ရေမြင့်လေသောအခါ

ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါတုန်းက တစ်နေ့သောအခါ သိကြားမင်းကြီး ရောက်လာပြီး "ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား.....နတ်တွေ၊ လူတွေ၊ အသူရာနတ်တွေ၊ နဂါးတွေ၊ ဂန္ဓြွဗ္ဗနတ်တွေ၊ သက်ရှိသတ္တဝါ ဟူသမျှ ခိုက်ရန်ဒေါသ ကင်းပကာ နေထိုင်လိုကြပါတယ်။ လက်နက်ဥစ္စာဒဏ်ဘေး ကင်းဝေးကာ နေထိုင်လိုကြပါတယ်။ ရန်သူဟူသမျှ ကင်းစင်ပကာ နေထိုင်လိုကြပါတယ်။ စိတ်ဆင်းရဲ ကင်းကာ နှလုံးစိတ်ဝမ်း ကြည်ကြည်သာသာနဲ့ နေထိုင် လိုကြပါတယ်။ ခိုက်ရန်ဒေါသ စိုးစဉ်းမျှမရှိဘဲ နေထိုင်လိုကြပါတယ်။ အဲဒီလို အေးအေးဆေးဆေး ချမ်းချမ်းသာသာ နေထိုင်လိုကြပေမယ့် အဲဒီလို မနေရဘဲ ခိုက်ရန်ဒေါသ ဖြစ်နေကြရပါတယ်။ လက်နက် ဥစ္စာဒဏ်ဘေး သင့်ရောက်နေကြရပါတယ်။ ရန်သူတွေ ဝိုင်းဝိုင်းလည်နေကြရပါတယ်။ နှလုံ;မသာ အမြဲစိတ်ဆင်းရဲစွာ နေကြရပါတယ်။ ဘယ်လိုအနှောင်အဖွဲ့မျိုးတွေကြောင့် အဲဒီလို အလိုမကျဘဲ ဆင်းရဲဒုက္ခ ရောက်နေကြရတာပါလဲ ဘုရား" ဟု မေးလျှောက်လေသည်။
ထိုအခါ ဘုရားရှင်က "သတ္တဝါတွေဟာ ဣသာမစ္ဆရိယအနှောင်အဖွဲ့ကြောင့် အဲဒီလို ပဋိပက္ခ တွေဖြစ်ကာ ဆင်းရဲဒုက္ခတွေ ရောက်နေကြရတာပဲ"ဟု မိန့်တော်မူသည်။ ဘုရားရှင်၏ အဖြေကို ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးက "ကာမဘုံသား နတ်လူများတို့ ကောင်းစားပြည့်ဝ ဘေးရန်ပလျှက် အေးမြချမ်းသာ နေလိုပါလည်း ဣသာမစ္ဆရိယ သူရှုတ်ပွေ၍ ထင်ချေမကျ ဆင်းရဲရတည့်"ဟု လင်္ကာစီ ဆုံမခဲ့သည်။
ထို့အပြင် "မနာလိုကင်း ဝန်တိုရှင်း လက်ငင်းချမ်းသာကြရမည်" ဟူ၍လည်း ရေးသားဆုံမကာ ရုံးခန်း၊ ဓမ္မာရုံ၊ ဆွမ်းကျောင်း စသည့် လူသူမမြင်နိုင်သည့် နေရာမျိုးမှာ စာလုံးကြီးကြီးဖြင့် ရေးချိတ်ထားစေသည်။ အခြေခံ လိုအပ်ချက် ဖြစ်လိမ့်မည်ဟု ယူဆရသည်။ မနာလိုမှုတွေ ကင်းကြလျှင်ဖြင့်၊ ဝန်တိုမှုတွေ ရှင်းကြလျှင်ဖြင့် ယခုလက်ငင်း ချမ်းသာဖို့ရာ သေချာသည်။
