Saturday, January 7, 2012

ခါချဉ်ကောင်မာန်မကြီး တောင်ကြီးမဖြိုတော့ပါ


“ဆရာမ.... ဆရာမ.... “မော်” ဆိုတဲ့ စာလုံးမှာပါတဲ့ (ရေးချရှေ့ထိုး) က ဒီလိုမျိုး -ာ် “ပေါ်” ဆိုတဲ့စာလုံးမှာပါတဲ့ (ရေးချရှေ့ထိုး) က ဒီလိုမျိုး -ါ် .... (ရေးချရှေ့ထိုး)ချင်း အတူတူ ဘာလို့ပုံစံနှစ်မျိုးဖြစ်နေတာလဲဟင်....။”

ဒါကတော့ တနင်္ဂနွေနေ့တွေတိုင်းမှာ လုပ်အားပေး အနေနဲ့ မြန်မာစာ သင်ပုန်းကြီးဖတ်စာ သွားသင်ပေးနေတဲ့ ဘုန်းကြီးကျောင်းက ကျွန်မရဲ့ တပည့်လေးတစ်ယောက်က ကျွန်မကို မေးလိုက်တဲ့ မေးခွန်းလေးပါ။ ကျွန်မအနေနဲ့ ပြန်လည်ဖြေဆိုဖို့ရာ အတော်ကို ဘေးကျပ်နံကျပ် ဖြစ်ခဲ့တဲ့ မေးခွန်းဆိုလည်း မမှားဘူးပေါ့။

အခုဒီဘုန်းကြီးကျောင်းက ကလေးတွေထဲမှာဆိုရင် အဖေ၊ အမေက မြန်မာတွေ ဖြစ်သော်ငြားလည်း အခြေအနေအရ ဒီနိုင်ငံမှာ မွေးဖွားကြီးပြင်းလာခဲ့ရပြီး မြန်မာစာကို ကောင်းစွာသင်ယူခွင့်မရတဲ့ ကလေးတွေ၊ မြန်မာပြည်မှာ မွေးဖွားခဲ့ပေမယ့်လည်း မိဘတွေရဲ့ အလုပ်အကိုင် အခြေအနေတွေအရ ဒီနိုင်ငံကို ပြောင်းရွှေ့ ကြီးပြင်းလာခဲ့ရပြီး မြန်မာစာကို မေ့သွားကြတဲ့ ကလေးတွေ စသည်ဖြင့်ပေါ့လေ အမျိုးမျိုး ရှိကြပါတယ်။

ကျွန်မ အဲဒီဘုန်းကြီးကျောင်းက စာသင်ခန်းလေးကို ပထမဆုံးအနေနဲ့ စရောက်သွားတဲ့နေ့မှာပဲ သတိထားလိုက်မိတာတစ်ခုက တစ်ချို့ကလေးတွေဟာ Singlish ကိုတော့ မွှတ်နေအောင် ပြောတတ်ကြပြီး မြန်မာစာ၊ မြန်မာစကားကို အဆင်ပြေပြေ၊ အချိုးကျကျ ပြောတတ်ဖို့ရာကျတော့ မနည်းကို အားယူပြောဆိုနေကြရတာကိုပါပဲ။

အဲဒီမှာတင်ပဲ ကျွန်မစိတ်ထဲမှာ သူတို့လေးတွေကို မြန်မာစာနဲ့ ရေးထားတဲ့ စာပေတွေကို ကျွမ်းကျွမ်းကျင်ကျင် သိစေချင်၊ ဖတ်တတ်စေချင်တဲ့စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာမိပါတယ်။ အခြေအနေတွေက ဘယ်လိုတွေပဲ ဖြစ်နေဖြစ်နေပေါ့နော်။ မြန်မာကလေးငယ်လေးတွေကို မြန်မာပြည်အကြောင်းကို သိစေချင်တယ်။ မြန်မာ့ဓလေ့ထုံးစံတွေကို နားလည်စေချင်တယ်။ မြန်မာ့မြေ မြန်မာ့ရေကို ချစ်တတ်စေချင်လာတယ်။

ဒါ့အပြင် ကျွန်မဆက်တွေးမိတာတွေက ဒီကလေးလေးတွေ စိတ်ဝင်စားနေကြတဲ့ စာအုပ်စာပေ၊ ကာတွန်းဇာတ်ကောင်တွေ အကြောင်း။ အခုဆိုရင် သူတို့အနေနဲ့ ကောင်းကောင်းသိတာက စပိုက်ဒါမန်း (Spiderman)၊ ဘက်တ်မန်း (Batman)၊ တွမ်နဲ့ ဂျယ်ရီ (Tom & Jerry)၊ တွိတီ (Tweety)၊ ဂါးဖီးလ်(Garfield)၊ ဖန်တန် (The Phantom)၊ Donald Duck စသည် စသည်တို့ပေါ့လေ။ ကျွန်မက သူ့တို့ကို သူတို့အခုသိနေတဲ့ ဇာတ်ကောင်တွေတင်မကဘူး၊ သိပ်ချစ်စရာကောင်းတဲ့ မြန်မာ့ကလေးကာတွန်း ဇာတ်ကောင်လေးတွေရှိတယ် ဆိုတဲ့အကြောင်းကိုပါ သိစေချင်တာ။
ကျွန်မတို့ ငယ်ငယ်တုန်းက အရမ်းကို နှစ်သက်စွဲလမ်းခဲ့တဲ့ ရွှေသွေးမိုးသောက်ပန်းတေဇ အစရှိတဲ့ ကလေးဂျာနယ် စာစောင်တွေထဲက ကျွန်မ အခုထိမမေ့သေးတဲ့ ကာတွန်း ဇာတ်လိုက်လေးတွေဖြစ်တဲ့ နုံအအ ထုံပေပေနိုင်လွန်းတဲ့ “ကျော်ထွဏ်း”ရဲ့ ၀တုတ်တုတ် ဇာတ်လိုက် “မောင်ရိုး”နဲ့ “စမ်းချောင်းကိုကိုအောင်”ရဲပိန်ညောင်ညောင် ဇာတ်လိုက် “မောင်န”တို့၊ “သူရ”ရဲ့ “ဘယ်ကျော်”နဲ့ “မင်းဇော်”ရဲ့ လျှာထိုးဦးထုပ်လေး ဆောင်းထားတဲ့ “ဘိုဘို”တို့၊ “မြေဇာ”ရဲ့ ခေါင်းပေါ်မှာ ဆံပင်မွှေးလေး တစ်ပင်တည်း ထောင်နေတဲ့ “စိန်မျောက်မျောက်”၊ အမြဲတမ်း စွပ်ကျယ်အင်္ကျီကို ပုခုံးတစ်ဖက်ကျအောင် ၀တ်ထားတတ်ကြပြီး မျက်မှန် လေးထောင့်ထူထူကြီးတွေကို တပ်ထားကြတဲ့ “တင်အောင်နီ”ရဲ့ “ပြာဂလောင်နဲ့ ပြာလချောင်”ညီအစ်ကိုတို့၊ “ဆွေမင်း(ဓနုဖြူ)”ရဲ့ “တွတ်ပီနဲ့ဗိုက်ကလေး”တို့ အဲဒီဇာတ်ကောင်တွေကိုရော သူတို့လေးတွေနဲ့ ရင်းနှီးစေချင်လိုက်တာ။

