Wednesday, April 18, 2012


အညာဘုရားပွဲ


အညာဘုရားပွဲကား ဘုရားပွဲလည်း ဖြစ်၏။ ဈေးပွဲကြီးလည်း ဖြစ်လေသည်။ အညာတွင် ဘုရားပွဲသွားကြသည်မှာ ဘုရားလည်းဖူးရင်း၊ လိပ်ဥလည်းတူးရင်း၊ လိပ်မကြီးလည်းဖမ်းရင်း သွားကြခြင်းဖြစ်၏။ ဘုရားဖူးရ၊ ပျော်လည်းပျော်ပါးကြ။ ဈေးလည်းရောင်းရ၊ တစ်ချက်ခုတ် သုံးချက်ပြတ်သော အညာဘုရားပွဲများပေတည်း။

အညာတွင် ဘုရားပွဲသွားလိုသူတို့သည် မိမိတို့၌ ရောင်းရန်ရှိသော အရာဝတ္ထုများကို ယူဆောင်သွားကြပြီးလျှင် ဆိုင်းများခင်းကျင်း၍ ရောင်းချကြလေသည်။ တစ်ဦးတွင် ပါလာသော ပစ္စည်းကို တစ်ဦးက၀ယ်နှင့် ပစ္စည်းများကို ဘုရားပွဲ၌ ဖလှယ်လေ့ရှိကြလေသည်။ နံနက်ခင်းတွင် အရောင်းအ၀ယ် လုပ်ကြပြီးနောက် ညနေမိုးချုပ်လျှင် ပွဲကြည့်သူကြည့်၊ ဘုရားဖူးသူဖူး၊ လှည့်လည်ကြည့်ရှုသူ ကြည့်ရှုနှင့် နေကြလေသည်။

အညာဘုရားပွဲကား ဘုရားပွဲနှင့် ဈေးကိုတွဲ၍ ထားသောကြောင့် တစ်လကိုးသီတင်း စည်ကားလေ့ရှိလေသည်။ ရွှေစက်တော်ဘုရားပွဲမှာ တစ်လကျော် နှစ်လနီးပါး စည်ကား၏။ ကျောင်းတော်ရာ၊ မြသလွန်၊ ကုသိန္နာရုံ ဘုရားပွဲတို့ကား ၁၀ ရက်ထက် မနည်း စည်ကားလေသည်။

စလင်း ကုသိန္နာရုံ ဘုရားပွဲကား ကဆုန်လဆန်း ၈ ရက် ၉ ရက်မှ စ၍ လပြည့်ကျော် ၉ ရက် ၁၀ ရက်တိုင်အောင် စည်ကားလေသည်။ ဘုရားပွဲကို စသည့်နေ့ကတည်းက စလင်းမြူနီစပယ်ဈေး တစ်ဈေးလုံး ဘုရားပွဲသို့ ရောက်သွားလေသည်။ ဈေးဆိုင်တစ်ဆိုင်မျှ ဈေးအတွင်း၌ မရှိတော့လေပြီ။ ဈေးတံခါးကိုပိတ်၍ ထားရ၏။ ကုန်ကုန်ပြောရလျှင် ဈေးအတွင်း၌ ခွေးများ၊ ကျီးများပင် မရှိ။ သူတို့လည်း ဘုရားပွဲသို့ ရောက်ကုန်ကြပြီဟု ထင်ရ၏။

ဈေးဝယ်လိုသူများ နံနက်တိုင်း ညနေတိုင်း ဘုရားပွဲသို့သာ သွား၍ ၀ယ်ကြရလေသည်။ မြူနီစပယ်ဈေးတွင်သာ ဆိုင်များ မရှိသည် မဟုတ်။  ဈေးအနီး ကုလားအထည်ဆိုင်၊ တရုတ်ကုန်စုံဆိုင်တို့လည်း ဘုရားပွဲသို့ ရောက်ကုန်ကြလေပြီ။ ဤဆိုင်များသာ မကသေး။ ကာဖီဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ခေါက်ဆွဲဆိုင်၊ အသုပ်ဆိုင်မှစ၍ မြို့တွင်းရှိသမျှသော ဆိုင်တို့မှာ ဘုရားပွဲသို့ ရောက်ကုန်ကြပြီ ဖြစ်သောကြောင့် တစ်မြို့လုံး တိတ်လျက်သာ နေလေတော့သည်။ ဘုရားပွဲမှာသာ ဆူညံ၍ နေတော့၏။

