မြကျွန်းညိုညို တက္ကသိုလ်
(တန်ဆောင်မုန်း လဆုပ် ၁၀ ရက် နေ့ အမျိုးသား အောင်ပွဲ နေ့ ကြီး နဲ့ အတူ ရန်ကုန် တက္ကသိုလ် ၉၁ နှစ်ပြည့်အမှတ်တရ ပြန်လည်ဖေါ်ပြပါတယ်။)
(တန်ဆောင်မုန်း လဆုပ် ၁၀ ရက် နေ့ အမျိုးသား အောင်ပွဲ နေ့ ကြီး နဲ့ အတူ ရန်ကုန် တက္ကသိုလ် ၉၁ နှစ်ပြည့်အမှတ်တရ ပြန်လည်ဖေါ်ပြပါတယ်။)

တက္ကသိုလ်နောက်ခံသီချင်းလေးတွေအကြောင်း ရေးပါဦးလို့ အချွန်နဲ့ မ လာသူတွေ
ကျေနပ်စေဖို့ရယ်၊ မြန်မာ့အသံအဖွဲ့သူအဖွဲ့သားတွေ ဆိုထားခဲ့တဲ့ မူရင်းသီချင်းလေးကို
ရှာမရသေးပေမယ့် တက္ကသိုလ်စိန်ရတုတုန်းက စိတ်ပညာမောင်မယ်များ ပြန်ဆိုထားတာကလေးကို
အမှတ်မထင် ရလိုက်တာရယ်ကြောင့် ဒီတခါတော့ စာဖတ်သူများကို အမိတက္ကသိုလ်ဆီ
အလည်ခေါ်ပါမယ်။ ကလေးတွေ ပူဆာလို့ လိုက်ပို့သလိုပဲ ပို့ပေးမှာဖြစ်ပြီး။ အထဲရောက်ရင်
သားသားမီးမီးတို့ ဟိုမေးဒီမေး မမေးရဘူးနော်။ မဟုတ်ကဟုတ်ကတွေ ပြောရင် ကျားတွေဆင်တွေ
ကိုက်တတ်တယ်လို့သာ မှတ်ထားကြကွဲ့။
နောင်ကျရင် ရောက်ဖို့မလွယ်တော့တာမို့ သေချာဂရုစိုက်
မှတ်သားကြပေတော့ကွယ်။ အန်တီ၊ မမ၊ ဦးဦး၊ ဘဘ တို့အတွက်တော့ မရောက်တာ ကြာပြီ။
မတွေ့တာကြာပြီ သတိရလိုက်တာ စာဥရာ ဆိုပြီး ငိုချင်လျက် လက်တို့ဖြစ်နေရင် လက်ကိုင်ပုဝါလေး
သွားယူပြီးမှ ဆက်ဖတ်ကြတာပေါ့။ ဒီသီချင်းကလေးရဲ့ တေးပြုစာဆိုကတော့ အဆည က
ဦးသက်လွင်ပါတဲ့။ ဟိုးတချိန်တုန်းကတော့ မြန်မာ့အသံက မကြာခန လွှင့်လေ့ရှိပြီး နောက်ဆုံး
ကြားခဲ့ရတာကတော့ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်တုန်းကပေါ့ကွယ်။
မြန်မာ့အသံဘက်ကနေသွားရင် လှည်းတန်းမီးပွိုင့်မရောက်ခင် ညာဘက်မှာ မြင်ရတဲ့
စိန်ရတု ခန်းမ ဆိုတာ အဲဒီတုန်းကဆောက်ခဲ့တာလေ။ သိပ်မကြာခင်မှာတော့ ရာပြည့်သဘင်
ဆင်ယင်နိုင်တော့မှာပါ။ မြေနေရာ၊ အဆောက်အဦတွေ လေလံမပစ်ဘူးဆိုရင်ပေါ့။
