Saturday, January 7, 2012

ခြေရာများ

လူဟာ ဘ၀တစ်လျှောက် ဖြတ်သန်းသွားတဲ့အခါမှာ ခြေရာအမျိုးမျိုးထားရစ်ခဲ့ကြတယ်။
ကမ္ဘာကြီး၏ ရင်ဘတ်ပေါ်တွင်…….
ကျောပေါ်တွင်……….
နှလုံးသားထဲတွင်……..
ဦးနှောက်အတွင်းပိုင်းတွင်………
ခြေရာများ ထင်ကျန်တည်ရှိနေသည်မှာ သေချာ၏။
တချို့ကား ၀ါးတားတားမှုန်တုန်တုန်၊
တချို့ကား အထင်ကရ။
တချို့ကား ထင်၏သို့ မထင်၏သို့။
အားလုံးသည် ရောပြွန်း ရှုပ်ထွေးလျက်။

မည်သို့ပင်ဖြစ်စေ ထိုခြေရာအားလုံးတို့သည် လူသားတို့နင်းကျော်ဖြတ်သန်းသွားခဲ့သည့် ခရီးရှည်ကြီးတစ်လျှောက် ထင်ကျန်ရစ်ခဲ့သော ခြေရာများသာဖြစ်ပါသည်။

အမှန်တော့ ကမ္ဘာကြီးကိုယ်တိုင်သည်ပင်၊ လူသားအများစုကိုစုပေါင်းထားသည့် လူသား တစ်ယောက်သာဖြစ်ပြီး ထိုလူသားတို့၏ ခြေရာဆိုသည်ကပင် ကမ္ဘာကြီးကိုယ်တိုင်၏ ခြေရာသာဖြစ်ကြောင်း ကျွန်တော်တို့ မမေ့သင့်ပါ။

ကမ္ဘာကြီးသည် သူ့ကိုယ်သူ သူ့ခြေထောက်ဖြင့်ပြန်နင်းတံဆိပ်ခတ်ရင်း သူသည် ဘယ်လိုလူမျိုးဖြစ်ကြောင်း ပြောပြနေပုံနှင့် တူပါသည်။

ခြေရာများ

ခြေရာတို့သည် မှတ်တိုင်မှတ်တမ်းများ ဖြစ်၏။

ခြေရာတို့သည် သင်္ကေတများ ဖြစ်၏။

ခြေရာတိုင်းသည် ကိုယ့်သမိုင်း ဖြစ်၏။

ကမ္ဘကြီးသည်…….

မဟာလူသား ဗုဒ္ဒ။ သခင်ယေရှုနှင့် မိုဟာမက်တို့၏ အသွေးအသားဖြင့် ငြိမ်းချမ်းခြင်း၊ စာနာခြင်း၊ ချစ်ခင်ခြင်းတို့ သင်ကြားတတ်မြောက်ခဲ့ရပြီ။ လူ့သမိုင်းကို ကိုယ့်အလိုကျ ပြောင်းလဲပစ်ရန် ကြိုးပမ်းခဲ့သောအဒေါ့ဖ်ဟစ်တလာ၏ စွမ်းရည်နှင့် စစ်ပွဲတစ်ပွဲကို အနိုင်ပိုင်းရပ်စဲစေခဲ့သော ဟီရိုရှီးမားမြို့ပေါ်က အနုမြူဗုံး တစ်လုံးကြောင့် သွေးပျက်ချောက်ချားတတ်ခဲ့ပြီ။စစ်ပွဲဆိုသည်မှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ သက်သောင့်သက်သာ မရှိစေခဲ့သော မိဘမဲ့ကလေးငယ်များနှင့် မိခင်တွေ၊ ချစ်သူတွေ၏ မျက်လုံးများကို မျက်ရည်ဖြင့်ဖုံးစေခဲ့သော မာရ်နတ်၏ လက်ဆောင်ဖြစ်ကြောင်းကို သိတန်သလောက် သိခဲ့ပြီ။

မာသာထရီဇာကြောင့် ရင်နှင့်အပြည့် ထည့်သိုထားသော အကြင်နာတရားကို စွမ်းအားတစ်ခုအဖြစ် အသုံးပြုပြီး လူသားတို့၏ ဒုက္ခဆင်းရဲကို ခုခံတိုက်ခိုက်တတ်လာခဲ့ပြီ။

” ယာယီရှုံးနိမ့်သွားတဲ့ အမှန်တရားဟာ ယုတ်ညံ့တဲ့အောင်ပွဲထက်စွမ်းအားပိုရှိပါတယ်“ ဟု ကြွေးကြော်လှုံ့ဆော်ခဲ့သော လူမှုအခွင့်အရေး တိုက်ပွဲဝင်သူတို့၏ အလံကိုင် “မာတင်လူသာကင်” ကြောင့် အသားရောင်ခွဲခြားမှုကို ဆန့်ကျင်လာတတ်ခဲ့ပြီ။ လူသားတို့၏ ရပိုင်ခွင့်ကို ပိုမိုသဘောပေါက်နားလည်လာခဲ့ပြီ။

