Wednesday, January 11, 2012

ပါရမီဖြည့်ဖက် စာရေးဆရာကြီး ဇေယျ

၎-၁၀-၁၉၈၂ နေ့က စာရေးဆရာ ဇေယျ အမည်ခံ ဆရာဇေယျ ကွယ်လွန်အနိစ္စရောက်တယ်လို့ ကြားလိုက်ရတော့ `သြော် လူထုဦးလှနဲ့ နှစ်လပြည့်အောင်တောင် မကွာခြားဘူး။ စာပေနယ်က ကြယ်ပွင့်ကြီးတစ်ပွင့် ကြွေရှာပြန်လေပကော´ လို့ နှမြောတသ လွမ်းဆွတ်ရပြန်ပါတယ်။

ဆရာဇေယျ အနိစ္စရောက်တော့ အသက် (၈၃) နှစ် ရှိပါပြီ။
(၁၈) နှစ်သား၊ (၁၉) နှစ်သား အရွယ်ကတည်းက ကလောင်စမ်းလာခဲ့တယ်။ အသက် (၂၀) အရွယ်မှာ ဇေယျဆိုတဲ့ ကလောင်နာမည်တစ်ခုနဲ့ လူသိလာတဲ့ ကလောင်တစ်ချောင်း ဖြစ်လာတယ်။ အသက် (၈၀)နား နီးတဲ့အထိ ကလောင်မချဘဲ ရေးသားသွားခဲ့တယ်။ ဆရာ ဦးယောရဲ့ ကလောင်က ထွက်လေသမျှ စာဟာ အမျိုးသားရေးကို ဘယ်တော့မှ လက်မလွှတ်ခဲ့ဘူး။ အမျိုးသား ယဉ်ကျေးမှု အဆောက်အအုံကို အဘက်ဘက်က ထိန်းသိမ်းကာကွယ် တည်ဆောက်သွားလေတဲ့ ကလောင်မို့ ဒီကလောင်ကြီးတစ်ချောင်း ရပ်နား အငြိမ်းစား ယူသွားတာကို နှမြောလို့ မဆုံးနိုင်ဘူး။

ဆရာဦးယောရဲ့ စာတွေကို စုစည်းသိမ်းဆည်းတဲ့ အနေနဲ့

(၁) ဇေယျ ၀တ္ထုတိုများ
(၂) ဇေယျ စာတမ်း (၁၉၆၅)
(၃) မြန်မာ့မျက်ပွင့် (ရွာဓလေ့ ရပ်ဓလေ့ ၁၉၆၁ မှ)
(၄) မြန်မာ့မျက်ပွင့် (စာဓလေ့ စာသဘင် ၁၉၆၄ မှ)
(၅) ဇေယျ၏ စာ (၁၉၆၅) မှ

