တစ်ရှူး

ထိုသို့သောမြို့မှာ ဦးဘဇံဆိုတာက လူချမ်းသာ။ ဆေးဆိုင်ကြီး တစ်ဆိုင်လည်းပိုင်သည်။ ကိုယ်ပိုင်စီး ပါဂျဲရိုးကားကြီးတစ်စီးရှိသည်။ ဆိုင်အတွက်သုံးဖို့ ဟိုင်းလက်စ် ကားတစ်စီးရှိသည်။ ချောမောလှပသည့် ဇနီးသည်မေနှင့် ချစ်စရာကောင်းသည့် သားတစ်ယောက်ရှိသည်။
”မောင်တို့သားကို မူကြိုကတည်းက သေချာကို ဂရုတစိုက်နဲ့ ပညာရေးအတွက် စီမံထားရမှာ”
ဟုပြောကာ အကောင်းဆုံးပုဂ္ဂလိက မူကြိုကျောင်းမှာ သားလေးကိုထားသည်။ ထိုကာလအတွင်းမှာ မူကြိုကျောင်းမှ ဆရာမလေးများအတွက် တစ်လတစ်ခါ အဝတ်အစားလေးတွေဝယ်၍ လက်ဆောင်ပေးသည်။ ဆရာမ လေးများ၏ မိဘများထဲမှ မကျန်း မမာတာများ ကြားလိုက်လျှင် ဆေး ဝါးလည်း ကူညီသည်။ အိမ်တိုင်ရာ ရောက်လည်း ဆရာဝန်ကို ပင့်ပေးကာ ကုသစေသည်။ အားလုံးစရိတ်စက ဦးဘဇံကျခံပါ၏။
ဤသို့ဖြင့် ကောင်းထက်ဇံသူငယ်တန်းကျောင်း သားဘဝသို့ ရောက်ချေ၏။ ထိုအ ခါကျတော့လည်း သားအတွက် အိမ်သို့တိုင်အောင် ကျူရှင်ဆရာမ လေးကို ခေါ်၍အပ်၍ ပညာသင် စေပြန်ပါ၏။ ကားဖြင့် ညနေတိုင်း မှာ ကျူရှင်ဆရာမလေးကို သွား ကြိုစေသည်။ ပြန်ပို့ပေးစေသည်။ လစာကောင်းကောင်းပေးသည်။ တစ်လတစ်ခါ သား၏ လက်ထဲသို့ ပါကင်ထုပ်လှလှလေးတွေအပ်ကာ
”သားရဲ့ တီချယ်ကို ကန်တော့လိုက်”
ဟုပြောကာ ကန်တော့စေသည်။ ထိုလက်ဆောင်ထုပ်လေးထဲမှာ အဝတ်အစားပါသည်။ ဆရာမလေး၏ မိဘများအတွက် ဆေးလည်းပါသည်။ ထိုအချိန်မှာ ဦးဘဇံသည် မူကြိုပုဂ္ဂလိက ကျောင်းလေးဆီသို့ ဘယ်သောအခါတွင်မျှ မရောက်တော့ချေ။
ထိုနည်းနှင်နှင်ပင် နောက်တစ်နှစ်သားဖြစ်သူ အတန်းတက်သွားချိန်မှာ နောက်ထပ်ကျူရှင်ဆရာမလေးတစ်ယောက်ကို အိမ်သို့တိုင်အောင်ခေါ်၍ သားကို စာပြစေ သည်။ လခကောင်းကောင်းပေးသည်။ လက်ဆောင်ပစ္စည်းထုပ်ကိုလည်း သားဖြင့် ကန်တော့စေတတ်သည်။ အကြိုအပို့ကားဖြင့် လုပ်ပေးသည်။ ယခင်နှစ်က ကျူရှင် ဆရာမလေးကိုမူ သတိတရဖြင့် အမည်လေးပင်ခေါ်တာမျိုးရှိမနေ ခဲ့တော့ချေ..။