စိုက်ပျိုးရေးလို့ ကားဆရာတွေခေါ်တဲ့ မြန်မာ့အသံရှေ့ ကားမှတ်တိုင်မှာဆင်းပြီး
တီတီစီဘက်ကို ကားလမ်းကူးလိုက်ရင် လိပ်ခုံးလို့ ခေါ်တဲ့ ဆေးတက္ကသိုလ် (၁) ရဲ့ ပထမနှစ်၊ ဒုတိယနှစ်
စာသင်ဆောင်တွေကိုရောက်တယ်။ လိပ်ခုံးလို့ခေါ်ရတာက အရင်တုန်းက ကျောင်းရှေ့မှာ လိပ်ခုံးပုံ
ခန်းမဆောင်အကြီးကြီး ရှိခဲ့တာကိုး။ သူ့ဘေးက လေးထောင့်စပ်စပ် အဆောက်အဦကြီးကိုတော့
ပျားအုံလို့ခေါ်သတဲ့။

လိပ်ခုံးလို့ ခေါ်တဲ့ ဆေးတက္ကသိုလ် (၁)
နိုင်ငံခြားပိသုကာတွေ စဆောက်ခဲ့တုန်းကတော့ သတ္တုတူးဖော်ရေးအင်ဂျင်နီယာတွေအတွက် ရည်ရွယ်ပြီး ဆောက်ခဲ့တာတဲ့။ ကျောင်းထဲမှာ အဝီဇိတွင်းတူးနေတဲ့
ရုပ်ထုကြီးတရုပ်တော့ ရှိလေရဲ့။ နောက်ဘက် သထုံလမ်းဘက်အထိ ပေါက်ပြီး အဲဒီအနောက်မှာ
ဘီအိုစီကောလိပ်လို့ အရင်က ခေါ်တဲ့ စာသင်ဆောင်တွေကလည်း ဆေးကျောင်းသားတွေအတွက်
ဖြစ်ခဲ့တာပါပဲ။ သူ့နောက်ကျောဘက်မှာ တက္ကသိုလ်ပုံနှိပ်တိုက် ဆိုတာလည်း အစက ရှိခဲ့တာပေါ့။
ဘီအိုစီဘေးမှာ အရင်က ရန်ကုန်တက္ကသိုလ် စာပေးစာယူဌာန၊ အခုအခေါ်ဆို အဝေးသင်တက္ကသိုလ်
ပေါ့။ တကယ်တော့ အဲဒီဆေးကျောင်းဝင်းကြီးတခုလုံးဟာ ပညာရေးတက္ကသိုလ် ရဲ့ ရင်ခွင်ထဲမှာ
ရှိနေတယ် ဆိုရင်လည်း မမှားပါဘူး။
ဘေးကခြောက်ထပ် ပျားအုံရုံးကြီးပေါ်မှာ အဆင့်မြင့်ပညာဦးစီးဌာန
ရုံးထိုင်တယ်။ သူ့နောက်ကျောက တီတီစီ လို့သိကြတဲ့ ကျောင်းကြီးကလည်း ပညာရေးတက္ကသိုလ် ရဲ့
လေ့ကျင့်ရေးအထက်တန်းကျောင်းကြီးပေါ့။ ကျောင်းနောက်ကျောဘက်မှာရှိတဲ့ ဘီအီးဒီကင်တင်းလို့
ခေါ်တဲ့ ဆိုင်တန်းလေးတွေဟာဆို ဆရာဆရာမလေးတွေ ဆေးကျောင်းသားလေးတွေ စက်ကျရာ
အလွန်သက်သာ ချိုမြိန်တဲ့ဆိုင်လေးတွေ ရှိတယ်။ သူတို့ရှိနေတဲ့ လိပ်ခုံးနောက်ကလမ်းကလေးကိုတော့
သထုံလမ်းလို့ ခေါ်တာပေါ့။
သထုံလမ်း
