@Bertrand Russel

Bertrand Russel (1872-1970)
လူသား တစ်ဦးချင်းစီ အနေဖြင့် သော်လည်းကောင်း၊ မိမိတို့၏ အသိပညာ၊ အတတ်ပညာများအလျောက် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကို ဖြေရှင်း ကျော်လွှားခဲ့သည်ကို တွေ့ရပါမည်။ သို့ရာတွင် လူ့သမိုင်းသည် ပြီးပြည့်စုံသော ငြိမ်းချမ်းသာယာမှု ပန်းတိုင်ဆီသို့ မရောက်ရှိသေးပေ။ သဘာဝတရားနှင့်လည်း ခိုက်ရန် ဖြစ်ပွားဆဲ၊ မျိုးနွယ်စု သတ်ဖြတ်ပွဲများ၊ လူမဆန်သော ဖိနှိပ်ချုပ်ချယ်မှုများ၊ ကမ္ဘာလောက၏ မသေချာ မရေရာမှုများအပေါ် ပြင်းစွာသော စိတ်သောက ရောက်မှုများမှာလည်း အဆုံး မသတ်သေးပေ။ ဤနေရာတွင် အသိပညာ၏ အခန်းကဏ္ဌကို ထည့်သွင်းစဉ်းစားရန် လိုအပ်လာပါသည်။ အသိပညာသည် လူ့အဖွဲ့အစည်းအတွင်း လူမှုဒုက္ခ အဝဝကို ဖြေရှင်းနိုင်ရန်အတွက် အဓိကကျသော ထွက်ပေါက်တစ်ခု ဖြစ်ပါသည်။ အသိပညာသည် သဘာဝ အင်အားစုများ၏ လွှမ်းမိုးချုပ်ကိုင်မှုမှ လွတ်မြောက်စေရုံမျှမက ချစ်ခြင်း၊ မုန်းခြင်း ၊ ဒေါသဖြစ်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း စသည့် ပြင်းပြသော ဝေဒနာဆိုးများကိုလည်း ချေဖျက်နိုင်ပါသည်။ ယင်းအသိပညာဖြင့်သာ ကျွန်ုပ်တို့၏ မျှော်လင့်ချက် ကမ္ဘာကို တည်ဆောက်နိုင်မည် ဖြစ်လေသည်။
ဤသည်မှာ ဘာထရန်ရပ်ဆယ်၏ New Hopes for a Changing World မှ အတွေးအမြင် တချို့ ဖြစ်သည်။ ဘာထရန်ရပ်ဆယ်ကို ကျွန်ုပ်တို့ စာဖတ်ပရိသတ်နှင့် အထူးတလည် မိတ်ဆက်ပေးစရာ လိုအပ်မည် မထင်ပါ။ ရပ်ဆယ်သည် ဒဿနပညာရှင် စာရေးဆရာ တစ်ယောက် ဖြစ်လေသည်။ လူမှုရေး၊ ပညာရေး၊ ကိုယ်ကျင့်တရား၊ နိုင်ငံရေး ၊ အတွေးအခေါ် ပညာ စသည့် ဝိဇ္ဇာပညာရပ်များကိုသာမက သင်္ချာ၊ ရူပဗေဒ စသည့် သိပ္ပံပညာ ရပ်များကိုပါ နှံ့စပ် ကျွမ်းကျင်သော စွယ်စုံရ ပညာရှင်ကြီး ဖြစ်လေသည်။ သူ၏မွေးရပ် အင်္ဂလန်ကျွန်းကလေးကို ကျော်လွန်၍ အမေရိက၊ အရှေ့ဥရောပနှင့် တရုတ်၊ အိန္ဒိယတို့တွင်ပါ သူ၏အမည်မှာ ထင်ရှား ကျော်ကြား လေသည်။ ရပ်ဆယ်သည် ငြိမ်းချမ်းရေး မြတ်နိုးသော စစ် ဆန့်ကျင်ရေးသမား ပြုစုနေရင်း အခြားတစ်ဖက်က စစ်ဆန့်ကျင်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့လေသည်။ ဖက်ဆစ်နာဇီများ နှင့် ဗီယက်နမ် ကျူးကျော် စစ်ဆန့်ကျင်ရေး၌ ပညာရှင်များ အသိုင်းအဝိုင်းတွင် ထင်ရှားလေသည်။
