တို့ လယ်တောမှာ ပွင့်ကြတယ်


မဟုတ်ပါ။ မန္တလေး-မတ္တရာ ရထားလမ်းဘေးတစ်နေရာကကျေးလက် မူလတန်းကျောင်း ကလေးတစ်ကျောင်းမှာပဲ ဖြစ်သည်။
ရထား လမ်းဘေး တစ် လျှောက် ရွာများတွင် တာဝန် ထမ်းဆောင်ရသော ကျွန်မတို့ ဆရာမများ အားလုံး မန္တလေးသူရဲဈေးဘူတာမှ နံနက်စောစော ထွက်သည့် မတ္တရာရထားနှင့်လိုက်သွား ကြရကာ သက်ဆိုင်ရာဘူတာမှာ ဆင်းကြရသည်။
ရထားလမ်းစဉ်တစ် လျှောက် အိုး ဘို၊ ကပိုင်၊ တောင်ပြုံး၊လွန်တောင်း စသည့်ဘူတာများကိုကျော်ပြီးမှ လမ်းဘူတာဖြစ်သည့် ကံဘဲ့ဘူတာမှာ ကျွန်မဆင်းရပါသည်။ ကံဘဲ့မှထွက်လျှင်
ဝါးရင်းတုတ်ဘူတာကိုရောက်ပြီးမှမတ္တရာ မြို့မှာလမ်းဆုံးသည်။ကျွန်မ ကတော့ ကံဘဲ့ဘူတာမှာ
ဆင်းပြီး ဘူတာ ကွင်း၏အနောက်ဖက် လယ် ကမ်းသင်းရိုးများ၊ လယ်ကြားချောင်းကြားကလေးများနှင့် လယ်ကြိုလယ်ကြား ရွံ့များဗွက်များကိုနင်း၍ နာရီဝက်နီးပါး ဇွဲကောင်းကောင်းလျှောက်ပြီးမှ
ကျွန်မစာသင်ရမည့် မူလတန်း ကျောင်းရှိရာ ရွာကလေးကိုရောက်ပါသည်။
လွန်ခဲ့သည့် ဆယ့်လေး ငါးနှစ်ကျောင်းဆရာမဖြစ်စ ကျွန်မမှာ သည်လိုသွားရတာကိုပဲ
ပျော်သလိုလိုခံစားခဲ့ရသည်။ သည်ရွာကလေးက အနီးဝန်းကျင်ရှိ ရွာများနှင့်စာလျှင် စည်စည် ပင်ပင် မရှိသေးသည့် ရွာကလေး တစ်ရွာသာ ဖြစ်သည်။
အိမ်ခြေတစ်ရာပင် ပြည့်အောင်မရှိသော သည်ရွာ ကလေးမှာ ဘုန်ကြီးကျောင်း တစ်ကျောင်းနှင့်
မူလတန်းကျောင်း ကလေးရှိနေ ခြင်းက တော့ အခြားကျေးရွာ တော်တော်များများနှင့် မထူးလှပါ။
ရွာ ကြက်သရေဆောင် ပ ညာရိပ်သာများဖြစ်သည်။ များသောအားဖြင့် တောင်သူအလုပ်ကို
တစ်ရွာလုံး လိုလို အသက်မွေးဝမ်းကျောင်း ပြုကြသည်။ တချို့ကလည်း မွေးမြုရေးအလုပ်
ဖြစ်သည့် ဘဲ တွေ မွေးကြသည်။ ဘဲအုပ်ကြီးတွေက ရွာရိုးချောင်းစပ်တစ်လျှောက် ဖွေးဖွေးလပ်လပ်
ရှိလှသည်။
ရွာကျောင်းကလေးကိုရောက်စက ကျွန်မမှာ အတော်ကလေးစိတ်ပျက်အားငယ်
သွားမိခဲ့ပါသေးသည်။ ရွာက ကိုးကွယ်သည့် ရွာဦး ဆရာတော်ကျောင်းနှင့် တစ်ဆက်
တည်းတွဲဖွင့်ထားသည့် စာသင်ကျောင်းကလေးမှာ လေးပင်သုံးခန်း ဝါးကပ်မိုးထရံကာ မြေစိုက်
ကျောင်းကလေးပဲ ဖြစ်သည်။ ကျောင်းကလေးမှာ ခပ်ကုပ်ကုပ် တင်းကုပ်ကြီး နှင့်တူပြီး အခန်းရယ်လို့
ဖွဲ့စည်းထားခြင်း မရှိ။ ကျောင်းပရိဘောဂဆို၍ စာအုပ်များ ထည့်သည့် ဗီရိုနှစ်လုံးနှင့်
စားပွဲတန်းလျားတစ်စုံသာလျှင် ရှိသည်။ သည်စားပွဲက ဧည့်သည်ဧည့်ခံရာ၊ အစည်းအဝေးကျင်းပရာ၊
အမှတ်ခြစ်စရာ၊ တစ်ခါတစ်လေ ထမင်စား စရာ ဘုံစားပွဲ ဖြစ်သည်။ စာသင်ခုံကလေးတွေ ကတော့