ဤသို့ဖြင့် ကောင်းထက်ဇံသည် ဆယ်တန်းကျောင်းသား ဘဝသို့ တိုင်လေ၏။
ဦးဘဇံ၏ ဆေးဆိုင်မှ ဆေးများကို မြို့ထဲက လူတွေသာမက မြို့ထဲရှိ ရပ်ကွက်ထဲမှာ ဆေးခန်းဖွင့်ကြပါသည့် ဆရာဝန်၊ ဆရာဝန် မလေးများကလည်း ဆေးလာဝယ် ကြတာရှိသည်။ လာဝယ်ချိန်မှာ ပျာပျာသလဲ ခရီးဦးကြိုသည်။ ချက်ချင်း ဧည့်ခန်းသို့ ခေါ်ကာ ကော်ဖီနှင့် မုန့်တို့ဖြင့် ဧည့်ခံသည်။
”မောင်စီရေ၊ ဒီက ဒေါက်တာရဲ့ ဆေးစာရင်း ဘောက်ချာထဲမှာ ဆယ်ရာခိုင်နှုန်းလျှော့ပါ၊ စာရင်း သေချာလည်း လုပ်ပါ၊ ဒေါက်တာ့ လက်ထဲလည်း ဘောက်ချာကို သေ ချာအပ်ပေး၊ ကြားလား၊ သောက်ပါ ဦး ဒေါက်တာ။ မုန့်လည်းစားပါ ဗျာ၊ ဒေါက်တာတို့လို ဆရာဝန်တွေရှိလို့ မြို့ကလူတွေ အားကိုးရတာဗျ”
ဟု ဆေးကောင်တာမှ စာရေး လေးကိုလည်း လှမ်းအော်ပြော။ ဆရာဝန်လေးကိုလည်း ရွှန်းရွှန်း ဝေမျှ ပြောဆို ဧည့်ခံနှင့်ရှိနေပါ၏။
”ဘာအကူအညီလိုလို ပြောပါ ဒေါက်တာ။ ကျွန်တော်တတ်နိုင်သမျှ ကူညီပါရစေဗျာ၊ ဆရာတို့က ဒီထိလာပြီး တာဝန်ထမ်းချိန်မှာ ကျွန်တော်တို့လို မြို့ခံလူတွေက တတ် စွမ်းသမျှ ကူရမှာပါဗျာ” ဟုပင် ပြောတတ်ပါ၏။
ဒါပေမဲ့ ထိုဆရာဝန်လေး တာဝန်ပြောင်းရွှေ့ရချိန်မှာ ဦးဘဇံထံ ရောက်လာကာ
”အန်ကယ် ကျွန်တော် ထရန်စဖာကျလို့ လာနှုတ်ဆက်တာပါ။ ကျွန်တော့်ပရိဘောဂတချို့ကို သေချာထုပ်ပိုးပြီးပါပြီ။ အန်ကယ့် ဟိုင်းလက်လေးနဲ့များ မနက်ဖြန်မနက် ဘူတာကို ပို့ပေးလို့ ဖြစ်မလား ခင်ဗျာ၊ ရထားနဲ့ပဲသယ်မလို့ပါ”
ဟုပြောတော့ ဦးဘဇံ မျက်နှာမကောင်း။ ချက်ချင်းဧည့်ခန်းသို့ ဆရာဝန်လေးကို ခေါ်သွားကာ ထိုင်ခိုင်းသည်။ လက်ဖက်ရည်နှင့် မုန့်နှင့် ဧည့်ခံသည်။
