Saturday, February 18, 2012

ကလေး နဲ့ စာပေ


ကလေး နဲ့ စာပေ

အလိမ္မာစာမှာရှိဆိုတဲ့ ဆိုရိုးဟာ လူတွေ ယဉ်ကျေးလိမ်မာဖို့ စာဖတ်ကြရမယ် ဆိုတာကို သတိပေးထားတာပါပဲ။ ဒါကြောင့် ခေတ်တခေတ် အတွက် သမိုင်းကြောင်းတခု အတွက် အရေးပါလှတဲ့ ကလေးတွေရဲ့ အခြေခံပညာရေးမှာ စာရိတ္တ ပြုပြင် မွမ်းမံရေး နဲ့ ကိုယ်ကျင့်တရား ထိမ်းသိမ်းရေးတွေကို အရေးပါတဲ့ သင်ခန်းစာတွေအနေနဲ့ ထည့်သွင်းကြရ ပါတယ်။

နိုင်ငံတကာ ပညာရေး သင်ရိုးတွေကို လေ့လာရင် အဲဒီ ရည်ရွယ်ချက်တွေ အနည်း နဲ့ အများ ပါနေတာကို တွေ့ရပါတယ်။ ဒါထက်ပိုပြီး သတိပြု အတုယူစရာ ကောင်းတာကတော့ ကလေးစာပေကဏ္ဍပဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ကလေးတွေနဲ့ ပတ်သက်ပြီး ပျိုးထောင်ရာမှာ စာသင်ခန်းမှာတင် မကဘဲ စာသင်ခန်းပြင်ပမှာပါ ကလေးတွေရဲ့ သိမှုစွမ်းရည် (Intelligent Quient) နဲ့ ခံစားနိုင်မှုစွမ်းရည် (Emotional Intelligent)တွေ မြင့်မားဖို့ကို ဦးတည်တဲ့ ပတ်ဝန်းကျင်မျိုးတွေ ဖန်တီးပေးထားတာ တွေ့ရပါတယ်။

အဲဒီမှာ စာအုပ်စာပေသာမက ရုပ်မြင်သံကြား ဖျော်ဖြေရေး အစီအစဉ်တွေကိုပါ ကလေးတွေအတွက် အထူးဂရုတစိုက်နဲ့ အများကြီး လုပ်ပေးထားပါတယ်။ ဒါဟာ ကလေးတွေအတွက် စာသင်ခန်းမှာတင်မကပဲ သူတို့ရဲ့ ပတ်ဝန်းကျင်မှာလည်း အများကြီး သင်ယူလို့ရအောင် စီစဉ်ပေးထားတာပါပဲ။

အိမ်မှာ ရုပ်မြင်သံကြား ကြည့်ရင်း ရုပ်မြင်သံကြား အစီအစဉ်တွေကနေတဆင့် ကလေးတွေ သိသင့် သိထိုက်တာ မှန်သမျှကို ကရင်း ခုန်ရင်း နဲ့ရော၊ ကစားရင်း အရုပ်ရေးရင်း နဲ့ရော၊ ကာတွန်းရုပ်ရှင် ကြည့်ရင်း နဲ့ရော သင်ယူလို့ ရကြပါတယ်။ ကလေးတွေရဲ့ မိသားစုဝင်တွေ၊ ပတ်ဝန်းကျင်က သစ်သီးဝလံတွေ၊ ခွေး၊ ကြောင်၊ လိပ်ပြာ စတဲ့ တိရစ္ဆာန်တွေ၊ ဘီဒို၊ စားပွဲ၊ နာရီ စတဲ့ အိမ်သုံးပစ္စည်းတွေရဲ့ နာမည်တွေနဲ့အတူ ကလေးတွေနဲ့ ဘယ်လို ဘယ်ပုံ ပတ်သက်သလဲဆိုတာတွေ၊ ဘယ်လိုသုံးရသလဲ ဆိုတာတွေ သင်သွားတာများ လူကြီးတွေကိုတောင် စိတ်ဝင်စား မိစေပါတယ်။

ကလေးပညာရေးကဏ္ဍမှာ နာမည်ကျော်လှတဲ့ သြစတေးလျနိုင်ငံကတော့ ကလေး စာပေတင်မကဘဲ ကလေးရုပ်မြင်သံကြားလိုင်းကို သီးသန့်ထားပေးပြီး ကလေးဆိုင်ရာ ပညာရှင်တွေက တာဝန်ယူ စီစဉ်ပြီးတော့ ထုတ်လွှင့်ပါတယ်။ ကလေးကစားစရာ ကိုတောင်မှ သေချာ စမ်းသပ် စီစဉ်ပြီးမှ ကလေးဥာဏ်ရည် ဖွံ့ဖြိုးဖို့ အားပေးပြီး ကလေးအတွက် အန္တရာယ် ကင်းတဲ့ ကစားစရာမျိုးကိုပဲ တီထွင်ပြီး ထုတ်တာပါ။ အများအားဖြင့်တော့ နိုင်ငံတကာမှာက မျက်မှောက်ခေတ်အတွက် အရေးတကြီး လုပ်ရမယ့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဟာ ကလေး တွေကို ဘက်စုံဖွံ့ဖြိုးအောင် မွေးဖို့ပဲလို့ နားလည်ပြီး အားတက်သရော လုပ်နေကြတာပါ။

ထိုင်းနိုင်ငံမှာကျတော့ ကလေးတွေရဲ့ ပညာရေးနဲ့ စာပေကဏ္ဍမှာ ထိုင်းရိုးရာ ယဉ်ကျေးမှုအခြေခံတဲ့ ပုံပြင်တွေ ကာတွန်းတွေနဲ့ နိုင်ငံတကာ ကလေးစာပေတွေကို ထိုင်းဘာသာနဲ့ ပြန်ဆိုထားတဲ့ ကလေးစာပေတွေ အများကြီးရှိတာတွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ကလေးစာပေသီးသန့်ရောင်းတဲ့ စာအုပ်ဆိုင် တွေတောင်ရှိတာပါ။ ပြီးတော့ ရုပ်မြင်သံကြား အစီအစဉ်တွေကလဲ ကလေးပညာပေးကဏ္ဍတွေ နေ့တိုင်းလွှင့်ပေးပြီး သူတို့ရဲ့ နူးညံ့သိမ်မွေ့ တဲ့ ဓလေ့နဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖေါ်ထုတ်တဲ့ အကြောင်းအရာတွေ များပါတယ်။ အဲဒါကြောင့်ပဲ ရုပ်ဝတ္ထုထွန်းကားတဲ့ခေတ်ထဲမှာ ထိုင်းလူမျိုးတွေဟာ အတုယူစရာ ကောင်း လောက်အောင် စိတ်နှလုံးနူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ အမူအယာတွေ ရှိနေသေးတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာကတော့ ကလေးအစီအစဉ်နည်းပါးလှပြီး အချိန်ပေးတာလည်း နည်းလှပါတယ်။ ပြီးတော့ တင်ဆက်ထားတာတွေကလည်း အဟောင်းတွေကိုပဲ ထပ်ပြန်တလဲလဲ ပြတာမို့ ကလေးတွေက စိတ်မ၀င်စားတော့ပါဘူး။ ကလေးတွေ စွဲမက် လောက်စရာ အကြောင်းအရာ ဗဟုသုတလည်း မပါဘဲ ခေတ်လည်း မမီတော့တဲ့ ညောင်ပင် တစ္ဆေ လို ကစားနည်းမျိုးကို ပြတာမို့ ကလေးတွေအတွက် အကျိုး မရှိလှပါဘူး။ ကလေးတွေ အတွက် မြ၀တီရုပ်မြင်သံကြားက အမေးကမ္ဘာလို အစီအစဉ်မျိုး လုပ်ပေးတော့လဲ ကလေးတွေ အတွက် အကျိုးမရှိတဲ့ ၊ သရုပ်ဆောင်နာမည်တွေ၊ အာဏာပိုင်တွေ ၀ါဒဖြန့်တဲ့ လမ်းဖောက် တံတားဆောက် မေးခွန်းတွေ ကြော်ငြာကုန်ပစ္စည်း နာမည်တွေ၊ မေးတာမို့ အကျိုးမရှိတဲ့အပြင် ကလေးတွေကို လမ်းလွဲအတုယူ သွားစေတဲ့ အစီအစဉ်ပါပဲ။

မြန်မာနိုင်ငံဟာ ကလေးပညာရေး အတွက် စာအုပ်စာပေ မထွန်းကားရတဲ့အထဲ ပျံ့နှံ့လွယ်တဲ့ ရုပ်မြင်သံကြားအစီအစဉ်ကတောင် အဆိပ်အတောက် ဖြစ်နေတဲ့အတွက် ကလေးတွေရဲ့ အနာဂတ်အတွက် အားရစရာ မရှိပါဘူး၊၊

ကလေးတွေအတွက် စံပြဖြစ်စရာ အကြောင်းအရာတွေအများ ကြီးပါတဲ့ ကလေးစာပေ တွေ အများဆုံး ထွက်တာကတော့ ဂျပန်နိုင်ငံပါ။ ဂျပန်နိုင်ငံဟာလဲ ရုပ်မြင်သံကြားမှာ ကလေးအစီအစဉ်ကို သီးခြား တစ်လိုင်း ပေးထားတာပါ၊ ကလေးစာပေတွေရော ရုပ်မြင်သံကြား အစီအစဉ်တွေရောကို သူတို့ လူမျိုး၊ ဘာသာ၊ ဓလေ့ ထုံးစံ နဲ့ ကိုက်ညီတဲ့ ဇာတ်လမ်းတွေ အဖြစ်အပျက်တွေနဲ့ ဖန်တီးထားတာမို့ ကလေးတွေနဲ့ သင့်တော်လှပါတယ်။

ပြီးတော့ ကလေးတွေရဲ့ စာဖတ်တဲ့ အလေ့အထကို ပျိုးထောင်ပေးတဲ့အနေနဲ့ မူလတန်းမှာကတည်းက အတန်း အချိန်ဇယားထဲမှာ စာကြည့်တိုက်အချိန်လို့ ထည့်ထားပါတယ်။ ကလေးစာပေ ထွန်းကားဖို့ အတွက် အစိုးရကိုယ်တိုင်က အများကြီး ပံ့ပိုးပေးထားပါတယ်။ ဒါကြောင့်ပဲ ဂျပန်နိုင်ငံဟာ ပညာရှင်တွေ အများကြီး မွေးထုတ်နိုင်တာလို့ ထင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကျမတို့ငယ်စဉ်က တေဇရုပ်စုံ၊ ရွှေသွေး၊ ရွှင်ပြုံးတို့လို ဂျာနယ်တွေ အမျိုးမျိုးရှိသလို ပုံပြင်စာအုပ်တွေ ၅၅၀ဇာတ်တော် အခြေခံ ရုပ်စုံစာအုပ်တွေ၊ ကလေးကာတွန်း လုံးချင်းတွေ၊ ကလေးကဗျာစာအုပ်တွေ ရှိခဲ့ပါတယ်။

