ဘဝ အဓိပ္ပာယ်သည် ရှာဖွေရန် မဟုတ်
ကျွန်တော် သည် ဒဿနဗေဒကို ၁၉၅၀ ပြည့်နှစ်က စတင်၍ လေ့လာခဲ့၏။ စာအုပ်ပေါင်းများစွာ ကိုလည်း ဖတ်ခဲ့ပြီး ဖြစ်ပါသည်။ သို့သော် ဒဿန ဗေဒ ကျမ်းများကို ဖတ်ရသည်မှာ အခြားသော ပညာရပ်များနှင့် ပတ်သက်သော ကျမ်းများကို ဖတ်ရသည် နှင့် မတူပါ။ ဥပမာ - ကျွန်တော်တို့သည် ပုဂံ သမိုင်းကို ဖတ်သည် ဆိုကြပါစို့။ ထိုသို့ ပုဂံ သမိုင်းကို ဖတ်သောအခါ ပုဂံ သမိုင်း နှင့် ပတ်သက်သော အချက် အလက် များကို သိရ၏။ ထိုသို့ သိသောအခါ ပုဂံ သမိုင်းနှင့် ပတ်သက် ၍ ပြောရာတွင် မိမိကိုယ် မိမိ ယုံကြည်ချက် ပိုမို ရှိလာသည်။
ဒဿန ကျမ်းများကို ဖတ်သော အခါ၌မူ ထိုသို့ မဟုတ်ပေ။ ပထမ ဒဿန ဗေဒ ကျမ်း တစ်စောင် နှစ်စောင်ကို ဖတ်မိသော အခါ မိမိသည် ဒဿန ဗေဒကို နားလည်သည် ဟု ထင်လာ၏။ ထို့နောက် ဒဿန ကျမ်းများကို ဆက်၍ ဆက်၍ ဖတ်လာသော အခါ မိမိသည် ဒဿန ဗေဒကို နားမလည်သေး ပါလား ဟု မြင်လာ၏။ ထိုထက် ပို၍ ဖတ်သောအခါ တစ်ဖန် မိမိသည် ဒဿန ဗေဒ ကို နားလည်သည်ဟု အထင် ရောက်လာ၏။ ထို့ထက် ပို၍ ဖတ်သော အခါ မိမိသည် ဒဿန ဗေဒ ကို နားမလည်သေးပါလား ဟု မြင်လာပြန်သည်။
ထို့ပြင် ဒဿနဗေဒ ကျမ်းတစ်စောင်ကို ဖတ်ရသော အခါ စာပိုဒ် တစ်ခုတည်းကိုပင် တစ်ခါတစ်ရံ အဖန်တလဲလဲ ဖတ်ပါမှ ရေးရေး နားလည်လာသည်ဟု ထင်ရသည်။ အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်ရ ပါသနည်း။ ကျွန်တော် နားလည်သလောက် ဤကဲ့သို့ ဒဿန ဗေဒ၌ ဖြစ်ရသည်မှာ ဒဿန ဗေဒသည် အချက်အလက်များ အကြောင်း ကို အဓိက ထား၍ မပြော။ ထိုအချက်အလက် များနှင့် ပတ်သက်၍ ကောက်ယူသော အဓိပ္ပာယ်၊ ကောက်ယူပုံကိုသာ အဓိက ထား၍ လေ့လာသောကြောင့် ဖြစ်သည်။
ဥပမာ - Existentialist တစ်ဦး ဖြစ်သော ကမူး (Camus) ကို ကြည့်ကြပါစို့။ သူသည် ပြင်သစ် လူမျိုး ဖြစ်၍ ဒုတိယ ကမ္ဘာ စစ်ကြီး ပြီးသည့်နောက် The Stranger, The Outsider, The Plague စသော ဝတ္ထုများကို ရေးသားခဲ့ဖူးသူ ဖြစ်သည်။ သူ၏ ဦးတည်ချက်မှာ "ဘဝ" ဆိုသည်မှာ အနှစ်သာရ ကင်းမဲ့ သည် ဟူသော အချက်ကို လူအများ ခံစားလာ ရအောင် ဤဝတ္ထုများကို ရေးသားခဲ့ခြင်း ဖြစ်၏။
သူ၏ အကျော်ကြားဆုံး စာအုပ်မှာ "The Myth of Sisyphus" ဟူသော စာအုပ် ဖြစ်သည်။ ဤ ဒဏ္ဍာရီ ပုံပြင်တွင် Sisyphus သည် သူ့တစ်သက်တာလုံး အလုပ်တစ်ခု ကိုသာ လုပ်ခဲ့သူ ဖြစ်၏။ ယင်းမှာ ကျောက်ခဲကြီး တစ်လုံးကို တောင်အောက် မှ တောင်ပေါ်သို့ တင်၏။ တောင်ပေါ် မှ ယင်းကျောက်ခဲကြီးကို လှိမ့်ချ၏။ ထို့နောက် ယင်းကျောက်ခဲကြီး ကိုပင် တောင်အောက်သို့ ဆင်း၍ Sisyphus သည် ပြန်ယူ၏။ တောင်ပေါ်သို့ တက်ပြန်၏။ ထို့နောက် ထိုကျောက် ခဲကြီး နှင့် အတူ တောင်ထိပ် သို့ ရောက်သော အခါ တောင်အောက်သို့ တစ်ဖန် ယင်းကျောက်ခဲကြီးကို လှိမ့်ချပြန် ၏။ Sisyphus သည် သူ့တစ်သက်တာ တွင် ဤအလုပ်မှ တစ်ပါး မည်သည့် အလုပ်ကိုမျှ မလုပ်ပေ။