လောက်လောက် ငင ရှိပါ သည်။ တချို့ကလေးများကတော့ စာရေးခုံပုကလေးများနှင့် အိမ်က
ယူလာကြ သည့် ဆာလာအိတ်ခွံများကို ခင်းကာထိုင်ကြသည်။ ကျွန်မ စိတ်ပျက်အားငယ်သွား
မိသည် မှာ စာသင်ကျောင်း ကလေး၏ မပြည့်စုံခြင်း၊ ချူိ့ငင့်ခြင်းများကြောင့်မဟုတ်ပဲစာသင်
ကျောင်းကလေးထဲရှိ ကျွန်မစာသင်ပေးရမည့် ကလေးများကို မြင်လိုက်ရလို့ဖြစ်သည်။
ကျွန်မတာဝန်ယူသင်ကြားရမည့် ကျောင်းသား ဦးရေက ကျွန်မအတွက် လျှာထားပေး သည့်
စာသင်ခန်းကျဉ်းကျဉ်း ကလေးထဲမှာပင် မပြည့်ချင်ပြည့်ချင်။
မြို့ကျောင်းတွေမှာလို အဖြူအစိမ်း တူညီဝတ်စုံကို တစ်ပြေးညီ အားလုံး ဝတ်မ
ထားခြင်းကိုလည်း ကျွန်မနားလည်နိုင်ပါ၏။ သို့သော်ရှိနေကြသည့်ကလေးများက စာ
သင်လာကြသည့် ကျောင်းသား ကလေးများနှင့် မတူကြဘဲ ၊ နွားကျောင်းရင်း ၊ ဘဲ ကျောင်းရင်း
လမ်းကြုံလို့ ခဏလာရပ်ကြသည့် ကလေးများနှင့် တူနေ ကြသည်။ ကျောင်းကလေးဝန်ကျင်ကို
ကျွန်မ လျှေက်ကြည့်တော့လည်း ကျောင်းစည်းရိုးရယ် လို့ သတ်သတ် မှတ်မှတ်မရှိ ။ စိမ်းစိမ်း
လန်းလန်း ဖားဖားအုပ်အုပ် သစ်ပင်ကြီးများ မရှိ။ ကျောင်းရှေ့ရှိ ထနောင်းပင်အိုကြီးကတော့
ကျောင်းကလေး၏ တစ်ပင်တည်းသောအ ရိပ်ရပင်ကြီးဖြစ်ရုံမက ကျောင်းကလေးကုပ်ကုပ်
လယ်ကွင်းစိမ်းစိမ်းနှင့် လိုက်ဖက်သား ပဲဟု အောက်မေ့မိသည်။
ကျွန်မ စာသင်ကြားရေး တာဝန် စတင်ယူရသည့် အတန်းမှာ ပထမတန်း ဖြစ်သည်။
သူငယ်တန်ကို ဖြတ်သန်းခဲ့ပြီးသား ကျောင်းနှင့်မစိမ်းတော့သည့် သည်လို အ တန်းမျိုးကို
စကိုင်ရတာ ကျွန်မကံကောင်းပါသည်။ သို့သော်တကယ်တန်း လက်တွေ့ စာသင်ရ
သည့်အခါမှာတော့ ကျောင်းသား လေးဆယ်လောက် ရှိရမည့်အတန်း မှာ ကလေး
နှစ်ဆယ်လောက်သာရှိသည်မို့ ကျွန်မစိတ်ထဲဟာတာတာ ဖြစ်ရသည်။ ကျောင်း
လာတက်သည် ဆိုသော ကလေးတွေ ကလည်း တစ်နေ့ နှင့် တစ်နေ့ တူကြသည် မ ဟုတ်။
သည်ကနေ့ ကျောင်းလာတက်သောကျောင်းသားမှာ မနေ့ကကျောင်း တက်ခဲ့ သော ကျောင်းသား
မဟုတ်တာကို ကျွန်မ သတိထားမိပါ၏။ ကျွန်မအဖို့ သင်ခန်းစာ များ သင်ကြားရသည့်အခါ
ရှေ့လည်းတိုးမရ နောက်လည်းဆုတ်မရ ဆိုသလို အတော် ကလေး အခက်တွေ့ခဲ့ရပါသည်။
အတန်းအရသာ ပထမတန်းကျောင်းသား ဆိုသော်လည်း ကလေးတွေက ဆယ်နှစ်
ဆယ့်နှစ်နှစ်အရွယ်ကြီးတွေ။ ခိုင်းလောက် စေလောက်အရွယ်တွေဆိုတော့ မိဘတွေ က လယ်ထဲ
ကိုင်းထဲကူဖော်လောင်ဖက် ရအောင် ခိုင်းနေကြတာပဲ ဆရာမရဲ့လို့ မိဘ တစ်ဦးကပြောတော့မှ
ကျွန်မသဘောပေါက်ရသည်။ ဘာတွေလုပ်ကြရလို့လဲ ဆိုတော့နွားကျောင်း၊ ဘဲကျောင်း၊