အထူးသဖြင့် ရွှေသွေးတို့ တေဇတို့ မိုးသောက်ပန်းတို့ဟာ ကလေးတွေအတွက် လူမှုရေး ပညာရေးတွေနဲ့ ဆိုင်တဲ့ အတုယူ လိုက်နာစရာတွေ အများကြီးပေးနိုင်တဲ့ စာစောင်တွေပါ။ ၈၈အရေးတော်ပုံ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍနဲ့အတူ ကလေးစာပေ ကဏ္ဍ ဟာလည်း ယိုယွင်းပျက်စီးတဲ့ လှိုင်းထဲ ပါကုန် ပါတယ်။

နောက်တော့ စာအုပ်ဈေးတွေ ထိုးတက်သွားတာနဲ့အတူ စားဝတ်နေရေး အကျပ် အတည်းကြောင့် ပြည်သူလူထုအနေနဲ့ စာအုပ်စာပေအတွက် ငွေကုန် မခံနိုင်ကြတော့တဲ့ အခြေအနေကို ရောက်လာပါတယ်။ အထူးသဖြင့် ၈၈နောက်ပိုင်း အာဏာပိုင်တွေက ကလေးတွေရဲ့ ပညာရေးနဲ့ ကလေးတွေရဲ့ ဘက်စုံဖွံ့ဖြိုးရေးကို အားမပေးတာကြောင့် ကလေးစာပေတွေ ကလေးအစီအစဉ်တွေဟာ မရှိတော့သလောက် ဖြစ်လာပါတယ်။

အဲဒီအခါ ကလေးတွေကလည်း မဖြစ်မနေ ဖတ်ကြရမယ့် ကျောင်းစာအုပ်ကလွဲရင် တခြား အပြင်စာ မဖတ်ကြ တော့တဲ့ အခြေအနေ ဖြစ်လာပါတယ်။ ၁၉၉၂ နောက်ပိုင်းမှာတော့ ပူတူတူးလေး၊ ပလုတ်တုတ်၊ ရွှေသွေး၊ တတိုင်းမွှေး တို့လို ကလေးစာအုပ်တွေ ကာတွန်းရုပ်စုံတွေ ပုံပြင်စာအုပ်တွေ ထွက်လာပါတယ်။

အဲဒီမှာ ကလေးဟာသတွေ တွေ့ရပေမဲ့ များသောအားဖြင့် ရယ်စရာဖြစ်အောင် အတင်းဇွတ် ဖန်တီး ထားတာ တွေသာ များပြီးတော့ ကလေးတွေ အတုယူစရာ ဘ၀ အတွေ့ အကြုံတွေ၊ ဗဟုသုတပေးတဲ့ အသိပညာ အတတ် ပညာတွေ၊ တိုင်းရင်းသားလူမျိုးစု အကြောင်းတွေနဲ့ သက်ဆိုင်ရာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ထည့်ပေး တာမျိုး မတွေ့ရ သလောက် ပါပဲ။

၂၀၀၅ခုနှစ်ထဲမှာတော့ အကျိုးအမြတ် မကြည့်တဲ့ စာပေတိုက်တချို့ကြောင့် အင်္ဂလိပ်စာ လေ့ကျင့်သင်ခန်းစာတို့၊ ကိုယ်ကျင့်တရားတန်ဖိုးကို ဦးတည်တဲ့ ပုံပြင်စာအုပ် တို့လို ကလေးစာပေကောင်းတွေ တော်တော် ထွက်လာ ပါတယ်။ ဒါဟာ ကိုယ့်သားသမီးကို မြင့်မြတ်တဲ့စိတ်ထား ရှိစေချင်တဲ့ လိမ်မာရေးခြားရှိစေချင်တဲ့ မိဘတွေ အတွက်တော့ အခွင့်ကောင်း တစ်ခုပါပဲ။

ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ ခေတ်အခြေအနေအရ စာအုပ်ဈေးကြီးပေမဲ့ ကလေးစာပေ စစ်စစ်ဟာ ကလေးတွေ ရဲ့ ဘ၀နဲ့ ပညာရည် ဖွံ့ဖြိုးဖို့အတွက် အားဆေးတစ်မျိုး ဖြစ်တာမို့ ကလေးတွေ စာဖတ်ခွင့်ရအောင် စီစဉ်ပေးဖို့ဟာ မိဘတွေအနေနဲ့ သမိုင်းပေး တာဝန် တစ်ရပ်လို တာဝန် ကျေကြရမှာ ဖြစ်ပါတယ်။

မေငြိမ်း

ဖွံ့ဖြိုးမှုနှေးကွေးလာတဲ့ ကလေးစာပေလောက

လမ်းဘေးစာအုပ်ဆိုင်မှ စာအုပ်ရောင်းချသူတစ်ဦး ကလေးစာအုပ် ဟောင်းများကို ပြသနေစဉ်။ဒီလိုဆိုင်တွေမှာလည်း ကလေးစာအုပ် တွေ တဖြည်းဖြည်း ရှားပါးလာတယ်လို့ သိရပါတယ်။

ကလေးများ ဖတ်စရာစာအုပ်များဟာ လတ်တလော စာပေလောကမှာ အရေအတွက်အားဖြင့် ထုတ်ဝေမှုနည်းနေသေးတဲ့အပြင်အရည်အသွေး အားဖြင့် လည်း ကျဆင်းနေခြင်း၊ စာဖတ်ခြင်း အပေါ် ကလေးတွေရဲ့ စိတ်ဝင်စားမှုလျော့နည်းနေခြင်းနဲ့ မိဘတွေရဲ့ပံ့ပိုးမှုမရရှိခြင်းတို့ကြောင့် ကလေး စာပေလောက ဟာ ဖွံ့ဖြိုးမှုနှေးကွေးလာနေတယ်လို့ စာရေး ဆရာတချို့က၊ သုံးသပ်ပါတယ်။

ယခုနှစ် မေလက စင်ကာပူနိုင်ငံမှာ ကျင်းပ ပြုလုပ်တဲ့ အာဆီယံဒေသ တွင်း ကလေးစာပေရေးသားသူ စာရေးဆရာ များနဲ့ သရုပ်ဖော်ရေးဆွဲ သူများညီလာခံကို တက်ရောက်ခဲ့တဲ့ ဘာသာပြန်စာရေးဆရာမ မြနှင်း ဆီက မြန်မာနိုင်ငံရဲ့ ကလေးဦးရေထက်စာရင် လက်ရှိထုတ်ဝေနေတဲ့ စာအုပ်အရေအတွက်က နည်းနေသေးတယ်လို့ ဆိုပါတယ်။

"နိုင်ငံခြားက စာအုပ်ဆိုင်တွေမှာဆို ရင် ကလေးစာအုပ်တွေအတွက် စင်
သပ်သပ်ထားပြီးရောင်းတယ်။ ကိုယ်တောင် လူကြီးဖြစ်ပေမယ့်တင်ထား တဲ့ စာအုပ်တွေကများလွန်းတော့ ဘာယူရမှန်းကို မသိဘူး။ဒီက ကလေး တွေမှာတော့ အဲဒီလို ရွေးချယ်ခွင့်မျိုးမရှိဘူး။ ထုတ်ရင်လည်း အုပ်ရေ တစ်ထောင် လောက်ပဲ ဆိုတော့ မြန်မာနိုင်ငံမှာ ဒီလောက် ကလေးတွေ အများကြီးရှိတာကလေးတစ်ထောင်ပဲဖတ်ရမယ့် သဘောဖြစ်နေတယ်" လို့ သူက ထောက်ပြပြောဆိုပါတယ်။

စာအုပ်ဆိုင်တချို့က နိုင်ငံခြားကနေ ကလေးတွေ ဖတ်နိုင်တဲ့ စာအုပ်တွေ တင်သွင်း ရောင်းချပေမယ့် ကလေးအနည်းစု စာအတွက်ပဲ အထောက်အပံ့ဖြစ်တယ်လို့လည်း ဆိုပါတယ်။

"အဲဒီဆိုင်တွေမှာ အပေါဆုံး စာအုပ် တောင် ကျပ် ၂,၅၀၀ လောက် ရှိတယ်။ တော်ရုံ တန်ရုံ အနေတော် စာအုပ်တွေ ဆို ကျပ် ၇,၀၀၀ လောက် ရှိတယ်ဆိုတော့ ကလေးတွေ ကျွန်မတို့ခေတ်တုန်းကလို ကိုယ့်မုန့်ဖိုးနဲ့ကိုယ် စာအုပ်ဝယ်ဖတ်ဖို့ကိုမ၀ယ်နိုင်ကြဘူး။ မုန့်ဖိုးများ များရလို့ ၀ယ်နိုင်တယ်ဆိုရင်တောင် ခုခေတ်မှာ ကလေးတွေက စာဖတ်တာကို သိပ်ဝါသနာမပါကြတော့ဘူး။ သူတို့အတွက် အားလပ် ချိန်ကို အသုံးချဖို့ တခြားရွေးချယ်စရာတွေက အပြိုင်အဆိုင်ရှိနေ တယ်။ ဥပမာ-တီဗီဂိမ်းလိုမျိုးပေါ့" လို့ ဆရာမ မြနှင်းဆီက ပြောပါ တယ်။

တဖြည်းဖြည်းနဲ့ စာဖတ်တဲ့အလေ့ အထက ကလေးတွေကြားထဲမှာ ကွယ် ပျောက်နေတာကို "ကလေးတော်တော် များများကို ကျွန်မ မေးဖူးတယ်။ စာအုပ် ကို ၀ယ်ဖတ်တာလား၊ ငှားဖတ်တာလား၊ မိဘတွေ ၀ယ်ထားတာကို ဖတ်တာလား လို့မေးရင် ၀ယ်ဖတ်တယ် ဆို တဲ့ ကလေးက မရှိသလောက်ပဲ။ တချို့ဆို အမေအဖေက ၀ယ်ထားတာတောင် မဖတ် တော့ဘူး။ စာအုပ်ဖတ်တာကို စိတ်ဝင်စားစရာ တစ်ခုအနေနဲ့တောင် မထင်ကြ တော့ဘူး" လို့ သူ့ရဲ့အတွေ့အကြုံတွေ ကတစ်ဆင့် မြင်တွေ့ရတာတွေကို ပြောပြပါတယ်။

ဒီလိုဖြစ်လာတာတွေရဲ့နောက်ကွယ် မှာရှိလာတဲ့ အကျိုးဆက်တွေက စာအုပ် ကို ခုံခုံမင်မင် မဖတ်တာ၊ စာအုပ်ရဲ့ အနှစ်သာရတွေကို မခံစားတတ်တော့တာလို့ သူက ပြောပါတယ်။ "ကျွန်မခံစားမိတာက စာမဖတ်ဘဲ ကြီးပြင်းလာတဲ့ကလေးတစ်ယောက်က သူ့မှာအနှစ်
သာရတစ်ခု လျော့နေသလိုပဲ" လို့ သူက ပြောပါတယ်။

ခုလို ကလေးစာပေဖွံ့ဖြိုးမှုနှေးကွေး လာဖို့ အဘက်ဘက်က အကြောင်း တရားတွေရှိတဲ့အနက် ၀ယ်လိုအား နည်းလာခြင်းကလည်း အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