ဒါတင်မဟုတ်သေးပါဘူး။ ဒီလိုနဲ့ သူတို့လေးတွေ တစတစ ကြီးပြင်းလာပြီဆိုရင်ရော။ မြန်မာ့သမိုင်းဆိုတာကိုရော သူတို့ စိတ်ဝင်တစားရှိပါ့လား။ မြန်မာနိုင်ငံတော်ကြီးကို ဘယ်သူတွေက ဘယ်လို သွေးတွေ ချွေးတွေနဲ့ တည်ထောင်ခဲ့ရသလဲ ဆိုတာမျိုးကိုပေါ့။ ပထမမြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူ “အနော်ရထာမင်းတရားကြီး”၊ ဒုတိယနိုင်ငံတော်ကို တည်ထောင်သူ “ဘုရင့်နောင်”တတိယနိုင်ငံကို တည်ထောင်သူ “အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ” စသူတို့အပြင် နောက်ဆုံး ကျွန်မတို့ တိုင်းပြည်အတွက် အသက်စွန့်သွားခဲ့တဲ့ ကျွန်မတို့ သိပ်ကို ကြည်ညိုလေးစားရတဲ့ အာဇာနည် ခေါင်းဆောင်ကြီး “ဗိုလ်ချုပ်အောင်ဆန်း”။ ဒီသူတွေအကြောင်းကို သိဖို့နေနေသာသာ ဒီနာမည်တွေကို သူတို့ ကြားတောင်မှ ကြားဖူးကြရဲ့လား။ သူတို့ရဲ့ မိဘတွေကရော ကလေးတွေကို မြန်မာ့သမိုင်းကြောင်းတွေကို တခုတ်တရ ပြောပြကြဖို့ သတိရပါ့မလား။

သမိုင်းဆိုတာက အလှမ်းဝေးပါသေးတယ်လေ။ စာပေတွေနဲ့ ပတ်သက်လို့ စဉ်းစားကြည့်ရင်ရော။ သူတို့လေးတွေ အနေနဲ့ ကဗျာ၊ ပြဇာတ်၊ ၀တ္ထုဇာတ်လမ်းစတဲ့ အပြင်စာပေတွေကို ဖတ်ရှုတတ်လာကြပြီဆိုရင် ရာဘင်တရာ နတ်တဂိုး (Rabindranath Tagore)၊ ရှိတ်စပီးယား (Shakespeare)၊ မတ်တွိန်း (Mark Twain)၊ အော်စကာဝိုင်း (Oscar Wilde)၊ လီယိုတော်စတွိုင်း (
Leo Tolstoy)၊ ဗာဂျီးနီးယားဝုဖ် (Virginia Woolf)၊ ဂျွန်ရပ်စကင်း (John Ruskin) စတဲ့ ကမ္ဘာကျော် စာရေးဆရာ၊ ဆရာမကြီးတွေရဲ့ စာတွေ၊ ကဗျာတွေကိုပဲ ဖတ်ကြတော့မှာလား။ အဲဒီစာရေးဆရာကြီးတွေရဲ့ အကြောင်းတွေကိုပဲ စိတ်ဝင်တစား လေ့လာကြမှာလား။

ကျွန်မတို့ မြန်မာပြည်မှာ ဟိုးရှေးမဆွကတည်းက ပေါ်ပေါက်ခဲ့ကြတဲ့ “ရှင်မဟာရဋ္ဌသာရ”“ရှင်မဟာသီလ၀ံသ”“ရှင်ဥတ္တမကျော်”“စလေဦးပုည” စသူတို့လို က၀ိအကျော်အမော်တွေရဲ့ စာပေတွေက စလို့ “ဆရာကြီးသခင်ကိုယ်တော်မှိုင်း”ရဲ့ ဒွေးချိုး၊ လေးချိုးကြီးတွေအပါအ၀င်၊ ခေတ်စမ်းစာပေမှာ အဦးဆုံးလို့ ပြောလို့ရတဲ့ “သိပ္ပံမောင်ဝ”ရဲ့ စာပေတွေအပြင် နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ထူးချွန်ပြောင်မြောက်တဲ့ စာရေးဆရာကြီးများဖြစ်တဲ့ “မြသန်းတင့်” “ဒဂုန်ရွှေမျှား” “ရွှေဥဒေါင်း” “ချစ်ဦးညို” “တက္ကသိုလ်ဘုန်းနိုင်”စာရေးဆရာမတွေထဲက ဆိုရင်လည်း “ဂျာနယ်ကျော်မမလေး”“ခင်နှင်းယု”“ခင်ဆွေဦး” “ကြည်အေး” “ဂျူး” စသည်ဖြင့်ပေါ့လေ။ ထိုမြန်မာစာရေးဆရာ၊ ဆရာမကြီးတွေရဲ့ စာပေတွေကိုရော သူတို့တွေ တပုဒ်ဖြစ်စေ၊ တစ်အုပ်ဖြစ်စေသော်မှ မြည်းစမ်းကြည့်ဖြစ်ကြပါ့မလား။ သိပ်ကိုမြန်မာဆန်ပြီး သိပ်ချစ်စရာကောင်းတဲ့ “ဇော်ဂျီ” “မင်းသုဝဏ်” “တင်မိုး” “နုယဉ်” “ငွေတာရီ”တို့ရဲ့ ကဗျာတွေကိုရော တစ်ကြောင်းဖြစ်စေ၊ တစ်ပိုဒ်ဖြစ်စေ သူတို့ ရွတ်ဆိုကြည့်ကြပါ့မလား။