အမိက်ကောက်၊ ဘဲဥကောက်၊ နောက်ချေးကောက်၊ လယ် ထဲ့ထမင်းပို့၊ ကလေးထိန်း စသည်ဖြင့်
အလုပ်တွေကလည်း စုံလှသတဲ့။ ကျောင်းတော့ ဦးစားပေးလွှတ်ရမှာပေါ့လို့ ကျွန်မကဆိုတော့
လွှတ်တာဘဲ ဆရာမရဲ့၊ လယ်ထဲ ကိုင်း ထဲပြန်တော့ လာကြလိမ့်မပေါ့လို့ ပြောသူက
ပြောသေးသည်။ ကျွန်မမှာ ရယ်ရခက် ငို ရခက်။
စာသင်ခန်းထဲကို အကြောင်း အမျိုးမျိုး ကြောင့် ရောက်မလာနိုင်ကြသော က လေးတွေကို
စာသင်ခန်းထဲ့ကို အရောက်လာအောင် မဖြစ်မနေ နားရွက် ဆွဲခေါ် ချင် စိတ်တွေသာ ကျွန်မရင်ထဲမှာ
ပြည့်တင်းနေခဲ့သည်။ နောက်တော့ရွာ ကလေးထဲကိုအ ချိန်ယူပြီး အကျိုးအကြောင်းသိရအောင်
တကူးတက ကျွန်မသွားလည် ဖြစ်ခဲ့ပါသည်။ ကျွန်မတပည့် ကျောင်းသားကလေးများကို လက်ဆွဲပြီး
ကျွန်မ တကူးတက အလည် သွားရသည့် နေရာက တကယ်တော့ သူတို့ကလေးတွေရဲ့
အိမ်တွေဆီကို မဟုတ်ပါ။ ကလေးများရှိလောက်ရာ မိဘများ လုပ်ခင်းကိုင်ခင်း ဆင်းကြရာ
လယ်ကွင်းတွေကြား ကို ဖြစ်သည်။ ထမီတိုတို ရေစိုစို နှင့် ကောက်စိုက်နေကြသော ကျွန်မတ
ပည့်ကလေး များ၏ မအေတွေ၊ ခြေသလုံးမာမာ ကြမ်းကြမ်ကြီး တွေမှာ ရွံ့တွေ ဗရဗျစ် ထအောင်
ထွန်ရေး ငင်နေကြသည့် ဖအေတွေကတော့ လယ်ထဲ့အထိ မရူးမကောင်း လိုက်လာ သော
မြို့သူကျောင်းဆရာမလေးကို နားမလည်နိုင်ကြသလို တအံ့တသြရှိကြပုံလည်း ရသည်၊။
လယ်ကမ်းသင်းရိုးပေါ် ပယ်ပယ်နယ်နယ် ထိုင်ချကာ စကားလာပြော နေ သည့် ကျောင်းဆရာမ
လေးကို အားနာကြပုံတော့ လည်းရ၏။ ကျွန်မကတော့ ကျွန်မ တာဝန်ဖြစ်သည့် ကျွန်မတပည့်
ကျောင်းသားတွေကျောင်းမတက်ကြသည့်အကြောင်း ကိုပဲ မျက်နှာပူပူထားကာ ပြောဖြစ်
ခဲ့သည်။
“ဆရာမရေ ကျုပ်တို့မှာ ကိုယ်ခွဲကမရှိတော့ ငအောင့်ကိုဘဲ ခိုင်းနေရတာ
ကျောင်းကို လွှတ်ချင်ပါတယ် မဖြစ်လွန်းလို့သာပါ”
မဖြစ်လွန်းလို့သာပါဆိုတော့ ကျွန်မပင် ဘာပြောရမှန်းမသိ။ အလျှော့ပေး လိုက်လျှင်
ပိုဆိုးတော့မည်။
“ဟုတ်ပြီးလေ ကလေးကို တစ်နေကုန် အလုပ်ခိုင်းနေရတယ်လို့ ပြော တာ လားရှင့်”
“အဲသလိုတော့ မဟုတ်ပါဘူး ဆရာမရယ် မနက်ပိုင်း ကလေးတင်ပါ။ ကျောင်း
နှင့်တိုက်နေတော့ “
“ကိုင်း အဲသလိုဆို အလုပ်ခိုင်းပြီးတဲ့ အချိန်သာ ကျောင်းကို လွှတ်ပေး၊
ရတယ်မဟုတ်လား”
သည်လို အလုပ်နှင့် အချိန်ကို ညှိယူတာမျိုးရှိသလို၊ ကလေးထိန်းနေရလို့ ကျောင်းမ
တက် နိုင်တာပါ ဆိုသည့် ကျောင်းသားကိုလည်း ကလေးထိန်းရင်း ကျောင်းတက်ရင် လည်းရတာပဲ
ကလေးပါခေါ်ခဲ့လုပ်ရတော့သည်။ စာသင်ခန်းမှာ ကျောင်းသားမရှိတာ ကိုရှိအောင် လူဖြည့်တာ