ဆေးကျောင်းနဲ့ ကပ်လျက်မှာရှိနေကြတဲ့ ပြည်၊ ပုဂံ၊ တကောင်း လို့ခေါ်တဲ့အဆောင်ကြီးတွေကတော့ ပညာရေးတက္ကသိုလ် ကျောင်းသားကျောင်းသူများ အတွက်ပေါ့ကွယ်။
တချိန်တည်းမှာ တက္ကသိုလ်ကျောင်းသားရော ဆရာဖြစ်သင်တန်းပြီးလို့ ကျောင်းဆရာပါဖြစ်နေကြတဲ့
ကျောင်းသားဆရာတွေ နေကြတာပေါ့။
သူတို့အဆောင်ရှေ့မှာ တက္ကသိုလ် ဘောလုံးကွင်းရှိပြီး နံဘေးဘက်မှာတော့ တင်းနစ်ကွင်း
ရှိလေရဲ့။ ဘက်ခမ်းတို့ ရွန်းနီတို့ ဘယ်ဆီနေမှန်းမသိတဲ့ အချိန်တုန်းကတော့ တက္ကသိုလ်ကျောင်းသား
တွေ အုတ်အုတ်သဲသဲ ဘောလုံးပွဲကျင်းပရာပေါ့ကွယ်။ တင်းနစ်ကတော့ လူကုံထံတို့သာ စတိုင်ကလေးနဲ့
မနက်စောစော လာကစားလေ့ရှိလို့ အခု တီဗီမှာမြင်နေရတဲ့ တင်းနစ်အလှမယ်ကလေးတွေလို
ပျိုဖြူချောလေးတွေလည်း တွေ့ရတတ်ပါတယ်။
ဘောလုံးကွင်းကို လွန်သွားတော့တက္ကသိုလ်ရေကူးကန်ဗျ။
အဲဒီအချိန်တုန်းကတော့ အင်းယားမှာ ကူးရတာကို ပိုအရသာတွေ့တာမို့
လူနည်းနည်းကျဲတယ်။ ကလိုရင်းတွေခပ်ထားတော့ မျက်စိလည်းစပ်သလေ။ အင်းယားကတော့
ကျယ်ကျယ်လွင့်လွင့် လေညင်းလေးသွေးလို့ကိုး။
အဲဒီကနေ တက္ကသိုလ်ရိပ်သာလမ်းမကြီးဘက်ကို ထွက်လိုက်ရင် ဘယ်ဘက်မှာ
မိုးညအိမ်မက်မြူထဲက မောင်ညိုမှိုင်းတက်ခဲ့တဲ့ တက္ကသိုလ်ဆေးရုံရှိတယ်။
သူ့ကိုလွန်တော့ တက္ကသိုလ် ဓမ္မာရုံပေါ့။ ကွင်းပြင်ကျယ်ကြီးထဲမှာ ဆိုင်တန်းကလေးတွေ တွေ့ရပြန်ရော။
အဲဒီက တရုတ်ဆိုင်လေးတွေမှာ ထူးထူးခြားခြား ဒေါ်လှကြည်တို့ ဒေါ်တင်ကြည်တို့ လို့ ဗမာလို ပီပီသသ
နံမည်ပေးထားတဲ့ ဟင်းလျာတွေရတယ်။ အစက ဘာမှန်းမသိခဲ့ဘူး။ လောက်ကိုင်ရောက်လို့
တရုတ်စကားတတ်တော့မှာ ကြက်ချဉ်စပ် တို့ ကြက်ချိုချဉ်တို့ကို တရုတ်လိုခေါ်တာမှန်းသိလို့ ပြုံးမိပြီး
ဆိုင်ကလေးတွေတောင် လွမ်းသွားလိုက်သေး။ ကုန်းဘောင်ကြီးကြော်ဆိုတာလည်း အဲလိုနေမှာပါပဲ။
အဲဒီဝင်းအဝမှာ အခု အင်းဝစာအုပ်ဆိုင်လုပ်ထားတဲ့ နေရာကလေးက အစတုန်းကတော့