"တကယ်ထုတ်ပါပြီတဲ့။ ရောင်းအားကလည်း ထင်သလောက် မရှိပြန်ဘူး။ ဒါကြောင့် ထုတ်ဝေသူတွေက ကလေး စာအုပ်ဆို ထုတ်ဖို့ လက်တွန့်တယ်။ ကာတွန်းတွေ၊ ဘာသာပြန်တွေ တွေ့တယ်။ ဒါတွေက အရေအတွက်အားဖြင့် အရင်ကထက် များလာတယ်။ ဒါပေ မယ့် ကိုယ်ပိုင်ဖန်တီးမှုတွေ အားနည်းလာတာတွေ့ရတယ်"လို့ သူကဆိုပါတယ်။

လုမ္ဗိနီဥယျာဉ်ကျောင်းရဲ့တည်ထောင် သူတစ်ယောက်ဖြစ်တဲ့ စာရေးဆရာ ကိုတာက ကလေးစာပေက အရင်က လောက် မဖွံ့ဖြိုးဘူး ဆိုတာကို သူတို့ ခေတ်နဲ့ နှိုင်းယှဉ်ပြပါတယ်။

"ကျွန်တော်တို့ငယ်ငယ်က ကလေး ဂျာနယ်တွေ ရှိတယ်။ အဲဒီမှာရေးတဲ့သူ တွေဆိုရင် မင်းသုဝဏ်၊ နုယဉ် အဲဒီလို နာမည်ကြီး စာရေး ဆရာကြီးတွေ ၀င် ရေးကြတယ်။ နောက်ပြီး ဟိုတုန်းက ရှုမ၀တို့၊ မြ၀တီတို့လို မဂ္ဂဇင်းတွေမှာ ကလေးဖတ်ဖို့ဆိုတဲ့ ကဏ္ဍလေးတွေပါ တယ်။ ကလေးကဗျာတွေဆိုလည်းဆိုလို့အလွန်ကောင်းတယ်။ နားစွဲလွယ်တယ်။ ကျွန်တော်ဆို ကလေးဘ၀ထဲ ကနေ ခုထိရတဲ့ကဗျာ တွေတောင် ရှိ တယ်။ ကလေးကဗျာဆိုတာ အသံသာ ရတယ်။ ခုခေတ်ရေးတာတွေက ရွတ်လို့ ဆိုလို့မကောင်းဘူး" လို့ဆိုပါတယ်။

ကလေးစာပေက အင်မတန်နူးညံ့ သိမ်မွေ့တဲ့ကလေးတွေ ဖတ်တာမို့ လူကြီးစာပေထက်အရေးကြီးတယ်လို့လည်းပြောသလို ကလေး တွေရဲ့ နေထိုင်မှုဘ၀ပုံစံပြောင်းလဲလာခြင်းကလည်း သူတို့ရဲ့ စာဖတ်တဲ့အလေ့အထကို အားနည်းစေတယ်လို့ ဆိုပါတယ်။

"အရင်က ခုခေတ်လို ကျူရှင်တွေမရှိ ဘူး။ ကျူရှင်မရှိတော့ စာဖတ်ဖို့ အချိန် ရတယ်။ အခုခေတ်ကတော့ ကျူရှင် တွေတက်ရတဲ့အပြင် တီဗီကြည့်တာ တွေ၊ ဂိမ်းကစားတာတွေလည်း ပိုလာတော့ ကလေးတွေက စာသိပ်မဖတ်တော့ဘူး" တဲ့။

ကလေးတွေ စာဖတ်ဖို့မှာ မိဘတွေရဲ့ အားပေးမှုကလည်း အများကြီးလိုအပ်နေပြီး အခုချိန်မှာ မိဘတွေရဲ့ အားပေးမှုက ကျဆင်းလာ တယ်လို့ စာသင် ကျောင်းဖွင့်ထားတဲ့ သူ့အတွေ့အကြုံအရ ကိုတာက ပြောပါတယ်။

"ကျွန်တော်တို့ငယ်ငယ်က မိဘတွေ က စာဖတ်ဖို့ကို အရမ်း အားပေးတယ်။ ကျွန်တော်တို့က ပိုက်ဆံ မရှိပါဘူး။ ဒါပေ မယ့် ကလေး ဂျာနယ်တော့ ပုံမှန်ဖတ် ရတယ်။ ကျွန်တော်တို့ ငယ်ငယ် ကတည်းက သိခဲ့တဲ့စာအုပ်မျိုးတွေက ဒီခေတ်မှာမရှိဘူး" လို့ပြောပါတယ်။
လုမ္ဗိနီကျောင်းအပြင် လုမ္ဗိနီကလေး စာစဉ်တွေကို ထုတ်ဝေခဲ့တာ ခုဆို ၁၅ အုပ်လောက်ရှိပြီဖြစ်ပြီး ကလေးစာစဉ် တွေ ထုတ်ဝေတဲ့ သူတစ်ယောက်အနေနဲ့ သူရဲ့အတွေ့အကြုံကိုလည်း စာရေးဆရာကိုတာက ဒီလိုပြောပြပါတယ်။

"နိုင်ငံတကာက စာအုပ်တွေနဲ့ ကျွန်တော်တို့ဆီက စာအုပ်တွေ နှိုင်းယှဉ်ရင် ကျွန်တော်တို့မှာ လိုအပ်နေတာတွေ အများကြီးပါ။ ကျွန်တော်တို့က ကျောင်းဖွင့်ထားတော့ သတိထားမိတာကကလေးတွေက မြန်မာစာအုပ်နဲ့ အင်္ဂလိပ်စာအုပ်တွေ့ရင် မြန်မာစာအုပ်ကို ကိုင်တောင်မကြည့်ဘူး။ အင်္ဂလိပ်စာအုပ် က စာရွက်သားကောင်းပြီး အရောင်စို တာကိုး။ နိုင်ငံခြားစာအုပ်တွေလို ထုတ် နိုင်ဖို့ ဆိုတာ ကလည်း စရိတ်စကကြီးတယ်။ မိဘတွေကလည်း ၀ယ်မပေးနိုင်တော့ ၀ယ်လိုအား နည်းတယ်။ စာအုပ်ကို ဈေးကြီးတယ်လို့ တွက်ကြ တာကိုး။ ကလေးတွေကလည်း မကောင်းရင် မကြိုက်ဘူး"လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကလေး စာပေဆွေးနွေးပွဲတွေကို ၁၉၆၅ ခုနှစ်မှာ ဒေါက်တာမောင်ဖြူး၊ မင်းသုဝဏ်နဲ့ လူထုဦးလှတို့က စာတမ်းတွေ တင်သွင်းဆွေးနွေးပြီး ၁၉၇၃ခုနှစ်မှာဒုတိယအကြိမ်ဆွေးနွေးပွဲကိုကျင်းပတော့ ဦးအုန်းကျော်၊ ဦးဘကြည်၊ ဒေါ်မြတ်မွန်၊ မင်းယုဝေနဲ့ စာရေးဆရာအချို့က စာတမ်းတွေ တင်သွင်း ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း နှစ်ပေါင်း ၃၇ နီးပါးကြာတဲ့တိုင် ကလေးစာပေ ဆွေးနွေးပွဲကို မကျင်းပဖြစ်တော့ တာမို့ ဒီလိုပွဲမျိုးတွေ ပြန်လည်ကျင်းပပြီး ကလေးစာပေဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်သင့်တယ်လို့ လည်း ကိုတာက ပြောပါတယ်။

ရတနာထွန်း


ကလေးစာပေ သူ့အမေးနှင့် ကျွန်တော့်အဖြေ

မေး - ပြည်တွင်းမှာ လောလောဆယ်မှာ ရနိုင်တဲ့ ကလေးစာပေတွေနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘယ်လို မြင်ပါသလဲ။

ဖြေ – အင်မတန်ဖြေရခက်တဲ့ မေးခွန်းပဲ။ ဘာကြောင့်လဲဆိုတော့ ကလေးစာပေအနေနဲ့ သတ်သတ်မှတ်မှတ် ရေးနေသူက မရှိသလောက်ပါပဲ။ အတိ အကျပြောရင် မရှိဘူးလို့တောင် ဆိုနိုင်တယ်။

ဘာကြောင့်လဲဆိုတော့ ကလေးစာပေလို့ ပြောတဲ့အခါ ဥပမာ Harry Potter လိုမျိုးပေါ့၊ ဒါမှမဟုတ် Charlie and the Chocolate Factory လိုဟာမျိုးတွေ ရေးနေတဲ့သူလည်း မရှိဘူး၊ ထုတ်နေသူတွေလည်း မရှိဘူး။ ပလုတ်တုတ်လို၊ ရွှင်ပြုံးလို၊ ရွှေသွေးလိုဟာတွေပဲ ရှိတယ်။ Literature ဆိုတဲ့ စာပေအနေနဲ့ မရှိဘူး။ ကောမစ် ကာတွန်းတွေအနေနဲ့ပဲ ရှိနေတယ်။ ဒါကြောင့် ကလေးစာပေ မရှိဘူးလို့ ပြောတာပါ။

လိုအပ်နေတဲ့ ကွက်လပ်တစ်ခုပါပဲ။ ကျွန်တော်တို့ ရေးတယ်ဆိုတာလည်း အမှန်က လူကြီးတွေအတွက်ပဲ ဖြစ်နေတယ်။ လောလောဆယ် Teen မဂ္ဂဇင်း၊ ဆယ်ကျော်သက်မဂ္ဂဇင်းမှာ ရေးနေတာတော့ ရှိတယ်ပေါ့။ စာအုပ်အနေနဲ့လည်း အဲဒီ့မဂ္ဂဇင်းတစ်အုပ်ပဲ သတ်သတ်မှတ်မှတ် ရှိတယ်လို့ ပြောနိုင်လိမ့်မယ်။ ဒါတောင်မှ လူကြီးတွေကို ပြောချင်တဲ့ စကားလေးတွေက အမှတ်တမဲ့ ပါပါနေသေးတယ်။ အဖက်ဖက်က အများကြီး လိုပါသေးတယ်။ ဒါ ကလေးစာပေနဲ့ ပတ်သက်လို့ လက်ရှိအနေအထားပါ။

မေး – ထုတ်ဝေမှုပိုင်းရယ်၊ စာရေးဆရာတွေဘက်ကရယ် လိုအပ်နေတယ်လို့ ဆိုလိုတာလား။

ဖြေ - ဟုတ်တယ်။ နှစ်ခုပေါ့။ ရေးသူတွေဘက်ကလည်း မရေးနိုင်ကြသေးသလို ထုတ်ဝေသူတွေဘက်ကလည်း လိုနေတာတွေ ရှိတယ်။ စာအုပ်တိုက်တွေ ဆိုတာက အမြတ်အစွန်း ရချင်လို့ လုပ်ကြတာကိုး။ သည်အခါမှာ လက်ရှိ စာအုပ်တွေ ထုတ်နေကြတဲ့အနေအထားမှာက ရောင်းအားက သိပ်မကောင်းဘူး။ ဖြန့်ချိပုံစနစ်၊ တင်ပို့ပုံစနစ်၊ ကြော်ငြာပုံစနစ် အားလုံးမှာ တို့တစ်တွေ လိုအပ်နေသေးတယ်။ ကျွန်တော်တို့ရဲ့ စာအုပ်ဖြန့်ချိရေး စနစ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀က ဖြန်ချိရေးပုံစံမှာပဲ ကျန်နေသေးတယ်။ အဲတော့ကာ ထုတ်ဝေသူတွေအနေနဲ့ကျတော့ အားရပါးရ ထုတ်ချင်ကြဦးတောင် ထုတ်ဖို့ ခက်နေကြလိမ့်မယ်။ ဒါက ထုတ်ဝေသူတွေရဲ့ အခက်အခဲ။