အဝေးအနီးရွာများမှ လာကြသောသူတို့လည်း မနည်းပြီ။ မိုင်ပေါင်း သုံးလေဆယ်မှပင် လာရောက်ကြလေသည်။ မုန်းကမ်းတစ်လျှောက်၊ ချင်းတောင်တစ်ဝိုက်မှလည်း လာကြကုန်၏။ မိုးတွင်းတွင် စားသောက် သုံးဆောင်ရန် ပစ္စည်း အလုံအလောက်ကို ဤဘုရားပွဲတွင် လာရောက် ၀ယ်လေ့ရှိကြလေသည်။ မိမိတို့၌ ရောင်းရန်ရှိသော ပစ္စည်းများကိုလည်း ဤဘုရားပွဲမှာပင် လာ၍ ရောင်းကြလေသည်။ ဤဘုရားပွဲတွင် လိုလေသေး မရှိရ၊  အားလုံး ရနိုင်လေသည်။ အထည်အလိပ်၊ ငါးပိငါးခြောက်၊ ကြက်သွန်၊ ငရုတ်သီး၊ ဆေး၊ ဖက်၊ ရစ်၊ ထွန်တုံး၊ ခြင်းတောင်း၊ ဓားသွေးကျောက်၊ ကျောက်ပျဉ်မှစ၍ များလှစွာ၏။ ရေတွက်၍ ပြနေရလျှင် ဆုံးခန်းတိုင် ရောက်နိုင်ဖွယ် မရှိ။ ကုသိန္နာရုံ ဘုရားဘေးရှိ ကွင်းပြင်ကြီးမှ အထူး စည်ကားလျက် နေတော့၏။

ထိုကွင်းပြင်ကြီးအတွင်း ကိုယ့်အစုနှင့်ကိုယ်၊ လှည်းဝိုင်းကြီးများကိုချကာ ချက်ပြုတ်စားသောက် နေကြသည်မှာလည်း ပျော်စရာကောင်းလှ ပေတော့သည်။ စားအိုးစားခွက်များနှင့် လာကြသော လူတို့ပေတည်း။ အောက်အရပ်တွင်မူကား မော်တော်ဘတ်စ်၊ မော်တော်ကားတို့ ကျက်စားရာ နေရာဖြစ်သောကြောင့် လှည်းဝိုင်းကြီးများကို ဘုရားပွဲ၌ မမြင်ရတော့ပြီ။ လှည်းဝိုင်းကြီးများအစား မော်တော်ကား၊ မော်တော်ဘတ်စ် ၀ိုင်းကြီးများကိုသာလျှင် မြင်ရတော့၏။ အခုသွား၊ အခုရောက်၊ အခုပြန်၊ အညာဘုရားပွဲများမှာလောက် ပျော်စရာကောင်းမည် မထင်။ ကိုယ့်အဆက် ကိုယ့်မက်လုံးကလေးများနှင့် သွားသူတို့အဖို့ကား မပြောနိုင်ပေ။

တောသူတောင်သားတို့ကား ဤကုသိန္နာရုံဘုရားပွဲ အချိန်တွင် ငွေချေးယူခြင်း၊ အကြွေးဆပ်ခြင်း၊ လယ်အချခံ စာချုပ်ခြင်း၊ ပေါင်နှံခြင်းတို့ကို ပြုလုပ်လေ့ရှိကြလေသည်။ မြို့တွင် တစ်စုံတစ်ရာ ဆောင်ရွက် ပြုလုပ်ရန်ရှိလျှင် ဘုရားပွဲတိုင်အောင် စောင့်ဆိုင်းနေလေ့ ရှိကြလေသည်။ ဘုရားပွဲ အချိန်ကျမှသာလျှင် ဘုရားပွဲသို့လာရင်း တပါတည်း ဆောင်ရွက်ဖွယ်ရှိသည်တို့ကို ဆောင်ရွက်သွားကြလေသည်။

ဘုရားပွဲအချိန်တွင် ဘုရားပွဲမှာသာလျှင် လူစည်ကားသည် မဟုတ်။ အစိုးရရုံးများတွင်လည်း လူစည်ကားသည်ပင်။ ရေစ္စတြီစာရေးကား မအားရတော့ပြီ။ ခါတိုင်း တစ်နေ့လျှင် ရေစ္စကြီစာချုပ် သုံးလေးစောင်အပြင် မလုပ်ရ။ ဘုရားပွဲအချိန်တွင်ကား တစ်နေ့လျှင် စာချုပ်ပေါင်း ၁၅ စောင်ထက် မနည်း ပြုလုပ်ပေးရလေသည်။ ဘုရားပွဲလာရင်းမှ စာချုပ်ဝင်၍ ချုပ်သွားကြခြင်း ဖြစ်လေသည်။