မဟုတ်ကြောင်း၊ ကလေးများ၏ ပညာရေးအတွက် ရည်မှန်း ချက်မြင့်မြင့် မားမား မရှိသည့်တိုင်
ကျောင်းနေရခိုက် စာရေးစာဖတ် အတွက်အချက် လည်လည်ဝယ်ဝယ်ရှိပါမှ နောင်ကြီးပြင်း
လာသည့်အခါ အဆင်တပြေဖြစ်နိုင်ကြောင်း တွေ ကျွန်မ ကြုံသလောက် တွေ့ သလောက်
ရှင်းပြသည်။ တချို့ကျောင်းသား တွေကတော့လည်း ကျောင်းပျင်းကြသလို၊ တချို့ကလည်း
စာမေး လို့မှမရရင် အခက်ဆိုသည့် စိတ်အခံဖြင့် ကျောင်းကြောက်ကြတာလည်း တွေ့ရသည်။
နောက်တော့ အချိန်ကလေးရသမျှ ဆင်းခဲ့သည့် ကျွန်မ၏စည်းရုံးရေးမှာ တစ်စ တစ်စ
အကျိုးရှိလာခဲ့ ပါသည်။
မနက်တိုင်လျှင် ကျွန်မ စာသင်ခန်ကလေးထဲ ကျောင်းသားတွေ ပုံမှန်
သုံးဆယ် ကျော်ကျော် ရှိလာခဲ့ပြီ ။ သည်ကလေးတွေကို လျှော့မသွား အောင်၊ ကျောင်းပျော်
အောင်ထပ်စည်းရုံးနိုင်ဖို့ ကျွန်မကြိုးစားရဦးမည်။ အပင်ခြေက တစ်ပွင့်စီ ကောက်လာခဲ့သည့်
ခရေပွင့်ကလေးတွေကို တစ်ကုံးတည်းဖြစ်အောင် သီဖို့ က ကျွန်မ တာဝန်မဟုတ်လား။ ကလေး
တော်တော် များများမှာ စာကို ကြောက်နေ ကြတာလား ၊ အပျင်းတွေပဲ ဖက်နေတာလား။
သည်ကလေးတွေ စာမကြောက်အောင် စာသင်ခန်းမှာပျော်အောင်ကျွှန်မ
ဘယ်လိုလုပ်ရပါ့ ။မူလတန်းပြဆရာမလက်သစ်ကလေး ကျွန်မအဖို့ အတွေ့အကြုံကလည်း
ကောင်းကောင်း မရှိသေး။ကျွန်မဘာလုပ်နိုင်သလဲ စဉ်းစားကြည့်သောအခါ ကျွှန်မငယ်စဉ်
မူလတန်းကျောင်းသူ ကလေးဘဝကိုဖျတ်ခနဲ သတိရလိုက်မိပါသည်။
ကျွန်မငယ်စဉ် မြင်းခြံမှာ ကျောင်းနေခဲ့စဉ်က ကန့် ကူလက်လှည့် ဆရာတွေထဲက
တစ်ဦးဖြစ်သည့် ဆရာဦးမာစိန်၏သူငယ်တန်းအခန်းကလေးထဲ ကျွန်မစိတ်ဖြင့်ပြန်ရောက်သွားပါသည်။ဆရာက ကျောင်းကြောက်သောကျောင်းပျင်းသောကလေး တွေကိုပုံပြင်တွေ
ပြောလိုက်ကဗျာ တွေသင်ပေးလိုက်လုပ်ရင်း သင်ကြားခဲ့သူဖြစ်သည်။ သူ့ ခန္ဓြွာကိုယ်ကြီးကို
ယိမ်းကာယိမ်းကာ ကိုယ်နေဟန်ထားဖြင့် သင်ပြရင်း ကျွန်မတို့ ကိုကဗျာတွေရွတ်ဆိုစေခဲ့သည်။
ဆရာကရှေ့ ကတိုင်ရင်း ကိုယ်ကိုယိမ်းကာနွဲ့ ကာ၊ လက်ချောင်းကလေးများ ကွေးကာကောက်ကာ
ကလေးကဗျာများကို သရုပ်ဖော်သင်ကြားပေးခဲ့သည်။သည်တုန်းက ဆရာဦးမာစိန်၏
ကဗျာကလေးတွေကို ကျွန်မအခုဆရာမဖြစ်သည်အထိ စွဲလမ်းနေဆဲဖြစ်သလို ကျွန်မကိုယ်တိုင်
က ခဲ့သည့်ကဗျာသရုပ်ဖော်ကကွက်ကလေးများကိုလည်း အမှတ်တရ ရှိနေဆဲဖြစ်ပါသည်။
“ကြာဖြူ ကြာနီ ကြာညိုနှောလို့ 
တို့ လယ်တောမှာ ပွင်ကြတယ်။
ကောက်စိုက်အပြန် ရေကန်ကြီး
ကြာတစ်စည်းလောက် ချိုးခဲ့ကွယ်
ကြာပွင့် ကြာငုံ ထုံထုံမွှေးကို