သူ၏အဘိုး Lorol John Russell မှာ ထင်ရှားသော လစ်ဘရယ် ဝန်ကြီးချုပ်တစ်ယောက် ဖြစ်ခဲ့သည်။ ကုန်သွယ်ရေး လွတ်လပ်မှု၊ ပညာရေး လွတ်လပ်မှု၊ ဂျူးအမျိုးသား လွတ်လပ်ရေး တို့အတွက် အရေးဆိုခဲ့သူ ဖြစ်သည်။ နယ်ပယ် အသီးသီးကိုလည်း အရင်းအမြစ်မှစ၍ ပြုပြင် ပြောင်းလဲလိုသူ ဖြစ်သည်။ ရပ်ဆယ်၏ဖခင် (Viscount Amberley) မှာ ဆင်ခြင်းခြင်း ဝါဒီ (retionalist ) တစ်ယောက် ဖြစ်သည်။ ဘာထရန်ရပ်ဆယ်ကိုလည်း J.S Mill ၏ အတွေးအခေါ်များကို လေ့လာ သင်ကြားရန် တိုက်တွန်း ခဲ့လေသည်။ သည့်အတွက်ပင်လျှင် ရပ်ဆယ်၏ အတွေးအခေါ်များတွင် လူသားဝါဒ ၊ လွတ်လပ်မှု အယူအဆများ၏ လွှမ်းမိုးမှုများကို တွေ့ရှိနိုင်ပါသည်။
ရပ်ဆယ်၏ လူသားဝါဒတွင် လူ၏ ဂုဏ်သိက္ခ (human dignity )၊ သနားကြင်နာမှု (Mercy) နှင့် လူမှုရေး ညီမျှမှု (Social justic ) တို့ ပါဝင်ပါသည်။ အထူးသဖြင့် လွတ်လပ်သော ပုဂ္ဂလလူသား အယူအဆကို ဖော်ထုတ် ခဲ့လေသည်။ သူ၏ Road to freedom (1918), How to be free and Happy (1924),On Education (1926), Marriage and Morals (1929) တို့တွင် လူသား၏ ကာယ၊ စိတ္တ လွတ်လပ်မှု အယူအဆများနှင့် ပတ်သက်၍ ရှင်းလင်းစွာ ဖွင့်ဆိုခဲ့လေသည်။ ဤစာတမ်းတွင်မူ ရပ်ဆယ်၏ လွတ်လပ် ပွင့်လင်းသော ပညာရေး အယူအဆကို အဓိကတင်ပြရန် ရည်ရွယ်ပါသည်။
လူတို့သည် ပညာသင်ကြားရေးနှင့် ပတ်သက်ပြီး ရည်ရွယ်ချက်များ ထားရှိကြလေသည်။ သူတို့၏ လူမှုလက္ခဏ အမြင်များအလိုက် လိုလားအပ်သော ပညာရေး ရည်မှန်းချက်များလည်း တစ်ခုနှစ်တစ်ခု အမြင်ကွဲပြား ကြပါသည်။ နိုင်ငံတော်သည် အမျိုးသား အကျိုးစီးပွားနှင့် အချုပ်အခြာ အာဏာအတွက် တာဝန်ထမ်းဆောင်ရန် ၊ အစိုးရအဖွဲ့ တည်ရှိမှုအတွက် အထောက်အပံ့ပေးရန် ကလေးသူငယ်များကို ပညာ ပေးကြသည်။ အလယ်ခေတ် ပုပ်ရဟန်းတို့ကလည်း သူတို့၏ လုပ်ပိုင်ခွင့် အာဏာကို မြှင့်တင်ရန်အတွက် ဘာသာရေး ကျမ်းဂန်များကို သင်ကြားပေးရန် အလိုရှိကြသည်။ ငြိမ်းချမ်းရေး လိုလားသူများက စစ်သားကောင်း ဖြစ်ရေးအတွက် ပညာပေးခြင်းမျိုးကို ဆန့်ကျင်ကြသည်။ ထို့အတူ ကွန်မြူနစ် (Communist) များနှင့် ပုဂ္ဂလ လူသားဝါဒီများ (individualists) ၏ ပညာရေးအမြင်များမှာလည်း ကွဲပြားခြားနား နေကြပါသည်။
ရပ်ဆယ်ကမူ နိုင်ငံရေး၊ ဘာသာရေး၊ ကျင့်ဝတ်စသည့် ပညာရေးနယ်ပယ်နှင့် ပတ်သက်၍ အယူအဆ တစ်မျိုးတည်းအား လေ့ကျင့် သင်ကြားပေးခြင်းကို ဆန့်ကျင်ခဲ့သည်။ စံနှုန်း တစ်ခုတည်းကိုသာ လေ့ကျင့် သင်ကြားပေးခြင်းသည် ဆိုးဝါးသော အကျိုးသက်ရောက်မှုများကိုသာ ဖြစ်စေ နိုင်သည်ဟု ရပ်ဆယ်က ရှုမြင်ခဲ့သည်။ ဥပမာ ဘောဂဗေဒ (Economy) ကို လေ့လာ သင်ယူနေသော လူတစ်ယောက်သည် ပုဂ္ဂလဝါဒီမျာ(individualists) ၊ ဆိုရှယ်လစ်များ (Socialists) ၊ တံခါးပိတ် စီးပွားရေးဝါဒီများ (protectionists) ၊ လွတ်လပ်သော ကုန်သည် စီးပွားသမားများ (Free traders) စသည်ဖြင့် ၎င်းတို့၏ အယူအဆ အမျိုးမျိုးကို လေ့လာကြားနာ သင့်လေသည်။ အခြားသော စာအုပ် စာတမ်းများကိုလည်း ဖတ်ရှု လေ့လာရန် အားပေးရပါမည်။ ရာဇဝင်ပညာ (History) ကို သင်ယူရာတွင်လည်း မိမိတိုင်းပြည်၏ ရှုထောင့် အမြင်သာမက အခြား အခြားသော တိုင်းနိုင်ငံတို့၏ အမြင်များကိုပါ အသိအမှတ် ပြုရပေမည်။ အဘယ်ကြောင့် ဆိုသော် လူမျိုးတစ်မျိုး သို့မဟုတ် တိုင်းနိုင်ငံတစ်ခု၏ ယုံကြည် ယူဆချက်သည် အခြား မည်သည့်လူမျိုး၊ မည်သည့် နိုင်ငံတိုင်းနှင့်မျှ ထပ်တူ မညီနိုင် သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ရာဇဝင် ပညာသာမက အခြား မည်သည့် ဘာသာရပ်ကိုမဆို ဓမ္မဓိဠာန်ကျကျ လေ့လာ သိရှိနိုင်ရန် စာသင်သားများကို လွတ်လပ်သည့် ထင်မြင်ယူဆခွင့် (Free speculation) ပေးရမည် ဖြစ်လေသည်။
ရပ်ဆယ်၏ ပညာသင်ကြားရေး ရည်မှန်းချက်များမှာ ရည်မွန် ယဉ်ကျေးသော လူသားများ ဖြစ်မြောက်ရေးပင် ဖြစ်သည်။ ရည်မွန် ယဉ်ကျေးသူသည် မှန်သည်ထင်သော အရာများတွင် လူအများက မထောက်ခံသည် တိုင်အောင် လုပ်ရဲကိုင်ရဲ ရှိလာသည်။ မတရားသော လူမှုရေး၊ စီးပွားရေး စနစ်များအကြောင်း ကောင်းကောင်းသိပြီး တိုက် ဖျက်တွန်းလှန်လို စိတ်လည်း ရှိသည်။ လူသားများအပေါ် အကြင်နာမေတ္တာ ထားနိုင်စွမ်းလည်း ရှိသည်ဟု ရပ်ဆယ်က ဆိုပါသည်။ ရပ်ဆယ်၏ အလိုအရ လူဆန်သော လူတစ်ယောက် ဖြစ်လာစေရေး အတွက် အသိဉာဏ်ပညာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကောင်းမြတ်မှုတို့ လိုအပ်ပါသည်။
အသိပညာကို ယေဘူယျနှစ်ပိုင်း ခွဲခြားပြီး အချက်အလက်များနှင့် ဆိုင်သော သုတပညာ (Information Knowledge ) နှင့် ဉာဏ်အမြော်အမြင်နှင့် ဆိုင်သော ဉာဏ်ပညာ (Intellectual Knowledge ) ဟူ၍ သတ်မှတ်ထားပါသည်။ အချက်အလက်များနှင့် ဆိုင်သော အသိပညာ ဆိုသည်မှာ အခြေခံ အရေးအဖတ် ဘာသာ စကားမှအစ စိုက်ပျိုးမွေးမြူရေးပညာ၊ သိပ္ပံပညာ၊ ဗိသုကာပညာ၊ ဆေးပညာနှင့် အခြား အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဆိုလိုပါသည်။ ဉာဏ်အမြော်အမြင်နှင့် သက်ဆိုင်သော အသိပညာ ဆိုသည်မှာ စူးစမ်း လေ့လာမှု စိတ်ဓာတ် ဖြစ်သည်ဟု ရပ်ဆယ်က ဆိုပါသည်။ ဤကဏ္ဍတွင် စဉ်းစားတွေးခေါ်တတ်မှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မှု၊ တန်ဖိုး ဆုံးဖြတ်ချက်များ ချမှတ် ဆောင်ရွက်နိုင်မှုအထိ ကျယ်ကျယ် ပြန့်ပြန့် ပါဝင်ပါသည်။ ရပ်ဆယ်၏ အလိုအရ လူသားသည် အသိပညာ ရရှိရန်အတွက် မိမိ၏ ရှင်သန်နိုးကြားမှု အလျောက် စူးစမ်းရှာဖွေစိတ် ရှိရပါမည်။ မိမိကိုယ်တိုင်ရော၊ အခြား ပုဂ္ဂိုလ်များကိုပါ လူမှုရေးအရဖြစ်စေ၊ အသိပညာ ရရာရကြောင်း အတွက်ဖြစ်စေ၊ အခြားခြားသော အကြောင်းကြောင်းတွေ ကြောင့်ဖြစ်စေ ရိုသေ လေးစားမှုနှင့် စာနာကရုဏထားမှု ရှိရမည် ဖြစ်သည်။ မိမိကိုယ်မိမိ ယုံကြည်မှုရှိလာသည့် လူသားသည် အသိပညာရရှိရန် လွယ်ကူလာပါမည်။ ရရှိပြီးသား အသိပညာနှင့်လည်း မိမိဘဝကိုရော လောက တစ်ဝှမ်းလုံးကိုပါ ပြောင်းလဲပစ်ရန် ရည်ရွယ်လာပါ လိမ့်မည်။ သို့မှသာ စစ်မှန်သော လူသား၏ အဓိပ္ပာယ်ရှိမှုကို အောင်မြင်စွာ ဖော်ဆောင် လာနိုင်လိမ့်မည် ဖြစ်လေသည်။
ကျင့်ဝတ်ဆိုင်ရာ ပညာရေး (Moral education) တွင် မှန်ကန်မှု (Truthfulness) သည် အရေးကြီးသော သော့ချက်တစ်ခု ဖြစ်ပါသည်။ မှန်ကန်မှုဆိုရာ၌ ပြောဆို ဆက်ဆံရေး၌ သာမက အတွေးအကြံနှင့် အပြုအမူများပါ မှန်ကန်စေရန် လိုအပ်ပါသည်။ တစ်ဖက်ကလည်း ကလေးသူငယ်များအား ကြောက်ရွံ့ထိန့်လန့်မှု ကင်းစေပြီး အမှန်တရားကို သိမြင်စေရန် အတွက် ပြုစုပျိုးထောင်သွားရပါမည်။ ရှေ့၌ဆိုခဲ့သည့် လူသားဂုဏ်သိက္ခာ၊ သနားကြင်နာမှု၊ လူမှုရေးညီိမျှမှုများ တိုးတက် ထွန်းကားလာစေရန်မှာ ကိုယ်ကျင့် တရားဆိုင်ရာ ပညာပေးမှုနှင့် ပတ်သက် နေပါသည်။ မိမိ အယူအဆနှင့် အပြုအမူများသာ ထာဝရမှန်ကန်သည် ဆိုသော အစွန်းရောက် အမြင်မျိုးကိုလည်း ရှောင်ရှားတတ်စေရန် လေ့ကျင့် ပေးရပါမည်။ ကိုယ်ချင်း မစာနာသော (Uncharitable)၊ သည်းမခံနိုင်သော (intolerant) ၊ ရက်စက် ယုတ်မာသော (cruel )၊ ရန်လိုသော belligerent (bellicose) အပြုအမူများကို လူ့အဖွဲ့အစည်း၏ မလိုလားအပ်သော အရာများအဖြစ် တားမြစ်ရပါမည်။ ဤလူမဆန်သော၊ မလိုလားအပ်သော အပြုအမူများကို ပြေပျောက် စေရန်မှာလည်း သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတို့၏ ပညာပေးမှု အစီအစဉ်နှင့် ပတ်သက်နေသည်ဟု ရပ်ဆယ်က ဆိုပါသည်။
ဘာထရန်ရပ်ဆယ်၏ အလိုအရ တင်းကျပ်သည့် နိုင်ငံရေးစည်းမျဉ်း(Regimentation) နှင့် ပညာ ရေးအာဏာပိုင်မှု (Educational authorities) တို့ကို ကလေးသူငယ်များအား ပြုစုပျိုးထောင်ရာ၌ ရှောင်ကြဉ်ရပါမည်။ နေရာတကာတွင် အများယူဆသလို ကလေးသူငယ်များအား စည်းကမ်း သတ်မှတ်ပြီး ချုပ်ချယ်ရန် မလိုပေ။ ကလေးများအား အတင်းဖိနှိပ်ပြီး နှိမ်သည့် သဘောဖြင့် ရိုသေကျိုးနွံအောင် လုပ်ခြင်းသည် ကလေး၏ စိတ်ထဲတွင် အမုန်းစိတ်ကိုသာ ပွားများစေနိုင်ပါ ဖြစ်သည်။ သို့ရာတွင် ဤသို့ ပေါ်ပေါက်လာသော အမုန်းစိတ်ကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် မရပြန်ရကား ယင်းစိတ်သည် ရင်ထဲမှာပင် ကြိတ်မှိတ် ခံစားနေရပါက တဖြည်းဖြည်း ခိုင်မာ လာပါမည်။ ထိုအခါ ကလေးသူငယ်၏ ကျန်ရှိသော ဘဝခရီး တစ်လျှောက်လုံးတွင် ထူးဆန်းသော အဖျက်အဆီးများ ဖြစ်လာ တတ်လေသည်။
