လုပ်တုန်းက အဦးဆုံး လုပ်တာတောင် ခုံနံပါတ် ၅ ဖြစ်သွားတဲ့ကိစ္စ အခုမှ ရှင်းသွားတယ်။ ကားပိုင်ရှင်တွေလိုက်မှာမို့ နေရာချန်ထားရသေးတာကိုး။ ခဏနေတော့ ကားထွက်တယ်။ ကိုယ်ထိုင်တဲ့ဘက်မှ နေထိုးတတ်တာလည်း အဆန်းမှ မဟုတ်တော့တာ၊ အထွေအထူး စိတ်အနှောင့်အယှက် ဖြစ်မနေတော့ဘူး။ ညနေကျရင်တော့ ရွှေတ၀င်းဝင်းနဲ့ ကားပိုင်ရှင်မကြီး ကျ,နေအထိုးခံရတော့မှာပေါ့လို့ တွေးလိုက်မိတော့ ပြုံးဖြစ်သွားတယ်။
သိပ်မကြာဘူး၊ စစ်ဆေးရေးဂိတ် ရောက်တယ်။ ခရီးသည်တွေလည်း အောက်ဆင်းပြီး ကတ်ပြားကလေးတွေ ထုတ်ပြကြရတယ်။ ခရီးသည် တစ်ဝက်လောက်ဆင်းအပြီးမှာ ကျွန်တော်လည်း ဆင်းလိုက်တယ်။ ကျွန်တော့် ကတ်ပြားက အဟောင်း၊ ရှင်းရှင်းပြောရရင်တော့ တရားမ၀င်တဲ့ ကတ်ပြားပဲ။ အရှေ့မှာလည်း ကျွန်တော့်လို ကတ်ပြားမပါတဲ့ လူ သုံးလေးငါးယောက်လောက် ရှိနေတယ်။ စစ်ဆေးတဲ့လူက ကျွန်တော့် ကတ်ပြားကို အသာပဲ လှမ်းယူထားတယ်၊ ပြန်မပေးဘူး။ ညီလေး ခဏနေရင် နာမည်စာရင်းလိုက်ပေးရမယ်နော် လို့ပဲ ပြောတယ်။
ကျွန်တော့်ရှေ့က လူတွေကိုတော့ မေးခွန်းတွေ တရစပ်မေးနေတယ်။ မင်းတို့မှာ ကတ်ပြားဘာဖြစ်လို့ မရှိရတာလဲတဲ့။ မရသေးတာလို့ မှုတ်ဆိတ်ရှည်ရှည်နဲ့ ကုလားကလေးက ပြန်ဖြေတယ်။ မင်းတို့ မသွားလို့ ဖြစ်မှာပေါ့တဲ့။ သွားတာမှ ခဏခဏပဲ၊ အဲဒါကို မပေးတာလို့ ကုလားကလေးက ပြန်အော်တယ်၊ သူ့အသံက နည်းနည်းကျယ်သွားတယ်။ ဟေ့ကောင် ညီလေး၊ မင်းစကားပြောရင် ကောင်းကောင်းပြော၊ ခါးထောက်ပြီးမပြောနဲ့၊ ငါတို့က တာဝန်အရလုပ်နေတာဆိုတဲ့ အသံကြားရတယ်။ ကုလားကလေး နည်းနည်းလန့်သွားပုံရတယ်။ ဟုတ်ကဲ့ပါလို့ပဲ ခပ်တိုးတိုးပြန်ဖြေတယ်။
နောက်နားမှာ သူတို့ကိုရပ်ကြည့်တဲ့ ကျွန်တော့်ကိုတော့ စစ်ဆေးတဲ့လူ မြင်ပုံမရဘူး။ မမြင်တာကလည်း ခပ်ကောင်းကောင်းပဲ။ ခါးမှမထောက်ရင် လက်တွေကို ဘယ်နားသွားထားမလဲဆိုတဲ့ အောင်ချိမ့်ရဲ့ ကဗျာစာသားတွေ ကျွန်တော့်ခေါင်းထဲမှာ ဖြတ်ပြေးနေတယ်။ နောက်တော့ နာမည်စာရင်းသွားပေးကြမယ်ဆိုတာနဲ့ ကျွန်တော်တို့လည်း ကားလမ်းဖြတ်ကူးကြရတယ်။ လမ်းလျှောက်ရင်း ခါးထောက်မယ်ဆိုရင် သိပ်ဟန်မကျတာနဲ့ ကျွန်တော်လည်း လက်တွေကို အလိုက်သင့် လွှဲပြီး လျှောက်လာလိုက်တယ်။
မျက်နှာကို အတင်းအကြပ် တည်ထားပုံရတဲ့ ခပ်ဖိုင့်ဖိုင့် လူနှစ်ယောက် စားပွဲခုံမှာ ထိုင်နေတာ တွေ့ရတယ်။ ကုလားကလေးအဖွဲ့က လူ ငါးယောက်လောက်ပါတယ်။ ငါးယောက်လောက်လို့ `လောက်´ ထည့်ပြီး ရေရာမှုကို ဖျော့ထားရတာက ရင်ခွင်ပိုက်ကလေးလေးတစ်ယောက်ပါ ပါလို့၊ ငါးယောက်လို့ အပြည့်အ၀ပြောရမှာလည်း ခက်လို့ပဲ။ သူတို့အထဲက တစ်ယောက်ပဲ၊ ပြရမယ်လို့ သတ်မှတ်ထားတဲ့ ကတ်ပြားကလေး ပါတယ်။ ကျန်တဲ့လူတွေမှာ ကတ်ပြားမရှိဘူး။ တစ်ယောက်ကို လေးထောင်၊ ဒဏ်ငွေဆောင်ရမယ်လို့ ကောင်တာက မျက်နှာတင်းတင်းတစ်ယောက်က ပြောတယ်။
ကုလားအဖွဲ့လည်း သူတို့ပြောသလောက်ပိုက်ဆံ မပါကြောင်း တောင်းပန်ကြတယ်။ ကျွန်တော်လည်း သူတို့ ပြောတာတွေကို နားထောင်ပြီး ငေးကြည့်နေမိတယ်။ မျက်နှာကတော့ မပြုံးဘဲ မနေနိုင်ဘူး။ အဆင်ပြေတာတစ်ခုက အဲဒီအချိန်မှာ ကျွန်တော့်လက်တွေကို သူတို့စားပွဲပေါ် ထောက်ထားလို့ရတော့ ခါးထောက်စရာ မလိုတော့တာပဲ။ ပြီးတော့မှ ကျွန်တော့် ကတ်ပြားကို ကြည့်တယ်။ ဒါက ညီလေးဟာနော်တဲ့။ ကျွန်တော် ခေါင်းညိတ်ပြလိုက်တော့ ညီလေးကတော့ နှစ်ထောင်ပဲဆောင်ပါလို့ သူ့ပါးစပ်က ထွက်လာတယ်။