မလေး ဘယ်သို့  သုံးပါ့ မယ်။
ကြာရိုး ကြာနွယ် ဘယ်ညာဆစ်လို့ 
ရွှေကြာဆစ်ကြိုး ဆွဲပါ့မယ်။
ဆွဲပါ့မယ် ဆွဲပါ့မယ်။”
ကျွန်မတို့  လက်ချောင်းကလေးများကို ကြာပွင့်ကြာခိုင်လေးများသဖွယ် ဖူးကြ
ငုံကြပုံသရုပ်ဖော်ရင်း တစ်ယောက်နှင့်တစ်ယောက် တိုးကာတိုက်ကာ ကဗျာဆိုခဲ့ရတာ
ပျော်စရာကောင်းလှသည်။ကြာရိုးတွေကိုဆစ်ကြသည်။ ကြာဆစ်ကြိုးကို လည်မှာ ဆွဲကြသည်။
တကယ့်ကြာပန်းခိုင်တွေတော့ကျွန်မတို့ လက်ထဲတွင်မရှိ။ကဗျာရွတ်ဆိုရင်း ကကြရတာ၊ သရုပ်ဖေါ်
ကြရတာကိုပဲကျွန်မတို့ စိတ်ထဲ ကြည်နူးမိကြသည်။
“ဆွမ်းအုပ်နီနီ အမေရွက်လို့ 
နက်ဖြန်မနက် ကျောင်းထွက်မယ်။
မောင်လည်းလိုက်မယ် ချန်မထားနဲ့ 
အမေသွားတော့ ပျင်းလှတယ်။
ကျောင်းကြီးပေါ် မှာ မောင်ငယ်ဆော့တော့
ဘုန်းကြီးအော်လို့  ရိုက်လိမ့်မယ်။
မောင်မဆော့ပေါင် စိပ်ပုတီးနဲ့ 
ဘုန်းတော်ကြီးလို နေပါ့မယ်။
လိုက်မယ် လိုက်မယ်။”
ကျွန်မတို့ ခေါင်းပေါ် လက်ကလေးများဖြင့် ပင့်ကာဆွမ်းအုပ်ရွက်ကြသည်။
ကျောင်းကြီးပေါ် မှာ မောင်ငယ်ဆော့တော့” မှာ ကျွန်မတို့ ခြေထောက်တွေ တဝုန်းဝုန်း ခုန်ကြ
သည်။မျက်စိကိုမှိတ်ကာ လက်ချောင်းကလေးများဖြင့် စိပ်ပုတီးစိပ်ကြသည်။ လိုက်မယ် လိုက်မယ်”
မှာ နေရာမရွေးပြေးလိုက်ကြသည်။ပျော်စရာကောင်းပါဘိ။
“ဆွမ်းအုပ်ဆိုတာ မင်းတို့ သိကြတယ်နော် မင်းတို့ အိမ်မှာ ဆွမ်းအုပ်ရှိကြလားဟေ့”
“ရှိပါတယ် ဆရာကြီး”
အများအော်သလို ရှိပါတယ်အော်ရသော်လည်း ကျွန်မတို့ မြင်းခြံအိမ်မှာ ဆွမ်းအုပ်မ
ရှိပါ။သို့ သော် ရွာက ကျွန်မအဖိုးအဖွားများလက်ထက်ကတည်းက သုံးစွဲခဲ့ကြသော ဆွမ်းအုပ်ကြီးကို
ကျွန်မမြင်ဖူးသည်။ ထမင်းဦးပေါင်းကို ခူးခပ်၊ ဆွမ်းဟင်းတွေစီကာစဉ်ကာထည့်ပြီး ရွာကဘုန်းကြီး
ကျောင်းလေးကျောင်းအနှံ့ အမေကြီးဆွမ်းပို့ ရာ ကျွန်မလိုက်ခဲ့ဖူးသည်။ကျေးလက်နှင့် နှီးနွယ်နေသော
ကျွန်မအဖို့  ကဗျာထဲက မြန်မာမူတွေနှင့် မစိမ်းလှဘဲ ခံစားစရာဖြစ်ခဲ့ရသည်။
“ဝါဆို ဝါခေါင် ရေတွေကြီးလို့ 
သပြေသီးမှည့် ကောက်စို့ ကွယ်။
ခရာ ဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်။
မျှော့နက်ဆိုတာ ချိုနဲ့ လားကွဲ့ 
မြွေနဂါးတောင် ကြောက်ဘူးကွယ်။
တို့ လည်းကြောက်ပေါင် အတူသွားစို့ 
အုန်းလက်နွားလေး ထားခဲ့မယ်။
သွားကွယ် သွားကွယ်။”
မြစ်ရေတွေကြီးချိန် သပြေသီးညိုညိုအလုံးကြီးတွေ မျောပါလာတတ်ပုံကို ကျွန်မတို့
မြင်ယောင်လာမိသည်။ခရေပင်များကြားမှ မျှော့နက်ကြီးတွေကကော။တကယ်တမ်း