အဲဒီလို အဲဒီလိုနဲ့ ကျွန်မဟာ အတွေးတွေ နယ်ချဲ့ပြီး ပူပင်သောက စိုးရိမ်ဗျာပါဒတွေ ကြီးစွာနဲ့ စဉ်းစားတွေးတောပြီးသကာလမှာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်။ “ဟုတ်ပြီ… သူတို့လေးတွေ မြန်မာပြည်၊ မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာ့စာပေကို ချစ်မြတ်နိုးတတ်၊ စိတ်ဝင်စားတတ်လာအောင် ဒီလိုလုပ်ပေးခွင့်လေးရနေတုန်းမှာ ငါလုပ်ပေးနိုင်သရွေ့လေး ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် အားထုတ်ပြီး သူတို့ကို စည်းရုံးရမယ်” ဆိုပြီး ခါချဉ်ကောင်မာန်ကြီး တောင်ကြီးဖြိုမယ့်ဟန်နဲ့ အားကြိုးမာန်တက်နဲ့ သင်ကြားရေးကို စတင်လိုက်တဲ့ကျွန်မဟာ အပေါ်ကမေးခွန်းမျိုးလောက်နဲ့တင် ချွေးပြန်သွားခဲ့ပါတယ်။ မြန်မာစာဆိုတာ စိတ်ဝင်စားစရာကောင်းလှသလို သင်ယူဖို့ခက်ခဲနက်နဲတဲ့ စာလို့လဲ ခံစားမိလာပါတယ်။ တဆက်တည်းမှာပဲ ကိုယ့်ကို ကကြီး၊ ခခွေး ၀ိုင်းအောင်ရေးတတ်ဖို့ သင်ပေးခဲ့တဲ့ ငယ်ငယ်တုန်းကဆရာ၊ ဆရာမတွေကိုလည်း သတိတရ ကျေးဇူးတင်လိုက်မိပါရဲ့။

တကယ်တော့ ကျွန်မဆိုတာက ဒီနိုင်ငံမှာ အလုပ်လုပ်နေတုန်းအချိန်မှာ ကျွန်မရထားတဲ့ ကိုယ်ပိုင်အချိန်လေးဖြစ်တဲ့ စနေ၊ တနင်္ဂနွေရုံးပိတ်ရက် (၂)ရက်ထဲကနေ အချိန်လေး နဲနဲဖဲ့ပြီး ပရဟိတ အလုပ်လေး တစ်ခုခု လုပ်ပေးချင်တဲ့ စိတ်ကြောင့်ရယ်၊ ကလေးတွေကို ချစ်တာ၊ ကလေးတွေကို စာသင်ပေးရတာကို ၀ါသနာပါတာက တစ်ကြောင်းရယ်ကြောင့်သာ လုပ်အားပေးဆရာမအဖြစ် ၀င်လုပ်ခဲ့တဲ့သူလေ။ ပြီးတော့ ကျွန်မတို့တွေတုန်းက မြန်မာစာကိုလည်း (၁၀)တန်း အထိပဲ သင်ယူခဲ့ရတာ ဆိုတော့ နောက်ပိုင်းမှာလည်း မြန်မာစာနဲ့ ပတ်သက်လို့ နှိုက်နှိုက်ချွတ်ချွတ် ထဲထဲဝင်ဝင် နက်နက်နဲနဲ ဆက်မလေ့လာဖြစ်ခဲ့ဘူးပဲ ဆိုပါတော့။ အဲဒီမှာပဲ ကလေးတွေကို သင်ပုန်းကြီးဖတ်စာ သင်ပေးဖို့ကြိုးစားတဲ့အခါ အဲဒီလိုအခက်အခဲတွေနဲ့ စတွေ့တာပါပဲ။ ကျွန်မကြုံတွေ့ရတာက အပေါ်ကမေးခွန်းတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ ရှိသေးတယ်။