ဆိုပြီး စာအုပ် (၅) အုပ် ထုတ်ဝေခဲ့ဖူးတယ်။ နို့ပေမယ့် ဆရာ့စာတွေက မကုန်သေးပါဘူး။ ကျန်ပါသေးတယ်။ တော်တော်များများ ကျန်ပါသေးတယ်။ ဒါကြောင့် အခုလို ဆရာဦးယော ကွယ်လွန်တိမ်းပါးသွားတဲ့ အခါမှာ အနှံ့အပြား ပြန့်ကျဲကျန်ရှိနေသေးတဲ့ ဆရာ့စာတွေကို ကောက်သင်းကောက်သလို လိုက်လံရှာဖွေစုစည်းပြီး ပုံနှိပ်ထုတ်ဝေ သင့်ပါတယ်။ ဆရာဦးယောရဲ့ စာတွေဟာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ အမျိုးသား ယဉ်ကျေးမှု ဆိုင်ရာတွေကို ထောင့်စုံက ထိန်းသိမ်းပေးတဲ့ စာတွေပါ။ ဆရာဦးယောရဲ့ ကလောင်သက် (၆၀) လောက် အတွင်းမှာ အဆိပ်အတောက် ဖြစ်စေတဲ့ စာရယ်လို့ မပါခဲ့ပါဘူး။ မပါရုံသာမက ဆရာဦးယောက စာအဆိပ်အတောက်တွေကို သူ့ကလောင်နဲ့ ဝေဖန်ခဲ့၊ တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီနေရာမှာ ဆရာဦးယောရဲ့ စာပေ၀ါဒ၊ ဆရာ့ကလောင် ဦးတည်ချက်ဟာ မှန်ကန်တာမို့ မြတ်နိုးစရာပါ။ ဆရာဦးယောက စာဆိုတာ အမျိုးသား လွတ်လပ်ရေး ရရှိဖို့၊ ရတဲ့ လွတ်လပ်ရေး ဆက်လက်ထိန်းသိမ်းနိုင်ဖို့၊ တစ်မျိုးသားလုံးရဲ့ ရန်သူ ပေါ်ပေါက်လာရင် ခုခံတွန်းလှန်ဖို့ အကျိုးပြုတဲ့ စာမျိုးသာ ဖြစ်ရမယ်။ လူ့စိတ်ဓာတ်တွေကို ပျော့ညံ့သိမ်ဖျင်းစေတဲ့စာမျိုး မရေးသားအပ်ဘူး။ အဲဒီစာတွေဟာ အဆိပ်အတောက် စာပေတွေပဲလို့ သတ်မှတ်ပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လမ်းစဉ်နဲ့ အတိတ်က ဖြစ်ခဲ့ဖူးတဲ့ သမိုင်းကြောင်းတွေကို ပြန်ဖော်ထုတ်ပြီး သတိပေးလေ့ ရှိပါတယ်။

ဆရာရေးတဲ့ `လွတ်လပ်ရေးစာပေ´ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်မှာ စာပျော့စာညံ့တွေကြောင့် အတိတ်က ဖြစ်ခဲ့ရပုံတွေကို ဘယ်လိုဖော်သလဲဆိုတော့ `အင်းဝပျက်ခဲ့ရတာဟာ ဟံသာဝတီရောက်မင်းလက်ထက်မှာ အသည်းကွဲစာပေတွေ၊ စာနုစာပျော့တွေ အရေးအသား များကြလွန်းလို့ စာပေကြောင့် စိတ်ဓာတ် မည်းမှောင်နေမှုလည်း အကြောင်းတစ်ရပ်အဖြစ် ပါဝင်တယ်´ လို့ စာပေကြောင့် စိတ်ဓာတ်မည်းမှောင်နေမှုလည်း အကြောင်းတစ်ရပ်အဖြစ် ပါဝင်တယ်´ လို့ ထောက်ပြထားတယ်။ ရခိုင်ရာဇ၀င်မှာ သမ္မတမင်းလက်ထက် ရခိုင်ပြည်ပျက်ရာလည်း သာချင်းတွေ၊ စာနုတွေ လွှမ်းမိုးလာလို့ လူတွေရဲ့ စိတ်ဓာတ်ပျော့ညံ့ကုန်ပြီး ရန်စစ်နဲ့ ကြုံတဲ့အခါ မခုခံနိုင်ဘဲ ပြိုလဲပျက်စီးခဲ့ရတာ ဖြစ်သတဲ့။ မြန်မာနိုင်ငံနောက်ဆုံးမင်းဆက် သီပေါမင်းခေတ်မှာ ခေတ်ပျက်ရတာလည်း ကြာခြည်ယံစာပေတွေရဲ့ အကျိုးတရား ပါသတဲ့။

ဆရာက လွတ်လပ်ရေး ရပြီးတဲ့နောက် ဆယ့်လေးနှစ်အကြာမှာ ထွက်ပေါ်နေတဲ့ စာတွေကို သုံးသပ်ကြည့်လိုက်တော့…