မျှော့ကြီးတွေကကြောက်စရာကောင်းပေမယ့် မြွေနဂါးတောင်မကြောက်ဘူးဆိုကာ ခေါင်းပေါ်မှာ
လက်ဝါးဖြင့်အမောက်ပါးပြင်းထောင်ကာ ပေါက်ပြလိုက်ကြပါသေးသည်။ အုန်းလက်နွားကလေး
ကိုလည်း ကျွန်မစီးဖူးသည်။
ဆရာ ဦးမာစိန် သင်ပေးသည့် ကဗျာတွေက မနည်းပါ။ရွှေဥသြ၊ တောက်တဲ့၊ ပိုးစုန်းကြူး၊
သဘက်ဆေး၊ ထုပ်ဆီးတမ်း စသဖြင့် တော်တော်များ ပါသည်။ သည်ကဗျာကလေးတွေက
စာသင်ကျောင်းခန်းထဲမှာပင် ပြီးပြီးပျောက်ပျေက်မဟုတ်ဘဲ ကျွန်မတို့ အိမ်အထိပါလာတတ်သည်။
ညတိုင် ကကြေးခုန်ကြေး ကစားကြသည့်အခါတိုင်း အားရပါးရ အော်ဟစ်ခဲ့ကြသည်။
နောက်တနေ့ ကျောင်းမှာ ဆရာက ဘာကဗျာတွေသင်ပေးမှာပါလိမ့်ဆိုသည့် စိတ်ဇောဖြင့်
မနက်မိုးမလင်း ခင်ကတည်းကကျောင်းကိုရောက်ချင်လှပြီ။
ကျွန်မ၏ မူလတန်းကျောင်းသူဘဝက ဖြတ်သန်းကြည်နူးကျောင်းပျော်ခဲ့ရသည့်
ကဗျာတော်တော်များများမှာ “ဆရာကြီးမင်းသုဝဏ်” ရေးစပ်သီကုံးသော ကဗျာကလေး
တွေဖြစ်ကြောင်း နောင်အတန်းကလေးရလာတော့မှ ကျွန်မသိလာရသည်။ကျွန်မတို့
ဖြတ်သန်းခဲ့ရသော မူလတန်း၊အလယ်တန်း၊ အထက်တန်းမှသည် တက္ကသိုလ်ကျောင်းတော်ကြီး
ရောက်သည်အထိ ပညာရေးခရီးတစ်လျှောက်လုံး ဆရာကြီး၏ကဗျာများ၊ စကားပြေများ
သောက်စို့ ရင်း ရင့်ကျက်ခဲ့ရသည်။
ဆရာကြီး၏ကျေးဇူးဂုဏ်ရည်ကိုတွေးတောရင်း ကျွန်မမှာလေးစားကြည်ညိုစိတ်များ
အခါခါဖြစ်ရသည်။မြန်မာစိတ်ကို ဖူးပွင့်စေခဲ့သော သည်ကျေးဇူးဂုဏ်ရည်ဖြင့်ကျွန်မလူလား
မြောက်ခဲ့ရသလို ကျွန်မဆရာမဖြစ်လာသည့်အခါမှာလည်း ကျွန်မတပည့်များကို မြန်မာစိတ်ဖြင့်သာ
လူလားမြောက်စေချင်သည်။
သည်စိတ်ကူးရပြီးနောက်ပိုင်းမှာတော့ လယ်ခင်း ကိုင်းခင်း၊ဘဲကျောင်းကွင်းတွေထဲအထိ
ကလေးတွေကို ကောက်သင်းကောက်သလို ကျွန်မစောင့်ကောက်ပြီး စာသင်ခန်းကလေးရှိရာ
မရောက်ရောက်အောင် ခေါ်ရသည်။ကျွန်မ၏စာသင်ခန်းကလေးသည် မြေစိုက်ကျောင်း
ကလေးထဲမှာမဟုတ်ဘဲ ကျောင်းနှင့် ခဲတစ်ပစ်စာလောက်ဝေးသည့် ဘုန်းကြီးကျောင်းရိပ်
မန်ကျည်းပင်ခပ်အုပ်အုပ်ကြီးအောက်ကို ရွှေ့ ယူခဲ့ပါသည်။
မန်ကျည်းပင်စည်ကို ကျောက်သင်ပုန်းထောင်ကာ ကလေးများအား ပုံပြင်နှင့်
ကဗျာများသင်ပေးခဲ့သည်။မန်ကျည်းပင်အောက်မှာ သင်ရခြင်းမှာ လွတ်လပ်ပွင့်လင်း သောစိတ်ဖြင့်
သင်ယူနိုင်ကြရန်နှင့် တစ်ပြေးတည်းဖြစ်နေသော အခြားအတန်းများအား အနှောက်အယှက်မ
ဖြစ်စေရန်အတွက်ဖြစ်သည်။
ကျောက်သင်ပုန်းပေါ်မှာ ရောင်စုံမြေဖြူတောင့်များကာ ကြာပန်းများ၊ ဆွမ်းအုပ်