သိကြားမင်းက သံယောဇဉ် ဟူသော ဝေါဟာရကို သုံး၍မေးသဖြင့် ဘုရားကလည်း သံယောဇဉ် ဟူသော ဝေါဟာရနှင့် ဖြေတော်မူသည်။ သံယောဇဉ် ဆယ်ပါးတွင် ဣသာမစ္ဆရိယ သံယောဇဉ် နှစ်ပါးက အဆိုးဆုံး ဖြစ်ပုံပေါ်သည်။ ထိုကြောင့် ဘုရားရှင်က ဣသာမစ္ဆရိယ သံယောဇဉ် အနှောင်အဖွဲ့ကြောင့် သတ္တဝါအားလုံး ဒုက္ခရောက်နေ ကြရသည်ဟု ဖြေတော်မူသည်။
တတိယကမBာထဲက နိုင်ငံတစ်ခုသည် ကိုလိုနီအောက်မှ လွတ်မြောက်သည်မှာ နှစ်ပေါင်း တစ်ရာ နားသို့ ကပ်လာပြီ။ သို့သော် ယခုတိုင် ဒုံရင်း ဒုံရင်း ဆင်းရဲမြဲ ဆင်းရဲမြဲဖြစ်သည်။ လွန်ခဲ့သောနှစ်တစ်ရာခန့်က ထိုနိုင်ငံ ထိုလူမျိုး အကြောင်းကို သုတေသနပြု မှတ်တမ်းတင်ခဲ့သော စာရေးဆရာတစ်ဦးက ထိုလူမျိုး အများစုသည် ဣသာမစ္ဆရိယအလွန်အားကြီးသော လူမျိုးများဖြစ်ကြသည်ဟု မှတ်တမ်းတင်ထား လေသတဲ့။
ရေကန်တစ်ကန်ထဲ၌ ကြာမျိုးငါးပါး စွင့်စွင့်ကားကား ပွင့်လန်းတင့်ဆန်း နေကြသည်။ ထိုကြာမျိုး ငါးပါးသည် ရေနိမ့်သည့်အခါ နိမ့်လိုက်သွားကြသည်။ ရေမြင့်သည့်အခါ မြင့်လိုက်သွားကြသည်။ ကြာတွေ မြင့်နေခြင်းသည် ရေမြင့်သောကြောင့်ဖြစ်သည်။ ရေမြင့်လေသောအခါ ကြာတွေမြင့်ကြရသည်မှာ ဓမ္မတာဖြစ်သည်။
ကိုယ်ပိုင်ဘဝတခု၏ စစ်မှန်သော အနိမ့်အမြင့်၊ ဘဝများစွာတို့၏ အနိမ့်အမြင့်သည် ကိုယ်ရည် ကိုယ်သွေး၊ စိတ်ရည်စိတ်သွေးနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ကိုယ်ရည်ကိုယ်သွေးဟူသည် လုပ်ရည်ကိုင်ရည် အရည်အချင်းဖြစ်သည်။ ထိုအရည်အချင်းသည် ဥာဏ်ရည်ဥာဏ်သွေး နှင့်လည်းဆိုင်သည်။ မည်မျှသိသနည်း။ မည်မျှတတ်သနည်း။ သိခြင်း၊ တတ်ခြင်းကြောင့် ဥာဏ်ရည်
ဥာဏ်သွေး ထက်မြက်ရသည်။ ဥာဏ်ရည်ဥာဏ်သွေး ဟူသည်မှာလည်း ဥာဏ်နီဥာဏ်နက်ကို မဆိုလို။
အဖြူရောင်ဥာဏ်၊ အလင်းရောင်ဥာဏ်ကိုသာ ဆိုလိုသည်။ အတ္တ၊ ပရ နှစ်ဝကောင်းကျိုး မီးမောင်းထိုးပြနိုင် သော ဥာဏ်ကိုသာ ဆိုလိုသည်။