အတွေးများကလည်း နှိုက်နှိုက်ချွတ်ချွတ် ရှိလှပေသည်။ စာသားကလည်း ချော၊ အတေ့အဆက်တွေ ကလည်း လိမ္မာ၊ ထွင်လုံးများကလည်း ညက်၊ ဖတ်မိလျှင် မလွှတ်နိုင်အောင် ကောင်းကြပါသည်။ အနုပညာသဘောဖြင့် ဂုဏ်မြောက်ကြပါသည်။ သို့သော် ဘာတွေ ပါသနည်း၊ လင်ကွဲ မယားကွဲ၊ အသည်း အူပြုတ် ထိုးလိုက်ကြ သတ်လိုက်ကြ၊ လိမ်လိုက်ကြ ကောက်လိုက်ကြ ဆိုတဲ့ စာမျိုးတွေ အမျိုးကြီး တွေ့နေရသတဲ့။ စာရေးဆရာတွေက စိတ်ဓာတ်ကို အမှောင်ချပြီး အသည်းကွဲစာပေတွေကို ရေးနေခြင်းအားဖြင့် စာဖတ်သူတွေမှာ အကျိုးယုတ်မှု အများကြီး ဖြစ်ပေါ်နိုင်တယ်လို့ သာဓကတွေနဲ့ ထောက်ပြဝေဖန်တယ်။ ဒီလိုပြတဲ့အခါ ဆရာဦးယောက မြန်မာ့သမိုင်းကိုသာမက ကမ္ဘာ့သမိုင်းမှာ ရောမပြည်ကြီး တိမ်းယိမ်းပြိုလဲခြင်း၊ ပြင်သစ်ပြည်၊ တရုတ်ပြည် အားနည်းသွားရခြင်း၊ အိန္ဒိယပြည် မဂိုမင်းလက်ထက်မှာ အားပျော့သွားရခြင်းတွေဟာလည်း စာနုတွေကြောင့်ပဲလို့ ဆရာက ထောက်ပြသွားတယ်။

ဆရာဦးယော ကလောင်ကိုင်နိုင်တဲ့ အချိန်က အဲဒီလို လူ့စိတ်ကို ပျော့ညံ့နိမ့်ဆင်းစေမယ့် စာမျိုးကို ရေးတာ ပြစ်တင်ဝေဖန်ခဲ့ပေမဲ့ ဒီစာမျိုးတွေက ဒီခေတ်မှာလည်း မတိမ်ကောသေးဘူး။ မတိမ်ကောရုံမက တစ်ပုံစံနဲ့ တစ်မျိုး ရှင်သန်ကြီးထွားနေပြန်ပြီလို့ပဲ ပြောရမယ် ထင်ပါတယ်။ ခုခေတ် မဂ္ဂဇင်းတွေမှာ လစဉ် တစ်ပုဒ်စ နှစ်ပုဒ်စ မက ပါဝင်နေတဲ့ ၀တ္ထုတွေ၊ လုံးချင်းဝတ္ထုတွေမှာ ရေးဖွဲ့တဲ့ အကြောင်းအရာတွေက လူငယ်လူရွယ်တွေရဲ့ ရင်ခုန်သံတွေကို ရေးဖွဲ့တာ ဆိုပါကလား၊ နို့ပေမဲ့ ဒီ `ရင်ခုန်သံ´ ဆိုတာတွေ တချို့ဟာ စာဖွဲ့စရာ အကြောင်းအရာမျိုး မဟုတ်တာတွေကို ဖွဲ့နေကြတာများ ၀မ်းနည်းစရာတွေ့နေပါတယ်။ အသက်အရွယ် ငယ်ရွယ်သေးတဲ့အချိန် သွေးသားလှုံ့ဆော်လို့ ဖိုနဲ့မ တွေ့ကြ ထိကြ ငြိကြလို့ ဖြစ်စေ၊ စိတ်ထဲက တိတ်တဆိတ် ပြစ်မှားလို့ ဖြစ်စေ ဟို့နှယ် ဒီနှယ် ရင်ထဲမှာ ဖြစ်ပေါ်လာတာတွေကို `ရင်ခုန်သံ´ ဆိုပြီး ၀တ္ထုတစ်ပုဒ် စာတစ်အုပ် လုပ်နေကြတယ်။