မောင်လူအေးသည် ဘုရားပွဲအတွင်း တစ်ညသ၌ ညစာ စားသောက်ပြီးလျှင် ပြီးခြင်း အ၀တ်အစား ညစ်ညမ်းများကို ၀တ်စားကာ တစ်ယောက်တည်း ဘုရားပွဲသို့ ထွက်သွားသော ဟူ၏။ ညအခါ၌ ဘုရားပွဲတွင် တောသူတောင်သားတို့သာ များသောကြောင့် မောင်လူအေးအား မည်သူမျှ မမှတ်မိချေ။ မိမိတို့ကဲ့သို့ တောသားဟူ၍ပင်သဘောထားကြလေသည်။ ေ

တာသားနှင့်မောင်လူအေး၊ မောင်လူအေးနှင့်တောသား တစ်စားတည်း ဖြစ်နေလေပြီ။ မောင်လူအေး ၀မ်းမြောက်မိတော့၏။ လွတ်လပ်ခြင်းကို ရလေပြီ။ တောသားများနှင့် တိုးဝှေ့ခွင့်ကို ရလေပြီ။ တောသားတို့၏ နဂိုသဘောထား၊ အပြုအမူများကို တွေ့မြင်ရတော့မည်။

လက်ဦးဆုံး ကြက်တူရွေး ဆပ်ကပ်သို့ ရောက်၍ သွား၏။ ဆပ်ကပ်ရှေ့တွင် တောသားများ ၀ိုင်းအုံနေကြသောကြောင့် တိုး၍ မပေါက်။ ပိုက်ဆံပေးနိုင်သူတို့ကား တပဲစီပေး၍ ၀င်သွားကုန်ကြပြီ။ ပိုက်ဆံမပေးနိုင်သောသူတို့မှာမူ ဆပ်ကပ်ရုံရှေ့တွင် ဆွဲထားသော အရုပ်ကားများကို ကြည့်ကာသာလျှင် မှတ်ချက်ချနေကြကုန်၏။

မူးစေ့နှင့် မတ်စေ့ကို ခွဲခြားပြီး ကြက်တူရွေးက ပြနိုင်တယ်ဆိုတာ ဟုတ်နိုင်ပါ့မလားဟု အင်္ကျီမရှိ ဆံပင်တိုတိုနှင့်လူက မေး၏။

ဟာ သင်ထားရင် တတ်မှာပေါ့ကွ စကားတောင် တတ်သေးတာပဲ။ ကြက်တူရွေးဆိုတဲ့ အကောင်မျိုးဟာ အင်မတန်း လိမ္မာတာကလားကွာ ဟု မျက်နှာသုတ်ပုဝါခေါင်းမှာ ပေါင်းထားသူက ဖြေလေသည်။

ငါ ၀င်ကြည့်စမ်းချင်ပါဘိတော့ကွာ။ ပိုက်ဆံမရှိလို့ ပထမလူကပြော။

မထူးပါဘူးကွာဟု ဒုတိယလူကဆို။

ဤသို့ တောသားနှစ်ယောက် စကားဆိုနေကြခိုက် အနားတွင် ၀ါးခနဲ ကလေးငိုသံ ကြားရ၏။ အမေလုပ်သူက မနက်ဖြန်မှကြည့် ငါ့သား၊ မမိုက်နဲ့။ မနက်ဖြန်မှကြည့်ဟု ကလေးကို နှစ်သိမ့်စေလေသည်။

ကြက်တူရွေးဆပ်ကပ်ရှေ့တွင် တောသားများနှင့် တိုးလားဝှေ့လား လုပ်နေပြီးနောက် လှည်းဝိုင်းများ ချထားရာဘက်သို့ ထွက်လာခဲ့ပြန်၏။

ထိုလှည်းဝိုင်းများချထားရာတွင်ကား လှည်းပေါင်း ငါးရာခြောက်ရာထက် မနည်းပြီ။ အလွန်စည်ကားလှပေ၏။ ထိုတ၀ိုက်တွင်ကား လရောင်အပြင် အခြားမီးဟူ၍ မရှိ။ လှည်းဝိုင်းတ၀ိုက်တွင် ဟိုဖြတ်လိုက် သည်ဖြစ်လိုက်နှင့် တောသားတောသူတို့၏ ပြောကြားသော စကားတို့ကို နားထောင်၏။