ကျောင်းသားကဒ်နဲ့ ပလာစာအုပ်၊ ခဲတံ၊ ဘောပင် ထုတ်တဲ့နေရာပေါ့။
ကဲ ကားလမ်း ကူးလိုက်ကြရအောင်ကွယ်။
ခုမှ မိန်းလို့ခေါ်တဲ့ ရန်ကုန်တက္ကသိုလ် ပင်မထဲရောက်မှာ။ သထုံလမ်းနဲ့တည့်တည့်မှာ
ယောင်္ကျားလေးတွေ အလေးမတို့ အေရိုးဘစ်တို့ ကစားတဲ့ အားကစားရုံတခုရှိတယ်။ အဲဒီနားမှာ
အရင်က ဘာရှိသလဲလို့တော့ မမေးနဲ့။ သားသား မမီလိုက်ဘူး။ ကျောင်းထဲမှာ သွားစရာတွေ
မကုန်ပဲနေလိမ့်မယ်။ ကျောင်းကြီးရဲ့ သံတံခါးဝကနေ လှမ်းကြည့်လိုက်ရင် လမ်းအဆုံးမှာ
ဘွဲ့နှင်းသဘင်ခမ်းမကြီးကို ဖြူးနေအောင်မြင်ရတယ်။

အဓိပတိလမ်းမကြီး
အဲဒီလမ်းမကြီးကို အဓိပတိလမ်းမကြီးလို့ခေါ်တာပေါ့။ဝင်ဝင်ချင်း ဘယ်ဖက်ခြမ်းမှာရှိတဲ့ အဆောင်တွေကိုတော့ အားလုံးခြုံပြီး တောင်ငူဆောင်လို့ပဲ
ခေါင်သူကြီးတပ်ခေါ်လိုက်တယ်။ အမှန်ကတော့ အဆောင်တွေ အားကြီး။ မြန်မာစာ အင်္ဂလိပ်စာ၊
သမိုင်း စတဲ့ ဝိဇ္ဇာတွဲဌာနတွေနဲ့ ကျောင်းသားတွေ ရှိတယ်။ ဘူမိဗေဒလည်း အဲဒီဘက်မှာပဲ။ ဟိုဘက်
ပြည်လမ်းဘက်ကို ပေါက်တဲ့ထောင့်ချိုးကလေးပေါ်မှာဆိုတော့ ပြည်လမ်းဘက်မှာလည်း
ဝင်ပေါက်ရှိတယ်။ အဲဒီဘက်က ကင်တင်းကလေးကိုတော့ တောင်ငူကင်တင်းလို့ခေါ်ပြီး အဲဒီမှာ
တက္ကသိုလ်စာရေးဆရာ အဆက်ဆက် တသသ ကြော်ငြာပေးရာ ဦးချစ်လက်ဘက်ရည်ဆိုင်
ရှိခဲ့ဖူးပါသဗျား။ လက်ဘက်ရည်ကလည်း ကောင်းချက်။ ဈေးနှုန်းကလည်း သက်သာချက်။
ဆက်ဆံရေးကလည်း ရှာမှရှား။ စားပွဲထိုးလုပ်တဲ့ အညာသားလေးတွေတောင်မှ တက္ကသိုလ်ကို
ဂျိုးကျနေတာ။ အဲဒီဘက်ခြမ်းဟာ တက္ကသိုလ်ပရဝုဏ်ကြီးထဲက ကိုလိုနီလေးတခုဆိုရင် မမှားပါဘူးဗျား။
အင်းဝဆောင်
သူနဲ့နောက်တနေရာကြားမှာ အင်းဝဆောင် ပင်းယဆောင် စစ်ကိုင်းဆောင် ရွှေဘိုဆောင် စသည်ဖြင့်အကိုတက္ကသိုလ်ကျောင်းတော်သားတို့ စံပျော်ရာ အဆောင်တွေ အဆောင်တွေ နည်းမှ မနည်းပဲကိုး။
