မှုန်ဝါးသော အဝေးမြင် ပုံကားချပ်များ
(က)
ကျွန်တော်သည် မိမိ ဖြတ်သန်းလာခဲ့သော သမိုင်းခေတ် ပုံကားချပ်များကို ဟိုတစ်ကွက် သည်တစ်ကွက် ခြယ်ရေးဖွဲ့ရာတွင် နိုင်ငံရေးနှင့် စာပေနယ်နိမိတ် မျဉ်းကြောင်းပေါ်တွင် ရောက်နေသည်ဟု ဖော်ပြခဲ့သည်။ တကယ်ကတော့ နိုင်ငံရေး နယ်ပယ်ထဲသို့ စိတ်မထိန်းနိုင်၍ စိတ်လှုပ်ရှားမှု ဒဏ်မခံနိုင်၍ ဖိတ်စင်ကျသွားခြင်း ဖြစ်နိုင်သည်။
တကယ်ကတော့လည်း စာပေနယ်ထဲ၌သာ ကျောက်စူးချမိသွားခဲ့သည်သာ အမှန်ပင်။ (၁၉၃၈-၃၉) ခုနှစ်တွင် ကျွန်တော် တက္ကသိုလ်သို့ ရောက်လာသည်။ ကျွန်တော့် အသိုင်းအ၀ိုင်းက ရောနေသည်။ တစ်ဘက်က စာပေအသိုင်းအ၀ိုင်း၊ တစ်ဘက်က သမဂ္ဂ အသိုင်းအ၀ိုင်း၊ ဂီတ အသိုင်းအ၀ိုင်းကလည်း ရှိသေးသည်။ နယ်မြေနှစ်ခု ကူးလိုက်သန်းလိုက်လား မသိ။ ကိုဗဟိန်း၊ ကိုလှရွှေတို့ ဆွဲဆောင်မှုကြောင့် တက္ကသိုလ် သမဂ္ဂ အမှုဆောင်အဖွဲ့ဝင်၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်သွားခဲ့ရသည်။
ထိုခေတ်က ကိုလိုနီ ဆန့်ကျင်ရေး၊ လွတ်လပ်ရေး လှုပ်ရှားမှုခေတ် ဖြစ်သည်။ (၁၉၃၆) ခုနှစ် ကျောင်းသားသပိတ် ကာလတွင် ရန်ကုန် ဂျူဗလီဟော၊ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ညီလာခံသို့ တက်ရောက်ပြီးကတည်းက နိုင်ငံရေး စိတ်ကလေး မသိမသာ ၀င်နေဟန် ရှိသည်။
သို့သော် ကျွန်တော် လက်ငင်း ထက်သန်နေသည်က ကဗျာ၊ စာပေ ဖြစ်နေသည်။ ကျောင်းသားအရွယ် ဖြစ်၍ မည်သည့်ဗီဇက လွှမ်းမိုးခဲ့သည်ကို ကိုယ့်ကိုယ်ကို မသိခဲ့။ သမဂ္ဂထဲ ရောက်သွားသောအခါ ကျွန်တော်က သမဂ္ဂကို စာပေဆန်စေချင်သည်။ ယဉ်ကျေးမှု ဆန်စေချင်သည်။ ထိုအခါ ကျွန်တော်က သမဂ္ဂနှင့် ပတ်သက်သော အဆိုများ တင်သည်။ ကိုယ့်ဘက် ကိုယ်ဆွဲသည်ပဲ ပြောပြော၊ သူတို့ကလည်း ကျွန်တော့်အဆိုကို မငြင်းကြ၊ လက်ခံကြသည်က များသည်။
ထိုနှစ် (၁၉၃၉-၄၀) နှစ်က တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌမှာ ဆေးသိပ္ပံကျောင်းသား ကိုလှရွှေ ဖြစ်သည်။ ကျွန်တော့်ကိုပင် မမေးဘဲ သူတို့က သမဂ္ဂ အမှုဆောင်အဖြစ် ရွေးချယ်လိုက်ကြသည်။
ကျွန်တော်မသိဘဲ သမဂ္ဂ အမှုဆောင် ရွေးကောက်ပွဲ အရွေးခံရန် လျှောက်လွှာကို တင်ထားကြသည်။ နောက်တစ်နေ့ လွန်ပြီးမှ သိသောအခါ ကျွန်တော့်မှာ အံ့သြပြီး ‘ဟာ မဖြစ်ပါဘူးဗျာ၊ ကျွန်တော်နှင့် မဖြစ်ပါဘူး။ ကျွန်တော်က စာပေသမားပဲ၊ ခင်ဗျားတို့ ပြောသလို ကျွန်တော်က အရေးသမား၊ အတွေးသမား၊ အငေးသမားလေဗျာ’ ဟု ပြန်ပြောသောအခါ
‘အေး အဲဒါကြောင့်မို့ ကျွန်တော်တို့က ခင်ဗျားကို လိုချင်တာပေါ့’
ကျွန်တော်လည်း မတတ်နိုင်တော့။ ကျွန်တော်သည် အမှုဆောင် အဖွဲ့ထဲသို့ ရောက်သောအခါ ကျွန်တော့် ယဉ်ကျေးမှု စိတ်ကူးကလေးများကို အကောင်အထည် ဖော်ချင်သည်။ ကျွန်တော်က နိုင်ငံရေးနှင့် စာပေအနုပညာကို ပေါင်းစပ်ချင်သည် မဟုတ်ပါလား။
ထိုအခါက အေ၀မ်းရုပ်ရှင်မှ မျှားနတ်မောင် ဇာတ်ကားမှာ အင်မတန် ကျော်ကြားလျက် ရှိသည်။ ကျွန်တော်သည် မြို့ထဲရောက်သည့် အခါတိုင်း ကြည့်သည်။ ကျွန်တော် အင်မတန် ကြိုက်သည့် ဇာတ်ကား။ ဒီဇာတ်ကားနှင့် ပတ်သက်၍ တစ်ခုခု လုပ်ချင်သည်။ ‘ရွှေတံဆိပ် ဆုပေးလျှင် မကောင်းဘူးလား’ ဟု အကြံပေးသည်။
