Friday, January 13, 2012

မစာဥ

ပန်းသာ မစာဥ

အင်္ဂလိပ် စာရေးဆရာကျော်ကြီး သောမတ်စ်ဟာဒီ၏ တက်စ် ခေါ် စာအုပ်ကို သခင်ဘသောင်း ဘာသာပြန်သော ပန်းသာမစာဥ -ပထမတွဲနှင့် ဒုတိယတွဲ နှစ်အုပ်တို့ကို စာရေးဆရာ ရွှေပြည်စိုး ခေါ် မိုးနက်ကြီးက ၀ယ်ပြီး မောင်လူအေးတို့အား လက်ဆောင်ပေးသဖြင့် မောင်လူအေးတို့ ဇနီးမောင်နှံမှာ များစွာ ၀မ်းမြောက်ကြကုန်၏။ စစ်ကြီးအတွင်း ပိုက်ဆံကုန် သက်သာသောကြောင့် တစ်ကြောင်း၊ ကောင်းသည်ဟူ၍ ကျော်ကြားနေသော စာအုပ်ဖြစ်သောကြောင့်လည်း တစ်ကြောင်း ဖြစ်လေသည်။

မောင်လူအေးနှင့် ခင်သန်းမြင့်တို့သည် သူ အရင် ဖတ်မည်၊ ငါ အရင် ဖတ်မည် ဟူ၍ အဝေမတည့် ဖြစ်နေကြကုန်၏။ နောက်ဆုံးတွင် နှစ်ဦးသဘောတူ မဲချကြလေသည်။ မောင်လူအေးက “အောင်ဘာလေ” ရသောကြောင့် အရင်ဖတ်ရလေသည်။ ပန်းသာမစာဥကို စွဲနေသောကြောင့် နံနက် သုံးနာရီ တီးမှ အိပ်ရာထဲ ၀င်လေသည်။ အိပ်ရာထဲ ရောက်သော်လည်း သူ၏စိတ်ထဲတွင် စာအုပ်၏ အရသာကို ခံစားနေသောကြောင့် တော်တော်နှင့် အိပ်မပျော်နိုင်။

နောက်တစ်နေ့နံနက် ကော်ဖီသောက်ပြီးသည်နှင့် တစ်ပြိုင်နက် ထိုစာအုပ်ကို ခင်သန်းမြင့် ကိုင်လေတော့၏။ တစ်နေ့လုံး မည်သည့်အလုပ်ကိုမျှ မလုပ်နိုင်။ ထိုစာအုပ် နှစ်အုပ်နှင့်သာ အချိန်ကုန်လေသည်။ ဒုတိယပိုင်းကို ဖတ်၍ပြီးသောအခါကျမှ အခြားလုပ်စရာရှိသည်များကို လုပ်နိုင်လေသည်။ မောင်လူအေး ရုံးက ပြန်လာသောအခါ နှစ်ယောက်သား စာအုပ်အကြောင်း စားမြုံ့ပြန်ကြကုန်၏။

မောင်လူအေးတို့ ပြောနေကြသော စကားကို ကြားရသော ခင်သန်းမြင့်၏ ဖခင်က “သည်လောက်တောင်ပဲလားကွယ်” ဟု ဆိုလေသည်။ မောင်လူအေးနှင့် ခင်သန်းမြင့်တို့က ထိုစာအုပ်ကို ဖတ်ရန် တိုက်တွန်းကြ၏။ ခင်သန်းမြင့်၏ ဖခင်ကား အသက်ငါးဆယ်ကျော်ပြီး ကျမ်းဂန်နှင့်ဆိုင်ရာ စာပေများ၌သာ မွေ့လျော်၏။ ကာလပေါ် ဝတ္ထုများကိုကား ဖတ်လေ့မရှိ။ သို့သော် မောင်လူအေးတို့က တိုက်တွန်းလှသောကြောင့်သာ အားတုံ့အားနာနှင့် ပထမတွဲကို ယူ၍ ဖတ်လေသည်။

စာအုပ်ကို စ၍ ဖတ်မိသည်နှင့် တစ်ပြိုင်နက် မလွှတ်နိုင်တော့ပြီ။ ထမင်းစားချိန်ကျ၍ သူတကာ ထမင်းစားဆင်းကြသောအခါပင် နေရာမှ မထနိုင်သေး။ အားလုံးက စောင့်နေ၍ အတန်ကြာမှ စာအုပ်ကိုချကာ ထမင်းစားခန်းသို့ ဆင်းလာလေသည်။ ထမင်းစားပွဲတင်လည်း ထမင်းကို ခပ်သုတ်သုတ်စားပြီးလျှင် အိမ်ပေါ်ပြန်တက်ကာ မစာဥကို ဆက်ဖတ်ပြန်၏။

ခင်သန်းမြင့်တို့ ထမင်းစားသောက်ပြီး၍ အိမ်ပေါ်သို့ တက်လာကြပြီးနောက် သစ်တော်သီးများကို ခွဲစိတ်ကာ ပန်းကန်ပြားတစ်ချပ်တွင်ထည့်၍ သူတို့ဖခင် စာဖတ်နေရာ စားပွဲပေါ်တွင် လာ၍ချလေသည်။ အညှီရှိလျှင် ယင်အုံသည် ဆိုသော စကားကဲ့သို့ အစားရှိလျှင် မောင်လူမွှေး ရောက်လာလေ့ရှိသည့်အတိုင်း မောင်လူမွှေးသည် သူ၏ဘိုးအေ ရှိရာသို့ ပြေးသွား၏။ သူ့အား ပေါင်ပေါ်တင်ပြီးလျှင် သစ်တော်သီး တစ်စိတ်ကို ပေး၏။ ထိုနောက် ဝတ္ထုကို ဆက်လက်၍ ဖတ်နေပြန်လေသည်။ ခါတိုင်းကဲ့သို့ မြေးကလေးအား ချော့ခြင်းကိုလည်း မပြုနိုင်။ သစ်တော်သီးကိုလည်း မစားနိုင်။

ကောင်ကလေးကား အဘိုးပေးသော သစ်တော်သီးတစ်စိတ်ကို ခဏနှင့်ကုန်အောင် စားလိုက်ပြီးလျှင် နောက်တစ်စိတ်ကို ပန်းကန်ထဲမှ အသာနှိုက်ယူကာ စားပြန်၏။ သူ့ဘိုးအေ မသိ။ ဝတ္ထု စွဲနေလေသည်။ ကောင်ကလေးကား အပျော်ကြီး ပျော်နေလေပြီ။ သစ်တော်သီးများကို တစ်စိတ်ပြီးလျှင် တစ်စိတ် ၀ါး၍ နေ၏။

ဤအခြင်းအရာကို မြင်သော မောင်လူအေးနှင့် ခင်သန်းမြင့်တို့သည် လက်တို့ကာ ပြုံးနေကြလေသတည်း။

သိပ္ပံမောင်ဝ
[ဂန္တလောက၊ နိုဝင်ဘာ ၁၉၃၉]

No comments:

Post a Comment