နီနီကလေး နှင့် ငှက်ကလေးတွေ ကျွန်မရေးဆွဲပါသည်။ကလေးတွေကတော့ သင်ပုန်း
ပေါ်ထင်လာသော အရုပ်ကလေးများကို စိတ်ဝင်တစားကြည့်နေကြသည်။ကျောက်သင်ပုန်း
ရှေ့ မှာရပ်ရင်း ကျွန်မကိုယ်တိုင်သရုပ်ဆောင်ကောင်းကောင်းဖြင့် ကလေးများကို ကဗျာ
တွေရွတ်ပြခဲ့သည်။သည်အချိန်မှာ ကျွန်မကိုယ်တိုင် ဆရာမ မဟုတ်တော့ဘဲ သူတို့ နှင့်တစ်သား
တည်းဖြစ်နေပါပြီ။ ကျောက်သင်ပုန်းပေါ်မှာ ကျွန်မရေးဆွဲထားသည့် ဆရာကြီးမင်းသုဝဏ်၏
စေသနာ ကြာဖြူပန်းကလေးတွေကို ကျွန်မ၏နှလုံးသားမှတဆင့်ကလေးများ၏ရင်ထဲအရောက်အလင်းအိမ်
ကျွန်မထည့်ပေးနေရသလိုခံစားမိသည်။ နောက်ရက် နောက်ရက်တွေမှာ ကျွန်မစာသင်ခန်း
မန်ကျည်းပင်အောက်မှာ ပထမတန်းကျောင်းသားစာရင်းအပြည့် ရောက်လာတတ်ကြတာ
ကျွန်မသတိပြုမိခဲ့သည်။ကျွန်မဘူတာရုံကဆင်းလာပြီး ကျောင်းသို့ လျှောက်လာသောအခါ
ကျောင်းကပြန်လာသည့်အခါ စပါးပင်ပျိုများကြားမှာ၊ ဘဲကျောင်းကွင်း ချောင်းရိုးတွေထဲမှာ
ကဗျာရွတ်သံကလေးတွေကို ကျွန်မကြားလာရပြီ။
ကျေးလက်ကလေးသူငယ်များအတွက် ဆရာကြီး၏ကဗျာလေးတွေကလက်တွေ့
ဆန်နေသဖြင့် ထိရောက်လှသည်။ သည်ရွာကလေးမှာ ကြာပန်းရောင်စုံပွင်နေသည့် ကြာအင်း
ကြီးရှိသည်။ ဆွမ်းအုပ်ကိုခေါင်းပေါ်ရွက်၍ ဥပုသ်လပြည့် လကွယ် ဘုန်းကြီးကျောင်းကို ဆွမ်းပို့
နေကြသည့် မိကြီး ဖကြီးများရှိသည်။အင်းစပ်မှာသပြေပင်ကြီးရှိသည်။မနက်ခင်းစိုးစီစိုးစီ
ညံနေတတ်ကြသော ငှက်မြည်သံ၊ စာချောက်ရုပ်ကြီးတွေ၊ ဆူးချုံပုတ်များကြားမှ
တတ်တတ်တူခါးခါး အသံတွေကို ကျေးလက်ကကလေးတွေမစိမ်းသည့်အတွက် ကျွန်မအထူး
ရှင်းပြမနေရပါ။
မြန်မာ့ဓလေ့ အငွေ့ အသက်တွေ ယှက်သန်းနေသော ဆရာကြီးမင်းသုဝဏ်၏ ကလေး
ကဗျာ ကလေးများအား မြန်မာ့မျိုးဆက်သစ်လူမမယ်များကို လက်ဆင့်ကမ်းရင်း ထာဝရ
ရှင်သန်နေဦးမှာပါလားလို့  ကျွန်မယုံကြည်နေမိပါသည်။သည်ရထားလမ်းဘေးက ရွာကလေးမှာ
မတ္တရာ ရထားကိုစုန်စုန်ဆန်ဆန်စီးရင်းသုံးနှစ်ကျော် လေးနှစ်ဝတ္တရားမပျက်၊ ကျွန်မတာဝန်ထမ်း
ဆောင်ခဲ့သမျှ တစ်လျှောက်လုံးလိုလိုမှာလည်း သူငယ်တန်းကိုပါ အခြားအတန်းတစ်တန်းဖြင့်
တွဲကိုင်ကာ သင်ကြားပေးခဲ့ရသည်။ သူငယ်တန်းကလေးများ ကျောင်းနေပျော်ဖို့ ကဗျာကလေး
များဖြင့် စည်းရုံးရင်းကဗျာချစ်စိတ်၊ကဗျာမြတ်နိုးစိတ်ရှိအောင် ကျွန်မအတတ်နိုင်ဆုံးကြိုးစား
ခဲ့ပါသည်။သည်လေးနှစ်တာကာလအတွင်း ဆရာကြီးမင်းသုဝဏ် သီကုံးခဲ့သောကလေး
ကဗျာများသာမက ကျွန်မလက်လှမ်းမီရာ ကလေးပုံပြင်၊ ကလေးကဗျာများကို ရှာဖွေသင်ကြားပေး