“ ရိုက် ”ညီအစ်ကို၏ စွန့်ဦးတီထွင်မှုဖြင့် ငှက်တွေလိုပင် ဝေဟင်ကို ပိုင်စိုးနိုင်ခဲ့ပြီ။

“ ဝေါ့ဒစ္စနေ ”၏ ကာတွန်းရုပ်လေးများကို အကြိမ်ကြိမ်အထပ်ထပ် မရိုးစတမ်းကြည့်နေသည့် ပျော်ရွှင်နေသော ကလေးငယ်များကို ပိုင်ဆိုင်ခဲ့ပြီ။

လန်ဒန်မြို့၏ အနုံချာဆုံးရပ်ကွက်လေးမှာ မွေးဖွားလာခဲ့သည့် ”ချာလီချက်ပလင် ” ထံမှ နှစ်သက် ကျေနပ်ဖွယ်ရာ အရွှင်ဓာတ်များ ကူးသက်ခံစားခဲ့ရပြီ။

” အိုင်စတိုင်း ” ၏ ဦးနှောက်တစ်လုံးကြောင့် သိပ္ပံပညာသည် အနာဂါတ်ခရီးရှည်ကြီး ဆက်ထွက်နိုင်ခဲ့သလို ထိုဦးနှောက်ထဲမှ ထွက်ကျလာသော E=Mc² ပုံသေနည်းတစ်ခုက ပေးအပ်လာသည့် အသက်ဇီဝရှင်သန်မှုကို အမြဲခြိမ်းခြောက်နေမည့် အနုမြူဗုံးတစ်လုံးကို လက်ခံရရှိခဲ့ပြီ။

” ပီကာဆို ”ထံမှ ချိုးငှက်တစ်ယောက်နှင့် အရုပ်အရောင်များ ရရှိခဲ့သလို “ ဗင်းဆင့်ဗင်ဂိုး ” ချချန်ထားရစ်ခဲ့သည် အ၀ါရောင် တောက်တောက် များကိုလည်း သိမ်းဆည်းထားခွင့် ရခဲ့ပြီ။

အချို့ခြေရာတွေက မြင်သာတယ်။

အချို့ခြေရာတွေကတော့ မမြင်သာဘူး။

ခြေရာများ…..များလွန်းလှ၏။

ထင်ရှားသောခြေရာများအောက်တွင် မှိန်ဖျော့သောခြေရာများ ရှိနေသေးသည်မှာ သေချာသည်။ ထိုခြေရာမှိန်မှိန်များသည်လည်း ခြေရာများသာ ဖြစ်ကြောင်းကိုတော့ သတိရသင့်ကြပါသည်။ ခြေရာတစ်ခု ကျန်ရစ်စေရန် ကြိုးပမ်းခဲ့ကြရာတွင် အားထုတ်ခဲ့ကြရသည်မှာ သိပ်တော့ ကွာလှမည်မထင်ပါ။

ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရဖို့ အမည်မဲ့ သူရဲကောင်းများ မည်မျှ ပေးဆပ်ခဲ့ရပါသလဲ။

ကမ္ဘာမြေပုံပေါ်တွင် အစ္စရေးနိုင်ငံ မြေပုံရေးဆွဲနိုင်ဖို့ ဂျူးသန်းပေါင်းမည်မျှ ရင်းနှီးခဲ့ကြရပါသလဲ။

ဗီယက်နမ် လွတ်မြောက်ရေးစစ်ပွဲ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဒိန်ဗင်များခံတပ်ကို တိုက်ခိုက်ခဲ့စဉ်က တောင်စောင်းအောက် လျှောကျလုဆဲဆဲ အမြောက်ဘီးများအောက် ၀မ်းလျားမှောက်ထိုးခံ တိုက်ပွဲဝင်ခဲ့သူ စစ်သည်၏ အမည်ကို သင်သိပါသလား။

ကျွန်တော်တို့ အမြတ်တနိုးတန်ဖိုးထားသော ပုဂံမြေတွင် အနော်ရထာမင်းစော၏ ရွှေစည်းခုံ၊ ကျန်စစ်သားမင်းကြီး၏ အာနန္ဒာ၊ အလောင်းစည်သူမင်းကြီး၏ သဗ္ဗညု၊ နရပတိစည်သူ၏ စူဠာမဏိ စေတီပုထိုးတို့သည် ထင်ရှားကြီးကျယ်၏။ ထိုစေတီပုထိုးများကို တည်ဆောက်စဉ်က အုတ်တစ်ထမ်း၊ သဲတစ်ရွက် သည်ပိုးတည်ဆောက်ခဲ့ကြသူ ပုဂံသူ ပုဂံသားများကို အသာထား၊ ဦးစီးခဲ့သူ ရှေးဗိသုကာကြီးများကိုပင် မသိနိုင်ခဲ့ကြတော့။ မမြင်သာသော်လည်း ခြေရာများရှိနေသေးကြောင်းကိုတော့ ကျွန်တော်တို့ ငြင်းပယ်နိုင်ကြမည်မဟုတ်ပါ။။