အချို့မှာ ထမင်းစားရင်း နေ့ခင်းက အရောင်းအ၀ယ်များ အကြောင်းကို ပြောကြားနေကုန်၏။ ထိုဘက်အနားတွင်ကား ညကပွဲတွင် လူပြက်များ၏ ပြက်လုံးတို့ကို ဖောက်သည်ချနေသောကြောင့် တ၀ါးဝါးနှင့် ရယ်နေကြလေသည်။ အောင်မယ် ဟိုမှောင်ရိပ် သစ်ပင်အောက်က လှည်းသမား တယောထိုးနေလိုက်တာ တယ်နားထောင်လို့ ကောင်းပါကလား။ တစ်ယောက်တည်း အလွမ်းသယ်နေ ထင်ပါရဲ့။ သူ့လက်သံ သာသလောက် သူ့ရုပ်ရည်က ညစ်စုတ်လှပါတကား။

ဟိုဘက်နားက အမယ်ကြီးမှာကား ဖက်ဖြူဆေးလိပ်ကြီးကို ဖွာရင်း စည်းစိမ်ယူနေ၏။ ဘယ်သူနှင့်မျှ စကားမပြော။ တစ်ဘက်သောနေရာတွင်ကား မိန်းမကြီးတစ်ယောက်သည် ဆယ်နှစ်အရွယ်သမီးကလေးအား အရုပ်ဝယ်ပေးမည်ဆိုကာ ညာ၍ အနင်းခိုင်းနေပေသည်။ အောင်မယ် ဟောဟိုဘက်က အဘိုးအိုနှင့် မြေးကလေးတို့မှာ ဘာလုပ်နေကြပါလိမ့်။ မြေးကလေးက ထမင်းခူးကျွေးနေ၏။ အဘိုးအိုကား အသက် ၇၀ ကျော်၊ မြေးကလေးမှာ ၁၁ နှစ်ခန့်။ သူတို့မြေးအဘိုးအပြင် မည်သူမျှ အနားတွင် မရှိ။ မြေးအဘိုးနှစ်ယောက် စကား တတွတ်တွတ်နှင့် နေကြလေတော့သည်။

ဤအဘိုးကြီးအား မိမိအား ကူညီထောက်ပံ့မည့် သားသမီး ကြီးကြီးမားမား ရှိဟန်မတူ။ သည်မြေးကလေးနှင့် လုပ်ကိုင်စားသောက်လာပုံရ၏။ အဘိုးကြီးကား အရွယ်လွန်ပြီ။ မြေးမိန်းကလေးကား အရွယ်မရောက်သေး။ မိဘနှင့် အတူတကွ နေထိုင်ရသော မိန်းကလေးတို့ကား ပျော်တုန်း ပါးတုန်း ကစားတုန်း။ ဤမိန်းကလေးကား အဘိုးအိုကြီးကို လုပ်ကျွေးနေရရှာလေသည်။ ဤမြေးအဘိုးတို့ကား နောင်မည်သို့ စခန်းသွားကြပေဦးမည်နည်း။

ဤလှည်းဝိုင်းကြီးမှ ထွက်လာပြီးလျှင် ရုံပွဲသို့ ရောက်ခဲ့ပြန်၏။ စောသေးသောကြောင့် ရုံပွဲရှေ့တွင် လူများစွာ မရှိသေးပေ။ ရုံထဲတွင်ကား ဆိုင်းဆရာများ ဆူညံစွာ ဆိုင်းတီးကာ ပွဲကြည့်လိုသူတို့ကို ဖိတ်ခေါ်နေလေသည်။ ရုံရှေ့ရှိ ပွဲဈေးဆိုင် သုံးလေးဆိုင်မှ ထွန်းထားသော ဓါတ်မီးများကြောင့် ရုံရှေ့တ၀ိုက်တွင် အတော်လင်းလျက်နေ၏။ မောင်လူအေးသည် ပွဲရုံအနီး ပတ်ဝန်းကျင်တွင် မယောင်မလည် လျှောက်၍ သွားလေသည်။ လား လား ရုံဘေးနားတွင် လူတစ်ယောက်သည် ကုန်းကုန်း ကုန်းကုန်းနှင့် ဘာလုပ်နေသည် မသိ။ မတရားကျင့်မည့် လူများပေလော။ ခါးပိုက်နှိုက်ရန် စောင့်စား၍နေသော လူပေလော။ အခင်းသွားရန် စီမံနေသောလူပေလော။ ထိုနေရာမှာ အတော်မှောင်သော နေရာ ဖြစ်လေသည်။