ယခုခေတ်၌ အိုင်ကျူနှင့် အီးကျူ ဟူ၍ ခွဲခြားသုံးကြသည်။ အိုင်ကျူက ဥာဏ်ရည်ဥာဏ်သွေး ဖြစ်သည်။ အီးကျူက စိတ်အရည်အသွေးဖြစ်သည်။ အိုင်ကျူမြင့်လျှင် လူတော်ဖြစ်သည်။ အီးကျူမြင့်လျှင် လူကောင်းဖြစ်သည်။ တချို့က လူတော်အဓိက၊ တချို့က လူကောင်းအဓိကဟု ဝိဝါဒ ကွဲပြားနေသည်လည်း ရှိသည်။ အမှန်က ဘယ်ဟာအဓိကဟု ပြော၍မရ၊။ နှစ်ခုလုံကတော့ အဓိကကျသည်။ တော်ရုံနှင့်လည်း မပြီး၊ ကောင်းရုံနှင့်လည်းမဖြစ်။ တစ်ခုသာ အဓိကဆိုလျှင်ဖြင့် တစ်ဖက်စောင်းနင်း ဖြစ်သွားနိုင်သည်။ တော်လည်းတော်၊ ကောင်းလည်းကောင်းမှဖြစ်မည်။
လူတော်က အလုပ်လုပ်လို့ကောင်းသည်။ လူကောင်းက ယုံကြည်စိတ်ချရသည်။ လူကောင်းက ကြည်ညိုဖို့၊ လူတော်က လေးစားဖို့ဖြစ်သည်။ အလုပ်ကလည်း လုပ်နေကြရဦးမည်။
ထိုအခါ တော်လည်းတော်၊ ကောင်းလည်းကောင်းမှဖြစ်မည်။ လူတော်နှင့် အလုပ်လုပ်ရသည်မှာ စိတ်ချမ်းသာ သကဲ့သို့ လူကောင်းနှင့် အတူနေရသည်မှာ စိတ်ချမ်းသာသည်။ သို့သော် သူ့အိုင်ကျူ၊ အီးကျူလိုက်ပြီးတော့ မည်မျှတော်သည်၊ မည်မျှကောင်းသည်ဟု ဒီဂရီ အနိမ့်၊ အမြင့်တော့ ကွဲပါလိမ့်မည်။ အဓိကကတော့ အလုပ်ဖြစ်ဖို့သာ ဖြစ်သည်။ အလုပ်ဖြစ်အောင် လုပ်တတ်ကြဖို့လိုသည်။
လူတစ်ဦး၏ ဘဝတစ်ခု၊ လူ့အဖွဲ့အစည်း၏ ဘဝများစွာတို့ကို မြှင့်တင်ကြရာ၌ လူတွေတော်ဖို့ လိုသလို၊ ကောင်းဖို့လည်း လိုပါသည်။ တော်ဖို့အတွက် ပညာရပ်တွေ သင်ယူကြရမည်။ ဆည်းပူးကြရမည်။ လေ့လာကြရမည်။ ကြိုးစားကြရမည်။ အားထုတ်ကြရမည်။ အတတ်တွေ၊ အသိတွေ၊ ဗဟုသုတတွေ ရနိုင်သမျှ ရအောင်၊ ရှိနိုင်သမျှ ရှိအောင် ရှာဖွေစုဆောင်းကြရမည်။ ဤကား ကိုယ်ရည်ကိုယ်သွေး၊ ဥာဏ်ရည်ဥာဏ်သွေး အတွက်ဖြစ်သည်။
စိတ်အရည်အသွေး အတွက်ကိုမူ၊ ဘာသာရေးနားလည်ရမည်။ ဘာသာရေးကိုင်းရှိုင်းရမည်။ ဘာသာရေးလေးစားရမည်။ ဘာသာရေးအဆုံအမတွေကို နာခံရမည်။ ပြည်သူ့နီတိတွေကို နားလည်ရမည်။ လူ့ကျင့်ဝတ်၊ လူ့တာဝန်၊ လူ့ဝတ္တရားတွေကို နားလည်ရမည်။ လိုက်နာရမည်။ ကျင့်သုံရမည်။
စိတ်အရည်အသွေးကို နိမ့်ကျစေတာ၊ မြင့်မားစေတာက စိတ်ထဲမှာသာရှိသည်။ ထိုသဘောကို နားလည်ရမည်။