တို့စာရေးသူတွေဘက်က အခက်အခဲကို ပြောတဲ့အခါ တို့ စာရေးသူတွေမှာကျတော့ ပြောရရင်ကွယ်၊ တို့ သည်ဘက်ခေတ်မှာ စာရေးသူတွေ များပေမယ့် ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်သိတဲ့သူ၊ ကိုယ်သွားမယ့် လမ်းကြောင်းကို ကိုယ်သိတဲ့သူ နည်းများ နေသလားလို့ တစ်ခါတစ်ခါ တွေးမိရတယ်။

မေး – ဆရာဆိုလိုတဲ့သဘောက သည် ကလေးစာပေကို အထူးပြုပြီး ရေးနေတဲ့သူက အရမ်းနည်းနေတယ်လို့ ပြောချင်တာပါလား။

ဖြေ – လုံးလုံးကို မရှိဘူးလို့တောင် ပြောချင်တယ်။ ဟိုအရင်ကမှ ရှိသေးတယ်လို့ ပြောနိုင်မယ်။ အခု တို့ခေတ်မှာကျတော့ ကလေးတွေအတွက် သတ်သတ်မှတ်မှတ် ရည်ရွယ်ပြီး ရေးနေတဲ့ စာရေးသူဆိုတာ လက်ချိုးရေလို့ ရတယ်။ လက်ချိုးရေတောင် လက်တစ်ဖက်က ကောင်းကောင်း မပြည့်ချင်ဘူး။ လူငယ်တွေအတွက် ရည်ရွယ်ပြီး ရေးနေတဲ့သူတွေတော့ ရှိတယ်လို့ ပြောနိုင်ပါတယ်။ လူငယ်တွေအတွက် တစိုက်မတ်မတ် ရေးနေတာ ဆရာတော် ဦးဇောတိက ရှိမယ်၊ လူထု ဦးစိန်ဝင်းရှိမယ်၊ ဒေါက်တာ မတင်ဝင်းရှိမယ်။ အဲဒီ့ ပုဂ္ဂိုလ်ကြီးတွေကတော့ ကလေးတွေ၊ လူငယ်တွေအတွက် တကယ့်စေတနာနဲ့ ရေးနေကြပါတယ်။

ဒါပေမယ့် တကယ့်တကယ်မှာ ကလေးတွေသာ ဖတ်ဖို့ဆိုတဲ့စာ၊ ဆိုလိုတာက ကလေးတွေကို ဘာတွေညာတွေမှ သင်မပေးဘူး၊ သူတို့ကို စာရိတ္တလည်း သင်မပေးဘူး၊ ကိုယ်ကျင့်တရားတွေလည်း သင်မပေးဘူး၊ သူတို့ရဲ့ အသိဉာဏ်လေး နိုးလာဖို့ကို နှိုးပေးရုံလောက်နဲ့ ဖျော်ဖြေရေး သက်သက်ကို ရေးနေတဲ့သူဆိုလို့ တစ်ယောက်ဆို တစ်ယောက်မှ မရှိဘူး။

အခုဟာက ကလေးစာပေလို့ ပြောလိုက်တာနဲ့ တို့ဆီမှာ စိတ္တဇ ခေါက်ရိုးကျိုးနေတာက ဘယ်သူပဲဖြစ်ဖြစ်၊ ကလေးတွေကို တစ်ခုခု သင်ကို သင်ပေးရမယ်လို့ ထင်နေတာ။ အဲဒါကိုက မှားနေတယ်။ Harry Potter ဘာ သင်ပေးလို့လဲ ဘာမှ သင်မပေးဘူး။ ကလေးစာပေဆိုတာဟာ ကလေးတွေကို ဖျော်ဖြေပေးရမယ်။

မေး – ဆရာက ကလေးစာပေကို ဘယ်လိုဟာမျိုးလို့ ယူဆပါသလဲ။

ဖြေ – ပထမဦးဆုံးကတော့ ကလေးစာပေဆိုတာ လှေကားထစ်ပါ။ စာဖတ်ခြင်းကို ဝါသနာပါအောင် လုပ်ပေးတဲ့ လှေကားထစ်ပါ။ စာဖတ်ခြင်းကို စွဲလန်းလာအောင် လုပ်ပေးမယ်၊ ဘာသာစကားရဲ့ အရသာလေး ပေးမယ်။ ပြီးရင် ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းလေးတွေ နိုးလာအောင် လုပ်ပေးမယ်။

ကလေးဆိုတာက စိတ်ကူးစိတ်သန်းလေးတွေနဲ့လေ။ ကလေးတစ်ယောက်အတွက် သစ်သားတုံးလေးတစ်တုံးဟာ တိုက်ကြီးတစ်လုံးလည်း ဖြစ်နိုင်တယ်၊ ကားတစ်စီးလည်း ဖြစ်နိုင်တယ်၊ လူတစ်ယောက်လည်း ဖြစ်နိုင်တယ်။ အဆုံးအစ မရှိဘူး။ သည်တော့ကာ ကလေးရဲ့ စိတ်ကူး ကွန့်မြူးနိုင်တဲ့ အစွမ်းအစတွေ တိုးပွားလာအောင် လုပ်ပေးနိုင်တာဟာ ကလေး စာပေပဲလို့ ကျွန်တော် နားလည်ထားပါတယ်။

မေး – ကလေးစာပေရော၊ ကလေးစာပေ ရေးတဲ့သူရော ပြတ်လပ်မှုက ဘယ်လိုမျိုးကြောင့်လို့ ပြောလို့ရမလဲ။

ဖြေ – အရှင်းဆုံး ဥပမာကတော့ ကိုယ် မစားဖူးတာ၊ ကိုယ်မှ စားရ ကောင်းမှန်း မသိတဲ့အရာတစ်ခုကို သူများကိုလည်း ဘယ် ပြန်ကျွေးတတ်ပါ့မလဲလေ။ ကျွန်တော်တို့တွေမှ ကလေးစာပေနဲ့ ကျကျနနမှ မဆုံခဲ့ဖူးတာ။

တခြားသူတွေတော့ မသိဘူး။ ကျွန်တော်ဆို ဆယ်ကျော်သက်အရွယ်မှာ စံရွှေမြင့်တို့၊ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းတို့၊ မောင်သိန်းဆိုင်တို့၊ တက္ကသိုလ် တင်မြင့်တို့၊ ယုဝတီခင်စိန်လှိုင်တို့ကို ဖတ်ခဲ့ရတာ။ အဲလိုဆိုတော့ ကိုယ်တိုင်မှ ကလေးစာပေကို လှိုင်လှိုင်မဖတ်ဖူးတော့ ဘယ်ရေးနိုင်တော့မလဲ။ အများစုက တကယ့် ကလေးစာပေအစစ်နဲ့ နဖူးတွေ့၊ ဒူးတွေ့ မတွေ့ဖူးတဲ့အတွက် ကလေးစာပေဆိုတာ ဘာမှန်းကို မသိဘူး။ မသိတော့ မရေးတတ်တော့ဘူး။ ဒါကြောင့် ပြတ်လပ်နေတာလို့ပဲ ပြောရမှာပေါ့။

နောက်တစ်ချက်ကတော့ ပိုက်ဆံရှိတဲ့သူတွေမှာက စိတ်ကူးစိတ်သန်းကောင်းတွေ မရှိကြဘူး။ စိတ်ကူးစိတ်သန်းကောင်းတွေ ရှိတဲ့ လူတွေမှာကျတော့လည်း ပိုက်ဆံက မရှိဘူး။ အဲဒီ့ ပြဿနာကြောင့်လည်း ကလေးစာပေတွေ ပြတ်လပ်နေရတာလို့ ပြောနိုင်မယ်ထင်တယ်။

မေး – ကလေးစာပေ ထွန်းကားဖို့ လက်ရှိအနေအထားမှာ အရေးကြီးနေတယ်လို့ ပြောလို့ရမလား။

ဖြေ – ဘယ်အနေအထား၊ ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ်အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ ကလေးတွေပါပဲ။ နိုင်ငံတစ်နိုင်ငံ အဓွန့်ရှည် တည်တံ့ဖို့၊ ထွန်းပေါက်အောင်မြင်ဖို့အတွက်က အဲဒီ့နိုင်ငံက ကလေးတွေရဲ့ ဉာဏ်ရည်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက အခရာပဲ။ ကနေ့ အာရှရဲ့ ကျား လေးကောင်လို့ ခေါ်တဲ့ နိုင်ငံ လေးနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ ရင်ပေါင် တန်းနေနိုင်တာဟာ ၁၉၅၀ပြည့်လွန်နှစ်တွေကတည်းက ကလေးတွေအတွက် တအား ရင်းနှီးမြှုပ်နှံခဲ့ကြလို့ပဲ။ ဒါကို ကျွန်တော် နှစ်ခါ၊ သုံးခါ ရေးဖူးပါတယ်။

အဲတော့ ကလေးစာပေဟာ အချိန်တိုင်းမှာ အရေးကြီးနေတာပဲ။ လက်ရှိ အခြေအနေတစ်ခုတည်းမှာတင် မဟုတ်ဘူး၊ အချိန်တိုင်းမှာ အရေးကြီးတယ်။ စာဖတ်တဲ့ ကလေးတစ်ယောက်မှ စာဖတ်တဲ့ လူကြီးတစ်ယောက် ဖြစ်လာမယ်။ စာဖတ်ခြင်းဟာ ပြည့်ဝစေတယ်ဆိုတဲ့ စကားရှိတယ်။ ကြွယ်ဝ စေတာပေါ့လေ။ အဲတော့ ကလေးစာပေကြောင့် ကလေးတွေ စာဖတ်ရင် အသိဉာဏ်ကြွယ်ဝတဲ့ လူကြီးတွေ ဖြစ်လာမှာပဲပေါ့။ အသိဉာဏ်ကြွယ်ဝတဲ့ လူကြီးမှသာ နိုင်ငံတစ်နိုင်ငံကို အဓွန့်ရှည်အောင်၊ အောင်မြင် ထွန်းပေါက်အောက် ပခုံးပြောင်း တာဝန်ယူနိုင်မှာပေါ့။

မေး – ကလေးစာပေတွေဟာ ကလေးတွေရဲ့ သင်ယူမှုကို ဘယ်လို အထောက်အကူဖြစ်စေနိုင်ပါသလဲ။

ဖြေ – စောစောက ပြောပြီးပါပြီ။ ပထမဆုံးက ဘာသာစကား အဆီးအတားကို ကလေးစာပေတွေက ကျော်လွှားသွားနိုင်မှာပဲ။ မြန်မာလို ဖတ်ရင် မြန်မာ ဘာသာစကား အဆီးအတားကို ကျော်သွားမယ်။ အင်္ဂလိပ်လို ဖတ်ရင် အင်္ဂလိပ်၊ တရုတ်လို ဖတ်ရင် တရုတ်ဘာသာစကား အဆီးအတားတွေကို အလိုလို ကျော်သွားနိုင်မှာပဲ။ ဒါဟာ စာဖတ်ခြင်းရဲ့ လက်ငင်း ဒိဋ္ဌအကျိုးပဲ။