ကျွန်တော်တို့၏ ဘဝသည်လည်း အလားတူ ဖြစ်၏။ မွေးလာသည်နှင့် ကလေး အရွယ်တွင် ရှိနေဆဲမှာပင် မူလတန်းတွင် စာလိုက်နိုင်ရန် မူလတန်းကြို ကျောင်းကို တက်ရ၏။ မူလတန်း သို့ ရောက်သော အခါ အလယ်တန်း၌ ကျောင်းသား တစ်ယောက် ဖြစ်လာရန် ပြင်ဆင်ရပြန်၏။ အလယ်တန်းသို့ ရောက်သော အခါ အထက်တန်း၌ ကျောင်းသား တစ်ယောက် ဖြစ်ရန် ပြင်ဆင် ရပြန်၏။
အထက်တန်းသို့ ရောက်သောအခါ တက္ကသိုလ်တွင် မိမိ လိုချင်သော ဘာသာရပ်ကို သင်ကြားခွင့် ရစေရန် ကြိုးစား ပြင်ဆင် ရပြန်၏။ တက္ကသိုလ် သို့ ရောက်သောအခါ အဆင့် အတန်း မြင့်မြင့် အောင်စေရန် ကြိုးစား ရပြန်၏။ အလုပ်အကိုင် ကောင်း တစ်ခုခုကို ရသော အခါ အိမ်ထောင်ပြုရန် ပြင် ရပြန်၏။ အိမ်ထောင်ပြုပြီး သောအခါ သားသမီးများ အား ပြုစု ပျိုး ထောင်ပေး ရန် ပြင်ဆင်ရပြန်၏။ ဤသို့ဖြင့် ပင်စင် သက် နီးလာသောအခါ တမလွန် ဘဝ ကောင်းစားရေး အတွက် ပြင်ဆင်ရပြန်၏။
လူတို့သည် သာမန် အားဖြင့် ဘဝ၏ အရသာကို ခံစားရန် အချိန်မရှိ၊ ဘဝတွင် "ပြင်ဆင်ပြီး ပြင်ဆင်နေ ရခြင်း" ဖြင့်ပင် အချိန်များ ကုန်လွန်ခဲ့ရသည်။ ဤကဲ့သို့ ဘဝမျိုးကို Camus က Absurdity အနှစ်သာရ ကင်းမဲ့ခြင်း ဟု ခေါ်ဟန် ရှိ၏။
Camus အလို အားဖြင့် ဘဝ၌ အဓိပ္ပာယ် ဆိုသည်မှာ မရှိ၊ ဘဝသည် ဖြစ်စဉ် ကြီး တစ်ခုသာ ဖြစ်၏။ ဤ ဖြစ်စဉ်ကြီး သည် မွေးခြင်း ဖြင့် စ၍ သေခြင်းဖြင့် အဆုံးသတ်သည်။ ဤမွေးခြင်း နှင့် သေခြင်း အကြား အသက်ရှင်သော လူသားသည်လည်း မိမိ ဘဝ၌ ခံစား စံစားခြင်း ကို မပြု၊ ပြင်ဆင် ရင်း ပြင်ဆင်ရင်းနှင့် ဘဝပန်းတိုင်သည် မကြာခဏ ပျောက်သွားတတ်၏။ သို့သော် ဤဘဝ မျိုး ကိုပင် လူတို့ ခုံမင် နေကြသည်။
ဤသို့ ဆိုလျှင် ဘဝ၌ ပန်းတိုင် ဟူသည် ရှိပါသလား။ စင်စစ် ဘဝ၌ ပန်းတိုင်ဟူသည် မရှိပါ။ လူတစ်ယောက်စီ လူတစ်ယောက်စီ၌ သာလျှင် ပန်းတိုင်ဟူသည် ရှိပါသည်။ အကယ်၍ လူ တစ်ယောက် စီ လူတစ်ယောက်စီသည် မိမိ ပန်းတိုင်ကို မိမိ တည်ဆောက်ရန် မကြိုးစားဘဲ ဘဝ၌ ပန်းတိုင် သည် ရှိသည်ဟူသော ယုံကြည်ချက်ဖြင့် ယင်းပန်းတိုင်ကိုသာ လိုက်လံ ရှာခဲ့သော် သေသည့်တိုင် ယင်းပန်းတိုင်ကို တွေ့မည် မဟုတ်ပါ။ ထို့ကြောင့် Phenomenology ကို စတင် ခဲ့သော Edmund Husserl က ဤသို့ ဆိုခဲ့သည်။
"According to phenomenology objects are objects of experience rather than independently existing entities. This approach aims to explore the ways in which people conceive of and interpret the world as they experience it. In this view relative and subjective."