သူ၏ (Education and Civilization ) စာတမ်းတွင် အကြွင်းမဲ့လုပ်ပိုင်ခွင့် အာဏာ ပိုင်ဆိုင်မှု၏ ဆိုးပြစ်များကို ထောက်ပြစေရန် ဝေဖန်ထားလေသည်။ အကြွင်းမဲ့ လုပ်ပိုင်ခွင့် အာဏာသည် ဆရာတပည့် နှစ်ဦးနှစ်ဖက်စလုံး အတွက် ဆိုးဝါးစေ နိုင်ပါသည်။ ဆရာများသည် စိတ်ဓာတ်နှင့် ကိုယ်ကျင့် စရဏတရားများ ပျက်ပြားပြီး အာဏာကို အလွဲသုံးစား လုပ်တတ်သော အုပ်ချုပ်သူများ ဖြစ်လာနိုင်ပါသည်။ ထို့အတူ တပည့်များသည်လည်း ပုန်ကန်ထကြွမှု (rebellious) သို့မဟုတ် ခေါင်းငုံ့နာခံမှု (Submissive) စသည့် အစွန်း နှစ်ဖက်သို့ ချဉ်းကပ် သက်ရောက် နိုင်ပါသည်။ ထိုအခါ စာသင်သားများသည် မည်သည့် အကြွင်းမဲ့ အာဏာကိုမဆို ဆန့်ကျင်လိုသော ဆန္ဒများ ပေါ်ပေါက် လာနိုင်ပါသည်။ တစ်ဖက်ကလည်း ခေါင်းငုံ့နာခံ တတ်မှုကြောင့် သူတို့၏ တီထွင်ရှေ့ဆောင်သော ဉာဏ်ရည်ဉာဏ်သွေးအားလုံး (all sense of initiative) ဆုံးရှုံးပျက်စီး စေနိုင်ပါသည်ဟု ရပ်ဆယ်က ဆိုထားပါသည်။
ဘာထရန်ရပ်ဆယ်သည် ပညာရေးပါရဂူ မဒမ်မွန်တက်ဆိုရီ (Montessori) ကဲ့သို့ပင် ပညာသင်ကြားရာ၌ ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကိုပါ ထည့်သွင်း စဉ်းစားခဲ့သည်။ ကလေးသူငယ်များ၏ စိတ်၌ အပြစ်ရှိသည် ၊ ရှက်ဖွယ်ရာဖြစ်သည်၊ ကြောက်မက်ဖွယ်ရာ ဖြစ်သည်ဟူသော အရာများ လွှမ်းမိုးမှုမရှိသင့်ဟု ရပ်ဆယ်က ယူဆပါသည်။ ကလေးသူငယ်များသည် အလိုအလျောက် ပျော်ပျော်ရွှင်ရွှင် မြူးမြူးထူးထူး ရှိရမည်။ ကလေးသူငယ်များ၏ စိတ်လှုပ်ရှား ထကြွမှုကို ကြောက်ရွံ့သည့် စိတ်မဝင်စားစေရန်၊ သဘာဝ အကြောင်း အချက်များနှင့် ပတ်သက်သော စူးစမ်း ရှာဖွေမှုများမှ တွန့်ဆုတ်သွားခြင်း မဖြစ်ပေါ်စေရန် အရေးကြီးလေသည်။ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပညာပေးရာတွင် ကလေးသူငယ် များအား အမြော်အမြင်ရင့်သန်၍ ရိုးသားဖြောင့်မတ်သူများ၊ လူမှုရေးအရ အကြောင်းတရား ကင်းမဲ့သူများ၊ အလုပ်လုပ်ကိုင်ရာ၌ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သူများ၊ အတွေးအခေါ်များအားဖြင့် နက်နဲသိမ်မွေ့၍ သည်းခံတတ်သော စိတ်ထားဖြင့် ပြည့်ဝသည့် တော်တည့်ဖြောင့်မှန်သော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ ဖြစ်လာစေရန် ပြုစုပျိုးထောင် ပေးရပါမည်။