ဆောင်ပါဆိုတဲ့ သူ့စကားရဲ့ရှေ့မှာ ဒဏ်ငွေဆိုတဲ့ နာမ်ပြုတ်ကျန်ခဲ့တာ ကျွန်တော် သတိထားမိတယ်။ ကောင်းပါပြီဗျာလို့ ပြောပြီး ခြင်္သေ့နှစ်ကောင်ကို ကျွန်တော် စားပွဲပေါ်တင်လိုက်တယ်။ ငွေလက်ခံဖြတ်ပိုင်း ပြန်ပေးမလားလို့ မေးမလို့လုပ်ပြီးမှ အရှိန်ပြန်သတ်လိုက်တယ်။ ကြတ်မယ်ဆိုရင်တော့ ကြတ်ချင်စရာပဲ။ ဒါပေမဲ့ ချောင်နေတဲ့မူလီတွေ အများကြီးဖြစ်နေတဲ့ စနစ်ကြီးတစ်ခုလုံးအထဲက တစ်ခုတစ်လေကို လိုက်ကြတ်ရုံနေနဲ့တော့ ဘာမှ ထူးမယ်မထင်ဘူး။ မတော် ကိုယ်ပါ ကြားညှပ်နိုင်တယ်။
ဒါနဲ့ပဲ လမ်းဖြတ်ကူးပြီး ကားပေါ်ပြန်တက် ထိုင်နေလိုက်တယ်၊ ပြီးတော့ ဒူးကို စနစ်တကျချိတ်ပြီး ငြိမ်နေမိတယ်။ အခုလို ခပ်ကြာကြာ ထိုင်ရက်သားနေရမယ့် အခြေအနေမှာ ဖြစ်နိုင်ရင် ကြာပန်းပုံ ကိုယ်ဟန်နေထားနဲ့ ထိုင်ချင်တာ။ Lotus Asana ဆိုတာမျိုးပေါ့။ အန်တီကြီးက ပြန်တက်လာဦးမှာဆိုတော့ အဲဒီလောက် အခြေအနေမပေးဘူး။
ကားပေါ်မှာက ခရီးသည်တွေ ပြန်မရောက်သေးဘူး။ နောက်ထပ်စစ်ဆေးသူ တစ်ယောက်က ထိုင်ခုံတွေအောက် ခေါင်းထိုးပြီး လိုက်ရှာနေတာ တွေ့ရတယ်။ နောက်တော့ ကားပေါ်မှာပါလာတဲ့ ကားပိုင်ရှင်ယောက်ျားနဲ့ စကားအချေတင် ပြောနေသံကြားရတယ်။ မင်းတို့က ရွတ်ရင် ငါကလည်းရွတ်ချင်တာလို့ စစ်ဆေးတဲ့လူက ဟောက်တယ်။ ဆရာစမေးကတည်းက ဆရာကျွန်တော်တို့ကို မသင်္ကာမှန်း ကျွန်တော်သိပါတယ်၊ အဲဒါကြောင့် မရွတ်ရဲပါဘူးလို့ ကားပိုင်ရှင်က လေပြေကလေးနဲ့ ပြန်ပြောတယ်။
ဒါပေမဲ့လည်း စစ်ဆေးတဲ့လူရဲ့ အရပ်က အတော်ပုနေတော့ ကားပိုင်ရှင်ခမျာ ခါးကို အတော်ကလေး ကိုင်းထားရရှာတယ်။ အထက်စီးကလူနဲ့ အောက်ကျို့တဲ့လူရဲ့ ရုပ်ပိုင်းအခြေအနေက ပြောင်းပြန်အနေအထားနဲ့  အတော်လေးကွာဟနေတော့ ကြည့်ရတာ နည်းနည်းတော့ စကောစက နိုင်တယ်။ ကျွန်တော်ကတော့ သူတို့ကို ပြုံးပြီးကြည့်နေရုံပဲ တတ်နိုင်တယ်။
ကားပြန်ထွက်လာတော့ ကျွန်တော်တို့ရှေ့က လွတ်နေတဲ့ ခုံမှာ ဦးဇင်းနှစ်ပါး ၀င်ထိုင်နေတာ တွေ့ရတယ်။ ကားပိုင်ရှင်မကြီး လင်မယားကတော့ အိပ်ပျော်ပြီး လိုက်လာတယ်။ သူတို့ကြည့်ရတာ လူမျိုးခြားတွေ ဖြစ်ပုံရတယ်၊ အသားအတော်ဖြူတယ်။ ယောက်ျားလုပ်သူက အိပ်ရင်း ပါးစပ်က ဟနေတယ်။ သွားကြားထဲမှာ သူ့ရဲ့ လျှာ ထိပ်ဖျားကလေး မသိမသာထွက်နေတာ ကျွန်တော် မြင်နေရတယ်။ စောစောတုန်းက တောင်းပန်တဲ့စကားသံတွေ ဖြစ်လာအောင်လုပ်တာလည်း ဒီလျှာဖျားကလေးပဲ ဖြစ်လိမ့်မယ်။
ကျွန်တော်ကတော့ ဆက်ဆံရခက်တဲ့လူတွေကို ကိုင်တွယ်နည်းစာအုပ်ထဲက သူတို့ကို ကိုယ်ကမကြောက်အောင် သူတို့ရဲ့ မျက်နှာမသစ်ရသေးခင် ရုပ်ပုံကို စိတ်နဲ့ ထင်မြင်ကြည့်ပါဆိုတဲ့ အချက်ကို သတိရနေမိတယ်။ တီရှပ်အကောင်းစားနဲ့ စတိုင်လ်ဘောင်းဘီ စမတ်ကျကျဝတ်ထားပေမယ့် လျှာတစ်လစ်ထုတ်ပြီး အိပ်တော့လည်း သူ့ခမျာ ကြောင်ကလေးတစ်ကောင်လို ဖြစ်နေတယ်။
အန်ကယ်ကြီးကတော့ အန်တီကြီးကို ဘယ်လိုနေ ဘယ်လိုထိုင် တတွတ်တွတ်လာမှာရင်း သူ့ခုံကို ပြန်သွားတယ်။ သူ့ကြည့်ရတာတော့ သူ့မိန်းမ အန်တီကြီးကို အတော် စိတ်မချပုံပဲ။ အန်တီကြီးကတော့ ကျွန်တော့်ကို စကားစမြည် ပြောတယ်။ သားက ဒီမြို့ကလားလို့ ကျွန်တော်တို့ ထွက်လာခဲ့တဲ့မြို့ကလေးကို ညွှန်းပြီး မေးတယ်။ မဟုတ်ပါဘူး အန်တီ ကျွန်တော် ဒီကားဆိုက်မယ့်မြို့က လာတာပါ၊ အခု အပြန်လမ်းပါလို့ ကျွန်တော်က ပြန်ဖြေလိုက်တယ်။ ထူးခြားတာ တစ်ခုက အန်တီကြီးက ကျွန်တော့်ကို သားလို့ခေါ်သလို ကျွန်တော်ကလည်း ကိုယ့်ကိုယ်ကိုယ် ကျွန်တော်အစား သားဆိုတဲ့ ဆင့်ပွားနာမ်စား သုံးနေမိတာပဲ။