တစ်ခါပေါ့….. “ကြွ” ဆိုတဲ့ စာလုံးကို သင်တဲ့အခါ ကျွန်မက အဲဒီ “ကြွ” ဆိုတဲ့ စကားလုံးက ဘုရား၊ ရဟန်း သံဃာ အစရှိတဲ့သူတွေအတွက် သုံးတဲ့စကားလုံး ဖြစ်ကြောင်း၊ ဥပမာဆိုရင်……ဘုရားရှင် လာတယ်လို့ မသုံးဘူး…“မြတ်စွာဘုရား ကြွ လာတယ်…” “ဆရာတော်ကြီးတွေ၊ ဘုန်းဘုန်းကြီးတွေ ကြွ လာတယ်….” အဲဒီလို စာကြောင်းမျိုးတွေမှာဆိုရင် ဒီ “ကြွ” ကို သုံးရတယ် လို့ ရှင်းပြထားမိပါတယ်။ ဒီလိုနဲ့

မြွေသံလား လေသံလား။

မြွေ သတိထားပါ။

မြွေထိက ဆေးခန်း သွားရမည်။

ဆရာဝန် ကြွ လာပြီ။

ဆိုတဲ့ ဖတ်စာလည်း ရောက်ရော ကျွန်မတပည့် ကလေးလေးက

“ဆရာမ…ဆရာမ ပြောတော့ ကြွ ကို ဘုရားတို့၊ ဘုန်းဘုန်းကြီးတို့ အတွက်ပဲ သုံးတာဆို…အခု ဘာလို့ ဆရာဝန်ကို ကြွ လာပြီလို့ သုံးတာလဲ…” တဲ့လေ။ ကျွန်မ ငယ်ငယ်တုန်းက သူတို့လို စဉ်းစားမိရဲ့လားလို့ တွေးကြည့်မိတယ်။ ဆရာမက ဒါဆို ဒါပဲလို့ မှတ်လိုက်တာ များသလားလို့လေ။

သူတို့လေးတွေရဲ့ ကြံကြံဖန်ဖန်စဉ်းစားတတ်တဲ့ ဥာဏ်ရည်လေးတွေကိုတော့ ကျွန်မ မချီးကျူးပဲ မနေနိုင်ပါဘူး။ တစ်ခါကဆိုရင်လည်း

မိဘဆရာ ရိုသေပါ။

ရိုးရိုးသားသား နေပါ။

သာသာယာယာ စကားဆိုပါ။

အဘိုးအိုကို ကန်တော့ပါ။

ဆိုတဲ့ ဖတ်စာမှာ

“ဆရာမ…. ကန်တော့ ဆိုတဲ့ စကားလုံးမှာ တော့ ဆိုတာပါလို့ တော်သေးတယ်နော်…. တကယ်လို့ တော့ ဆိုတဲ့ စကားလုံးသာ မပါရင် အဘိုးအိုကို ကန်ပါ လို့ ဖြစ်သွားမှာပေါ့နော်….” တဲ့။


အဲဒီလို ပေါက်ပေါက်ရှာရှာလေးတွေကလည်း တွေးတတ်သေးတာပါ။ တစ်နေ့ တစ်နေ့ ဆရာမတွေခမျာမှာလည်း သင်ခန်းစာတွေထဲက အကြောင်းအရာတွေကို သူတို့မျက်စိထဲမှာ ပုံပေါ်လာအောင် သူတို့နားလည်အောင် ဥပမာ၊ ဥပမေယျတွေနဲ့ ရှင်းရတာလည်း လွယ်တော့မလွယ်လှပါဘူး။ သူတို့စိတ်ဝင်စားအောင် ပြောပုံဆိုပုံ ဟန်ပန်မူရာကလည်း လိုသေးတယ်ထင်ပ။ ကျွန်မဆိုရင် ဘယ်လောက်အထိ အပြောအဟော စည်းရုံအားကောင်းသလဲဆိုတာ နမူနာ တစ်ခု ပြောပြရရင်