”ပြောင်းရတော့မှာ စိတ်မကောင်းလိုက်တာ ဆရာရယ်၊ ဟိုကို ရောက်ရင်လည်း ဖုန်းဆက်ပါဦးဗျာ။ ကျွန်တော့်ဖုန်းနံပါတ် ဒေါက်တာသိနေပေါ့ဥစ္စာ၊ မေရေ လာပါဦးကွ၊ ဒေါက်တာ ပြောင်းရတော့မယ်တဲ့။ သားကိုလည်း ခေါ်ပါကွယ်။ သား နေမကောင်းတုန်းက ဒေါက်တာပဲ ကိုယ်တိုင်ကိုယ်ကျ အိမ်ထိလာကြည့် ပြီး ကုသပေးတဲ့ဥစ္စာ”
ဟုပြောကာ ဇနီးသည်နှင့် သားကိုပါ ခေါ်ပါ၏။ ကောင်းထက် ဇံလေးကလည်း ထိုင်ကန်တော့သည်မို့ ဆရာဝန်လေးမှာ ခွဲခွာရ မည့်အတွက်ပင် ရင်ထဲမကောင်း နိုင်ရှာ။
”အားနာဖို့ကောင်းလိုက်တာ ဒေါက်တာရယ်။ ကျွန်တော်တို့ ဟိုင်း လက်ကားက ဒီနေ့ ဝပ်ရှော့ ပို့ရမှာပါ ဒေါက်တာ”
ဟု မျက်နှာမကောင်းဘဲ ဦး ဘဇံပြောသည်။ ဆရာဝန်လေးမှာ ပြန်၍ပင် အားနာတကြီးဖြစ်သွား ရကာ နှုတ်ဆက်ပြန်သွားပါ၏။
တကယ်က ဦးဘဇံ၏ကားကို ဝပ်ရှော့ပို့ရမည် မဟုတ်ပါ။
ဦးဘဇံမှာ ခြံတစ်ခြံရှိပါ၏။ ခြံကြီးကလည်း ကျယ်သည်။ ဈေး လည်း သင့်တာမို့ ဝယ်လိုက်ခြင်း။ ထိုခြံထဲမှာ တဲအိမ်ငယ်လေးတစ်လုံး ပါ၏။
ထိုတဲအိမ်ငယ်လေးမှာ ဦး ကြည်ဆိုသည့် အသက်ခပ်ကြီးကြီး လူကြီးတစ်ယောက်ကို နေခွင့်ပေး ထားသည်။ ဦးကြည်မှာ ဈေးထဲမှာ လက်တွန်းလှည်း တွန်းသူ။ ဈေးထဲ မှာ ရှိသည့် ဦးဘဇံ၏ ဆေးဆိုင်ခွဲ သို့ ဆေးပစ္စည်းတွေ ပို့ရသည့်အခါ မျိုးမှာ၊ ကားပါကင်ထိုး ရပ်ထား သော နေရာဆီမှ ဆေးဆိုင်ဆီသို့ ဦးကြည်၏ လက်တွန်းလှည်းဖြင့် ဆေးတွေကို ပို့စေပါသည်။
ဦးဘဇံ သည် ဦးကြည်ကို စကားစပ်မိရင်း ဖြင့် ထိုခြံလေးမှာ လခမပေးဘဲ နေဖို့ ခွင့်ပြုခဲ့ခြင်းပါ။ အိမ်ပိုင်မရှိသည့် တစ်ကိုယ်တည်း လူပျိုကြီး ဦးကြည်မှာ အိမ်လခလည်း သက်သာမည်။ ရေမီးလည်း အလကားသုံးရမည်မို့ ဝမ်းသာအားရဖြင့် ကိုယ်ငှားနေရာအခန်းလေး ပြန်အပ်ကာဦးဘဇံ၏ ခြံထဲရှိ တဲအိမ်ငယ် လေးမှာ ပြောင်း ရွှေ့နေသည်။