အန်တီကြီးကတော့ သူ့သားက အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ပါတယ်လို့ ပြောတယ်။ ဘာပဲဖြစ်ဖြစ် သူ့အကြောင်းပဲ သူပြောပြီး ကျွန်တော့်အကြောင်း သိပ်မစပ်စုတာကိုပဲ စိတ်ထဲက ကျိတ်ပြီး ကျေးဇူးတင်နေမိတယ်။ ဒီဘက်နှစ်တွေမှာ ဘာလုပ်သလဲလို့ ကျွန်တော့်ကိုမေးလာရင် ဖြေရတာ နည်းနည်း ကသိကအောက်နိုင်သလိုပဲ။ ကဗျာရေးတယ် ဘာညာ နောက်နောက်ပြောင်ပြောင် ပြန်ဖြေဖို့ကလည်း မသင့်သလို ဖြစ်နေတယ်။
နာရီအတန်အသင့် စီးပြီးသွားတော့ ကားက တစ်နေရာမှာ ရပ်တယ်။ ဟိုကောင် ပြောလိုက်တဲ့ အောင်ချမ်းသာ ထမင်းဆိုင်ပဲ။ အဆိပ်ခပ်ထားတယ်လို့ တကယ်ယုံကြည်တာ မဟုတ်ပေမယ့် အတွေ့အကြုံရှိပြီးသားလူရဲ့စကားကို လေးစားသမှု ရှိတဲ့အနေနဲ့ ထမင်းမစားဘဲ လက်ဖက်ရည်နဲ့ ဆေးလိပ်ကိုပဲ စိတ်ချလက်ချ ထိုင်သောက်နေလိုက်တယ်။ ပြီးတော့ အိမ်သာလိုက်ရှာတယ်။ ဒီဘက်ပိုင်းက အများသုံးအိမ်သာတွေ အတော်ကလေး သန့်သန့်ရှင်းရှင်း ရှိတာကတော့ ကျေနပ်စရာပါပဲ။ ဒါပေမယ့် လွတ်နေတဲ့ တစ်ခုတည်းသော အိမ်သာထဲဝင်လိုက်တော့ ထိုးစရာ တံခါးချက်ကို ရှာမတွေ့ပြန်ဘူး။ ကိစ္စမရှိဘူး၊ ကိုယ်လည်း အသေးစားပြဿနာပဲ ဖြေရှင်းရမှာ။
ပြီးတာနဲ့ ကားရှေ့နားဆီမှာ မတ်တပ်ရပ် ငေးရင်း တခြားခရီးသည်တွေကို စောင့်နေမိတယ်။ စိတ်ထဲမှာ အိုက်လာသလိုပဲ၊ အနွေးအင်္ကျီကို အသာချွတ်ပြီး ခါးမှာ ပတ်ထားလိုက်တယ်။ တကယ်တော့ အောက်မှာ စပို့ရှပ်အသစ်ဝတ်လာတာကို သတိရသွားတာလည်း ပါတယ်။ သိပ်မကြာဘူး အန်ကယ်ကြီးနဲ့ အန်တီကြီး ကျွန်တော့်ရှေ့ရောက်လာတယ်။ ရှမ်းဆီးသီးဆိုတဲ့ ၀ါဝါသေးသေး အလုံးကလေးတွေကို အန်တီကြီးက ဈေးမေးကြည့်နေတယ်။ ကျွန်တော့်ကို မြင်တော့ အန်ကယ်ကြီးက လှမ်းနှုတ်ဆက်တယ်။ သူစိတ်မချတဲ့ သူ့မိန်းမ ဘေးနားက ခရီးဖော်ဆိုတော့လည်း သူက ကျွန်တော့်ကို လေးလေးစားစား ဆက်ဆံတာပဲ။ လာခဲ့တဲ့ မြို့ကလားလို့ ကျွန်တော့်ကို မေးတော့ ကားဆိုက်မယ့်မြို့ကပါလို့ပဲ ကျွန်တော်လည်း ပြန်ဖြေရတယ်။
လာခဲ့တဲ့မြို့ဘေးကပ်ရပ်က မြို့ထဲ သူ သွားခဲ့သေးတယ်လို့ ကျွန်တော့်ကို ပြောတယ်။ တကယ်တော့ကွာ အဲဒီမြို့ကလည်း ငါသိသလောက် အရင်ကငါတို့ ပိုင်တာပါ၊ အခုမှ ဘာလို့ တခြားလူတွေပိုင်သွားရတာလဲ မသိဘူးတဲ့။ ကျွန်တော်ကတော့ သူ့စကားထဲက `ငါတို့´ ဆိုတဲ့ နာမ်စားထဲမှာ အကျုံးဝင်မယ့်လူတွေ ဘယ်သူတွေများဖြစ်မလဲ အပြေးအလွှား စဉ်းစားနေမိတယ်။ အဲဒီ `ငါတို့´ အထဲက လုပ်နိုင်ကိုင်နိုင်ရှိတဲ့ လူအချို့က တခြားလူတွေကို ပေးလိုက်တာ ဖြစ်မှာပဲ။
ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက မြေပုံဆွဲရင် ကော်ပြားကလေးအတိုင်း ခဲတံနဲ့ ပတ်ပြီး ၀ိုက်လိုက်တာဆိုတော့ အသေးအမွှားအပြောင်းအလဲ ကလေးတွေကို သတိမထားမိဘူး အန်ကယ်၊ အန်ကယ်ပြောတဲ့ `ငါတို့´ ဟာ အလှူအတမ်းရက်ရောတယ်ဆိုတာ လောက်ပဲ ကျွန်တော်ကြားဖူးပါတယ်လို့ ပြန်ပြောလိုက်မိတယ်။
မြို့နှစ်မြို့ဟာ ကပ်ရပ်ပေမယ့် သိပ်ကွာတယ်ကွာတဲ့။ ဟိုဘက်က မြို့ဟာ အရင်တုန်းက တောင်တွေပါ၊ အခုတော့ မြေပြန့်ဖြစ်ပြီး သန့်ရှင်းသပ်ရပ်နေအောင် လုပ်ထားတာတဲ့။ စက်ကိရိယာအားကိုးနဲ့ တောင်တွေကို ခါးလယ်က ဖြတ်ချလိုက်တာ ဖြစ်မှာပေါ့လို့ ကျွန်တော်က အလိုက်သင့် ပြန်ပြောမိတယ်။ အန်ကယ့်မိန်းမက ကားသိပ်မူးတတ်လို့ ဂရုစိုက်နေရတယ်ကွာလို့ ပြောနေတုန်းပဲ ကားပေါ်ကို ခရီးသည်တွေ တက်လို့ရပြီဆိုတဲ့အကြောင်း ကားအကူကလေးက အော်ပြောသံ ကြားလိုက်ရတယ်။