ဒီအဖွဲ့မျိုးမှာ တဒင်္ဂဖြစ်ပေါ်လာတဲ့ ခံစားမှုကို အင်မတန် ရှည်လျားကျယ်ဝန်းအောင် အသေးစိတ် သူတို့ ရေးဖွဲ့နေကြပုံဟာ ချီးမွမ်းစရာ မဟုတ်ရင်တောင် အံ့သြစရာကောင်းတာတော့ အမှန်ပဲ။ ရင်မောတာတွေ၊ ဖိုလှိုက်တာတွေ၊ အသက်ရှူမှားတာတွေ စသဖြင့် ဝေါဟာရရှိရှိသမျှနဲ့ ကျယ်ကျယ်ဝန်းဝန်းကြီး ရေးနေကြတာဟာ ဒီခေတ်ကလောင်တချို့ရဲ့ စွမ်းဆောင်ချက်ပဲ ထင်ပါရဲ့။ နို့ပေမဲ့ သူတို့ ရင်ခုန်ရတဲ့ အဖြစ်က တစ်ယောက်နဲ့ တစ်ယောက် ဆက်လက်ပြီး တစ်လှမ်းတိုးလို့ တစ်မျိုး ချစ်စရာကောင်းတာတွေ မဟုတ်ဘဲ တချို့က လင်နဲ့ သားနဲ့ မိန်းမသားအပေါ် ရင်ခုန်တာ၊ တချို့က သားကြီးမယားကြီးနဲ့ ယောကျာ်းတစ်ယောက်အပေါ် ရင်ခုန်တာမျိုးပါကလား။ အဲဒီလို ကိစ္စမျိုးဆိုရင် မြန်မာ့ယဉ်ကျေးမှုက ရင်ခုန်ရုံမက ရင်ထဲက နျူကလီးယားဗုံးကြီး ပေါက်ကွဲနေပါစေ မထုတ်ဖော်အပ်ဘူး။ လူသိ မခံစေရဘူး။ ငါ့ဟာ မတော်ပါကလားဆိုတဲ့ လူ့စောင့်စည်းမှုနဲ့ အောင့်အည်းမျိုသိပ်လို့ ထားရတယ်။ ချုပ်တည်း သည်းခံရတယ်။ ဖြစ်ပေါ်လာတဲ့ ပြစ်မှားမိမှုကို လူသိမှာ စိုးလွန်လွန်းလို့ ခုလို ဖွင့်ပြော ဖွင့်ရေးဖို့ မဆိုထားနဲ့၊ ဖြစ်စဉ် ခဏမှာ ကာယိနြေ္ဒပျက်မှာကိုတောင် မပျက်ရအောင် ထိန်းချုပ်လိုက်ရသေးတယ်။ ဒါဟာ ခု ကျွန်မတို့ လူ့ဘောင်ရဲ့ ယဉ်ကျေးမှု အခြေခံပဲ။ ဒါဟာ ကျွန်မတို့ လူ့အဆောက်အအုံ တည်မြဲရေးရဲ့ အုတ်မြစ်ပဲ။

ကျွန်မတို့ လူမျိုးက တစ်လင်တစ်မယား စနစ်၊ တစ်အိုးတစ်အိမ် စနစ် မဟုတ်လား။ ယောကျာ်းနဲ့ မိန်းမ အိမ်ထောင်ဖက်ရယ်လို့ ရွေးချယ်လိုက်ပြီဆိုမှဖြင့် ဒီအိမ်ထောင်ဖက်နဲ့ပဲ ရိုးမြေကျ သေတစ်ပန် သက်ဆုံး ထင်းပုံခေါင်းချ ပေါင်းဖက်ရတယ်။ တစ်လင်မကောင်းလို့၊ တစ်လင်ပြောင်းတာမျိုး၊ စလယ်ဝင် ဖင်မမည်းခင် ကွဲရချက်မျိုး၊ သုံးကျောင်းပြောင်းသော ရှင် သုံးလင်ပြောင်းသော မိန်းမမျိုးကို ရှုတ်ချတာ။ ယောကျာ်းကောင်း မောင်းမတစ်ထောင် ဆိုတာလည်း ပဒေသရာဇ်စိတ်ထား၊ တစ်မယားက နှစ်မယား မျက်နှာများတဲ့ ယောကျာ်းကို ရှုတ်ချတယ်။ ယူထားတဲ့ မိန်းမကို မယားမှတ်မှတ် သားမှတ်မှတ် လုပ်ကျွေးပါမှ လင်ကောင်းတစ်ယောက်ရယ်လို့ သတ်မှတ်တယ် မဟုတ်လား။

