တရံရောအခါ ကလောင်အမည် “ဖူးပုရစ်” အမည်ခံ စာဆိုတော်တစ်ဦးသည် မိမိ ထုတ်လတ္တံ့သော ပထမ ကျမ်းစာအုပ်အတွက် နိဂုံးကို ရေးသားနေစဉ်၊ နိုင်ငံကျော် စာရေးဆရာတစ်ဦးသည် အနီးသို့ ချဉ်းကပ်၍ “ဖူးပုရစ်” ၏ အင်္ကျီစကို ဆွဲပြီးသော် “ဟေ့ သူငယ်၊ မင့် ကဗျာတွေ ပုံမနှိပ်နှင့်လကွာ” ဟု ငေါက်ငမ်းလေသည်။
“ကျွန်တော့် ကဗျာတွေက မကောင်းလို့လား ခင်ဗျာ။”
“မကောင်းဘူးလို့ ဆိုရအောင် မင့်ကဗျာကို ငါ မဖတ်ဖူးသေးဘူး လဟ။ မင့်ကဗျာကို ဖတ်လဲ မဖတ်ချင်ပေါင်ကွာ။ ကောင်းလိမ့်မယ်လို့တော့ ငါက တပ်အပ်ပြောရဲပါရဲ့။ ဒါပေမင့် ပုံမနှိပ်နဲ့လကွာ။”

“ဘာကြောင့်ဆိုတာ အမိန့်ရှိပါဦး ခင်ဗျာ။”
“မင့် စာတွေ ပုံနှိပ်ပြီး စာအုပ်လဲ ထွက်ကရော၊ စာဆိုတော်ကြီးလို့လဲ လူတွေက သမုတ်ကရော၊ မင့်မှာလဲပဲ အသေကောင်ထဲ ဖုတ်ဝင်သလို့ ဖြစ်ကရောလို့ မှတ်လိုက်ပေတော့။”
“ဒါဖြင့် ဦးဟာ ဖုတ်ကောင်ကြီးပေါ့။”
“ဟဲ့ ဖုတ်ပြိတ္တာထက် ဆိုးလိမ့်မပေါ့လကွာ။ ငါဟာ တေးတို့၊ ကဗျာတို့၊ လင်္ကာတို့၊ ပုံဝတ္ထုတို့၊ ပြဇာတ်တို့ အပြင် ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ကို ရေးဖူးသပေါ့ မောင်ရယ်။”
စာဆိုပေါက်စ တက်လူကလေးသည် ၀ါရင့်သော သုခမိန်ကြီး၏ စကားကို နားရှိ၍သာ ဆတ်ဆတ်ကြားရသည်။ ပါးစပ်က အဟောင်းသားနှင့်။ စာဆိုတော်ကြီးမှာမူကား အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ရှုံ့မဲသော မျက်နှာထားဖြင့် အောက်ပါစကားတို့ကို ဆိုလေသတည်း။
“စာဆိုတော်ဆိုတဲ့ လူများဟာ ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ ပညာရှိပီသခြင်းဆိုတဲ့ ဂုဏ်အင်္ဂါများနဲ့ ညီတာတော့ မှန်ပါရဲ့။ နို့ပေမင့် ဒါတွေဟာ ငတ်ဆေးဖော်တာလဟ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကဆိုရင် စာဆိုတော်အင်္ဂါနဲ့ ပြည့်စုံသူတွေဟာ သူတပါးထံမှ ငွေတစ်ဆယ်စ ငါးကျပ်စ ချေးပြီးတော့ ငွေချေးသူကို မေ့စတမ်းပေါ့။ အိမ်လခပူရင် အိမ်ရှင် မသိအောင် တိတ်တိတ် ထွက်ပြေးတတ်တဲ့ လူမျိုးကလား။ ခေါင်းပေါင်းတို့၊ ဘုံဘိုရေ ဖိနပ်တို့ကို အကြွေးဝယ်ပြီး အိပ်မက်ထဲမှာတောင် ပြန်မဆပ်တဲ့ လူစားတွေပေါ့။ တစ်ဦးက တစ်ဦးကို ပြုအပ်တဲ့ ပြည်သူ့ကျင့်ဝတ်ထဲမှာ စာရေးဆရာတွေ အကြွေးယူ ငွေချေးတာတွေဟာလဲ ပြည်သူ့ဝတ္တရား တစ်ခုပဲလဟ။