ရုတ်တရက်ပဲ၊ ကျွန်တော် ခုံနံပါတ် ၂၇ မှာ သွားထိုင်လိုက်မယ် အန်ကယ်လို့ အကောင်းမြင်ဝါဒ အခြေခံကလေးနဲ့ ကျွန်တော်က ပြောလိုက်တော့ အန်ကယ်ကြီး တကယ်ဝမ်းသာသွားပုံပဲ။ ကျေးဇူးပဲကွာ၊ ၂၇ က မင်းလမ်းခုံ၊ အတွင်းဘက်ခုံမှာ ဦးဇင်းတစ်ပါးရှိတယ်လို့ အန်ကယ်ကြီးက ပြောတော့ တစ်ခါတစ်လေလေး ထားမိတဲ့ အကောင်းမြင်ဝါဒကိုပဲ ကျိတ်ပြီး ကျိန်ဆဲလိုက်မိတယ်။ ဦးဇင်းဘေးနားက ခုံမှာ ကျုံ့ကျုံ့ကလေးဝင်ထိုင်ရင်း စပို့ရှပ်အသစ်အပေါ်ကို အနွေးအင်္ကျီအဟောင်းကြီး ပြန်စွပ်လိုက်မိတယ်။ ကားထဲရောက်တော့ အေစီအောက်မှာနေရတာ ချမ်းလာတယ်လို့ ခံစားမိတာကြောင့်လည်း ပါတာပေါ့။
သိပ်ကြာကြာမစီးရသေးခင်ပဲ ကားပြန်ရပ်သွားတာ သတိထားလိုက်မိတယ်။ ကားလေထိုးလိမ့်မယ်လို့ ပထမ ထင်လိုက်မိပေမယ့် ဘေးနားမှာတော့ ထမင်းဆိုင်သေးသေး တစ်ဆိုင်ပဲ တွေ့ရတယ်။ နောက်တော့ ကားက ခြံဝင်းကျဉ်းကျဉ်းတစ်ခုပဲ ဖင်ထိုးပြီး ခပ်ဖြေးဖြေးဝင်သွားတယ်။ ကျွန်တော်တို့ ခရီးသည်တစ်တွေကတော့ ကိုယ့်ထိုင်ခုံပေါ်မှာပဲ ကိုယ် ထိုင်နေကြတယ်။ ကျွန်တော့် ကိုယ်တာရထားတဲ့ ရေဘူးက ကုန်သွားပြီ။ ဖြစ်နိုင်ရင် အသေးစားပြဿနာကို ဖြေရှင်းထားမယ်ဆိုတဲ့ စိတ်ကူးနဲ့ အောက်ဆင်းလာလိုက်တယ်။ တခြားခရီးသည်တွေကတော့ တစ်ယောက်စနှစ်ယောက်စပဲ အောက်ဆင်းကြတယ်။
ပြဿနာဖြေရှင်းပြီးလို့ ပြန်ရောက်ပြီး အတော်ကြာတာတောင် ကားက မထွက်သေးဘူး။ ကိုယ်ရင်းနှီးတဲ့ နယ်မြေမဟုတ်တော့လည်း သူတို့ ဘာလုပ်နေကြသလဲဆိုတာ စိတ်ထဲကတော့ ဇဝေဇ၀ါပဲ။ အောက်မှာ အတော်ကလေးပူလာတာနဲ့ ကားပေါ်ပြန် တက်ထိုင်နေလိုက်တယ်။ ကားပေါ်ပြန်ရောက်တော့လည်း ကားက မထွက်သေးဘူး။ ကားက အသစ်ကြီးဆိုတော့ ကားပျက်တာလည်း မဟုတ်လောက်ဘူး။
ကိုယ့်ကိုယ်ကိုယ် အတော်စိတ်ရှည်တယ်လို့ ထင်ထားတဲ့ ကျွန်တော်တောင် အခု ကားကို ဘာဖြစ်လို့ရပ်ထားတာလဲဟင်လို့ မေးချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။ တခြားခရီးသည်တွေကို ကြည့်တော့ သိပ်ထူးခြားပုံမရတာနဲ့ အသာပဲ ငြိမ်နေလိုက်ရတယ်။ နောက်တော့ ကားမောင်းတဲ့လူကြီးဆီက စကားသံ ထွက်လာတယ်။ ယောက်ျားကလေးတွေ ရှေ့နားက Toll Gate အထိ လမ်းဆင်းလျှောက်ပေးပါခင်ဗျာတဲ့။ သိပ်မဝေးပါဘူး၊ ကားက တန်ချိန်ပိုနေလို့ပါတဲ့။
သတိထားမိတာတစ်ခုက၊ ဟင်းနံ့တွေရနေတယ်၊ ခရီးသည်တွေ ကားပေါ်မှာထမင်းစားကြနဲ့လို့ သူကိုယ်တိုင် အော်ပြောတုန်းကထက် `ခင်ဗျာ´ ဆိုတဲ့ အာလုပ်စကားတစ်ခု ဆိုတဲ့တစ်လုံး ပိုလာတာပဲ။ ကားပေါ်က ယောက်ျားလေးတွေလည်း မတ်တပ်ထရပ်ကြတယ်။ ဂေးတွေရော ဆင်းလျှောက်ရမှာလားအစ်ကိုလို့ ကျွန်တော်ကမေးလိုက်တော့ ကားဆရာက အူကြောင်ကြောင်မျက်နှာထားနဲ့ ဂေးလည်းလျှောက်လို့ရပါတယ်လို့ ပြန်ပြောတယ်။
စာရင်းအင်းနည်းအရ ပြောရင်တော့ ခရီးသည် ၃၀ ကျော်အထဲက မိန်းကလေး ၁၅ ယောက်လောက်ကို နုတ်လိုက်ရင် ကျန်တဲ့ ယောက်ျားလေး ၂၀ ၀န်းကျင်မှာ ဂေးနှစ်ယောက်တော့ ပါသင့်တယ်။ ဒီတော့လည်း ကျွန်တော်ပြောတဲ့စကားကို နောက်နောက်ပြောင်ပြောင်လို့တော့ မထင်မိဘူး။
အောက်ကို စုစုပေါင်း ယောက်ျားလေး ဆယ်ယောက်ကျော်လောက် ဆင်းလာတယ်။ တကယ်တော့ လမ်းဆင်းလျှောက်ပါဆိုတာ ကျွန်တော် နားကြားမှားသလား မသိဘူး၊ ဒီကားလေး ပေါ်တက်ကြပါလို့ ထပ်ပြောလိုက်သံ ကြားရတယ်။ ကားက အမိုးမပါတဲ့ ကားကလေး၊ ပစ္စည်းအပြည့်တင်ထားတယ်။ ပစ္စည်းတွေပေါ် တက်ထိုင်လို့ရပါတယ်ခင်ဗျာလို့ ကားအကူကလေးက အော်ပြောတယ်။ ကျွန်တော်တို့အုပ်စုလည်း ကားပေါ် ကုပ်တက်ကြရတယ်။ ကျွန်တော်တို့ တက်ပြီးတာနဲ့ ချက်ချင်းပဲ ကားကလေး မောင်းထွက်လာတယ်။