အရင်းရှင် လူ့ဘောင်ကြီးမှာတော့ ခုတလော အင်မတန် ဖောက်ပြန်တဲ့ လူနေမှုတွေကို တီထွင်နေကြတယ်။ ပဒေသရာဇ်က လင်ကောင်ဖော်လို့ ရသေးတယ်။ ဒီခေတ် အရင်းရှင်လူ့ဘောင်မှာ လင်ကောင်တောင် မဖော်ကြတော့ဘူးလို့ ဆိုတဲ့အထိ ဖောက်ပြန်လာနေပါတယ်။ သူတို့ဆီမှာ လင်ရယ် မယားရယ်လို့ မကြေညာတော့ဘဲ ပေါင်းသင်းတယ်၊ အိုးရယ် အိမ်ရယ်လို့ မထူထောင်တော့ဘဲ ယောကျာ်းနဲ့ မိန်းမ ပျော်သလို နေတယ်၊ ပျော်သလောက်ပဲ အတူနေကြသတဲ့၊ လက်ထပ်တယ်ဆိုတာ အလကား ချည်နှောင်မှုမို့ မလုပ်ကြတော့ဘူးတဲ့၊ သားသမီးလည်း လိုမှယူ၊ မလိုရင် မယူဘူး၊ မယူဘဲ ရပြန်ရင်လည်း လက်မခံဘူးတဲ့။ အလေလိုက်တဲ့သဘော ပျော်သလောက် ပေါင်းနေကြတာကိုသာ ကျင့်သုံးကြသတဲ့။ ယောကျာ်းနဲ့ မိန်းမ ဒီလို ပျော်သလိုနေတာမျိုးကို လင်မယား မခေါ်ရင် ဘာခေါ်သလဲမေးတော့ `Living Together´ `အတူနေကြခြင်း´ လို့ ခေါ်သတဲ့။

အဲဒီ နောက်ဆုံးပေါ် ယဉ်ကျေးမှုဟာ လူ့လောကကို အခြေကစပြီး ဖျက်ဆီးတဲ့ ခြေလှမ်းမျိုး မဟုတ်လား။ လူ့ အဆောက်အအုံရယ်လို့ မရှိတော့ဘဲ အားလုံးဟာ လူ့အလေ့ကျ လူ့သစ်ခေါင်းပေါက်တွေ ဖြစ်ကုန်အောင် ရွယ်လာတဲ့ ခြေလှမ်းမျိုး မဟုတ်လား။ ဒီယဉ်ကျေးမှုမျိုး၊ ဒီခေတ်မီမှုမျိုးကို ကိုယ့်ဆီမှာ မသီလာ မကပ်လာအောင် လုပ်ဖို့ဟာ စာပေသမားတွေမှာ တာဝန်ကြီး ရှိပါတယ်။ ခုတော့ `ရင်ခုန်သံ´ ဆိုတဲ့ အဖွဲ့အဆိုတွေနဲ့ ၀တ္ထုတွေက လူငယ်တွေကို မတော်ရာမှာ အားပေးအားမြှောက်ပြုသလို ဖြစ်နေပါတယ်။ ကိုယ့်စိတ်ထဲ ဖောက်ပြန်တာကိုပဲ အဟုတ်ကြီးလုပ်ပြီး စာဖွဲ့နေကြပါတယ်။ ဒီစာမျိုးတွေကို ဆရာဦးယော ကလောင်က ဟိုလွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်ကတည်းက စာနု စာပျော့တွေကမို့ မရေးသားအပ်ဖူးလို့ ထောက်ပြခဲ့ရှာပါတယ်။