အဲဒါတွေ အသေးစိတ်ကျတော့ မိန်းထဲအဆောင်နေဖူးတဲ့သူမှ ခရေစေ့တွင်းကျသိမှာမို့ တက္ကသိုလ်
ဝတုကလေးတွေသာ ပြန်လှန်ပါတော့။ ခနတဖြုတ် ဧည့်သည်သွားလုပ်မိတာတောင် ပျော်စရာ
ကောင်းချက်နှယ်။ နတ်ပြည်သွားဖို့ဆို ကျောင်းပြီးမှသာ လာခေါ်ပါတော့ဗျာ ပဲ။
သိပ္ပံဆောင်များရှိရာလမ်း စစ်ကိုင်းလမ်း (သီရိဆောင်ရှိသည်)
အဓိပတိလမ်းမကြီးအတိုင်း ဆက်လာခဲ့ရင် နောက်ထပ် လမ်းဆုံကလေးတခုကိုရောက်လာပါလိမ့်မယ်။ ညာဘက်ကိုချိုးလိုက်ရင် သိပ္ပံဆောင်တွေဘက်ပေါ့ဗျာ။ သတ္တ တို့ ရုက္ခတို့
သင်္ချာတို့ အစရှိသဖြင့်ပေါ့။ အဲဒီဘက်က နောက် ကိုလိုနီတခု ဆိုပါတော့။ ခုန တောင်ငူပတ်ဝန်းကျင်နဲ့
ကွဲပြားသွားတယ်။ ဘာဖြစ်လို့လဲတော့မသိဘူး။ ဒီဘက်တကြောကတော့ နှစ်ယောက်တည်း
သီချင်းထဲကလို မှောင်မိုက်မိုက် ချောင်ကြိုက်လှတဲ့အခါဝယ် ဆိုတဲ့ ချစ်သူ့နယ်မြေတွေ တယ်ပေါ။
အဲဒီဘက်က ကင်တင်းကိုတော့ ဆိုင်းယင့်ကင်တင်းလို့ခေါ်သဗျား။ အဲဒီကင်တင်းက
ပုဇွန်ခွက်ကျော်သုပ်ကလေးများ ခုတောင် သွားရည်ကျလာတယ်။ သူ့နောက်ကျောဘက်က
ကော်ရစ်ဒါလေးတွေက လျှောက်လိုက်ရင် ဟိုးဘက်ဖျား ရူပတို့ ဓာတုတို့နယ်မြေအထိ ရောက်သလေ။
စာသင်ခန်းတွေ လက်တွေ့ခန်းတွေ ကျူတိုရီယယ်ခန်းတွေအလယ်မှာ ကူးသန်းသွားလာ
လှကညာတွေကို တမေ့တမော စောင့်ရင်းကြည့် ကြည့်ရင်းစောင့်လို့ ရသပ။
အဲဒီကော်ရစ်ဒါရှေ့ကဟာက တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ကြီးပါ။
မြင်ဖူးသမျှ စာကြည့်တိုက်တွေထဲမှာကြက်သရေအရှိဆုံးလို့ အောင့်မေ့တာပဲ။
သူ့ရှေ့က လှေကားထစ်ကလေးတွေ ခုံတန်းလျားလေးတွေ
ကိုက ဆွတ်ပျံလွမ်းမောဖွယ်လို့ ပုံပြင်ရှိတဲ့လူတွေက ပြောလိမ့်မယ်။ လာ လာ။ အဓိပတိလမ်းမကြီး
ပြန်ကူးလိုက်ကြရအောင်။ ဟိုဘက်မှာ ဒီထက်ကောင်းတာတွေ လိုက်ပြမယ်။
အမောလေး အပန်းလေးဖြေလိုက်ပါကွယ်။
ပြန်လည်ပြုပြင်ထားသော အာရ်စီ (Recreation Centre)