ကလေးသူငယ်များအား ကိုယ်ထိလက်ရောက် ပြစ်ဒဏ်ပေးခြင်းမျိုးကို မည်သို့သော အခြေအနေမျိုးမှာပင် ဖြစ်စေ လိုလားအပ်သည်ဟု မယုံကြည်ပေ။ အချိန်တိုင်းမှာ ကလေးကို လက်နဲ့ တဖုတ်ဖုတ် ရိုက်နေတဲ့အတွက် က လေးရဲ့စိတ်ထဲမှာ အင်မတန် ရှုပ်ထွေးပွေလိမ် ဆူပွတ်လာတဲ့ ခံစားမှုမျိုး အုံကြွဖြစ်ပေါ် လာနိုင်ပါတယ်။ သို့သော်လည်း အလွန်အကျွံ လွတ်လပ်ခွင့် ပေးရမယ်လို့လည်း မဆိုလိုပါဘူး။ တစ်ခါတစ်ခါ လွတ်လပ်ခွင့် အပြည့်အဝပေးလို့ မရတာမျိုးလည်း ရှိပါတယ်။ တစ်ခုခုကို မတတ်တတ်အောင် သင်ပေးတဲ့အခါမျိုးပေါ့ ̓ ဟု ကျယ်ပြန့်သော အမြင်ဖြင့် သုံးသပ် ထားပါသည်။
လွတ်လပ်မှုသည် ပညာရေး၏ အခြားအရာများ (ပညာရေး ရည်မှန်းချက်၊ သင်ရိုးညွန်းတမ်းနှင့်အလားအလာ) (education aim , its curriculum and is possibilities) နည်းတူ အရေးကြီး လေသည်။ အထူးသဖြင့် လွတ်လပ်သော ထင်မြင် ယူဆပိုင်ခွင့်သည် ပညာရေး၏ မရှိမဖြစ် လိုအပ်သော ကိရိယာ တစ်ခု ဖြစ်သည်။ ယခုခေတ်သစ် ကမ္ဘာတွင်မူ အစွန်းရောက် ကန့်သတ်ချုပ်ချယ်မှုများ နည်းပါးသွားပြီး ဖြစ်သော်လည်း ရပ်ဆယ်တို့ ကာလတွင်မူ ပညာရေး လွတ်လပ်မှုသည် အတိုက်အခံ များသော အယူအဆ ဖြစ်ခဲ့သည်။ အင်္ဂလန်နိုင်ငံ၌ပင် အင်္ဂလိပ်တို့သည် နပိုလီယံကို တွန်းလှန် တိုက်ခိုက်သော ဝါတာလူးစစ်ပွဲကို အီတန်ကျောင်း၏ ကစားကွင်းထဲတွင် အနိုင်ရရှိသည်ဟု မော်ကြွားနေဆဲ ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် အီတန် စာသင်ခန်းများတွင် ပြင်သစ် ဆန့်ကျင်ရေး စိတ်ဓာတ်ကို ခိုင်မာစေရန် သွေးထိုး ညွန်ကြားခဲ့ သောကြောင့် ဖြစ်လေသည်။
သူကိုယ်တိုင် တည်ထောင်ခဲ့သော Bacon Hill-1926 ကျောင်း၌ သူ၏ ပညာရေးစံနှုန်းများကို လက်တွေ့ အကောင်အထည် ဖော်ခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ ပညာရှာမှီးခြင်းဖြင့် တန်ဖိုးရှိပြီး ခိုက်မြဲသော ပညာရေးကို ရရှိနိုင်ပါသည်။ ရပ်ဆယ်၏ကျောင်းတွင် အသိပညာ၊ ကိုယ်ကျင့်တရားကိုသာမက ကိုယ်ကာယ ကျမ်းမာသန် စွမ်းစေရန်လည်း လေ့ကျင့် ပေးလေသည်။ သို့ရာတွင် လူငယ်များကို ကာယသတ္တိ မွေးပေးခြင်းမှာ ဖက်ပြိုင်လိုသော စိတ်ဓာတ် ပေါ်ပေါက်စေရန် မဟုတ်ဘဲ အဝိဉာဏက အင်အားစုများနှင့် ရင်ဆိုင်ရသော အခါ ကြံ့ကြံ့ခိုင်နိုင်ရန် အတွက်သာ ဖြစ်သည်ဟု ဆိုပါသည်။ တစ်ယောက်နှင့်တစ်ယောက် ဖက်ပြိုင်ခြင်းအားဖြင့် ကာယ သတ္တိ ရှိလာအောင် မလုပ်ရာ။ ထို့ကြောင့် ရပ်ဆယ်က ဘောလုံး ကန်ခြင်းမျိုးမှ ရရှိသော သတ္တိမျိုးထက် ခြေလျင်တောင်တက် ခြင်းမှရရှိသော ကာယ သတ္တိမျိုးကို ပို၍ နှစ်ခြိုက် လေသည်။