မောင်လူအေးသည် မယောင်မလည် ထိုသူအနားမှ ဖြတ်၍ လျှောက်သွားရင်း ထိုသူ၏ အကဲကို ခတ်၏။ မောင်လူအေး ကြားရသည်ကား လက်ထဲ သည် တစ်မတ်ပဲရှိ၊ သည်တစ်မတ်ပဲပျောက်။ တယ် ခက်တာကို ဟူသော စကားပေတည်း။ ဤစကားကိုကြားရသော မောင်လူအေးတွင် စဉ်းစားစရာတွေ များစွာ ပေါ်ပေါက်၍ လာလေသည်။ အကယ်ပင် ပိုက်ဆံတစ်မတ်ပျောက်သွားသောကြောင့် ရှာနေသူပေလော။ မောင်လူအေး အနားလာသောကြောင့် တမင်ဟန်ဆောင်က မောင်လူအေးအား တစ်ပတ်ရိုက်လွှတ်လိုက်ခြင်းပေလော။ ဤသို့ စဉ်းစားရင်းပင် ထိုနေရာမှ ထွက်ခဲ့သတည်း။

ထို့နောက် ကုသိန္နာရုံဘုရားပုရ၀ုဏ်အတွင်းသို့ ၀င်ခဲ့လေသည်။ သီချင်းဆိုကာ ပိုက်ဆံတောင်းနေသော မျက်မမြင်တစ်ယောက်၏ အနီးတွင် လူအများ ၀ိုင်းလျက် နေသည်ကို မြင်ရ၏။ ထိုသူမှာ ချွေးတလုံးလုံးနှင့် နေလေတော့သည်။ သူပင် သီချင်းဆို၊ သူပင် ပါးစပ်ဆိုင်းတီး၊ သူပင် စည်းလိုက်၊ သူပင် လက်ခုပ်တီး တစ်ယောက်တည်း ရှုပ်ပွေနေ၏။ မမောဘဲနေမည်လော။ ရွှေပြည်ကြီးသီချင်းကို ဖွဲ့နွဲ့ကာ ချွဲချွဲပစ်ပစ် ဆိုလေသည်။ အချို့က စုတ်သပ်ကြကုန်၏။ သီပေါမင်းတရားအား တမ်းတသောကြောင့်ပေလော။ ထိုသူ၏ အဆိုမှာ ကောင်းသောကြောင့်ပေလောဟု မပြောနိုင်။ သီချင်းကို နားထောင်နေကြသော သူတို့၏ ကျေးဇူးကြောင့် ဆယ်မိနစ်အတွင်း ငွေတစ်ကျပ်ခန့် ထိုသူမှာ ရ၍ သွားလေသည်။ အတော်ပင် နေရာကျသော အလုပ်ပါတကား။

ထိုနေရာမှ ထွက်လာပြီးနောက် ဗုဒ္ဓ၀င်ကားများကို ရေးဆွဲထားရာ တန်ဆောင်းသို့ သွားပြန်၏။ အစည်ကားဆုံးသော တန်ဆောင်းပေတည်း။ တိုး၍ပင် မပေါက်။ ထိုဗုဒ္ဓ၀င်ကားများကား မန္တလေးပန်းချီကျော် ဦးချစ်ငြိမ်၏ ပန်းချီကားများ ဖြစ်လေသည်။ ယသော်ဓရာမင်းသမီး၏ အပျိုတော်များမှာ ယခုခေတ် အပျိုကလေးများကဲ့သို့ ဆံထုံးကြီးကြီး ဆံမြိတ်တွေ ချလိုက်သေး။ ၀တ်စားထားသည်မှာလည်း အင်္ကျီလက်ရှည်ပင် ဖြစ်စေကာမူ အလွန်ပင် ခေတ်ဆန်၏။ မျက်နှာပေါက်များမှာလည်း ခေတ်ဆန်သူ ရုပ်ချောချောကလေးများ၏ မျက်နှာပေါက်အတိုင်းပင်။ ထိုအရုပ်ကားများမှာ ဓါတ်မီး၏ အရောင်တွင် အလွန်ပင် ပနံရလျက် နေကြလေသည်။ ခေတ်သမား မောင်လူအေးသည် ဦးချစ်ငြိမ်း၏ လက်စွမ်းကို ချီးမွမ်း၍ မဆုံးတော့ပြီ။