မူရင်းပင်ကိုယ်စိတ်က အဖြူရောင်သက်သက် ဖြစ်သည်။ စေတသိတ်တွေ ကြောင့် စိတ်က အရောင် အမျိုးမျိုးပြောင်း အကောင်းအဆိုးဖြစ်ရသည်။ အလောဘ၊ အဒေါသ၊ အမောဟ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ သဒ္ဓြွါ၊ ပညာ စသော စေတသိတ်တွေကြောင့် စိတ်က ကောင်းရသည်။ မြင့်ရသည်။ လောဘ၊ ဒေါသ၊ မောဟ၊ ဣသာမစ္ဆရိယ စသော စေတသိတ်တွေကြောင့် စိတ်က ဆိုးရသည်၊ ယုတ်ရသည်၊ ညံ့ရသည်၊ နိမ့်ကျရသည်၊ သေးသိမ်ရသည်၊ အောက်တန်းကျရသည်။
ဘုရားရှင်၏ သက္ကပဥသုတ္တန် အရကြည့်လျှင် လူတစ်ဦးစီ၏ အနိမ့်အမြင့်၊ လူ့အဖွဲ့အစည်းတစ် ခု၏ အနမ့်အမြင့်၊ လူများစွာတို့၏ အနိမ့်အမြင့်၊ သုခနှင့် ဒုက္ခ ခြားနားရာ၌ ဣသာမစ္ဆရိယ အဓိကကျသည်ဟု ကောက်ချက်ချနိုင်သည်။ အဘယ်ကြောင့် ယခုထိ မချမ်းသာရသနည်း။ ဣသာမစ္ဆရိယကြောင့်ဖြစ်သည်။ အဘယ်ကြောင့် ယခုထိ ဒုက္ခ တွင်း နက်နေသနည်း။ ဣသာမစ္ဆရိယ ကြောင့်ဖြစ်သည်။ အဘယ်သူ၏ ဣသာမစ္ဆရိယ လေနည်း။
မနာလို ဝန်တိုဟု ဆိုကြရာ၌ မနာလိုတာက ဣသာ ဖြစ်၏။ ဝန်တိုတာက မစ္ဆရိယ ဖြစ်၏။ ဣသာ က သူတပါးစည်းစိမ်ကို ငြူစူခြင်း၊ ကဲ့ရဲ့ခြင်း၊ သည်းမခံနိုင်ခြင်း လက္ခဏာရှိ၏။ သူတပါးစည်းစိမ်တို့၌ မမွေ့လျှော်ခြင်း ကိစ္စရသရှိ၏။ သူတပါးစည်းစိမ်မှ မျက်နှာလွှဲသည်ဟု အဖြစ်ဖြင့် တရားရှုသူတို့အား ရှေ့ရှု ထင်လာခြင်း ပစ္စုပဌာန်၌ရှိ၏။ သူတပါးတို့၏ စည်းစိမ်လျှင် နီးသော အကြောင်းရှိ၏။
ရှေးရှေးဘဝက ကံကောင်းထောက်မလျှက် ယခုဘဝ ဥာဏ်ဝီရိယတို့အတွက် ဥစ္စာစည်းစိမ် ဂုဏ်သိရ် တက်နေသူကို မြင်ရ၊ ကြားရသည်ရှိသော် ဝမ်းမမြောက်နိုင်ပါဘဲ၊ မျက်နှာမဲ့ကာ ပါးစပ်ရွဲ့ကာ၊နှုတ်ခမ်းစူကာ၊ စောင်းကာ၊ မြောင်းကာ၊ ချိတ်ကာ၊ ရိတ်ကာ ကြည့်ရှုပြောဆိုမှု၊ "ကိုယ့်ထက်သာ မနာလို "ဆိုသည့်အတိုင်း ထိုသူ၏ ဂုဏ်သတင်းကို မကြားလို။ နားမထောင်လိုမှု၊ "ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့၊ သည်လိုယုန်တော့ ချုံတိုင်းရှိရဲ့"ဟု ကဲ့ရဲ့ရှုတ်ချမှုများသည် ဣသာ၏ သဘောလက္ခဏာ ချည်းတည်း။