ရပ်ဆယ်၏ အလိုအရ သိလိုစိတ် (curiusity) ၊ ပွင့်လင်းစိတ် (open mindedness) ၊ ယုံကြည်မှု (belief) ၊ စိတ်ရှည်သည်းခံခြင်း (patience) ၊ လုံ့လဝီရိယရှိခြင်း (industry)၊ အာရုံစူးစိုက်ခြင်း(concentration) ၊ တိကျမှု (exactness) စသည်တို့သည် ပညာရေး ယန္တရား လည်ပတ်မှုအတွက် လိုအပ်သော ကိရိယာ တန်ဆာ ပလာများ ဖြစ်သည်။ စစ်မှန်သော အသိပညာကို ရှာဖွေရာတွင် သိလိုစိတ်ပြင်းပြမှုသည် အခြေခံကျသော အချက် ဖြစ်ပါသည်။ ကလေးသူငယ်များသည် လူကြီးများကို ရွံ့မုန်းခြင်းမှာ သူတို့၏ သိလိုသောအရာများကို ကျေလည်အောင် အဖြေ မပေးနိုင်ကြသော ကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ရပ်ဆယ်က ကလေးသူငယ်တို့၏ လေ့လာ စူးစမ်းလိုမှုကို လမ်းဖွင့်ပေးရမည်ဟု ဆိုပါသည်။ မည်သည့် မေးခွန်းမျိုးကို မဆို မေးမြန်း စိစစ်နိုင်ရန် အားပေးရပါမည်။ လွတ်လပ် ပွင့်လင်းစွာ သင်ယူနိုင်မှသာလျှင် တန်ဖိုးရှိသော အရာများကို ရရှိနိုင်မည် ဖြစ်လေသည်။ အထူးသဖြင့် ကလေးသူငယ်တို့၏ စိတ်လွတ်လပ်မှုကို အသိအမှတ် ပြုရပါမည်။ အဘယ်ကြောင့်ဆိုသော် စိတ်ကူးလွတ်လပ်မှု (freedom of thought ) မရှိဘဲနှင့် အလုပ်လွတ်လပ်မှု (freedom of action ) မရှိနိုင်သောကြောင့် ဖြစ်လေသည်။ လွတ်လပ်ပွင့်လင်းစိတ်ကို ချေဖျက်ခြင်းသည် လူတစ်ဦးချင်းစီအတွက်ရော လူ့အဖွဲ့အစည်း အတွက်ပါ တိုးတက် ဖွံ့ဖြိုးမှုလမ်းစများ ပျက်စီးစေနိုင်ပါသည်။
ထို့ကြောင့် အထက်တွင် ရပ်ဆယ် ဝေဖန်ခဲ့သည့် ဆိုးရွား တင်းကြပ်သော ပညာရေး စနစ်များကို ဖယ်ရှား ပစ်ရပါမည်။ လူငယ်တို့၏ အသိပညာ ကြွယ်ဝမှုနှင့် ကိုယ်ကျင့်တရား ကောင်းမြတ်မှု စသည့် သဘောထားများ ပြည့်စုံအောင်မြင် စေရန်အတွက် မည်သည့် အတားအဆီးကိုမဆို ဖယ်ရှားဝံ့သော သတ္တိများအား မွေးဖွား ပေးရပါမည်။ လူသား၏ အနာဂတ်ဖြစ်နိုင်ခြေ အလားအလာများကိုပါ ထည့်သွင်း ပညာပေးခြင်းဖြင့် ပညာရေး အစီအစဉ်၏ ပြည့်ဝသော အောင်မြင်မှုများကို ရရှိနိုင်မည် ဖြစ်လေသည်။
မျိုးဆက်တစ်ခုကို ပညာပေးသည်ဆိုရာ၌ ကြောက်ရွံ့ခြင်းကင်းသော လွတ်လပ်မှု (feariess freedom) ရှိမှသာလျှင် ကျယ်ပြန့်သော ၊ ရဲရင့်ပြတ်သားသော မျှော်လင့်ချက်များကို ရရှိနိုင်မည်ဖြစ်သည်ဟု ရပ်ဆယ်က ရှုမြင်ပါသည်။ အသိပညာ ပြည့်ဝလာပါက ကြောင်းကျိုး ဆင်ခြင်တုံ တရားကို ပိုင်ဆိုင်ပြီး အစွန်းရောက်သော ကြောက်ရွံ့မှု