ဆရာဦးယော သေဆုံးခါနီး လေးငါးနှစ်မှာတော့ အိုမင်းလာပြီး ကျန်းမာရေး ချို့တဲ့လာလို့ စာတွေ မရေးနိုင်ရှာတော့ဘူး၊ ငယ်တုန်းရွယ်တုန်း ထက်မြက်တုန်းကတော့ ဆရာ့မှာ ရေးစရာတွေက များလွန်းလို့ တစ်ခါတလေများ လက်နှစ်ဖက်နဲ့တောင် ရေးလိုက်ချင်လောက်အောင် မချင့်မရဲ ဖြစ်ခဲ့ရသတဲ့။ ခုတော့လည်း ဒီကလောင်ဟာ ရပ်နား အငြိမ်းစားယူသွား ရရှာပြီ။ သေခြင်းတရားကိုး၊ ဘုရားရဟန္တာသော်မှ မလွန်ဆန်နိုင်ဘဲကလား။ နို့ပေမဲ့ လွမ်းလောက်တဲ့ ကလောင်တစ်ချောင်းမို့ လွမ်းပါတယ်။

ဆရာဦးယောကို သူစိုင်းနှင်သွားတဲ့ ကလောင်အတွက်သာ မကဘဲ၊ သူမကြေညာဘဲ ရွက်ဆောင်သွားတဲ့ တာဝန်ကြီး တစ်ခုအတွက်လည်း ကျွန်မတို့တစ်တွေက ဆရာ့ကို ကျိတ်ပြီး ကျေးဇူးတင် သာဓုခေါ်ရပါသေးတယ်။ အဲဒါကတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ပါရမီကို ကူညီ ဖြည့်စွမ်းသွားမှုကြီးပါ။

ဆရာဦးယောက ၁၉၀၀ ပြည့်နှစ်ဖွား၊ အသက် (၂၀) အရွယ်မှာ ပြည်မြို့ အစိုးရ အထက်တန်းကျောင်းမှာ ဆရာက (၁၀) တန်းကို မြန်မာတစ်ပြည်လုံးမှာ ခြောက်ယောက်သာရတဲ့ သုံးဘာသာ ဂုဏ်ထူးနဲ့ အောင်ခဲ့တယ်။ ဆရာတို့ (၁၀) တန်းအောင်တော့ သူငယ်ချင်း မောင်မောင်ကလေးက ဆရာ့ကို ရန်ကုန် ခေါ်လာတယ်၊ မောင်မောင်ကလေးက မြန်မာအဆွေသူဌေး ဦးဘညွန့်ရဲ့ ယောက်ဖ၊ ဒါကြောင့် ရန်ကုန်ရောက်တော့ မြန်မာအဆွေတိုက်က ထုတ်ဝေဖို့ စိုင်းပြင်းနေတဲ့ ဒဂုန် မဂ္ဂဇင်းမှာ ဆရာ့ကို အယ်ဒီတာလုပ်ဖို့ တစ်လ (၅၀) ကျပ်နဲ့ အလုပ်ခန့်သတဲ့။ မြန်မာအဆွေက ဒဂုန်မဂ္ဂဇင်း ထုတ်ဝေမယ်ဆိုတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အယ်ဒီတာ လုပ်ပေးဖို့ ပြောပါတယ်။ ဆရာကြီးက အဲဒီအချိန်မှာ ယူနီဗာစီတီကို သပိတ်မှောက်ပြီး တော်လှန်ထူထောင်တဲ့ အမျိုးသားကောလိပ်မှာ ဆရာလုပ်ချင်လို့ သူရိယသတင်းစာက အလုပ်ထွက်လာတဲ့ အချိန်ပေါ့။ ဒဂုန်က ဆရာကြီးကို ခေါ်တော့ ဆရာကြီးက သူတိုက်ထိုင် အယ်ဒီတာတော့ လုပ်မပေးနိုင်ဘူး၊ ပဲခူးကျောင်းဆရာ ကိုဘိုးသစ်ကို သူ့အစားခေါ်၊ ကိုဘိုးသစ်ဟာ ကဗျာမှာလည်း တော်တယ်၊ စာအရေးအသားလည်း ကောင်းတယ်၊ ဆရာကတော့ ဆောင်းပါး ကဗျာ စတာတွေ ရေးပေးပြီး ကူမယ်လို့ ပြောတယ်။ ဒါကြောင့် ဒဂုန်က ဆရာကြီး ညွှန်ကြားတဲ့ ဦးဘိုးသစ်ကိုပဲ တိုက်ထိုင် အယ်ဒီတာအဖြစ် ခေါ်တယ်။ ဆရာဦးယောကတော့ လက်ထောက် အယ်ဒီတာပေါ့။