ဘေးနားက အသက်ကြီးကြီးလူက ညီလေးက တကယ်ဂေးလားလို့ တခြားခရီးဖော်တွေ မကြားအောင် ခပ်တိုးတိုးလှမ်းမေးတယ်။ တကယ်လို့ ခင်ဗျားရှေ့မှာ ကျွန်တော် ၀တ်လစ်စလစ်ဖြစ်နေမယ်ဆိုရင် ခင်ဗျားနဲ့ မျက်နှာချင်းဆိုင် ရပ်နေတာက ကျွန်တော့်အတွက် အရှက်အသက်သာဆုံး ကိုယ်ဟန်နေထားပဲလို့ ခပ်တိုးတိုးပြန်ပြောလိုက်တယ်။ အဲဒီလူ မျက်နှာညိုသွားပြီးတော့ ကျွန်တော်တို့ စကားဆက်မပြောဖြစ်ကြတော့ဘူး။ ကျွန်တော်စိတ်ဝင်စားတဲ့ ခေါင်းစဉ်လည်း မဟုတ်လို့ပဲ။
စိတ်ထဲကတော့ ‘Queer Theory တဲ့၊ ကြံကြံဖန်ဖန်ကွာ´ လို့ပဲ တွေးလိုက်မိတယ်။ ခေါင်းပေါ်မှာ နေက ခြစ်ခြစ်တောက်ပူနေပေမယ့် ကျွန်တော်ကတော့ ပျော်တောင် ပျော်မိသလိုပဲ။ အဝေးဆီမှာ တောင်တန်းတွေကို မြင်နေရတယ်။ မမြင်ရတဲ့ လေပူတွေက မျက်နှာကို တဟူးဟူး ၀င်တိုက်နေတယ်။
ထူးခြားတာက ဒီနားမှာ သစ်ရိပ်တောရိပ် သိပ်မရှိဘူး။ မျှော်လင့်ခြင်းကွင်းပြင်တို့ လွင်တီးခေါင်တို့ဆိုတာ ဒါမျိုးပဲဖြစ်မယ်လို့ပဲ ကပျက်ကချော် တွေးလိုက်မိတယ်။ မျက်စိထဲမှာ အရိပ်တစ်ခု ဖြတ်သွားတာသတိထားမိလို့ ဖျပ်ခနဲလှမ်းကြည့်လိုက်တော့၊ အဲဒီဆိုင်းဘုတ်ဆီက `---်ဌာနချုပ်´ဆိုတဲ့ စာသား အမြီးဖျားကလေးကိုပဲ မိအောင်ဖတ်လိုက်နိုင်တယ်။ ခပ်မြန်မြန်မောင်းနေတဲ့ ကားပေါ်မှာကျတော့ မြန်နှုန်းမြင့် စာဖတ်နည်းစနစ်တွေလည်း သိပ်အသုံးမ၀င်ဘူး။
ဓာတ်ဆီဆိုင်ရှေ့နားဆီက အရိပ်မှာ ကျွန်တော်တို့အဖွဲ့ ကားကြီးကို ပြန်စောင့်ရတယ်။ ကားကြီးက သိပ်မကြာခင်ရောက်လာပေမယ့် ပစ္စည်းတွေကားတစ်စီးစာ ပြန်တင်တာနဲ့ဆိုတော့ ကားပြန်ထွက်တဲ့အချိန်မှာ အချိန်အတော်ကလေး လင့်သွားပြီ။ ကျွန်တော်လည်း နောက်မှာ လူနည်းနည်းပဲ ကျန်တော့တဲ့အချိန်ကျမှ ကားပေါ်ပြန်တက်လိုက်တယ်။ လှေကားပေါ် ခပ်မြန်မြန်တက်လိုက်တယ်ဆိုရင်ပဲ ကျွန်တော့်ခေါင်းဆီက ဒုံခနဲ အသံထွက်လာတယ်။ ပါးစပ်ကလည်း မဖွယ်မရာအသံတစ်ခု ထွက်သွားတယ်။
ခုရက်ပိုင်း လူပုံအလယ်မှာ ယောင်မိလို့ အရှက်ကွဲသလိုဖြစ်တာ ဒါပထမဆုံးအကြိမ် မဟုတ်တော့ဘူး။ အပေါ်မော့ကြည့်လိုက်တော့ ကားထိပ်နားဆီက LCD ကြီးက အလယ်နားရောက်နေတာ တွေ့ရတယ်။ အရှေ့ဘက်ဆီကို ရှက်ကိုးရှက်ကန်း ပြန်ကြည့်လိုက်တော့ အတော်နာသွားမလား ဆိုတဲ့အကြည့်နဲ့ ကားပိုင်ရှင်မကြီးက သူ့ LCD ကန့်လန့်ဖြတ်ကြီးကို စိုးရိမ်တကြီး လှမ်းကြည့်နေတာ မြင်ရတယ်။ သူ့အနေနဲ့ကတော့ ငါ့ခေါင်းက နာတတ်ပုံမရဘူးလို့ ယူဆတယ်ထင်တယ်လို့ အဲဒီ နာနေတဲ့ခေါင်းနဲ့ပဲ တွေးလိုက်ရတယ်။
နာရီအနည်းငယ်လောက် ဆက်မောင်းပြီးတော့ ကားက ပြန်ရပ်တယ်။ ခရီးသည်တွေအတွက် ရပ်ပေးတာလား သူတို့ကိစ္စသူတို့ ရပ်တာလား မသေချာတာနဲ့ ကျွန်တော်လည်း အကဲခတ်နေရတယ်။ ခဏကြာတော့မှ ခရီးသည်များ တစ်ခုခုစားလို့ရပါတယ်ဆိုတဲ့ အသံထွက်လာတာနဲ့ ကျွန်တော်လည်း အောက်ကို ကသောကမြော ဆင်းသွားမိတယ်။ ကျွန်တော်ဆိုင်ထဲကို ရောက်တော့ အန်ကယ်ကြီးက ထိုင်ခုံမှာ ထိုင်နေပြီ။ လာလေကွာလို့ ဖိတ်ခေါ်တာနဲ့ ကျွန်တော်လည်း သူနဲ့ မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်လိုက်တယ်။
အန်တီရော အန်ကယ်လို့ မေးတော့ အိမ်သာသွားတယ်ကွလို့ ဖြေတယ်။ ဆိုင်က ကောင်မလေးကလည်း လှတယ်ဆိုတော့ ကျွန်တော်လည်း ခေါက်ဆွဲတစ်ပွဲ မှာလိုက်မိတယ်။ ကိုယ်နဲ့တော့ မဆိုင်ပါဘူး၊ ဒါပေမဲ့ ကားပေါ်မှာ တစ်ခုခုပါမယ် ထင်တယ်ကွလို့ အန်ကယ်ကြီးက ကျွန်တော့်ကို ခပ်တိုးတိုးပြောတော့ ကျွန်တော် မအံ့သြမိဘူး။ အန်ကယ်ဘာကိုဆိုလိုတာလဲဆိုတဲ့ မေးခွန်းက ရှေ့နောက်အစီအစဉ်တကျ လာရမှာဖြစ်ပေမယ့် အန်ကယ် ဘာလို့ အဲလိုထင်တာလဲလို့ပဲ အဆင့်ကျော်ပြီး ပြန်မေးမိတယ်။