သတိမပြုမိပေမယ့် သူ ဖြတ်သန်းခဲ့တဲ့ နေရာတိုင်းမှာ အမှတ်အသားတစ်ခုခု ကျန်ရစ်တယ်။

ခြေရာများသည် မှတ်တိုင်များသာဖြစ်၏။

ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ လူတို့ချန်ရစ်သော ထိုခြေရာများက လူ့သမိုင်းကို ညွှန်းဆိုကြမည်ဖြစ်၏။

ခြေရာတစ်ခု ထင်ကျန်ရစ်ခြင်း၊ မကျန်ရစ်ခြင်းနှင့် ထိုခြေရာကို ကျွန်တော်တို့ သတိပြုမိခြင်း၊ မပြုမိခြင်းတို့သည် တိုက်ရိုက်အချိုးကျဖွယ်မရှိပါ။

ချန်ရစ်ခဲ့သူကလည်းကောင်း၊ စောင့်ကြည့်ရှာဖွေသူကလည်းကောင်း သတိမပြုမိသော်မှ လှမ်းခဲ့သည့်ခရီးတိုင်းတွင် ခြေရာတို့ ကျန်ရစ်ခဲ့၏။

လုပ်ဆောင်မှုတစ်ခုတိုင်းသည် ခြေရာတစ်ခုစီဖြစ်သည်။

လူတို့သည် အကျိုးသက်ရောက်မှုကြီးသော လုပ်ဆောင်ချက်များကိုသာ အာရုံ စိုက်တတ်သည်။

ကမ္ဘာကြီးဟု အမည်သညာပေးထားသူတစ်ဦး၏ လုပ်ဆောင်မှုတစ်ခုတိုင်းသည် သူ့ခြေရာ တစ်ခုသာဖြစ်၏။ သူ့မှတ်တိုင်ဖြစ်၏။ အတိမ်အနက် ကွာခြားသောခြေရာများ၊ အဆိုးအကောင်း အမယ်စုံသော ခြေရာများ စသည်ဖြင့် အကွဲကွဲအပြားပြား ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ သို့သော် ထိုအရာအားလုံးသည် ကမ္ဘာကြီးကိုယ်တိုင် လှမ်းထားခဲ့သည့် သူ့ကိုယ်ပိုင်ခြေလှမ်းများသာ ဖြစ်သည်။

ဒီအမှတ်အသားတွေ အားလုံးကို ပေါင်းလိုက်ရင်.. အဲဒီလူဟာ ဘာလဲဆိုတာ အဓိပ္ပါယ် ဖော်လို့ရတယ်။

ကမ္ဘာကြီးသည် သက်တမ်းမကုန်သေး။

လူ့သမိုင်းသည် မပြီးဆုံးသေး။

ဇာတ်ညွှန်းမပါသော ပြဇာတ်တစ်ပုဒ်ကို က နေသည့် ကမ္ဘာကြီးအား ရောက်ရာသက္ကရာဇ်မှ ရပ်တန့်ပြီးတော့ ငဲ့စောင်းကြည့်ကြရအောင်။

အနု၊ အကြမ်း။

အမှိန်၊ အတောက်။

ဆေးရောင်၊ စုတ်ချက်စုံသော ပန်းချီကားတစ်ချပ်ကို ကျွန်တော်တို့ မြင့်တွေ့ရမည်ဖြစ်သည်။

ထိုဆေးရောင်၊ ထိုစုတ်ချက်တို့သည် ခြေရာများဖြစ်၏။ မှတ်တမ်းမှတ်ရာများ ဖြစ်၏။ ဖြစ်စဉ်များ ဖြစ်၏။ ဂုဏ်ယူဝင့်ကြွားဖွယ်ရာများ ဖြစ်၏။ စက်ဆုပ်ရွံရှာဖွယ်ရာများ ဖြစ်၏။ ကြည်နူးစရာ၊ ငိုကြွေးစရာများ ဖြစ်၏။

ကမ္ဘာကြီးဟု အမည်သညာပေးထားသူတစ်ဦးက စိတ်လိုလက်ရ သူ့ကိုယ်သ ပြန်ရေးပြထားသော ကိုယ်တိုင်ရေးပုံတူ ဖြစ်၏။ ကမ္ဘာသူ ကမ္ဘာသားများက သူတို့နေထိုင်ရာ ကမ္ဘာကြီး၏ပုံတူကို ထောင့်စုံမှရေးဆွဲထားကြသော ပန်းချီကားတစ်ချပ်ဖြစ်၏။

ကမ္ဘာကြီးက ကျွန်တော်တို့ကို မေးပါသည်။

” သူ့ပုံ ဘယ့်နှယ်နေသတုန်း” တဲ့။

ကျွန်တော်က ခင်ဗျားတို့ကို မေးချင်ပါသည်။

” ခင်ဗျားတို့ ဆွဲထားတဲ့ ကမ္ဘာကြီးပုံ ဘယ့်နှယ်နေသတုန်း”

ငြိမ်းအေးအိမ်

No comments:

Post a Comment