သူတို့က ‘ခင်ဗျား ကြိုက်တာ လုပ်ပါ’ ဟု ခွင့်ပေးကြသည်။ ကျွန်တော်က ရုပ်ရှင်ဇာတ်ကားကို အကဲဖြတ်ရန် အဖွဲ့ကလေး တစ်ခုဖွဲ့ဖို့ အကြံပေးသည်။ ထိုအဖွဲ့ထဲတွင် ပါဝင်ရန် ဆရာဦးခင်ဇော်ကို သွား၍ သတိရလိုက်သည်။ သူတို့ကလည်း သဘောတူကြသည်။ ဆရာဦးခင်ဇော်မှာ ထိုအချိန်က တက္ကသိုလ်စာကြည့်တိုက်မှူးအဖြစ် ဆောင်ရွက်နေသည်။ အင်္ဂလန်မှ ပညာတော်သင် အဖြစ် ပြန်လာပြီး မကြာမီ ဖြစ်မည် ထင်သည်။
ဦးခင်ဇော်ကို ကျွန်တော် မသိ။ အဝေးမှ မြင်ဖူးနေသည်။ ကျွန်တော်တို့နှင့် အသက်ကလည်း ကွာသည်။ ဆရာဦးခင်ဇော်မှာ ကျွန်တော်တို့ထက် ဆယ်နှစ်ကျော် ကြီးမည် ထင်သည်။ ထိုအခါက ဆယ်နှစ်ကျော် လူကြီးနှင့် လူငယ်များ ရောရောနှောနှော ရင်းရင်းနှီးနှီး နေကြဟန် မတူ။
ဆရာဦးခင်ဇော်ကို မသိသော်လည်း ဆရာဦးခင်ဇော်၏ ဇနီးကိုတော့ သိသည်။ ကျွန်တော်တို့ အတန်းတွင် အင်္ဂလိပ်စာ ပြသူမှာ မစ္စစ်ခင်ဇော် ဖြစ်သည်။ သူမက အင်္ဂလိပ် အမျိုးသမီး ဖြစ်သည်။
ကျွန်တော်သည် တက္ကသိုလ် စာကြည့်တိုက်သို့ သွားကာ ဆရာဦးခင်ဇော် အခန်းထဲ ၀င်သွားသည်။ ကျွန်တော်က အကျိုးအကြောင်း ပြောပြသောအခါ ပျူပျူငှာငှာပင် ဆက်ဆံသည်။
ပထမတော့ မျက်နှာထားက ခပ်တည်တည်ပင်။ ကျွန်တော်တို့မှာ ဆရာနှင့် ကျောင်းသား ဆက်ဆံသကဲ့သို့ ရှိနေသည် ထင်သည်။ ဦးခင်ဇော်က ဘာမှ သိပ်ပြန်မပြော။ နည်းနည်းပါးပါးမေးကာ ရုပ်ရှင်အကဲဖြတ် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပေးမည်ဟု ပြောသည်။ ကျွန်တော်က အတော် ၀မ်းသာသွားသည်။
ကျွန်တော်က ဆရာဦးခင်ဇော်ကို လူချင်းမသိသော်လည်း သူ၏ စာများကို သိနေသည်။ ဂန္ထလောကမဂ္ဂဇင်းတွင် ရေးသည်။ စာပေနှင့်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများ ရေးသည်။ အထူးသဖြင့် တောကျေးလက် အနုပညာ အကြောင်းများ ရေးသည်ကို ကျွန်တော်စိတ်ဝင်စားသည်။ ထို့ကြောင့် ကျွန်တော်က ရုပ်ရှင်အကဲဖြတ် လူကြီးအဖြစ် ရွေးချယ်သောအခါ ဆရာဦးခင်ဇော်ကို သတိရခြင်း ဖြစ်ပေသည်။
ကျွန်တော်တို့သည် ထိုနှစ်က ရုပ်ရှင်ဒါရိုက်တာ ဦးတင်မောင်ကို ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ကြသည်။ အမှန်အားဖြင့် ကျောင်းသားသမဂ္ဂဟူသော ကျောင်းသားအဖွဲ့အစည်းသည် မူလက နိုင်ငံရေးဆောင်ရွက်သော အဖွဲ့အစည်း အဖြစ် တည်ရှိခဲ့သော အဖွဲ့အစည်းမဟုတ်။ အင်္ဂလန် အောက်စ်ဖို့ တက္ကသိုလ်၊ ကိန်းဘရစ် တက္ကသိုလ်မှ သမဂ္ဂများ၏ စံနမူနာကို ယူ၍ စည်းမျဉ်းများ ချမှတ်ဖွဲ့စည်း၍ တက္ကသိုလ် စတင်ကတည်းက ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သည်။
ပညာရးဆိုင်ရာ အဖွဲ့အစည်း ဖြစ်သည်။ ပညာရေးဘက်တွင် ကျယ်ပြန့်အောင်၊ ဗဟုသုတ တိုးအောင် ဖွဲ့စည်းသော လူမှုရေးအဖွဲ့အစည်း ဖြစ်သည်။ သို့သော် (၁၉၃၆) ခုနှစ် ကျောင်းသားသပိတ် ဖြစ်ပြီးကတည်းက တက္ကသိုလ် သမဂ္ဂမှာ ကိုလိုနီ ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး စသည်တို့ကို ရှေ့တန်းမှ ဆောင်ရွက်သော အဖွဲ့အစည်းအဖြစ် ပြောင်းလဲသွားသည်မှာ အမှန်ပင် ဖြစ်သည်။