နောက်လက်မှာ ဘာအသင်းဝင်ချင်သလဲ ပြော။ အဲ မစွံတောင်တက် လို့ ခေါ်တဲ့ ခြေလျင်နှင့်တောင်
တက်အသင်းကတော့ တောင်ငူဆောင်ဘက်မှာ ကျန်ရစ်ခဲ့ပြီဗျ။ သီချင်းထဲမှာ ပါတဲ့ တေးပဉ္စင်
ငြိမ့်ငြိမ့်ငြောင်းလေးတွေ ကြားရမယ့် အနုပညာအသင်းရှိတယ်။ ချစ်ချစ်ဇော်။ ယုနန္ဒာမြင့်၊
တင့်တင့်ထွန်းတို့ အဲဒီမှာ အငြိမ့်ကခဲ့ဖူးတယ်။ ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို ကစားမလား။ အထဲမှာ
ကြက်တောင်ရိုက်လို့လည်းရတယ်။ စားပွဲတင်တင်းနစ် ကစားလို့လည်းရတယ်။ ကောင်လေးငယ်ငယ်
ကိုယ်နဲ့မသိပဲ လာလာပြုံးပြရင် မသိချင်ယောင်ဆောင်နေနော်။ တော်ကြာ ကဗျာစာအုပ်
အရောင်းခံနေရမယ်။ တက္ကသိုလ်နဲ့ဆိုင်တဲ့ အမှတ်တရ တီရှပ် ပို့စကဒ်ဓါတ်ပုံ လိုချင်တာအကုန်
အဲဒီမှာရတယ်။ ဒီဝင်းထဲ ဘယ်မှာ ဓါတ်ပုံရိုက်ခဲ့ရိုက်ခဲ့ ဒီမှာလာရွေးရတာလေ။ လျှော့မတွက်လေနဲ့ဗျာ။
အင်မတန် ပုံထွက်ကောင်းတာ။ ဘုရားစူးရစေ့။ နောက်မှာ တောက်တဲ့ကြီးတွေ ကပ်ပါလာတဲ့
ကျောင်းသူလေးတွေ ခွာထုတ်ရာ အမျိုးသမီးနားနေခန်းလည်း ရှိပ။ ကိုယ်က လိုက်ကပ်ရတဲ့လူမို့
ပြန်ထွက်အလာကို စောင့်ချင်သပဆိုလည်း တခြားတဘက်မှာ အမျိုးသားသန့်စင်ခန်းရှိလေသတည်း။
နှစ်ဘက်စလုံးဖြတ်လျှောက်မိသွားရင် ယောင်္ကျားလေးနဲ့ မိန်းကလေး အနံချင်းမတူပဲကိုး လို့
သဘောပေါက်သွားမယ်။ သူတို့က ပျံသန်းတဲ့အမြင့်ပေ မတူတော့ လေထုနဲ့ ဓါတ်ပြုချိန်နည်းသလေ။
အဲဒီအဆောင်ကြီးမှာ လည်စရာကုန်လို့ အနောက်ထွက်လိုက်ရင် သိပ္ပံဆောင်ဘက်မှာလို
ကော်ရစ်ဒါရှည်ကြီး နဲ့ ကျူတိုရီယယ်အတန်းတွေ တွေ့ရဦးမှာပ။
ဂျပ်ဆင်ယုဒသန်ဘုရားရှိခိုးကျောင်းကြီး (photo by ye tun)
ဘယ်ဘက်ကို သွားမယ်ဆိုရင်တော့ ဂျပ်ဆင်ကင်တင်းနဲ့ နံမည်ကျော် ယုဒသန်ဘုရားရှိခိုးကျောင်းကြီးကို ရောက်သတည်း။ ပြည်လမ်းမကြီး ဂျပ်ဆင်မှတ်တိုင်က ဝင်လာရင်လည်း