အဲဒီမှာ ဦးယောဟာ ဆရာကြီးဆီကို မကြာမကြာသွားပြီး ဆောင်းပါးတောင်းရတယ်။ ဒဂုန်အတွက် ဆောင်းပါးတောင်းရင်းက ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ဦးယော သိကျွမ်းခင်မင် သွားကြတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဒီအချိန်မှာ သားသမီး (၅) ယောက်နဲ့ မုဆိုးဖိုဘ၀၊ လူက အင်မတန် တက်ကြွတဲ့ အသက် (၃၀) ကျော်အရွယ်၊ ကလောင်က ထက်တုန်း၊ ပြည်သူတွေကလည်း နယ်ချဲ့ထမ်းပိုးအောက်က ထွန့်ထွန့်ထူး ရုန်းကန်လှုပ်ရှားနေတုန်း အချိန်မျိုး။ အဲဒီလို အချိန်မျိုးမှာ ဆရာကြီးနဲ့ ဆရာဦးယောနဲ့ တွေ့ကြ ဆုံကြ ခင်မင်သိကျွမ်းကြတာပဲ။ ဦးယောက အသက် (၂၀) ကျော်၊ ရုပ်ရည်ကလည်း မသောက်မစား၊ မကစားတတ်တဲ့အပြင် သဘောသကာယ အလွန်ကောင်းတဲ့ သူငယ်၊ ရိုးတယ် အေးတယ် ဆိုတာက လူကြည့်ရုံနဲ့ ပေါ်နေတဲ့ ရုပ်မျိုး။ ဒါတွေ အားလုံးအပြင် စာရေးဆရာကလေး တစ်ယောက် ဖြစ်နေလေတော့ ဆရာကြီးက သူ့ခယ်မများနဲ့ တိုင်ပင်ပြီး မောင်ယော (၂၃) နှစ်၊ သူ့သမီး အကြီးဆုံး မမြရီ (၁၉) နှစ် အရွယ်မှာ လက်ထပ်ထိမ်းမြား ပေးလိုက်တယ်။

ဆရာယောနဲ့ မမြရီတို့ လက်ဆက်ကြတယ် ဆိုတော့ တနင်္ဂနွေသားနဲ့ ဗုဒ္ဓဟူးသမီးမို့ ဗေဒင်အရ မပေးစားပါနဲ့၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးဟာ အုံးတောင် မနွေးဘူး၊ ခေါင်းအုံးနွေးအောင် မပေါင်းရတတ်ဖူး၊ အိမ်ထောင်ဖက် တစ်ယောက်ယောက် သေတတ်တယ်လို့ ဖျက်တဲ့သူက ဖျက်သတဲ့။ နို့ပေမဲ့ သူရိယတိုက်က ဦးငြိမ်းဆိုတဲ့ ဗေဒင်ဆရာကြီးကတော့ ကိစ္စမရှိပါဘူး။ ပေးစားပါလို့ ပြောသတဲ့။ ဆရာဦးယောက `သူတို့က အုံးတောင် မနွေးဘူး ဆိုပေမဲ့ ခုတော့ ဆရာတို့ အိမ်ထောင်သက် အနှစ် (၅၀) ကျော်ပါပြီ´ လို့ ရယ်ကာမောကာ ပြောဖူးပါတယ်။ ဆရာကြီးက အဲဒီအချိန်က စပြီး ဆရာဦးယောတို့နဲ့ သေတစ်ပန် သက်တစ်ဆုံး နေသွားတာပါပဲ။ ဆရာကြီး သမီး ဒေါ်မြရီက `အဖေဟာ သမီးအိမ်ထောင်ချပေးပြီး ကတည်းက သူလုပ်ချင်ရာတွေကို တစ်သက်လုံး လုပ်သွားတော့တာပဲ´ တဲ့။