ဆရာဦးခင်ဇော်ကို သည်တစ်ခါပဲ တွေ့လိုက်ရဖူးသည်။ နောက်လည်း မတွေ့။ သို့သော် ဆရာဦးခင်ဇော်၏ စာများကိုတော့ တွေ့နေရသည်။ ဦးခင်ဇော်သည် အင်္ဂလိပ်ဘာသာဖြင့်သာ ရေးသူဖြစ်သည်။ မြန်မာလို မရေး။ ထိုခေတ်က ပညာတတ်များထဲတွင် အင်္ဂလိပ်လို ရေးသားသူများ ရှိကြသည်။ အတွေးအခေါ်တစ်ရပ်၊ စိတ်ကူးတစ်ရပ်ကို ဖော်ပြရာတွင် ဘာသာစကားသည် အကြောင်းမဟုတ်၊ မိမိနိုင်နင်းသော ဘာသာစကားဖြင့် ဖော်ပြလျှင် ရသည်ဟု ကျွန်တော် ထင်သည်။
ကျွန်တော်တို့သည်ပင်လျှင် စာရေးသောအခါ တစ်ခါတစ်ရံ အင်္ဂလိပ်စာလုံး အဖြစ်ဖြင့် ပေါ်လာသည်။ ယင်းအင်္ဂလိပ်စကားလုံးကို မြန်မာလို ပြန်၍ပင် သုံးရသည်များ ရှိသည်။ ထို့ကြောင့် ဘာသာစကားသည် အကြောင်းမဟုတ်ဟု ပြောခြင်းပင် ဖြစ်သည်။
အင်္ဂလိပ်ဘာသာ စကားဖြင့် ရေးသားကြသူများထဲတွင် ဦးခင်ဇော်လည်း အပါအ၀င် ဖြစ်သည်။ သူ၏ ကလောင်အမည်မှာ K (ကေ) ဟူ၍ အသံထွက်သော အင်္ဂလိပ်အက္ခရာ တစ်လုံးလည်း ဖြစ်သည်။ နာမည်အတိုကောက် ဖော်ပြထားခြင်း ဖြစ်သည်။ ဆရာကေနှင့် ကျွန်တော် သိပ်ထိတွေ့လှသည် မဟုတ်။ စစ်မဖြစ်မီ ခေတ်ကတော့ အသက်ချင်းလည်းကွာ၊ သိတွေ့စရာအကြောင်းလည်း မရှိ။ စစ်ပြီးသောအခါ ဆရာကေနှင့် သွားတွေ့သည်။ ထိုအခါ (၁၉၄၇) ခုနှစ် ဖြစ်မည်။ နေရာမှာ ရွှေတောင်ကြားထဲရှိ အိမ်ကြီးတစ်အိမ်။ နှစ်ထပ်တိုက်ကြီးကို ‘မြန်မာ့အသံ’ ဟူ၍ ဆိုင်းဘုတ်ချိတ်ကာ အသံလွှင့်သော ဌာန ဖြစ်သည်။
စစ်ပြီးစ အခြေမကျသေးသော ကာလဖြစ်၍ ဤတိုက်ကြီးထဲ၌ အသံလွှင့်ဌာနကို ဖွင့်လှစ်ထားခြင်း ဖြစ်မည်။ ကျွန်တော်က ကိစ္စနှင့် တက္ကသိုလ် စာကြည့်တိုက်သို့ ကျောင်းသားအဖြစ် အသွား၊ သူနှင့် တွေ့ဆုံဖူးသူဟု မှတ်မိမည်လား မသိ။
တက္ကသိုလ်နေ၀င်း အပျော်တမ်း တူရိယာအဖွဲ့တွင် စန္ဒရားတီးသူ အဖြစ် သွားခြင်း ဖြစ်သည်။ ထိုအခါက ကေသည် အသံလွှင့်ဌာနတွင် အကြီးအကဲ ဖြစ်သည်။ တက္ကသိုလ်နေ၀င်း (ဗိုလ်ထွန်းလှ) မှာ ထိုအခါက ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ အဖြစ် တာဝန်ထမ်းဆောင်နေသည်။ အသံလွှင့် ကိစ္စများနှင့် ပတ်သက်၍ ဗိုလ်ထွန်းလှက တက်တက်ကြွကြွလုပ်သည်။ ဗိုလ်အောင်ဆန်း စီးသော စတေရှင်ဝက်ဂွန်ကားကြီးဖြင့် ကျွန်တော့်ကို လာခေါ် ပြန်ပို့နှင့် လုပ်နေသည်။ သူက ဤအလုပ်မျိုးကို လုပ်တတ်သည်။ ကျွန်တော်တို့ အစမ်း အသံလွှင့်ကြည့်သောအခါ ဆရာကေက လာရောက်နားထောင်သည်။ ကျွန်တော်က နန်းကေသီကို တီးသည်။ အဆိုမှာ ဗိုလ်ထွန်းလှ ဇနီး ငြိမ်းငြိမ်းနှင့် ဗိုလ်ထွန်းလှတို့ ဖြစ်ကြသည်။ ကျွန်တော်က နန်းကေသီကို အများတီးနေသော အသံစဉ် B ဖလက်ဖြင့် မတီးဘဲ B မိုင်းနားဖြင့် တီးသည်။