ဒီကားကြီးက ဒီကိုဝင်လာတာ မကြာသေးတဲ့ ကားအသစ်ကြီး၊ ကားနံပတ်ကို မင်း သတိထားမိတယ်မဟုတ်လား၊ လိုင်းကျတာ မကြာသေးဘူးတဲ့။ သူပြောတာကို ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်ရင်း ကျွန်တော်လည်း ခေါက်ဆွဲကို ဂရုတစိုက် စားနေမိတယ်။ အရိုးကတော့ အတော်များတယ်။ ခပ်လှလှကောင်မလေး လုပ်တဲ့ခေါက်ဆွဲကလည်း သိပ်မစွံဘူးလို့ ကလန်ကဆန် တွေးချင်ပေမယ့်၊ လှတဲ့ကောင်မလေးတွေ ခေါက်ဆွဲအလုပ်ကောင်းတယ်လို့ မင်းကိုဘယ်သူပြောသလဲဆိုတဲ့ အသံတစ်သံ ခေါင်းထဲမှာ အလိုလို မြည်လာတာနဲ့ မတွေးရဲတော့ဘူး။ အရသာကောင်းကောင်း မကောင်းကောင်း၊ ဗိုက်ထဲရောက်သွားတော့လည်း အဆာပြေတယ်။ အန်ကယ်ကြီးက သူ့စကားကိုဆက်တယ်။
ခရီးသည်တွေ အတွက်တော့ မစဉ်းစားဘူးကွာ၊ သူတို့အတွက်ပဲ သူတို့ကြည့်တယ်။ ခရီးစဉ်မှာ ၂ နာရီလောက် အချိန်လင့်သွားတယ်။ ၂ နာရီဆိုတာ နည်းတဲ့အချိန်လား။ ထမင်းစားရမယ့် အချိန်ကျတော့ မရပ်ဘဲ ဆက်တိုက်မောင်းနေတယ်။ အခုရပ်တာတောင် ငါပြောလိုက်လို့ ရပ်တာတဲ့။ ကားပိုင်ရှင်မကြီး လင်မယားက ခပ်လှမ်းလှမ်းစားပွဲဆီက ကျွန်တော်တို့ဆီကို လှမ်းကြည့်နေတာကို မြင်နေရတယ်။ ဒါနဲ့ တန်ချိန်ပိုနေလို့ဆို အန်ကယ်လို့ ကျွန်တော်က နည်းနည်း တောက်ကြည့်မိတယ်။
မဖြစ်နိုင်ဘူးကွ၊ သူတို့မှာ တစ်ခုခုပါကိုပါတယ်။ တန်ချိန်ပိုနေတာတောင် ခရီးသည်တွေကို နေပူထဲလှန်းပြီး ကားစုတ်ကလေးနဲ့ တင်မောင်းသွားစရာလားကွာ။ သူတို့ တစ်ခုခုပါလာတာ သူတို့အလုပ်ပေမယ့်၊ ဒါကတော့ မကောင်းဘူးပေါ့တဲ့။ အဲဒါ အန်ကယ့် ကြိုတင်ယူဆချက်ပေါ့လို့ ကျွန်တော်က ပြောလိုက်တယ်။ အေး၊ အတိအကျတော့ မပြောနိုင်ဘူးပေါ့လို့ အန်ကယ်ကြီးက အလိုက်သင့်ပြန်ပြောတယ်။ အများကြီးဖြစ်နိုင်ပါတယ်လို့ ကျွန်တော်က သူ့ကြိုတင်ယူဆချက်ကို ပံ့ပိုးပေးလိုက်တယ်။
အဲဒီအချိန်မှာပဲ အန်တီကြီး ပြန်ရောက်လာတယ်။ ကျွန်တော်တို့ ပြောနေတာတွေကို နားစွန်နားဖျား ကြားသွားပုံရတယ်။ ပြောမနေပါနဲ့တော့ ကိုယ့်ဘာကိုယ်နေပါလို့ပဲ သူ့ယောက်ျားကို လှမ်းဟန့်တယ်။ အန်တီကားမူးသေးလားလို့ ကျွန်တော်ကမေးတော့ မမူးပါဘူးကွယ်လို့ အန်တီကြီးက ပြုံးပြီး ပြန်ဖြေတယ်။ ခုကျတော့မှပဲ အန်ကယ်ကြီးက ပြောတယ်။ ဟိုဘက်ဝိုင်းကခုံမှာထိုင်နေတာ အန်ကယ့်သားလေတဲ့၊ လှမ်းကြည့်လိုက်တော့ ကျွန်တော်သွားထိုင်တဲ့ ခုံနံပါတ် ၂၇ နဲ့ ကပ်ရပ် ဘယ်ဘက်ခြမ်းက စုံတွဲပဲ။
ကားပြန်ထွက်တော့ ကျွန်တော်လည်း ထိုင်ခုံကို နောက်နားနည်းနည်း လှန်ချပြီး မှိန်းနေမိတယ်။ ဘေးနားမှာ ဦးဇင်းတစ်ပါး ရှိနေလို့ စနစ်တကျ ဒူးချိတ်ထိုင်လို့ မရတော့တာ၊ ဒါမှမဟုတ် မသင့်တော့တာ တစ်ခုကတော့ ဆိုးတယ်။ ကပ်လျက်ခုံက အန်ကယ်ကြီးသားက မင်းလမ်းကိုဖြတ်ပြီး ကျွန်တော့်ကို သကြားလုံးတစ်လုံးကမ်းပေးပြီး ရယ်ပြတယ်။ ကျွန်တော်လည်း ပြန်ရယ်ပြရတယ်။
သူ့ဘေးနားက သူ့အမျိုးသမီး၊ ဒါမှမဟုတ် သူ့မိန်းကလေးသူငယ်ချင်းဖြစ်ပုံရတဲ့ ကောင်မလေးက သူ့လက်ကို တင်းတင်းကြပ်ကြပ်ဆုတ်ထားတာ တွေ့ရတယ်။ ကားပေါ်က မဆင်းခင်ကဆို သူတို့နှစ်ယောက်သား ပေါင်ပေါ်ခေါင်းအုံးပြီး အိပ်လာကြတာပဲ။ အန်ကယ်ကြီးသာ ငါအခုထိုင်နေတဲ့ ခုံနံပါတ် ၂၇ မှာ ထိုင်နေရင် သူတို့ ဒီလိုလွတ်လွတ်လပ်လပ်နေလို့ ရကောင်းမှ ရလိမ့်မယ်။ ပြီးတော့ ငါသာ ခုံနံပါတ် ၅ မှာ အဆိုးမြင်ဝါဒအခြေခံနဲ့ ဆက်ထိုင်နေရင် အန်ကယ်ကြီးလည်း အန်တီကြီးနဲ့ ခုလို ရင်အုပ်မကွာနေနိုင်မှာမဟုတ်ဘူးလို့ တွေးမိတော့ ကျွန်တော့် စနစ်တကျ ဒူးချိတ်ထိုင်လို့မရတဲ့ ကိစ္စကို ထိုက်တန်တဲ့ ကျဉ်းကြပ်မှုတစ်ခုလို မြင်လာမိတယ်။