ဖြစ်ခဲ့သည်။သည့်အတွက် အမိအဖတွေကလည်း ဝမ်းသာကြည်နူး ကြသည်။
သည်ရွာကလေးကနေ မြို့ ကျောင်းကို ကျွန်မပြောင်းရွှေ့ ခဲ့ရသော်လည်း ကျွန်မ
အိမ်မက်တွေထဲမှာ လယ်ကွင်းကြားက ကဗျာရွတ်သံတွေစီစီဝေနေဆဲ။မြို့ ကျောင်းသို့ ရောက်သည့်
အခါမှာတော့ သင်ရိုးကိုဦးစားပေးနေရသဖြင့်သည်ကဗျာကလေးတွေ ဆက်မသင်ဖြစ်တော့သလို
ရွာကလေးကိုပင်လျှင် တစ်ခေါက်တစ်ကျင်း ပြန်မရောက်ဖြစ်တော့။တကူးတကသွားဖို့ ပင် ကျွန်မမှာ
အချိန်မရတော့။စိတ်ကတော့ အမြဲလိုလိုရောက်နေခဲ့သည်။
ပြီးခဲ့သည့်နွေရာသီကတော့ ရွာကျောင်းဆရာတော်၏ ကျမ်းမာရေးမကောင်းဟုကြားသဖြင့် ရွာကလေးကို ကျွန်မရောက်ဖြစ်ခဲ့ပါသည်။အေးအေးမြမြ လတ်လတ်ဆတ်ဆတ်လယ်ကွင်းများကြားမှ ကွင်းလေကိုကျွန်မအကြာကြီးရပ်ကာရှူရိက်နေခဲ့မိသည်။ ကျွန်မ၏ ကျောင်းဆရာမဘဝ အစရက်တွေ
ကိုပါသတိရနေမိသည်။ကျွန်မရပ်နေဆဲမှာပင် ကောက်ပင် တွေကြားကကဗျာရွတ်သံတွေ ကျွန်မနားထဲရောက်လာ သည်။
ကျွန်မတပည့်တွေတော့မဟုတ်နိုင်ပါ။ သူတို့ ကိုယ်တိုင်က ငယ်ငယ်ကလို ပုဆိုးစလွယ်သိုင်း၊
စပ်ထဘီတိုတိုကလေးတွေနှင့် မဟုတ်နိုင်ကြ တော့။အရွယ်တွေရောက်ကြရောပေါ့။လယ်ခင်း ကိုင်းခင်း ဘဲကျောင်းကွင်းတွေထဲမှာ သည်ကဗျာကလေး တွေရှိနေတုန်းပါလား။နားထောင်စမ်းပါဦး။
“ကြာဖြူ ကြာနီ ကြာညို နှောလို့ 
တို့ လယ်တောမှာ ပွင့်ကြတယ်”
“ဆွမ်းအုပ်နီနီ အမေရွက်လို့ 
နက်ဖန်မနက် ကျောင်းထွက်မယ်”
ကျွန်မရွာကအပြန်မှာတော့တပည့်ဟောင်းတွေက တစ်အုပ်တစ်မကြီး ဘူတာရုံကို လိုက်ပို့ ကြသည်။
တချို့လည်း လွန်တောင်းအလယ်တန်းကျောင်းကို ဆက်တက်ကြ သလို တချို့ လည်းကျောင်း
ကထွက်ပြီး လယ်ထွန်ယောက်ျားတွေ လယ်သူမကြီး တွေဖြစ်နေကြပြီ။ကျွန်မတော့ မန်ကျည်းရိပ်အောက် စာသင်ခန်းထဲက ကဗျာကလေးတွေကို အောက်မေ့သတိရရှိလှပါသည်။
“ဆရာမသင်ပေးတဲ့ ကဗျာကလေးတွေ ရကြသေးရဲ့ လား”
“ရတာပေါ့ ဆရာမရယ် ညဆိုရင် အိမ်ကအငယ်တွေကို
ကျွန်မတို့ ကသင်ပေး နေကြတာလေ သူတို့ လည်း ဆရာမကဗျာကလေးတွေ ရကြတယ်ရယ်”
လယ်ကွင်းတွေကို ဖြတ်တိုက်လာသော ရှင်းရှင်းသန့် သန့်လေတွေကို တစ်ဝကြီး ရှူသွင်းလိုက်ရင်းက ကျွန်မရင်မှာပီတိတွေစိမ့်ကနဲဖြစ်သွားသည်။ ကျွန်မ၏သင်ဆရာမြင်ဆရာ များနှင့်တကွ
ဆရာကြီးမင်းသုဝဏ်၏ ဂုဏ်ကျေးဇူးတွေကို ကျွန်မနိုင်သ၍ ဆပ်ခွင့်ရပါစေဟု ဆုတောင်းလိုက်မိပါသည်။
ခင်ခင်ထူး
(ဆရာကြီး မင်းသုဝဏ် ၁ဝ၂ နှစ်ပြည့် အမှတ်တရ ဖေါ်ပြပါသည်)
(ရွှေလိုဝင်းသည့် မင်းသုဝဏ် စာအုပ်မှမှပြန်လည်စာရိုက်တင်ဆက်သည်။)
No comments:
Post a Comment