အဲဒီအပေါက် တည့်တည့်ရောက်သဗျ။ သူ့ဘေးကဟာ မေဆွိဆိုတဲ့ မာလာဆောင်
ပြည်လမ်းအရှေ့ဘက် ဆိုတာကြီိးပေါ့။ အမျိုးသမီးဆောင်လေ။ အမျိုးသားတွေကတော့
မာလာဆောင်နဲ့ ပတ်သက်လို့ ပုံပြင်လေးတပုဒ် ကြားဖူးတယ် ဆိုပြီး သွားသွားဟဲတဲ့နေရာပေါ့။
အခုတော့ ရှောသွားလောက်ပါပြီ။ ဒီလောက်နှစ်တွေ ကြာမှ။ ခရစ်စမတ်ရက်တွေမှာ
အလွန်သာယာတဲ့ တေးသံတွေလွှမ်းတဲ့ နေရာကလေးပါပဲ။ ကျောင်းကနေ ညချမ်းတေးသံအဖွဲ့တွေ
ထွက်ကြတာကိုး။ တော်လောက်ရောပေါ့။ သွားစရာတွေ ဟိုဘက်မှာရှိသေး။ အဲဒီဘက်က ဝိဇ္ဇာတွဲတွေ
ရှိတာ။ ပထဝီတို့၊ ယုတ္တိဗေဒတို့ စိတ်ပညာတို့ ရှိသလေ။ သူလည်း သူ့ကင်တင်းနဲ့သူ။ သူ့ပရိသတ်နဲ့သူ။
အီကိုရှေ့မှာရှိလို့ အီကိုကင်တင်းလို့သိကြတယ်။ ထူုးခြားချက်က ယမ်းဘီလူးအအေးဆိုင် ရှိတယ်။
ဧည့်သည်လာရင် ရောက်ဖူးတယ်ရှိအောင် လိုက်ပို့ရတဲ့ အထဲမှာ သူလည်းပါတာပေါ့။

သစ်ပုပ်ပင်
ကမBာကြီးသာရွာကြီးဖြစ်နေတာ။ တက္ကသိုလ်ဝင်းထဲမတော့ သပ်သပ်စီပါဗျာ။ သူ့အရပ်က အလှကိုယ့်အရပ်ကအလှဘယ်သူပြိုင်လို့ လှပါတော့နိုင်ပဲ။
ဘွဲ့နှင်းသဘင်ဘက်ကို ထွက်ချင်ရင် ခြင်္သေ့ရုပ်ကြီးနှစ်ရုပ်ရှိတဲ့
ဘက်ကထွက်လိုက်၊ တရုပ်စကားပင်တော ကိုရောက်ရော။ မျက်နှာချင်းဆိုင်မှာ သစ်ပုပ်ပင်ကြီးကို
ယောင်ပြီး လက်အုပ်ချီမိဦးမယ်။ ကြည်ညိုစရာကောင်းလွန်းလို့။ ကံကော်မြိုင်တန်းဆိုတာတော့
တက္ကသိုလ်စာကြည့်တိုက် အရှေ့တောင်ဘက်မှာ ရှိခဲ့ဖူးပါသတဲ့။ အဲဒီသစ်ပုပ်ပင်ကြီးနောက်ဘက်က
သိပ္ပံဆောင်တွေဘက်မှာ ငွေစာရင်းဌာန ရှိတယ်။ ကောင်မလေးတွေကို ကျောင်းလခသွင်းပေးနေကျ
နေရာ။ အောင်စာရင်းမှာပါမလာလို့ ကိုယ့်ကျောင်းလခကျတော့ ဒဏ်ကြေးဆောင်ပြီး သွင်းရတဲ့
နေရာပေါ့။

အင်းလျားဆောင်
သူ့နောက်ကျောဘက်မှာက မွန်းအောင်ရဲ့ အင်းလျားအဆောင်သူလေးရေအင်းလျားအဆောင်သူလေးရေ လို့ အော်တဲ့နေရာပေါ့။ ဘွဲ့နှင်းသဘင်ကြီးက အင်းလျားလမ်းကို