ဒုတိယအချက်ကတော့ ရုပ်ရှင်ကြည့်တာထက် စာဖတ်တာက ပိုသာတဲ့ အကျိုးတစ်ခုပဲ။ ဥပမာ – အခုရေပန်းစားနေတဲ့ ကိုရီးယားကားထဲက ဆန်းမီပဲဖြစ်ဖြစ်၊ ထယ်စောက်ပဲဖြစ်ဖြစ် သူတို့ ပြတဲ့ အရုပ်ကိုပဲ မြင်ရတာ။ စာဖတ်တဲ့အခါကျတော့ အဲဒီ့ဇာတ်ရုပ်ဟာ ကိုယ့်စိတ်ကူးထဲမှာ ကိုယ်လည်းဖြစ်နေနိုင်တယ်၊ နတ်သမီးလေး တစ်ပါးလောက်လည်း ဖြစ်ချင်နိုင်တယ်။ ကုန်းရုပ်ဆိုလည်း တကယ့်ကို ဆိုးပေ့ ကြမ်းပေ့ ရက်စက်ပေ့တွေဖြစ်နေနိုင်တယ်။ တစ်နည်းအားဖြင့် လူတစ်ယောက်ရဲ့ စိတ်ကူး စိတ်သန်းတွေ အဆုံးမဲ့ ခရီးပေါက်နိုင်တာက စာဖတ်တာပဲ။ သည်အခါမှာ သင်ယူမှုအတွက်က သိပ်တာသွားနေပြီ။

သင်ယူမှု ကိုယ်နှိုက်က စိတ်ကူး စိတ်သန်းအပေါ်မှာ အခြေခံထားတာကိုး။ ကြက်တူရွေးကို စာအံသင်တာမျိုး ဆိုရင်တော့လည်း တစ်မျိုးပေါ့။ တကယ့်တကယ် သင်ယူတဲ့အခါမှာ လူတစ်ယောက်ဟာ သူ့ဦးနှောက်ရဲ့ အစွမ်းအစကို များများ သုံးနိုင်လေ၊ စိတ်ကူးစိတ်သန်းတွေ များများပွင့်လေ၊ ပို သင်ယူတတ်မြောက်လာလေပဲ။ သင်ယူတဲ့အခါမှာ ဦးနှောက်ရဲ့ တုံ့ပြန်လှုပ်ရှားမှုတွေက ထက်ခနဲ ထက်ခနဲ သွက်နေရင် ကောင်းတာပေါ့။ အဲသလို သွက်နေအောင် စာဖတ်ခြင်းက အများကြီး အထောက်အကူပေးပါတယ်။

မေး – ကလေးတွေအတွက် ထူးခြားကောင်းမွန်တဲ့ မြန်မာစာပေ နမူနာလေးတွေ ပေးနိုင်ပါမလား။

ဖြေ - သမီး အသက် ၁၃နှစ် ပြည့်ပြီးခါစလောက်က မေးကြည့်တော့ သမီးရဲ့အနှစ်သက်ဆုံး စာအုပ်က ဆရာသာဓုရဲ့ “အတာ”လို့ ပြောပါတယ်။ သူ့ထက်ငယ်တဲ့ သားကတော့ ဆရာကြီး ရွှေဥဒေါင်းရဲ့ စုံထောက် မောင်စံရှားတွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်တာ တွေ့ရတယ်။ သူ့ကို မေးကြည့်တော့ သူ အကြိုက်ဆုံး စာရေးဆရာကကျတော့ ဆရာသော်တာဆွေတဲ့။ သည်စာအုပ်တွေက ကလေးစာပေအနေနဲ့ ရည်ရွယ် ထုတ်ဝေခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကလေးတွေရဲ့ အသည်းထဲမှာ စွဲနေတာတွေက အဲဒါတွေပဲ။

ဆရာသော်တာဆွေရဲ့ “ဟစ်တလုံး”၊ ဆရာဇဝနရဲ့ “ဆိုးပေ” ရှိတယ်။ နောက်ပြီးတော့ ဆရာမ မစန္ဒာရဲ့ ဝတ္ထုတွေထဲက ကလေးတွေ ရှိတယ်။ အဲဒါတွေက ကလေးတွေရဲ့ အကြိုက်တွေပဲ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒါတွေကို ငယ်ငယ်တုန်းက အတော် စွဲစွဲလန်းလန်း ဖတ်ခဲ့ရဖူးပါတယ်။ အခုအချိန်အထိလည်း ကလေးစာပေကို ပြပါဆိုရင် သည်ဆရာကြီးတွေ ရှေးက ရေးခဲ့တာကိုပဲ မယ်မယ်ရရ ပြနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့လို သည်ဘက်ခေတ်က စာရေးသူတွေက အဲဒီ့ဆရာကြီးတွေ လုပ်ခဲ့ကြ သလောက် မလုပ်နိုင်ကြသေးတာတော့ အမှန်ပါပဲ။

မေး – ဆရာကိုယ်တိုင် ကလေးစာပေသက်သက် ဘာလို့ မရေးဖြစ်တာလဲဆိုတာ ပြောပြနိုင်ပါမလား။

ဖြေ – တစ်အချက်ကတော့ အပင်ပန်းမခံချင်လို့နဲ့ တူပါတယ်။ အပျင်းထူတာပေါ့ဗျာ။ လူဆိုတာက လွယ်ကူတာ၊ သက်သာတာပဲ လုပ်ကြတာလေ။

အလွယ်ဆုံး ပြောရရင် ကျွန်တော် မူလဖြစ်ချင်တာက ဝတ္ထုရေးသူပါ။ ဆောင်းပါးရေးတဲ့သူ ဖြစ်ချင်တာမှ မဟုတ်ဘဲ။ ဒါပေမယ့် ဝတ္ထုရေးရတာက ခက်တယ်၊ ဆောင်းပါးရေးရတာက လွယ်တယ်။ ဒါနဲ့ပဲ ဆောင်းပါးရေးတဲ့ အလွယ်လမ်းကို အသာလေး မျှောလိုက်မိသွားတာများ မူလ ရည်ရွယ်ချက်ကို စုံးစုံးမြုပ်သွားတော့တာပါပဲ။

ထိုနည်းလည်းကောင်းပဲ၊ ကလေးစာပေရေးရတာဟာ ဝတ္ထုရေးရတာ ထက် ပိုခက်ပါတယ်။ ကျွန်တော့်အတွက် ပြောတာနော်။ အဲတော့ အဲဒီ့ ခက်တဲ့အလုပ်ကို အပင်ပန်းခံပြီး မလုပ်ဖြစ်တာပါ။

မေး – ကလေးစာပေ ထွန်းကားလာအောင် ဘာကို အရင်ဆုံး လုပ်ရမယ်လို့ ယူဆပါသလဲ။

ဖြေ – တစ်ယောက်ယောက်က စလိုက်ဖို့ပါပဲ။ တစ်ယောက်ယောက်က စလိုက်မယ်၊ အောင်မြင် အထမြောက်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် နောက်က တန်းစီပြီး လိုက်လုပ်လာကြမှာပါပဲ။ ဈေးကွက်ဆိုတာလည်း အလားတူပါပဲ။ တစ်ယောက်က စမလုပ်သေးလို့သာ ဈေးကွက် မရှိသေးတာပါ။ တစ်ယောက်ယောက်က စလိုက်လို့ အလုပ်ဖြစ်သွားမယ်ဆိုရင်၊ အောင်မြင်သွားမယ်ဆိုရင် နောက်က အလိုလို ပါလာကြမှာပါ။

မေး – လက်ရှိထွက်နေတဲ့ ကလေးတွေအတွက် အပတ်စဉ် စာစောင်တွေ ကို ဘယ်လို မြင်ပါသလဲ။

ဖြေ – စောစောကလည်း ပြောပြီးပါပြီ။ အဓိကက ကလေးတွေအတွက်လို့ ပြောလိုက်တာနဲ့ သင်ပေးရမယ်ဆိုတဲ့ အစွဲထဲက မထွက်တာကိုပဲ တွေ့ရ တယ်။ ဒါတင်မကသေးဘူး၊ ရေးထားတဲ့ ကောမစ်တွေထဲက အကြောင်းအရာ အတော်များများက ကလေးတွေနဲ့ သိပ်မသက်ဆိုင်လှပဲ လူကြီးတွေနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေ ဖြစ်နေတယ်။ ရယ်စရာတောင်မှ ကလေးအတွက် ရယ်စရာ မဟုတ်ဘဲ လူကြီးတွေရယ်ဖို့ ဖြစ်နေတာတွေ တွေ့တွေ့နေရတယ်။

ကျွန်တော် ခဏခဏလှန်ကြည့်ဖူးပါတယ်။ တစ်ပုဒ်လည်း ရေးဖူးတယ်။ လွန်ခဲ့တဲ့ လေး-ငါးနှစ်လောက်က ဖြစ်မယ်ထင်တယ်။ ကလေး ဂျာနယ်တွေက ကလေးတွေကို ဘာတွေ ပေးနေကြသလဲဆိုတဲ့ ခေါင်းစဉ်နဲ့။ ကလေးတွေ လိုအပ်နေတာတွေကို မပေးကြဘူး၊ ကလေးတွေကို ပေးသင့်တယ်လို့ လူကြီးတွေက သူတို့အစွဲနဲ့သူတို့ ပိုင်းဖြတ်ထားတာတွေကိုသာ လှိမ့်ပေးနေကြပါတယ်။ အဲသလိုပဲ မြင်ပါတယ်။

မေး – ကလေးတွေအတွက် ထုတ်ဝေတဲ့အခါ ဘယ်လိုပုံစံမျိုးက သူတို့ အတွက် ပိုပြီး လက်လှမ်းမီနိုင်မယ်လို့ ယူဆပါသလဲ။ စာအုပ်အနေနဲ့လား၊ မဂ္ဂဇင်းအနေနဲ့လား၊ စာစောင်ဂျာနယ်အနေနဲ့လား စသဖြင့်ပေါ့။

ဖြေ – အမှန်မှာတော့ စာအုပ် ပါးပါး၊ သေးသေးလေးတွေဆို အကောင်းဆုံး ပေါ့။ အရောင်စုံစုံနဲ့ပေါ့။ ကိုယ် ရည်ရွယ် ထုတ်ဝေတဲ့ ကလေးပရိသတ်ရဲ့ အသက်အရွယ် အုပ်စုအလိုက်၊ သိပ်ငယ်လွန်းတဲ့ ကလေးတွေ အတွက်ကျတော့ အရောင်များများ စိုစိုနဲ့ ပုံများများ၊ စာလုံးလွယ်လွယ်၊ စာလုံးကြီးကြီးနဲ့ ပုံဝတ္ထု စာအုပ်ကလေးတွေမျိုး၊ သုံးတန်း၊ လေးတန်းအရွယ်၊ အဲ… ရှစ်နှစ်ကနေ ဆယ်နှစ်သားအရွယ်လောက်အတွက်ကျတော့ ဝေါဟာရလေးတွေ တိုးလို့၊ သည်ကမှ တစ်ဆင့်တစ်ဆင့် တက်လာတာပေါ့။ တစ်ခါ စောစောက ပြောခဲ့တဲ့ ဆရာသာဓုရဲ့ “အတာ”လို ဝတ္ထုကြီးမျိုးကို ကလေးတွေ ဖတ်လို့ လွယ်လောက်တဲ့ ပုံစံမျိုးနဲ့ အကျဉ်းထုတ်တာမျိုး စသဖြင့် လုပ်သွားနိုင်ပါတယ်။