ပရမ္မရ ကံကောင်းမသဖြင့် ပြည့်ဝဂုဏ်သိရ် သူ့စည်းစိမ်ကို မမြိန်နိုင်ကောင်း စောင်းမြောင်းမဲ့ရွဲ့ ကဲ့ရဲ့ငြူစူ ရှုတ်ချမှု မှတ်ယူ ဣသာ သဘောတည်း။ (သံဘာဋီ)
ဤစည်းစိမ်၊ ဂုဏ်သိရ်သတင်း ကျော်ဇောခြင်းစသော အရာစုသည် ငါ့အားသာဖြစ်ပါစေ။ အခြားသူတို့အား မဖြစ်ပါစေနှင့်ဟု ဖြစ်သောစိတ်သည် မစ္ဆရိယ စိတ် (ဝန်တိုစိတ်) ဖြစ်၏။ ယင်းဝန်တိုစိတ် ဖြစ်ပေါ်လာသော သဘောတရားကို " မစ္ဆရိယ " ဟုခေါ်သည်။ စိတ်၏ဝန်တိုမှုသည် မစ္ဆရိယ အတွက် ဖြစ်ရသောကြောင့် မစ္ဆရိယ ကို ဝန်တိုမှုဖြစ်ပေါ်ကြောင်း သဘောတရားဟု ဆိုရသည်။
မိမိရရှိပြီးသော ဥစ္စာစည်းစိမ် ဂုဏ်သိရ်အမျိုးမျိုး၊ ရသင့်၊ ရထိုက်၊ ရလတံ့သော ဥစ္စာစည်းစိမ် ဂုဏ်သိရ် အမျိုးမျိုးတို့ကို သူတပါးနှင့် မဆက်ဆံစေလိုခြင်း၊ သူတပါးသည် ယင်းဥစ္စာစည်းစိမ်၊ ဂုဏ်သိရ် မဖြစ်စေလိုခြင်းသည် မစ္ဆရိယ ပင်ဖြစ်သည်။ ယင်း မစ္ဆရိယ သည် ရရှိပြီး စည်းစိမ်ကိုစွဲ၍ ဖြစ်တတ်သော မစ္ဆရိယ၊ ရလတ္တံ့သော စည်းစိမ်ကို စွဲ၍ဖြစ်တတ်သော မစ္ဆရိယ ဟု နှစ်မျိုးကွဲပြား၏။
မိမိရရှိပြီး၊ ပိုင်ဆိုင်ပြီး စည်းစိမ်ဥစ္စာများ သူတပါးတို့နှင့် ဆက်ဆံသွားမည်ကို လည်းကောင်း၊ အကြောင်းတစ်စုံတစ်ခုကြောင့် မိမိပိုင်ဆိုင်မှု ဆုံးရှုံးသွား၍ သူတပါးလက်သို့ ရောက်ရှိသွားမည်ကို လည်းကောင်း တွေးတောစိုးရိမ်၍ စိတ်မချမ်းမသာ ဖြစ်မှုသည် ရရှိပိုင်ဆိုင်ပြီး စည်းစိမ်ကို စွဲ၍ မစ္ဆရိယ ဖြစ်ခြင်းတည်း။
မစ္ဆရိယ သည် ရသင့်၊ ရထိုက်၊ ရလတ္တံညသော မိမိစည်းစိမ်ကို လျှို့ဝှက်ခြင်း လက္ခဏာရှိ၏။ မိမိစည်းစိမ်ကို မကွယ်ဝှက်သာ၊ မသိုဝှက်သာ၍ သူတကာနှင့် ဆက်ဆံရပြန်လျှင်လည်း ယင်းသို့ဆက်ဆံရ သည်ကို သည်းမခံနိုင်ခြင်း ကိစ္စရှိ၏။ စွန့်ကြဲပေးကမ်း လှူဒါန်းမှု၊ မိမိစည်းစိမ်ကို သူတပါးနှင့် ဆက်ဆံစေမှု၌ တွန့်တိုတုတ်နစ်သော တရားဟူ၍လည်း ယောဂီဥာဏ်၌ ထင်လာတတ်၏။ မိမိစည်းစိမ်သည် မစ္ဆရိယ ဖြစ်ဖို့ အနီးဆုံးသော အကြောင်းတရားဖြစ်၏။ မစ္ဆရိယ သည် ဓမ္မဓာတ်အားဖြင့် လောဘဓမ္မဓာတ်၊ ဒေါသဓမ္မဓာတ်ကို အရင်းခံ၍ဖြစ်ပေါ်တတ်၏။ ထို့ကြောင့် လောဘ၊ ဒေါသ နှစ်ပါးသည် မစ္ဆရိယ ၏ အရင်းခံ မူလတရားများဖြစ်၏။