ကျောပေးထားတာရော။ ဘယ်ဘက်ကိုတော့ ကွေ့သွားလို့ ရသေးတယ်။ အဲဒါ စီးပွားရေးတက္ကသိုလ်
နဲ့ ဝါဏိဇ္ဇဗေဒ တိုင်းပြည်ဗျား။ ဆက်ထွက်သွား ပြည်လမ်းပေါ်ပေါက်ရော။
ကဲ။ သမိုင်းမပါဘူး။ ပထဝီချည့်သက်သက် ကို တမေ့တမော ပြောယူရတဲ့ အမိတက္ကသိုလ်ပါဗျာ။
သိဖူးမီဖူးတဲ့ ဘော်ဒါတွေကိုတော့ တ တ လို့သာ ငိုလိုက်ချင်ပါတယ်။ လွမ်းလွန်းလို့။ မသိ မမီလိုက်တဲ့
သားငယ်သမီးငယ်တွေကိုတော့ သနားလိုက်ပါဘိတော့တယ်ကွယ်။ တက္ကသိုလ်ဆိုတာ ကျောင်းတက်၊
စာမေးပွဲဖြေ၊ အောင်လက်မှတ်ယူရုံသက်သက်လို့ ဘယ်ရှေးကံစီမံလေခဲ့လို့ ဒီလောက် အဖြစ်ဆိုး
ရလေတယ် ကလေးတို့ရယ်။ တကယ်တော့ အခုပြောသွားသမျှဟာ တက္ကသိုလ် အခွံကြီးသက်သက်
ရှိသေးတာ။ ကျောင်းသားတွေ အကြောင်း တခွန်းမှမဟရသေးဘူး။ ဟိုဘက်ခြမ်းက အင်းလျား
ကန်ကြီးဘက်ကို မကူးရသေးဘူး။ အလည်ခေါ်တဲ့သူလည်း မောတာထက် ရွှေရင်စို့ပြီကွယ်။ သီချင်းလေး
ပြန်နားထောင်ကြစို့လား။
မြစ်ချောင်းငယ်အဖြာဖြာ ရေပြာပြာ သမုဒ္ဒရာမှာပေါင်းဆုံ အသစ်အဟောင်းနယ်စုံစွာ
ကြက်သရေ ဂုဏ်ဝေဖြာတဲ့ အကြေတက္ကသိုလ်မှာ အကြောင်းဆုံ။
(မြကျွန်းညိုညို ကွန်းခိုရာ တက္ကသိုလ်မှာကြုံ စာပေဂီတနဲ့သာ အနုပညာ အစစမှာလည်းစုံ တေးပဉ္စင်
ငြိမ့်ငြိမ့်ငြောင်း စုပေါင်းပါလို့ သီကျူးပုံ တေးမင်္ဂလာ ဘဝင်မှာအေးလို့ ငြိမ်းချမ်းကြစေကုန်)၂
(ရှေးယဉ်ကျေးမှု အစဉ်အလာ တို့ ဆက်ခံကာသာယုံ တေးထွင်ရေးပြု ညင်သာ တိုးတက်ပါစေကုန်)၂
ပန်းကံကော် ဝင်းဖန့်ဖန့် သင်းပျံ့ကြိုင်လှိုင်ထုံ တို့တက္ကသိုလ်ဂုဏ် စိန်ပန်းစုံနီဝေဝေ မြကန်ရေ သာမော
အစဉ်ဆန်းပုံ ပင်နန်းစုံ အလှအဖုံဖုံ ဝန်းခိုခရုံ ကျွန်းညို မြဂုဏ်။
သီချင်းနားထောင်ရန်။
ဒေါက်တာစိုးမင်း
(ပြည်သူ့ခေတ်ဂျာနယ်မှ ဒေါက်တာစိုးမင်း၏ ဆောင်းပါးကို ကိုယ်တိုင်စာရိုက်တင်ဆက်ပါတယ်။)
No comments:
Post a Comment