သို့မဟုတ် အဆင်ခြင်မဲ့ သတ္တိရှိမှုတို့ကို ရှောင်ရှာနိုင်မည် ဖြစ်လေသည်။ ပညာတတ်သူသည် အရာရာကို ပြီးစီးအောင် ဆောင်ရွက်နိုင်သူ ဖြစ်ပြီး ပျော်ရွင်ချမ်းမြေ့မှုကိုလည်း ရရှိစေနိုင်ပါသည်။ ပြည့်ဝသော ဉာဏ်အမြော်အမြင်ဖြင့် လောကကို စိတ်ဝင်စားပြီး လုံ့လဝရီယရှိရှိ ကြိုးစားအားထုတ်သူလည်း ဖြစ်လာပါလိမ့်မည်။ ပညာရေးအားဖြင့် လူသားတို့၏ လွတ်လပ်သော ဖွံ့ဖြိုးတိုးတက်မှု အလားအလာများကို ပြုစုပျိုးထောင် ပေးရပေမည်။
ဒီမိုကရက်တစ် ခေတ်ကြီးတွင်မှု အီတန် (Eton ) အယူအဆသည် ခေတ်မှီခြင်း မရှိတော့ပေ။ ကမ္ဘာလောကသည် ကွဲပြား ခြားနားသော ပုံစံများဖြင့် ဖော်ဆောင်မည့် ပညာရေးကို အလိုရှိနေပါသည်။ ကိုယ်ချင်းစာနာစိတ် (imaginative sympathy )၊ ဉာဏ်ရည်ဉာဏ်သွေး ပြည့်စုံမှု (intellectual suppleness) နှင့် စက်မှုနည်းပညာနှင့် ဆိုင်သောအသိ (technological knowledge) တို့ကို ကျယ်ပြန့်စွာ ဖော်ဆောင်ပေးရမည်။ ကမူးရှူးထိုးသတ္တိများ (bulldog courage) နည်းပါးသွားစေရန် အတွက် တတ်သိ လိမ္မာရေးခြားရှိသော လွတ်လပ်မှုကို ကလေးသူငယ်များအား ဖြစ်နိုင်သမျှ ဆောလျင်စွာ သင်ကြားပေးရပါမည်။ ဤသို့ စနစ်တကျ သင်ကြားပို့ချမှုမရှိလျှင် ကလေးသူငယ်များအဖို့ တည်ရှိနိုင်သည့် လွတ်လပ်မှုသည် မရေရာသော လွတ်လပ်မှု အတုအယောင် မျှသာဖြစ်သော လွတ်လပ်မှုမျိုးသာ ဖြစ်နိုင်ပေမည်။ ထိုအခါ လွတ်လပ်မှုသည် ကလေးသူငယ်များအား တိတိကျကျ အကျိုးဖြစ်ထွန်းမှု မရှိရုံသာမက လွဲမှားသော လွတ်လပ်မှုကို အသုံးချ ကျင့်သုံးသည့် တာဝန်မဲ့ နိုင်ငံသားများပင် ဖြစ်လာနိုင်ပါသည်။
မည်သည့် လူ့အဖွဲ့အစည်း တိုင်းတွင်မဆို ပညာရေးထက်ပို၍ အရေးကြီးသော အရာ ရှိလိမ့်မည် မဟုတ်ပေ။ ကမ္ဘာလောကသည် စဉ်ဆက်မပြတ် ပြောင်းလဲ လျက်ရှိပါသည်။ လူသားတို့သည် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေဆိုးများကို ကျော်လွှာနိုင်ရန်နှင့် အခြေအနေကောင်းများကို ဆက်လက် ဖန်တီးနိုင်ရန် အသစ်အသစ်သော မျှော်လင့်ချက်များဖြင့် တည်ဆောင် လျက်ရှိပါသည်။ ပညာရေး အစီအစဉ်သာ ဆိုးရွား ညံ့ဖျင်းနေပါက ထိုလူ့ အဖွဲ့အစည်းသည် ခေတ်နောက် ကျန်ခဲ့မည်သာ ဖြစ်လေသည်။ ထို့ကြောင့် ဘာထရန်ရပ်ဆယ်က ပညာရေးသည် ကမ္ဘာသစ်ကို ဖွင့်လှစ်မည့် သော့တစ်ချောင်း ဖြစ်သည်ဟု ဆိုခဲ့ပါသည်။ ကျွန်ုပ်တို့သည်လည်း ရပ်ဆယ်ပြောသော ပညာရေးသော့ ဖြင့်သာ ဖွင့်လှစ် လွတ်မြောက်နိုင်မည် ဖြစ်လေသည်။
သူရိန်ထက်လင်း
(ပညာရေးအတွေး၊ ဒဿနအမြင် စာအုပ်မှ..)
No comments:
Post a Comment