ဤသည်ကို ‘အော် ဒါနဲ့ တီးသလား’ ဟု ကေက မေးသည်။ ကျွန်တော်က သည်အသံကို ကြိုက်နေသည်။ ကျွန်တော့်နားထဲတွင်တော့ ခပ်ဝဲ၀ဲ ဖြစ်နေသည်။ သို့သော် ဤသည်ကိုပင် ကျွန်တော်က ကြိုက်နေသည်။ သည်နောက် ကေနှင့် တစ်ခါမျှ မတွေ့တော့။ သို့သော် (၁၉၅၆) ခုနှစ် မြို့တော်ခန်းမတွင် ပြုလုပ်သော ပန်းချီဆရာမ နန်စီဒေးဗစ်၏ ပန်းချီပြပွဲအတွက် ဦးခင်ဇော် ရေးသားသော ပန်းချီအကြောင်း အကဲဖြတ်လမ်းညွှန်စာအုပ်ကို ကျွန်တော်က ဘာသာပြန်ပေးသည်။
စာအုပ်ထဲတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ပုံတူပန်းချီကားချပ်အကြောင်း အကဲဖြတ်ထားသည်ကို သဘောကျနေသည်။ ယင်းအကဲဖြတ်စာစုထဲတွင် ‘ပူဇော်သက္ကာရပြုရာ’ ဟု သုံးနှုန်းသည်။ ဤ ပန်းချီကားချပ်ကို ရေးသူ ပန်းချီဆရာမ နန်စီနှင့်အတူ ကျွန်တော်သည် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အိမ်သွားရာ စကားပြန်အဖြစ် လိုက်သွားဖူးသည်။
ထိုစဉ်က ကျွန်တော်သည် တစ်ပတ်တစ်ခါလား မသိ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံ သွားသည်။ နန်စီက ကျွန်တော့်ကို လာခေါ်သည်။ ပန်းချီကားထဲတွင် ခပ်စောင်းစောင်း ထိုင်နေသည့် ရုပ်ပုံရှေ့၌ ဆရာကြီး သုံးနေကျ ကွမ်းအစ်၊ လက်ဖက်ခွက် စသည်များ ပါသည်။ ဆရာကြီး၏ အမျိုးသား နောက်ခံကားမှာ ထင်ရှားစွာ ပေါ်နေသည်။ ဆရာကြီး ၀တ်နေကျ ပင်နီအပေါ်အင်္ကျီ၊ ဆရာကြီး၏ ပြုံးလဲ့လဲ့ ဟန်ပန် စသည်တို့မှာ ကျွန်တော် ကြိုက်နေသော ရုပ်ပုံလွှာ အဖွဲ့အနွဲ့ ဖြစ်နေသည်။ ပန်းချီဆရာမသည် ဆီဆေးနှင့် ရေးသော်လည်း တရုတ်ဟန် ရေးဆေးဟန်လည်း ပါနေသဖြင့် ကျွန်တော်မှာ ခြယ်မှုန်းမှု ဟန်ပန်ကို နှစ်သက်နေခဲ့သည်။ ထို့ကြောင့်ပင် ဆရာကြီး၏ ပန်းချီကားချပ်ကို အကဲဖြတ်စာ ရေးသော ကေ၏ စာကို စိတ်ဝင်စားစွာ ဘာသာပြန်ပေးခြင်း ဖြစ်ပေသည်။
(၁၉၅၀) ပြည့်နှစ်က ကျွန်တော် မြန်မာ့အသံမှာ စန္ဒရား တီးလုံး သက်သက်ဖြင့် အသံလွှင့်ဖူးသည်။ (၄၅) မိနစ် ဖြစ်မည်။ ထိုအခါက တီးလုံးသက်သက် အသံလွှင့်မှု မရှိသေး။ သို့သော် ညွှန်ကြားရေးမှူး ကေက ခွင့်ပြုလိုက်သည်ဟူ၍ အသံလွှင့်ရုံမှ ကျွန်တော့် မိတ်ဆွေများက ပြောဆိုသည်ကို ကြားရသည်။
ထိုညက ကေနှင့် ခဏ တွေ့လိုက်ရသည်။ သည့်နောက်တွင်ကား မတွေ့ရတော့ပေ။ ကေ၏ အတ္ထုပ္ပတ္တိ အပိုင်းအစကလေးများကို ဂါးဒီးယန်း မဂ္ဂဇင်းတွင် ဖတ်လိုက်ရသည်။ ကေ၏ စာပေကိုသာ ထိတွေ့နေရသည်။
(ခ)
ထိုခေတ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသော စာပေဝေဖန်ရေး ဆရာတစ်ဦးမှာ သူကြီးဂေဇက် ဦးခင်မောင် ဖြစ်သည်။ သူကြီးစာစောင်မှာ ထိုအခါက အင်္ဂလိပ်အစိုးရ ပြန်ကြားရေး ၀န်ကြီးရုံး၊ ပြန်ကြားရေးဌာနမှ ထုတ်ဝေသော စာစောင် ဖြစ်သည်။ ကျေးလက်များရှိ သူကြီးများထံသို့ ပို့သော မြန်မာဘာသာဖြင့် ဖော်ပြသော စာစောင် ဖြစ်သည်။ သူကြီးဂေဇက် ဦးခင်မောင်ဟု ခေါ်သည်။ သူ၏ ကလောင်အမည်မှာ ‘တောသား’ ဖြစ်သည်။ ကျွန်တော် သူ၏ ဝေဖန်စာများကို ဖတ်ဖူးသည်။ သူကြီးဂေဇက်စာစောင်ကို တချို့က ‘ဟာ သူကြီးတွေ ဖတ်တာ မဟုတ်ပါဘူးဗျာ၊ သူကြီးကတော်တွေ ဆေးလိပ်အစီခံ လုပ်တာပါ’ ဟု ပြောကြသည်။