ဓရလတ္တံ့ပြီး ငါ့ပစ္စည်းနှယ် အံ့ချီးဖွယ်ကား များကြွယ်သူတပါး မဖြစ်စေကားဟု ဖြစ်ပွါးတတ်လျဉ်း ဝန်တိုခြင်း မယွင်း မစ္ဆရိယ သဘောတည်းဓ။ (သံဘာဋီ)
သိမ်းပိုက်ခြင်းကို အစွဲပြု၍ ဝန်တိုမှု မစ္ဆရိယ ဖြစ်၏။ မစ္ဆရိယ ကို အစွဲပြု၍ စောင့်ရှောက်မှု အာရက္ခ ဖြစ်၏။ စောင့်ရှောက်ခြင်းဟူသော အကြောင်းကြောင်းကြောင့် တုတ်ဆောင်ရခြင်း၊ လက်နက်ဆောင်ရခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ ဆန့်ကျင်ခြင်း၊ ငြင်းခုန်ခြင်း၊ မခံသာအောင်ပြောဆိုခြင်း၊ ကုန်းတိုက်ခြင်း၊ မဟုတ်မမှန်ပြောခြင်း ဟူသော ယုတ်မာသော အကုသိုလ်တရားများ ဖြစ်ပေါ်လာတတ်၏။
စည်းစိမ်ချမ်းသာ ဟူသမျှ၏ မူလဘူတဖြစ်သော ဒါနကို တားမြစ်တတ်သောကြောင့် မစ္ဆရိယ သည် စက်ဆုတ်ဖွယ် အကောင်းဆုံးဖြစ်၏။ မစ္ဆရိယ ထက် စက်ဆုတ်ဖွယ်ကောင်းသော တရားမည်သည်မရှိ။
မစ ၦရိယ သည္အာဝါသမစ ၦရိယ ၊ ကုလမစ ၦရိယ ၊ လာဘမစ ၦရိယ ၊ ဝ႑မစ ၦရိယ ၊ ဓမၼမစ ၦရိယ ဟူ၍ ငါးမ်ိဳးရွိ၏။ အာဝါသဟူသော နေရာ၊ ဌာန။ မိမိပိုင်နက် တစ်ခုခုနှင့်စပ်၍ မပေးလို၊ မစွန့်လို၊ မမျှလို နှမြောတွန့်တိုခြင်းသည် အာဝါသမစ္ဆရိယ ဖြစ်သည်။ ဘတ်စ်ကားပေါ်မှာ သို့မဟုတ် အခြားတစ်နေရာရာမှာ နေရာကောင်းလေးတစ်ခု ရရှိထားသည့်အခါ ထိုနေရာကို သူတပါး ဖယ်မပေးလိုမှုသည် အာဝါသမစ္ဆရိယ ဖြစ်သည်။
လူမှုရေး ပုဂ္ဂိုလ်ရေးနှင့်စပ်၍ ကိုယ်က အသာစီးရသည့်အခါ နိမ့်ကျသူများနှင့် မပတ်သက်စေချင်မှု၊ ပတ်သက်ရမည်ကို စိတ်တွန့်တိုမှုသည် ကုလမစ္ဆရိယ ဖြစ်သည်။ ကိုယ့်ချစ်သူ၊ ခင်သူ၊ ကြည်ညိုသူက သူများကိုချစ်ခင်ကြည်ညိုသွားမှာ စိုးရိမ်တာကလည်း ကုလမစ္ဆရိယ ဖြစ်သည်။ ကိုယ်ပိုင်ဟု ခံယူထားသော ကိုယ့်ပစ္စည်း၊ ကိုယ့်ဥစ္စာ၊ ကိုယ့်ရပိုင်ခွင့်၊ ကိုယ့်လုပ်ပိုင်ခွင့်ကို မမျှလို၊ မဝေလို၊ မစွန့်လို၊ မပေးလို၊ နှမြောတွန့်တိုနေခြင်းသည် လာဘမစ္ဆရိယ ဖြစ်သည်။ ဂုဏ်သတင်း ကျော်စောခြင်းနှင့်စပ်၍ ကိုယ့်လို သူများကို မဖြစ်စေခြင်တာ ဝဏ္ဍမစ္ဆရိယ ဖြစ်သည်။ ကိုယ်တတ်သလို သူများကို မသိမတတ်စေချင်တာ ဓမ္မမစ္ဆရိယ ဖြစ်သည်။ ဆရာများ ဆရာစားချန်လျှင် ဓမ္မမစ္ဆရိယ ဟု ဆိုရမည်။