မေး – ဆရာတို့ ငယ်ငယ်ကရော ကလေးစာပေ ဘယ်လောက်လောက် ဖတ်ခဲ့ရပါသလဲ။

ဖြေ – အင်း… မရှိသလောက်ပါပဲ။ ကာတွန်းကိုသာ ကလေးစာပေလို့ အောက်မေ့ခဲ့ရတာလေ။ ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့။ ကျွန်တော်တို့တုန်းက ဟိုးအဖျားအနားလေးကို မီလိုက်သလိုမို့ ကလေးတွေအတွက် ထုတ်ဝေတဲ့ အင်္ဂလိပ်စာအုပ်ကလေးတွေတော့ အနည်းအပါး ဖတ်လိုက်ရသေးတာပေါ့။

လူငယ်စာပေအနေနဲ့ ကျွန်တော့်ခေါင်းထဲမှာ စွဲစွဲလန်းလန်း ကျန်ခဲ့တာမျိုးက မြန်မာစာပေမှာ မရှိသလောက်ပဲ။ ခုနက ပြောတဲ့ ဦးစံရှားလိုဟာမျိုးသာ ကျွန်တော်တို့က စွဲလန်းခဲ့ရတာလေ။ နောက်ပြီးတော့ ကျွန်တော့်မှာ ပိုဆိုးသွားတာက စာရေးဆရာဖြစ်ချင်တဲ့ ပိုးက ၄-၅တန်းလောက်မှာတင် တအားဝင်ပြီး အရွယ်မတိုင်သေးတဲ့အချိန်မှာပဲ ဝတ္ထုတောထဲမှာ မျောသွားခဲ့တာလည်း ပါပါတယ်။ ဆိုကြပါစို့… ကျွန်တော့်အသက် ၁၁နှစ်၊ ၁၂ နှစ်လောက်မှာ ဝတ္ထုတွေ တအားဖတ်ဖြစ်သွားပြီ။ ကလေးက လူကြီး စာတွေ ဖတ်သလို ဖြစ်ကုန်တော့တာပဲလေ။

မေး – ဆရာတို့ ကလေးဘဝမှာ စာဖတ်ဖြစ်အောင် မိဘတွေဘက်က အားပေးခဲ့ပါသလား။

ဖြေ – အဲဒါက နှစ်ပိုင်းရှိတယ်။ တစ်ကတော့ အမေပေါ့။ အမေက သူ ကိုယ်တိုင် စာသိပ်ဖတ်တယ်။ ကနေ့ အသက် ၇၆ နှစ် ရောက်တဲ့တိုင် အမေဟာ စာကို စွဲစွဲလန်းလန်း ဖတ်နေတုန်းပဲ။ အဲတော့ အမေ ဝယ်ဖတ်တဲ့ ရှုမဝမဂ္ဂဇင်းတွေထဲမှာ “ကလေးရှုမဝ”ဆိုတဲ့ ကဏ္ဍပါတယ်။ အဲဒီ့ ကလေးရှုမဝလေးတွေကို မေမေက ပြပေးတော့ စဖတ်ရင်းကနေ ဖတ်ဖြစ်သွားတာပေါ့။ အဲတော့ မေမေ့ဆီက ကပ်ဖတ်ရင်းကနေ စာဖတ်ခြင်း အလေ့အထကို ရလာတယ်လို့ ပြောရမှာပါ။

အဖေကတော့ အပြင်စာဖတ်တာကို လုံးဝ အားမပေးတဲ့ အဖေ။ ဖေဖေက အစဉ်အလာ အရိုးစွဲ အတွေးအခေါ်မျိုးနဲ့ပေါ့။ စာဖတ်ရင် အကျိုးရှိတာကိုပဲ ဖတ်ရမယ်။ ကျန်တာတွေ မဖတ်ရဘူးဆိုတဲ့ မူမျိုးနဲ့ဆိုတော့ တကယ့်တကယ်မှာ စာမဖတ်ရေးဘက်မှာ ပိုအားသန်နေတာပေါ့။

ကျွန်တော်ငယ်ငယ်ကဆိုရင် အဖေက အရင်လှန်လှောကြည့်ပြီး၊ သူ ခွင့်ပြုတာမှ ဖတ်ရတဲ့အထိ ဖြစ်ခဲ့ဖူးတယ်။ သည်မှာတင် အဖေ မကြိုက်တာကို ဇွတ်လုပ်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ ပိုဖတ်ဖြစ်ကုန်တော့တာပဲဗျ။

မေး – အခုကာလမှာရော ကလေးတွေ စာဖတ်ဖြစ်အောင် ပံ့ပိုးပေးတဲ့ နေရာမှာ၊ ကလေးတွေ စာဖတ်ဝါသနာ ပါလာအောင် လုပ်ပေးရာမှာ မိဘက ပိုပြီး တာဝန်ရှိသလား၊ ဒါမှမဟုတ် ဆရာ၊ ဆရာမများလို ကလေးတွေရဲ့ ပတ်ဝန်းကျင်က တခြားလူတွေရဲ့ အခန်းကဏ္ဍကရော ကလေးတွေ စာဖတ်ဝါသနာ ပါလာစေရေးမှာ ဘယ်လိုနေရာမျိုး ပါဝင်သင့်တယ်လို့ မြင်ပါသလဲ။

ဖြေ – မိဘကတော့ လက်ဦးဆရာ ပီသစွာ ထိပ်ဆုံးကနေတာပေါ့ဗျာ။ မိဘ ကိုယ်တိုင်က စာဖတ်ဝါသနာ မပါရင် သားသမီး စာဖတ်ဝါသနာ ပါလာဖို့ အင်မတန် ခဲယဉ်းပါတယ်။ နောက်တစ်ချက်က ကလေးတွေဟာ ငယ်ငယ်လေးကတည်းက စာအုပ်နဲ့ မကြီးပြင်းလာခဲ့ရင် ကြီးလာတဲ့အခါမှ စာဖတ် ဝါသနာ ပါသွားဖို့ တော်တော် ခက်သွားတတ်တယ်။

တခြားဟာတွေကို ခဏထား၊ အခု ကျွန်တော့်သားနဲ့ သမီးကိုပဲ ပြောရအောင်။ သူတို့နှစ်ယောက်ဟာ အသက်အားဖြင့် ဘာမှ မရှိကြသေးဘူး။ ၁၂နှစ်နဲ့ ၁၄နှစ်ပဲ ရှိသေးတယ်။ မစန္ဒာရဲ့ဝတ္ထုရှည် အကုန်လုံးလောက် နီးနီး ဖတ်ပြီးနေကြပြီ။ ဂျာနယ်ကျော် မမလေးရဲ့ စာအုပ်တွေ အကုန်လုံးလောက် နီးနီးလည်း ဖတ်ပြီးနေပြီ။ ဆရာသော်တာဆွေဆိုလည်း ကုန်သလောက် ရှိနေပြီ။ သမီးဆို ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တွေနဲ့ မဟူရာမေတ္တာတို့၊ မိန်းမလှအမုန်းတို့ကို ဖတ်ပြီးနေပြီ။

ကျွန်တော်က သူတို့ကို ဘယ်တုန်းကမှ စာဖတ်ပါလို့ မတိုက်တွန်းခဲ့ဘူး။ ဒါပေမယ့် ကျွန်တော့်အိမ်မှာ မြင်တဲ့အတိုင်းပဲ၊ တစ်အိမ်လုံး စာအုပ်တွေပဲ ရှိတယ်။ သည်တော့ ကလေးတွေဟာ လေးဘက်သွားတဲ့ အရွယ်ကတည်းက စာအုပ်ပုံကြားမှာ နေခဲ့တာ။

ကျွန်တော် လုပ်ပေးတာ တစ်ခုတော့ရှိတယ်။ သူတို့ လူမှန်း သိစပြုလာတဲ့အချိန်မှာ သူတို့အတွက် အရောင်စုံပါတဲ့၊ နိုင်ငံခြားက ထုတ်တဲ့ ကလေး စာအုပ်ကလေးတွေကို တတ်နိုင်သမျှ ဝယ်ပေးခဲ့တယ်။ သူတို့ကိုယ်ပိုင် စာအုပ်စင်လေး သပ်သပ်ထားပေးခဲ့တယ်။ အိပ်ရာဝင် ပုံပြင်လေးတွေ ပြောတဲ့အခါမှာလည်း စာအုပ်ကလေးတွေကို ဖွင့်ပြပြီး အရုပ်ကလေးတွေနဲ့ ပြောပြတယ်။ ကလေးတွေ စာဖတ်ချင်စိတ်ပေါ်လာအောင် အစောကြီးကတည်းက ကြိုပြီး ပြင်ဆင်တာပေါ့။

သည်လိုနဲ့ လေးတန်းလောက် ရောက်လာတဲ့အခါကျတော့ မြန်မာစာက တော်တော် သွားလာပြီ။ သည်အခါမှာ သူတို့ကိုယ်တိုင်က ဟိုစာအုပ်၊ ဆွဲကြည့်၊ သည်စာအုပ် ဆွဲထုတ် လုပ်လာကြတယ်။ ဘာစာအုပ် ဆွဲထုတ်ထုတ် မဟန့်ဘူး။ သည်ကြားထဲကမှ သူတို့ ကြိုက်တဲ့ စာရေးဆရာကို သတိထား ကြည့်နေပြီး အဲဒီ့စာရေးဆရာရဲ့ စာအုပ်ကို အတတ်နိုင်ဆုံး ရှာဝယ်ပေးပါတယ်။ ဖြည့်ပေးပါတယ်။

ပြောချင်တာက မိဘရဲ့ အားပေးမှုက လူတစ်ယောက်ရဲ့ စာဖတ်ဝါသနာအတွက် အခရာပါ။ အဲတော့ လက်ဦးဆရာအနေနဲ့ ကလေးတွေ ကျောင်းမနေခင် အရွယ်ကတည်းက စပြီး စာအုပ်ဆိုတာ ချစ်စရာဆိုတဲ့ အသိကို ရလာအောင် ကြိုပြင်ဆင်ထားသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။