ယင်းစာစောင်မှာ စာပေဆန်သည်။ ကျွန်တော် သူ၏ စာများကို ကြိုက်သည်။ စစ်ဖြစ်ခါနီး ကာလက ဖြစ်မည်။ အတွင်းဝန်ရုံး ပြန်ကြားရေးဌာနတွင် လုပ်နေသော ကိုတက်တိုးထံသို့ မောင်မောင် (သမာဓိ)၊ ကိုသန်းထွတ် (တိုက်စိုး) တို့နှင့် အတူ သွားကြသည်။ ကိုတက်တိုးမှာ ဘာသာပြန်ဌာနတွင် အရာရှိအဖြစ် အလုပ်ဝင်ပြီးစ ဖြစ်သည်။ ဘာသာပြန်ဌာနမှာ ဖွင့်ခါစ ဖြစ်သည်။
ယင်းအစိုးရ ဘာသာပြန်ဌာနမှ ထုတ်ဝေသော စာအုပ်များထဲတွင် သခင်ဘသောင်း ရေးသော ‘အလိုပြည့်ရေးကျမ်း’၊ ဦးညွန့်၏ ‘ရွှေနှင်းဆီနှင့် ရွှေလက်စွပ်’၊ ‘အန်ဒါဆင် ကလေးပုံပြင်’ တို့ကို မှတ်မိသည်။ ‘အလိုပြည့်ရေးကျမ်း’ မှာ ဘောဂဗေဒကို ဘာသာပြန်ထားသော စာအုပ် ဖြစ်သည်။ ကျွန်တော်တို့ စကားပြောနေစဉ် ကိုတက်တိုး ပြ၍ ထင်သည်။ သူကြီးဂေဇက် ဦးခင်မောင်ကို ဖြတ်ခနဲ တွေ့လိုက်ရသည်။ ကျွန်တော်တို့နှင့် စကားပြောခွင့် မရ။ လူကြီးနှင့် လူငယ်တို့ ဖြစ်နေသည်။ စာမှတဆင့် သိနေသော ဦးခင်မောင်။ သူ့ရုပ်သွင်မှာ အသားလတ်လတ်နှင့် မြန်မာဆန်သော ရုပ်ဟု ခံစားမိခဲ့သည်။
ဆရာကေနှင့် သူကြီးဂေဇက် ဦးခင်မောင်တို့မှာ အရာရှိပိုင်းဖြစ်၍ ကျွန်တော်တို့နှင့် မနီးစပ်ဟု ခံစားမိခဲ့သည်။ ကိုတက်တိုး ရုံးခန်းသို့ သွားလျှင်ပင် ရုံးခန်း အရှိန်အ၀ါကြောင့်လား မသိ၊ ကျွန်တော်တို့နှင့် ခပ်စိမ်းစိမ်း ဖြစ်နေသည်ဟု ခံစားမိခဲ့သည်။ ကိုတက်တိုးကတော့ ကျွန်တော်တို့ထက် အသက်ကြီး၍ အလုပ်အကိုင် ရှိနေသည်။ ကိုတက်တိုးနှင့်ကတော့ ရင်းနှီးခင်မင်သည်။
ကျွန်တော်တို့က ကျောင်းသားဘ၀၊ မောင်မောင်က စကားကျယ်ကျယ် ပြောတတ်သည်။ အော်ကြီးဟစ်ကျယ်နှင့် တဟားဟား ရယ်မောတတ်သူ၊ ကိုသန်းထွတ်ကလည်း သူထင်ရာ စွတ်ပြောတတ်သူ။ ကိုတက်တိုး ဧည့်ခံသော လက်ဖက်ရည်ကို သောက်ကြပြီး ကျွန်တော်တို့ သုံးယောက်သား အပြန်တွင် ပြုံးမိကြသည်။
မောင်မောင်က ‘မင်း လူကြီးက ခပ်တည်တည်ကွ’။ ‘မင်းက စကားပြောတာ အော်ကြီးဟစ်ကျယ်ကိုးကွ။ ရုံးခန်းက ငြိမ်သက်နေတာ’ ဟု ကျွန်တော်က ပြန်ပြောသည်။
ခန့်ငြားထယ်ဝါသော အနီရောင် ၀ိတိုရိယ ဗိသုကာ ဆန်ဆန် အတွင်းဝန်ရုံးကြီးမှ ထွက်လာသောအခါ လွတ်လပ်သည်ဟု ကျွန်တော်တို့ ခံစားမိကြသည်ဟု ထင်နေကြသည်။
ထိုခေတ်အခါက အရာရှိအသိုင်းအ၀ိုင်းနှင့် သာမန်အရပ်သားတို့သည် နည်းနည်းခြားနားသည်ဟု ခံစားမိကြသည်။ ယခုအခါ ကိုတက်တိုးသည် ကျွန်တော့်နေရာ မဲဇာသို့ မကြာခဏ လာရောက်လည်ပတ်ပြီး ရှေးဟောင်းနှောင်းဖြစ်များ လာပြောဆိုတတ်သည်။
(၁၉၅၀) ပြည့်နှစ်များတွင် မမျှော်လင့်ဘဲ သူကြီးဂေဇက် ဦးခင်မောင်အိမ်သို့ ရောက်သွားခဲ့သည်။ ထိုအခါက ဦးခင်မောင်သည် ဟယ်လ်ပင်လမ်းရှိ အစိုးရ အရာရှိတိုက်တွင် နေသည်။ ထိုအခါက သူသည် ပြန်ကြားရေးဝန်။ သွားသည့် အကြောင်းက ကျွန်တော် (၁၉၄၇) ခုနှစ်က တာရာမဂ္ဂဇင်းတွင် ရေးသားခဲ့သော ‘ဗဟိန်း (သို့) ကဗျာ’ ရုပ်ပုံလွှာ အဖွဲ့အနွဲ့ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ရန် သွားရောက်ပြောဆိုခြင်း ဖြစ်သည်။
တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းတွင် ယင်းဘာသာပြန်ကို ထည့်သွင်းရန် ဖြစ်သည်။ ကျွန်တော်၏ စာကို ဘာသာပြန်ရန် စဉ်းစားသောအခါ သူကြီးဂေဇက် ဦးခင်မောင်ကို သွား၍ အမှတ်ရမိသည်။ ထိုအခါက ကျွန်တော်မှာ သိပ်မငယ်လှတော့ပြီ ဖြစ်၍ မိတ်ဆက်သွားရောက်ခါ ဘာသာပြန်ရန် တောင်းပန်ရသည်။
ဦးခင်မောင်က လျောလျောရှူရှူပင် ဘာသာပြန်ပေးမည်ဟု ပြောခဲ့သည်။ ကျွန်တော်က ကျွန်တော် ထုတ်ဝေသော တာရာမဂ္ဂဇင်းများကို ပေးထားခဲ့သည်။ သူ ချိန်းသော ရက်တွင် သွားသောအခါ သူ့ကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရသည်။ ထိုအခါ သူသည် အတော်ရင့်နေသည်ဟု ထင်လိုက်သည်။ ပထမ စတွေ့စကလို မဟုတ်။ ကျန်းမာရေး မကောင်း၍လား မသိ။ ကျွန်တော်နှင့် အတော်ကြာပင် စာအကြောင်း ပြောဖြစ်ကြသည်။ တာရာဆိုသည့် အဓိပ္ပါယ်ကိုပင် သူက ဖွင့်ဆိုသည်။
‘တာရာဆိုတာ လှုပ်ရှားနေတဲ့ ဂြိုဟ်နက္ခတ် တစ်ခုပဲ။ ရပ်နေတာ မဟုတ်ဘူး။’ မြန်မာစာကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်တာပဲ ဟု ကျွန်တော် လေးစားသွားရသည်။
‘လက်နှိပ်စက်က မကောင်းလို့ဗျာ။ လက်ရေးပဲ ပေးနိုင်တယ်’ ဟု ‘ဗဟိန်း (သို့) ကဗျာ’ ကို ခဲတံနှင့် ရေးထားသော စာမူကြမ်းကို ပေးသည်။ ထိုညနေက ကျွန်တော်နှင့် စာအကြောင်း၊ ပေအကြောင်း အတော် ပြောဖြစ်ကြသည်။ သူကြီးဂေဇက် ဦးခင်မောင်နှင့် ပို၍ ရင်းနှီးလာသည်။ ကျွန်တော်တို့ စကားပြောနေစဉ် သမီးတစ်ယောက်က ကော်ဖီပူပူ လာချပေးလေသည်။
ခေတ်သစ် မြန်မာ ပညာရှင်လောက၏ လမ်းပြဆရာကြီး ဦးဖေမောင်တင်
ဆရာကြီး ဦးဖေမောင်တင်နှင့် သိရသည်မှာ ငယ်စဉ်ကတည်းက ဖြစ်သည်။ ကျွန်တော် (၈) တန်းမှာ ပါဠိဘာသာ ယူခဲ့သည်။ (၈) တန်းတွင် ဆရာကြီး ဦးဖေမောင်တင်၏ ပါဠိဖတ်စာ သင်ကြားခဲ့ရသည်။ ထို့ကြောင့် ဆရာကြီး ဦးဖေမောင်တင်နှင့် သိရခြင်းဟု ဆိုနိုင်သည်။ နောက် ခေတ်စမ်းပုံပြင်များ၊ ခေတ်စမ်းကဗျာများတွင် ဦးဖေမောင်တင်၏ စာများကို ဖတ်ခဲ့ရသည်။ ထို့နောက်တွင်ကား (၁၉၃၈) ခုနှစ် တက္ကသိုလ်ရောက်သောအခါ တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် အဝေးမှ စတင် မြင်ခဲ့ရဖူးသည်။ (၁၉၃၆) ခုနှစ် တက္ကသိုလ်သပိတ် ပြီးသောအခါ အင်္ဂလိပ်အာဏာပိုင်များက မြန်မာများ ကျေနပ်အောင်ဆို၍ ဆရာကြီး ဦးဖေမောင်တင်ကို ကျောင်းအုပ်ကြီး ခန့်ထားခြင်း ဖြစ်မည်။
အရင်က ကျောင်းအုပ်ကြီးမှာ မစ္စတာစလော့ ဖြစ်သည်။ ကျွန်တော် ကျောင်းရောက်သည့်နှစ်က ဆရာကြီး ဦးဖေမောင်တင် ကျောင်းအုပ်ကြီး ဖြစ်သည့်အတွက် ဂုဏ်ပြုသည့် ကပွဲတွင် စန္ဒရား တီးခဲ့ဖူးသည်။ သီချင်းမှာ ဂုဏ်ပြုသော သီချင်း ဖြစ်သည်။ ကျောင်းဆောင်အသီးသီးက ပဒေသာကပွဲများ အစီအစဉ် ယူကြ၍ သိုက်မြိုက်စွာပင် ဘွဲ့နှင်းသဘင် ခန်းမဆောင်ထဲတွင် ကျင်းပသည်ကို မှတ်မိနေသည်။
နောက်တွင်ကား ဆရာကြီးနှင့် ကိုယ်တိုင် ထိတွေ့ခဲ့ရသည်။ ကျွန်တော်သည် ဥပစာ ၀ိဇ္ဇာတန်း၌ ရာဇ၀င်ဘာသာ ယူခဲ့သည်။ ရာဇ၀င်အတန်းကို တော်တော် ပျက်ကွက်ဟန်တူသည်။ ကျွန်တော်က စိတ်မပါလျှင် မတက်။ ထို့ကြောင့်ပင်လျှင် ပါမောက္ခဒေဆိုင်းက သူနှင့်လာတွေ့ရန် ကြော်ငြာသင်ပုန်းတွင် ကပ်ထားသည်။ ကျွန်တော် သွားမတွေ့။ နောက်တစ်ခါ ထပ်ကပ်သည်။ ကျွန်တော် သွားမတွေ့။ သို့သော် ထိုအတောအတွင်း ကျွန်တော် တက်သည့်အခါလည်း တက်သည်။ အတန်းလုံးလုံး ပျက်ကွက်သည်တော့ မဟုတ်။ နောက်ဆုံးတွင် ကျောင်းအုပ်ကြီးက သူနှင့် လာတွေ့ရန် စာပို့လိုက်သည်။ ထို့ကြောင့် ကျွန်တော် မနေသာတော့။ ကျောင်းရုံးခန်းသို့ ခပ်ရွံ့ရွံ့နှင့် သွားရသည်။