( ဘဝတွင် ရင်ဆိုင်ရသော အဖြစ်အပျက်များသည် သူ့သဘောသူ ဖြစ်ပျက် နေကြသော အဖြစ်အပျက် များ မဟုတ်ကြ။ လူသားတို့၏ အမြင်များဖြင့် ခွဲခြား မရအောင် ရောယှက်နေကြသော အဖြစ်အပျက်များသာ ဖြစ်ကြသည်။ ထို့ကြောင့် အဖြစ်အပျက် တစ်ခုကို ကြည့်သော် သူ့အရှိ အတိုင်း မမြင်နိုင်၊ ကြည့်ရှုသူ၏ ရှုထောင့်တစ်ခုမှသာ မြင်နိုင်ပေသည်။ )
ထို့ကြောင့် ကျွန်တော်တို့သည် ဘဝထဲတွင် အဓိပ္ပာယ်ကို လိုက်ရှာရန် မဟုတ်။ အဘယ်ကြောင့် ဆိုသော် လူနှင့် ကင်းကွာ၍ ဘဝဟူသည် မရှိသလို လူနှင့်ကင်းကွာသော ဘဝ၏ အဓိပ္ပာယ် ဆိုသည် မှာလည်း မရှိနိုင်သောကြောင့် ဖြစ်သည်။ လူတစ်ယောက်သည် မိမိ ဘဝတွင် အဓိပ္ပာယ်ကို ရှာမတွေ့ လျှင် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အပြစ်တင်ရန် မဟုတ်ပေ။ မိမိကိုယ်ကိုယ် သာ အပြစ်တင် ရန် ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် လူတိုင်း လူတိုင်းသည် မိမိ ဘဝ အွက် အဓိပ္ပာယ် ကို မိမိ ဘာသာ ဖန်တီး ယူရသောကြောင့် ဖြစ်သည်။
ဆရာခင်မောင်ဝင်း
အနောက်တိုင်း ဒဿနဗေဒ ကို မြန်မာ့ မျက်စိဖြင့် ကြည့်ခြင်း (၂) ၊ စာ - ( ၂၁၅ - ၂၁၈ )
(ဆရာ ခင်မောင်ဝင်း ရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဆရာ့စာက အချို့ အကြောင်းအရာများမှာ သာ သဘောတူ မိပါတယ် - အများအားဖြင့် အသေးစိတ်မှာ သဘောမတူ ဘူး။ ဥပမာ - "ဘဝ အဓိပ္ပာယ် ဟာ ရှာဖွေဖို့ မဟုတ်" - ဆိုတဲ့ အဆို မှာ အတိအကျ ဘဝင်တကျ လက်ခံပါတယ် - ဒါပေမယ့်- "ဘဝအဓိပ္ပာယ်ကို တည်ဆောက်ရန်" ဆိုသည်မျိုး။ အဲ့သည်မှာ အမြင် မတူမိဘူးရယ်။
ဆရာက ဒဿနိက နယ်ပယ်က ရှိနေတဲ့ အလျောက်၊ Reason တွေ ၊ ဆင်ခြင်ဥာဏ်တွေ နဲ့ ယှဉ်ထိုး တွေးခေါ် ပြောဆိုတယ်။ ( အဲ့လို ကျနော် မြင်ပါတယ်။) ဘဝ ကို Reason တွေ ၊ ယုတ္တိတွေ ကြားထဲ ဘောင်ခတ် ပြီး ကြည့်တာဟာ လမ်းမ ကျယ်ကြီး ကို သော့ပေါက် က ချောင်းကြည့်နေ တာနဲ့ သာ တူနေပါလိမ့်မယ်။
စင်စစ် ဘဝရဲ့ အဓိပ္ပာယ် ဆိုတာ ကို သေချာ ကြည့်ကြည့်ပါ။ ကျနော် မြင်မိသလောက်- အခု ရှင်သန်နေတဲ့ ခဏဟာ ရှာဖွေနေတာ မဟုတ်သလို၊ ဖန်တီး ရယူနေတာ လည်း မဟုတ်ပါဘူး။ အကြောင်း က - ဘဝ ရဲ့ အဓိပ္ပာယ် လို့ သီးခြား ရှိမနေဘူး။ ဘဝ တစ်ခုလုံး ကိုယ်တိုင် က "အဓိပ္ပာယ်" ဖြစ်ပြီး - ဒီဘဝ ဆိုတဲ့ အတိုင်း အသိ ရှိရှိ ရှင်သန်နေတဲ့ အခါ ဘဝ ဟာ အပြည့်ဝဆုံး ဖြစ်တည် - တည်ရှိနေ ပါတယ်။
နို့ပေမယ့် မည်သို့ ရှိစေ - ဆရာ့စာ ကို လေးစားဦးညွှတ်ရင်း အမြတ်တနိုး တင်ပါတယ်။ )
Zay Ya
April 15th 2012 at 2:29 PM
No comments:
Post a Comment