”နေရင်လည်း အလကားမဖြစ်အောင် ဦးကြည်ရယ်၊ ခြံထဲက မြက်ပင်ရှည်တွေ ရှင်းလင်းပြီး စိုက်ပျိုးစားပါလား။ မျိုးစေ့ ကျွန်တော် ဝယ်ပေးပါ့မယ်။ နှစ်ရှည်သံပရာ ပင်တို့ဘာတို့လည်း ကျွန်တော် ဝယ် ပေးမယ်၊ စိုက်ပျိုးပြီးရတဲ့ဥစ္စာ၊ ဦး ကြည်ရောင်းစား။ အိမ်သုံးစရိတ်ရ တာပေါ့။ ရေလည်း ပေါတာပဲ ဥစ္စာ”
ဟု ပြောလည်း ပြောခဲ့သည့်နှယ်။
တကယ်လည်း မျိုးစေ့ကအစ၊ ပန်းမျိုးတွေ၊ သံပရာပင်ပေါက်တွေ ဝယ်ပေးပါ၏။ ဦးကြည်မှာ ကျေးဇူးတတင်ဖြင့် ခြံတွေရှင်း၊ အ ပင်စိုက်ဖြင့် ရှိခဲ့ရာမှ၊ ခြံထွက် ပဲတောင့်ရှည်၊ သခွားသီး၊ ရုံးပတီသီး၊ ခဝဲသီး၊ ပြောင်းဖူးကအစ ရောင်းရသည်။ ဦးဘဇံမှ ဝယ်ပေးသော နှင်းဆီပင်ကလည်း ရှင်သန်အပွင့် ဝေကုန်ကြသည်မို့ ပန်းလည်းရောင်း ရသည်ပါပဲ။ ဦးကြည်မှာ ညတိုင်း ဘုရားရှိခိုးချိန်မှာ ဦးဘဇံတို့မိသားစု ကျန်းမာဖို့၊ စီးပွားတိုးတက်ဖို့ အမြဲ ဆုတောင်းပေးရှာသည် အဖြစ်။ မြက်ပင်ရှည်ကြီးတွေရှိခဲ့သော ခြံကြီးမှာ အကျယ်တစ်ဆုံးမျှ ပန်းခင်းတ ဝေဝေ၊ စိုက်ခင်းစိမ်းမြမြတို့ဖြင့် ရှိနေကြပါ၏။ ခြံထဲမှာ ခဝဲစင်၊ ဘူးစင်၊ ဂေါ်ရခါးသီးစင် တို့ပင် ခိုင်ခိုင်မာမာ ရှိကုန်ကြပြီ။
တစ်နေ့မှာ ဦးဘဇံမှ ဦးကြည် ကို ခြံထဲမှာ လာတွေ့သည်။
”မနေ့ကပဲ ဒီခြံကို ကျွန်တော် ရောင်းလိုက်ရတယ် ဦးကြည်။ ဆိုင် အတွက် ငွေလိုတာနဲ့ မရောင်းမ ဖြစ်လို့ ရောင်းလိုက်ရတာပါဗျာ။ ဦး ကြည်အတွက် ကျွန်တော့်ဆေးဂို ဒေါင်နားက အိမ်လေးမှာနေဖို့ စီမံ ထားပါတယ် အလကားနေပါဗျာ။ ခုလိုပင်ပင်ပန်းပန်းလည်း စိုက်ပျိုး စရာမလိုတော့ပါဘူး”
ဟုပြောတော့ ဦးကြည်မှာ ချွေးပေါက်ပေါက်ကျမျှ လုပ်ကိုင်ခဲ့ရပါသည့် ခြံကျယ်ကြီးကို ငေးကြည့်ရင်း မခွဲနိုင်သလိုခံစားရသည်။ သစ်သီး ဝလံပေါပေါ၊ ပန်းတွေတဝေ ဝေဖြင့် ရှိနေသည့် ထိုခြံကျယ်ကြီးကို ဈေး ကောင်းကောင်းဖြင့် ဦးဘဇံအမြတ် အစွန်းရှိရှိရောင်းဖြစ်လိုက်ကာ ဆေးဂိုဒေါင်ဘေးရှိ အိမ်ငယ်လေးတစ်လုံးမှာ ဦးကြည်ကို ပြောင်းရွှေ့နေ ထိုင်လိုက်စေပါ၏။