မိုးလရာသီ

အဘိုးအိုတို့လယ်တဲ

တဲကလေး မိုးယို နေသလား။

ကူညီ၍ မိုးပေးပါ။

ဆိုတဲ့ ဖတ်စာကို သင်တော့ “ဆရာမ မိုးယိုတယ်ဆိုတာ ဘာလဲ” တဲ့။ ကျွန်မကလည်း ဒီလိုစိတ်ဝင်တစားမေးလာတဲ့အခါ အဖြေကို ပေးဖို့ အားကြိုးမာန်တက်နဲ့ပေါ့

“သမီးလေးရေ မိုးယိုတယ်ဆိုတာ တဲပေါ်က မိုးထားတဲ့အမိုးက မလုံပဲ ပေါက်ပြဲနေတဲ့ အတွက် မိုးရေတွေက အဲဒီအပေါက်အပြဲတွေကတဆင့် ယိုကျတာကို ခေါ်တာလေ။ ဘာလို့ အမိုးတွေက ပေါက်ပြဲရတာလဲဆိုတော့ ဒီတဲလေးရဲ့ အမိုးက ကွန်ကရစ်တွေနဲ့ ဆောက်လုပ်ထားတာမျိုး မဟုတ်ဘူးလေ။ ယာထဲမှာ ခဏနေဖို့အတွက် သက်ကယ်ပျစ်တွေနဲ့မိုးထားတာ။ သက်ကယ်ဆိုတာက ဘယ်ကရတာ…ဘယ်လို ပုံစံရှိတာ.....” စသည်ဖြင့်ပေါ့လေ… ဟန်အပြည့် မာန်အပြည့်နဲ့ ရှင်းပြလိုက်တာပေါ့။

ကလေးကလည်း ကျွန်မကို ပြူးပြူးလေးနဲ့ ငြိမ်ပြီး စိုက်ကြည့်နေတာဆိုတော ကျွန်မကလည်း ငါတော့ ဟန်ကျပြီပေါ့ ကလေးက ငါပြောတာကို စိတ်ဝင်တစားနားထောင်နေရှာသား ဆိုပြီး ပီတိတွေဖြစ်မယ်ကြံရုံ ရှိသေး ကျွန်မ စကားမဆုံးခင်မှာပဲ ကလေးက ပြောချလိုက်တာက “ဆရာမ ဆရာမ ပြီးခဲ့တဲ့ တစ်ပတ်ကလေ သမီးမေမေ i-phone ၀ယ်လိုက်တယ် သိလား…” တဲ့လေ။ “သြော်….အေးအေး….” ကျွန်မမှာ ရှေ့ဆက်ပြီးတော့ပဲ ရှင်းပြရတော့မလို ရပ်လိုက်ရတော့မလိုနဲ့လေ။


ဒီလိုနဲ့ တစတစဆိုသလို ကျွန်မရဲ့ တောင်ကြီးဖြိုမယ့် မာန်တွေလည်း တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ လျော့ကျကုန်ရပြီး
ကဲပါလေ…. ဘာမှမတတ်တာ၊ မသိတာထက်စာရင် ကကြီးကနေ အအထိပဲ တတ်ဦးတော့၊ ဘယ်လိုအခက်အခဲတွေပဲ ကြုံတွေရစေဦး အနဲဆုံး သင်ပုန်းကြီးဖတ်စာလောက်ကိုပဲ သူတို့လေးတွေ ကျေကျေညက်ညက် ဖတ်တတ်အောင် သင်ပေးနိုင်ပြီဆိုရင်ကိုပဲ တော်လှပါပြီလေ ဆိုပြီး ကျွန်မရဲ့ ရှိသမျှမာန်တွေကို လျှော့ချလိုက်ရပါလေတော့တယ်။

အင်ကြင်းသန့်
source........ အင်ကြင်းသန့်

No comments:

Post a Comment