မောင်လူအေးနှင့်အတူ တိုးဝှေ့ကာ ကြည့်ရှုနေကြသော သူတို့ကား မောင်လူအေး၏ မျက်စိမျိုးနှင့် ကြည့်သည် မကြည့်သည်ကို သူတို့ ပြောဆိုနေကြသော စကားဖြင့် အကဲခတ်နိုင်ပေသည်။ မောင်လူအေးနှင့် အနီးဆုံးသော လူသိုက်ကား ၆ ယောက်ခန့် ရှိ၏။ အမယ်ကြီးသုံးယောက်၊ အသက်လေးဆယ်ကျော်နှစ်ယောက်၊ အပျိုကလေးတစ်ယောက်။ အမယ်ကြီးများကား စာမတတ်။ အပျိုကလေးက ဖတ်ပြရလေသည်။

အပျို။         ။ ဘုရားလောင်း သိဒ္ဓတ္တ တောထွက်မည် အပြုတွင် ကြာခြည်ကို မပြီး သား ရာဟုလာ၏ မျက်နှာကို ကြည့်နေပုံ တဲ့။

အမယ်ကြီး။         ။ အင်း တောထွက်မဲ့ ဆဲဆဲတောင် သားကလေးမျက်နှာကို ကြည့်ချင်သေး။ သံယောဇဉ်ကိုး။

အခြား အမယ်ကြီး။         ။ သားပစ်၊ မယားပစ်၊ နန်းတော်ပစ်ပြီး တောထွက်နိုင်တာပဲ တော်လှပြီ။

အခြားတစ်ယောက်။         ။ ဒါ ဘာဟုတ်သေးသလဲ။ အရှင် မိတ္တေယျ မြတ်စွာဘုရားလောင်းဟာ သူ့ရှေ့မှာ သူ့သားကို ဘီလူးက ကျွတ်ကျွတ် ၀ါးစားတာတောင် အားရလွန်းလို့တဲ့။

ထို့နောက် ထိုလူစုသည် အခြားကားများကို ဆက်လက်၍ ကြည့်ရင်း မှတ်ချက် ချသွားလေသတည်း။

သူတို့ အနောက်တွင် အသက် ၇၀ ခန့် အဘိုးကြီးနှင့် မြေးကလေး ၁၄ နှစ်ခန့် တစ်ယောက် ထိုအနားသို့ ရောက်လာ၏။ သိဒ္ဓတ္တမင်းသားက ကဏ္ဍိကမြင်းကို စီးပြီး တောထွက်သွားသည်ကို ကြည့်ရင်း အဘိုးကြီးက သည် ပန်းချီဆရာ မြင်းအဆွဲ တယ်ကောင်းတာကိုး။ သူ့မြင်းဟာ ကြော့နေတာဘဲ။ မြင်းဝါသနာပါသူနှင့် တူပါရဲ့။

ထို့နောက် အသက် ၂၀ ကျော် လုလင်ပျို ၂ ယောက်တို့၏ စကားသံကို နားထောင်ပါဦး။

တစ်ယောက်။           ။ ဟေ့ ဟိုသိဒ္ဓတ္တမင်းသား ၀တ်ထားတဲ့ ပုဆိုးအဆင်ကလေးဟာ မကောင်းလားဟေ့။

အခြားတစ်ယောက်။         ။ ငါ မကြိုက်ပေါင်ကွာ။ ဟိုဘက်နားက ကားမှာ ဇီဝက ၀တ်ထားတဲ့ ပုဆိုး အဆင်ကလေးက သာလို့ ကောင်းတယ်။

အခြားသူတို့လည်း မိမိကြိုက်ရာ ကြိုက်ရာစကားများကို ပြောကြား သွားကုန်၏။ ထိုသူတို့၏ ၀ါသနာ မည်သို့ မည်ပုံ ရှိသည်ကို သိရှိရလေသည်။

အတော်ကြာမှ မောင်လူအေး ထိုတန်ဆောင်းမှ ထွက်လာခဲ့လေသတည်း။

သိပ္ပံမောင်ဝ

No comments:

Post a Comment