နောက်ပိုင်းမှာလည်း စာဖတ်ခြင်းနဲ့ ပတ်သက်တဲ့ ဝါဒဖြန့် စည်းရုံးမှုတွေကိုလည်း သူ့အသက်အလိုက် လုပ်သွားရသေးတယ်။ စောစောက ပြောတဲ့ ရုပ်သံကြည့်တဲ့အခါမှာ ဇာတ်ကောင်တစ်ကောင်ကို သူ ပြသလောက်သာ အသေမြင်နေရတယ်၊ စာအုပ်သာဆိုရင် ဘယ်လို မြင်ရမှာ ဆိုတာမျိုး၊ အတူ ကြည့်နေရင်းကနေ ရုပ်ရှင်က ပေးလိုက်တဲ့ အသိက ဘယ်လို၊ အဲဒီ့အသိကို ဆင့်ပွားတွေးလိုက်ရင် ဘယ်အထိ ရောက်နိုင်တယ်ဆိုတာမျိုး၊ စာအုပ်ကို သူတို့ ဖတ်ပြီးတဲ့အခါကျတော့လည်း ဆွေးနွေးတာမျိုးလေးတွေနဲ့ ဘေးက သိုင်းဝိုင်းသွားရမှာလည်း မိဘတွေဘက်က လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

အလားတူပဲ၊ ဆရာတွေမှာလည်း သိပ်တာဝန်ရှိပါတယ်။ ဆရာတစ်ယောက်၊ အထူးသဖြင့် ဘာသာစကားကို သင်တဲ့ ဆရာတစ်ယောက်ဟာ အဲဒီ့ဘာသာစကားကို ချစ်လာအောင် သင်လို့ရတယ်။ မြန်မာစာသင်တဲ့ ဆရာက မြန်မာစာကို ချစ်လာအောင် သင်နိုင်တယ်၊ အင်္ဂလိပ်စာကိုသင်တဲ့ သူက အင်္ဂလိပ်စာကို ချစ်လာအောင် သင်နိုင်တယ်။ စာပေရဲ့ အလှအပတွေ၊ အလင်္ကာ၊ အဆင်တန်ဆာတွေ၊ ချဲ့ထွင်နိုင်တဲ့ အတွေးတွေ၊ ဆင့်ပွားနိုင်တဲ့ စိတ်ကူးစိတ်သန်းတွေကို ဆရာက ကလေးတွေနဲ့ အပြန်အလှန် ပြောဆိုမေးမြန်းရင်းကနေ အများကြီး လှုံ့ဆော်ပေးနိုင်တယ်။

တခြား ပညာရပ်ဆိုင်ရာဘာသာရပ်တွေကို သင်နေတဲ့ ဆရာတွေကလည်း လုပ်ပေးနိုင်ပါတယ်။ ကလေးတွေကို သူတို့ သင်ပေးနေတာတွေနဲ့တင် ပညာရပ်ဟာ မပြီးသေးဘူး၊ ဖတ်စရာတွေ တစ်ပုံကြီး ရှိသေးတယ်၊ ထပ်ဖတ်ရင် ထပ်သိစရာတွေ အဆုံးအစ မရှိ တိုးပွားလာနိုင်တယ်ဆိုတဲ့ အသိမျိုး ကလေးတွေမှာ ဝင်လာအောင် လုပ်ပေးနိုင်ပါတယ်။ အသိပညာ တစ်ခုဟာ အကန့်အသတ်မဲ့တယ်ဆိုတဲ့ အသိကို ကလေးတွေရလာမယ် ဆိုရင် ကလေးတွေဟာ စာဖတ်ခြင်းကို အလိုလို ဝါသနာပါလာမှာပါ။

နိဂုံး – မည်သူ ငြင်းဝံ့ပါသနည်း?

ကျွန်တော်တို့ အမေးအဖြေ ထိုနေရာတွင် ဆုံးပါသည်။ မေးသူ ကလေးမက ကျွန်တော် ဘာပြောချင်တာများ ကျန်သေးလဲဟု ထုံးစံအတိုင်း မေးပါသည်။ ဘာမှ မရှိဘူးဟုသာ တုံးတိတိ ဖြေလိုက်ပါသည်။

လာမေးသည်ကိုလည်း ကျွန်တော် ကျေးဇူးတင်ပါသည်။ သည် အကြောင်းအရာသည် ကျွန်တော်တို့ မျက်စိရှေ့တွင် ရှိနေပါလျက် လျှမ်းနေသော အကြောင်းအရာ ဖြစ်သည်။ သူ့စာစောင်တွင် ပြန်ဖော်ပြပေးသည့်အတွက်လည်း ကျေးဇူးတင်သည်။ သူ့စာစောင် ဖတ်သည့် ပရိသတ်ထဲမှ တစ်ယောက်တလေမျှ ကလေးစာပေအတွက် စေတနာ နိုးလာခဲ့လျှင် ကျွန်တော်တို့၏ ကလေးများမှာ အကျိုးပွားလာပါလိမ့်မည်။

ကျွန်တော်ဖြေခဲ့သမျှကို ပြန်နားထောင်ပြီး တစ်လုံးစီ လိုက်ကောက်ကာ ဝါကျအထားအသိုများကို ပြင်ဆင်သင့်တာပြင်ဆင်၊ စကားပို လုံးထပ်တွေ ဖြုတ်သင့်တာ ဖြုတ်ကာ ကျွန်တော်ကိုယ်တိုင်က ပြန်ရေးလိုက်ရသည်မှာလည်း သည်အကြောင်းအရာမှာ အများ စဉ်းစားသင့်သည်ဟု ယူဆသဖြင့် ရေးလိုက်ခြင်းဖြစ်ပါသည်။

ကျွန်တော်ပြောသည်မှာ ကျွန်တော့်စကား၊ ကျွန်တော့်အာဘော်သာ ဖြစ်ပါသည်။ သဘောတူသူ ရှိသလို၊ သဘောမတူသူလည်း ရှိမည်။ သဘော တူနိုင်တာ တချို့လည်းရှိပြီး၊ သဘောမတူနိုင်တာ တချို့လည်း ပါမည်။ သည်အတွက် ကျွန်တော် မည်သူ့ကိုမှ မဥပါဒ်ပါ။

သို့ရာတွင် လစ်ဟာနေသော ကွက်လပ်ကြီးတစ်ခုအတွက် အားလုံး ဝိုင်းဝန်း စဉ်းစားကြကာ ကိုယ်နိုင်သလောက် တစ်ယောက်တစ်လက် ဝိုင်းဝန်း လုပ်ဆောင်ဖြစ်သွားမည်ဆိုလျှင် ဝမ်းမြောက်မည့်သူများမှာ ကလေးများသာ ဖြစ်မည်ဆိုသည့်အချက်ကိုကား မည်သူ ငြင်းဝံ့ပါသနည်း။
အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်
(၂၀၀၃ ခုနှစ် ဇူလိုင်လအတွင်း ထုတ်ဝေခဲ့သော အလင်းတန်းဂျာနယ်ပါ စာမူကို ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။)


မြန်မာမလေး

“ ကဲ … စံရစ်ဝိုင်းလေး အလှည့် ” ဆရာက ခေါ်ပြန်လေပြီ။ ညိုမ မကြိုက်ပါ။ ပြန်မပြောရဲသဖြင့်သာ အောင့်ခံ နေလိုက်ရသည်။

ကေသီ၊ စန်ဒါ၊ သန်ဒါလဲ့၊ အိထွေး၊ သီတာ စသည်ဖြင့် ဒုတိယတန်းကျောင်းသူ ၁၃ ဦးရှိသည်။ သူတို့ကို အမည်ရင်းအတိုင်း ခေါ်သော်လည်း မိမိကိုမူ “ညိုမ”ဟု မခေါ်။ “ဆံရစ်ဝိုင်းလေး” ဟူ၏။

ခေါင်းပေါ်ရှိ ဆံရစ်ဝိုင်းလေးကြောင့်သာ ဖြစ်သည်။ ကျန်မိန်းကလေးအားလုံး ခေတ်ပေါ် ဆံတို ပုံစံများသာ ဖြစ်သည်။ ညိုမက သူများထက် ခေတ်နောက်ကျနေ၏။ ထူးခြားနေသည်။ မတတ်နိုင်ပါ။ လူကြီးများက ဆံရစ်ဝိုင်းထားမှ မြန်မာသည်၊ တင့်တယ်သည် ဆိုကြ၏။

“ ဆံရစ်ဝိုင်းမလေး ဆရာမေးတာဖြေလေ ”
“ ရှင် ... ဆရာ ... ဘာ ”
“ သည်ကလေးမ ငိုင်တိုင်တိုင်နဲ့ ”
ဆံရစ်ဝိုင်းအကြောင်း စဉ်းစားမိသဖြင့် ဆရာဘာမေးလိုက်သည်ကို သတိမထားမိခဲ့ပါ။ ဆရာ့ကိုလဲပြန်မမေးရဲပါ။

“ ကျွန်မ မဖြေတတ်ပါဘူး ဆရာ ”
ညိုမ အလွယ်နည်းကို အသုံးပြုလိုက်ရသည်။ လက်ဝါးကိုပေတံနဲ့ ခတ်ဆတ်ဆတ်လေး အရိုက်ခံလိုက်ရသည်။ ဆရာမေးမည့် အမျိုးသားနေ့အကြောင်း ညိုမ အလွတ်ရခဲ့ပြီးဖြစ်၏။ မေးလိုရာမေး ဖြေနိုင်သည်။

သို့သော် “ ဆံရစ်ဝိုင်း ” ကြောင့် ညိုမ အရိုက်ခံလိုက်ရသည်။ ညိုမသည် တစ်ပတ်လျှို တင်းတင်းထုံးထားသော မိမိဆံထုံးလေးကို ကိုင်ကြည့်နေမိသည်။
“ သည် ဆံရစ်ဝိုင်းလေး မရှိမှ ”
တပို့တွဲလတွင် ပွဲတော်ရှိသည်။ ဆံပင်အလှပြင်ဆိုင်တွေ လာလိမ့်မည်။
.............................

“ အမေ ကျွန်မ ဒိုင်ယာနာပုံ ဆံပင်ညှပ်ချင်တယ် ”
“ အလိုတော် ”
ပွဲတော်ခင်းသို့ ရောက်ရောက်ချင်း ပူဆာသည်။ ဘွားအေကြီး အမေစုမှာ အလန့်တကြား အံ့အားသင့်သွားသည်။

“ ပေါက်ပေါက်ရှာရှာ ညိုမရယ် ညည်း ဘာစိတ်ကူးပေါက်လာတာလဲဟင် ”
“ သူငယ်ချင်းအားလုံး ဆံထုံးမရှိကြတော့ဘူး အမေရဲ့ ။ သရီးစတက်ပုံ၊ စန်ဒါကေ၊ ဆံတိုဂုတ်ဝဲ၊ ဒိုင်ယာနာပုံ၊ အို ... စုံလို့စုံလို့။ ကျွန်မ တစ်ယောက်တည်း ဆံရစ်ဝိုင်း ဖြစ်နေတယ်။ ကျောင်းမှာ ဆရာကြီးရော ဆရာလေးပါ ဆံရစ်ဝိုင်းလေးတဲ့။ ကျွန်မရှက်တယ် ”

“ အယ် … တော်။ ဆံရစ်ဝိုင်လေးနဲ့ လှလို့ ချစ်စနိုးခေါ်တာပဲဟာ ”
“ မြို့က ဧည့်သည်တွေလာရင်လဲ ၀ိုင်းကြည့်ကြတယ်။ မနေတတ်ဘူး ”
အမေစုမှာ သူ့မြေးအတွက် သက်ပြင်းချလိုက်မိသည်။

