လူးလွန့်ခြင်းတို့၏ အလွန်၌
ငြိမ်သက်ခြင်းသည် သက်ဝင်၏
ငြိမ်သက်ခြင်းသည် သက်ဝင်၏
လူးလွန့်ခြင်းတို့၏ အလွန်၌
အချိန်တန်လျှင် ရောက်လာ ပါလိမ့်မည်။ ရွက်ကြွေတော မှာ နင်းလျှောက် နေသော ခြေလှမ်းလေး များလည်း စိုစွတ် လာပါဦးမည်..။
တစ်ဖြောက် နှစ်ဖြောက် အသံနှင့် အတူ ရနံ့လေးပါ ထုံသင်း လာဦးမည်မှာ အသေအချာ ..။ တစ်ခုတည်း သော အရောင်လေး လည်း ရှိနေသည်။ လက် - ကနဲ ဝဲဖြာ ရောက်လာမည့် ထို အလင်းရောင်လေး ၏ လားရာ ကို မျက်လုံး တစ်စုံ မှိတ်ကာ ကြည့်၍ သိမြင်နိုင် သေး၏..။
ထုံးစံ အတိုင်း သိနေခြင်း များနှင့် သိရပြန်သည်။ ရှိနေခြင်း တစ်ခဏ ဖြင့် မရှိ တော့သော ယ္ခု ကို ဖြတ်ကျော် မိ၏။ ဖွင့်ထားသော တံခါး နှင့် ပိတ်ထားသော တံခါးလေး တစ်ချပ် သည် ထပ်တူ ရှိနေ၏။ လက်ချောင်းလေး များနှင့် ထို တံခါး ကို တွန်းဖွင့် ဝင်ရန် မလို။ ပြန်စေ့ လိုက်ဖို့လည်း မလို။ ဟိုမှာဘက် ဆီ၌ သက်တန့်လေး တစ်ကုံး ခမ်းခမ်းနားနား နှင့် မွှေးထုံစွာ ရှိနေ ပါလိမ့်မည်..။
ရင်ဘတ် ထဲကို ငုံ့ကာ ကြည့်ပြန် သည် ။ ကြည်ကြည်လင်လင် ရှိနေသော လ - တစ်စင်း နှင့် မှန်ကလေး တစ်ချပ် ကို မြင်ရ၏။ သန့်စင် လှပစွာ ရှိနေပါ၍ ဖုန်ထုတ် သုတ်ရန် မလိုအပ်တော့။ လက်ဖဝါး တစ်စုံ ထဲမှာ အရောင်လေး တစ်ချို့ ကပ်ပါ လာခဲ့သည်။ ကျွန်မ ပြုံးမိ၏ ။ အပြုံးသည် အဝါရောင် သန်းနေ နိုင်သည်။ ကဗျာ ဆန်ပါသလား..!! ဟင့်အင်း ...ကျွန်မ တွေးဖို့ မလိုအပ်..။
ကျွန်မ ကိုယ် ကျွန်မ ပြန်မြင် ကြည့်နိုင် ပါသေးသည်။ ဆံနွယ် တစ်ချို့ လေမှာ လွင့်၏။ လ- အရိပ် မှာ ရေပြင် သည် ငြိမ်သက် နေ၏။ လေအဝှေ့ မှာ လှိုင်းကြက်ခွပ်လေး ဖွဖွ လွန့်၏။ ကြည်နူးခြင်း ဆီ၌ တုံ့ကာ ရပ်တန့် သွားသည်။ တိုး၍ တပ်မက်ခြင်း အား တိကနဲ ဖြတ်အချ မှာ ပန်းလေး တစ်ခက် ပြုတ်ကျ လာခဲ့သည်..။
စိတ် သည် ပန်းကလေး နှင့် အတူ လှလှပပ ပြုတ်- ပြုတ် ကျပြန်၏။ စိတ်ကူး သက်သက် မဟုတ်။ လက် နှင့် ဆုပ်၏။ လေပွေ တစ်ချို့ မြူးပျော် နေပါသလား ..!! ခပ်သွဲ့သွဲ့ နှင့် တေးတစ်ပုဒ် ဆိုညည်း၏။ နွဲ့နှောင်းနှောင်း ကဗျာ အံသံ ကို ကြားရသည် ။ စိတ်သည် လေပွေထံ ကူး၏..။ ရွက်ဝါ လေတိုးသံသည် မြိုင်ဆိုင် လှသည်။ နရီ ကျသည်။
အဝါရောင် တေးသွား၌ တမေ့တမော ခုံမင်ပြန်၏။ ကျွန်မ ဖြတ်- မချ မိတော့။ လူးလွန့်ခြင်း တို့၌ အလိုက်သင့် လိုက်ပါ လွင့်မျော ပါဦးမည်။ ည .... သည် လှပ လွန်း၏ ..။ ထို့နောက် ငြိမ်သက် သွားသည်။ လ- အရောင်ဖြင့် မှန်ကလေး ထဲတွင် ပိတောက်တစ်ခက် ပုံရိပ် ထင်သည်။ အဝါ ကို အဝါ- အဆင့်မှာ တင့်တယ် လွန်းလှ၏..။
ခင်လေးငယ်
.............................