ဒီတော့လည်း ဦးဇင်းဘက်ကို အသာငဲ့ပြီး နှုတ်ခမ်းတွန့်ပြဖို့ ကြိုးစားကြည့်ပေမယ့် ဦးဇင်းက LCD က လာနေတဲ့ သက်မွန်မြင့်ကို ကြည့်ပြီး ပြုံးနေတာနဲ့ ကျွန်တော့်ကို သတိမထားမိဘူး။ ဦးဇင်းရဲ့ ပတ်ဝန်းကျင်ကို သတိမထားမိတဲ့ အပြုံးကို မြင်တော့မှပဲ ကျွန်တော့် နှုတ်ခမ်းတွန့်တွေလည်း တကယ်ပီပြင်တဲ့ အပြုံးဖြစ်သွားတော့တယ်။
ဒီတစ်ခါတော့ ကားက အတော်ကလေးကြာအောင် မောင်းတယ်။ အခုလို ဆက်တိုက်စီးရတော့လည်း ညောင်းလာတယ်။ ရှေ့နားဆီက ကုလားကလေးအုပ်စုမှာ ပါလာတဲ့ ရင်ခွင်ပိုက်ကလေးလေးက တစ်ချက်တစ်ချက် ထငိုတယ်။ ကျွန်တော့်ရေဘူးက ရေကုန်နေတာ ကြာလှပြီ။ သူများရေဘူးတွေဆီ မသိမသာလိုက်ကြည့်မိတော့ အသောက်ဆုံးလူမှ တစ်ဝက်အထိပဲ ကုန်သေးတာ တွေ့ရတယ်။
လူတစ်ယောက်ရဲ့ တစ်နေ့ ပျမ်းမျှရေသောက်ရှူးပေါက်နှုန်းကို အတော်ကျော်နေတာပဲလို့ အခုမှပဲ ကိုယ့်ကိုယ်ကိုယ် သတိထားမိတော့တယ်။ အန်ကယ်ကြီးအကြောင်းပဲ ထပ်တွေးနေမိတယ်။ အန်ကယ်ကြီးရဲ့ ကြိုတင်ယူဆချက်ဟာ အများကြီးဖြစ်နိုင်တယ်။ ကားအသစ်နဲ့မှ လုပ်စားလို့ကောင်းတယ်ဆိုတဲ့စကားမျိုး ခုရက်ပိုင်း ကြားကြားနေခဲ့ရတယ်။ ပြီးတော့ အန်ကယ်ကြီးဟာ အန်တီကြီးကိုတော့ ဒီအရွယ်ရောက်တော့မှ အတော် ဂရုစိုက်ရှာသား၊ ဒါမှမဟုတ် ဒီအရွယ်ရောက်မှတော့ အတော်ဂရုစိုက်ရတော့မှာလို့ပဲ နှစ်ခွထပ် တွေးလိုက်မိပြန်တယ်။
ဘယ်တစ်ခုက ပိုသင့်တော်တဲ့အသုံးမှန်း ကျွန်တော် အခုထိ ဝေခွဲမရသေးဘူး။ ဒါမှမဟုတ် အန်ကယ်ကြီးကိုယ်တိုင်လည်း `စိုးရိမ်လွန်´ ရှိနေတာ ဖြစ်ချင်ဖြစ်နေမှာ။ ဘာပဲဖြစ်ဖြစ် စိတ်ပညာမှာ စိုးရိမ်လွန်ဆိုတာ နှိုင်းယှဉ်ချက်အားဖြင့်ပြောရင် သိပ်စိုးရိမ်စရာ မရှိတဲ့ စိတ်အခြေအနေပါ။ ပြီးတော့ အန်ကယ်ကြီးကို အကဲခတ်မိသလောက် သူ့ စိုးရိမ်လွန် ကြိုတင်ယူဆချက်တွေမှာ ဆင်ခြေတစ်ခု၊ ဒါမှမဟုတ် တစ်ခုမက အမြဲပါတာပဲ။
ဦးဇင်းတွေမတက်လာခင် ကျွန်တော့်ဘေးကထပြီး အရှေ့ဆုံးခုံမှာ အန်တီကြီးသွားထိုင်တော့ သူထိုင်ခုံက ကမန်းကတန်းထလာပြီး ကျွန်တော့်ဘေးမှာပဲ ပြန်ထိုင်ဖို့ အန်တီကြီးကို လာပြောတာ သတိရလိုက်မိတယ်။ သူ့ဆင်ခြေက ရှေ့ဆုံးခုံဆိုတာက ရှေ့မှာကိုင်စရာနဲ့ အကွယ်မရှိတော့ ရုတ်တရက် ကားဘရိတ်အုပ်လိုက်ရင် ထိုင်နေတဲ့လူမှာ ရှေ့ကို ဟပ်ထိုးလဲနိုင်တယ်တဲ့။ အန်တီကြီးလည်း စိတ်မပါ့တပါနဲ့ ကျွန်တော့်ဘေးမှာ ပြန်ထိုင်ခဲ့ရတယ်။ အဲဒီတုန်းကတောင် ကျွန်တော်က တစ်ယောက်တည်း ထိုင်ရမယ်ကြံကာရှိသေး မထိုင်ရတော့လို့ အန်ကယ်ကြီးကို စိတ်ထဲက ကျိတ်ပြီး မေတ္တာပို့မိခဲ့သေးတယ်။
ကားရုတ်တရက် ရပ်သွားတယ်ဆိုရင်ပဲ ကျွန်တော့်အတွေးတွေလည်း အလိုလိုရပ်သွားတယ်။ ကားပေါ်က ပြေးဆင်းပြီး ကိုယ့်ရဲ့ အသေးစားပြဿနာကို အလျင်စလို ဖြေရှင်းရတယ်။ ကားအကူကလေးကို ရေဘူးအသစ်ထပ်ရမလားလို့ မေးကြည့်တော့ ပေးရမှာပေါ့ဗျာလို့ ပြုံးပြီးပြောတယ်။ ဆိုင်ထဲရောက်လာတော့ အန်ကယ်ကြီးတစ်ယောက်တည်း ခုံတစ်ခုံမှာ ထိုင်နေတာကို တွေ့ရပြန်တယ်။ အန်တီရော အန်ကယ်လို့မေးတော့ အပြင်ဘက်မှာ သူ့သားနဲ့ ၀ယ်စရာခြမ်းစရာ လိုက်ကြည့်နေတဲ့ အန်တီကြီးဆီကို လက်ညှိုးညွှန်ပြတယ်။
တစ်ခုခုစားလေကွာလို့ သူက ဖိတ်လို့ ကျွန်တော် လက်ဖက်ရည်ပဲ သောက်တော့မယ်အန်ကယ်လို့ ပြန်ပြောလိုက်တယ်။ ကျွန်တော် သူ့ရှေ့ရောက်ရောက်ချင်းပဲ အန်ကယ်ကြီးက သူ့ရဲ့ မပြီးပြတ်သေးတဲ့ ကြိုတင်ယူဆချက်ကိစ္စကို ဆက်ပြန်တယ်။ မြင့်သန်းစကားနဲ့ပြောရရင် ဆက်လက်နှီးနှောစရာရှိနေတယ်ဆိုတော့ ဒါ သူ့အတွက် ပြဿနာတစ်ရပ်ဖြစ်နေတာပဲလို့ တွေးရင်း ပြုံးစိစိဖြစ်သွားတယ်။ သူပြောနေတုန်း ကျွန်တော်လည်း စိတ်ဝင်တစား နားထောင်နေမိတယ်။