ခြောက်နှစ်ကျော်မျှ ခြံထဲမှာနေခဲ့၊ အသီးအနှံနှင့် ပန်းတွေရောင်းခဲ့ရသည်မို့ ဦးကြည်မှာ ဂိုဒေါင်စောင့်လခကို မယူလိုပါဟုပင် ကျေးဇူးတတင်ဖြင့် ဦးဘဇံကို ပြော ခဲ့ပါ၏။ ဈေးထဲမှာလက်တွန်းလှည်း ပြန်တွန်းပါလေ၏။
ဦးဘဇံသည် မြေရိုင်းခြံကျယ်ကြီးတစ်ခုကို ဘာမျှ မယ်မယ်ရရ စရိတ်စက အကုန်မခံလိုက်ရဘဲ မြေယဉ်မြေကောင်းဖြစ်အောင် လုပ်လိုက်နိုင်ရုံမျှမက၊ ဈေးကောင်း ကောင်းဖြင့်ပင်ရောင်းချလိုက်နိုင်ပါ ၏။
ထိုရောင်းရငွေထဲမှ ဦးကြည်ကို မုန့်ဖိုးမျှပင် မပေးခဲ့ချေ။
”လူတွေကို ဆက်ဆံရာမှာ မိတ္တဗလကျေဖို့လိုတယ်မေ၊ စိတ်ကိုနှစ်နေဖို့မလိုဘူး။ လိုတဲ့အခါမှာသုံး၊ မလိုတော့တဲ့အခါကျတော့လည်း ပစ်လိုက်ရုံပါပဲ။ သဘောက တစ်ရှူးလိုပေါ့မေ၊ ဒီဧည့်ခန်းဆက် တီစားပွဲပေါ်က တစ်ရှူးဘူးကိုကြည့်၊ ပန်းကနုတ်ပုံ ရွှေရောင်လေးတွေပါ တဲ့ နက်ပြာရောင် ဒီတစ်ရှူးဘူးကြီးထဲမှာ တစ်ရှူးစက္ကူ လေးတွေရှိတယ်။ လိုတဲ့အခါယူပြီး လက်လေးတွေကို သုတ်မယ်။ နှုတ်ခမ်းလေးကိုသုတ်မယ်၊ မျက်နှာကချွေးလေးတွေကို သုတ်မယ်၊ ပြီးရင် ပစ်လိုက်ရတာပဲ၊ အဲသလိုပဲ ကိုယ့်အကျိုးအတွက် လူတွေကို ဆက်ဆံရာမှာ၊ လိုတဲ့အခါသုံး၊ မလိုတော့လည်း မသိမသာ ပါးပါးနပ်နပ်နဲ့ ခွာလိုက်ရမှာပေါ့။ တဲ့တိုးကြီးတော့ ဘယ်လုပ်လို့ရ မလဲ၊ အမုန်းလည်းမခံရအောင် ပါး ပါးနပ်နပ်နဲ့ လုပ်တတ်ဖို့လိုတယ်ကွ” ဟု ပြောကာ ဦးဘဇံပြုံး၍ ထရပ် သည်။
”မောင်လက်ဖက်ရည်ဆိုင် သွားလိုက်ဦးမယ်မေ၊ လက်ဖက်ရည်ကျကျနဲ့ ပူတင်းလေးစားချင်လာတယ်။ အပြန်မှာ မေနဲ့သားအတွက် ပူတင်း ဝယ်လာခဲ့မယ်၊ မေ ဆေး ဆိုင်ကိုကြည့်နေဦး၊ အလုပ်သမားတွေနဲ့ချည်း ပစ်ထားလို့ရတာ မဟုတ်ဘူးကွယ့်” ဟုပြောကာ ကား ဖြင့် ထွက်သွားပါ၏။
လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ကျကျသောက်သည်။ ပူတင်းစားသည်။ ဇနီးနှင့်သားအတွက် ပူတင်းဝယ်ပြီး ထွက်စဉ်မှာ ဦးဘဇံ မူးလဲသွားပါ၏။