အဖြူရောင်ဝတ် ဒါရ၀မ်ကုလားထံ ခုံနံပါတ်ပေးပြီး စောင့်နေရသည်။ ကျောင်းအုပ် ရုံးခန်းမှာ ခန့်ငြားထည်ဝါလှသည်။ ကြမ်းပြင် ကျွန်းကွက်ရောင်မှာ ဖိတ်ဖိတ်လဲ့နေသည်။ မှန်တံခါးများကလည်း တဖိတ်ဖိတ်လဲ့နေသည်။ ခန်းဆီး အစိမ်းရင့်က တလွင့်လွင့်။ အခန်းကျယ်ကြီး ထောင့်ရှိ ပြောင်လက်သော စားပွဲကြီး၌ ဆရာကြီးကို တွေ့လိုက်ရသည်။
ကျွန်တော် ၀င်သွားသောအခါ ဆရာကြီးက ‘ဘာလဲဟေ့’ ဟု အော်လိုက်သည်။ ကျွန်တော် ရင်ဖိုသွားသည်။
ဆရာကြီး၏ ရုပ်သွင်မှာ ခန့်ငြားသည်။ မြန်မာဆန်သည်။ ပညာရှိဆန်သည်ဟုပင် ထိုအခါက ခံစားခဲ့ရသည်။ ကျွန်တော်က ကျွန်တော်၏ ခုံနံပါတ်နှင့် အကျိုးအကြောင်း ပြောပြသည်။ ဆရာကြီးက ‘ဘာလဲဟေ့’ ဟု ပြောကတည်းက ကျွန်တော့်မှာ အသံမတုန်အောင် ထိန်းပြောရသည်။ ဆရာကြီးကို ကျွန်တော် ရွံ့နေသည်။ ‘ဘာဖြစ်လို့ ကျောင်းမတက်ရတာလဲကွ’ ဟု မေးသည်။
ကျွန်တော်က အသံကို ထိန်းကာ စိတ်မပါသည့်အတွက် မတက်ကြောင်း ပြောပြသည်။ ‘တက်မှပေါ့ကွ။ အေး ဒါပဲ။ သွားတော့’ ဟု ပြောလိုက်သည်။ ကျွန်တော်လည်း ဆရာကြီး ရုံးခန်းမှ ပြန်ထွက်လာခဲ့သည်။ အပြင်ဘက် သစ်ပုတ်ပင်ကြီးအောက် ရောက်မှ ကျွန်တော် ရင်ခုန်မှန်သွားတော့သည်။
နောက်တစ်ကြိမ် ဆရာကြီး ဦးဖေမောင်တင်နှင့် တွေ့ရသည်မှာ (၁၉၃၈) ခု ဒီဇင်ဘာ အရက် (၂၀) နေ့ည ဖြစ်သည်။
သည်နောက်၌ကား ဆရာကြီးနှင့် ကျွန်တော် မတွေ့တော့။ အဝေးမှသာလျှင် ဆရာကြီး၏ စာပေဆိုင်ရာ ဆောင်းပါးများ၊ ဟောပြောချက်များကို ဖတ်ရှုခဲ့ရသည်။ စစ်ပြီးကာလ အင်းလျားလမ်းဘက်သို့ ရောက်သောအခါ ဆရာကြီးကို အဝေးမှ လှမ်းမြင်ရသည်။ ဆံပင်များ အတော်ပင် ဖြူနေပေပြီ။ ဆရာကြီးသည် အင်းလျားလမ်း တစ်နေရာတွင် နေထိုင်နေသည်ကို ကျွန်တော် မှတ်မိနေသည်။ ထို့နောက် ဆရာကြီးထံ တစ်ခေါက် ရောက်သွားသည်။ စာပေရေးရာ ကိစ္စနှင့် ဖြစ်သည်။
ဘယ်ကိစ္စမှန်းတော့ အတိအကျ မမှတ်မိတော့။
ဆရာကြီးအိမ်တွင် ပြင်ဆင်ထားသော အိမ်ထောင်ပရိဘောဂများမှာ များစွာ ရှေးဆန်သည်ကို မှတ်မိနေသည်။ အင်္ဂလိပ်ခေတ်က ပုံစံမျိုး ဆိုဖာများ၊ ခန်းဆီးကြီးများဖြင့် ဆင်ယင်ထားသည်။ ဆိုဖာများမှာ အရောင်လွင့်နေကြပြီ။ ခန်းဆီးများမှာလည်း အရောင်မှိန်နေပေပြီ။
သို့သော် ဆရာကြီးကို ဤနောက်ခံကားဖြင့် တွေ့ရသောအခါ ပညာရှိကြီး တစ်ယောက်ဟုပင် ကျွန်တော် ခံစားနေခဲ့သည်။
နောက်ဆုံး (၁၉၆၃) စာဆိုတော်နေ့ နိုဝင်ဘာလ (၁၅) ရက်နေ့က ဖြစ်သည်။ ကျွန်တော်တို့ စာရေးဆရာသမဂ္ဂက ရွှေတိဂုံဘုရားလမ်း၊ ကျားကူးဓမ္မာရုံ၌ စာဆိုတော်နေ့ အခမ်းအနား ကျင်းပသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ဦးဖေမောင်တင်၊ ဟံသာဝတီ ဦးဘရင်တို့ကို ကျွန်တော်တို့ ကန်တော့ကြသည်။ မကန်တော့ခင် ဆရာကြီးများ ထိုင်နေသော ၀ိုင်းသို့ ကျွန်တော် ရောက်သွားသည်။ ဗန်းမော်တင်အောင်က ကျွန်တော့် နာမည်ကို ပြောလိုက်သည်။