“ သူများတွေ ဆံပင်တောင် ကောက်ကြသေးတယ်။ ကျွန်မက ရိုးရိုးပဲ ဆံပင်တိုပစ်မှာပါ။ ဆံပင်ညှပ်ခလဲ ကျွန်မ စုထားတာပါ။ ဟောသည်မှာ ”
ညိုမသည် ပလပ်စတစ်အိပ်ဖြင့် အသင့်ထည့်ယူလာသော အကြွေနုတ် ခုနှစ်ကျပ်တမတ်ကို ထုတ်ပြသည်။

“ ခက်ပါလား ညိုမရယ်။ ဆံပင်ကို အရှည်က အတိုဖြတ်ပစ်ရမယ်လို့၊ နှမြောစရာ။ ဆံရစ်ဝိုင်းလေးနဲ့ပဲ လှပါတယ် ငါ့မြေးရယ် ”
အမေစုက ညိုမအား ချော့မော့ဖျောင်းဖျသည်။ မရ။

“ ဆံပင်ရှည်ကို တိုပစ်ရင် ညည့်မအေက ကျောပြင်ကို ဗြောတီးမှာပဲ ”
“ ရိုက်လဲ ခံရုံပဲ အမေ။ တစ်ခါပဲအနာခံမယ်။ တစ်လျှောက်လုံး မရှက်ချင်ဘူး ”
“ အေးပါ။ စဉ်းစဉ်းစားစား လုပ်တာပေါ့။ ကဲ ... ညည်း ဘာဝယ်ချင်လဲပြော ”
အမေစုက ဆံပင်ညှပ်ဖို့မေ့သွားအောင် အရုပ်တန်းဘက်သို့ခေါ်ပြသည်။ ညိုမ ပါးပါသည်။

ဝယ်ပေးသမျှလဲယူမည်။ ဆံပင်ကိုလဲ ဖြတ်ဖြစ်အောင်ဖြတ်မည်။ ဘွားအေကြီးက အလိုလိုက်နေကျ။ မိခင်ရိုက်လဲရိုက်ပါစေ။ အရုပ်ဆိုင်တွေ တန်းစီနေသည်။ လျှပ်စစ်ဖြင့်လည်းကောင်း၊ သံပတ်ဖြင့်လည်းကောင်း၊ လှုပ်ရှားသည့် နိုင်ငံခြားဖြစ်အရုပ်ဆိုင်နှင့် စက်ကူအရုပ်ဆိုင်များရှိလေသည်။

“ အမေဒါလေးအဖိုးမေးကြည့်ပေးပါ ”
နိုင်ငံခြားဖြစ်အရုပ်ဆိုင်မှ ၀က်ဝံရုပ်လေးကို လက်ညှိုးထိုး ပြလိုက်သည်။ သံပပတ်ပေးထားသော ၀က်ဝံလေးသည် ငါးမျှားတံဖြင့် ငါးမျှားနေသည်။ သံလိုက်ငါးမျှားချိတ်တွင် သံပြားငါးကလေး ကပ်ပါလာသည်။ စားရန် ပါးစပ်နားသို့ မြှောက်တင်ယူလာသည်။ ကွင်းကလေးနှင့် တိုက်မိပြီး ပြန်ကျသွားသည်။ နောက်တကြိမ်ထပ်မျှားနေပြန်သည်။

“ ဒါလေးက ဘယ်လောက်လဲကွဲ့ ”
“ လေးဆယ့်ငါးကျပ်ပါ အမေ... ”
“ အလိုတော် ”
အမေစု အလန့်တကြား အော်မိသွားသည်။ ညိုမကို လက်တို့ကာ ထိုဆိုင်ရှေ့ မှ ခပ်သုတ်သုတ် ထွက်ခွာခဲ့သည်။ ဆိုင်ရှင်မှာ ပြုံးရင်းကျန်ရစ်ခဲ့သည်။

“ အမေ့မှာ ငွေ ၃၀ ပဲပါတယ်။ လိုအပ်တာတွေ ၀ယ်ရဦးမယ်။ ညည်း ပြတဲ့အရုပ်က ဆန် ၁ ခွဲဖိုးထက် အများကြီး သာနေပါလား။ လာပါအေ ဖိုးဝရုပ်၊ ဇီးကွက်ရုပ်ဆိုင် သွားဝယ်ရအောင် ”
စက်ကူအရုပ်ဆိုင်မှ ညိုမနှစ်သက်သော ဖိုးဝရုပ် ၁ ရုပ်ကို ၀ယ်ဖြစ်သည်။ နောက် ... အိုးပုတ်ချိုးရုပ်ဆိုင်သို့ ၀င်ကြပြန်သည်။

“ ကဲ ... ငါ့မြေး ကြိုက်ရာရွေးပေတော့ ”
ညိုမသည် ထမင်းအိုး၊ ဟင်းအိုး၊ ဒယ်အိုး၊ လက်ဖက်ရည်အိုး၊ လက်ဖက်ရည်ပန်းကန်နှင့် ဗေဒါဘူးငယ်လေးများကို စိတ်တိုင်းကျ ရွေးချယ်နေသည်။ လျှပ်လက်သကဲ့သို့ ၀င်းခနဲလက်သွားသည်။ အမေစု၊ ဆိုင်ရှင်နှင့် ညိုမတို့ အံ့အားသင့်သွားကြသည်။

“ လန့်သွားသလား ကလေးမ။ ဦးက အိုးပုတ်ချိုးရုပ် ရွေးနေတာ သဘောကျလို့ ဓါတ်ပုံရိုက်ယူလိုက်တာပါ ”
ကင်မရာကို လွယ်ထားသည့် ခန့်ညားသော လူကြီးကိုမြင်တွေ့ရသည်။
“ ရွေး ... ကလေးမ ကြိုက်တာယူ။ အဖိုးကျသမျှ ဦးကပေးပါ့မယ် ”
“ သူများ အလကားပေးတာ မယူရဘူးလို့ ဘက မှာထားတယ်ဦးရယ် ”

“ အလကားပေးတာ မဟုတ်ပါဘူး။ ဦးက စာရေးဆရာ။ အိုးပုတ်၊ ချိုးရုပ်၊ ဖိုးဝရုပ်အကြောင်း စာရေးဖို့ ဓါတ်ပုံရိုက် ယုတာပါ။ ဓါတ်ပုံရိုက်ခပေါ့။ ကလေးမက ဆံရစ်ဝိုင်း ကလေးနဲ့ ပင်နီနဲ့ ယောထမီနဲ့ ဆိုတော့ သိပ်ကောင်း၊ သိပ်မြန်မာဆန်တာပေါ့။ သဘာဝကျအောင် တိတ်တိတ်ကလေး ချောင်းရိုက်လိုက်ရတယ်။ မဂ်ဂဇင်း စာအုပ်ထဲ ထည့်ဖို့ပါ”

“ ဟောတော် ... ကျွန်မပုံ စာအုပ်ထဲထည့်မယ် ”
“ ဟုတ်တယ်။ ငွေတာရီ မဂ်ဂဇင်းထဲမှာ ဆောင်းပါးနဲ့ တွဲထည့်ပါရစေ ”
“ ဟင် ... ရှက်စရာကြီး။ ဆံရစ်ဝိုင်း ဆံထုံးကြီးနဲ့ ”
“ ဆံရစ်ဝိုင်းမို့ ပိုသဘောကျတာပေါ့။ ဆံတို ဂုတ်ဝဲတွေကြားမှာ ဆံရစ်ဝိုင်း ရှားနေပြီ။ ဂုဏ်ယူစမ်းပါ ကလေးမရယ်။ မြန်မာပြည်ထဲက မြန်မာပီသတဲ့ အညာသူ မြန်မာမလေးအဖြစ် ၀မ်းသာစမ်းပါ။ ”

စာရေးဆရာနှင့် ညိုမတို့ ပြောနေသည်ကို အမေစုက ပြုံးပြုံးကြီး နားထောင်လျက်ရှိသည်။ ညိုမယူသမျှ အိုးပုတ်ဖိုးကို စာရေးဆရာကြီးက ပေးချေလိုက်၏။ နောက် ဖိုးဝရုပ်ဆိုင်ရှေ့တွင် ပုသိမ်ထီးကလေးဆောင်းကာ အရုပ်ကြည့်နေဟန် ဓါတ်ပုံရိုက်သေး၏။

ညိုမ လိပ်စာကိုလည်း မှတ်ယူထားလိုက်လေသည်။ ညိုမ ဆံပင်ညှပ်ရန်စိတ်မကူးတော့ပါ။ စုထားသောငွေနှင့် ပလတ်စတစ် မိန်းကလေးရုပ် စုဘူးလေးဝယ် ယူလာခဲ့သည်။
................................

မကြာမီ ညိုမတို့အိမ်သို့ စာရေးဆရာကြီး ရောက်လာသည်။ ပွဲတော်တွင် ရိုက်ခဲ့သော ရောင်စုံဓါတ်ပုံ နှစ်ပုံကို မှန်ဘောင်သွင်းပြီး လက်ဆောင်ပေးသည်။ ညိုမတို့ မိသားစုနှင့်လည်း ခင်မင်ရင်းနှီးသွား၏။ အမည်ရင်းမှာ ဦးထူးဖြစ်သည်။ စာရေးရာတွင် ကလောင်အမည်မှာ ( မြန်မာမှု မောင်ထူး ) ဖြစ်ကြောင်း သိရသည်။

စာရေးဆရာကြီးကို အတင်းတားပြီး ထမင်း ၁ နပ် ကျွေးလိုက်သည်။ နောက်လေးလခန့်ကြာသောအခါ ညိုမအတွက် ငွေတာရီ မဂ်ဂဇင်းတစ်အုပ် လက်ဆောင်ရပြန်သည်။ အိုးပုတ်၊ ချိုးရုပ်၊ ဖိုးဝရုပ် ဆောင်းပါးပါသည်။ ညိုမ၏ ရောင်စုံဓါတ်ပုံနှစ်ပုံကို ပန်းချီအမွမ်းအမံများဖြင့် တခမ်းတနား ဖေါ်ပြထားသည်ကို တွေ့ရသည်။

ညိုမ၏ ပုံများကို မြန်မာပြည်အနှံ့ စာဖတ်သူတို့ တွေ့မြင်ကြရတော့မည်။ ညိုမ ဂုဏ်ယူပါသည်။ ဆံရစ်ဝိုင်းလေးကြောင့် ညိုမသည် မြန်မာပြည်ထဲက မြန်မာဆန်သော အညာသူ မြန်မာမလေး ဖြစ်ရလေပြီကော။------။

မောင်မြကြိုင်
(1985ခုမှာ စာပေဗိမာန် စာမူဆု၊ ကလေးစာပေ ပထမဆုရပြီး 1987ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ မောင်မြကြိုင်ရဲ့ အညာသူလေးညိုမ ဆိုတဲ့ စာအုပ်လေးထဲက စာတပုဒ်ပါ။ ကြိုက်နှစ်ကြမှာပါ။)

1 comment:

  1. အညာသူလေးညိုမကိုကြိုက်လွန်းလို့ငယ်ငယ်ကခဏခဏပြန်ဖတ်ခဲ့ရတာပါခုလည်းတူမလေးကိုပေးဖတ်ချင်လို့လိုက်ရှာနေတာဒီကတွေ့တယိကျေးဇူးပါ

    ReplyDelete