ငြိမ်သက်ခြင်းသည် သက်ဝင်၏
လေပွေ နှင့် အတူ လွင့်မျော လာသော သူ့ ခြေလှမ်းလေးများကို ကျနော် မြင်တွေ့ နေရပါသည်။ နူးညံ့သည်။ သိမ်မွေ့သည်။ သွက်လက်သည်။ ပေါ့ပါးသည်။ ကဗျာဆန်သည်။
သို့သော် အနည်းငယ် ကြောက်လန့် တုန်ရီ နေဟန် ရှိသည်။ ယင်း အဖြစ် ကို သူ အတတ်နိုင်ဆုံး ဖုံးဝှက် ထားပါသည်။ သို့သော် ပကတိ ရိုးစင်းသော သူ့မျက်နှာပြင် တွင် နီ ဆွေးဆွေး အရောင်သန်း နေသည် ကို မြင်ရ၏ ။
အတိုင်းသား ကူးယှက် နေသည့် အကြောမျှင် စိမ်းမြမြလေး များက လရောင်အောက်တွင်လား..!! နီယွန်မီး၏ ရောင်ပြန် အောက်တွင်လား ...!! ဆိုသည်မှာ မကွဲပြားလှ။
သူ့ စိတ် တစ်ခဏ လူးလွန့် ပြုတ်ကျသွားခြင်း ဆိုသည်မှာ အမှန်ပင် ဖြစ်ကြောင်း ကျနော် အကြွင်းမဲ့ လက်ခံသည်။ အဘယ်ကြောင့် ဆိုသော် သူ့ကို ကြည့်မိသော ကျနော့ မြင်ကွင်း တစ်ခဏ တို့ သည်လည်း ပြုတ်ကျ သွားရခြင်း ကြောင့် ဖြစ်သည်။
သူ့ ဆံနွယ် အလွင့်တွင် ကျနော့ ဝိဉာဉ်ခန္ဓာ သည်လည်း လွင့်ဝဲလျက် ရှိ၏။ လ- အရိပ် နှင့် အတူ သူတွေတွေ ငေးငေး ငြိမ်ဝပ် နေသော ထို ခဏတိုင်း တွင် ကျနော့ နှလုံးအိမ်သည်လည်း လှုပ်ရှားမှု မဲ့ လျက် ရှိ၏။ ငြိမ်သက် လျက် ရှိ၏။ ဆိတ်ငြိမ်ခြင်း ၌ အထီးတည်း တည်ကာ ကိန်းဝပ် နေ၏။
သူ့ ကို ကျနော် ကြည့်နေမိ သည်မှ ဟုတ်ပါလေစ..!!
သူနှင့် သီးခြား ရှင်သန်နေ သည်မှ ဟုတ်ပါလေစ ...!!
စင်စစ် သံသယ အလျင်း မဖြစ်မိ။ တွေဝေ စိတ် ဖြင့်လည်း အမေး ပုစ္ဆာ မပြုမိ။ "ထပ်တူ ရှိနေ၏" ဤ တစ်ခုတည်း သော အသိသာ ပြက်ပြက် ထင်ထင် ကူးခတ် လျက် ရှိ၏။ တကူးတက လုပ်ယူ ထားခြင်း မဟုတ်။ ပကတိ ကြည်စင်စွာ တည်သည်။ အမေးပြုခြင်း၊ အဖြေ မျှော်လင့်ခြင်း တို့ တစ်ပြိုင်နက် တည်းတွင် ပျက်သုဉ်းသည်။ အမေး မလို အဖြေ မရှိ။
ငြိမ်ဝပ် သော တစ်ခဏချင်း ကိုသာ အကုန်အစင် သောက်သုံး ၍ ကျနော်သည် "သူ" အားဖြင့် အသက်ရှင် ရှူရှိုက် လျက် ရှိပါ၏။ ... သို့မဟုတ် - မရှိ .... ။
Zay Ya
source...... ခင်လေးငယ်
No comments:
Post a Comment