‘အေး အေး’ ဟု ခေါင်းညိတ်သည်။ မကြာသေးခင် (၁၉၆၃) ခုနှစ် ငွေတာရီ၌ ကျွန်တော်ရေးသားခဲ့သော ‘လေးလုံးစပ် လင်္ကာ၏ ပျော့ပျောင်းခြင်းနှင့် သန်စွမ်းခြင်း’ ဆောင်းပါးအကြောင်းကို ပြောလိုက်သည်။ ကျွန်တော်က ကျွန်တော်ရေးသော ဆောင်းပါးများကို ဆရာကြီး ဖတ်မည်ဟု မထင်။ ကျွန်တော့် ဆောင်းပါးထဲတွင် လေးလုံးစပ် လင်္ကာသည် လေးကိုင်းကဲ့သို့ အားကောင်းကြောင်း၊ ပျော့ပျောင်းကြောင်း ဖော်ပြသည်။
ဤသို့ ဖော်ပြရာတွင် ‘လေး’ ဟုသော ၁၊ ၂၊ ၃၊ ၄၊ ရေတွက်မှုသည် ကမ္ဘာက သုံးနေသော နရီစည်းဝါး၊ အခြေခံနှင့် ကိုက်ညီကြောင်း ပါရှိသည်။ ဤအချက်ကို သူက ပြောသည်။ ‘ဆရာ ချီးကျူးပါတယ်ကွာ’ ဟု ပြောလိုက်သည်။ ကျွန်တော် ခေါင်းနပန်းကြီးသွားသည်။ ဆရာကြီးသည် ဂီတနားလည်သူ ဖြစ်၍ တယောထိုးတတ်ကြောင်းကို ပြေး၍ သတိရလိုက်သည်။ ဤဆရာကြီးသည် ကျွန်တော့်စာကို ဖတ်မည် မထင်။ တစ်ခါက ရာဇ၀င်တန်း မှန်မှန် မတက်၍ ခေါ်ယူ ကြီမ်းမောင်းရသော ကျောင်းသားလေး တစ်ယောက်ဟု မှတ်မိလိမ့်မည် မထင်။
(၁၉၆၇) ခုနှစ် ပတ်ဝန်းကျင်တွင် ခရ့စ်ယာန် စာပေအသင်းမှ ဟောပြောပွဲ တစ်ခု၌ ဟောပြောရန် ကျွန်တော့်ကို လာရောက်ဆက်သွယ်သည်။ ကျွန်တော်ငြင်းလိုက်သည်။ ထိုအခါက ကျွန်တော်သည် မည်သည့် ဟောပြောပွဲမှ မသွားဟု ဆုံးဖြတ်ထားသည်။ စာဆိုတော် ဟောပြောပွဲများကိုလည်း လက်မခံခဲ့။ ဆွေးနွေးပွဲများသာ လိုက်မည်ဟု ပြောခဲ့သည်။
နောက်တွင်ကား ယင်းခရစ်ယာန် အသင်းက ပြုလုပ်သော ဟောပြောပွဲတွင် ဆရာကြီး ဦးဖေမောင်တင် လိုက်ပါဟောပြောသည်ကို ကြားသိရသည်။ ကျွန်တော့်ကို ဟောပြောစေရန် အကြံဥာဏ်ပေးသည်ဟု ကြားရသောအခါ ကျွန်တော် များစွာ စိတ်မကောင်း ဖြစ်သွားမိသည်။
ဆရာကြီး ကွယ်လွန်သောအခါ ကျွန်တော်သည် ဆရာကြီးအား မြှုပ်နှံရာ တိရစ္ဆာန်ရုံထောင့်ရှိ ခရစ်ယာန် သင်္ချီုင်းသို့ သွားရောက် ပို့ဆောင်သည်။ ဓမ္မတေးသံများကြားတွင် ဆရာကြီး ရုပ်အလောင်း မြှုပ်နှံသည်ကို ငေးမောကြည့်ရင်း ကျွန်တော့် စိတ်ထဲ၌ တစ်မျိုးခံစားနေရသည်။ ဆရာကြီးသည် အင်္ဂလိပ်ဂီတကို နားလည်သူ ဖြစ်သည်။ တယောထိုးသည်ဟု ကြားဖူးသည်။ ဤဂီတ အခြေခံဖြင့် ကျွန်တော် ရေးသားခဲ့သော လေးလုံးစပ် အလင်္ကာသည် ကမ္ဘာ့နရီစည်းဝါးနှင့် ကိုက်ညီသည်ဟု ပြောခြင်းကို စိတ်ထဲတွင် တစ်မျိုးခံစားရလျက် နေရပေသည်။
ဆရာကြီးနှင့် စကားလက်ဆုံ မပြောဖူးသော်လည်း စိတ်ချင်းကား ဆက်သွယ်မိပါကလားဟု စိတ်မိတ်ဆွေ ခံစားမှုကလေးဖြင့် ခံစားနေမိခဲ့သည်။
ဒဂုန်တာရာ
ချယ်ရီ၊ ဧပြီ၊ ၁၉၉၀။
(တချိန်က မြန်မာပညာရေးနှင့် စာပေလောကတွင် ထင်ရှားခဲ့သော ဆရာ ဦးခင်ဇော်၊
သူကြီးဂေဇက် ဦးခင်မောင်နှင့် ဆရာကြီး ဦးဖေမောင်တင်တို့ အကြောင်းကို ဆရာ
ဒဂုန်တာရာက အဝေးမြင် ပန်းချီကားတစ်ချပ်ကဲ့သို့ ခြယ်မှုန်းပြသထားသော
ဆောင်းပါးတစ်ပုဒ်ပါ။)
No comments:
Post a Comment