ရသင့်ရထိုက်သော စည်းစိမ်ဥစ္စာ၌ အကြင်သူ၏ရမှုကို အလိုမရှိ။ ထိုသူရ၍ နေသည်ကိုသော် လည်းကောင်း၊ ရလတ္တံ့ စင်စင်ဖြစ်သည်ကိုသော်လည်းကောင်း ကြံစည်ကြားသိရလျှင် စိတ်ပင်ပန်း၏။ ထိုသဘောသည် ဣသာဖြစ်သည်။ အကြင် ဥစ္စာစည်းစိမ်ကို မိမိအလိုရှိ၏။ ထိုထိုဥစ္စာစည်းစိမ်စုကို မိမိ ရမှရပါမည်လားဟု မိမိ မရမည့်အရေးအတွက် ကြံစည်၍ စိတ်ပင်ပန်း၏။ ထိုသဘောသည်မစ္ဆရိယ မည်၏။
လောဘ၊ ဒေါသ၊ မောဟ ကြောင့် စိတ်အရည်အသွေး နိမ့်ကျသည်။ ဣသာမစ္ဆရိယ ကြောင့် ပို၍နိမ့်ကျသည်။ စိတ်အရည်အသွေးသည် ဣသာမစ္ဆရိယ ကြောင့် အနိမ့်ဆုံးသို့ ရောက်သွားသည်။ စိတ်အရည်အသွေး နိမ့်မှုကြောင့် လူ့အရည်အသွေး၊ လူနေမှု အဆင့်အတန်းတွေပါ လိုက်၍ နိမ့်ကျရတော့သည်။ ရေမြင့်ခဲ့သော် ကြာမြင့်လိမ့်မည်။ စိတ်အရည်အသွေးမြင့်၍ လူ့အရည်အသွေး၊ ဥာဏ်ရည်ဥာဏ်သွေးတို့ မြင့်ခဲ့သော် လူနေမှု ပုဂ္ဂလိကဘဝ၊ လူ့အဖွဲ့အစည်းတို့၏ အဆင့်အတန်း၊ လူနေမှု ဘဝအဆင့်အတန်း အားလုံး မြင့်သွားပါလိမ့်မည်။
ဗုဒ္ဓြသည် လောက၌ အမြင့်ဆုံး၊ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ရုပ်အားဖြင့်လည်းကောင်း၊ စိတ်အားဖြင့် လည်းကောင်း၊ လူ့အရည်အသွေး၊ စိတ်အရည်အသွေး၊ ဥာဏ်ရည်ဥာဏ်သွေး အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ထိုအာဇာနည် ယောက်ျားမြတ်ကို ထိုကဲ့သို့ မြင့်အောင်၊ မြတ်အောင် မြှင့်တင်ပေးသော တရားကား မဟာဂရုဏာ နှင့် နောက်ပါ မေတ္တာ၊ မုဒိတာ၊ ဥပေက္ခာ၊ ပညာဝီရိယ စသည်တို့ဖြစ်သည်။
ရေမြင့်လျှင် ကြာမြင့်ပါလိမ့်မည်။ စိတ်အရည်အသွေး မြင့်မားလျှင် ဥာဏ်ရည်ဥာဏ်သွေး၊ ကိုယ်ရည်ကိုယ်သွေး၊ လူနေမှုဘဝ၊ လူနေမှုအဆင့်အတန်း အားလုံး မြင့်မားလာဖို့ သေချာပါသည်။

အရှင်သံဝရလင်္ကာရ
ဓမ္မပိယဆရာတော်
ဓမ္မပိယဆရာတော်
No comments:
Post a Comment