ဆရာကြီးက လူမမည် သားသမီး (၅) ယောက် ကျွေးမွေးပြုစုရတဲ့ တာဝန်ကို အိမ်ထောင်သည် သမီးကြီးနဲ့ စိတ်သဘောကောင်းတဲ့ သမက်လက်ကို စိတ်ချလက်ချ အပ်ထားလိုက်တဲ့ သဘောပါပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ အိမ်ထောင့်တာဝန်၊ သားသမီးတွေကို လုပ်ကျွေးပြုစုရတဲ့ တာဝန်တွေကို သမက်ကြီးနဲ့ သမီးကြီးလက်မှာ စိတ်ချလက်ချ အပ်ထားပြီးကတည်းက အမျိုးသားရေး လုပ်ငန်းတွေကို ကျွတ်ကျွတ်လွတ်လွတ် လုပ်သွားတော့တာပဲ။

ဆရာကြီးမှာ အသက် (၃၀) ကျော်အရွယ်နဲ့ မုဆိုးဖိုဘ၀ ရောက်ရပြီး ဥမမည် စာမမြောက် သားသမီး (၅) ယောက် ကျန်ခဲ့တာကို သံယောဇဉ်ကြီးတဲ့ ဖခင်တစ်ယောက်အနေနဲ့ သားသမီးတွေရဲ့ ကရိကထကို နောက်အိုးနောက်အိမ် မထူထောင်ဘဲ တစ်ယောက်တည်း ကြဲခံခဲ့တယ်ဆိုတာ နည်းတဲ့မေတ္တာ၊ နည်းတဲ့ သတ္တိ မဟုတ်ပေဘူး။ နို့ပေမဲ့ ဒီတာဝန်တွေကို သမက်ကြီး ဦးယောနဲ့ သမီးကြီး မမြရီတို့က အဖေ့ထမ်းပိုးကို ကူးပြောင်းလို့ ယူလိုက်ကြတော့ ဆရာကြီးရဲ့ ပါရမီကို ဆရာဦးယော ကူညီဖြည့်ဆည်းပုံကလည်း မနည်းဘူးပေါ့။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ကျွန်မတို့က နေရေးထိုင်ရေးနဲ့ ပတ်သတ်လို့ မေးတဲ့အခါ ဆရာကြီးက သူအခုနေတဲ့ အိမ်အမှတ် (၅) ကလည်း သူ့အိမ် မဟုတ်ပါဘူး။ ဦးယောအိမ်ပါတဲ့။ သူနေတဲ့ စမ်းချောင်းရပ် ချမ်းသာလမ်း ကလည်း ပဲပြုတ်သည်တွေ အများကြီးရှိတဲ့ လမ်းပါတဲ့၊ ဆရာကြီး အချိန်တန်လို့ နှိုက်စားတဲ့ ထမင်းကလည်း သမီးကြီးက ကျွေးတဲ့ ထမင်းပါပဲပေါ့။

ဆရာဦးယောက ပထမဆုံး ဒဂုန်မဂ္ဂဇင်း၊ နောက်တော့ ဇေယျသတင်းစာ၊ လန်ဒန်အတ်မဂ္ဂဇင်း၊ ဗြိတိသျှဘားမားမဂ္ဂဇင်း၊ ဓူဝံမဂ္ဂဇင်းတို့မှာ ရေးတယ်။ နောက် သူကြီးဂေဇက်မှာ (၉) နှစ်ကြာ လုပ်တယ်။ နောက် ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးဝန် လုပ်တယ်။ အဲဒီက ပင်စင်ယူပြီး အသက် (၈၀) နားအထိ စာရေးသွားတာပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၁၉၆၄ ခုနှစ်က အနိစ္စရောက်တော့ ဆရာဦးယော အသက် (၆၄) နှစ် အရွယ်မှာပဲ ရှိပါသေးတယ်။ ဒါကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ပါရမီကို ကူညီဖြည့်တင်းသွားတဲ့ ဆရာဦးယောလို့လည်း နှောင်းလူတွေက ဆရာဦးယောကို ဂုဏ်ပြုမှတ်တမ်း တင်ရမှာပါ။

လူထု ဒေါ်အမာ

မြရည်နန္ဒာ မိတ္ထီလာမဂ္ဂဇင်း၁၉၈၄ ဖေဖော်ဝါရီ

No comments:

Post a Comment