စိတ်ဝင်တစားလို့ ဆိုရပေမယ့် ကျွန်တော့်စိတ်ဝင်စားမှုက သူ့ပြဿနာအပေါ်မှာတော့ မဟုတ်ဘူး။ အမှန်တော့ ကားပေါ်မှာ ရွှေချောင်းတွေပါတယ်ဆိုရင်လည်း ကျွန်တော် သိပ်စိတ်ဝင်စားလှမှာ မဟုတ်ဘူး။ ကျွန်တော် စိတ်ဝင်စားနေတာက အန်ကယ်ကြီးကိုယ်တိုင်နဲ့ ပတ်သက်လို့ ကျွန်တော့်မှာ ဆက်လက်နှီးနှောစရာ ဖြစ်နေတဲ့ကိစ္စပဲ။ အဲဒီတုန်းမှာပဲ စားသောက်ဆိုင်ရဲ့ LCD ပေါ်မှာ ခေါင်းပေါင်းနဲ့ လူကြီးတွေ၊ အဲဒါနဲ့ တစ်ဆက်တည်း ပြုံးရွှင်နေတဲ့ ပိန်ပိန်ပါးပါး အမျိုးသမီးကြီးတစ်ဦး ဆက်တိုက်လိုလို ပေါ်လာတာ တွေ့လိုက်ရတယ်။ အန်ကယ်ကြီးနဲ့ ကျွန်တော် ပြိုင်တူလိုလို အဲဒီကို လှမ်းကြည့်လိုက်မိကြတယ်။
နိုင်ငံရေးအခြေအနေကလည်း ဘယ်လိုလဲမသိပါဘူး အန်ကယ်ရယ်လို့ ကျွန်တော်က မေးခွန်းမဟုတ်တဲ့ ၀ါကျတစ်ခုနဲ့ အန်ကယ်ကြီးကို လှမ်းမေးလိုက်တယ်။ ကျွန်တော်ကတော့ အန်ကယ်ကြီးရဲ့ စနစ်တကျ စိုးရိမ်လွန်မှုဟာ ဆင်ခြေတွေ အများကြီးနဲ့ အရှည်ကြီး ပေါ်လာကောင်းတယ်လို့ မျှော်လင့်ပြီး မေးလိုက်တာပဲ။ တကယ်လို့ သူ ဒီအကြောင်း တစ်လုံးမှ မပြောချင်ဘူး ဆိုရင်လည်း ကျွန်တော်ပြောလိုက်တာ အမေးဝါကျ မဟုတ်တဲ့အတွက် ပြန်မဖြေလို့ သူ့အနေနဲ့ ကသိကအောက် ဖြစ်စရာ မလိုဘူး။
အန်ကယ်ကြီးက ကျွန်တော့်ကို ခပ်ကြာကြာ စိုက်ကြည့်နေတယ်။ ကျွန်တော်လည်း သူ့ကို ပြန်ကြည့်နေမိတယ်။ အတော်ကလေး ကြာတော့မှ သူ့နှုတ်ခမ်းက `မိုးမလင်းမီ ရွှေသုန္ဒရီ´ ဆိုတဲ့ စကားသံ ထွက်လာတာ ကျွန်တော် ကြားလိုက်ရတယ်။ ကျွန်တော်လည်း မျက်မှောင်ကုပ်လိုက်မိတယ်။
ကျွန်တော်သိသလောက် ဒါဟာ နှစ်အတော်ကြာဆီက သီချင်းစာသားတစ်ခုပဲ၊ ဒါပေမဲ့ အန်ကယ်ကြီးရွတ်လိုက်တဲ့ စာသားမှာ သံစဉ်မပါဘူး။ `ကကြိုးပျောက်မှာ စိုးမိသည်´ လို့ ကျွန်တော်လည်း သံစဉ်မပါဘဲ ခပ်တိုးတိုးရေရွတ် လိုက်မိတယ်။ ကျွန်တော် `အက်ပှစ်ဖှနီ´ (epiphany) ရပြီ အန်ကယ်၊ ကျေးဇူးတင်ပါတယ်လို့ပြောရင်း ကျွန်တော့် လက်ကို ရုတ်တရက် အန်ကယ်ကြီးဆီ အလိုလို ထိုးပေးလိုက်မိတယ်။ စတွေ့ကတည်းက ပထမဆုံးအကြိမ်အဖြစ် အန်ကယ်ကြီးနဲ့ ကျွန်တော် လက်ဆွဲနှုတ်ဆက်ဖြစ်ကြတယ်။ သူ့ဟာက နှုတ်ဆက်တာနဲ့ မတူဘူး၊ ကျွန်တော့်လက်ကို တအား ဖြစ်ညှစ်ထားသလိုပဲ။
ညကျတော့ ကားပေါ်မှာ ရွှေသုန္ဒရီသီချင်းကို ကျွန်တော် အစအဆုံး အခေါက်ခေါက် စိတ်ထဲက ရွတ်ကြည့်နေမိတယ်။ အဲဒီ သီချင်းစာသား တစ်ကြောင်းချင်းစီကို မတူတဲ့ ခံစားချက်ဆိုင်ရာ ရှုထောင့်တစ်ခုကနေ ချဉ်းကပ်ကြည့်မိတယ်။ အံ့သြစရာတော့ ကောင်းတယ်။ တစ်ချက်တစ်ချက်ကျရင် အရှေ့က ခုံနံပါတ် ၅ ဆီကို လှမ်းလှမ်းကြည့်မိတယ်။ ခုချိန်လောက်ဆို အန်ကယ်ကြီး အန်တီကြီးကို ဖက်ထားချင်ဖက်ထားမှာ။ အင်းလေ အန်တီကြီး ဒီအရွယ်ရောက်မှတော့ အတော်ဂရုစိုက်ရတော့မှာပေါ့လို့ ဒီတစ်ကြိမ်မှာ တိတိကျကျတွေးလိုက်တယ်။
အမှောင်ထုထဲမှာ ကျွန်တော်တို့စီးလာတဲ့ အဝေးပြေးကား အသစ်ကြီးကတော့ အရှိန်အဟုန်နဲ့ မောင်းနေဆဲပဲ။ ဒီဘက်ရောက်တော့မှ လမ်းဖြောင့်သွားလို့ ကားကို ပိုပြီးမြန်မြန် မောင်းနိုင်လာတယ် ထင်ရတယ်။
မိုးလင်းရင် ကျွန်တော်တို့သွားနေတဲ့ မြို့ကို ဒီကား ဆိုက်လိမ့်မယ်လို့ ဟိုကောင်ပြောခဲ့တာ သတိရတယ်။ မိုးလင်းရင် ဟိုကို ရောက်မယ်ဆိုရင်လည်း ကားကို ဘာကြောင့် ခုလို မြန်မြန်မောင်းနေဦးမလဲ။ ကျွန်တော်တွေးတတ်သလောက်ကတော့ ကားကိုမြန်မြန်မောင်းနေရုံနဲ့ မြန်မြန်မိုးလင်းလိမ့်မယ် မထင်ဘူး။
ရှေ့နားဆီက တခေါခေါဟောက်ပြီး သက်တောင့်သက်သာ ခရီးဆက်နေတဲ့ လူကို ကျွန်တော် အမှောင်ထဲကနေ မလိုတမာ ငေးကြည့်နေမိတယ်။
တေဇာ (လရောင်လမ်း)
ဧပြီ၊ ၂၀၁၂