ကိုင်း အခု ဒီခေတ်မျိုးက လွန်ခဲ့ပြီဆိုပါတော့။ ဟော ဒီတော့ကာ စာဆိုတော် အလုပ်ဟာ ဂုဏ်နဲ့ ဒြပ်နဲ့ ဖြစ်လာပါလေရော။ ခေါင်းပေါင်း ဆီချေးစော်နံကို ဘိုသီဘတ်သီပေါင်းတဲ့ စာဆိုတော်ဘ၀က ဆံပင်ကို ကြော့အောင်ဖီးတဲ့ စာဆိုတော်ဘ၀ကို ရောက်ပါပြီ။ ဘုံဘိုင်ရေ ဖိနပ်စီး၊ အိမ်တော်ရာ ထီးစုတ်ကို ချိုင်းကြားညှပ်လို့မို့ ဆေးပေါ့လိပ့်ဖွာရတဲ့ခေတ်ကို ကျော်လွန် လာပြီးတဲ့နောက် သားရေပြောင် ဖိနပ်စီးလို့၊ စီးကရက် လက်ကြားညှပ်တဲ့ ခေတ်ကို ရောက်လာပြန်ပေါ့ကလား။ အဲဒီတော့ ၀တ္တရား သိတတ်တဲ့ တိုင်းသူပြည်သားကောင်း တစ်ယောက် ဖြစ်လာပြီမို့ လင်ဆိုတဲ့ လင်ကောင်း၊ မိဘဆိုလဲ အတုယူအပ်တဲ့ မိဘကောင်းဘ၀ကို ရရှိပြီး စာဆိုတော် အဖြစ်ကို မော်ကွန်းထိုးနိုင်တဲ့ အခြေစိုက်လာပါကရော။ သားမယားကို ကျွေးမွေးနိုင်ပြီ။ သူတို့ စိတ်ချမ်းသာအောင် ထားနိုင်ပြီ။
ကြည့်လေ။ အခု ငါ့ သားသမီးတွေကို အိမ်မှာ ဆရာမငှားပြီး စာသင်ပေးနေတယ်။ ပြီးတောလဲ ငါ အခုဆိုရင် သင်းတို့ကို စာပေကျမ်းဂန်ဆိုတာ နားမျှလေသံ မကြားရအောင် အုပ်အုပ်ဆိုင်းဆိုင်းနဲ့ သင်ပေးထားသကွဲ့။ ကြည့်လေ။ အခု ငါဟာ ငါ့ ဦးလေးတစ်ယောက်ကိုတောင်မှ ငွေတစ်ထောင် မ ထားနိုင်ပြီကွဲ့။ ဒီလို မ ထားလျက်နဲ့က သူက ငါ့ကို တစ်ပြားမှ ပြန်မဆပ်သည့်တိုင်အောင် သူက ငါ့ကို ဒီလို လုပ်ရပါ့မလားလို့ မိကျောင်းမင်း ရေကင်းပြသလို ငါက ဆုံးမစာ မရေးခဲ့ပါဘူး။ ဘာအတွက် ရှိမှာလိုက်လို့ကွာ။ ဒါပေမယ့် ငါ့ကို ကြည့်လဟ၊ ဖုတ်ဘ၀က မတက်သေးဘူး။”
“ဟေ့ ဒီမလေ လူချင်းတူပါလျက်ကနဲ့ လူလို မနေနိုင်တာ မနေရတာဟာ ဖုတ်ပြိတ္တာ ဘ၀ကြီးပေါ့လဟ။ လူများတန်းတူ ချစ်စရာရှိရင် ချစ်၊ မုန်းစရာရှိရင် မုန်းပြီး၊ ခံစားစရာရှိရင် ခံစားလို့မို့၊ စံစားစရာရှိ မစံစားနိုင်တာတွေဟာ လူ့ဘ၀ရယ်လို့ ဆိုရမလား။ စာဆိုတော်ဘ၀ဟာ ဒီလို မဟုတ်ဘူး။ ကိုယ့်လောကသာ မဟုတ်၊ သူတစ်ပါးလောကကိုပါ ထည့်ပြီး မှတ်ရတယ်၊ စဉ်းစားရတယ်၊ ပိုင်းခြား ဝေဖန်ပေးရတယ်။
ဤအကြောင်းကြောင့် ဤအကျိုးပါလားဟဲ့လို့ ဆိုပြီး ပဋိစ္စသမုပ္ပါဒ်တွေကို စေ့စေ့ငုငု ဆင်ခြင်ရသဟ။ ဘာကြောင့် ဘယ်လိုဖြစ်ရတယ်ဆိုတာ မှတ်သားရသဟ။ အကြောင်းချင်တ ဟူသမျှက စိတ်ကို ဘယ်လို ပီတိဖြစ်စေသလဲ။ ဘယ်လို ဖန်တီးစေသလဲ။ အဲဒီလို ကြံဆရသေးသဟ။ သူများနည်းတူ ရိုးရိုးတန်းတန်း ၀မ်းသာစရာရှိရင် ဟက်ဟက်ပက်ပက်၊ ၀မ်းနည်းစရာရှိရင် လှိုက်လှိုက်လှဲလှဲ၊ အဲသလို မဖြစ်နိုင်တော့ဘူးလကွဲ့။ ငါ့တို့ဟာ ၀ိညာဉ်မဲ့ သတ္တ၀ါတွေ ဖြစ်လာပြီဟေ့။ ဒါကြောင့်မို့ လောကရဲ့ ထုံဝတ်ရည်ကို လိပ်ပြာလို ခုန်ကူးပျံသန်းပြီး မလျက်နိုင်တော့ဘူးလဟ။ သုခ ဒုက္ခဆိုတာကို ကြုံရတဲ့အခါ ဒီ သုခ ဒုက္ခဆိုတဲ့ ဝေဒနာတွေကို ဘယ်လို ခံစား စံစားရမှန်းတောင် မသိတော့ဘူး။ ဘယ့်နှယ်လုပ် ခံစားနိုင်ပါ့မတုန်း။
ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ မျှော်လင့်တောင့်တခြင်း၊ ကြေကွဲခြင်း၊ ပူဆွေးခြင်း၊ ၀မ်းသာခြင်းဆိုတဲ့ ဖသော ဖဿတွေကို အကိုးအကားနဲ့ ဆန်းစစ်နေရတာကိုး။ ရည်းစားနဲ့ ချိန်းထားရာမှာ ရည်းစားကို မတွေ့လိုက်ရလို့ ရင်ထဲ ဆွဆွခုန်မိရင် ဒီစိတ်ဟာ လောဘမူစိတ်လား၊ ဒေါသမူစိတ်လား ဆိုပြီး၊ စိတ်တစ်ခုယုတ်ကိုးဆယ်၊ အကျယ် တစ်ရာနှစ်ဆယ့်ရှစ်ပါးတွေကို သွားပြီး တွေးမိတယ်သကွဲ့။
ကိုယ့်ချစ်သူကို ကိုယ့်ရင်ထဲ မွှေ့ပြီး ပွေ့ပိုက်ယုယ နမ်းရှုပ်လိုက်တဲ့အခါများမှာ စိတ် စေတသိက်တွေကို သရုပ်ခွဲပြီး ၀ိပ္ပယုတ်လား၊ သမ္ပယုတ်လားနဲ့ စဉ်းစားလိုက်ရတာ နမ်းရတဲ့ အရသာဆိုတာ ဘယ်ပျောက်သွားသလဲ မပြောတတ်တော့ဘူး။ ရယ်စရာ မောစရာ ပူဆွေးစရာ တွေ့ရတဲ့ အခါများမှာတောင်မှပဲ ရယ်ရန် သင့်မသင့်၊ ငိုရန် တော်မတော်၊ မြှော်ခေါ်တွေးတောနေရတာနဲ့ ရယ်စရာလား၊ ငိုစရာလား မမှတ်မိတော့ဘူး။ တစ်ခါတစ်ခါ ပိဋိကတ်သုံးပုံနဲ့ အချစ်ဋီကာကိုတောင် အမှားမှား အယွင်းယွင်း ဖြစ်မိတယ်။ သမီးရည်းစား ချစ်ဇောသန်နေတုန်း ရည်းစားက ရှင် ကျွန်မကို သေတဲ့အထိ ချစ်ကဲ့လား လို့ ညုလိုက်တဲ့ အခါများမှ၊ အမှယောဂနဲ့ တုမှယောဂ အလွဲလွဲပြောမိလို့ ယောဂချင်းများ မှားနေရော့သလားလို့ အောက်မေ့ရတာနဲ့ သောက်လွဲတွေ ဖြစ်ကုန်ပါကရော။
စာပေတဲ့၊ ကျမ်းဂန်တဲ့ ထွီ ရွံစရာကြီးပါလကွယ်။ ဟောဒီ ငါတို့ရဲ့ ခန္ဓာကိုယ် အတ္တဘောကြီးက ခံစားရတဲ့ အာရုံငါးပါးနဲ့ စပ်လျဉ်းလာတဲ့ အခါမှာတောင်မှ ငါတို့ဟာ စာပေကျမ်းဂန်နဲ့ ကင်းပြီး မတည်နိုင်ဘူးလကွဲ့။ ဒါကြောင့် ငါတို့မှာ ငါတို့ရဲ့ အသက်မရှိဘူး။ ငါတို့ရဲ့ လောကဟာ ကဗျာ့လောက၊ ၀တ္ထုလောက၊ ပြဇာတ်လောက၊ ဂန္တလောက ဖြစ်နေပြီ။ ငါ အနှစ်သုံးဆယ်လုံး ကြိုးကြိုးပမ်းပမ်းနဲ့ ထူထောင်ခဲ့ရတဲ့ နိုင်ငံကျော်ဘ၀ကို ငိုစရာရှိရင် သြော် ငါ ငိုနေတာပါကလားလို့ ကိုယ့်စိတ်ကို ကိုယ် သရုပ်မခွဲပါဘဲ လှိုက်လှိုက်လှဲလှဲ ငိုပစ်ရတဲ့ တဒင်္ဂ အချိန်ကလေးနဲ့ လဲလိုက်ချင်ပါဘိ လကွာ။”
မောင်ထင်
၁၉၃၆ ခုနှစ်

No comments:
Post a Comment