ဆိုင်ထဲမှ လူတွေ ပြေးလာကြသည်။ လူတစ်ဦးက ဦးဘဇံ၏ ကားဖြင့်ပင် ဆေးရုံသို့မောင်းပို့ပေးသည်။ ဆေးရုံရောက်တော့ ဦးဘဇံ အသက်ပါမလာတော့ပါ။ ဦးဘဇံ၏ အလောင်း အိမ်သို့ပါဂျဲရိုးကားကြီးဖြင့်ပင် ပြန်ရောက်ပါ၏။
ဦးဘဇံ၏ နာရေးသတင်းက ချက်ချင်းပြန့်သည်။ လူသိလူခင်ပေါသူမို့ အသုဘ မေးသူလည်း များကြသည်။ ပို့ သူလည်းများကြသည်။ ထွန့်ထွန့်လူးငိုနေသည့် ဇနီးသည်မေ၊ အဖမဲ့ရသည့်သား၏ မျက်ရည်တို့ကိုလည်း ဘေးလူတွေ မကြည့်ရက်ကြ၊ စုတ်တသပ်သပ်ဖြင့်ရှိကြသည်။
အသက်လေးဆယ်ကျော် အရွယ်၊ ကျန်းကျန်းမာမာ ဖျတ်ဖျတ်လတ်လတ်ဖြင့် ရှိနေဆဲကာလမှာ ရုတ်တရက် သွေးတိုးကာ သေဆုံးသွားပါသည့် ဦးဘဇံ။ ကြာကြာထား ၍မရ။ အနံ့က အတန်မျှထွက်လာ ပြီ။ သုံးရက်မြောက်သည့်နေ့တွင် ဦးဘဇံကို ဂူသွင်းသင်္ဂြိုဟ်သည်။
”မိန်းမနဲ့သားအတွက် ပူတင်းလေးတောင်မှ ဝယ်လိုက်သေးတာ၊ ရုတ်တရက်ဆုံးရှာသကိုး၊ အတော်သဘောကောင်းတဲ့သူပါ။ သူလဲကျသွားတုန်းက သူ့ကိုပွေ့ထူပြီး သူ့ ကားနဲ့ပဲ ဆေးရုံတင်ရတယ်၊ ဆုံးပြီဆိုတော့ အိမ်ကိုပို့ရတယ်ဗျာ။ အိမ်ရောက်တော့ သူ့လက်ထဲမှာ ဆုပ်ထားတဲ့ ပစ္စည်းလေးတစ်ခုကို သူ့မိန်းမက လက်လေးဖြေကြည့် တော့၊ တစ်ရှူးလေးဗျာ၊ ဆိုင်မှာ စားသောက်ပြီး တစ်ရှူးဘူးထဲက တစ်ရှူးကို ယူသုတ်ရင်း ထွက်သွားတော့ လက်ထဲပါသွားတာဖြစ်မှာ၊ သူ့မိန်းမမှာ အဲဒီတစ်ရှူးစက္ကူကို အဲဒီ တော့မှ ယူပစ်လိုက်ရတယ်လေ”
ကားဖြင့် ဆေးရုံကို ပို့ပေးသူကားဖြင့် အလောင်းကို ပြန်သယ် လာပေးသူက အသုဘပို့သူများကို ပြောပြနေခြင်းပါ။ ထိုအချိန်မှာ အနံ့ ထွက်နေပြီဖြစ်သည့် ဦးဘဇံကို ဂူ သွင်းနေချိန်ပဲ ဖြစ်ပါလေ၏။
မျှဝေခံစားခြင်းများစွာဖြင့်
မဟူရာ(လွိုင်ကော်)
(ရတီမှ ရယူတင်ဆက်ခြင်းဖြစ်ပါသည်။)
No comments:
Post a Comment